၀၃။စက်တင်ဘာ။၂၀၁၄နေ့ထုတ်ဆဲဗင်းဒေးအပတ်စဉ်ဂျာနယ်မှ
မင်းဒင်ရဲ့သက်ခိုင်(၂)
အခန်း(၅၀)
ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့သည်။
စက္ကန့်ပိုင်းအတွင်းမှာပဲ ဖြန်းကနဲ ကျနော့်ဘယ်ဘက်ပါး ပူကနဲဖြစ်သွားတာမို့ ကောက်ကာငင်ကာနဲ့ လူပျိုကြီးသီချင်းရဲ့ အင်ထရိုတီးလုံး လေး ပြာပြာသလဲကောက် ပါးစပ်နဲ့ဆိုရင်း လူကက်ဆက်ဘ၀ အရှင်လတ်လတ် ကျရောက်သွားပါတော့တယ်။ ပြောရရင်တော့ အဲဒီညက ကျနော်ကနေ အစပြုပြီး သီချင်းဆိုတတ်တဲ့ အကျဉ်းသားရဲဘော် အတော်များများဟာ လူစင်စစ်ကနေ လူကက်ဆက်ဘ၀ ရောက်သွားခဲ့ ရသဗျ။ပါးရိုက်တဲ့ လက်ဆတွေကတော့ အမျိုးမျိုးပေါ့ဗျာ။တချို့ကျတော့လည်း ဆိုနေရင်းက ညာဘက်ပါးကို ပြင်းပြင်းရိုက်ပြီး ပိတ်လိုက် တော့ အူကြောင်ကြောင်နဲ့ ဘာဆက်လုပ်ရမယ်မသိ ဖြစ်နေချိန်မှာ ပြန်အိပ်တော့လေဆိုပြီး ရင်ဝကိုဖိနပ်နဲ့ ဆောင့်ကန်လိုက်တာ ခံရပြီးမှ လန်ကျသွားတဲ့သူတွေလည်း ရှိပေါ့ဗျာ။တကယ်စေ့စေ့တွေးကြည့်တော့ ဒါဟာ အကြီးအကျယ် စော်ကားတဲ့ကိစ္စပါ။ဒါပေမယ့် ကျနော်ဆို တဲ့ကောင်က ဘယ်လောက်ထိ ရူးသလဲဆိုတော့ အဲဒီအစီအစဉ်ကို စပြောပြနေတုန်းက တော်တော်ဆန်းပြားတဲ့ စိတ်ကူးလေးပဲ တော် တော် စိက်ကူးကောင်းတဲ့လူလို့ စိတ်ထဲကတွေးမိနေသေးဗျာ။ပါးရိုက်ချလိုက်တော့မှ ဘုရားတမိတာဗျ။အဲဒီနောက်ပိုင်းကစလို့ ကျနော်တို့ အားလုံးဟာ ဒီလူကက်ဆက်တွေအဖြစ် အစောင့်တွေနဲ့ ထောင်ကုန်းပေါ်တက်လာတဲ့ ဗီအိုင်ပီတွေကို ဖျော်ဖြေရတာဟာ အစဉ်အလာ တစ်ခု ယဉ်ကျေးမှုတစ်ခု ဖြစ်လာပါတော့တယ်။ကျနော်အတွက်တော့ စောစောကလိုလူက ၀မ်းတွင်းရူး ဖြစ်နေတာကြောင့်လည်း ဖြစ်လို့ ဒီသီချင်းသီဆိုတဲ့အစီစဉ်မှာ ပါဝင်ရတဲ့ လုံလောက်တဲ့ နောက်အကြောင်းတစ်ခု ရှိပါတယ်။သီချင်းဆိုခိုင်းတဲ့လူက ကျနော်တို့ကို နှိပ်ကွပ် နေတဲ့ ထောင်အာဏာပိုင်တို့ ထောက်လှမ်းရေးတို့ ဖြစ်ပေမယ့် နားထောင်နေတဲ့လူ အများစုကတော့ ထောက်လှမ်းရေးရဲ့နှိပ်စက်မှုဒဏ် နဲ့ သေလုမြောပါး ဖြစ်နေရသူတွေ ဘယ်နေ့ထုတ်ပြီး သတ်မလဲဆိုတာ တထိတ်ထိတ်ဖြစ်နေရတဲ့ ဘ၀တူတော်လှန်ရေး ရဲဘော်တွေ ဖြစ် နေလို့ပါ။တကယ်လည်း နေ့မြင် ညပျောက်သွားတာတွေကလည်း မနည်းမနောကိုးဗျ။ဒါကြောင့် ဘာပဲဖြစ်ဖြစ် အသက်ရှင်ခွင့်ရတဲ့ အချိန် လေးတစ်ခုမှာ စိတ်လေးခဏ အနုပညာကြောင့် သက်သာရာရလည်း မနည်းဘူးဆိုတဲ့စိတ်နဲ့ ပါးရိုက်ရိုက် မရိုက်ရိုက် သီချင်းဆိုကြချိန် တွေတိုင်း အရိုက်ခံပြီး ၀င်ဆိုခဲ့တဲ့အပြင် နောက်ပိုင်းမှာ တစ်ကိုယ်တော် အငြိမ့်ပြက်လုံး အစီအစဉ်လေးတွေပါ ဆောင်းပြီးတင်ဆက်ဖြစ် ပါတယ်။ဒီလောက်ဖြစ်နေတဲ့ကြားမှာဝင်ပြီး ရယ်စရာ ပြက်လုံးထုတ်ရတာ တော်တော်အန္တရာယ်များသလို စိန်ခေါ်ချက်လည်းများပါ တယ်။နားထောင်နေတဲ့လူတွေက ကိုယ့်ကိုမှ မမြင်နိုင်တာကိုး၊ထိုင်နေရင်းကနေ လုပ်ရတာဖြစ်သလို ကိုယ့်မျက်နှာကိုလည်း ပိတ်စကြီးနဲ့ စည်းထားတာဆိုတော့ နောက်ဆုံးမှာ ရေဒီယိုကလာတဲ့ ရေနံချောင်းက ဖေကံကောင်းဆိုတဲ့ ဦးဓာတ်ဆီ၊ ဦးဓာတ်ဆံတို့ ပြက်လုံးကို အစ အဆုံးရနေတာမို့ အဲဒီပြက်လုံးကို အခြေအနေကြည့်ပြီး တိုက်ရိုက်ပြက်တဲ့အခါ ပြက်၊နည်းနည်းလစ်ရင်လစ်သလို ကိုယ်ထည့်ပြောချင် တာလေးတွေကိုလည်းထည့်နဲ့ ထောင်တွင်း ပျော်တော်ဆက်တစ်ယောက် ဖြစ်ခဲ့ပါတယ်။သီချင်းဆိုဖို့ တောင်းဆိုခံရတဲ့သူအတွက် တစ်ခုကောင်းတာက သူများတွေမြေပေါ် မသက်မသာ လှဲအိပ်နေရချိန်မှာ သူက ထိုင်နေခွင့်ရတာ နားထောင်နေတဲ့အစောင့်က စေတနာ ရှိရင် ဆေးလိပ်လေးတစ်ဖွာ၊နှစ်ဖွာ သောက်ခွင့်ရတာတို့ဖြစ်ပြီး အင်မတန် အန္တရာယ်များတာကတော့ မူးပြီးတက်လာတဲ့ လူတွေရဲ့ အဓိ က ပစ်မှတ်ဖြစ်သွားတတ်တာ ကိုယ်ရွေးလိုက်တဲ့ သီချင်းမှားလို့ နားထောင်နေတဲ့ကောင်က နားကြားပြင်းကတ်ပြီး ဆောင့်ကန်တာတို့ ခံရ တတ်ပါတယ်။
ဥပမာ ထူးအိမ်သင်ရဲ့ ညီလေးရေဆိုတဲ့ သီချင်းမျိုးပေါ့ဗျာ။အောင်မာ ထောက်လှမ်းရေးက ရာရာစစ မှန်ရာလုပ် ဟုတ်တာပြောဖို့ မမေ့နဲ့ လုပ်နေသေးတယ်၊ငါတို့ကို ရိနေတာပေါ့ ဟုတ်လားဆိုတဲ့နောက်မှာ နှစ်ရက်၊ သုံးရက်လောက် အစာတောင် မြိုမရတဲ့ အခြေအနေမျိုးကို ကျရောက်သွားနိုင်လို့ပါ။မှတ်မှတ်ရရကတော့ အမရပူရဘက်လာတဲ့ အေဘီယူဂျီလောက မှာ မုန်တိုင်း ၃ လို့ သိထားကြတဲ့ စံလွင်လေး (ခေါ်) စံစံက ခေတ်ဟောင်းတေးတွေ တော်တော်ရသလို အသံကလည်း တော်တော်ကောင်းပါတယ်။သူ မကြာခဏ ဆိုလေ့ရှိတဲ့ သီချင်း ကတော့ ဆရာမြို့မငြိမ်းရေးတဲ့ ရေချိုးဆိပ်နဲ့နပန်းဆံ သီချင်းပါ။ဒါကြောင့် မကြာခဏ သူ့ပါးကလည်း လက်ဝါးတောင်းတတ်ပါတယ်။ ဖြန်းကနဲ ပြီးတာနဲ့ လုပ်ပါဦးကွ၊ အိပွဲ့ အိပွဲ့ ပြောလိုက်ရင် သူက စဆိုပါတော့တယ်။အိပွဲ့ အိပွဲ့ ငှက်သမ္မာန် ခတ်သွားတယ် …။ ကိုစံလွင် လေးကို စစ်ဆေးတဲ့အချိန်မှာ ဓားမြောင်ကိုမီးဖုတ်ပြီး ခြေသလုံးထဲထိုးထည့်တဲ့ဒဏ်ရာကို တော်တော်ကြာကြာ ခံစားရရှာပါတယ်။ နောက်ပိုင်းစခန်းက ထွက်ပြေးကြတဲ့ထဲမှာ ကျနော်တို့နဲ့အတူပါလာပြီး ၁၉၉၈ ကျနော်တို့နိုင်ငံရေး ပြန်လည်လှုပ်ရှားတဲ့ စွဲချက်တွေနဲ့ စစ်အစိုးရက ထောင်ပြန်ချတော့လည်း ကျနော်တို့နဲ့အတူ ပျော်ပျာ်ကြီး ပါလာပါတယ်။ ၅ ညနဲ့ ၇ နှစ်ပါ။မန်းလေးထောင်ထဲမှာ ကျနော် တို့နဲ့ဆက်ပြီး အိပွဲ့ အိပွဲ့သီချင်း ဆက်ဆိုကြပါတယ်။ခုတော့ ထောင်က ပြန်လွတ်လာပြီး အထဲမှာစဖြစ်ခဲ့တဲ့ ခုခံအားနည်းရောဂါကြောင့် တောင်မြို့မှာ ကွယ်လွန်ပြီလို့ ကြားရပါတယ်။
နောက် အဆိုကောင်းတစ်ယောက်ကတော့ စမ်းချောင်း၊အခြေခံပညာ သမဂ္ဂကျောင်းသားလေးဘ၀က တောခိုလာတဲ့ဘိုဘို(ခေါ်) မိုးကျော်သူပါ။ငယ်ငယ်လေးနဲ့ တောခိုလာလို့ လူတစ်ကာချစ်ကြတဲ့ ဘိုဘိုတစ်ယောက်ဟာလည်း အသက်မသေရေးအတွက် ကျနော် NIP ကပါလို့ ထွက်ဆိုချက်ပေးပြီး အကျဉ်းသားဖြစ်လာရရှာပါတယ်။ဘိုဘိုကျောင်းသားတပ်ဖွဲ့ကတီးဝိုင်းမှာ ပင်တိုင်အဆိုတော်ဖြစ်ပြီး အခမ်းအနားတွေမှာ တော်လှန်ရေးသီချင်းတွေ အမြဲဆိုရတာမို့ ကျောင်သားတပ်ထဲက ကေအိုင်အေဘက်က မိသားစုတွေက အစ ချစ်ကြ၊ခင်ကြသူပါ။သူတစ်ပါးကို အမြဲကူညီတတ်ပါတယ်။သူက အမြဲတမ်း “သဘာဝရဲ့ရင်သွေးငယ်” သီချင်းကို ဆိုတတ်ပါတယ်။ဒီလိုနဲ့ တစ်ညမှာတော့ အစောင့်တာဝန်ကျတဲ့သူက ဘိုဘိုရဲ့သဘာဝရဲ့ရင်သွေးငယ်အပြီးမှာ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ သီချင်းတစ်ပုဒ် ကိုဆိုဖို့ တောင်းဆိုပါတယ်။ဘိုဘိုက ဒီသီချင်းတော့ မဆိုပါရစေနဲ့ အကိုရယ်ဆိုပြီး တောင်းပန်ပါတယ်။အဲဒီလို အချီအချ ဖြစ်နေကတည်း က ဘိုဘို့ဘေးမှာကပ်ပြီး လှဲအိပ်နေတဲ့ ကျနော့်စိတ်ထဲမှာ ပြဿနာတော့ စပြီဆိုတာ သိနေပါတယ်။နောက်ဆုံးတော့ ဘိုဘိုဟာ မငြင်း သာတော့ဘဲ “ပျံသာပျံပါ ခွပ်ဒေါင်းနီ” ဆိုတဲ့ သီချင်းကို လွမ်းလွမ်း ဆွတ်ဆွတ်နဲ့ စဆိုပါတော့တယ်။ဒီလိုအခြေအနေမျိုးမှာ ထွက်လာတဲ့ ဘိုဘိုရဲ့သီချင်းသံကြောင့် ဒဏ်ရာကိုယ်စီနဲ့ မြေပေါ်မှာ မျက်နှာကိုစည်းပြီး လှဲအိပ်နေကြရတဲ့ ကျနော်တို့အားလုံးဟာ စူးနစ်တဲ့ဝေဒနာနဲ့ အတူ သီချင်းစာသားတွေနောက်မှာ မျောပါနေပါတော့တယ်။
“… ပျံသာပျံပါ ခွပ်ဒေါင်းနီ မုန်တိုင်း မိုးသက်ချီ …” တဲ့။ ကျနော်တို့ဟာ ခွပ်ဒေါင်းနီသီချင်းမှာ သိပ်ကြာကြာ မနစ်မျောလိုက်ပါဘူး၊ “ဖုန်း .. ခွပ် .. အင့်” ဆိုတဲ့ အသံနဲ့အတူ ဘိုဘိုရဲ့တစ်ကိုယ်လုံး ကျနော့်အပေါ် ပုံကျလာပါတယ်။အကြောင်းကတော့ သူ သီချင်းဆိုတဲ့အချိန်မှာ အင်မတန်လက်ယဉ် သွေးဆာတတ်တဲ့ လက်သီးဆိုတဲ့ နောက်တန်းလုံခြုံရေး တာဝန်ကျတစ်ယောက်ဟာ အရက်မူးဝင်လာပြီး သီချင်း ဆိုနေတဲ့ဘိုဘို့မျက်နှာကို စစ်ဘိနပ်နဲ့ ဆောင့်ကန်ချလိုက်လို့ပါ။ပြီးတော့ ပြန်ထခိုင်းပါတယ်။ထောက်လှမ်းရေးက လူပါးဝလို့ ကျောင်းသား တော်လှန်ရေးသီချင်း ဆိုရကောင်းလားဆိုပြီး ပါလာတဲ့ M22 မောင်းပြန်သေနတ်ဒင်နဲ့ ခေါင်းကိုရိုက်ချလိုက်တဲ့ အခေါက်မှာတော့ ဘိုဘို့ခေါင်းကသွေးတွေ ကျနော့်မျက်နှာပေါ်ကို ပေါက်ပေါက် ပေါက်ပေါက် ကျလာပါတယ်။အဲဒီမှာ မရပ်သေးဘဲ ပြန်ထခိုင်းလိုက် ရိုက်ချ လိုက်နဲ့ အကြိမ်ကြိမ် ထင်တိုင်းကြဲနေပါတော့တယ်။ခံရတဲ့သူမှာတော့ မသိပါဘူး၊ကျနော့်စောင်နဲ့အင်္ကျီတွေကတော့ သွေးနဲ့ရွှဲနစ်နေပေ မယ့် ကျနော်လည်း မလှုပ်ရဲပါဘူး။ဘယ်သူ့ဆီကမှလည်း ဘာအသံမှ ထွက်မလာပါဘူး။အမှန်တရားကို ချစ်လွန်းလို့ ကျနော်တို့ အားလုံးဟာ ကိုယ့်နားထဲမှာ အတိုင်းသားကြားနေရတဲ့ ဒီမတရားမှုကြီးအတွက် တားမြစ်ကန့်ကွက်ဖို့ နေနေသာသာ နားရွက်တောင် မခတ်ရဲဘဲ ငြိမ်စင်းနေရတဲ့အဖြစ်ကို စေ့စေ့ပြန်တွေးကြည့်တိုင်း မိမိကိုယ်မိမိ စက်ဆုပ်အော့နှလုံးနာရပါတယ်။တစ်ကြိမ်မှာတော့ မူးနေတဲ့ လက်သီးဟာ ဘိုဘို့ကို ပြန်ထခိုင်းပြီး မျက်နှာကို သေနတ်ပြောင်းနဲ့ ဆောင့်ထိုးချလိုက်ပါတယ်။ကံဆိုးချင်တော့ သေနတ်ပြောင်းဟာ ဘိုဘို့ကိုချော်ပြီး အိပ်နေတဲ့ကျနော့်နံကြားထဲကို အရှိန်နဲ့တိုးဝင်ဆောင့်ပါတော့တယ်။နံရိုးတော့ ကျိုးပြီလို့ စိတ်ထဲမှာ ခံစားလိုက်ရပါတယ်။ နောက်ဆုံး အားရအောင် နှိပ်စက်နေတဲ့ တစ်ချိန်လုံး ဘယ်သူ တစ်ဦးတစ်ယောက်ကမှ တားမြစ်ခြင်းမရှိပါဘူး။တစ်နာရီလောက် ကြာ တော့ သူနာပြုအဖွဲ့ရောက်လာပြီး ခေါင်းကကွဲနေတာတွေကို အစိမ်းချုပ်ချုပ်နေကြတာ အားလုံးနားမှာ ကြားနေခဲ့ရပါတယ်။
ဒီဘိုဘို (ခေါ်) မိုးကျော်သူဟာ ၁၉၉၈ ခုနှစ် ကျနော်နဲ့အတူ စစ်အစိုးရက ဖမ်းဆီးထောင်ချတဲ့အထဲမှာ အမှုတွဲဖြစ်ပြီး ကျနော်တို့က ၅ ည နဲ့ ၇ နှစ်သာကျပေမယ့် မိုးကျော်သူကို ၁၂၂ ပုဒ်မနဲ့ နှစ်နှစ်ဆယ်ချလိုက်ပါတယ်။မန်းထောင်ရဲ့ ညချမ်းဂီတ ဆည်းဆာတွေဆိုရင် အမြဲပွဲတောင်းခံရပြီး မကြာခဏ “ပျံသာပျံပါ ခွပ်ဒေါင်းနီ”သီချင်းကို ဆိုလေ့ရှိပါတယ်။၂၀၀၀ ခုနှစ် မန်းထောင် ထောင်တွင်းတိုက်ပွဲတွေမှာ ကျနော်တို့ကို ရိုက်နှက်ပြီး မြောင်းမြထောင်ကို ပို့လိုက်ချိန်မှာ ဘိုဘိုတစ်ယောက်က မန်းထောင်မှာ ဆက်ကျန်နေရပြီး အဲဒီနေ့က နားကို ပိတ်ရိုက်ခံလိုက်ရတဲ့အတွက် နားလေးသွားတယ်လို့ နောက်ပိုင်းကြားရပါတယ်။ဟိုတလောကတော့ ဘိုဘိုတစ်ယောက် ပြန်လွတ်လာပါ တယ်။အွန်လိုင်းပေါ်မှာ တစ်နေ့ကတွေ့တော့ ခုထောင်က လွတ်လာပြီး ဘာတွေလုပ်နေလဲဆိုတော့ ၈၈ကစပြီး ဒီမိုကရေစီတော်လှန်ရေး နှစ် ၂၀ ကာလအတွင်း ထင်ရှားခဲ့တဲ့တိုက်ပွဲဝင် တော်လှန်ရေးသီချင်းတွေကို ခုလူငယ်တွေ ကြားဖူးရအောင် ပြန်ဆိုမယ့် စီးရီးတစ်ခုကို လုပ်နေတယ်။အခု အတီးပိုင်းပြီးပြီ အဆိုတွေပဲ ကျန်တော့တယ်တဲ့။ဘယ်သူဆိုမှာလဲလို့ မေးတော့ ….. “အဟီး ... ကျနော်ပဲပေါ့” … တဲ့။ လူငယ်ပြောလေ့ရှိတဲ့ စကားနဲ့ပြောရင်တော့ “အင်း… မနိုင်ပါလား”လို့ တွေးမိပါတယ်။“ကျနော်ကတော့ ရေနံချောင်းက ဖေကံကောင်း ကိုးဗျ။သပိတ်မှောက်ရင်း လာခဲ့တယ် (၀ါးဟားဟား)” “လောက လည်တဲ့တစ်နေ့တော့ မနက်စာကို ညမှ ပေါင်းစားရတယ်(၀ါးဟား ဟား ဟား)” “တစ်နေ့ကလည်း လူသုံးယောက် ကျနော့်ကိုဝိုင်းရိုက်တာ၊ဘယ်ရမလဲဗျ။သူတို့က ဘူ။ကျူပ်က ကုလားသုံးစီး (၀ါးဟားဟား)” “သောက်ဆိုလည်း သောက်လိုက်တာပဲ။တစ်နေ့က ပုလင်းဆွဲပြီး ဂတ်တဲရှေ့ ဖြတ်လျှောက်သွားတော့ ဌာနာအုပ်က မေးတယ် ဘယ်သွား မလို့လဲတဲ့။ကျနော် မကြောက်ပါဘူး။ပြောင်ပြောင်ပဲ ပြောလိုက်တယ်။ရေနံဆီ ၀ယ်သွားမလို့ပါ (၀ါးဟားဟားဟား)” ဒီပြက်လုံးတွေကို တော့ မဆလခေတ် ရေဒီယိုတွေကို နားထောင်ခဲ့လေ့ရှိတဲ့ သူတွေကတော့ ရင်းရင်းနှီးနှီး မှတ်မိနေပါလိမ့်မယ်။ဟုတ်ပါတယ် ရှေးခေတ် လူရွှင်တော်ကြီး ဦးဓာတ်ဆီ၊ဦးဓာတ်ဆံ၊ဦးကြင်ခဲတို့ရဲ့ နာမည်ကြီး ရေဒီယိုပြက်လုံးတွေပါ။ဒီပြက်လုံးတွေကို ရွေးချယ်တင်ဆက်ရတာက ကျနော်တို့ရဲဘော် အကျဉ်းစံတွေအားလုံးဟာ မျက်နှာတွေကို အ၀တ်တွေ စည်းထားလို့ဗျ။ခင်ဗျားတို့ ဖတ်ရတဲ့အတိုင်း မူလပြက်လုံးမှာ ရယ်ရမယ့်နေရာရောက်တိုင်း မျက်လုံးတွေကို သွေးညှီနံ့လွှမ်းနေတဲ့ပိတ်စတွေ စည်းထားတဲ့ လူရှစ်ဆယ်လောက်ဟာ တ၀ါးဝါး၊ တဟားဟားနဲ့ ပွဲကျနေသဗျ။သူတို့တွေထဲမှာ တချို့က လက်ကောက်ဝတ် ဖြတ်တဲ့နေရာက ပတ်တီးတွေစည်းထားသူတွေ၊ ပတ်တီးတွေ စည်းထားတဲ့ အင်္ဂါမပြည့်ဝတော့တဲ့ ခြေထောက်တွေ၊ထိပ်တုံးရှည်ကြီးရဲ့ ခတ်ထားခံရသူတွေ၊ ခေါင်းတွေမှာ ပတ်တီးတွေ ဖွေးနေသူတွေပါသဗျ။ဒီလောက် နာကျင်ဖွယ်ကောင်းတဲ့ အခြေအနေထဲမှာတောင် ဒီလူတွေအားလုံးဟာ တ၀ါးဝါး၊တဟားဟားနဲ့ ပွဲကျ အောင် အသံတု ၂ မျိုး၊ ၃ မျိုးလောက်နဲ့ ဖမ်းစားနိုင်တယ်ဆိုတော့ ကျနော်ဟာ နိုင်ငံတော်အဆင့် “စည်သူနေမျိုးဗလ အလင်္ကာ ကျော်ခေါင် ဟာသ၀ိဇ္ဇာ”ဆိုတဲ့ ဘွဲ့မျိုးတောင် ရသင့်ပေတယ်လို့ စာရှုသူ တွေးမိသွားနိုင်ပါတယ်။လူရွှင်တော်ဘ၀မှာ ပွဲတစ်ပွဲမှာ ပြက်သမျှ ပရိသတ်က ရယ်ကြတယ်ဆိုတာမျိုးက အလွန်ရှားပါတယ်။ဘယ်လောက်နာမည်ကြီးတဲ့ လူပြက်ပဲဖြစ်ဖြစ်၊ ပရိသတ်က မသိလိုက်ရလို့ ရှော်သွားတဲ့အလုံးဆိုတာကတော့ ရှိစမြဲပဲဗျ။အခုပွဲမှာကတော့ ပရိသတ်က ရာခိုင်နှုန်းပြည့် အူလှိုက်သည်းလှိုက် ရယ်ကြသဗျ။တစ်ခါ တစ်လေဆို မရယ်ရမယ့် နေရာတွေမှာပါလိုက်ပြီး အူလှိုက်၊သည်းလှိုက် ရယ်ကြသဗျ။ဘယ်မရယ်လို့ ရမလဲဗျာ။ထောင်မှူးဆိုတဲ့ ယမမင်း လက်သစ်က ဗီအိုင်ပီဖျော်ဖြေရေးပွဲမို့ အမိန့်က ကြိုထုတ်ပြီးသားဗျ။အကုန်ထထိုင်ရမယ်၊လူရွှင်တော်ဘောကြီးရဲ့ ပြက်လုံးမှာ ရယ်ရမယ့် နေရာရောက်ရင် ရယ်ရမယ်ဆိုတာ ကြိုအမိန့်က ထုတ်ထားဗျ။စောစောပိုင်း ပြက်လုံးတစ်ခု၊နှစ်ခုလောက်မှာ မသဲကွဲလို့ သူမျုားနဲ့ရော ယောင်မရယ်ဘဲ အူကြောင်ကြောင်ဖြစ်နေတဲ့ တစ်ယောက်ကို မင်းကဘာလို့ မရယ်တာလဲဆိုပြီး “ဂွမ်း” ကနဲ ခေါင်းကို တစ်ချက်ကျွေး လိုက်တဲ့အသံကို အားလုံးကြားလိုက်ရပြီးတဲ့နောက်မှာ ကျန်တဲ့သူအားလုံးဟာ ကျနော်တစ်လုံးပြက်ပြီးတာနဲ့ “၀ါးကနဲ ... ၀ါးကနဲ” ရေဒီယိုဟာဒယရွှင်ဆေးမှာ နောက်ကလိုက်ရယ်ပေးတဲ့ လူတွေအတိုင်း လိုက်လိုက်ရယ်လိုက်ကြတာ တစ်ခါ တစ်ခါ သူတို့ရယ်သံက ရှေ့ကပြက်လုံး ပြက်နေတဲ့ ကျနော်တောင် လန့်လန့်သွားတဲ့အထိဗျ။သူတို့ရယ်သံကြောင့် နောင်ပြည်တွင်းပြန် အငြိမ့်ကဖြစ်ရင် ရှေ့က ၀ါးရင်းတုတ်တစ်ချောင်းနဲ့ ခေါက်တုန့်ခေါက်ပြန် ရယ်ဖို့လှုံ့ဆော်ပေးနေတဲ့ မောင်မင်းကြီးသားကို ခေါ်သွားချင်စိတ်တောင် ပေါ်မိပါသဗျာ။
တကယ်ပါ။ကဗျာဆရာ မာယောကော့စကီးနဲ့ ကျနော်တို့ခေတ်ရဲ့ ကဗျာဆရာ ကိုချော (မောင်ချောနွယ်)တို့ စကားလုံးတွေ ငှားသုံးရရင် ဒါဟာဖြစ်ခဲ့တယ်။ပါဂျောင်မှာ ဖြစ်ခဲ့တယ်။အရှေ့ခုနစ်ဘ၀၊အနောက်ခုနစ်ဘ၀ အနုပညာမရတဲ့ကောင်တွေအတွက် ဖျော်ဖြေရေးမှာ ဖြစ်ခဲ့ တယ်လို့ ပြောရပါလိမ့်မယ်။ကျနော့်အနေနဲ့ သူတို့နေရာကနေ တွေးကြည့်လိုက်တော့ လွန်ခဲ့တဲ့တစ်ခါက မြန်မာပြည်ကို အုပ်ချုပ်သွားခဲ့ တဲ့ အင်္ဂလိပ်ဘုရင်ခံတောင် မရှုစားခဲ့ရဘူးတဲ့ ပါဖေါင်းမင့် ရှိုးမျိုးပေါ့ဗျာ။လက်နောက်ပြန်တုပ်၊မျက်လုံးတွေ အ၀တ်စည်း၊ငုပ်တုပ်ခစား ရင်းက ပြက်လုံးအလိုက်နဲ့ တ၀ါးဝါး၊တဟားဟား အော်ရယ်ပေးနေရရှာတဲ့ သားကောင်တွေရှေ့မှာ ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း မိမိတို့ရဲ့ ငရဲပြည်တမျှ ကြီးကျယ်ခမ်းနားတဲ့ စည်းစိမ်ကို မြိန်ရည်ရှက်ရည် ခံစားနေကြသဗျ။တစ်ခါတစ်ခါကျတော့လည်း ကျနော်တို့ကို ဖမ်းဆီးထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တွေဟာ များသောအားဖြင့်တော့ ညဘက်စုပြီး အရက်သောက်ဖြစ်ပြီး တော်တော်လေး ရေချိန်ကိုက်လာပြီဆိုရင် တရားခံတွေကို သွားရိုက်ရအောင်ဆိုပြီး အုပ်စုလိုက်ကြီး တက်လာတတ်ကြသဗျ။အဲလိုညမျိုးကတော့ ကျနော်တို့အဖို့ သူတို့တင်ဆက်တဲ့ ပါဖောင်းမင့်ကို ခံစားကြရတော့တာပေါ့ဗျာ။အဲလိုမျိုးဆိုရင်တော့ “တရားခံတွေ ထကြစမ်း” ဆိုတဲ့ အသံနက်ကြီးကို စကြားရသဗျ။ညှင်းဆဲထားလို့ တုတ်တုတ်မှ မလှုပ်နိုင်တော့တဲ့လူကလွဲလို့ အားလုံးဖေးကာ၊တွဲကာ ထကြရသဗျ။ လူတွေဟာ ဗြိတိသျှပန်းပုကျော် ဟင်နရီမိုးစ်ရဲ့ စစ်အတွင်း လန်ဒန်မြေအောက် လိုဏ်ခေါင်းထဲမှာ တုံလုံးပက်လက် လဲနေတဲ့လူတွေကို ဆွဲထားတဲ့ ပန်းချီကားထဲကလိုပေါ့ဗျာ။အမျိုးမျိုးသော ဆဲဆိုကြိမ်းမောင်းသံတွေ၊ဘွတ်ဖိနပ်တွေရှပ်တိုက် ရွေ့လျားနေသံတွေ ဆူနေတဲ့ ကြားမှာ “ခွမ်း” “ခွမ်း” ဆိုတဲ့ အသံကြီးဟာ ထိုင်နေတဲ့ ကျနော်တို့လူတန်း တစ်ဘက်ထိပ်ကနေ တရွေ့ရွေ့ နီးလာနေသလို အဲဒီနောက် ကနေ “ဟိုတစ်ယောက် ကွဲသွားပြီ” စတဲ့ ခပ်အုပ်အုပ် အချင်းချင်း ပြောသံတွေလည်း ကြားနေရတာမို့ မိမိခေါင်းကို ရိုက်လာမဲ့တုတ်နဲ့ အံကိုက်လောက်ဖြစ်အောင် စိတ်မှန်းနဲ့ချိန်ပြီး စောင့်နေလိုက်သဗျ။အဓိက ရည်မှန်းချက်ကတော့ ကိုယ့်ခေါင်းက အမာနေရာပေါ်တုတ် ကျပြီး ပထမတုတ်ချက်မှာတင် ခေါင်းကွဲသွားဖို့ဗျ။ဒီလိုနဲ့ ခွမ်းကနဲ ကိုယ့်မျက်စိထဲ ၀င်းကနဲတစ်ချက်ဖြစ်ပြီး လဲအကျ “ဘောကြီး ခေါင်းကွဲသွားပြီ” လို့ နောက်က လိုက်ကြည့်နေတဲ့လူရဲ့ မှတ်ချက်အပြီးမှာ ကျနော့်မျက်နှာပေါ် သွေးတွေစီးကျလာတဲ့နောက် စိတ်ထဲမှာ နည်းနည်းပေါ့သွားပါတယ်။အစိမ်းချုပ်ချုပ်မယ့် သူနာပြုတွေ မကြာခင်တော့ ရောက်လာပါလိမ့်မယ်။ဘာပဲပြောပြော “နောက်တစ်ခါ လာပြန်ပြီဟေး ဝေးဝေး” ဆိုတဲ့ မူးမူးနဲ့ ကြွေးကြော် ရိုက်နှက်ဦးမယ့် နောက်အကျော့တွေမှာ ကိုယ်လွတ်သွားပါတယ်။ဒီလို စောစာစီးစီး တစ်ချက်တည်းနဲ့ ကွဲသွားတဲ့ကိုယ့်ခေါင်းရဲ့ ထိလွယ်၊ကွဲလွယ်မှုအပေါ် တော်တော်ဂုဏ်ယူသွားသဗျ။ဒီလိုနဲ့ အကျဉ်းသားများ ရိုက်နှက် ခြင်း အနုပညာလို့ခေါ်မယ်ဆို ခေါ်လို့ရတဲ့ အကြောင်းမယ် ကျနော်တို့ အကျဉ်းကျနေတဲ့ ဒုက္ခိတတွေကို အရက်မူးပြီး တက်ရိုက်တဲ့ အကျင့်ဟာ ABSDF (NB) ဆိုတဲ့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်တွေကြားမှာ ယဉ်ကျေးမှုသဖွယ် ဖြစ်လာပါတယ်။ ဥက္ကဋ္ဌ၊ ရင်းမှူး၊ ခွဲမှူး၊ ထောက်လှမ်းရေးမှူး၊ တစ်ခါတစ်လေ အထူးဧည့်သည်တွေရောပေါ့ဗျာ။နောက်ပိုင်းမှာတော့ မရိုက်ခင်ကတည်းက အကွဲချုပ်မယ့် သူနာပြုရဲမေတွေကိုပါ တစ်ခါတည်း ခေါ်လာတတ်သဗျ။မုဆိုးစိုင်သင်ဆိုသလိုပေါ့ဗျာ။
ဒီမြင်ကွင်းကို မြန်မာ့စာပေလောကမှာ သရော်စာ အလွန်အရေးကောင်းလှတဲ့ ဆရာကြီးမောင်ထင်များတွေ့ရင် ဒီလိုများရေးမလား မသိဘူးဗျ။“မိမိတို့နိုင်ငံအတွက် အသက်ကိုပင် မငဲ့ကွက်ဘဲ ပေးလှူထားသော တော်လှန်ရေးခေါင်းဆောင်ကြီးများပီပီ ရဲစိတ်၊ ရဲမာန်တို့ ကို အခါမလပ် ဖြစ်ပေါ်နေစေရေးအတွက် အထောက်အပံ့ကောင်း အလို့ငှာ အရက်သေစာတို့ကို သောက်ကြ၊စားကြရသော်လည်း မြို့ကြီးများပေါ်တွင် စည်းစိမ်ယစ်ကာ အပျော်အပါးကြား မျောပါနေသူများကဲ့သို့ သူရာမူးယစ်ပြီးချိန်တွင် အနှိပ်ခန်း၊ ကာရာအိုကေ၊ နိုက်ကလပ်များသို့ သွားရောက် ကခုန်ခွင့်မျိုး စိုးစဉ်းမျှမရနိုင်သော ဘ၀မျိုးတွင်နေရရှာသော တော်လှန်ရေးခေါင်းဆောင်များခမျာ မိမိတို့ ဖမ်းဆီးထားသော တရားခံများအား သွားရောက် ရိုက်နှက်ခြင်းဖြင့်သာ အပန်းဖြေရရှာလေသည်။” လို့လေ ...။ အဲဒီတော့ ရိုက်နှက်မှုဟာ ယဉ်ကျေးမှုတစ်ရပ်ဖြစ်လာပြီး သူ့ထက်ငါသာအောင် လာရောက်ရိုက်နှက်တဲ့ဓလေ့ ထွန်းကားနေချိန်မျိုးမှာ အစောပိုင်းက တင်ပြခဲ့သလို “ကျွန်မကတော့ ရန်ကုန်မြို့ ... ဒေါ်ကြင် ဒေါ်ကြင်နဲ့ … အပျိုကြီးပေါ့ရှင်။ကလေးကို ငါးဆယ်ကျော်နေပြီ” လို့ ကျနော်ရှေ့က ပြောသွားတဲ့နောက်မှာ “၀ါးဟားဟား” လို့ အားရပါးရ ပါတီစီဖင့်လုပ်ရတဲ့ အလုပ်မျိုးလောက်ကတော့ အီးစီးဂျော့ပေါ့ဗျာ။ အဲဒီအချိန်မျိုးမှာ ခင်ဗျားကလာပြီး “ဒါသက်သက် လူအချင်းချင်း ခြေနဲ့နင်းတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကြီးပဲ” ဆိုပြီးတော့ လာတော့မတားလေနဲ့။ ကျုပ်တို့နဲ့ပါ ရန်သူဖြစ်သွားနိုင်သဗျ။စောစောကပြောသလို စိတ်ပြောင်းပြီး တုတ်သွားဆွဲတော့ ခင်ဗျားက ဘာမှတတ်နိုင်တာ မဟုတ်ဘူး ဗျ။ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဒီလိုပဲ ဆူဆူဆဲဆဲ လူကက်ဆက်ညတွေဟာ ကျနော်တို့ရဲ့ လူသားဘ၀ကို ပြန်ရတဲ့ညတွေမို့ ခုလို တကူး တက ရေးပြရပါသဗျ။ကျန်တဲ့အချိန်တွေကတော့ ခင်ဗျားတို့ ဖေ့ဘွတ်ပေါ်မှာ ဖတ်ဖူးကြသလို တိရိစ္ဆာန်တမျှ ဘ၀တွေကိုး။
ပထမဦးဆုံး ကိုနေ၀င်းရေးပြီး ခိုင်ထူးဆိုခဲ့တဲ့ “ခတ္တာ” သီချင်းကို အမြဲဆိုလေ့ရှိတဲ့ လူကက်ဆက်ကတော့ ကသာမြို့ကနေ တောခိုလာတဲ့ မောင်မောင်ခင် (ခေါ်) ဒဿပါ။နာမည်ရင်းက မောင်မောင်ခင်။မောင်မောင်ခင်ဆိုတဲ့ နာမည်ကလည်း ABSDF (NB) အဖွဲ့မှာ နှစ်ယောက် ရှိသဗျ။အခု နောက်ဆုံးထွက်တဲ့ ရမ်ဘိုဇာတ်ကားနဲ့ The Lady ဇာတ်ကားတွေမှာ နအဖစစ်ဗိုလ်အဖြစ် ၀င်သရုပ်ဆောင်တဲ့ ကိုမင်းဌေး (ခေါ်)မောင်မောင်ခင်ကလည်း အေဘီမြောက်ပိုင်းကပဲဗျ။သူက ကံကောင်းသွားတာက ကျနော်တို့ ပြဿနာတွေ ဖြစ်နေချိန်မှာ မြစ်ကြီး နားဘက် ရှေ့တန်းစခန်းတစ်ခုကို ရောက်နေတယ်လို့ သူပြောပြဖူးသဗျ။ဒီအနိဌာရုံတွေ မကြုံလိုက်ရဘူးပေါ့ဗျာ။ကျနော် ခုပြောတဲ့ မောင်မောင်ခင်က နောက်ပိုင်း ကျနော်တို့နဲ့အတူ ထွက်ပြေးလွတ်မြောက်လာတဲ့အထဲမှာ ပါလာပြီး ခုတော့ ကသာမှာပဲ နေနေတယ်ဗျ။ ကျနော်တို့ ပြန်လွတ်လာတဲ့အထဲမှာ ဒဏ်ရာအများဆုံးပေါ့။သူ့ကို ဘယ်လောက်ရိုက်ရိုက် “ကျောင်းသားကွ ထောက်လှမ်းရေး မဟုတ ဘူး”လို့ပဲ ထွက်ဆိုသတဲ့။ဒါကြောင့် နောက်ဆုံးမှာတော့ ကိုယ်တုံးလုံးချွတ်ပြီး ကိုယ်ပေါ်ကို “ရင်ပေါင်ကြမ်း” လို့ခေါ်တဲ့ တရုတ်ပြည်ဘက် အိမ်မိုး ကတ္တရာပြားတွေကို မီးရှို့ပြီး ကတ္တရာစက်တွေကို ကိုယ်ပေါ်ချတော့မှ ကိုယ်တော်က ကျနော်နဲ့ဘ၀တူ ထောက်လှမ်းရေး ဖြစ်လာတဲ့သူပါ။တကယ်က လူပျော်ပါ။ဒုက္ခတွေထဲမှာကို တစ်ခါတစ်ခါ ဟာသပြောတတ်ပါသေးတယ်။မီးလောင်ရာတွေကတော့ သူ့ကိုယ်အနှံ့ သေရာပါခဲ့သဗျ။ထန်းသမားများ အမူးပြေ ထန်းနို့မော့ကြည့်ဆိုသလို တောထဲကပြေးလာပြီး နောက်ပိုင်း ၁၉၉၅ လောက်က စာပေးစာယူ စာမေးပွဲဖြေကြတဲ့အချိန် ကျောင်းတွေပိတ်လိုက်ရတဲ့ လှုပ်ရှားမှုမှာ ဒဿတို့က ဇာတ်လိုက်တဲ့ဗျ။သူ့လိုပဲ “ရင်ပေါင်ကြမ်း” ဒဏ်ကြောင့် NIP က ထောက်လှမ်းရေးဗိုလ်ကြီးပါလို့ ထွက်ချက်ပေးလိုက်ရသူက ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် ပါ။ မြေပေါ်မှာ ငုတ်လေး ငုတ်ရိုက်ပြီးတော့ ပက်လက်လှန်ပြီး လက်ရောခြေထောက်ကိုပါ တုပ်ပြီးတော့မှ ၀မ်းဗိုက်ပေါ်မှာ “ရင်ပေါင်ကြမ်း” စကို ခင်းပြီး မီးဖိုခဲ့ တယ်လို့ ထောက်လှမ်းရေး စစ်ကြောရေးတာဝန်ခံ တပ်ကြပ်ကြီးသန်းဇော်က ကျနော်တို့ကို လာပြောလို့ သိရတာပါ။နောက်တော့ ဖနောင့်ကနေ သံချောင်းကို မီးတို့ပြီး ရိုက်ထည့်ပါတယ်။ဒီလောက်ထိ သွေးအေးအေးနဲ့ ရက်ရက်စက်စက်လုပ်လို့သာ ကိုထွန်းအောင် ကျော်ဟာ သူ့ကိုယ်သူ ထောက်လှမ်းရေးပါလို့ ပြောခဲ့ရတာ ဖြစ်ပါတယ်။ကျနော်တို့နဲ့အတူ ချုပ်ထားစဉ် တလျှောက်လုံး ကိုထွန်းအောင် ကျော်ဟာ ၀မ်းဗိုက်က မီးလောင်ထားတဲ့ဒဏ်ရာ၊ခြေသလုံးထိ သံကိုရိုက်သွင်းထားတဲ့ဒဏ်ရာတို့ကြောင့် လမ်းကောင်းကောင်း မလျှောက်နိုင်တော့ပါဘူး။
ဒီလိုဒဏ်ရာတွေကြောင့် မထနိုင်လောက်အောင် ဖြစ်နေပေမယ့် လူကက်ဆက်အဖြစ် ပျော်တော်ဆက်ရတဲ့ အဖြစ်ကလည်း မလွတ်ခဲ့ ပါဘူး။သူ့ကိုက ငြှိုးတေးထားလေတော့ သီချင်းသာဆိုရတယ်၊အဆဲအဆို အကန်အကြောက်လည်း ခံရရှာပါတယ်။အစောပိုင်းရက်များ မှာ သူသီဆိုတဲ့ သီချင်းကတော့ “တိမ်တမာန်” သီချင်းပါ။ “မှိုင်းပြာမှုန်ဝေ ... တိမ်မဲညိုရိပ်တွေ ... တောင်ပြန်လေ ...” သီချင်းစာသားတွေအတိုင်း သူ လွမ်းလွမ်းဆွေးဆွေး သီဆိုတိုင်း ကျနော်တို့ဟာ သူနဲ့အတူ လွင့်ပါ ခံစားခဲ့ကြရပါတယ်။
ကိုထွန်းအောင်ကျော်ဟာ နောက်ပိုင်းရောက်လာတဲ့အခါမှာတော့ ထောင်လုံခြုံရေးက “ဘယ်သူ သီချင်းဆိုပြမလဲ” လို့ မေးရင်ကို တစ်ခါတစ်ရံမှာ သူ့သဘောနဲ့သူ့ကို ထထိုင်ပြီး ကိုနေ၀င်းရဲ့ ‘အားလုံးကို ကျော်ဖြတ်ရမယ်’ ဆိုတဲ့သီချင်းကို ဆိုလေ့ရှိပါတယ်။ အသတ်ခံရကာနီး ရက်ပိုင်းတွေမှာတော့ မင်းမင်းလတ်ရဲ့ “ယုဇနပင်နဲ့ ဖဲကြိုးဝါ” သီချင်းကို သီဆိုသဗျ။ဒီအကျဉ်းကျနေတဲ့ဘ၀နဲ့ ဒီသီချင်းဟာ ကိုထွန်းအောင်ကျော်မှာ ဖဲကြိုးဝါလေးတွေ သစ်ပင်မှာ ချည်ပြီး စောင့်နေမယ့်သူများ ရှိခဲ့လေသလားလို့ တွေးမိပေမယ့် မမေးသာလို့ မမေးဖြစ်ခဲ့ပါဘူး။ တစ်ကြိမ်မှာတော့ သူနဲ့ကျနော် မိုးကာစတစ်ခုထဲမှာ ထမင်းပုံစားခွင့် ရခဲ့သဗျ။သူက ပတ်ဝန်းကျင်ကို အသာလေး ခိုးကြည့်ပြီး “ကိုဘောကြီး ကျနော့်ကိုတော့ သူတို့ အရှင်ဆက်ထားမယ်မထင်ဘူး။တကယ်လို့များ ခင်ဗျားဆက်ပြီး အသက် ရှင်ခဲ့ရင်တော့ အဖြစ်မှန်ကို အခွင့်သာရင် ဖော်ထုတ်ပေးပါဗျာ” လို့ တိုးတိုးလေး ကပ်မှာပါတယ်။စကားပြောနေတာကို မြင်ပြီး ဆဲဆိုသံ တွေနဲ့ ပစ်ပေါက်တာ ခံလိုက်ရတာမို့ “စိတ်ချပါလို့” ကမန်းကတန်း သူ့ကို အဖြေပေးပြီးနောက်မှာ စကားပြောခွင့် မသာတော့ပါဘူး။ ကိုထွန်းအောင်ကျော်ရဲ့ သီချင်းတွေအကြောင်းကို ဒီလောက်ဖွဲ့နွဲ့နေရတာက အကြောင်းရှိသဗျ။ သူဆိုတဲ့ပုံက တကယ့်အဆိုတော် တစ်ယောက်လို ဆိုနိုင်သလို တစ်လုံးတစ်လေ ယိုင်သွားတာ တိမ်းသွားတာမျိုးကို မရှိပါဘူး။ဂစ်တာနဲ့ ကီးဘုတ် ၂ မျိုးကို ကျွမ်းကျွမ်း ကျင်ကျင် တီးနိုင်သလို အနောက်တိုင်း ဂီတသင်္ကေတကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တတ်ကျွမ်းတယ်လို့ သိရပါတယ်။သီချင်းတစ်ပုဒ် ကို ဖွင့်နားထောင်ပြီး သင်္ကေတကို ဒါရိုက် နောက်က လိုက်ရေးနိုင်သဗျ။ ဒါကြောင့်လည်း အေဘီတပ်ဖွဲ့က ရဲဘော်၊ ရဲမေတိုင်းက အကိုကြီးတစ်ယောက်လို ချစ်ကြတာပါ။ကျနော် အံ့သြတာကတော့ အင်မတန်စရိုက်ကြမ်းတဲ့ တာတီးဆိုတဲ့ လုံခြုံရေးတာဝန်ကျတဲ့လူက တခြားလူတွေလစ်ရင် သူ့ဆီကို ဂစ်တာကို ၀ှက်ယူလာပြီး အစ်ကိုကြီး တစ်ပုဒ်လောက် တီးပြပါလို့ ယဉ်ယဉ်ကျေးကျေး တောင်းဆိုတာမျိုး တွေ့ဖူးလို့ပါ။ကိုထွန်းအောင်ကျော် ဂစ်တာကို စိတ်ကြိုက်ကြိုးညှိပြီး တာတီးအတွက် စိုင်းထီးဆိုင်ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ” သီချင်းကို တီးပြတဲ့နေ့ကိုတော့ မေ့မရနိုင်တော့ပါဘူး။ကျနော်တို့အပေါ် အဆဲအဆို အကန်အကြောက် နာမည်ကြီးတဲ့ တာတီးတစ်ယောက် စကားမပြောနိုင်ဘဲ ငြိမ်နေပြီး တော်တော်ကြာမှ “ကျေးဇူးပါပဲ အစ်ကိုကြီးရာ” လို့ ပြောသွားတာ ကြားရတော့ တကယ့်ကို အံ့သြမိပါတယ်။
ရုပ်ပုံ။ ။ဂူဂဲလ်