၂၃၊၀၇၊၂၀၁၄နေ့ထုတ် ဆဲဗင်းဒေးဂျာနယ်။ မင်းဒင်ရဲ့သက်ခိုင်(၂)
အခန်း(၄၄)။
တော်လှန်ရေးကိုအဓွန့်ရှည်စေလိုကြသူများ။ ။
“၂၀၀၄ခုနှစ်၊နှစ်ကုန်ပိုင်းမှာ ကျနော်ယိုးဒယားမြေကို ခြေချကာစကတော့ ပြည်ပရောက် အတိုက်အခံတွေထဲမှာ ၁၉၈၈အပြီး၊ စွန့်စွန့်စား စားတောခိုသွားကြတဲ့ကျနော့်ကျောင်းနေဖက်၊ မိတ်ရင်းဆွေရင်းတချို့ပါနေတော့၊ကျနော်ဆိုတဲ့ကောင်ကလည်း ကိုယ့်ပြဿနာနဲ့ကိုယ် အူကြောင်ကြောင်ဘဝနဲ့ ပြည်ပရောက်လာသူမို့ သူတို့ကိုအတော်အထင်ကြီး လေးစားမိခဲ့တာအမှန်ပါပဲ။
အဲဒီကာလမှာ အတိုက်အခံ တွေဟာ သတင်းဌာနအသီးသီးကနေ စစ်အစိုးရကို ရဲရဲတောက်၊စကားလုံးပြောင်ပြောင်တွေနဲ့ တိုက်ခိုက်ပြီး ဗမာသံရုံးတွေရှေ့မှာ ဘာမထီစိတ်ထားနဲ့ ဆန္ဒပြနေကြတာဆိုတော့ အာဂသတ္တိရှင်တွေပါလားပေါ့။
အေးလေ၊ခင်ဗျားတို့ ကျနော်တို့ကြီးပြင်းလာတဲ့ သက်တမ်းတစ်လျှောက်၊မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုတဲ့ တောင်မရောက်၊မြောက် မရောက်စံနစ်ကြီးနဲ့ စခန်းသွားခဲ့ကြရတာမို့ လက်ဖက်ရည်ဆိုင်လိုနေရာမျိုးမှာတောင် အစိုးရမကောင်းကြောင်းပြောမိရင် ဒုက္ခလှလှ တွေ့ခဲ့ကြတဲ့ခေတ်ကိုး။
ကျနော်ထိုင်းမှာအနေကြာလာတာနဲ့အမျှ သူတို့အကြောင်းကို တစ်စတစ်စ ဂဃနဏသဘောပေါက်လာရပါတော့ တယ်။ဖြစ်ရပ်အားလုံးရဲ့ မြစ်ဖျားခံရာကတော့ (၁၉၈၈)လူထုအုံကြွမှုကြီးကနေ အစပြုတယ်လို့ဆိုရပါလိမ့်မယ်။
အဲဒီခေတ်ကာလတုန်းက စစ်အာဏာရှင်အစိုးရကို လူထုအုံကြွမှုနဲ့ တွန်းလှန်ဖယ်ရှားနိုင်ခဲ့တာဟာ ကမ္ဘာကြီးပေါ်မှာ ဖြစ်တောင့်ဖြစ်ခဲ၊ ကြုံတောင့်ကြုံခဲကိစ္စမို့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို ကမ္ဘာ့မီဒီယာအသီးသီးက စိတ်ဝင်စားလာရာကနေ ကျောင်းသားလူငယ်အများစု အပါအဝင်၊ လူတန်းစားအလွှာအသီးသီးက လူရွယ်လူလတ်ပိုင်းတွေ တောခိုလာကြတဲ့အခါ ဇာတ်လမ်းက၊အထွတ်အထိပ်ကို ရောက်လာပါလေရောဗျာ။
ရောက်ရတဲ့အကြောင်းရင်းကတော့ လက်နက်ကိုင်တော်လှန်ရေးအပါအဝင် အခြားအတိုက်အခံ အင်အားစု တွေအပေါ် နိုင်ငံတစ်ကာအဖွဲ့အစည်းအသီးသီးရဲ့ ထောက်ပံ့ကူညီမှုတွေ ခေါင်းစဉ်အမျိုးမျိုးနဲ့ လှိမ့်ဝင်လာကြလို့ပါပဲ။
ပြောရရင် အတော်ရယ်စရာကောင်းတာ အမှန်ပဲဗျာ။ အမြတ်ကြီးစား ခေါင်းပုံဖြတ်စံနစ်ဆိုပြီး လက်ဝဲစာပေတွေမှာ ဖော်ကျူးခဲ့တဲ့ ကမ္ဘာ့ နိုင်ငံအသီးသီးက အရင်းရှင်နိုင်ငံတွေ အဆမတန်ဖွံ့ဖြိုးတိုးတက်နေချိန်မှာ ဆိုရှယ်လစ်လူ့ဘောင်သစ်ကြီးဆီ မမှိတ်မသုန်ချီတက်နေတဲ့ မြန်မာနိုင်ငံလို ဆိုရှယ်လစ်နိုင်ငံတွေဟာ မွဲတေပြာကျ အငတ်ဘေးဆိုက်ပြီး မြောင်းထဲရောက်ကုန်ကြလေရဲ့။ဖွံ့ဖြိုးပြီးနိုင်ငံတွေဟာ အရင်းရှင်စံနစ်ရဲ့ ဟာကွက်၊ ပျော့ကွက်၊လစ်ဟင်းချက်တွေကိုလည်း လူ့အခွင့်အရေး၊ဒီမိုကရေစီရေးဆိုတဲ့ ရှုထောင့်တွေကနေချဉ်းကပ်ပြီး အထိုက်အလျောက် ပြင်ဆင်ပြီးဖြစ်နေခဲ့ကြပြီ။
အခုမျက်မှောက်ကာလမှာ အမေရိက၊ဥရောပနိုင်ငံအတော်များများမှာ အမြတ်ငွေရရင်ပြီးရော ဘယ်သူသေသေ၊ငတေမာရင်ပြီးရော ဆိုပြီးစီးပွားရှာတဲ့ခေတ်ဟာကုန်ခဲ့ပြီဗျ။အာဖရိကတိုက်ကလို စိန်ထွက်တဲ့နိုင်ငံတွေကိုတောင် အနိုင်ကျင့်ညှင်းပန်းနှိပ်စက်မှုတွေ ရှိ တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်ရှောင်ကုန်ကြတဲ့အထိပါပဲ။တိတိကျကျပြောရရင် ကိုယ်ကျင့်တရားစောင့်ထိန်းမှု၊တရားမျှတမှုကို ဦးစားပေးလာကြတယ်ပေါ့ဗျာ။ဘယ်လိုစီမံကိန်းမျိုးကိုမဆို သဘာဝပတ်ဝန်းကျင်ကို ထိခိုက်သလား၊လူ့အခွင့်အရေးကို ချိုးဖောက်ရာ ရောက်သလား၊ လုပ်အားခေါင်းပုံဖြတ်တာ၊အနိုင်ကျင့်ခိုင်းစေတာတွေရှိသလားဆိုပြီး နိုင်ငံတစ်ကာစံနှုန်းတွေနဲ့ချိန်ထိုးပြီးမှ အကောင် အထည်ဖော်ကြတဲ့ခေတ်ကို ရောက်နေပါပြီ။
ကျနော့်ကိုယ်တွေ့တစ်ခုပြောရရင် ဗမာပြည်နာမည်ကြီးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ ဦးဇော်ဇော်ကို ဥရောပနိုင်ငံ တစ်ခုကနေ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတစ်ခု ပူးတွဲလုပ်ကိုင်ဖို့ အဲဒီဥရောပနိုင်ငံက လျှို့ဝှက်ငှားရမ်း ရွေးချယ်စေလွတ်တဲ့ စုံစမ်းရေး အဖွဲ့တစ်ဖွဲ့ဟာ ဘန်ကောက်နဲ့ရန်ကုန် ခြေချင်းလိမ်အောင် အဝင်အထွက်လုပ်ပြီး ဦးဇော်ဇော်နဲ့ ပတ်သက်တဲ့နောက်ခံအချက်အလက်တွေကို စုံစမ်းနေခဲ့ဖူးပါတယ်။ကျေနပ်လောက်အောင် စုံစမ်းစစ်ဆေးခဲ့ပြီးတဲ့နောက်မှာတော့ အဲဒီ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းကို စတင်ခဲ့တယ်လို့ဆိုပါတယ်။
တစ်ဆက်တည်းပြောရရင် ထိုင်းနိုင်ငံဟာနိုင်ငံတစ်ကာကို ရေထွက်ပစ္စည်းတင်ပို့ရာမှာ ထိပ်တန်းနိုင်ငံဖြစ်နေရာက မီဒီယာတချို့ကနေ ဒီလုပ်ငန်းဟာ ဗမာရွေ့ပြောင်းအလုပ်သမားတွေကို မတရား ညှင်းပန်းနှိပ်စက်မှုတွေ မကင်းဘူးဆိုတဲ့စွဲချက် ထွက်ပေါ်လာတာကြောင့် ဒီသတင်းရင်းမြစ် မှန်၊မမှန် ထိုင်းငါးဖမ်းစက်လှေတွေ၊ အအေးခန်းစက်ရုံတွေက အနှိပ်စက်ခံ ဗမာအလုပ်သမားတွေကို နိုင်ငံတစ်ကာအဆင့်မီ အေးဂျင့်တွေက အပူတပြင်း၊စုံစမ်း ထောက် လှမ်းခဲ့ဖူးပါတယ်။ ငါးဖမ်းလှေ တွေပေါ်ကိုရောင်းစားခံရတဲ့၊ညှင်းပန်းဖိနှိပ်ခံရတဲ့ ဗမာအလုပ်သမားတွေကို ကိုယ်တိုင်မေးမြန်း နိုင်ဖို့၊ မွန်ပြည်နယ်၊ထားဝယ်မြို့တွေအထိ လိုက်လံစုံစမ်းခဲ့ကြတာမို့ ထိုင်းအစိုးရ မျက်ကလဲ ဆန်ပြာဖြစ်သွားဖူးတာ ကျနော့်ကိုယ်တွေ့ပါပဲ။ ဗမာသူဌေးအများစုကတော့ ငွေရရင် ဘာမဆိုလုပ်မယ်ဆိုတဲ့ အဆင့်ကနေ ဒီနေ့အထိ မတက်သေးပါဘူးဗျာ။
(တိုက်ဆိုင်မှုဟုပင်ဆိုရပေမည်။စာရေးသူဤစာမူကိုရေးနေဆဲ၌ အထက်တွင်ဖော်ပြထားသည့် ကိုသက်ခိုင်၏ပြောဆိုချက်နှင့်ကိုက်ညီနေ သော ဆောင်းပါးရှင်ဝီလျံဘွတ်၏ သတင်းဆောင်းပါးတစ်ပုဒ်ကို ဧရာဝတီအွန်လိုင်းစာမျက်နှာတွင်ဖတ်ရှုမိရာ စာဖတ်သူများအနေဖြင့် သိသင့်သိထိုက်သည်ဟုယူဆသဖြင့် အောက်တွင်မူရင်းအတိုင်းဖော်ပြအပ်ပါသည်။)
မြန်မာကို ကျွန်သဖွယ် စေခိုင်းသည်ဟု စွပ်စွဲချက်ကြောင့် ထိုင်းကို အနောက် ကုမ္ပဏီများ ဖိအားပေး
ထိုင်းကုမ္ပဏီကြီးများသည် မြန်မာရွှေ့ပြောင်းလုပ်သားများအပေါ် လူကုန်ကူးခြင်းနှင့်ငွေဝယ်ကျွန်ကဲ့သို့ခိုင်းစေသည့်လုပ်ငန်းများနှင့် ဆက် သွယ်မှုများ ရှိနေကြောင်း စွပ်စွဲမှုများ ရှိနေသည့်အတွက် အမေရိကန် လူ့အခွင့်အရေးအဖွဲ့တစ်ခုက အနောက်တိုင်းမှ အစားအစာ လက်လီ ရောင်းချသည့် ကုမ္ပဏီများ အနေဖြင့် ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းများကို ဖိအားပေးရန် တောင်းဆိုလိုက်သည်။
ထောင်ပေါင်းများစွာသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ လုပ်ကိုင်လျက်ရှိသည့် ထိုင်း ငါးဖမ်းလုပ်ငန်းကဏ္ဍကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် ၀ါရှင်တန် အခြေစိုက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအခွင့်အရေးဖိုရမ် (ILRF) က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
လန်ဒန် အခြေစိုက် The Guardian သတင်းစာက စုံစမ်းမှုပြုလုပ်ခဲ့ခြင်းဖြစ်၍ ကမ္ဘာတ၀ှမ်းရှိ စူပါမားကက်ကြီးများတွင် ရောင်းချ ရန်အတွက် ပုဇွန်များ ထုတ်လုပ်ခြင်းလုပ်ငန်း၌ လူပေါင်းများစွာကို တိရိစ္ဆာန်များသဖွယ်အရောင်းအ၀ယ်ပြုလုပ်နေပြီး ထိုင်းငါးဖမ်းလှေ များပေါ်တွင် မိမိ၏ အလိုဆန္ဒမပါဘဲ အလုပ်လုပ်နေကြရသည်ဟု ရေးသားဖော်ပြခဲ့သည်။
CP Foods သည် မြန်မာ ငွေဝယ်ကျွန် လုပ်သားများကို အသုံးပြုနေသည့် ထိုင်း ငါးဖမ်းလှေများနှင့် အနီးကပ် ဆက်သွယ်မှု ရှိနေကြောင်း The Guardian သတင်းစာက ဖော်ထုတ်ခဲ့သည်။ ထိုသတင်းကြောင့် ပြင်သစ်နိုင်ငံအခြေစိုက် Carrefour အပါအ၀င် အနောက် နိုင်ငံများမှ စူပါမားကက် ကုမ္ပဏီ ၂ ခုက CP Foods ၏ ကုန်ပစ္စည်းများ ၀ယ်ယူခြင်းကို ရပ်ဆိုင်းခဲ့ပြီး ဖြစ်သည်။
“အလျှင်အမြန် အရေးယူဆောင်ရွက်ဖို့လိုပါတယ်။ (ပုဇွန်) ၀ယ်ယူသူတွေဖက်က အရေးယူမူဟာ ဒီထောက်ပံ့ရေး ကွင်းဆက် တစ် လျှောက်မှာ ရှိနေတဲ့ အလုပ်သမားတွေရဲ့ အခြေအနေကို သိသိသာသာ ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်” ဟု ILRF မှ လှုပ်ရှားမှု ဒါရိုက်တာ Abby Mills က ဧရာဝတီသို့ ပြောသည်။ “ဒါပေမယ့် ILRF အနေနဲ့ ဆက်သွယ်မှု ဖြတ်တောက်ရုံပဲ ဖြတ်တောက်ပြီး ထွက်သွားတဲ့ လုပ်ရပ်မျိုးကိုလည်း မထောက်ခံပါဘူး” ဟုလည်းဆိုသည်။
“ထောက်ပံ့သူတွေနဲ့ အဆက်အသွယ် မဖြတ်တောက်မီ ပထမဆုံး အလုပ်သမားတွေ ခေါင်းပုံဖြတ်ခံနေရတဲ့ အခြေ အနေလိုမျိုး အခြေခံပြဿနာတွေကို ဖြေရှင်းဖို့၊ ပြန်လည်ပြင်ဆင်ဖို့ အတွက် ရွေးချယ်ခွင့်ပေးရမှာ ဖြစ်ပါတယ်။ အနောက် တိုင်း ကုမ္ပဏီတွေ အနေနဲ့ အမှန်တကယ် အပြောင်းအလဲဖြစ်လာပြီး ထောက်ပံ့မှု လမ်းကြောင်းကို ပွင့်လင်းမြင်သာ ရှိလာစေဖို့၊ အလုပ်သမား ဥပဒေချိုးဖောက်မှုကို ဖော်ထုတ်နိုင်တဲ့ နည်းလမ်းတွေ တိုးတက်လာဖို့ နဲ့ အလုပ်သမားတွေဖက်က သတင်းပို့ တိုင်ကြားရဲလာအောင် အားပေးဖို့ ဖြေရှင်းဖို့ နည်းလမ်းရှာဖွေနိုင်ဖို့ မိမိတို့ရဲ့ စီးပွားဖက် ထိုင်းကုမ္ပဏီတွေနဲ့ အတူလုပ်ဆောင်သင့်ပါတယ်” ဟု Abby Mills ကပြောသည်။
“သူတို့ကို ကုန်ပစ္စည်းထောက်ပံ့နေသူတွေဖက်က တိကျတဲ့ စံနှုန်းတွေရှိလာဖို့နဲ့ ထောက်ပံ့မှုလမ်းကြောင်း တစ်လျှောက်မှာ အသုံးပြု လာစေဖို့ ကုမ္ပဏီတွေ (အနောက်တိုင်း ကုမ္ပဏီတွေ) ရဲ့ အခန်းကဏ္ဍက အရေးပါ ပါတယ်။ ဒါက ဒီ အလုပ်သမား တွေရဲ့ ဘ၀နေထိုင် မှုနဲ့ လုပ်ငန်းခွင် အခြေအနေကို ကောင်းမွန်မြင့်တက်လာစေနိုင်ပါတယ်။ဒီလို တုန့်ပြန်မှုမျိုးက ထိုင်း နိုင်ငံ ပင်လယ်စာ လုပ်ငန်း ကဏ္ဍမှာ ဘာကြောင့် အလုပ်သမား လူကုန်ကူးခံရမှု လွှမ်းမိုးနေရတဲ့ အကြောင်းရင်းတွေကို လည်းဖြေရှင်း နိုင်ပါတယ်” ဟုလည်း သူက ဆိုသည်။
အရေးယူ ဆောင်ရွက်ပေးရန် ILRFက တောင်းဆိုသည့် အချိန်တွင် ထိုင်းနိုင်ငံသည် ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေး ချိုး ဖောက်ခံရမှုများ ဖြေရှင်းရန် ပျက်ကွက်ခဲ့ခြင်း အတွက် အမေရိကန်နိုင်ငံ၏ အပြစ်တင် ဝေဖန်မှုကြောင့် ကသိကအောင့် ဖြစ်နေရသည့် အချိန်ဖြစ်သည်။
မကြာမီက ထုတ်ပြန်ခဲ့သည့် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန၏ လူကုန်ကူးခံရမှု နှစ်စဉ်အစီရင်ခံစာတွင် ထိုင်းနိုင်ငံကို အနိမ့်ဆုံး အဆင့်တွင် ဖော်ပြထားပြီး မြောက်ကိုရီးယား၊ ဆီးရီးယားနှင့် ဆော်ဒီအာရေးဗီးယား တို့နှင့် အတူရှိနေခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerryက အစီရင်ခံစာ၏ ရည်ရွယ်ချက်မှာ ကမ္ဘာပေါ်ရှိ အလင်းရောင်လိုအပ် နေသည့် မှောင်မိုက် သည့် နေရာ အများအပြားတွင် မည်သို့ ဖြစ်ပျက်နေကြောင်း အသိပေးရန်ဖြစ်သည်ဟု ပြောသည်။
အမေရိကန်က ထုတ်ပြန်ခဲ့သည့် ယခင်အစီရင်ခံစာများတွင်လည်း လူကုန်ကူးမှု ပြဿနာကို ဖြေရှင်းရန် တောင်းဆိုခဲ့သည်။ သို့သော် လည်း ယခုနှစ် အစီရင်ခံစာတွင်ကျမှ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ထိုင်းနိုင်ငံကို အဆင့် အတန်း လျှော့ချခဲ့ခြင်း ဖြစ်သည်။
ဘန်ကောက် အခြေစိုက် CP Foods သည် အရှေ့တောင်အာရှဒေသတလွှားနှင့် တရုတ်နိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေသည့် CP Group လုပ်ငန်းခွဲတစ်ခု ဖြစ်ပြီး တစ်နှစ်တာ လုပ်ငန်းလည်ပတ်မှု တန်ဖိုး အမေရိကန် ဒေါ်လာ ၃၃ ဘီလီယံ ရှိပြီး ယင်းပမာဏမှာ မြန်မာနိုင်ငံ၏ ၂၀၁၃ ခုနှစ် အတွက် GDP ၏ တစ်ဝက် ကျော်ဖြစ်သည်။
The Guardian သတင်းစာက “ စုံစမ်းစစ်ဆေးချက်အရ ကမ္ဘာ့ အကြီးဆုံး ပုဇွန်ထုတ်လုပ်သူ ဖြစ်သော ထိုင်းနိုင်ငံ အခြေစိုက် Charoen Pokphand (CP) Foods သည် ၎င်းတို့ မွေးမြူထားသော ပုဇွန်များကိုကျွေးရန်အတွက် အစာဝယ်ယူရာတွင် ငွေဝယ်ကျွန် အလုပ် သမားများလိုက်ပါသည့် ငါးဖမ်းသင်္ဘောများဖြင့် လုပ်ကိုင်နေသူ အချို့ထံမှ ၀ယ်ယူခဲ့ ကြောင်းတွေ့ ရှိရသည်” ဟု ရေးသားခဲ့သည်။
ရွှေ့ပြောင်း အလုပ်သမားများကို ငါးဖမ်းလှေများသို့ ဖိအားပေးပို့ဆောင်ပြီး တစ်နေ့လျှင် နာရီ ၂၀ ခန့် အတင်းအကျပ် အလုပ်ခိုင်း စေခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်းများ ပြုလုပ်ခြင်းခံနေရသည်ဟု စွပ်စွဲမှုများလည်း ရှိနေသည်။ The Guardian သတင်းစာက မြန်မာနှင့် ကမ္ဘောဒီးယား အလုပ်သမား ၁၅ ဦးကို တွေ့ဆုံ မေးမြန်းခဲ့ရာတွင် သူတို့က ထိုင်းနိုင်ငံမှ စက်ရုံများ၊ သို့မဟုတ် ဆောက်လုပ်ရေး လုပ်ငန်း များတွင် အလုပ်အကိုင်ရရှိရန် အတွက် ပွဲစားများကို ငွေပေးခဲ့ကြရကြောင်း ပြောကြသည်။“ဒါပေမယ့် အဲဒီအစား သူတို့ကို သင်္ဘော ကပ္ပတိန်ဆီရောင်းလိုက်တာပါပဲ။ တစ်ခါတလေ စတာလင်ပေါင် ၂၅၀ (အမေရိကန်ဒေါ်လာ၄၂၆ခန့်) လောက်နဲ့ ဖြစ်ပါတယ်။ တချို့တွေ ပင်လယ်ထဲမှာ နှစ်နဲ့ချီပြီးနေခဲ့ရတယ်။ တချို့တွေကိုတော့ သူတို့ကို ဆက်ထိန်းသိမ်းထားနိုင်ဖို့ မက်သဖက်တမင်း တွေပေးတယ်။ ငွေဝယ်ကျွန်တွေကို သူတို့ရှေ့မှာ သတ်ပစ်တာကို တချို့တွေ မြင်ခဲ့ရတယ်” ဟု The Guardian ကဆိုသည်။
Wal-Mart၊ Carrefour၊ Costco နှင့် Tesco အစရှိသည့် ကမ္ဘာ့ထိပ်တန်း လက်လီအရောင်း လုပ်ငန်းကြီးများတွင် ရောင်းချနေသည့် ပုဇွန် အများစုသည် CP Foods မှ တင်သွင်းနေခြင်းဖြစ်သည်ဟု လည်း ၎င်းကပြောသည်။
“ထိုင်းနိုင်ငံရဲ့ ပြောင်းရွှေ့လုပ်သားတွေအပေါ် ဆက်ဆံပြုမူပုံဟာ ပြဿနာရဲ့ အဓိက အရေးပါတဲ့ အချက်ဖြစ်ပါတယ်” ဟု ILRF မှ Abby Mills ကပြောသည်။
“၂၀၁၃ ခုနှစ် ကုန်ပိုင်းလောက်အထိ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သား ၃ သန်းကနေ ၄သန်း အထိရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ အများစုဖြစ်တဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ ကုန်ပစ္စည်းထုတ်လုပ်ရေး၊ ပင်လယ်ထွက်ပစ္စည်း ပြင်ဆင်ထုတ်လုပ်ရေး နဲ့ အိမ်အကူလုပ်ငန်း တွေအပါအ၀င် အန္တရယ်အများဆုံး၊ အညစ်ပတ်ဆုံး အလုပ်တွေကိုလုပ်ဖို့ မြန်မာနိုင်ငံက ရောက်လာကြသူတွေ ဖြစ်ပါတယ် ဟုလည်း သူကပြောသည်။
ရှုပ်ထွေးကျယ်ပြန့်သည့် လူဝင်မှုကြီးကြပ်ရေးမူဝါဒများနှင့် အလုပ်သမား ဥပဒေများကြောင့် အလုပ်ရှင်များက အသာစီးရရှိ နေပြီး ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် လူကုန်ကူးခံရခြင်း၊ မသမာသည့် အလုပ်ရှင်များ၏ ခေါင်းပုံဖြတ်မှုခံနေရခြင်း ဖြစ်ကြောင်းနှင့် ရဲတပ်ဖွဲ့၏ အကျင့်ပျက်ခြစားမှု အပါအ၀င် လူကုန်ကူးမှု တိုက်ဖျက်ရေးဥပဒေကို ဖော်ဆောင်ရာတွင် တာဝန်ရှိသူများ ကိုယ်တိုင်က တိုက်ရိုက်ပါဝင်ပတ်သက်ခြင်းများ ရှိနေသဖြင့် ပြဿနာ အမြစ်မပြတ်ဘဲ ဆက်လက်တည်ရှိနေရခြင်း ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြား ရေး ၀န်ကြီးဌာန၏ အစီရင်ခံစာက ဆိုသည်။
CP Group သည် ၂၀၁၃ ခုနှစ်အတွင်း ဘန်ကောက်မြို့တောင်ဖက်ရှိ ၎င်း၏ ပင်လယ်ထွက်ပစ္စည်းထုတ်လုပ်ရေး စက်ရုံများမှ မြန်မာ အလုပ်သမားများကို ပြုမူဆက်ဆံပုံကြောင့် သိသာမြင်သာဖြစ်ခဲ့ရသည်။ ကုမ္ပဏီက မဟာချိုင်ရှိ စက်ရုံမှ မြန်မာ အလုပ်သမား ၁၆၀ ကို ကြိုတင် အသိမပေးဘဲ အလုပ်ထုတ်ပစ်ခဲ့သည်။သင့်တော်သည့် လျော်ကြေးငွေလည်း ထုတ်ပေးခြင်းမပြုခဲ့ပေ။သို့သော်လည်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးနှင့်အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက ၀င်ရောက်ဆောင်ရွက်ပေးခဲ့ကြသည့်အတွက် ထိုအလုပ်သမား များကို မူလနေရာတွင် ပြန်လည်ခန့်ထားပေးရန် ကုမ္ပဏီက သဘောတူခဲ့ရသည်။
ကမ္ဘာ အနှံ့တွင် ၀န်ထမ်း ၂၈၀၀၀၀ ခန့်ရှိပြီး ကမ္ဘာပေါ်တွင် တတိယ အကြီးဆုံး လက်လီအရောင်း လုပ်ငန်းဖြစ်သည့် 7-Eleven ကိုလည်း လုပ်ကိုင်နေသော CP Group က မြန်မာနိုင်ငံတွင် ဆန်နှင့်ပြောင်းစိုက်ပျိုးထုတ်လုပ်ရန်နှင့် အသားပြင်ဆင်ထုတ်လုပ်သည့် စက်ရုံများ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် စိတ်ဝင်စားကြောင်း ပြောကြားခဲ့ဖူးသည်။
The Guardian ၏ ရေးသားမှုနှင့် ပတ်သက်၍ မှတ်ချက်ပြောကြားပေးရန် ဧရာဝတီ၏ မေတ္တာရပ်ခံမှုကို ဘန်ကောက်မြို့ရှိ CP Foods က ငြင်းပယ်ခဲ့သည်။ အင်္ဂလန်ရှိကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ Bob Miller ကမူ “ဒီကိစ္စက ဆိပ်ကမ်းကို ရောက်လာတဲ့ ကုန်ကြမ်း ပစ္စည်း တွေနဲ့ ပတ်သက်တယ်လို့ ကျနော်တို့ သိရပါတယ်။ ဒါပေမယ့် ဘယ်အတိုင်းအတာ လောက်ရှိသလဲ ဆိုတာကတော့ ကျနော်တို့ မြင်နိုင် တာမှ မဟုတ်တာ” ဟု The Guardian သတင်းစာသို့ ပြောကြားခဲ့သည်။
ငွေဝယ်ကျွန် အလုပ်သမားများ ကိစ္စထွက်ပေါ်လာသည့် အချိန်တွင် ထိုင်းနိုင်ငံမှ အာဏာသိမ်းစစ်ခေါင်းဆောင်များက တိုင်း ပြည်အတွင်း မှ ရွှေ့ပြောင်းအလုပ်သမားများကို ဦးတည်ထိုးနှက်နေသည်။ထိုင်းစစ်တပ်နှင့် ရဲအဖွဲ့က မြန်မာနှင့်ကမ္ဘောဒီးယားနိုင်ငံသားများ အလုပ် လုပ်နေသည့် စီးပွားရေးလုပ်ငန်းများကို ၀င်ရောက် စီးနင်းနေသည်ဆိုသည့် သတင်း အမြောက်အမြားလည်း ထွက်ပေါ်နေခဲ့သည်။
သောင်းနှင့်ချီသော ကမ္ဘောဒီးယားနိုင်ငံသားများနှင့် အရေအတွက် မသိရသော မြန်မာနိုင်ငံသားအများစုသည် တရားဝင် စာရွက်စာတမ်း အထောက်အထားမရှိဘဲ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာသူများ ဖြစ်သည်။ တရားဝင် မှတ်ပုံတင်၍ နေထိုင်သည့် မြန်မာအလုပ် သမားများသည်ပင်လျှင် ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူခဲ့သည့် အချိန်မှစ၍ ထိုင်းအာဏာပိုင်များက အနှောက် အယှက် ပေးမှုနှင့် ရင်ဆိုင်ခဲ့ကြရသည်ဟုလည်း သတင်းများက ဖော်ပြခဲ့ကြသည်။
……………………….။……………………….
စောစောကကျနော့်စကားကိုပြန်ဆက်ရရင် ဖွံ့ဖြိးပြီးနိုင်ငံတွေဟာ၊ဆိုရှယ်လစ်ခေါင်းစဉ်အောက်မှာ ကပ်ဆိုက်နေတဲ့ နိုင်ငံတွေဆီကို သူတို့ ခံစားနေရတဲ့ အခွင့်အရေးမျိုးတွေ ရရှိခံစားနိုင်ဖို့ အကူအညီတွေပေးလာကြတယ်။နိုင်ငံရဲ့တရားဝင် ဘတ်ဂျက်တွေကနေ ပေးတာရှိသလို ဧရာမကုမ္ပဏီကြီးတွေ၊တသီးပုဂ္ဂလ ထူထောင်ထားတဲ့ ဖောင်ဒေးရှင်းကြီးတွေကလည်း တော်လှန်ရေး၊ကျန်းမာရေး၊ပညာရေး၊ လူ့အခွင့်အ ရေးစတဲ့ခေါင်းစဉ် အသီးသီးနဲ့ ကူညီပံ့ပိုးတဲ့ အစီအစဉ်တွေဟာ ဆင်းရဲမွဲတေနေတဲ့ နိုင်ငံတွေဆီရောက်လာတယ်။ တချို့ ကုမ္ပဏီကြီး တွေဟာ သူတို့နိုင်ငံတွေရဲ့ တည်ဆဲဥပဒေတွေအရ ထမ်းဆောင်ရမဲ့ ဝင်ငွေခွန်တွေကို တိမ်းရှောင်ချင်တဲ့အတွက် ကုလားဖန်ထိုးပြီး လှူဒါန်းထောက်ပံ့ငွေအဖြစ် စာရင်းလိမ်ပြတာတွေလည်း ဒုနဲ့ဒေးပေါ့ဗျာ။
ငမွဲတိုင်းပြည်တွေက ပြည်သူတွေရဲ့လက်ထဲကို အဲဒီထောက်ပံ့ ငွေကို အာဏာရှင်ငမွဲအစိုးရ လက်ထဲထည့်ရင် ကိုသာဆိုးဖြစ်ကုန်မှာမို့ နယ်စပ်ဒေသတွေမှာရှိနေတဲ့ အတိုက်အခံအဖွဲ့တွေဆီကို ဆက် သွယ်လာကြရောဆိုပါတော့။ဟိုးအရင်အချိန်တုန်းကတော့ နိုင်ငံတစ်ကာရဲ့စောင်မမှုကို နိုင်ငံတစ်ကာနဲ့ချိတ်ဆက်ထားနိုင်ခဲ့တဲ့ ပြည်တွင်း လက်နက်ကိုင် အင်အားစု တချို့သာရခဲ့ကြပေမဲ့ ၈၈နောက်ပိုင်းကာလတွေမှာတော့ ဗမာကျောင်းသားအင်အားစုတွေကို အခြေခံတဲ့ အတိုက်အခံတွေဆီကို ရောက်လာတယ်။
ဒီအချက်ကြောင့်ပဲ ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းနဲ့ကျောင်းသားအတိုက်အခံ အင်အားစု တွေကြားမှာ အကြံတူရန်သူ ဖြစ်ကုန်ကြတော့တာပေါ့ဗျာ။အဲဒီနိုင်ငံတစ်ကာအကူအညီတွေဆိုတာကလည်း မိုးပေါ်ကကျသလို ကျလာ တာမျိုး မဟုတ်လေတော့ စီးဆင်းရာလမ်းကြောင်းဟာလည်း စိတ်ဝင်စားစရာတော့ အကောင်းသား”
ကိုသက်ခိုင်ပြောဆိုနေသော အကြောင်းအရာမှာ ကျနော်ကိုယ်တိုင် ဇဝေဇဝါဖြစ်နေသော အကြောင်းခြင်းရာဖြစ်၍ ကျနော်တို့ထိုင်နေရာ ဟမ်ဘာဂါဆိုင်နှင့် မလှမ်းမကမ်းမှာရှိသည့် ရေပန်းတစ်ခုဆီသို့ ငေးကြည့်နေရင်း ကိုသက်ခိုင်၏စကားကို ကျနော်နားစိုက်ထောင်နေမိ သည်။
ဗမာကျောင်းသားအတိုက်အခံတွေဟာ မဲဆောက်လိုနယ်စပ်ဒေသ၊ချင်းမိုင်လို အထိုက်အလျောက်လုံခြုံမှုရှိပြီး နိုင်ငံတစ်ကာဧည့်သည် တွေအလာများတဲ့အရပ်တွေမှာ အခြေချကြတာမို့ အဲဒီအရပ်တွေဆီကို သတင်းထောက်အဖြစ်၊လေ့လာသူအဖြစ်အသွင်အမျိုးမျိုးယူထား တဲ့နိုင်ငံတစ်ကာအဖွဲ့အစည်းမျိုးစုံရဲ့ အလှူရှင်ဒိုနာကိုယ်စားလှယ်တွေနဲ့ ချိတ်ဆက်မိကုန်ကြရောပေါ့ဗျာ။
ဒီမှာတင် ဗမာ့အတိုက်အခံ တွေဟာ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေး၊မြန်မာ့ဒီမိုကရေစီရေး၊ပညာရေး၊ကျန်းမားရေး၊မြေပေါ်မြေအောက် ယူဂျီကိစ္စ၊ အမျိုး သမီးအခွင့်အရေး၊အိမ်တွင်းညှင်းပန်းနှိပ်စက်မှုကာကွယ်ရေး ဗမာ့ဒုက္ခကိုနိုင်ငံတစ်ကာသိအောင် လုပ်ပေးမဲ့သတင်းမီဒီယာ၊ ခေါင်းစဉ် အပါအဝင် ရေတွက်လို့မရနိုင်တဲ့ ခေါင်းစဉ်တစ်ပြုံတစ်မကြီးနဲ့ ပရိုပိုဆယ်တင်ကြပါတော့တယ်။
ဥပမာဆိုပါတော့ဗျာ။ဒေါ်လာ တစ်သန်း လှူဒါန်းမဲ့ ပရိုပိုဆယ်တစ်ခုမှာ ဒိုနာပွဲစားဆိုတဲ့နိုင်ငံခြားသားကလည်း ပါးစပ်ပါတာမို့ လုပ်ငန်းချိတ်ဆက် ဆောင်ရွက်ပေးသူအနေနဲ့ သူ့ဝေစုလစာ၊လေယာဉ်စားရိတ်၊အထွေထွေကုန်ကျစားရိတ်တွေ၊တစ်နှစ်စာ၊ဒေါ်လာနှစ်သိန်းလောက် နှုတ်လိုက်တော့ ရှစ်သိန်းကျန် ရော။
အဲဒီကျန်ငွေဟာ ဗမာ့အတိုက်အခံလက်ထဲပြန်လာတော့ ပရိုပိုဆယ်ကို ပြုစုရတဲ့သူက ဥက္ကဋ္ဌ၊အတွင်းရေးမှူးရာထူးပြပြီး နှစ်သိန်း လောက်ဖြတ်အုပ်ပြန်ရော။ နောက်သူ့ညီ၊သူ့မောင်၊သူ့မိန်းမကို ဒုဥက္ကဋ္ဌ၊တွဲဖက်အထွေထွေအတွင်းရေးမှုး၊ အလုပ်အမှုဆောင်အဖွဲ့ဆိုပြီး နေရာတွေပေးလိုက်ပြန်တော့ နောက်ထပ်ဒေါ်လာနှစ်သိန်းလောက် ကိစ္စချောပြန်ရောပေါ့ဗျာ။ဒီကနေ ရုံးအုပ်အဆင့်နဲ့ အောက်ခြေ ဝန်ထမ်းတွေဆီ ရောက်လာပြန်တော့ အမြီးနှုတ်ခေါင်းနှုတ်လုပ်လိုက်ကြတာ နှစ်သိန်းလောက်ကုန်ပြန်ရော။နောက်ဆုံး စာရင်းချုပ်လိုက် တော့ တကယ်တမ်း ဒုက္ခပင်လယ်ဝေနေတဲ့ ဗမာပြည်သူတွေဆီ ဒေါ်လာနှစ်သိန်းရောက်ရင် ကံကောင်းပေါ့ဗျာ။
နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအဖွဲ့ဆီကနေ သူထောင်ကျနေတုန်းကငါးခြောက်ပြား တစ်ပြားတောင်မရဖူးဘူးလို့ ကိုဇာဂနာပြောဖူးတာ တောင် သွားသတိရမိသေးဗျ။ နောက်တစ်ချက်ကျနော်အကြီးအကျယ်အံ့သြမိတာက အန်ဂျီအိုအဖွဲ့အသီးသီးကနေ သူတို့လုပ်ထုံးလုပ် နည်းအတိုင်း လုပ်ငန်းအသီးသီးမှာ စိတ်ဓာတ်တက်ကြွပါစေတော့ဆိုပြီး အခါအားလျော်စွာ ဆုတံဆိပ်တွေ၊ ဂုဏ်ထူးဆောင် လက်မှတ် တွေ ကိုယ့်အဝန်းအဝိုင်းမှာရှိတဲ့သူတွေကိုရွေးပြီး ချီးမြှင့်တတ်ကြတာကို ဗမာရွှေကိုယ်တော်တွေက၊ သူတို့ကိုယ်သူတို့၊ ဧရာမလူစွမ်း ကောင်းကြီးတွေအဖြစ်အထင်ခံရအောင် ဗမာလူထုကြားမှာ ပြန်ပြီးကြွားလုံး ထုတ်ကြတဲ့ကိစ္စပါပဲ။
ဒီနေရာမှာ စားဖားတွေညီညွတ်တာကျုပ်မလိုချင်ဘူးဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဆိုအမိန့်လေးကို ပြေးတောင်သတိရစရာ ကောင်း သေးဗျာ။ အတိုက်အခံတချို့တွေဟာ ဘဝရပ်တည်ဖို့အတွက် ရေကြည်ရာမြက်နုရာရှာရင်း ဘီဘီစီ၊ဘီအိုအေ၊ အာအက်ဖ်အေ၊ ဒီဘီဗီအစရှိတဲ့ သတင်းဌာနတွေဆီရောက်ကုန်တယ်။နိုင်ငံတစ်ကာအထောက်အပံ့နဲ့ သတင်းဌာနတွေထူထောင်ကြတယ်။
ထူးခြားချက် ကတော့ တောခိုတဲ့အဖွဲ့တွေထဲက အင်္ဂလိပ်စာ၊အင်္ဂလိပ်စကားလည်ရည်ပတ်ရည်ရေးနိုင်ပြောနိုင်သူတွေ လက်ဦးမှုရပြီး အရာရောက် စာရင်းဝင်ကြသပေါ့။ပြည်ပအသံလွှင့်ဌာနတွေမှာ စိုင်ကော်လို့ခြုံပေါ်ရောက်နေကြတဲ့ ဗမာသတင်းသမားတချို့ကလည်း သူတို့ကိုယ် သူတို့ လမ်းဘေးကလူကို နေ့ချင်းညချင်းကမ္ဘာကျော်အောင်လုပ်ပေးနိုင်လေဟန် သွေးနားထင်ရောက်ကုန်တာလည်း ကျနော်ကိုယ်တိုင် ကြုံဖူးသေးတယ်ဗျ။
ဒီမှာတင် ကျန်အတိုက်အခံတွေရဲ့အကျိုးစီးပွားအတွက် ဗမာပြည်ကြီးလွတ်မြောက်ရေး၊ဒီမိုကရေစီရရှိရေးဆိုတဲ့ ဆွယ်တရား (လော်ဘီ)သတင်းတွေကို လှိုင်လှိုင်ကြီး လွှင့်ပေးတယ်။ကျီးဘုတ်မြှောက်၊ဘုတ်ကျီးမြှောက်ပေါ့ဗျာ။ပြည်တွင်းနေ လူထုက တော့ အဝေးရောက်ဗမာ့လူစွမ်းကောင်းတွေ ဘယ်အချိန်မှာများ မိုးပေါ်ကနေကျလာလေမလဲ။မောင်မင်းကြီးသားတွေ အစွမ်းထက်ပါ ပေ့ဆိုပြီး ထင်ယောင်ထင်မှားဖြစ်ကုန်ကြတာပေါ့။တကယ့်လက်တွေ့ဘဝမှာတော့ အတိုက်အခံခေါင်းဆောင် တော်တော်များများသာ လောကနိဗ္ဗာန်ရောက် ကုန်ကြလေသတည်းပေါ့။
(ဆက်လက်ဖော်ပြပါမည်။)