Quantcast
Channel: .
Viewing all articles
Browse latest Browse all 346

မင်းဒင်ရဲ့သက်ခိုင်(၂)

$
0
0

၂၇။၀၈။၂၀၁၄နေ့ထုတ်။ဆဲဗင်းဒေးအပတ်စဉ်ဂျာနယ်မှ။ မင်းဒင်ရဲ့သက်ခိုင်(၂)

အခန်း(၄၉)

“ဒဏ္ဍာရီဆန်သော်ငြား ပုံပြင်တော့ဖြင့်မဟုတ်ပါလေ”

ပထမဆုံး ရေချိုးမဲ့တစ်သုတ်ခွဲလိုက်ပြီး သူတို့အားလုံးရဲ့ အ၀တ်တွေအားလုံးကိုချွတ်ပြီး အငွေ့တထောင်းထောင်းထနေတဲ့ ရေတွေထဲကို ပစ်ထည့်လိုက်ကြပြီး ၀ါးလုံရှည်နဲ့ ထိုးနှစ်လိုက်ပါတယ်။ အားလုံးရဲ့ မျက်လုံးတွေကလည်း စိတ်ဝင်စားစွာနဲ့ ဒယ်အိုး ရေမျက်နှာပြင်ကို စိုက်ကြည့်နေလိုက်ပါတယ်ဗျာ။တစ်ထည်ပစ်လိုက်တာနဲ့ ရေပြင်ပေါ်ကို တက်လာလိုက်တဲ့ သန်းဂျီးမဖွေးဖွေးကြီးဗျာ။ဖွေးကနဲ ဖွေးကနဲ ရေပြင်ပေါ် တက်လာလိုက်တာ။နောက်ဆုံး ညစ်မဲနေတဲ့ ဒယ်အိုး ရေမျက်နှာပြင်တစ်ခုလုံးမှာ ပေါလောမျောနေတဲ့ သန်းဂျီးမတွေနဲ့ အပြည့်ဖုံးသွားလိုက်တာ ရေမဲညစ်ညစ်တွေတောင် ပျောက်သွားတဲ့ အထိပါပဲ။

ကျွန်တော်တို့ အကုသိုလ်ကလည်း မသေးလှဘူး ခင်ဗျ။ဒီလောက် ဘယ်နေ့ထုတ်ရိုက်လို့ သေမလဲဆိုတာကို တထိတ်ထိတ် ဖြစ်နေရတဲ့ အထဲ ဒီသန်းဂျီးမတွေက အကုန်ကြွသွားတာကို အားရပါးရ အရသာခံပြီး ကြည့်နေကြသေးတယ်ခင်ဗျ။ပြောရရင်တော့ သူတို့ပေးထား တဲ့ ဒုက္ခကလည်း မသေးဘဲကိုးဗျ။အဲဒီနေ့ ညမှာတော့ ကျွန်တော်တို့အားလုံးဟာ သန်းဂျီးမတွေရဲ့ဘေးရန်က လွတ်မြောက်ပြီး အေးအေးချမ်းချမ်း အိပ်စက်ရပါတော့တယ်။

ဒါပေမယ့် သိပ်တော့ မကြာပါဘူး ဒင်းတို့ အတိုးချ နှိပ်စက်တဲ့ဒဏ်ကို ပြန်ခံရပြန်ပါတယ်။ အကြောင်းကတော့ ကျွန်တော်တို့ ခန္ဓာကိုယ်ကို ရေချခွင့်ရတဲ့နေ့က နှိပ်စက်ထားလို့ မထနိုင်တဲ့လူတွေ လောလောလတ်လတ် လက်ခြေပြတ်ထားတဲ့ဒဏ်နဲ့ ရေလုံးဝ ထိလိုမရတဲ့ ရဲဘော် တချို့က ထောင်တွင်းဆောင်မှာ ကျန်ခဲ့တာမို့ သူတို့အ၀တ်အစားတွေမှာနဲ့ ကျွန်တော်တို့အိပ်တဲ့ နေရာခင်းတို့ စောင်တို့မှာ အသက် ဆက်ရှင်သန်နေတဲ့ သန်းဂျီးမတို့ဟာ သန်းဂျီးမမျိုးနွယ် မတိမ်ကောရေးအတွက် သံဝါသအမှုကို အရင်ကထက်နှစ်ဆ အတိုးချပြီး လုပ် အားပြကြပုံရပါတယ်။မကြာခင်မှာပဲ မျိုးဆက်တွေ ပြန့်ပွါးပြီး ကုတ်ပါရစေ ဘ၀။ လူးပါ၊လွန့်ပါရစေ ဘ၀ကို ပြန်ကျရောက်ရပြန်ပါတယ်။

ဒီလိုနဲ့ သန်းဂျီးမစစ်ဆင်ရေးတစ်ခုကို ဆင်နွဲဘို့ အခွင့်လျောက်ရပြန်ပါတယ်။ဒီလိုနဲ့ န၀တခေတ်ဦး မြို့ပြစီမံကိန်းတွေမှာ စစ်တပ်နဲ့ ပေါင်းပြီး သန်းကြွယ်သူဌေးတွေဖြစ်ဘို့ အလုအယက် စီးပွါးရှာနေကြတဲ့ ခေတ်ကြီးထဲမှာ ကျွန်တော်အပါအ၀င် ကံထူးသူ ငမိုက်သား တစ်သိုက်ကတော့ သန်းကြွယ်သူဌေးတွေဘ၀ကနေလွတ်ဘို့ အသည်းအသဲအသန် ကြိုးစားနေခဲ့ကြရသဗျ။

မှတ်မှတ်ရရ သန်းဂျီးမတွေနဲ့ အပြန်အလှန် ခင်းခဲ့တဲ့စစ်ပွဲကို ကျွန်တော်တို့ဘက်ကနေ တစ်ဖက်သတ် ရပ်စဲလိုက်တဲ့ အချိန်ကတော့ စောစောကပြောသလို ကျွန်တော်တို့နဲ့ဘ၀တူ ရဲဘော်တချို့ကွက်မျက်ခံခဲ့ရပြီးနောက်ပိုင်းမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ ဇက်ပေါ်ကို တကယ်ဓါးဝဲခဲ့တဲ့ အတွေ့အကြုံအရ တိရိစ္ဆာန်ပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် ကိုယ့်အသက်သေမှာတော့ ကြောက်ရှာ မှာပဲလို့ ကိုယ်ချင်းစာမိလာတာလည်းပါသလို၊နေ့စဉ်အလုပ်ခွင် ထင်းထမ်း၊ထင်းဖြတ်၊ကျောက်ထု၊ကျောက်သယ် လုပ်ကြရတိုင်း ရဲဘော် တွေ ကွက်မျက်ခံခဲ့ရတဲ့ အာသံကုန်း(နောင်အခါ ကိုထွန်းအောင်ကျော်ကုန်း)ဘေးက နေ့စဉ်ဖြတ်သွားလာရင်း စဉ်းစားမိတဲ့ အချက်တစ်ခု  ရှိပါတယ်။

ဗုဒ္ဓ ကျမ်းဂန်တစ်ခုမှာ ရဟန်းကြီးတစ်ပါးဟာ ပျံလွန်တော်မူချိန်မှာ မိမိရဲ့သင်္ကန်းကို စွဲလန်းမိခဲ့လို့ သင်္ကန်းမှာကပ်ညိပြီး သန်းဂျီမ ဖြစ်ရရှာတဲ့ ဇာတကရှိပါတယ်။ကျွန်တော်တို့ ရဲဘော်တွေထဲက တချို့ဟာ ကျွန်တော်တို့ကိုများ နောက်ဆုံးအချိန်မှာ စိတ်မှာစွဲသွားခဲ့သော် ဆိုတဲ့ အတွေးတစ်ခုရလာပြီးတဲ့နောက် ဒီလိုအတွေးကို အချင်းချင်းဝေငှပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ရဲ့ မိုးဗြဲဒယ်စစ်ဆင်ရေးကို တစ်ဖက်သတ်ရပ်ဆိုင်းပြီး သန်းကြွယ်သူဌေးတွေဘ၀မှာပဲ လူးရင်း၊လွန့်ရင်း ကြိတ်ခံကြတာ နွေ .. တနွေကုန်လို့၊မိုးကူးပြီး မိုးသည်း ညတစ်ညမှာ ပါဂျောင်စခန်းက စွန့်ခွါထွက်ပြေးခဲ့တဲ့တိုင်အောင်ပါပဲ။

နောက်ဆုံး အလင်းဝင်ဘ၀နဲ့ ကြက်ခြေနီအဖွဲ့ကပေးတဲ့ အ၀တ်အစားသစ်တွေကို ပြောင်းလဲခွင့်ရချိန်မှာ သန်းဂျီးမတွေနဲ့ ကတ္တီပါလမ်းခွဲ ပေါ့ခင်ဗျာ။အမှန်တော့ ကိုခင်ဝမ်းရဲ့ နုတ်ဆက်ခဲ့ပါတယ်ဆိုတဲ့ သီချင်းလေးနဲ့ နုတ်ဆက်ချင်ပေမဲ့ သန်းဂျီးမဆိုတော့လည်း အနုပညာ တွေ ဘာတွေ နားလည်ခံစားနိုင်မှာမဟုတ်တော့ မဆိုပြဖြစ်ခဲ့တော့ပါဘူး။
တကယ်တွက်ကြည့်တော့ ဒီအိမ်မက်ဆိုးကြီးမက်ခဲ့တဲ့ သန်းကြွယ်သူဌေးဘ၀ဟာ ခုဆိုရင် နှစ်ပေါင်းနှစ်ဆယ်တင်းတင်း  ပြည့်မည်ခဲ့ပါပြီ။ လာမယ့် ၂၀၁၂ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ နိုင်ငံတော်လှန်ရေးတစ်ခုအတွက် မွန်မြတ်တဲ့စိတ်နဲ့ စွန့်လွှတ်၊စွန့်စားမယ်ဆိုပြီး ထွက်လာခဲ့တဲ့ အထက်ဗမာပြည်က ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်အပါအ၀င် ရဲဘော်တွေ ကွက်မြက်ခံခဲ့ရတာ နှစ်ပေါင်းနှစ်ဆယ်တင်းပြည့်ခဲ့ပါပြီ။

နိဒါန်းမှာ ဖေါ်ပြခဲ့သလို ဆရာမခက်မာရဲ့ သန်းတွေအကြောင်း ဖတ်ရတဲ့အခါ နှစ်ကာလများစွာက ကိုယ်ပေါ်မှာ ညပေါင်းများ စွာ  သန်းဂျီးမတွေ တွားသွားခဲ့တဲ့နေရာတွေက ယားလာပါတယ်။အခုတစ်ခါ ယားလာတာကတော့ သန်းဂျီးမတွေကြောင့် မဟုတ်ပါဘူး။

နိုင်ငံအတွက် စွန့်လွှတ်ရင်း အသက်ပေးခဲ့ရတဲ့ ကိုထွန်းအောင်ကျော်အပါအ၀င် ကျောင်းသားခေါင်းဆောင် ရဲဘော်ပေါင်း ၃၀ ကျော်ရဲ့ အဖြစ်အပျက်ထဲမှာ ကိုယ်တိုင်လည်း သားကောင်တစ်ဦးအဖြစ် ပါဝင်ခဲ့ပါလျက်နဲ့ နှောင်းလူတို့သိဘို့ တစိုးတစိမှ မတို့မထိခဲ့ပဲ၊ရေငုံနေခဲ့ တဲ့ မိမိကိုယ်မိမိ  ကြည့်မိတဲ့အခါ အပြစ်မကင်းသလို ခံစားရတဲ့စိတ်က တရွရွ ကိုယ်ပေါ်ပြေးလွားနေတာမို့ တစ်ခါက တရွရွ ပြေးလွှားခဲ့ ဘူးတဲ့ သန်းဂျီးမတွေအကြောင်းကို ခုလိုချရေးမိတာ ဖြစ်ပါကြောင်း ၀န်ခံချက်ပေးပါတယ်။

တကယ်တော့လည်း အစမထင် သံသရာအစဉ်က ကျွန်တော်တို့ခန္ဓာမှာ ကပ်ညှိလိုက်ပါ တွားသွားနေတဲ့ သာမာန်မျက်စိနဲ့ မမြင်သာတဲ့ သန်းဂျီးမတွေက အချိန်တိုင်းမှာ လိုက်ပါပြေးလွား ကိုက်ဖဲ့၊သွေးစုတ်နေခဲ့တာက …
ဘ၀များစွာ၊
နှစ်များစွာ၊
လများစွာ၊
ရက်များစွာ၊
နာရီများစွာ ။
မိနစ်များစွာ၊ စက္ကန့်များစွာ မဟုတ်ပါလားခင်ဗျာ။
(ပါဂျောင်ဒေသတွင် ကျဆုံးခဲ့ရသော ကိုထွန်းအောင်ကျော်နှင့် ရဲဘော်များသို့ ဦးညွတ်လျက်)
ပန်းချီထိန်လင်း
……………………..
ကျနော် လူကက်ဆက်
(ပန်းချီထိန်လင်း)
တစ်လောက သန်းဂျီးမတွေအကြောင်း ရေးလိုက်တော့ တချို့လည်း သဘောတွေ့ကြ၊ တချို့ကလည်း ပူပန်ကြ အသံမျိုးစုံ ကြားခဲ့ရပါ တယ်။ဒီတစ်ခါတော့ တစ်မျိုးပြောင်းပြီး “ပိုး” တွေအကြောင်းရေးမယ် စိတ်ကူးမိပါတယ်။ပိုးက ရိုးရိုးပိုးမျိုးမဟုတ်ပါဘူး ဂီတပိုး၊ အနုပညာ ပိုးများ အကြောင်းပါ။ သန်းဂျီးမတွေကို ရေနွေးတွေ ကြိုထားတဲ့ ဒယ်အိုးထဲထည့်လိုက်တော့ အားလုံးကြွကုန်ပေမယ့် ဒီအနုပညာပိုးက ရေနွေးအိုးထဲ ထည့်လည်းမသေ၊လျှပ်စစ်နဲ့တို့လို့လည်း မသေ၊အင်မတန် ချိုးရ၊နှိမ်ရ ခက်တတ်ပါတယ်။

၁၉၉၈ ကနေ ၂၀၀၄ နှစ်ကုန်ပိုင်း ထိ အင်းစိန်ထောင်၊မန်းထောင်နဲ့မြောင်းမြထောင် သုံးထောင်ကို ဂန္ဓာရီလှည့်လည် စံမြန်းစဉ်ကာလ ခြောက်နှစ်ခွဲအတွင်း ထောင်အာဏာ ပိုင်နဲ့ အရှင်းရဆုံးအမှုဟာ ထောင်တွင်း သီချင်းအော်ဆိုမှု အများဆုံးပါ။တစ်ခါကဆို သီချင်းအသစ်တစ်ပုဒ်ကို စိတ်နဲ့ရေးပြီးစ သီချင်း တစ်ပုဒ်ကို ထ အသံစမ်းဆိုကြည့်တော့ ထောင်ဝန်ထမ်းတွေ နံပတ်တုတ်တွေ တိုက်ထဲကို အလန့်တကြား ပြေးဝင်လာကြပါတယ်။ နောက်တော့ ကျနော်သီချင်းဆိုတာ ဆိုလည်းသိရော ဆဲလိုက်ဆိုလိုက်တာ မိုးမွှန်နေသွားတော့တာပါပဲဗျာ။

သူတို့အဆိုအရ ကျနော့် သီချင်းဆိုသံဟာ ခွေးဟောင်သံထက်ကို ဆိုးတယ်လို့ ဆိုပါတယ်။အဲဒီလောက်ထိ ပါရမီ ထူးခြားပါတယ်။အဲဒီကြားထဲက ကိုထိန်လင်းက စိတ်ကူးလွဲနေတာ ပန်းချီဆွဲရမှာ မဟုတ်ဘူးဗျ၊ သီချင်းဆိုရမှာလို့ တစ်ခါတစ်လေ ကာရာအိုကေမှာ တစ်စုံတစ်ယောက် ပြောလာရင် တော့ ကျနော်လက်ထဲက မိုက်ကရိုဖုန်းဟာ ဆွဲလုမယူခဲ့ရင် တခြားလူရဖို့ မမြင်တော့ပါဘူး။အဲလောက်ရူးပါတယ်။ရူးတဲ့အထဲမှာတော့ ကာလတစ်ခုမှာ လူကက်ဆက် ဖြစ်သွားတဲ့အထိပါ။အဲဒီကာလက စီဒီတွေမပေါ်သေးတဲ့ ကက်ဆက်ခေတ် ဖြစ်တာမို့ လူကက်ဆက် ဖြစ်သွားရတာပါ။ခုလို စီဒီခေတ်၊အိုင်ပေါ့ခေတ်ဆိုရင်တော့ လူစီဒီ၊လူအိုင်ပေါ့တို့ ဘာတို့ ဖြစ်သွားနိုင်ပါတယ်။လူကက်ဆက်က ဘယ်တုန်းက ဖြစ်ခဲ့ဘူးပြန်တာတုန်းဟုမေးသော် ၁၉၉၁ စက်တင်ဘာနောက်ပိုင်းကနေ ၁၉၉၂ မိုးလယ်ပိုင်းအတွင်း ကချင်ပြည်နယ် ပါဂျောင်ဒေသ ABSDF (NB)တပ်ဖွဲ့၏ အကျဉ်းသားဘ၀ကဟု တိတိကျကျပြောမှ ဖြစ်ပါလိမ့်မယ်။

အဲဒီလိုပြောရတဲ့  အကြောင်းကတော့
 တောင်ပိုင်း ထိုင်းနယ်စပ်မှာ ABSDFတပ်ဖွဲ့ဟာ တော်လှန်ရေးတပ်ဖွဲ့တစ်ခုအဖြစ် ဆက်လက်ရပ်တည်နေပြန်ပါတယ်။အဲဒါကြောင့် မဆီ မဆိုင် အလကားနေရင်း မတ်တပ် တချို့က ဒီတပ်ဖွဲ့က ရဲဘော်တွေကို ဒီပြဿနာတွေနဲ့ဆက်စပ် ပတ်သက်နေသယောင် ထင်ယောင် ထင်မှား မဖြစ်ရဖို့ တိတိကျကျ ကြိုပြောထားရခြင်း ဖြစ်ပါသဗျ။ ပြဿနာက တောင်ပိုင်းတပ်ဖွဲ့ ဦးဆောင်သူတွေထဲမှာက ကိုမျိုးဝင်း နာမည်တူက ရှိနေတော့ အလကားနေရင်း ကိုမျိုးဝင်း အိပ်ရာအောက် ရေ၀ပ်တဲ့ကိန်း ၀င်နိုင်တာ မြင်ယောင်မိလို့ပါ။

ကျနော့်အနေနဲ့ ဒီအကြောင်းအရာကို ရေးသားဖို့ လက်တွန့်တဲ့အထဲမှာ အဓိက အချက်တစ်ခုကတော့ နှစ်ပေါင်း ၂၀ ကျော်လာတဲ့ ကျောင်းသား တော်လှန်ရေးသမိုင်း အလံတော်ကို မည်သို့ပင်ဖြစ်စေ ချစ်နေဦးမည်ဆိုတဲ့ စာသားလို ဒုက္ခအပေါင်း ခါးစည်းခံပြီး စွဲစွဲမြဲမြဲ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိနေသေးတယ်ဆိုတာကိုလည်း သိနေတဲ့အခါ အတော်လက်တွံ့မိတယ်ဆိုတာ ရိုးသားစွာ ၀န်ခံပါတယ်။ ပြည်ပကို ထွက်ခွင့် စပြီးရတော့ ချင်းမိုင်ကို ပန်းချီပြပွဲကိစ္စနဲ့ လာတဲ့အချိန်မှာ လက်ရှိအေဘီခေါင်းဆောင်(ကို)သံခဲက သမီးလေးနဲ့အတူ ဆိုင်ကယ် လေးနဲ့ လေယာဉ်ကွင်းလာကြိုသဗျ။ကျနော်တို့ တောစခိုကာစက အိန္ဒိယ၊လေခွန်းစခန်းမှာ ကျနော့်အနွံအတာ အများကြီးသည်းခံနား လည်မှုပေးခဲ့တဲ့ သူငယ်ချင်းဖြစ်လို့ပါ။

ပန်းချီပြပွဲဖွင့်ပွဲအပြီး နောက်တစ်ရက်မှာတော့ သံခဲက မင်းကို ဒီနေ့စပါယ်ရှယ် ဒင်နာကျွေးမယ်ဆို
ပြီး လာခေါ်ပါတယ်။သိတဲ့အတိုင်း လက်ရှိ အေဘီဥက္ကဋ္ဌတစ်ဦးက တည်ခင်းမယ့် ညစာဆိုတော့ တော်တော်လေး စိတ်ဝင်စားပြီး သူ့ဆိုင် ကယ်လေးနောက်ကနေ လိုက်သွားပါတယ်။လမ်းမှာ စမူဆာတို့၊ နံပြားတို့၊ ဒန်ပေါက်တို့ရတဲ့ ကုလားဆိုင်တစ်ဆိုင်ကိုဝင်ပြီး ပဲဟင်းနဲ့ ကြက်သားဟင်း ၂ ထုပ် ၀င်ဝယ်သဗျ။ပြီးတဲ့အခါကျတော့ သူတို့မိသားစု ငှားထားတဲ့ အခန်းလေးကို သွားကြပါတယ်။သူတို့မိသားစု သုံးယောက်နေတဲ့ အခန်းလေးထဲရောက်တော့ မဒမ်သံခဲက ကျနော့်အတွက် အထူးစီမံထားတဲ့ ဟင်းတစ်ခွက်နဲ့ စောင့်နေပါတယ်။ တခြားဟုတ်ပါရိုးလားဗျာ။ကျနော်တို့ အိန္ဒိယမှာနေခဲ့စဉ်က ရွှေလှံဗိုလ်လို့ နာမည်ကြီးတဲ့ ကုလားအော်ငြုပ်သီးကို ငပိနဲ့ထောင်းထားသဗျ။ ပြောစရာတစ်ခုရှိတာကတော့ မဒမ်သံခဲ (ကျနော်တို့အခေါ် ဒေါ်လှိုင် ခေါ် မခင်ဆွေလှိုင်)ဟာ ကျနော်တို့ မြောက်ပိုင်းပြဿနာတွေ ဖြစ်နေချိန်မှာ ပါဂျောင်မှာ တထိတ်ထိတ် တလန့်လန့်နဲ့ ဖြစ်ပျက်သွားတဲ့ အနိဋ္ဌာရုံအားလုံးကို မြင်တွေ့ခဲ့ရတဲ့ မျက်မြင်တစ်ဦးလည်း ဖြစ်ပါ သဗျ။

ဒီလိုနဲ့သုံးဦးသား ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း မျက်ရည်ဖြိုင်ဖြိုင်ကျရပါတယ်။ (ရွှေလှံဗိုလ်ငြုပ်သီးကြောင့်ပါ၊ ဒီငြုပ်သီးက စားတဲ့သူတိုင်း မျက်ရည်ကျအောင် စပ်ပါတယ်။) ထမင်းစားပြီးတော့ စကားပြောကြရင်း ကိုထွန်းအောင်ကျော်တို့တွေ ထောက်လှမ်းရေး အဖြစ် စွပ်စွဲခံခဲ့ရပြီး ကျဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး လက်ရှိတောင်ပိုင်း ABSDF (NB)က တော်လှန်ရေးသမား ကျောင်းသား ရဲဘော်တွေ သာ ဖြစ်တဲ့အကြောင်း ကြေညာချက်ထုတ်ပေးဖို့ သင့်၊မသင့်ကိစ္စ စကားပြောမိကြပါတယ်။ဒီတော့ သူက ခပ်ရှင်းရှင်းပဲ ဒီလို ပြောပါတယ်။သူငယ်ချင်း မင်းစဉ်းစားကြည့် ဒီကိစ္စဖြစ်နေချိန် ငါက အနောက်ပိုင်း (အိန္ဒိယ)ဘက်မှာပဲ ရှိသေးတာ၊မျက်စိနဲ့တပ်အပ် မြင်ခဲ့ တာလည်း မဟုတ်ဘူး။ပြီးတော့ ဒီကိစ္စမှာ တိုက်ရိုက်ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ သက်ရှိထင်ရှားရှိနေပါရက်နဲ့ ဘာသဘောထားမှ မပေးဘဲ ရေငုံနေကြတာကို ငါက သဘောထားထုတ်ပေးဖို့ ဘာမှမလိုဘူးထင်တယ်လို့ ပြောပါတယ်။သူပြောတာ  အမှန်ပါပဲ။

အမှန်ကတော့ ကျနော်တို့မသေဘဲ ကျန်နေသူတွေ လုပ်ရမယ့်အလုပ်ပါ။ကျနော်တို့တွေရဲ့ အားနည်းချက်။ကျနော်တို့တွေရဲ့ တာဝန် ပျက်ကွက်မှုသက်သက် ဖြစ်ပါတယ်။ပြီးတော့ ဆက်ပြောတာက ငါတို့က အခုလက်ရှိ ရှိနေတဲ့ အခြေအနေကို ထိမ်းထားနိုင်ဖို့ကို မနည်း ရုန်းကန်နေရတာ။အပြင်ရောက်နေတဲ့ ကိုယ့်မြန်မာတွေကူညီနေလို့ ဒီလောက်ထိ ရပ်တည်နေနိုင်တာ။ဒါလည်း အမှန်ပါ။လောလော ဆယ် ကျနော်တို့သုံးယောက် ထမင်းစားနေရတာကိုက သူတို့မိသားစုအိပ်ခန်းထဲမှာ စားနေရတာပါ။အိပ်ခန်းနဲ့မီးဖိုချောင်နဲ့ ထမင်းစား ခန်းကို ပေါင်းထားတဲ့ သရီးအင်န်ဝမ်း အခန်းလေးကိုကြည့်ပြီး လက်ရှိ အေဘီအတွက် စခန်းပြင်ထွက်ပြီး လှုပ်ရှားနေတဲ့ ခေါင်းဆောင် တစ်ဦးတောင် ခုလို ကျပ်ကျပ်တည်းတည်း ချို့ချို့တဲ့တဲ့နေရရင် အထဲမှာရုန်းနေရတဲ့ ရဲဘော်တွေခမျာ ဘယ်လောက် ခက်ခဲကြမလဲဆို တာကို ခန့်မှန်းမိပြီး စာနာမိပါတယ်။ဒီလို အကျပ်တည်းကြား ခရီးဆက်နေတဲ့ သူတို့စိတ်ဓာတ်ကိုလည်း လေးစားမိသွားပါတယ်။

ဒါကြောင့် အခု ရေးသားမယ့် လူကက်ဆက် အဖြစ်အပျက်များမှာ လက်ရှိ ABSDF တပ်ဖွဲ့မှာ တာဝန်မရှိပါကြောင်း ကြိုတင်ပြောထားရပါ တယ်။ ရိုးရိုးသားသားပြောရရင် ခုလို ကြိုတင် ရှင်းလင်းထားရတာကလည်း သတင်းတွေထဲမှာ အမြဲပါ ပါလာတတ်တဲ့ ရဲဘော်သံခဲဆိုတဲ့ ဒီပုဂ္ဂိုလ်ကို နည်းနည်းလန့်တာလည်း ပါပါတယ်။မလန့်လို့လည်း မရဘူးဗျ။ကျနော်ရဲ့ ငယ်ကျိုးငယ်နာအားလုံးကို ဒီငသိက သိထားတာ၊ မတော် အိန္ဒိယစခန်းမှာ နေခဲ့တုန်းက ကျနော်ကြောင်ခဲ့တဲ့ ကသည်းမတွေထဲက တစ်ယောက်ယောက်နာမည်ကို မှားရိုက်သလိုနဲ့ အွန်လိုင်းကနေ ကျနော့်မိန်းမမေးလ်ထဲ ရိုက်ထည့်လိုက်တာမျိုးပေါ့ဗျာ။ဆောရီး တစ်လုံးထဲနဲ့တင် ကျနော်စပွန်ဆာ ပျောက်သွားနိုင်တဲ့ အကွက်လေးတွေက ရှိနေတော့ ကြိုခင်းရကျင်းရ တင်ရမြောက်ရတာလေးတွေတော့ ရှိတာပေါ့ဗျာ။ကျနော်တို့ လူပြက်တွေ ပြက်လုံး ပြက်တာတောင်မှ မပြက်ခင်မှာ ရပ်ရွာအခြေအနေကြည့်ပြီး ပဏာမအမှုနဲ့ ဂါရ၀ပြုပါသည်ဆိုတာလေးတွေက လုပ်ရသေးတာကိုး။ နို့မဟုတ်ရင် ပွဲခင်းထဲ ဖားခုန်ဝင်လာတာကနေ ကျားခုန်ဝင်လာတယ်ဖြစ်လို့ ပြေးပေါက်တွေ မှားခဲ့ရဖူးတဲ့ ကိုယ်တွေ့တွေက ရှိခဲ့တာကိုး။

 နောက်ပြဿနာတစ်ခုကတော့ ကိုထွန်းအောင်ကျော် နာမည်တူပြဿနာပါ။ခက်တာကနှစ် ယောက်စလုံးက အေဘီဥက္ကဋ္ဌတွေချည်း ဖြစ် နေတာပါ။ ခုလောလောဆယ် အမေရိကားမှာရှိနေတဲ့ ကိုထွန်းအောင်ကျော်က တောင်ပိုင်းက ဥက္ကဋ္ဌဟောင်းဖြစ်ပြီး ကျနော်တို့ရှေ့က (၁၉၇၄) မျိုးဆက်ကဖြစ်ပြီး ကျနော်တို့ထက်အရင် ထောင်ပုံစံထမင်းကို စားခဲ့သူပါ။ဒီလောက် နိဒါန်းပျိုးပြီးပြီဆိုရင်ဖြင့် ကျနော့်လူကက် ဆက်ဖက်ကို လှည့်လို့ရပြီ ထင်တယ်ဗျာ။ပြောမယ့်သာ ပြောရတာ အွန်လိုင်းမှာ စာရေးရတာလည်း မလွယ်ဘူးဗျ။ပြောသလို အင်မတန် ၀ဋ်ကြွေးမကင်းတဲ့လူတွေ လုပ်တဲ့အလုပ်ဗျ။ရေးတဲ့စာမူက စာရိုက်လို့မပြီးသေးခင် ကွန်မင့်က အောက်က အရင်တက်လာတဲ့ခေတ်ကြီး ကိုး။

ကျနော်တို့ ပါဂျောင်မှာဖြစ်ပွားခဲ့တဲ့ သန်းဂျီးမ အတွေ့အကြုံကို ဖတ်ပြီးကြတဲ့နောက်မှာ အမျိုးမျိုးတုန့်ပြန်လာတာ တွေ့ရပါတယ်။ကျနော့် ကိုလည်း ဒီပြဿနာကို ဘယ်သူတွေ ကျူးလွန်တယ်။ဘယ်သူတွေ ဘယ်ပုံ သေဆုံးခဲ့ရတယ်။ဘယ်သူတွေ အသက်မသေဘဲ ကျန်နေ တယ်  …စသည်ဖြင့်ပေါ့ဗျာ။ပြောရရင် ကျနော်နဲ့အတူ ထွက်ပြေးလာကြတဲ့ ရဲဘော် ၅၀ လုံး ပြည်တွင်းမှာ အသက်ရှိထင်ရှား ရှိနေကြသ လို  တိကျတဲ့ စာရင်းဇယားနဲ့ထုတ်ဖို့လည်း လုပ်နေတယ်ဆိုတာ ကြားရပါတယ်။
နောက် တကယ်ကြုံခဲ့ရတဲ့ ရဲဘော်တွေရဲ့ ပြောကြားချက်တွေကတစ်ဆင့် အချက်အလက်တွေကို ဖေ့ဘွတ်စာမျက်နှာပေါ် တက်လာတာ လည်း  တွေ့နေရတာမို့ အချက်အလက်တွေ သိချင်ရင်တော့ အဲဒီစာမျက်နှာတွေကိုပဲ ညွန်းဆိုရပါတယ်။

ကျနော်အဓိက ရေးချင်တာက အဲဒီကာလဆိုးကြီးမှာ ကျနော်တို့ ဘယ်လိုခံစားရသလဲ၊ဘယ်လို အသက်ရှင်အောင် မွေးခဲ့ကြသလဲ၊ဘယ်လိုအမှားတွေ ရှိခဲ့သလဲဆိုတဲ့ အချက်တွေကိုပါ။ဒီလိုဗျ ဒီပြဿနာတွေ မဖြစ်ခင်က ABSDF(NB)အဖွဲ့ရဲ့ ဥက္ကဋ္ဌက ကိုထွန်းအောင်ကျော်ပါ။ဥက္ကဋ္ဌအပါအ၀င် ဗဟို ကော်မတီဝင် အားလုံးလိုလိုကို ထောက်လှမ်းရေးတွေဆိုပြီး ဖမ်းဆီးခဲ့တဲ့အဖွဲ့မှာ ဥက္ကဋ္ဌလုပ်ခဲ့သူက ကိုအောင်နိုင်။အတွင်းရေးမှူးက ကိုမျိုးဝင်းပါ။စစ်ရေးတာဝန်ခံက ကိုသံချောင်းပါ။

ကျနော်တို့ကို ဖမ်းဆီးနှိပ်စက် စစ်ဆေးတဲ့ကိစ္စတွေကိုတော့ ကျောင်းသားတပ်ထောက် လှမ်းရေးတပ်ဖွဲ့က ဆောင်ရွက်ပြီး ကိုမျိုးဝင်းက ဦးစီးသဗျ။အဲဒီကာလမှာတော့ ထောက်လှမ်းရေးတပ်ဖွဲ့ဟာ ထင်တိုင်းကြဲခွင့် ရှိပါတယ်။ ကျနော်တို့ကိုလည်း အချိန်မရွေး ထောင်ကနေခေါ်ထုတ်ပြီး အချက်အလက် လိုချင်သည်ဖြစ်စေ၊မလိုချင်သည်ဖြစ်စေ ခေါ်ယူပြီး ကြိုက် တဲ့နည်းနဲ့ စစ်ဆေးလို့ရပါတယ်။ညှဉ်းပန်းနည်းမျိုးစုံကိုလည်း တီထွင်ခွင့်ရှိပါတယ်။ဒီလို ပြောရတာကတော့ တစ်ကြိမ်မှာ ကျနော့်ကို ခေါ်ပြီး ပါးစပ်ထဲကို ၀ါယာကြိုး ၂ ပင် ပူးထည့်ပါတယ်။ပြီး ပါးစပ်ကို တိတ်နဲ့ပိတ်လိုက်ပါတယ်။ပြီးတော့ ၀ါယာစကို လက်နဲ့လှည့်ခေါ်ရတဲ့ တယ်လီဖုန်းနဲ့ဆက်ပြီး လျှပ်စစ်ဓာတ်ထွက်လာတဲ့အထိ လှည့်ပြီး ညှဉ်းဆဲပါတော့တယ်။အမှန်တော့ စမ်းသပ်တာပါ။

အဲဒီက ထွက်လာတဲ့ လျှပ်စစ်ဓာတ်ကြောင့် ကျနော့်ခေါင်းတစ်ဝိုက်မှာ လျှပ်စစ်စီးနေတာကို မျက်လုံးမှိတ်အော်နေတဲ့ အာရုံမှာ မြင်နေရတဲ့အထိပါပဲ။စစ်နေတဲ့ ချာတိတ်တွေက ကျနော့်ကိုကြည့်ပြီး တခွီးခွီး သဘောကျ ရယ်ပါတယ်။အကြောင်းကတော့ ကျနော့်မျက်နှာဟာ လျှပ်စစ်စီးဆင်းမှုကြောင့် တွန့်လိမ်ရှုံ့တွနေတဲ့ကြားက ကြွက်သားတွေ တဆတ်ဆတ်ဖြစ်သွားပုံဟာ တော်တ်ာရယ်စရာကောင်းနေပုံရပါတယ်။အဲဒါကိုပဲ ထပ်ခါ ထပ်ခါ လုပ်ပြီး တခွိခွိ ဖြစ်နေပါတယ်။နောက်တော့ သူတို့ရဲ့ရှာဖွေတွေ့ရှိချက်ကို ဥက္ကဋ္ဌကိုခေါ်ပြလိုက်ပါသေးတယ်။ကြည့်ကြည့် နည်းနည်းလေးလှည့်ရင် နည်းနည်းလေးရွဲ့တယ်၊များများလှည့်ရင် များများရွဲ့တယ် စသည်ဖြင့်ပေါ့ဗျာ။အဲဒီချိန်က ကျနော့်ကို နှိပ်စက်နေ တဲ့ထဲက ဖိုးနှောင်းဆိုတဲ့ကောင်လေးဆိုတာကလည်း ၁၈နှစ်လောက် ရှိပါဦးမယ်ဗျာ။တစ်ခါကျတော့လည်း ကျနော့်ကိုထင်တိုင်း လှိမ့် ရိုက်နေရာက သူတို့တစ်ချက်ရိုက်ရင် ကျနော်က ဒူဝေေ၀လို့ အော်ပေးရမယ်လို့ ပြောလာပြန်သဗျ။

အဲဒီတော့ ကျနော့်လိုကောင်မှာလည်း ပေါကြောင်ကြောင်နဲ့ ဒူဝေ၊ဝေရတာပေါ့ဗျာ။နောက်တော့ နာလွန်းမက နာတော့လည်း ဒူဝေေ၀တင်မက၊ ဒူဝေးဝေး ဝေးဝေးထိ ကွန့်ရတဲ့ ထိပေါ့ဗျာ။
• အဲလို ထောက်လှမ်းရေး နှိပ်စက်ချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေကတော့ ကျနော်တို့တွေဟာ အကျဉ်းထောင်တာဝန်ကျတဲ့ အဖွဲ့ရဲ့လက်ထဲမှာပဲ နေရသဗျ။အဲဒီ ထောင်ကုန်းတာဝန်ခံဆိုတဲ့အဖွဲ့ကလည်း သူတို့ခေါင်းဆောင်ပိုင်းနဲ့ ထောက်လှမ်းရေးအဖွဲ့ က အယုံကြည်ရဆုံးထဲမှာမှ လက်ရဲဇက်ရဲ နာမည်ရသူတွေကို တပ်ဖွဲ့ ဖွဲ့ပေးထားတာမို့ ထောင်လုံခြုံရေးအဖွဲ့က ဒုတိယ တန်ခိုးထွားဆုံးပေါ့ဗျာ။အဲဒီလုံခြုံရေးလက်မှာ ကျနော်တို့အသက်ကို ၀ကွက်အပ်ထားရတာမို့ သူတို့ပြုသလို နုရပါတယ်။သူတို့ ကလည်း သူတို့ခန့်ထားတဲ့ တာဝန်နဲ့လျော်ညီစွာ လက်စွမ်းလက်စ အပြိုင်ပြရပါတယ်။တစ်ညမှာတော့ ကျနော်တို့ကို မျက်နှာ တွေ စည်းထားပြီး အိပ်ရာထဲလှဲခါနီးမှာ လူကက်ဆက် အထူးဖျော်ဖြေရေးအစီအစဉ် ဖြစ်ပေါ်လာပါတယ်။

အဲဒါကတော့ မင်းတို့ အထဲက ဘယ်သူသီချင်းကောင်းကောင်း ဆိုတတ်သလဲကွတဲ့။အားလုံးတိတ်ပြီး နေပါတယ်။ဘာများ လုပ်ဦးမလို့လဲပေါ့လေ။ လုပ်ပါကွ၊တို့က ဒီကုန်းပေါ်မှာ နေ့နေ့ညည စောင့်နေရတာ။ပျင်းစရာကြီး အပျင်းပြေသီချင်းဆိုတဲ့ အစီအစဉ်လေး လုပ်ရ အောင်ဆိုတော့ တစ်ယောက်က ကိုဘောကြီး ဆိုတတ်တယ်ဆိုပြီး ကျနော့်ဆီကို ကျနော်တို့ထဲက တစ်ယောက်က ချွန်တွန်း လုပ် လွှတ်လိုက်ပါတယ်။ကျနော် အဖမ်းမခံရခင်မှာ အူကျသလိုဖြစ်လို့ ခွဲစိတ်မှုတစ်ခု လုပ်ခဲ့တာကိုစွဲပြီး ကျနော့်ကိုဖမ်းတဲ့အခါ မှ မင်းလိုထောက်လှမ်းရေးက မတန်မရာ ဗိုလ်ချုပ်ငယ်နာမည် မှည့်ရကောင်းလားဆိုပြီး နောက်နာမည်တစ်ခုရှိလား မေးပါတယ်။အဲဒီမှာ တစ်ယောက်က တလောလေးက ဒီကောင်ဘောခွဲထားတာ ဘောကြီးလို့ ခေါ်ရအောင်ဆိုပြီး  နံနှိမ်လိုက် ပြီးတဲ့နောက် ကျနော့်နာမည်ဟာ ဘောကြီးဖြစ်လာပါတယ်။နောက်ဆုံးတော့ ကျနော်က တတ်သည့်ပညာ မနေသာဆိုသလို ဓနုဖြူစိုးသိန်းရဲ့လူပျိုကြီးသီချင်းကို ခပ်နောက်နောက်လေး ဆိုပြလိုက်ပြီးတဲ့နောက်မှာတော့ ကျနော်ဟာ ထန်းပင်တက် လက် မှတ်ရတဲ့ လူတစ်ယောက်ဖြစ်သွားပြီး မကြာခဏဆိုသလို ဒီသီချင်းကို ဆိုပြရတဲ့ဘ၀ ရောက်ပါတော့တယ်။

အဲဒီနောက်တော့ စောစောက သီချင်းဆိုခိုင်းတဲ့လူက ကျနော့်မျက်နှာနား လာရပ်ပြီး ပါးစပ်ဟလို့ ဆိုပါတယ်။ကျနော် ပါးစပ်ဟလိုက်တော့ သူသောက်နေတဲ့ ဆေးပေါ့လိပ်ကို လာတပ်ပေးပြီး သောက်လို့ပြောပါတယ်။ဘယ်ပြောကောင်းမလဲဗျာ ကျနော်ဟာ နေရင်း ထိုင်ရင်း လူ ၇၀ ကျော်လောက်ထဲမှာ ဆေးပေါ့လိပ် ပထမဆုံး စသောက်ခွင့်ရတဲ့ ကံထူးသူ ဖြစ်သွားတာပေါ့။သောက်တယ် ဆိုတာကလည်း သူ့စေတနာရှိသလောက် သုံးလေးဖွာပေါ့ဗျာ။လက်ပြန်ကြိုး ချည်ထားတဲ့အပြင် မျက်လုံးကလည်း စီးထား သေးတာကိုး။ဒီလိုနဲ့ ကျနော်တစ်ယောက် ဆေးလိပ်ကလေးသောက်ခွင့်ရပြီး ထောင်စောင့်နဲ့ကောင်တွေရဲ့ မျက်နှာသာရတာ လေး ကြားတဲ့အခါ နောက်ဘယ်သူ သီချင်းဆိုချင်သေးလဲ ဆိုတဲ့အခါ နောက်ထပ် ဖိုးဆိုချင်လေးတွေ ပေါ်လာပါတယ်။
တစ်ယောက်က ဆိုနေချိန်မှာ ကျန်တဲ့လူတွေက လှဲနေကြရပါတယ်။သီချင်းဆိုတဲ့သူကပဲ ထထိုင်ပြီး မျက်နှာစည်းထားရက်က ဆိုပြရပါတယ်။ဘာပဲဖြစ်ဖြစ် အဲဒီညလေးဟာ ကျနော်တို့ဘ၀မှာတော့ လက်ရှိခံနေရတဲ့ ဒဏ်ရာတွေ ဒုက္ခတွေထဲကနေ အပြန်အလှန် ဆိုပြကြတဲ့ သီချင်းလေးတွေထဲ စီဆင်းမျောပါ သက်သာခွင့်လေး တခဏရခဲ့တဲ့ ညလေးတစ်ည အစဖြစ်ခဲ့ပါ တယ်။ရာသီဥတုတွေ ပြောင်းလဲသလိုပဲ ကျနော်တို့ လုံခြုံရေးတဖွဲ့ရဲ့ သဘောထားကလည်း အမျိုးမျိုးပြောင်းနေတာမို့ တစ်ည မှာတော့ လုံခြုံရေးတာဝန်ခံတဲ့အဖွဲ့ရော ထောက်လှမ်းရေးတာဝန်ခံတဲ့အဖွဲ့တွေရော တပ်ဖွဲ့ကိုခေါင်းဆောင်တဲ့ လူတွေပါ ထောင်ကုန်းအောက် တစ်နေရာရာမှာ သောက်ကြပြီး တော်တော်ရေချိန် မှန်လာတော့မှ တက်လာကြပါတယ်။ဒီလိုညမျိုးတွေ ဟာ ကျနော်တို့တွေအတွက်တော့ မြိုင်ရာဇာတွတ်ပီစကားကို ငှားပြောရမယ်ဆိုရင်တော့ ဒီည ကံမကောင်းပါလားလို့ ပြောရ မယ့် ညပါ။
ထုံးစံအတိုင်း တရားခံတွေ ထ ဆိုတော့ ထထိုင်နေရပြီး မျက်နှာတွေစည်းထားတဲ့ ကျနော်တို့ရှေ့က အလာလမ်း ပေါ်မှာလူတွေ လမ်းတွေလျှောက်နေကြသံ ဆဲဆိုကြိမ်းမောင်းသံတွေပဲ ကြားနေရပြီး သူတို့ကိုတော့ ဘယ်မြင်ရမလဲဗျာ။ တစ်ယောက်က ဟာ ဒီကောင်တွေ သီချင်းဆိုကောင်းတယ်ဗျဆိုပြီး စလာပါတော့တယ်။အဲဒီအချိန်မှာ ထောင်မှူးလုပ်တဲ့ ကောင်က အားလုံးနားထောင် ခုချိန်ကစပြီး မင်းတို့က လူကက်ဆက်တွေ လုပ်ရမယ်။မင်းတို့ကို ဘယ်ဘက်ပါးကို ရိုက်လိုက် ရင် အဲဒါကက်ဆက်ဖွင့်တာပဲ။မင်းတို့ရတဲ့ သီချင်းကိုဆိုရမယ်။ညာဘက်ပါးကို ရိုက်လိုက်ရင် stop ပဲ နားလည်လားလို့ အော်လိုက်တော့ အားလုံးကလည်း နားလည်ပါတယ်လို့ ပြန်ဖြေလိုက်ရတာပေါ့ဗျာ။အဲဒီလို ပြန်ဖြေပြီး သူတို့ကြားမှာ ဘယ်ကက်ဆက်ကို စဖွင့်ရင်
·        ကောင်းမလဲဆိုတာ နည်းနည်းကြိတ်ပြောသံ တိုးတိုးကြားနေရပြီး ဘောကြီး၊ ဘောကြီး ဆိုတာလည်း ကြားရသဗျ။

Viewing all articles
Browse latest Browse all 346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...