(၁၄) သံသရာဘုံခရီးဝယ် ပြန်ကာဆုံစည်းကြမယ်
”ပူချက်ကတော့ဗျာ၊ ပျင်းစရာကလည်း ကောင်းပါဘိ”
”အေးပေါ့ဗျာ၊ ပူလည်းပူ ပျင်းလည်းပျင်းဆိုတော့ ပူပြင်းဆိုတဲ့စကားနဲ့ အံကိုက်ပေါ့”
အချိန်ကား နေ့လည် နှစ်နာရီခန့်ဖြစ်၍ နေရာကား လေကြောင်းရန်ကာကွယ်ရေးဋ္ဌာနပိုင် တခုသော ကန်ဘောင်ရိုး ကြီးပေါ်တွင်ဖြစ်၏။ လေကြောင်းရန်ကာကွယ်ရေးနယ်မြေကား ကျနော်တို့ရဲဘက်စခန်း စပါးစိုက်ဧရိယာနှင့် ဆက်စပ် လျက်ရှိသည်။
စိုက်ထူထားသော ဆိုင်းဘုတ်များအရ ဤနေရာကို လေကြောင်းရန်ကာကွယ်ရေးဟု ပြောဆိုခေါ်ဝေါ်နေကြသော်ငြား မည်သည့်လေကြောင်းရန်ကို မည်သို့ မည်ပုံ ကာကွယ်ကြမည်ကိုကား ကျနော်ရှင်းရှင်းလင်းမသိချေ။ လတ်တလောအားဖြင့် အဆိုပါ ဋ္ဌာနပိုင် မြေနေရာအားလုံးလိုလိုတွင် ဧရာမငါးမွေးကန်ကြီးများ တူးဖော်ထားလေရာ ကန်ဘောင်ကြီးများမှာ ခန့်မှန်း ခြေ ပေသုံးဆယ်ကျော်ခန့် မြင့်လောက်သည်။
ရဲဘက်စခန်းပိုင် စပါးစိုက်ဧရိယာအတွက် မြေပုံအသစ်ထုတ်ရန် ကွင်းပြင်ကြီးတခုလုံးကို အပေါ်စီးမှ ကြည့်ရှု လိုသည်ဆိုသော ကိုသက်ခိုင်၏ ဆန္ဒအရ အဆိုပါကန်ဘောင်ကြီးပေါ်သို့ နေပူကျဲကျဲတွင် ရောက်နေကြရာ မှ ကျနော့်ငြီးသံကို ကိုသက်ခိုင်က အသောဖြင့် တုန့်ပြန်နေခြင်းဖြစ်၏။ ပူပြင်းလှသည့် နေဒဏ်ကို အာရုံလွှဲ သည့်အနေဖြင့် ကျနော်က ကိုသက်ခိုင်ကို မေးခွန်းတွေ တရစပ်မေးနေမိသည်။
”လေကြောင်းရန်ကာကွယ်ရေးသာ ဆိုတယ်၊ ငါးမွေးကန်တွေချည်းပါပဲလားဗျာ”
”အေးဗျ၊ ကျနော့်စိတ်ထင် ဒီငါးကန်တွေထဲမှာ လေယာဉ်ပစ်ဒုံးစင်တွေ ဆောက်ဖို့တော့ မဖြစ်နိုင်လောက်ဘူး၊ ကြည့်ရတာ အဲဒီဋ္ဌာနက အသစ်ဖွဲ့ကာစမို့ နေရာဦးထားတဲ့သဘောပဲ ဖြစ်နိုင်တယ်၊ငါးကန်တွေကတော့ ဋ္ဌာန ဆိုင်ရာသက်သာချောင်ချိရေး အတွက် ဖြစ်နိုင်တယ်”
”အခု လေကြောင်းရန်ကာကွယ်ရေးကို ဘယ်သူကိုင်သတဲ့တုန်းဗျ”
”ကျနော်ကြားတာတော့ ဗိုလ်ချုပ်မြင့်ဆွေ တဲ့”
နေပါဦးဗျ ၊ဒီနေရာက ရန်ကုန်ကနေ မိုင်ငါးဆယ်လောက်ဝေးတယ်၊ လေကြောင်းရန်ကို ဒီနေရာကနေ ဘယ်လို ဘယ်ပုံ ကာကွယ်မတဲ့တုန်း
ဒီအချက်ကို ကျနော်လည်း လုံးလုံး သဘောတာ အမှန်ပဲဗျာ၊ ခန့်မှန်းမိသလောက်တော့ စစ်တပ်ကို ဖွဲ့စည်းပုံ ပြည့်အောင် နင်းကန်ချဲ့နေပုံရတယ်၊ ကြည့်လေ ၊ ပြောတော့ လေကြောင်းရန်ကာကွယ်ရေးတဲ့၊ ကျနော်မြင်တာ တော့ စက်တပ်မော်တော်တစင်းပဲ ဆင်သေချောင်းထဲမှာ တွေ့မိတယ်
နှစ်ယောက်သား စကားတပြောပြောနှင့် လျှောက်လာကြရာ မိုင်ဝက်ခန့်ရှည်လျားသည့် ကန်ဘောင်ကြီး၏ ထောင့်ချိုးအရောက် ကန်ဘောင်ဒုတိယအနား၏ အဆုံးဆီ၌ စိမ်းညို့နေသောငှက်ပျောပင်အုပ်များ အကြား တွင် သွပ်မိုးပျဉ်ကာ အဆောက်အဦးတခုကို လှမ်းမြင်လိုက်ရသည်။
”လာဗျာ ကိုမင်းဒင် ရှေ့က အဆောက်အဦဟာ လေကြောင်းရန်ကာကွယ်ရေး ရုံးပဲဗျ၊ တာဝန်ခံ ဗိုလ်ကြီး ဖြစ်ဖြစ် အစောင့်ရဲဘော်ဖြစ်ဖြစ် ရှိလောက်ပါရဲ့၊ အဲသည်မှာ ခဏနားကြရအောင်”
နှစ်ယောက်သားခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကြရာ အဆိုပါအဆောက်အဦဆီသို့ ရောက်သည့်အခါ လူသံသူသံတိတ်ဆိတ်လျက်ရှိ၏။ အဆောက်အဦတံခါးများကား ဖွင့်လျက်အနေအထားဖြစ်သည်၊ အသံပြု ရင်း ဧည့်ခန်းအတွင်းထိ ဝင်ကြည့်ပါသော်ငြား လူရိပ်လူယောင်မတွေ့ရချေ။ စင်တခုပေါ်၌ နို့ဆီနို့မှုန့်စသော စားသောက်စရာပစ္စည်းများ အစီအရီ တင်လျက်တွေ့ရသည်။
”ဘယ်သူမှ မရှိကြဘူးထင်တယ် ကိုသက်ခိုင်”
”အေးဗျ၊ မြို့ပေါ်တက်သွားကြဟန်တူပါရဲ့၊ ဒီလောက် လူသူကင်းပြတ်ပြီး ခြောက်ကပ်တဲ့နေရာမှာ ဘယ်သူကြာ ကြာနေနိုင်မတုန်းဗျာ”
”တော်တော်တော့ ဆိတ်ငြိမ်တဲ့ နေရာပဲဗျာ၊ ဒီရုံးခန်းရှေ့က ကွပ်ပျစ်မှာပဲ ခဏနားကြရအောင် ၊နို့မှုန့်နို့ဆီ တွေတော့ အဆင်သင့်ရှိလေရဲ့၊ဖျော်လိုက်ရမလား ကိုယ့်ဆရာ”
”မလုပ်ပါနဲ့ဗျာ ပိုင်ရှင်မှမရှိတာ၊ နဂိုကမှ ရဲဘက်ရောက်နေရတဲ့အထဲ အထင်အမြင်ထပ်သေးစရာ မကြုံပါရ စေနဲ့”
”နောက်တာပါဗျ၊ ကဲ ၊ ခင်ဗျားအတွေ့အကြုံထဲက ထူးထူးဆန်းဆန်းလေးတွေ လုပ်ပါဦးဗျ၊ အပျင်းပြေပေါ့”
”ဒါဆို ခင်ဗျားကို ကျနော်တခုမေးမယ်၊ လူခြောက်ဆိုတာကို ခင်ဗျားအယုံအကြည်ရှိသလား”
”အေးဗျာ ကျနော်တို့ဗမာလူမျိုးထုံးစံ အရပ်ထဲမှာပြောကြတာတော့ နားစွန်နားဖျား ကြားဖူးပါရဲ့ လုပ်ပါအုံး ခင်ဗျားကော လူခြောက်ကလေးတွေအကြောင်း ဘာများသိထားတာ ရှိတုန်းဗျာ”
”ကျနော်လည်း ဘာသာရေးလေ့ကျင့်ခန်းတွေလုပ်နေတာဆိုတော့ မကြာမကြာဆိုသလို အဲဒီလူခြောက် ကလေးတွေအကြောင်း ခေါင်းထဲ ရောက်ရောက်လာတယ်ဗျ၊ ရေနံချောင်းက ကျနော့်အသိ ကျောင်းဆရာမ တယောက်ကတော့ သူ့သူငယ်ချင်းအိမ်မှာ လူခြောက်ကလေး မွေးဖူးတဲ့အကြောင်း တအံ့တသြပြောဖူးလေရဲ့၊ ခက်တာက သူပြောတဲ့အကြောင်းအရာတွေက ကျနော်တို့ကြားဖူးတာနဲ့ တထပ်တည်း ဖြစ်နေတာပဲ၊ ဘာတဲ့၊ အဲဒီလူခြောက်ကလေးက မမွေးခင် သူ့အမေကို ကြိုပြီး အိပ်မက်ပေးထားသတဲ့၊ ဘာအကြောင်းနဲ့မှ ကျနော့်ကို အမေတို့နဲ့ ခွဲမထားပါနဲ့ ဆိုပဲ၊ ဒီလိုနဲ့နေ့စေ့လစေ့ရောက်လို့ မွေးလာတော့ ခြေလက်အဂါင်္အစုံ အလင်နဲ့ လက်တဝါးသာသာ လူခြောက်ကလေး မွေးလာရောတဲ့ဗျာ၊ အသားအရောင်က သာမန်လူအသား အရောင်တဲ့၊ မျက်လုံးနှစ်လုံးကတော့ ပိတ်လျက်သားတဲ့ဗျာ၊ ဘာလှုပ်ရှားမှုမှ မရှိဘူးဆိုပဲ။ ဒါနဲ့ အဲဒီမိသားစု လည်း အရင်ကြားဖူးနားဝရှိတဲ့အတိုင်း တကယ့်မွေးကင်းစကလေးငယ်ကို ပြုစုသလို ရေမိုးသန့်စင်တာ၊နို့ခွက် လေးတွေ ချပေးထားတာတွေ လုပ်သတဲ့၊အမယ် ၊အဲဒီလူခြောက်ကလေးကညတိုင်းလိုလို သူ့အမေကို အိပ်မက်ထဲမှာ သူလိုချင်တာကို ပူဆာတယ်ဆိုပဲ၊ သူ့အတွက် ဝယ်ပေးထားတဲ့ အဝတ်အစားတွေထဲမှာ ဘယ် အရောင်ကိုဖြင့် မကြိုက်ဘူး ဘယ်အရောင်ကို ကြိုက်တယ်၊ သူသောက်ဖို့ဖျော်ပေးတဲ့ နို့ဆီတံဆိပ်တောင် ဂျီးများသေးတယ်ဆိုပဲ”
”ထူးခြားတာကတော့ လူခြောက်ကလေးမွေးပြီးကတည်းက အဲဒီမိသားစုဟာ တနေ့တခြား စီးပွားရေးချောင် လည်လာတာပဲတဲ့ဗျ၊ တချို့လူခြောက်ကလေးဆို ညဖက်အိပ်မက်ထဲမှာ အမေလိုချင်တာပြောလို့ ဆိုသတဲ့၊ မအေလုပ်သူက မယုံတယုံနဲ့ သူလိုချင်တာတခုခု ပြောလိုက်တာနဲ့ ၊မနက်မိုးလင်းရင် အဲဒီလူခြောက်လေးအိပ် ယာဘေးမှ သူ့အမေတောင်းတဲ့ ပစ္စည်းရောက်နေတတ်တယ် တဲ့ဗျ၊အမယ် သူ့အမေက စိတ်ထဲကနေ တခုခု ငြီးငြူလိုက်တာနဲ့ ချက်ချင်းဆိုသလို ပြည့်အောင်ဖြည့်ပေးတတ်တယ် ဆိုတာလည်းပါရဲ့၊ ဥပမာဆိုပါတော့၊ ဆန်အိုးထဲမှာ ဆန်ပြတ်နေပြီလို့ ငြီးလိုက်တာနဲ့ ဆန်အိုးထဲမှာ ဆန်တွေချက်ချင်းပြည့်လာတာမျိုး၊ ကျနော့် စိတ်ထင် အဲဒီလိုလုပ်ပေးတာဟာ တနေရာရာက ခိုးဝှက်ပြီး လုပ်ပေးပုံရတယ်၊ လူခြောက်သူခိုးဆိုပါတော့၊ အမယ်၊ ဒါတင်မကသေးဘူးခင်ဗျ၊ လူခြောက်ကလေးကို သူ့အသက်အရွယ်အလိုက် အဝတ်အစားတွေ အသုံးအဆောင်တွေ ဝယ်ပေးရတယ် ဆိုလည်းပါသေးဗျာ”
”အေးဗျာ၊ ထူးဆန်းတာတော့ အမှန်ပဲကိုသက်ခိုင်၊ ခက်တာက သက်သေအထောက်အထား မခိုင်လုံတာပဲဗျ”
”မှန်ပါ့ဗျာ၊ ဒါတွေဟာ အရပ်ထဲက မိန်းမတွေ အတင်းတုတ်ရင်း ပြောကြတာများသကိုး၊ ကျနော်ဖတ်ဖူး သလောက် စာပေကျမ်းဂန်တွေမှာလည်း လူခြောက်အကြောင်း မတွေ့မိတာ အမှန်ပဲဗျာ”
”နေပါဦး၊နောက်ဆုံးတော့ အဲဒီလူခြောက်ဇာတ်လမ်းက ဘယ်မှာဆုံးသတုန်း”
”သူပြောငါပြောကတော့ အဲဒီလူခြောက်ကလေးက သူ့အမေကို သူရှိနေတဲ့အကြောင်း၊ သူလုပ်ကိုင်ပေးနေတဲ့ အကြောင်းတွေကို ဘယ်သူမှ မသိအောင် နှုတ်လုံဖို့ မှာထားရာက နောက်ဆုံး လူ့ပါးစပ်ပေါက်ဆိုတာ ပိတ်လို့ မလွယ်တာကြောင့် လူသိရှင်ကြားဖြစ်ရာက အဲဒီလူခြောက်ကလေးက အိပ်ယာထဲကနေ ဘယ်ရောက်မှန်း မသိ ပျောက်ချင်းမလှ ပျောက်သွားသတဲ့ဗျ၊နေဦး ခင်ဗျားက လူခြောက်ကလေးအကြောင်းပြောတော့ ကျနော့် ကိုယ်တွေ့ ကြောင်ခြောက်ကလေးအကြောင်း ပြောရအုံးမယ်”
”ခင်ဗျားကတော့ ကြံကြံဖန်ဖန် လုပ်ပြန်ပြီ ကြောင်ခြောက်တဲ့လား”
ခင်ဗျားဥစ္စာ အပြစ်တင်တာက အရင်ပဲကိုး၊ ကျနော်ပြောတာလည်း နားထောင်ပါအုံး၊ ဒီလိုဗျ၊ ကျနော် ဂျီတီအိုင် ဒုတိယနှစ်ကျောင်းသားအရွယ်လောက်တုန်းက ကျနော့်အိမ်မှာ ကြောင်မကြီးတကောင် သားလာ ပေါက်တယ်၊ ထူးဆန်းတာက ကြောင်သားပေါက်ရင် အနည်းဆုံးသုံးလေးကောင်ပေါက်တယ်ဆိုပေမဲ့ အဲဒီ ကြောင်မ ကြီးပေါက်တာက တကောင်တည်းဗျာ၊ ပိုပြီးထူးဆန်းတာက အဲဒီကြောင်ပေါက်ကလေးဟာ အခြောက်ကလေးဗျ၊ တိုက်တိုက်ဆိုင်ဆိုင် ကြောင်မချစ်တတ်တဲ့ ကျနော်ဟာ မထင်မှတ်ပဲ အဲဒီ ကြောင် မကြီးသားပေါက် နေတာကို သွားစပ်စုမိရာက ကြောင်ခြောက်ကလေးကို တွေ့တာပဲဗျာ၊ ကျနော်တွေ့တဲ့ အချိန်မှာ အဲဒီကြောင် ခြောက်ကလေးဟာ ကြောင်မကြီးဝမ်းထဲက ထွက်ခါစမို့ အရည်အညှိတွေ ကပ်နေ တုန်းပဲ ရှိသေးဗျာ၊ ကြောင် မကြီးက အဲဒီအရိအရွဲတွေကို လျှာနဲ့လျက်လိုက်တော့ လက်နှစ်လုံးသာသာ လောက်ပဲ ရှိမဲ့ ကြောင်ကလေးဗျ၊ ဘာလှုပ်ရှားမှုမှ မရှိဘူး၊ သေချာကြည့်ပြန်တော့ ကြောင်အဂါင်္အစုံအလင် ပါနေတယ်ဗျာ”
”ဟုတ်ရဲ့လား ကိုသက်ခိုင်ရာ ၊ဒါဆို ခင်ဗျားလည်း ကြောင်ခြောက်ကလေးတွေ့ရာကနေ ချမ်းသာရောလား”
”ရော ခင်ဗျားကို လိမ်နေလို့ ကျနော်က ဘာအကျိုးရှိမှာတုန်း၊ ယုံတာမယုံတာ ခင်ဗျားကိစ္စ ၊ကျနော်က ခင်ဗျား အပျင်းပြေပါစေတော့ ဆိုပြီး ကျနော့်ကိုယ်တွေ့ ထူးဆန်းတာကို ပြောနေတာ”
”ကဲ ဒါနဲ့လုပ်ပါအုံး ခင်ဗျားက အဲဒီကြောင်ခြောက်လေးကို ဘယ်လိုဆက်မွေးသတုန်း”
ဘယ်လိုမှ မမွေးဘူး၊ ကျနော်က အံ့သြလွန်းလို့ ကျနော့်ညီကို ခေါ်ပြီး ဟေ့ကောင်၊ မင်းမမြင်ဖူးရင် ကြောင် ခြောက်ဆိုတာ လာကြည့်ဆိုပြီး ခေါ်ပြတော့ သူက ဘာစိတ်ကူးပေါက်တယ် မသိဘူး၊ မင်း ဒီအကြောင်းကို ဘယ်သူ့မှ မပြောနဲ့ဆိုပြီး အဲဒီကြောင်ခြောက်လေးကို ပေါင်ဒါမှုန့်ဗူးထဲ ထည့်ပြီး ယူသွားလေရဲ့ ၊ အဲဒီတုန်းက သူက အိမ်ထောင်ကျနေပြီမို့ အိမ်ခွဲနေတယ်လေ
”လက်စသတ်တော့ ခင်ဗျားညီက ခင်ဗျားကိုလူလည်ကျသွားတာပဲ၊ အမှန်ဆို ကြောင်ခြောက်ပိုင်ရှင်က ခင်ဗျားမို့ ချမ်းသာစရာရှိ ခင်ဗျား ချမ်းသာရမှာ”
”တော်ပါတော့ဗျာ၊ ကြောင်ခြောက်သူခိုးလေးနဲ့ တွေ့နေမှ ခိုးစာဝှက်စာနဲ့ အကုသိုလ်ဖြစ်နေရော့မယ်၊ ကျနော့် စိတ်ထဲမှာ အချောင်နည်းနဲ့ ကြီးပွားချမ်းသာဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဘူး၊ အခု ကျနော့်ညီကတော့ တည်းခိုခန်းတွေ စားသောက်ဆိုင်တွေနဲ့ သူဌေးဖြစ်နေလေရဲ့၊ဒါလည်း ကြောင်ခြောက်နဲ့ ဆိုင်မယ် မထင်မိပါ ဘူး၊ အမှန်ပြောရရင် ဒါမျိုးတွေ ကျနော်အယုံအကြည် မရှိလှပါဘူး”
”ကျနော်လည်း ခင်ဗျားနဲ့တွေ့မှ လူခြောက်လေးတင်မက ကြောင်ခြောက်လေး ဇာတ်လမ်းပါ ကြားဖူးတော့ တယ်၊ လောကကြီးဟာ ထူးဆန်းတာတော့ အမှန်ပဲဗျာ၊ ကြောင်ခြောက်လူခြောက်ဇာတ်လမ်းတွေကလည်း နားထောင်လိုက်တာနဲ့ လောဘတက်ချင်စရာပါပဲ”
”အေးပေါ့ဗျာ၊ လူ့လောဘကြောင့် ပုဂံမှာ ထူးထူးဆန်းဆန်း ပေါ်ခဲ့ဖူးတဲ့ ပုဂံညှပ်ကြီးကွယ်ခဲ့ရတာကိုကော ခင်ဗျား ကြားဖူးသလား”
”ဟ လုပ်ပါဦး ပုဂံညှပ်ကြီးတဲ့လား ဘယ်လိုညှပ်မျိုးတုန်းဗျ”
”အော် ခန့်မှန်းကြည့်ရတာတော့ ကွမ်းညှပ်လို သဘောမျိုးထင်ပါရဲ့၊ ခင်ဗျား မျက်စိထဲမှာ ကွင်းကွင်းကွက်ကွက် မြင်ချင်ရင် ပြည့်သူ့တရားရှင်ပေါင်ချိန် ဇာတ်လမ်းတွဲထဲက ခေါင်းဖြတ်စက်ကို မြင်ကြည့်ပေတော့ဗျာ”
”လုပ်စမ်းပါအုံးဗျ ခင်ဗျားရဲ့ ပုဂံညှပ်ကြီးဇာတ်လမ်း”
”အော် အဲဒါက ဒေါင်းဖတ်စာထဲမှာ ပါခဲ့တာဗျ၊ အမှန်က ဒေါင်းဖတ်စာကို ကျနော်မမှီလိုက်ဘူး၊ ကျနော့်အကို ဖတ်နေတဲ့စာအုပ်ကို ငယ်ငယ်က ယူဖတ်မိပြီး အခုထက်ထိ မှတ်မိနေတာ၊ ဒီလိုဗျာ ဟိုးရှေးရှေးတုန်းက ပုဂံပြည်မှာ ညှပ်ကြီးတခု ရှိနေခဲ့သတဲ့။ အဲဒီညှပ်ကြီးဟာ ပုဂံပြည်သားတွေ လိမ်ညာကောက်ကျစ်မှုမရှိ နိုင် အောင် နတ်သိကြားတွေက ဖန်ဆင်းထားတာလို့ ယုံကြည်ကြသတဲ့၊ ပုဂံညှပ်ကြီးရဲ့ မူလအနေအထားက ကွမ်းညှပ်က ဟထားသလို ပုံစံတဲ့ဗျာ၊ လူနှစ်ယောက် အငြင်းပွားတယ်ဆိုပါစို့ ၊ အဲဒီလူနှစ်ယောက်အမှုကို ရပ်ရွာလူကြီးက ဖြေရှင်းမပေးနိုင်ရင် ပုဂံညှပ်ကြီးရှိရာကိုသွားပြီး သစ္စာဆို ဖြေရှင်းကြသတဲ့၊ ညှပ်ကြီးထဲကို လက်ထည့်ပြီး သစ္စာဆိုကြတာပေါ့ဗျာ၊မှန်တဲ့သူ ဘာမှ မဖြစ်ပေမဲ့ လိမ်လည်ပြီး သစ္စာဆိုတဲ့သူရဲ့ လက်ကိုတော့ ပုဂံ ညှပ်ကြီးက ဂျိုင်းဆို အော်တိုမစ်တစ် ဖြတ်ပစ်လိုက်ရောတဲ့”
”ခင်ဗျား ညှပ်ကြီးက ကြောက်စရာပါလား၊ ဒါဆို ပုဂံသားတွေ မလိမ်ရဲတော့ဘူးပေါ့”
”ဆန္ဒမစောပါနဲ့လေ၊ တကယ့်ကလိမ်ကကျစ်နဲ့ တွေ့တော့ သိကြားဖန်ဆင်းတဲ့ ညှပ်ကြီးလည်း နာမည်ပျက်ရုံ မကပဲ တခါတည်း ကွယ်သွားရသတဲ့”
”ဘယ်လိုကွယ်ရတယ်ဆိုတာ ဆက်ပါအုံးဗျာ”
”ဒီလိုဗျ ပုဂံသားကုန်သည်တယောက်ဟာ ခရီးသွားဖို့ ရှိတာကြောင့် သူပိုင်တဲ့ ရွှေစင်တပိသာကို သူတို့ ယုံကြည်ကိုးကွယ်တဲ့ ဖိုးသူတော်တယောက်ဆီမှာ အပ်ထားခဲ့သတဲ့ဗျ၊ အဲဒီကုန်သည် ခရီးသွားရာက ပြန်လာ တော့ သူတို့အပ်ထားတဲ့ ရွှေတပိသာကို ဖိုးသူတော်ဆီမှာ ပြန်တောင်းတော့ ဖိုးသူတော်က ပြန်ပေးပြီးပြီလို့ ငြင်းရာက ပုဂံညှပ်ကြီးဆီရောက်ကြရောဆိုပါတော့”
”အော် ဒီမှာတင် ဖိုးသူတော် လက်ပြတ်ရောလားဗျ”
”ခင်ဗျား တော်တော်လောတာပဲ၊ ဖိုးသူတော်လက်မပြတ်ပဲ ကုန်သည်သာ ရွှေတွေဆုံးတဲ့အပြင် ပုဂံညှပ်ကြီးပါ ကွယ်ခဲ့ရတာဗျ”
”ကဲ ဖိုးသူတော်ရဲ့လိမ်နည်းကို ရှင်းပါအုံးဗျ”
”ဖိုးသူတော်နဲ့ ကုန်သည် ပုဂံညှပ်ကြီးရှေ့လည်းရောက်ရော ကုန်သည်က သူရွှေစင်တပိသာ ဖိုးသူတော်ဆီမှာ အပ်ထားခဲ့တာ အမှန်ပါလို့ သစ္စာဆိုပြီး ညှပ်ထဲကို လက်ထည့်လိုက်တော့ ညှပ်ကြီးက ဘယ့်နှယ့်မှ မလှုပ်ပဲ နေသတဲ့ ၊ ဖိုးသူတော်အလှည့်ရောက်တော့ ဖိုးသူတော်က သူ့လက်ထဲက တောင်ဝှေးကို ခဏကိုင်ထားဖို့ ကုန်သည်လက်ထဲကို အပ်ထားပြီး ပုဂံညှပ်ကြီးခင်ဗျာ ကျနော်ဟာ သူ့ရွှေတွေကို လက်ခံသိမ်းဆည်းထားပေး ခဲ့တာအမှန်ပါ ၊အခု ကျနော် သူ့ရွှေတွေကို သူ့လက်ထဲ ပြန်ထည့်လိုက်ပြီးပါပြီ၊ ကျနော့်သစ္စာမမှန်ရင် ကျနော့် လက်ကို ဖြတ်ပါခင်ဗျာလို့ သစ္စာဆိုလိုက်တော့ ညှပ်ကြီးက ဘယ်နှယ့်မှ မနေပြန်ဘူးတဲ့။ ဒီမှာတင် ဘေးက ဝိုင်းကြည့်နေတဲ့ ပရိသတ်တွေက ပုဂံညှပ်ကြီးဆုံးဖြတ်ပုံကို မကျေမနပ်ဖြစ်ကြရောတဲ့ဗျာ၊ အေးလေ၊ ပရိသတ် ထဲမှာ ဖိုးသူတော် လောဘတက်ပြီး ကလိမ်ကကျစ်ကျတာကို ဓာတ်သိတွေလည်း ပါနေမှာပေါ့ဗျာ။ အမှန်တော့ သစ္စာဆိုခါနီး ကုန်သည်ကို ခဏကိုင်ခိုင်းထားတဲ့ ဖိုးသူတော်ရဲ့ တောင်ဝှေးထဲမှာ ရွှေတွေကို အရည်ကျိုပြီး ထည့်ထားတာပေါ့ဗျာ”
“ဟား တကယ့်လက်တလုံးခြားဖိုးသူတော်ပဲ”
”အေးပေါ့ဗျာ၊ ဒီမှာတင် သိကြားမင်းလည်း သူ့ညှပ်ကြီးကို သူ့ဖာသာ ပြန်သိမ်းသွားရတယ်ထင်ပါ့၊ အဲဒီနောက် မကြာခင်မှာ ပုဂံညှပ်ကြီး ကွယ်ပျောက်သွားသတဲ့”
”ဒါနဲ့ခင်ဗျား ဘဝကလည်း ခပ်ဆန်းဆန်းပဲမဟုတ်လား၊ခင်ဗျားက လူဝင်စားဆို”
”ကြံဖန်စဉ်းစားမယ်ဆိုရင်တော့ အရင်ဘဝကလည်း သက်ခိုင် ၊အခုဘဝလည်း သက်ခိုင် ဆိုသလို ဖြစ်နေတာ တော့အမှန်ပဲ၊ ဒါပေမဲ့ ကျနော့်ကိုယ်တိုင်တော့ တယ်ပြီး အယုံအကြည်မရှိလှဘူးဗျ၊ ထူးခြားတာကတော့ ဂရိတ်ဒဿနိကဗေဒနဲ့ သင်္ချာဗေဒပညာရှင် ပိုက်သဂိုရပ်(Pythagoras) လို ပုဂ္ဂိုလ်ကတောင် သူဟာ တချိန် က အယ်သာလီဒီး(Aethalides) ဖြစ်ခဲ့တယ်၊ နောက်တဘဝမှာ ယူဖော်ဘတ်(Euphorbus) ဖြစ်ပြန်ပြီး ထရိုင်းမြို့ကို ရန်သူတွေ ဝိုင်းမိတုန်းက မင်လာအတ်(Menelaus) ကြောင့် သူဒဏ်ရာရပြီး ကွယ်လွန်ခဲ့ရတယ် လို့ မကြာခဏပြောလေ့ရှိသတဲ့ဗျာ။လူဝင်စားဆိုတဲ့ပြဿနာနဲ့ ပတ်သက်ပြီး တကမ္ဘာလုံးက ပညာရှင် တော်တော်များ စူးစမ်းလေ့လာခဲ့ကြတာတော့ အမှန်ပဲ”
”လုပ်ပါအုံးဗျ ဘယ်လိုတွေများလေ့လာခဲ့ကြပါလိမ့်”
”ချမ်းမြေ့ဆရာတော်ရဲ့ ကံနှင့်တမလွန်ဘဝဆိုတဲ့ စာအုပ်မှာ ဆရာတော်က ကံနဲ့တမလွန်ဘဝတရားကို ဟော ကြားရင်း ဒေါက်တာစတီဗင်ဆင်ရဲ့ Twenty cases Suggestive of Reincarnation ဆိုတဲ့စာအုပ်ကို ညွန်းပြီး လူဝင်စားကိစ္စကို ဖော်ပြထားလေရဲ့၊ ဘရာဇီးနိုင်ငံက ပေါလို(Paulo) ဆိုတဲ့ ကလေးဟာ အရင်ဘဝတုန်းက သူဟာ အယ်မီလီယာဆိုတဲ့နာမည်နဲ့ မိန်းခလေးဖြစ်ခဲ့ကြောင်း ပြောသတဲ့ဗျ၊ သူ့မိဘများမှာ ကလေးဆယ့်သုံး ယောက် ရှိတဲ့အနက် အယ်မီလီယာက ဒုတိယကလေးတဲ့၊ သူက မိန်းမဘဝကို မနှစ်မြို့ဘူး၊ ရွံ့မုန်းသတဲ့၊ သူက ယောက်ျားလေးပဲ ဖြစ်ချင်တယ်၊ သူ့ဘဝမှာ မပျော်တာကြောင့် သူသေချင်တယ်၊ သေပြီးတော့လည်း သူ့မိခင်ဝမ်းမှာပဲ ယောက်ျားလေးအဖြစ်နဲ့ ပြန်ဝင်စားချင်တာကြောင့် ငါသေရင် ယောက်ျားလေးဖြစ်မယ် လို့ ခဏခဏပြောလေ့ရှိသတဲ့ဗျ”
”ဒါနဲ့ အသက် ၁၉ နှစ်အရွယ်မှာ အဆိပ်သောက်ပြီး သေကြောင်းကြံခဲ့တယ်၊ ပထမအကြိမ်မှာ လူကြီးတွေ အသိစောလို့ နွားနို့တွေ ဖိတိုက်တာကြောင့် မသေခဲ့ပေမဲ့ ဒုတိယအကြိမ်မှာ ဆိုင်ယန်နိုက်ဆိုတဲ့ အဆိပ်ကို သောက်ပြန်တာကြောင့် ၁၉၆၂ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့မှာ သူသေသွားခဲ့သတဲ့ဗျ၊သူသေပြီး တနှစ် ကျော်ကျော် အချိန်မှာ သူ့မိခင် အီဒါလောရင့်ဟာ ယောက်ျားလေး တစ်ယောက်ထပ်မွေးတယ်၊ အဲဒီကလေး ကို ပေါလိုလို့နာမည်ပေးတယ်၊ အဲဒီကလေးရဲ့ အမူအရာ စိတ်နေစိတ်ထားတွေဟာ ယောက်ျားလေးနဲ့ မတူ ဘူးဆိုပဲ၊ ယောက်ျားလေးအဝတ် မဝတ်ဘူး။ မိန်းကလေးအဝတ်တွေပဲ ဝတ်တယ်။ ငါက မိန်းကလေးလို့လည်း ပြောသတဲ့၊ အယ်မီလီယာလိုပဲ အပ်ချုပ်စက်ကို အရမ်းစိတ်ဝင်စားတယ်၊နှစ်သက်တယ်။ အသက်လေးနှစ် အရွယ်မှာ အယ်မီလီယာရဲ့ စကတ်တထည်ကို ဖျက်ပြီး ဘောင်းဘီချုပ်ပေးတော့ ပေါလိုက အရမ်းသဘော ကျသတဲ့ဗျာ၊ အဲဒီအချိန်က စပြီး ပေါ်လိုဟာ ဘောင်းဘီပဲ ဝတ်တော့တယ်၊ သူ စက်ချုပ်ကျွမ်းကျင်တာကိုလဲ လူကြီးတွေ တအံ့တသြ တွေ့ရှိကြရသတဲ့၊ ဘယ်သူသင်ပေးသလဲ မေးတော့ ငါက တတ်ပြီးသားလို့ ဖြေတယ်၊ နောက်ကျမှ ဒိုနာအယ်လီနာ သင်ပေးတယ်လို့ ပြောသတဲ့၊ အမှန်က ဒိုနာအယ်လီနာဟာ ပေါလိုကို စက်ချုပ် သင်မပေးဖူးဘူး၊ သူသင်ခဲ့တာက သေသွားတဲ့ အယ်မီလီယာကိုပဲ။ ဒီလိုနဲ့ ပေါလိုဟာ အယ်မီလီယာဝင်စားတဲ့ လူဝင်စားဖြစ်ကြောင်း တစ်စတစ်စ ပိုသိလာကြသတဲ့ဗျာ”
”အင်း အတော်ကို စိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်ပါလား”
”ဒါတင်မကသေးဘူးဗျ၊ လူတယောက်ဟာ သူစိတ်ညွတ်ရာ လိုလားတောင့်တရာမှာ ဘဝသစ်ဖြစ်ရတဲ့ နောက် ထပ် ဖြစ်ရပ်နမူနာတခုကို ဒေါက်တာစတီဗင်ဆင် ရဲ့ စာအုပ်မှာပဲ တွေ့ရသေးတယ်လို့ ဆရာတော်က ဆက် ဟောသေးတယ်”
”ဒါဆိုလည်း ဆက်ပါအုံးဗျ”
”အမေရိကန်ပြည်ထောင်စု အလာစကာပြည်နယ်မှာ တံငါလုပ်ငန်းနဲ့ အသက်မွေးကြတဲ့ တလင်းဂျစ် လူမျိုး မစ္စတာ ဝီလျံဂျော့ဆိုတဲ့ အဖိုးကြီးဟာ သူ့နယ်မှာ ထင်ရှားသူတယောက်ဖြစ်သတဲ့။ သူမသေခင်က သူချစ်တဲ့ သူ့သား ရယ်ဂျီနယ်ဂျော့ကို ”ငါသေရင် ပြန်လာပြီး မင့်သားဖြစ်မယ်၊ ငါ့ကိုယ်က အမှတ်အသားတွေ မင်းတို့ တွေ့ရင် ငါ့ကို မှတ်မိရောပေါ့” လို့ သုံးလေးကြိမ်ပြောသတဲ့၊ တခါတော့ သူ့သားကို သူ့ရွှေလက်ပတ်နာရီချွတ် ပေးပြီး ”ရော့၊ သိမ်းထား၊ ငါပြန်လာမယ်၊ မင့်သားဖြစ်မယ်၊ အဲဒီအခါကျ ဒီနာရီက ငါ့ဖို့” လို့ ပြောသတဲ့။ သူ့သားက အဲဒီနာရီကို သူ့မိန်းမ ဆူဇန်ဂျော့ကိုပေးရင်း သူ့အဖေပြောတဲ့ စကားကိုလည်း ပြောပြလိုက်တယ်။ ဆူဇန်ဟာနာရီကို သူ့လက်ဝတ်လက်စားသေတ္တာထဲ ထည့်ပြီး သေချာသိမ်းထားခဲ့သတဲ့”
”အဲဒီနာရီပေးပြီး မကြာခင် ၁၉၄၉ ခုနှစ်သြဂုတ်လ စောစောပိုင်းမှာ အဘိုးကြီး ကွယ်လွန်သွားတယ်၊ နောက် ကိုးလလောက်အကြာ ၁၉၅၀ ခုနှစ်မေလ ၅ ရက်နေ့မှာ သူ့ချွေးမဆူဇန် သားယောက်ျားလေးတစ်ယောက်မွေး တော့ ကလေးရဲ့ဘယ်ဘက်ပုခုံးနဲ့ တံတောင်ဆစ် အောက်နားမှာ မှဲ့တလုံးစီ ပါလာသတဲ့ဗျ၊ သူ့အဖိုး ဝီလျံ ဂျော့ရဲ့ မှဲ့ရှိတဲ့နေရာတွေနဲ့ တထပ်တည်းပဲတဲ့။ သုံးနှစ်သားကျမှ စကားပြောတယ်၊ ကလေးရဲ့အမူအရာ အပြောအဆို ကြိုက်တာ မကြိုက်တာကအစ သူ့အဖိုးနဲ့ ထပ်တူဖြစ်နေသတဲ့။ ကလေးငါးနှစ်သား အရွယ် ရောက်တော့ တနေ့မှာ သူ့အမေက ကိစ္စရှိလို့ သူ့လက်ဝတ်လက်စားသေတ္တာလေးကို ဖွင့်နေတုန်းမှာ ကလေးက ကစားနေရာကနေ ရုတ်တရက်ရောက်လာပြီး ချက်ချင်း ရွှေနာရီကို ကောက်ယူတယ်၊ ပြီးတော့ ” ဒါငါ့နာရီ ” လို့ ပြောရင်း နာရီကို ဇွတ်ယူထားလို့ ချော့မော့ပြီး ပြန်တောင်းထားရသတဲ့။ နောက် မကြာမကြာ ဆိုသလို ငါ့နာရီ ငါ့ကို ပြန်ပေးလို့ တောင်းနေတတ်တာကြောင့် အဲဒီကလေးကို အဖိုးကြီးဝင်စားတဲ့ ကလေးပဲ လို့ သတ်မှတ်ပြီး ကလေးကို ဝီလျံဂျော့ လို့ပဲ သူ့အရင်နာမည် ပြန်မှည့်လိုက်ကြသတဲ့ဗျာ”
”အင်း ခင်ဗျားပြောသလို ဆိုရင်ဖြင့် လူတွေရဲ့ ဘဝကူးပြောင်းပုံဟာ စိတ်ဝင်စားဖို့ တော်တော်ကောင်းတာပဲ၊ ဒါနဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျမ်းဂန်တွေမှာကော ဘယ်လို အဆိုရှိသတုန်းဗျာ”
”အောင်မလေး ထူးထူးဆန်းဆန်း ခင်ဗျားက ကျမ်းဂန်တွေကို စိတ်ဝင်စားနေပါရော့လား။ ဒီကိစ္စကို အသေးစိတ် နားလည်အောင်တော့ ခင်ဗျားကိုယ်တိုင် ကျမ်းဂန်စာပေတွေကို ရှာဖွေဖတ်ရှုတာ အကောင်းဆုံး ပါပဲ၊ အတိုချုပ်ပြောရရင် ဘဝတခုချုပ်ငြိမ်းတဲ့အခါ ရုပ်ကောနာမ်ပါ ပျက်စီးသွားပေမဲ့ နာမ်သတ္တိရဲ့ အရှိန်ဟာ ဘဝသစ်မှာ သက်ရောက်မှုရှိရာက ရှေးဘဝနောက်ဘဝဆိုတာတွေ ဖြစ်လာရတာပါပဲ။ ဒီနေရာမှာ ဘဝဟောင်းရဲ့ အတ္တဝိဥာည်ဟာ အကောင်အထည်လိုက်ကြီး ကူးပြောင်းသွားတာ မဟုတ်ဘူးဆိုတာတော့ သတိကြီးကြီးချပ်ရပါလိမ့်မယ်။ ဘဝဟောင်းက အာနိသင်လေးတွေဟာ စေတနာလို့ခေါ်တဲ့ ကံအဖြစ်ကျန် ခဲ့ပြီး အဲဒီကံနဲ့၊ ခန္ဓာဒုက္ခမသိမှု အဝိဇ္ဇာ၊ ခန္ဓာအသစ်လိုချင်မှု တဏှာ ဆိုတဲ့ အကြောင်းသုံးပါးပေါင်းစပ်ပြီး ဘဝသစ်ဖြစ်အောင် ဖန်တီးလိုက်ကြတာပါပဲ။ လယ်တီဆရာတော်ဘုရားကြီးရဲ့ ဋီကာကျော်ကျမ်းမှာ ဘ၀သစ် ဖြစ်ပုံကိုဥပမာသုံးမျိုးပေးထားတယ်”
”မီးတိုင် ဥပမာ
ဖယောင်းတိုင်တစ်တိုင် မီးထွန်းထားတယ်။ နောက်တစ်တိုင်ထွန်းချင်တဲ့အခါ ပထမအတိုင် ကနေ မီးကူးယူလိုက်တယ်။ ဒီနေရာမှာ စဉ်းစားရမှာက ဒုတိယအတိုင်မှာ တောက်လောင်နေတဲ့မီးဟာ ပထမအတိုင် က ကူးလာတဲ့မီးတွေလား။ ဒုတိယအတိုင်က ဖယောင်းသားကို လောင်နေတဲ့မီးတွေ လားဆို တာပဲ။
တကယ့်အမှန်က ပထမဖယောင်းတိုင်က မီးတွေဟာ ဒုတိယဖယောင်းတိုင်ကို ကူးမလာပါဘူး။ ဒါပေမယ့် ပထမဖယောင်းတိုင်က မိးနဲ့ကင်းပြီးတော့လည်း ဒုတိယဖယောင်းတိုင် မီးမတောက်နိုင်ပါဘူး။ထို့အတူ ကျောင်းဒကာ အနာထပိဏ်ဘ၀က ရုပ်နာမ်တရားတွေဟာ နတ်ပြည်ကို တစ်ခုမှကူးမလာပါဘူး။ ဒါပေမယ့် ကျောင်းဒကာအနာထပိဏ်နဲ့ကင်းပြီးတော့လည်း နတ်ပြည့်မှာ နတ်သားလာမဖြစ်လာပါဘူး။ အကြောင်း အကျိုးဆက်သွယ်မှုလောက်ပဲရှိတယ်လို့ ယူရမှာပေါ့”
”တံဆိပ်တုံး ဥပမာ
တံဆိပ်တုံးနဲ့ ဥပမာပေးကြဦးစို့။ ဒီသင်္ကန်းခေါက်ကို ကြည့်လိုက်ပါ။ သင်္ကန်းသားပေါ်မှာ ဂဠုန်တံဆိပ်ထင်နေတယ်။ သံပြားထူထူမှာ ဂဠုန်တံဆိပ်ထွင်း အပူပေးပြီး သင်္ကန်ခေါက်ပေါ်ဖိချလိုက်တာနဲ့ ဂဠုန်တံဆိပ် ထင်သွားတာပါပဲ။ ဒီလိုထင်တဲ့နေရာမှာ သင်္ကန်းမှာထင်နေတဲ့ ဂဠုန်ရုပ်ဟာ သံပြားက ဂဠုန်ရုပ်မဟုတ်ပါဘူး။ ဒါပေမယ့် သံပြားကဂဠုန်ရုပ်နဲ့ကင်းပြီးတော့လည်း မထင်နိုင်ပါဘူး။
ထို့အတူ နတ်ပြည်က နတ်သားဘ၀ဟာ လူ့ပြည်က ကျောင်းဒကာအနာထပိဏ် မဟုတ်ပါဘူး။ ရုပ်သစ်နာမ် သစ်ထပ်ဖြစ်တာပါ။ ဒါပေမယ့်လူ့ပြည်က အနာထပိဏ်နဲ့ကင်းပြီးတော့ မဖြစ်နိုင်ပါဘူး”
”ပဲ့တင်သံ ဥပမာ
ပဲတင်သံဥပမာကတော့ လိုဏ်ဂူကြီးထဲမှာ ဟေးကနဲတစ်ချက်အော်လိုက်ရင် ပထမအသံက လိုဏ်ဂူနံရံကို ရိုက် ပြီး ဟေး ဟေး ဆိုတဲ့ ဒုတိယ တတိယပဲ့တင်သံများ ပေါ်လာပါတယ်။ ဒုတိယ တတိယပဲ့တင်သံများဟာ ပထမအော်လိုက်တဲ့အသံမဟုတ်ပါဘူး။ အသစ်ထပ်ဖြစ်တာပါ။ ဒါပေမယ့် ပထမအော်သံနဲ့လည်း ကင်းပြီး မဖြစ်နိုင်ပါဘူး။အကြောင်းအကျိုးဆက်စပ်မှုကတော့ ရှိနေပါတယ်”
အဲဒါက လယ်တီဆရာတော်ဘုရားကြီးပေးတဲ့ ဥပမာတွေဗျ၊ ဒီသဘောကိုပဲ ချမ်းမြေ့ဆရာတော်ဘုရားက သံ လိုက်နဲ့ ဥပမာပေးထားသေးတယ်၊တိုက်တိုက်ဆိုင်ဆိုင်ဆိုရမလား ၊ ကံရဲ့သတ္တိဟာ ဘဝသစ်ကို ကူးပြောင်း သွားတာနဲ့ ပတ်သက်လို့ ကျနော့်အတွေးနဲ့ ဆရာတော်ဟောကြားချက်က လာတူနေတယ်ဗျ၊ ဆရာတော် ရှင်းပြပုံက ”သံလိုက်တစ်ခုအနားကို သံမှုန်လေးတွေ အပ်စလေးတွေ ဘယ်လိုရောက်လာသလဲ၊ သံလိုက်နဲ့ မထိရသေးဘူး၊ သံလိုက်နဲ့ သုံးလက်မ လေးလက်မ အကွာမှာပဲ ရှိသေးတယ်၊ အဲဒီသံမှုန်တွေက သံလိုက်ကို ပြေးပြီး သွားထိတယ်။ သံလိုက်ကြီးက သံမှုန်တွေကို ပြေးကပ်ပြီး ခေါ်လို့လား၊ မဟုတ်ဘူး၊ ဒါဖြင့် ဘာလဲ၊ အဲ ဒါ သံလိုက်ရဲ့ အားအရှိန်ပေါ့ တဲ့”။
ဒီတော့ရှေ့နာမ်တရား ပျက်ပြီးနောက်နာမ်တရား ဖြစ်တယ်။ရှေ့ရုပ်တရားပျက်ပြီးတော့ နောက်ရုပ်တရားဖြစ် တယ် ဆိုတာဟာ ရှေ့ရုပ်တရား နာမ်တရားပျက်ခြင်းအကြောင်း၊ မှန်တယ်။ အဲဒီ အကြောင်းကြောင့်ပဲ နောက်
ရုပ်တရား နာမ်တရား ဖြစ်ရတယ်။ ဒီတော့ ကြားထဲမှာ အကြောင်းက ဘာလဲလို့ဆိုတော့ရှေ့ကပါလာတဲ့ အရှိန်ပဲ။ အဲဒီအရှိန်ကြောင့် ရှေ့ကပျက်ရင် နောက်ကအသစ်ဖြစ်တာပဲတဲ့ဗျ”
”ခင်ဗျားရှင်းပြလို့သာ နားထောင်နေရတယ်၊ကျနော့်စိတ်ထဲမှာတော့ သိပ်ရှင်းလှတယ် မဟုတ်ဘူးဗျာ”
” သိပ်မှန်တာပေါ့ဗျာ၊ ခင်ဗျားရဲ့ အာရုံနဲ့လေ့လာလိုက်စားမှုဟာ ဒီအကြောင်းအရာရဲ့ ခေါင်းစဉ်အောက်မှာ ရှိ မနေတာကြောင့် ခင်ဗျား နားမရှင်းတာပါ၊ နားလည်ပါတယ်ပြောရင်လည်း ခင်ဗျား လိမ်တာပဲ ဖြစ်မယ်၊ သို့ပေ မဲ့ ခင်ဗျားကိုယ်တိုင် လေ့ကျင့်အားထုတ်တဲ့အခါ ဒီအကြောင်းအရာတွေကို ခင်ဗျားနားလည်လာပါလိမ့်မယ်၊ ခင်ဗျား နားမလည်ဘူးဆိုလို့ ကျနော်နဲ့မိုးကုတ်တရားတော် ရေစက်ဆုံပုံလေး ပြေးသတိရမိသေးတယ်”
”ခင်ဗျား တော်တော်လည်တဲ့သူပဲဗျာ၊ လက်စသတ်တော့ မိုးကုတ်တရားအကြောင်း ပြောချင်တာနဲ့ ကျနော့် ကို အထူးအဆန်းတွေနဲ့ မျှားခေါ်နေတာကိုး”
”ဟား ခင်ဗျားအတွက် အကျိုးမယုတ်ပါဘူးဗျာ ၊ နေလည်းပူနေတုန်းမို့ စကားဆက်လိုက်ကြရအောင်”
ကွင်းပြင်ဆီမှ တိုက်ခတ်လာသော လေပူသည် ထူထပ်သော ငှက်ပျောပင်အုပ်ကို ဖြတ်သန်းတိုးဝင်လျက်ရှိ၏။ ကျနော်တို့ထံရောက်လာသော လေသည်ညှင်းသက်လျက်ရှိသည်။ ထိုင်နေသာကွပ်ပျစ်သည် အဆောက်အဦ နှင့် ကပ်လျက်ရှိသောကြောင့် ကျနော်က နံရံကို ကျောမှီလျက်၊ ကိုသက်ခိုင်ကား ကွပ်ပျစ်အလယ်တွင်ထိုင် ရင်း ခပ်ဝေးဝေးကွင်းပြင်ဆီသို့ မျှော်ကြည့်ကာ သူ့စကားရှည်ကြီးကို အစပျိုးလေ၏။
”ကျနော်သေမှာကြောက်တာ ဒါပထမဆုံး မဟုတ်ဘူးဗျ။ အစစအရာရာ အဆင်ပြေနေတဲ့ အချိန်တုန်းက လည်း ကျနော်သေမှာ ကြောက်ဘူးသေးတယ်။ဘယ်က ဘယ်လို စပြီးခံစားမိမှန်း မမှတ်မိတော့ပါဘူးဗျာ။ အားလုံး ချောမွေ့အဆင်ပြေပြီး လက်ဖျားငွေသီးနေတဲ့အချိန် သေမှာကြောက်တဲ့ စိတ်ဝင်လာတယ်။လာတာမှ ဘာရောဂါမှ မရှိပဲ နေ့သေမလား။ညသေမလား ကြောက်နေတဲ့စိတ်။ ဇနီးလုပ်သူကတော့ ထုံးစံအတိုင်း အရက်အသောက်များပြီးနည်းနည်း ကြောင်တယ် ထင်နေတာ။ ကျနော်က သူ့ကို သေမှာကြောက်လိုက် တာကွာလို့ ခဏခဏ ထုတ်ညည်းနေတာကိုး။ ကျနော်ကလည်း ဒုက္ခရောက်လို့ သေမှာ ကြောက်တာ မဟုတ်ဘူး၊ သေရမှာကို တွေးတွေးပြီး ကြောက်တာ ။
ဒါနဲ့စိတ်ပြေလက်ပျောက် မိတ်ဆွေ တချို့ဆီသွားလည်ပတ်ရာက ဗိုလ်မှူးဇော်လင်းဆိုတဲ့ မိတ်ဆွေက ဒါများ ဗျာ ။ခင်ဗျားမိုးကုတ် ဆရာတော်ရဲ့တရားကို သွားနာလိုက် ။တော်တော်အကျိုးရှိမယ်တဲ့။ နေအုံး၊ သူလည်း တရားပွဲဆီသာ လမ်းညွှန်တာ သူနဲ့ကျနော်က ကာလူးချဖက်ဗျ။ပွဲပေါင်း များစွာနွှဲဖူးတယ်။ အော် ကာလူးဆို တာ အရက်ကို ပြောတာ။
ကျနော်လည်း ဟုတ်လိုဟုတ်ငြား သေမှာ ကြောက်တဲ့ရောဂါ သက်သာလို သက်သာငြား ရွှေတိ ဂုံစေတီ အရှေ့ဖက်မုဒ်က အကောက်ခွန်ဓမ္မာရုံ မှာလုပ်နေတဲ့ တရားပွဲဆီ ရောက်သွားတယ်။ တရားဟောတဲ့ ဘုန်းကြီး က မိုးကုတ်ဆရာတော်ကြီးရဲ့ တပည့်ဗျ။ ပရိသတ်ကတော့ ဓမ္မာရုံအပြည့်ပဲ ။ ကျနော်က မိုးကုတ်တရားကို နာလည်းမနာဖူးဘူး။ ကြားလည်း မကြားဖူးတော့ တရားလည်း စဟောရော ဒုက္ခရောက်တော့တာပဲ။
မိုးကုတ်တရားက စက်ဝိုင်းကြီးနဲ့ ဟောသူနာသူ အမေးအဖြေနဲ့ကိုး။နကန်းတလုံးမှ မသိတဲ့ ကျနော့်မတော့ ဘာမေးမှန်းမသိ ယောင်ချာချာနဲ့ဗျာ။ဒါပေမဲ့ ကျနော်က လွယ်လွယ် လက်လျှော့တတ်တဲ့ ဥာည်မရှိတော့ ငါလည်း မေးခွန်း နားထောင်ပြီး ပြန်ဖြေရင် ရ ရမယ်ဆိုပြီး သေချာ နား ထောင်တယ်။သေချာနားထောင်လေ ပိုဆိုးလေပဲဗျ။ ကြည့်လေ။ တရားဟောတဲ့ ဘုန်းကြီးက စက်ဝိုင်းကြီးကို ထောက်လိုက်၊ မေးလိုက်။ ရုပ်နာမ် ဘယ်နှစ်ပါးလဲဆိုတော့ သာမန် အရပ်သူ မိန်းမ တရားနာ ပရိသတ်က နှစ်ပါး ပါဘုရားတဲ့ ။ကျနော်က စဉ်းစား တယ် ။အဲဒီ နှစ်ပါးဆိုတာ ဘယ်ဟာ ဘာလိမ့်ပေါ့။ နောက်ခန္ဓာ ဘယ်နှစ်ပါးလဲ ဆိုတော့ ငါးပါးပါဘုရား တဲ့။အမယ်၊ တသံတည်း ထွက်နေ ကြတာဗျ။သူတို့ အားလုံး ကြိုသိထားကြ တယ်ထင်ပါ့ ဗျာ။
ကျုနော့်မလည်း နှစ်ပါးတောင် အစရှာမရသေးတာ ငါးပါးဆိုတော့ ပိုဆိုးတော့တာပေါ့။ ကျနော် တနာရီ လောက် နာနေတဲ့အချိန် ဒုက္ခကြီးလိုက်တာဗျာ။ကုန်ခဲလိုက်တဲ့ အချိန် ။တရားလည်းဆုံး ရော ဦးဇော်လင်းးက လာခေါ်ပြီး တရားဟောဘုန်းကြီးနဲ့ တွေ့ပေးတာတောင် ကျနော့် စိတ်က မပါတော့ဘူး။ နောက်အရက် သောက်တဲ့ဘက် ပြန်လှည့်ပြီး သေမှာကြောက်တဲ့ ဒုက္ခလည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားတယ်။ သို့သော် အဲဒီနေ့က ကျနော်ဟာ ဒုက္ခရဲ့အစကိုတွေ့ခဲ့ တာဗျ။ ကျနော်က နားမလည်ခဲ့လို့ ။ဒုက္ခတောင် မကပါဘူးဗျာ။ ပါတ်သက်ရာ၊ ပါတ်သက် ကြောင်းတွေပါ ပါသေး။ဘယ်ဟာလည်း ဒုက္ခဟုတ်လား။ တရားဟောတဲ့ ဘုန်းကြီးဘေးမှာ ထောင်ထားတာ ဒုက္ခ ပေါင်းစုံကို ဖော်ပြထားတဲ့ စက်ဝိုင်းကြီးဗျ။
အဲဒီစက်ဝိုင်းကြီးက ကျနော်တို့ ခန္ဓာကိုယ်တွေ ဘဝပေါင်းများစွာမှာ အဆက်မပြတ်လည်နေ တာကို ခြေရာ ကောက်ထားတာဗျ။ဘုရားဟောတဲ့ သဘောကို မိုးကုတ်ဆရာတော်ကြီးက စက်ဝိုင်းကြီး တစ်ခုတည်းမှာ ထည့်ပြီး ဆက်စပ်ပြထားတာ။ ဘုရားကတော့ ဒီစက်ဝိုင်းကို ဘယ်ဆွဲခဲ့မလဲဗျ။ဆရာတော်ကြီးက စာတွေ့ လက်တွေ့ ကျွမ်းကျင်တော့ ကျုပ်တို့လို ခပ်ဒူဒူလူမျိုးတွေ သိလွယ်အောင် ထင်ပါ့။စက်ဝိုင်းကြီး ဆွဲပြပြီး ရှင်းခဲ့ တာ။
ကျနော်မိုးကုတ်တရားကို ကြော်ငြာနေတာ မဟုတ်ဘူးဗျ။ ထူးဆန်းတာ ရှိသေးတယ်။ ဘာတခုမှ တရားနဲ့ ပါတ်သက်လို့ ရေရေရာရာ မသိခဲ့တဲ့ ကျနော်ဟာ လေ့ကျင့်ခန်းလုပ်လို့ မကြာခင် ဘယ် တရားစာဖတ်ဖတ် ၊ဘယ်အခွေနားထောင်နားထောင် ချက်ကနဲ နားခွက်က မီး ထတောက်သလို သိသိသွားတယ်။ပြောရင် ယုံနိုင်စရာ မရှိဘူး။ ကျနော်သိချင်တာ တခုခု စွဲစွဲ လန်းလန်း ဖြစ်လာလို့ စာအုပ်တအုပ် ကောက်လှန်လိုက်ရင် ကျနော်သိချင်တဲ့ အကြောင်းက အဲဒီစာမျက်နှာမှာ တန်းတန်း ပြီး ပေါ်လာတယ်ဗျ။တကြိမ်တည်း မဟုတ်ဘူးဗျာ။အကြိမ်ပေါင်းများစွာ ဖြစ်လာတော့ နတ်တွေ သိကြားတွေ ဖန်ဆင်းပေးနေလို့တောင် ထင်မယ်ဆို ထင်စရာပေါ့ ဗျာ။စက်ဝိုင်းကြီး အကြောင်း ဟုတ်လား။ သူများနားလည်တာနဲ့ ကျနော်နားလည် တာ တူချင်မှတူမယ်ဗျ။ ကျနော်နား လည်တဲ့ အပိုင်းလောက်ကို ပြောပါရစေဗျာ။
မှန်တာကို မသိမှုကနေ ၊ မဟုတ်တဲ့ အားထုတ်မှုတွေ ကိုဖြစ်စေသတဲ့။
မဟုတ်တဲ့ အားထုတ်မှုတွေက ။ နောင်ဘဝ အတွက် ဝိညာဏ် အသစ် ဖြစ်စေသတဲ့။
အဲဒီ ဝိညာဏ် က ခန္ဓာကိုယ်နဲ့ စိတ် အစုကို ဖြစ်စေသတဲ့။
ကိုယ်နဲ့ စိတ်အစုကနေ အာရုံခံ ကိရိယာတွေ ဖြစ်လာစေ သတဲ့။
အာရုံခံ ကိရိယာတွေဟာ ။အာရုံတွေကို တွေ့ လာစေတယ်တဲ့။
တွေ့ လာတဲ့ အာရုံတွေဟာ ။ခံစားမှုကို ဖြစ်စေတယ် တဲ့။
ခံစားမှုတွေဟာ စွဲလန်းမှုကို ဖြစ်လာစေတယ်တဲ့။
စွဲလန်းမှုကနေ ပြင်းထန်တဲ့ ငြိတွယ်မှု ဖြစ်စေသတဲ့။
ငြိတွယ်မှုကနေ ၊ လူမှုဘဝ တခုဖြစ်စေသတဲ့။
လူမှုဘဝ ကြောင့် ခဏခဏ မွေးလိုက်သေလိုက်ဖြစ်စေသတဲ့။
မွေးလိုက်သေလိုက် အဖြစ်ကြောင့် ပူဆွေးပင်ပန်းမှုတွေ ဖြစ်စေသတဲ့ ။
ပူဆွေးဆင်းရဲခြင်းတွေဟာ ပါတ်သက်မှု၊ ရှုပ်ယှက်ခတ်မှုတွေဖြစ်စေတော့တာပဲတဲ့။
ဒါက ကျနော်နှစ်သက်တဲ့အပိုင်းလေးကို ရွေးပြောတာပါ။ သံသရာလည်ပုံ၊ သံသရာဖြတ်ပုံတွေပါ ရှင်းပြထား တာမို့ အခွင့်အခါသင့်တဲ့အခါ သူတော်ဆည်းကပ် မြတ်တရားနာ ကြည့်ပေတော့။
ကျနော့်စိတ်မှာတော့ ကျနော်လေ့ကျင့်ထားတဲ့ အတွေ့အကြုံနဲ့ ဟတ်နေတော့ အဲဒီစက် ဝိုင်းလည်ပုံကို ရှင်း နေတယ်။ ကျနော်ပြောတဲ့ စကားအသုံးအနှုံးက လိုချင်လိုမပေါ့ဗျာ။ ခင်ဗျားက မူရင်းအတိုင်းလည်း ရမယ်။ အဓိပ္ပါယ်ကိုလည်း ခန္ဓာကိုယ်နဲ့ဆက်စပ်ပြီး သဘောပေါက်ရင် အတိုင်းထက်လွန် တံခွန်နဲ့ကုက္ကားပေါ့” (နောင်အခါ ဘာသာရေးစာအုပ်များကို ရှာဖွေဖတ်ရှုမိချိန်တွင် ထိုနေ့က ကိုသက်ခိုင်ပြောဆိုခဲ့သော ပဋိစ္စ သမုပ္ပါဒ် အနက်ကို ဗုဒ္ဓဘာသာကောင်း တယောက် စာအုပ်။ အခန်း(၁၃)။ စာမျက်နှာ (၃၈၁)တွင် အောက်ပါ အတိုင်း ဖော်ပြထားသည်ကို တွေ့ရသည်။)
ပဋိစ္စ သမုပ္ပါဒ် အနက်(နိသျ)
အဝိဇ္ဖာပစ္စယာ၊ အဟုတ်အမှန်ကို မသိမမြင်။ မထင်မလင်းမှုဟူသော။အကြောင်းတရားထင် ရှားရှိနေခြင်း ကြောင့် ၊ သင်္ခါရာ ၊ ပစ္စုပ္ပါန်အမှု သံသရာအမှုတို့ကို ပြုစုပျိုးထောင်ခြင်းတည်း ဟူသော သင်္ခါရမှုတို့ သည် သမ္ဘဝန္တိ ၊ ဖြစ်ပွား ကုန်၏။
သင်္ခါရ ပစ္စယာ ။ ပစ္စုပ္ပန် အမှု သံသရာအမှုတို့ ကို ပြုစုပျိုးထောင် ခြင်း ဟူသော သင်္ခါရ တရား ထင်ရှားရှိနေ ခြင်းကြောင့်။ ဝိညာဏံ ၊ ဘဝသစ်၌ ဝိညာဏ်သစ် ဖြစ်ပေါ်မှုသည် ။ သမ္ဘဝတိ၊ ဖြစ်ပွား၏။
ဝိညာဏ ပစ္စယာ ၊ ဝိညာဏ်သစ်ဖြစ်ပေါ်မှုကြောင့် နာမရူပံ နာမ်အစု ရုပ်အစုတို့ သည်။ သမ္ဘဝတိ ဖြစ်ပွား၏။
နာမရူပ ပစ္စယာ ၊ နာမ်အစု ရုပ်အစု ဖြစ်ပွားမှုကြောင့် သဠာယတနံ ။ ဒွါရ ၆မည် အကြည် ၆ ပါး သဠာယတန တရားအစုသည် သမ္ဘဝတိဖြစ်ပွား၏။
သဠာယတန ပစ္စယာ ။ဒွါရ ၆မည် အကြည် ၆ပါး ၊ ထင်ရှားရှိခြင်းကြောင့် ဖေဿာ ၊ အာရုံကို တွေ့မှုဟူသော ဖဿ ၆ ပါးသည် သမ္ဘဝတိ ဖြစ်ပွား၏။
ဖဿပစ္စယာ ဖဿ ၆ပါး ထင်ရှားရှိနေခြင်းကြောင့် ဖေဿာ ၊ အာရုံကို ခံစားမှုဟူသော ဝေဒနာ ၆ပါး သည် ၊ သမ္ဘဝတိ၊ ဖြစ်ပွား၏။
ဝေဒနာ ပစ္စယာ၊ ဝေဒနာ ၆ပါး ထင်ရှားရှိနေခြင်းကြောင့် တဏှာ ၊ ဝတ္ထုအာရုံ ကာမဂုဏ် ခုံမင် တွယ်တာ၊ သာယာကပ်ငြိသော တဏှာ ၆ပါးသည် သမ္ဘဝတိ ဖြစ်ပွား၏။
တဏှာပစ္စယာ ၊ တဏှာ ၆ ပါးထင်ရှားရှိနေမှုကြောင့်။ ဥပါဒါနံ မလွှတ်နိုင် မခွာနိုင် ပိုင်ပိုင် စေးချွဲ အတွယ်မြဲသော ဥပါဒါန် တရားသည် သမ္ဘဝတိ ဖြစ်ပွား၏။
ဥပါဒါနပစ္စယာ ၊ ဥပါဒါန် အထင်အရှား ရှိနေမှုကြောင့် ။ ဘဝေါ၊ လောက အစီးအပွား သံသရာ အစီး အပွား ဟူသော ကံတရား ဝိပါတ် တရားစုသည် သမ္ဘဝတိ ဖြစ်ပွား၏။
ဘဝပစ္စယာ ၊ ပစ္စုပ္ပန်စီးပွားမှု ထင်ရှားရှိနေခြင်းကြောင့် ဇာတိ ။ အဖန်ဖန် ပဋ္ဋိသန္ဓေနေမှု ထင်ရှား ရှိနေခြင်းသည် သမ္ဘဝတိ ဖြစ်ပွား၏။
ဇာတိပစ္စယာ ပဋ္ဋိသန္ဓေနေမှု ထင်ရှားရှိနေခြင်းကြောင့် ။ ဇရာမရဏံ အဖန်ဖန် အိုမင်း ရင့်ရော် သေဆုံးမှု သည် လည်းကောင်း၊ သောက ပရိဒေဝ ဒုက္ခဒေါမနဿုပါယာသာ။ စိုးရိမ် ပူဆွေး ငိုကြွေး မြည်တမ်း ပင်ပန်း ဆင်းရဲ နှလုံးမသာယာမှု ။ သက်ကြီး ရှိုက်ငင် ပင်ပန်း မှုတို့ သည် လည်းကောင်းသမ္ဘဝတိ ဖြစ်ပွားကုန်၏။
ဧဝံ ဤသို့ကေဝလသာ ၊ ချမ်းသာမဖက် ဆင်းရဲသက်သက် သာဖြစ်သော ဧတဿ ဒုက္ခက္ခန္ဓဿ ၊ ဤ ဆင်းရဲ ခြင်းဒုက္ခ အစု၏ သမုဒ္ဒယော ဖြစ်ပွားစေခြင်းသည် ဟောတိ ဖြစ်၏။
………………………………………..
ထိုအချိန်တွင် ဆင်သေချောင်းအတွင်းမှ မော်တော်ဘုတ်သံကြားရပြီး၊ ချက်ချင်းဆိုသလို ဗိုလ်ကြီးအဆင့် ယူနီဖောင်းဖြင့် လူငယ်တဦး ကျနော်တို့ဆီသို့ လျှောက်လာနေ၏။ ထိုဗိုလ်ကြီးက ကိုသက်ခိုင်ကို မြင်သည်နှင့် ဝမ်းသာအဲလဲ နှုတ်ဆက်သည်။
” ဦးသက်ခိုင်ကြီး ဘယ်တုန်းက ရောက်နေတာလဲဗျ၊ ကိစ္စရှိရင် ပြောနော်၊ ကျနော့်ကို အားမနာနဲ့၊ အဖေက လည်း ဦးသက်ခိုင်ကြီးကို မေးမေးနေလေရဲ့၊ တခုခု စားပြီးမှ ပြန်ပါလား”
”နေပါစေတော့ အောင်နိုင်လူရာ၊ ငါတို့ရောက်နေတာ ကြာပေါ့၊ မင်းအဖေနေကောင်းရဲ့ မဟုတ်လား”
ကျနော်ကား သူတို့နှစ်ဦး တရင်းတနှီး နှုတ်ဆက်နေပုံက ဘေးမှ ငေးမောနေမိသည်။ အဆိုပါ တာဝန်ခံ ဗိုလ်ကြီးက ကျနော်တို့စခန်းခွဲရှိရာသို့ မော်တော်ဘုတ်ဖြင့် ပြန်ပို့လိုသည်ကို ကိုသက်ခိုင်က ခပ်အေးအေး ငြင်း ဆန်ကာ နှစ်ဦးသား ကန်ဘောင်ရိုးအတိုင်း ပြန်ခဲ့ကြရင်း ကျနော်က သူ့ကို စပ်စုမိပြန်သည်။
” ခင်ဗျားက တယ်ပိုင်ပါလား၊ ဘယ်တုန်းက သိနေတာဗျ”
” အော်၊ သူ့အဖေနဲ့ ကျနော်က သူငယ်ချင်းပါဗျာ၊ သူကလေးဘဝကတည်းက ကျနော့်ဆီမှာ မုန့်ဖိုးတောင်း နေကျပါ၊ တမိသားစုလုံးနဲ့ ခင်ပါတယ်၊ ဒါက အခုအချိန်မှာ ဘာမှ အရေးမပါတော့ဘူး”
”မသိပါဘူးဗျာ၊ ခင်ဗျားက တရားတွေဘာတွေ ပေါက်ပြီး တွေ့သမျှလူက အရေးတယူလုပ်တာ ခံရတဲ့ အဆင့် ကို ရောက်နေပြီလားလို့၊ ဒါနဲ့ ခင်ဗျား မဂ်ဆိုက်ဖိုလ်ဆိုက် ဖြစ်ခဲ့သလားဗျာ”
” အောင်မလေး ကြီးလိုက်တဲ့အချွန်ဗျာ၊ ကျနော်ဟာ မဂ်ဖိုလ်ဆိုက်ခဲ့သလားတဲ့၊ ခင်ဗျားမေးခွန်းကို ကျနော် ဖြေပါ့မယ်။ သို့သော် ဒီနေ့တော့ ဒီမျှနဲ့ ရပ်ပါရစေ၊ ဟိုမှာ မင်းနောင်တို့အုပ်စု ဘုတ်တက်လာကုန်ကြပြီ၊ ညစာ အတွက် စီစဉ်စရာရှိတာ စီစဉ်ရအောင် စခန်းခွဲအရောက် ခြေကုန်သုတ်ကြအုံးစို့ဗျာ”
ထိုနေ့က ကျနော်တို့စခန်းခွဲသို့ ပြန်ရောက်ချိန်တွင် ဖိုကြီးဆီမှ ထမင်းဝေမယ်၊တန်းစီမယ် ဟူသော အသံနှင့် အတူ ရဲဘက်တို့ တရုန်းရုန်း ဖြစ်နေချိန်ဖြစ်၍ နှစ်ဦးသား နှုတ်ဆက်ချိန်ပင် မရပဲ ရဲဘက်များအကြားတွင် လူချင်းကွဲခဲ့ကြပါသည်။
ဆက်လက်ဖော်ပြပါမည်။
ရုပ်ပုံ။ ။ဂူဂဲလ်