မင်းဒင်ရဲ့သက်ခိုင်(၂)။ အခန်း(၃၃)
သက်ခိုင်၏လင်းယုန်ငှက်ပုံပြင်
၂၀၁၄ခုနှစ်၊မေလ။
မကြာမတင်ရက်ပိုင်းက ကျနော့်ဈေးဆိုင်မှာ ကိုသက်ခိုင်ရှိနေစဉ် ထိုင်းရဲအယောင်ဆောင်နှစ်ဦးရောက်လာကာ ထုံးစံအတိုင်း၊ ငွေညှစ် လေရာ ကိုသက်ခိုင်နှင့် ထိပ်တိုက်တိုးလေသည်။အဆိုပါ လူလတ်ပိုင်းထိုင်းနှစ်ဦးကို ကိုသက်ခိုင်က ပုလိပ်စစ်ပြန်စစ်နေ၏။ကျနော်ကား သူတို့အပြန်အလှန်ပြောဆိုနေကြသည်ကို ယောင်နနနှင့်ဘေးမှ ငေးကြည့်နေသည့် ပွဲကြည့်ပရိသတ်သာဖြစ်သည်။
ဝီစကီနှစ်လုံးဖြင့် ပြသနာပြေလည်သွားခဲ့သော်ငြား ကိုသက်ခိုင်သည် မျက်မှောင်ကြုံ့လျက် တစ်စုံတခုကို မကျေမချမ်းဖြစ်နေဟန် ရှိလေ သည်။
"တော်တော်တရားကျဖို့ကောင်းတဲ့ လူဗျာ"
"ဘယ်သူတုန်းဗျ"
"ဒီမောင်တွေကို ရဲယောင်ဆောင်ခိုင်းပြီးလွှတ်လိုက်တဲ့ ထိုင်းရဲဗိုလ်မှူး"ချိုင်း"ပေါ့"
"သူတို့ကို ချိုင်းလွှတ်လိုက်တာ သေချာရဲ့လားဗျာ။ခင်ဗျားနဲ့ချိုင်းဒီလောက်ခင်မင်နေတာ။လွဲနေရင် မျက်နှာပူစရာဖြစ်နေပါ့မယ်"
"ရမ်းသမ်းစွပ်စွဲနေတာမဟုတ်ဘူးကိုယ့်ဆရာ။မနေ့ညက ချိုင်း ကျနော့်ဆီ၊ထူးထူးခြားခြားဖုန်းဆက်တယ်။ခင်ဗျားသူငယ်ချင်းဆိုင် ဘယ်ချိန်ပိတ်သတုန်း တဲ့။ဖြစ်ချင်တော့ အခုသူလွှတ်လိုက်တဲ့ တစ်ကောင်ဟာ ဆူရတ်ဌာနီက ကျနော်မိတ်ဆွေ ထိုင်းထောက်လှမ်း ရေးဗိုလ်မှူးကြီး ဝပ်ဆာဝပ်ရဲ့တပည့် ဖြစ်နေတယ်။ခင်ဗျား သတိထားမိလား။ နေကာမျက်မှန်တပ်ထားတဲ့ ကောင်ပေါ့။ သူက ကျနော့်ကို မှတ်မိနေတော့ အိုးတိုးအမ်းတန်းဖြစ်နေတယ်။ ဖြစ်မှာပေါ့။ညစာစားပွဲတစ်ခုမှာ ဆုံခဲ့ဖူးတာကိုး။လက်စသတ်တော့ ချိုင်းဟာ ထိုင်းရဲ ဗိုလ်မှူးကလိန်ကကျစ်ပဲ။"
"ဒါဆိုရဲအယောင်ဆောင်မှန်း သိသိကြီးနဲ့ ခင်ဗျားက အကောင်းစားဝီစကီနှစ်လုံး ဘာကြောင့် အဆုံးခံလိုက်ရတာတုန်း"
"တုန်းချက်ဗျာ။ကိစ္စတစ်ခုကိုဖြေရှင်းရာမှာ ဂယ်ပေါက်ထားရတယ်ဗျ။မင်းတို့လူလိမ်တွေပဲဆိုပြီး ခံတွန်းပစ်လိုက်ရင် နောက်ဆက်တွဲအဖြစ် ခင်ဗျားဟာ သူတို့ရဲ့ရန်သူစာရင်းဝင်သွားမယ်။နယ်မြေမပိုင် စစ်မနိုင်ဘူးတဲ့ဗျာ။ဖူးခက်မြေနဲ့ မကင်းနိုင်သေးသရွေ့ ဒါမျိုးတွေ ကြုံနေရအုံး မှာပါပဲ"
"ကဲပါဗျာ။ဝီစကီနှစ်လုံးနဲ့ ကျနော်လည်းမွဲမသွားပါဘူး။တရားသဘောအတိုင်းသာ ရှိပါစေတော့"
"အရေးထဲ အရိယာလောင်းကြီးက တရားပြန်ဟောနေပါရောလား။ကိစ္စတစ်ခုကို ဆင်ခြင်သုံးသပ်ရာမှာ ဓမ္မကြောင်းအမြင်တစ်ခု တည်းနဲ့ မပြည့်စုံပြန်ပါဘူး။ လောကကြောင်း ဓမ္မကြောင်းဆက်စပ်ဆင်ခြင်နိုင်ရင် အကောင်းဆုံးပေါ့ဗျာ။ဒီလူဟာ ဒီအလုပ်မျိုး မလုပ်သင့် တာအမှန်ပဲဗျာ။ကျနော်နဲ့ဆို မိသားစုချင်းပါ အဆမတန်ရင်းနှီးတယ်။သူအခက်အခဲကြုံတိုင်း ကျနော်ထောက်ပံ့နေခဲ့တာ ခုနစ်နှစ်လောက်ရှိပြီ။ ဒီကိစ္စကို သူ့မိန်းမသိရင်တောင် လင်မယားနောင်ဂျိန်ပလေးလောက်တယ်။ကျနော်အမုန်းဆုံးက သူတို့နိုင်မယ်ထင်တဲ့သူကို မတော်မတရားနိုင်ရာစားလုပ်ချင်တဲ့ စိတ်ဓာတ်ပဲ။ လူ့သိက္ခာဆိုတာ ဘာမှန်းမသိတဲ့လူနဲ့ ငါပေါင်းသင်းမိပါပကောလားလို့တောင် ကိုယ့်ကိုယ်ကို ပြန်အပြစ်တင်မိတယ်။တကယ်တော့ ကျနော်ဒီကနေလှမ်းပြီးစီမံခန့်ခွဲနေတဲ့ ဗမာပြည်ထဲကဧရာမစီမံကိန်းတွေမှာ ချိုင်းကို ထည့်သုံး ဖို့အထိရည်ရွယ်ထားခဲ့တာဗျာ။ဒါကြောင့်လည်း လောကနီတိမှာ ... သူယုတ်မာကို အချစ်မလွန်ရာသူယုတ်မာသည် ထိပ်တင်ခေါင်းရွက် မြှောက်စား ခံရသော်လည်း မချေမငံ ဆူဆူညံညံ ပြုတတ်၏။ မြွေသည် အမျက်လွန်၏။မြွေထက်သူယုတ်မာသည်ပို၍ အမျက်လွန်၏။မြွေကို မန္တာန်ဆေးဝါးဖြင့် ငြိမ်းစေနိုင်သော်လည်း သူယုတ်မာကို ငြိမ်းစေနိုင်သည့်ဆေး မရှိချေလို့ ဆိုခဲ့တာကလား။တကယ်တော့ သူယုတ်မာ ဆိုတာ လောကကြီးမှာ မရှိအပ်ဘူးဗျ။စကားမစပ် ကျနော်ကြား ဖူးတဲ့ဇာတ်လမ်းလေးတစ်ပုဒ် ပြောပြချင်သေးတယ်။ သမရိုးကျဇာတ်လမ်းတွေနဲ့ ကွဲထွက်နေတာတော့ အမှန်ပဲဗျာ"
"ဘယ်လိုဇာတ်လမ်းပါလိမ့် ။လုပ်ပါအုံးဗျ"
ကျနော့်ဆိုင်တွင်းမှာ ဈေးဝယ်လေးငါးဦးခန့်ရှိနေ၏။အချို့ကား တောင်လျှောက်မြောက်လျှောက်ဖြင့် အလိုရှိသည့်ပစ္စည်းကို ရှာဖွေနေကြသည်။ကျန်သူတို့ကား မြန်မာစာတန်းထိုးဗီဒီယိုခွေတို့ကို လှန်လှောနေကြ၏။ကျနော်သာမက အဆိုပါဈေးဝယ်တို့ပါ ကိုသက်ခိုင်၏ ဇာတ်လမ်းကို မသိမသာနားစွင့်လျက်ရှိကြသည်။
"တခါတုန်းက ဘုရင့်အာဏာရှင်ပါးကွက်သား အဘိုးအိုတယောက်ရှိသတဲ့ဗျာ။တနေ့တော့ ပြည့်ရှင်ဘုရင်ဟာ အသက်နှစ်ဆယ်အရွယ် လူငယ်တဦးကို လူသတ်မှု၊မုဒိန်းမှု၊ဓားပြမှုစတဲ့ ပြစ်မှုတပြုံတမကြီးကျူးလွန်တာကြောင့် တောင်စွယ်နေကွယ်ရင် သတ်စေလို့ အမိန့်ချပြီး အာဏာပါးကွက်သား အဲဒီအဘိုးအိုဆီကို အပ်သတဲ့။ဖြစ်ချင်တော့ အဲဒီပြစ်ဒဏ်ကျလူငယ်ကို သတ်ရမဲ့နေ့ရက်ဟာ အာဏာပါးကွက်သား အဘိုးအိုရဲ့ အသက်ခြောက်ဆယ်ပြည့်တဲ့နေ့နဲ့ထူးထူးခြားခြားတိုက်ဆိုင်နေတယ်။ဒီတော့အဘိုးကြီး စဉ်းစားခန်းဝင်မိရောဆိုပါတော့။
"အင်း။ ငါဟာလူမှန်းသိကတည်းက အာဏာပါးကွက်သားအဖြစ် ပြစ်ဒဏ်ကျတရားခံတွေကို သတ်ခဲ့ရတာ မနည်းလှတော့ဘူး။ ငါ့အကုသိုလ်နှယ်ကြီးလိုက်တာ။ငါသေရင် ဒီအကုသိုလ်တွေနဲ့ အပါယ်ငရဲကိုကျမှာ မလွဲဘူး။ဒီတော့ မသေခင် ပြုခဲ့တဲ့အကုသိုလ်တွေ အတွက် ပြေရာပြေကြောင်း ကောင်းမှုတစ်ခုခုတော့ လုပ်ဦးလေမှ"လို့တွေးမိတယ်။
ဒီလိုစဉ်းစားခန်းဝင်နေတုန်း တောင်စွယ်နေကွယ်ဖို့ အချိန်နီးလာတာကြောင့် သူလက်စတုံးရမဲ့ အကျဉ်းသားလူငယ်ကို အချုပ်ခန်းထဲ ကနေထုတ်လာတဲ့အခါ အဲဒီလူငယ်ရဲ့ မျက်နှာကို သေချာကြည့်မိရင်း "အော် တကယ့်ကလေးအရွယ်ပါလား။ဒီအရွယ်ဟာ လည်ဖို့ပတ်ဖို့ ပျော်ပါးဖို့လောက်သာ နားလည်သေးတဲ့အရွယ်။ဘယ်လိုအတိတ်ကံကြောင့်များ သုဿန်ထုတ်ဒါးခုတ်သတ်စေအမိန့်ချခံရ တာပါ လိမ့်။တကယ်ဆို သူ့ အရွယ်ဟာ လောကကြီးမှာ ကောင်းရာကောင်းကြောင်းတွေ၊ပျော်ရွှင်စရာတွေ အများကြီးလုပ်နိုင်၊ ခံစားနိုင် သေးတဲ့အရွယ်ကောင်းပဲ။ငါ ဘယ်လိုများကူညီနိုင်ပါ့မလဲ"ဆိုပြီး သက်ပြင်းအကြိမ်ကြိမ်ချရင်း အတွေးရှည်ကြီးတွေးနေမိရာကနေ နောက်ဆုံးတော့ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချလိုက်သတဲ့။
အာဏာပါးကွက်သားအဘိုးအိုရဲ့ဆုံးဖြတ်ချက်ကတော့ ရာဇဝတ်သားတရားခံကို သူ့သဘောနဲ့သူ သေဒဏ်ကလွှတ်ပေးဖို့၊ မင်းနေပြည် တော်နဲ့ဝေးရာမှာ ထွက်ပြေးခိုအောင်းတိမ်းရှောင်ခိုင်းဖို့ပါပဲ။တရားခံကိုလွှတ်ပေးမှုနဲ့ ကျခံရမဲ့သေဒဏ်ကိုလည်း သူမျှော်လင့်ထားပြီးပါပြီ။ ဒါနဲ့ အဘိုးအိုဟာ လူငယ်ကို ကြေးတိုက်ကနေထုတ်ပြီး ကိုယ်လက်သန့်စင်စေတယ်။ရာဇဝတ်မှုတရားခံအနေနဲ့ ဝေးရာကို ဒရောသောပါးပြေးရ လွှားရမှာမို့ အားအင်ရှိအောင် အိမ်က အဘွားအို ထုတ်ပေးလိုက်တဲ့ ထမင်းထုပ်ကိုလည်း တဝက်ခွဲ၊နှစ်ပုံပုံပြီး စားစေဖို့ ပြင်ဆင်ပေးသတဲ့ဗျာ။ ထမင်းထုတ်ထဲက ထမင်းတဝက်စီနဲ့ ပါလာတဲ့အသားတုံးနှစ်တုံး တစ်ယောက်တစ်တုံးစီဆိုပါတော့။
ရာဇဝတ်သားလူငယ်ဟာ မင်းမိန့်သေဒဏ်ကနေလွတ်မယ်လို့လည်းဆိုရော ဝမ်းအသာကြီးသာနေရင်း အဘိုးအိုချကျွေးတဲ့ သူ့ဝေစု ထမင်းတဝက်နဲ့အသားတုံးတစ်တုံးကို အရင်ဆုံးအငမ်းမရစားပစ်လိုက်တယ်။ အဘိုးအိုကတော့ သူပြုဆဲဒါနကုသိုလ်အတွက် တစိမ့်စိမ့် ပီတိဖြစ်ရင်း ထမင်းတောင်မစား နိုင်သေးပဲတရားခံလူရွယ်ရဲ့ အပြုအမူကို ရှေ့တည့်တည့်ကထိုင်ပြီး အသေးစိတ်ကြည့်ရှုနေမိသတဲ့။
ဒီအချိန်မှာပဲ လူရွယ်ဟာ သူ့ဝေစုအသားတစ်တုံးလည်းကုန်ရော အဘိုးအိုရဲ့ ဝေစု အသားတစ်တုံးကိုပါ ဇာတ်ကနဲလှမ်းယူ၊ ပါးစပ်ထဲ ထိုးသွင်းပြီးအပြောင်ရှင်းလိုက်ရောတဲ့ဗျ။ဒီအခါ အဘိုးအိုဟာ ရုတ်ခြည်းမှင်တက်မိသွားရာကနေ တခဏတာတွေကနဲ စဉ်းစားလိုက်ပြီး လူငယ်ကို ချက်ချင်းဖမ်းချုပ်၊ ကြေးတိုက်ထဲ ပြန်သွင်းလိုက်ရောတဲ့။ပြီးတော့ အဘိုးအိုက စကားတခွန်းဆိုတယ်။
"မင်းဟာ ငါ့အမြေးအရွယ်ပဲ။ မင်းဘယ်လောက်ဆိုးသွမ်းခဲ့သလဲ။အပြစ်မဲ့တဲ့သူတွေကို ဘယ်လောက်ဒုက္ခပေးခဲ့သလဲ၊အသေးစိတ် ငါမသိ ပေမဲ့ မင်းရဲ့အသိဥာဏ်ဟာ အသားတစ်တုံးနဲ့အသက်တစ်ချောင်းဘယ်ရာတန်ဖိုးပိုရှိမှန်းမသိလောက်အောင် နုံချာညံ့ဖျင်းလှတယ်။ဒါ ကြောင့်မင်းလိုလူစားမျိုးတွေ လောကကြီးမှာ အသက်ဆက်ရှင်နေခဲ့မယ်ဆိုရင် လောကကြီး ဘယ်နည်းနဲ့မှ မအေးချမ်းနိုင်ဘူး။မင်းဟာ သေဒဏ်နဲ့တကယ့်ကိုထိုက်တန်တဲ့ ရာဇဝတ်သားမို့ မင်းကို ငါကိုယ်တိုင် တောင်စွယ်နေအကွယ်မှာ မြို့ပြင်ထုတ်ဒါးနဲ့မသေမချင်း ခုတ်သတ်မှသာ လောကကောင်းကျိုးဆောင်ရွက်ရာကျပေတော့မယ်။ဒါဟာ လူအများအတွက် ငါရဲ့အသက်ခြောက်ဆယ်ပြည့်တဲ့နေ့မှာ အပြုသင့်ဆုံးဒါနပါပဲ.. တဲ့ဗျ"နောက်ဆုံးဇာတ်လမ်းချုပ်ရရင် လူရွယ်လည်း နေကွယ်ချိန်မှာအသက်နဲ့ကိုယ်အိုးစားကွဲရောဆိုပါတော့ဗျာ"
"အေးဗျာ။ ဇာတ်လမ်းကတော့အဆန်းပဲ။ခင်ဗျားပြောမှသတိရမိသေးတယ်။ မကြာခင်က နစ်မြုပ်သွားတဲ့ကိုးရီးယားအပန်းဖြေသင်္ဘောရဲ့ တာဝန်အရှိဆုံးပုဂ္ဂိုလ်သင်္ဘော ကပ္ပတိန်ဟာ ကျောင်းသားတွေကို နစ်လုဆဲဆဲ သင်္ဘောပေါ်မှာ ငြိမ်ငြိမ်ဆိမ်ဆိမ်နေခဲ့ကြဖို့မှာပြီး သူကတော့ ကိုယ်လွတ်ရုန်းသွားခဲ့တာ အင်တာနက် သတင်းတွေမှာ ဖတ်လိုက်မိသေးတယ်ဗျ။ဒီလူကိုလည်း လူယုတ်မာစာရင်း မှာထည့်ရမယ်ထင်ပါရဲ့"
"အင်း သူ့ထက်အဆပေါင်းများစွာ ယုတ်မာတဲ့သူတွေရှိခဲ့ပါသေးတယ်ဗျာ။ ဟိုးအဝေးကြီးမှာ မဟုတ်ပါဘူး"
"ဘယ်သူတုန်းဗျ။ကျနော်တို့နဲ့နီးစပ်တဲ့ သူတွေများဖြစ်နေသလား"
"သေချာတာပေါ့ဗျာ။ဘာကြာသေးလို့လဲ။လွန်ခဲ့တဲ့ခြောက်နှစ် ဒီလိုနေ့ရက်မှာ ဗမာပြည်ကို ဝင်မွှေခဲ့တဲ့ နာဂစ်မုန်တိုင်းကို ခင်ဗျား မှတ်မိအုံးမယ်ထင်ပါရဲ့"
"မှတ်မိပါသော်ကောဗျာ။လူတွေသေလိုက်တာမှ သောက်သောက်လဲ။တစ်သိန်းကျော်ဆိုလား"
"အမှန်တော့ နာဂစ်မှာ ဘယ်လောက်အသေအပျောက်ရှိတယ်ဆိုတာ ဘယ်သူမှ အတိအကျမသိနိုင်ပါဘူးဗျာ။ တစ်သိန်းခွဲလောက် သေပြီး၊ ငါးသောင်းကျော်ပျောက်ဆုံးခဲ့တယ်ဆိုတာလည်း ဗမာအစိုးရအာဘော်ပါ။ပြန်တွေးလေ စိတ်ထိခိုက်စရာကောင်းလေပဲဗျာ။ တကယ့်ကို လူစိတ်မရှိတဲ့သူတွေပဲ။ကျနော်ဗျာ နာဂစ်သတင်းတွေနားထောင်ပြီး မျက်ရည်ကျခဲ့ဖူးပါရဲ့"
ကိုသက်ခိုင်၏မျက်နှာသည် ညို့မှိုင်းနေလေ၏။နာဂစ်တစ္ဆေသည် ကိုသက်ခိုင်ကို ခြောက်လှန့်နေဆဲဖြစ်ဟန်ရှိသည်။ ကျနော်က အလိုက် တသိဖြင့် ဘာတခွန်းမှမပြောပဲ ငြိမ်သက်စွာရှိနေသည့်အခါ ကိုသက်ခိုင်သည် သူ့ရှေ့တည့်တည့်မှ နံရံဆီသို့ငေးကြည့်ရင်း သူ့နှုတ် မှ နာဂစ်ကာလ ရင်နာဖွယ်ဇာတ်လမ်းကို ဆက်လျက်ရှိလေသည်။
နာဂစ်ဝင်တိုက်တာ (၂၀၀၈)မေလ (၂)ရက်နေ့ဗျ။အဲဒီနာဂစ်ဖြစ်လာမဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ ဘင်္ဂလားပင်လယ်အော်မှာ ဧပြီလ(၂၇) ရက်နေ့ကတည်းက စဖြစ်နေတာတဲ့။ဒီမုန်တိုင်းဗမာပြည်ကုန်းတွင်းပိုင်းကို ဝင်ရောက်တဲ့အခါ တနာရီမိုင်တရာ့ငါးဆယ်ဝန်းကျင်အထိ ဖြစ်နိုင်ပြီး အသေအပျောက်ဆုံးရှုံးမှများနိုင်တဲ့သတင်းကို နိုင်ငံတကာမိုးလေဝသ သတင်းဌာနတွေက ဗမာအစိုးရကို ကြိုပြီးအသိပေး ထားပြီးသား တဲ့။ဒါကို ရွှေကိုယ်တော်စစ်ဗိုလ်ချုပ်တွေက သူတို့အာဏာဆက်တည်မြဲနေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုမဲ့အချိန်နဲ့ တိုက်ဆိုင်နေ တာမို့ သိသိကြီးနဲ့လျစ်လျူရှုခဲ့ကြတယ်။အဲဒီတုန်းက နိုင်ငံခြားရေးဝန်ကြီးဟာ ဦးဥာဏ်ဝင်းပဲဗျာ။နာဂစ်ဖြစ်ဖြစ်ချင်း သူ့ပြောပေါက်က လူနှစ်ရာ လောက်တော့ သေဆုံးနိုင်သတဲ့။တော်တော့်ကိုတော်တဲ့ဝန်ကြီးပါပဲ။နောက်ပိုင်း အခြေအနေဆိုးမှန်းရိပ်မိ တော့ ငါးထောင် လောက်တော့ သေကျေပျောက်ဆုံးနိုင်တယ်လုပ်ပြန်ရော။
နာဂစ်ဖွဲ့စည်းပုံအတည်ဖြစ်ခဲ့ပေမဲ့ နာဂစ်မုန်တိုင်းကြောင့် အသေအပျောက်စာရင်းကတော့လူဦးရေသုံးသိန်းအထိ ရှိနိုင်လေရဲ့။ နိုင်ငံတစ်ကာက အကူအညီပေးဖို့နည်းမျိုးစုံနဲ့ ကမ်းလှမ်း ခဲ့ကြပေမဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စစ်ဗိုလ်ချုပ်တွေဟာ စားနပ်ရိက္ခာ အပြည့် တင်ထားတဲ့အမေရိကန် ကယ်ဆယ် ရေးသင်္ဘောကြီးတွေ ရန်ကုန်မြစ်ဝအထိ ရောက်လာခဲ့တာတောင် ဝင်ခွင့်မပေးခဲ့ဘူးဗျာ။ဒီလုပ်ရပ်ကြောင့် တကမ္ဘာလုံးပွက်လောရိုက်ကုန် တယ်။ဆိုးချက်ကမ်းကုန်ပုံက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကိုယ်တိုင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို ဖြောင့်ဖျနားချနိုင်ဖို့ဖုန်းဆက်တာ ကိုယ်တော်ချောက ဖုန်းမကိုင်ဘူးတဲ့။ ဒီသတင်းဟာ ဒဏ္ဍာရီမဟုတ်ဘူးဗျ။အဲဒီအချိန်တုန်းက ချင်းမိုင်မှာရှိနေတဲ့ ဗမာ့အတိုက်အခံတချို့ ကတောင် ဗိုလ်ချုပ်မှူးကြီး ဖုန်းကိုင် အောင် ဖြောင့်ဖျပေးနိုင်တဲ့သူကို ရှာဖွေပေးဖို့ကျနော့်ဆီဆက်သွယ်ပြီး အကူအညီတောင်းခဲ့ဖူးတယ်။ ကျနော်အတတ်နိုင်ဆုံးကြိုးစား ခဲ့ပါသေးတယ်။အဆင်မပြေခဲ့ပါဘူးဗျာ။
နာဂစ်နောက်ပိုင်းမှာ ဖူးခက်မှာရှိနေတဲ့ ဗမာအလုပ်သမားတွေဆီကနေ အစားအသောက်နဲ့ အဝတ်အစားတွေ ဟိုင်းလတ်ကား လေးစီးတိုက်လောက် လိုက်အလှူခံပြီး ပို့ပေးခဲ့သေးတယ်။ကြုံရပုံများဗျာ။ထိုင်းလူမျိုးတစ်ယောက်အိမ်မှာ အိမ်ဖော်လုပ်နေတဲ့ အသက်ငါး ဆယ်ကျော်အရွယ် ရုပ်ရည်သန့်သန့်ပြန့်ပြန့် မွန်အမျိုးသမီးကြီးတစ်ယောက်ဟာ ဗမာပြည်ပြန်တဲ့အခါ ရွာမှာကျန်ရစ်ခဲ့တဲ့ သူ့ယောက်ျား အတွက်တရိုတသေဝယ်ပြီးစုဆောင်းထားတဲ့ အဖိုးတန်အဝတ်အစားလေးငါးစုံကို ကျနော့်လက်ထဲလာထည့်ဖူးတယ်ဗျာ။ ကျနော်မျက် ရည်ကျမိတယ်"
ကိုသက်ခိုင်သည် အမှန်ပင် ဘဝစုံသူ၊တွေးတောခံစားတတ်သူပေတကား။ကျနော်သူ့မျက်နှာကို စေ့စေ့လှမ်းကြည့်ရင်း စိတ်ပျက်အား လျှော့သောလေသံဖြင့် မေးခွန်းထုတ်လိုက်မိပြန်သည်။
"ထိုင်းမှာနေတော့ ချိုင်းလိုလူတွေ၊ဗမာပြည်မှာတော့ ကိုယ်ချင်းစာတရားခေါင်းပါးတဲ့ စစ်ဗိုလ်ချုပ်တွေ ၊ဒီလိုလူတွေနဲ့ ဘယ်လိုလုပ် ဆက်ပြီး စခန်းသွားကြပါ့မတုန်းဗျာ"
"ဒီလိုတော့လည်း မဟုတ်သေးဘူးဗျာ။ကြုံတွေ့နေရတဲ့အခက်အခဲတွေဟာလောကကြီး ရဲ့ဒုက္ခသစ္စာကိုဖော်ပြနေတာပါပဲ။ဒုက္ခဆင်းရဲ အကြပ်အတည်းဆိုတာနေရာတကာမှာရှိနေတတ်တဲ့အရာပါ။ ကျနော်တို့ ဒီအခြေအနေတွေကို ကြံ့ကြံ့ခံနိုင်ရမယ်။ လွတ်မြောက်သည် အထိ ဆက်ပြီးရုန်းကန်ကြရမယ်။ကျနော်ဖတ်ဖူးတဲ့ အမေရိကန်လင်းယုန် ငှက်တမျိုးရဲ့အားမာန်ကို အတုယူလို့ပေါ့"
ဤနေရာတွင် ကိုသက်ခိုင်ရှေ့ဆက်လေသော လင်းယုန်ငှက်ပုံပြင်မှာအောက်ပါအတိုင်းဖြစ်လေ၏။
"အမေရိကန် ကယ်ရီဖိုးနီးယားက ကျွန်းမှာ American Eagle လို့ခေါ်တဲ့ လင်းယုန်ငှက်တစ်မျိုး ရှိခဲ့သတဲ့ဗျ။ အဲဒီငှက်ကို လူတစ်ချို့က ဈေးကြီးပေးပြီး ဝယ်ယူကြတဲ့အတွက် ဒေသခံတွေ အလုအယက် ဖမ်းဆီးခဲ့ကြတာကြောင့်တဖြေးဖြေး ကျွန်းပေါ်က လင်းယုန်ငှက်တွေ မျိုးတုံးလာခဲ့ပြီး နောက်ဆုံး ငှက်တွေရဲ့ အရိပ်အယောင်တောင် မတွေ့တော့တဲ့အတွက် လူတွေက ဒီလင်းယုန်ငှက်တွေ ကမ္ဘာပေါ်မှာ လုံးဝမရှိတော့ဘူးလို့ ထင်ခဲ့ကြတဲ့အထိပေါ့ဗျာ။အရွယ်ရောက်ပြီး လင်းယုန်ငှက်တစ်ကောင်ရဲ့ ကိုယ်အလေးချိန်ဟာ ကီလိုနှစ်ဆယ်အထိ ရှိနိုင်ပြီးဖြန့်ထားတဲ့အတောင်ပံက သုံးမီတာအထိရှိသတဲ့။ အဲဒီအမေရိကန် လင်းယုန်ဟာ ရေပြင်ပေါ်ပျံဝဲရင်း ရုတ်တရက် ထိုးဆင်းပြီး ပင်လယ်ဖျံတစ်ကောင်ကို အလွယ်တကူ ကုတ်ယူနိုင်တဲ့ ငှက်မျိုးဖြစ်တာမို့ ဒီလိုငှက်မျိုး မျိုးတုံးသွားတဲ့အတွက် လူတွေနှမြောနောင်တ ရခဲ့ကြတယ်။
အမေရိကန် လင်းယုန်ငှက်တွေကို ကမ္ဘာပေါ်မှာ ဘယ်တော့မှ မတွေ့နိုင်တော့ဘူးလို့ လူတွေထင်နေချိန်မှာဒီငှက်မျိုးကို အထူးလေ့လာ သုတေသနပြုနေတဲ့ အမေရိကန်လူမျိုး (Ah. Steven) ဆိုတဲ့ပုဂ္ဂိုလ်က တောင်အမေရိကားမှာရှိတဲ့ (Andes) တောင်တန်းရဲ့ ဂူတစ်ခုမှာ ဒီငှက်တွေကို ရှာဖွေတွေ့ရှိခဲ့တယ်။ ကျယ်ပြန့်တဲ့နေရာ၊ ပင်လယ်ရေပြင်တွေပေါ်မှာ ကျက်စားတတ်တဲ့ လင်းယုန်ငှက်ဟာ ဒီလိုကျဉ်း မြောင်းသေးငယ်တဲ့ ဂူထဲမှာ ရှင်သန်နိုင်ခဲ့မယ်လို့ လူတွေတစ်ခါမှ တွေးထင်မထားခဲ့မိကြဘူး။
ဂူထဲမှာ ထိုးထိုးထောင်ထောင် ထိုးထွက်နေတဲ့ ကျောက်ချွန်းတွေရှိတာကို (Ah. Steven) သတိထားခဲ့မိတယ်။ အဲဒီအပြင် ဂူနံရံတစ်ခုနဲ့ တစ်ခုကြား အကွာအဝေးဟာလည်းခြောက်လက်မပဲရှိခဲ့တယ်။ အကျဉ်းဆုံးနေရာက နံရံနှစ်ခု ထပ်လုနီးနီးပါပဲ။ တစ်ချို့ကျောက်တွေက ဓါးသွားလို ထက်မြက်ပါးလွှာပြီး တစ်ချို့က သံချောင်းလို ချွန်ထက်နေခဲ့တယ်။ ဒီလိုနေရာမျိုးမှာ ကိုယ်ထည်ကြီးမားတဲ့ လင်းယုန်ငှက် မဆိုထားနဲ့ စာကလေးတောင် ရှင်သန်ဖို့ရာ မလွယ်ကူလှဘူး။ပညာရှင်တွေတောင် ဥာဏ်မီအောင် မတွေးတောနိုင်ခဲ့ကြဘူး။
Steven က အဆင့်မြင့်နည်းပညာနဲ့ ဂူထဲက လင်းယုန်ငှက်တစ်ကောင်ကို ဖမ်းဆီးခဲ့တယ်။ အဲဒီနောက် ငှက်ကို သစ်ဆူးသစ်ခက်တွေနဲ့ ပတ်လည်ဝိုင်းလှောင်ထားပြီး သံဆူးကြိုးနဲ့ ခြောက်လက်မသာသာ ကျယ်ဝန်းတဲ့ ထွက်ပေါက်တစ်ခု လုပ်ပေးထားခဲ့တယ်။ အပေါက်ကနေ လင်းယုန်ငှက် ဘယ်လိုပျံထွက်မလဲ ဆိုတာကို စူးစမ်းခဲ့တယ်။
လှောင်အိမ်ထဲကနေ လွတ်လိုက်တယ်ဆိုရင်ပဲ လင်းယုန်ငှက်ဟာ လျှပ်တစ်ပြက်အတွင်းမှာ အချင်းခြောက်လက္မအရွယ် အပေါက်ကနေ ဖျတ်ကနဲပျံထွက်သွားခဲ့တယ်။ မြန်လွန်းလို့ ဘယ်လိုပျံထွက်သွားမှန်းတောင် မသိလိုက်ရဘူး။ ဒါပေမယ့် Steven က သွင်းထားတဲ့ ဗီဒီယိုအခွေကတစ်ဆင့် အနှေးပြကွက်နဲ့ အဖြေကိုရှာခဲ့ပါတယ်။
အပေါက်သေးသေးကနေ ပျံထွက်ချိန် တခဏအတွင်းမှာ လင်းယုန်ငှက်ဟာ သူ့အတောင်နှစ်ဖက်ကို ဗိုက်နားကပ်ထားပြီး ခြေနှစ် ချောင်းကို အမြီးနဲ့တစ်ဖြောင့်ထဲ ကပ်ထားလိုက်တယ်။ ခေါင်းနဲ့လည်ပင်းကို မျဉ်းဖြောင့်လို အနေအထားမှာထားပြီး ကြီးမားတဲ့ ခန္ဓာ ကိုယ်ကို ကြိုးတစ်ချောင်းလို ပျော့ပျောင်းပစ်လိုက်တယ်။ လူတွေ မတွေးတောမိအောင်ကို သူ့ရဲ့ လှုပ်ရှားပြောင်းလဲမှုက လွယ်ကူ မြန်ဆန်နေသတဲ့ဗျ။
လင်းယုန်ငှက်ကို Steven လေ့လာစူးစမ်းနေတုန်း၊ သူ့ကိုယ်ပေါ်မှာ ကျောက်တုံးတွေနဲ့ ပွတ်တိုက်သွားနိုင်လောက်တဲ့အထိ မာကျော တဲ့အဖုအပိန့် အသားမာတွေလည်းတွေ့ရသတဲ့။လူတွေရဲ့ ဖမ်းဆီးမဲ့ရန်က ရှောင်နိုင်ဖို့၊ လင်းယုန်ငှက်တွေဟာ ဂူထဲမှာပုန်းအောင်းနေရင်း အသက်ဆက်နိုင်ဖို့၊ သေးငယ်တဲ့ ဂူနံရံကြားမှာ ပျံသန်းနိုင်ဖို့ ကြီးမားတဲ့ ခန္ဓာကိုယ်ကို အပွန်းပဲ့ခံ၊ အပွတ်တိုက်ခံပြီး ပြောင်းလဲခဲ့တာပေါ့။ ကိုယ်ပေါ်က အသားမာတွေနဲ့ ကျောက်နံရံရဲ့ ပွတ်တိုက် ဒဏ်ကို ကာကွယ်ပြီး မျဉ်းတစ်ကြောင်းလို ပျော့ပျောင်းအောင် ကျင့်ခဲ့လို့ပါပဲ။အဲ
လင်းယုန်ငှက်ကို Steven လေ့လာစူးစမ်းနေတုန်း၊ သူ့ကိုယ်ပေါ်မှာ ကျောက်တုံးတွေနဲ့ ပွတ်တိုက်သွားနိုင်လောက်တဲ့အထိ မာကျော တဲ့အဖုအပိန့် အသားမာတွေလည်းတွေ့ရသတဲ့။လူတွေရဲ့ ဖမ်းဆီးမဲ့ရန်က ရှောင်နိုင်ဖို့၊ လင်းယုန်ငှက်တွေဟာ ဂူထဲမှာပုန်းအောင်းနေရင်း အသက်ဆက်နိုင်ဖို့၊ သေးငယ်တဲ့ ဂူနံရံကြားမှာ ပျံသန်းနိုင်ဖို့ ကြီးမားတဲ့ ခန္ဓာကိုယ်ကို အပွန်းပဲ့ခံ၊ အပွတ်တိုက်ခံပြီး ပြောင်းလဲခဲ့တာပေါ့။ ကိုယ်ပေါ်က အသားမာတွေနဲ့ ကျောက်နံရံရဲ့ ပွတ်တိုက် ဒဏ်ကို ကာကွယ်ပြီး မျဉ်းတစ်ကြောင်းလို ပျော့ပျောင်းအောင် ကျင့်ခဲ့လို့ပါပဲ။အဲ
ဒီလင်းယုန်ငှက်တွေရဲ့အားမာန်ဟာ ကျနော်၊ခင်ဗျားနဲ့ဗမာပြည်ကြီး ရှေ့ဆက်ရမဲ့ခရီးအတွက် အကောင်းဆုံးနမူနာဆိုပါတော့ဗျာ"
ကိုသက်ခိုင်၏စကားအဆုံး၌ မသိမသာနားစွင့်နေကြသော ဈေးဝယ်တို့၏မျက်နှာပြင်တွင် စိတ်သက်သာရာရသည့် အမူအယာတို့ကို မြင်နေရ၏။ကျနော်ကိုယ်တိုင်လည်း စိတ်ထွက်ပေါက်တစ်ခုရသလိုခံစားရသည်။အခွင့်အခါသင့်လျှင်ဖြင့် ကိုသက်ခိုင်ရှေ့ဆက်မည့် သူ့ဘဝ သူ့အတွေးအမြင်ကို ကျနော်ဆက်၍နားထောင်ချင်၊ရေးပြချင်ပါသေးသည်။