ဖြစ်ပျက်ရှာပုံတော် ခရီးသည်(၁၅)
၁၅။ မိုးနှင့်အတူ
အရပ်ရှစ်မျက်နှာစလုံး အုံ့မှိုင်းညိုမှောင်ကာ မိုးကြီးသည်းစွာ ရွာနေချိန်ဖြစ်၏။ မိုးပြင်းသာမက တခါတခါ လေပြင်းပါ ကူလေသောကြောင့် ကျွန်တော်တို့ ရဲဘက်အကျဉ်းသားများအိပ်ဆောင်မှာ သိမ့်ကနဲ သိမ့်ကနဲ လှုပ်ယမ်းလျက်ရှိ၏။ထို့ပြင်တဝ ရံဖန်ရံခါ လျှပ်စီးဝင်းဝင်းလက်ကာ မိုးကြိုးပစ်သံများကိုပါ ကြားနေရ၏။ အချိန်ကား နံနက်ကိုးနာရီခန့် ဖြစ်၍ ရဲဘက်တို့ ဘုတ်ဆင်းနေကြချိန်ဖြစ်သည်။ အိပ်ဆောင်ပေါ်တွင်ကား ကျနော် ၊ကိုသက်ခိုင်နှင့် ဆေးနားရဲဘက်တဦးအပြင် ပင်မစခန်းမှ ဆေးမှူး ကိုမြင့်ဇော်တို့ ရှိနေကြ၏။ ဆေးမှူးကိုမြင့်ဇော်ကား ကျနော်တို့ စခန်းခွဲသို့ တလတခေါက်ပင် မှန်မှန်ရောက်သူ မဟုတ်သော်ငြား ကိုသက်ခိုင်၏ ပင့်ဖိတ်မှုကြောင့် စခန်းခွဲသို့ မိုးကြီးသည်းချိန်တွင် ရောက်နေခြင်းဖြစ်သည်။ သူလာစဉ်အချိန် နံနက်(၈)နာရီခန့်ကမူ မိုးသည် ဤမျှမသည်းလှ။ သူရောက်ပြီး နာရီဝက်ခန့်ကြာမှ ကြောက်ခမန်းလိလိ မိုးသည်းလာခြင်းဖြစ်၏။
ကိုသက်ခိုင်သည် အဆောင်ပေါ်တွင် အမြဲတစေ နေလေ၊့အိပ်လေ့ ရှိသူမဟုတ်သဖြင့် မူဆလင်ကိုတင်ဝင်း၏ အိပ်ရာလိပ်ကို မှီလျက် ဆေးမှူး ကိုမြင့်ဇော်တယောက် ဆေးနားလူနာရဲဘက်အား ရောဂါအခြေအနေ မေးမြန်းစစ်ဆေးနေခြင်းကို ခပ်လှမ်းလှမ်းမှ အကဲခတ်လျက်ရှိ၏။ ကျနော်ကား ကိုသက်ခိုင်၏ ဘေးတွင် နီး ရာအိပ်ယာလိပ်တခုကို မှီရင်း သူ့ကို အကဲခတ်နေရင်း စိတ်ထဲတွင် မရှင်းလှသည်နှင့် မေးခွန်းထုတ်လိုက်မိ သည်။
“နေပါဦးဗျ။ ခင်ဗျားပဲ ကျနော့်ကို ဆေးမှူးခန့်ထားပြီး အခုကိုမြင့်ဇော်ကို ဇွတ်ခေါ်ပြီး ပြရအောင် သူ့မှာ ဘာဆေးတွေများ ထွေထူးပြီး ပါလာမှာမို့လဲဗျာ”
ကိုသက်ခိုင်က သူ့မျက်လုံးအစုံကို ဆေးမှူးနှင့်လူနာထံမှ မခွာပဲ ကျနော်ကို လက်ကာပြလိုက်၏။ သူလက် ကာပြကာမှ ကျနော့်သိချင်စိတ် ပို၍ပြင်းပြလာသောကြောင့် နောက်တခွန်းမေးမိပြန်သည်။
“ခင်ဗျားရဲ့ဆေးနားချာတိတ်ကို ကြည့်ရတာ ကလိမ်ကျပြီး ဆေးခွင့်တောင်းတာ ထင်ပါရဲ့ဗျာ။သူ့ပုံစံက လူကောင်းပကတိပါ။ ကျနော်အံ့သြတာက ဒီချာတိတ်ဟာ ဆေးနားရသင့်တယ်လို့ စခန်းခွဲတာဝန်ခံကို ခင်ဗျားကိုယ်တိုင် ထောက်ခံလိုက်တဲ့ကိစ္စပဲ”
ဤတကြိမ်တွင်မူ ကိုသက်ခိုင်က ထုံးစံအတိုင်း မဲ့ပြုံးပြုံးလိုက်ရင်း နှုတ်မှ အသံထွက်လာ၏။
“အရေးထဲ စခန်းခွဲဆေးမှူးကြီးကလည်း တမှောင့်ပါလား၊မိုးတွေခြိမ်းနေတယ်နော်။ သူတော်ကောင်းကို ပစ်မှား မိရင် မိုးကြိုးပစ်မယ်။ ခဏလေးနေစမ်းပါဗျာ။ခင်ဗျား သိချင်တဲ့ အဖြေ မကြာခင်သိရပါစေ့မယ်”
သို့တစေ သူ့မျက်လုံးများကား ဆေးမှူးနှင့်ဆေးနားလူနာထံမှ မရွေ့ ။ဆေးမှူးကား အဆိုပါ ဆေးနား လူနာကို ကိုယ်အပူချိန်တိုင်းခြင်း ၊ ပါးစပ်ဟခိုင်းခြင်း စသည်ဖြင့် သူတတ်သမျှ မှတ်သမျှနည်းတို့ဖြင့် ရောဂါ ဇစ်မြစ်ကို ရှာဖွေလျက်ရှိသည်။ ရဲဘက်လူနာမှာ စိုးရိမ်ထိတ်လန့်ဟန်ရှိသော်ငြား တစုံတခုကို ဖုံးကွယ်လိုဟန် ရှိသည်ကို ကျနော်သတိပြုမိ၏။ အတန်ကြာသော် ဆေးမှူးက ကိုသက်ခိုင်ကို လှမ်းကြည့်လိုက်ရင်း ….
“ဗျို့ ၊ဆရာသက်၊ ဆရာ့ လူက အဖျားသွေးတော့ မရှိဘူးဗျာ။ ဘယ်လိုခံစားရလဲ ဘာဖြစ်နေတာလဲ မေးတော့ လည်း မြုံစိစိ၊ ဝေ့လည်ကြောင်ပတ်လုပ်နေတယ်”
“ ဒါဆိုလည်း ဆေးမှူး ကျနော့်နား လာပါလားဗျာ၊ ဝိုင်းမေးကြတာပေါ့”
ကိုသက်ခိုင်ကား ဘာကို ရည်ရွယ်သည် မသိ၊ အိပ်ယာလိပ်ကို မှီနေရာက မထပဲ ဆေးမှူးကို သူ့အနားလာ ရန် ခေါ်နေပြန်၏။ ဆေးမှူးကိုမြင့်ဇော် သူ့အနားရောက်ချိန်တွင် လူနာအား ..
“ ကဲ မင်းလည်း ဒီဖက်ကို ကြွပါအုံး” ဟု ခေါ်ပြန်ပါလေ၏။ကျနော်ကား သူ့အပြုကို ငေးကြည့်နေရာက ဆေးနားလူနာ သူရှိရာသို့ ထလာနေပုံကို ကြည့်ရင်း တစုံတခု ထူးခြားနေသည်ကို သတိပြုလိုက်မိသည်။ ဆေးနားလူနာသည် ပုဆိုးစကိုကိုင်ရင်း ထော့နင်းထော့နင်းဖြင့် ကိုသက်ခိုင့် အနီးသို့ ရောက်လာသည်။
“ ကဲ ကိုယ့်လူ၊ ပုဆိုးလှန်ပြီး ဆေးမှူးကို မင်းဥစ္စာ ပြလိုက်ပါကွာ”
ဟူသော စကားသံအဆုံး၌ ကိုသက်ခိုင်နှင့်အနီးဆုံးတွင် ရောက်နေသည့် ဆေးနားလူနာက ခပ်ရွံ့ရွံ့ အမူအရာဖြင့် သူ့ပုဆိုးကို မတင်ကာ သူ့ငယ်ပါကို လက်ဖြင့် ခပ်ဆဆကိုင်ကာ ကိုသက်ခိုင်နှင့် ဆေးမှူးကို ပြပါလေတော့သည်။ဤတွင် ကျနော်လည်း သိချင်ဇောဖြင့် လှမ်းကြည့်မိရာ အဆိုပါဆေးနာလူနာ၏ ယောက်ျားအဂါင်္ပတ်လည်တွင် အသီးထလျက်ရှိသော အနာတို့ကို ကြောက်မက်ဖွယ်ရာ တွေ့ရပါလေ၏။ ကိုသက်ခိုင်က ဆက်၍
“ တလက်စတည်း မင်း ဖင်ကိုပါ လှန်ပြလိုက်ပါအုံး”
ဟု ဆိုပြန်သဖြင့် လူနာမှာ ကိုသက် ခိုင် အမိန့်ပေးသည့်အတိုင်း ပြသပြန်ရာ သူ့စအိုဝပတ်လည်တွင်လည်း အသီးထနေသော အနာများကို တွေ့ရပြန်သည်။ ကျနော်မြင်ရသည့် သူ့အနာများမှာ ဂေါ်ဖီပွင့်မှ အသီးထနေပုံနှင့် တူလှသည်။
“လက်စသတ်တော့ မင်းဥစ္စာ ကျိုးနေတာပါကလား” ဟု ဆေးမှူးက စိတ်ပျက်သည့်လေသံဖြင့် ခပ်ညည်း ညည်းဆိုလေသည်။
“ အဲဒါပဲ ကိုမြင့်ဇော်ရာ၊ သူ့ဥစ္စာ ရိုးရိုးကျိုးတဲ့ အဆင့်မဟုတ်တော့ဘူး၊ ကျနော့်စိတ်ထင် ဆစ်ဖလစ် ဒုတိယ အဆင့်လောက်ဖြစ်နေတာ၊ဒီကောင်ဖြစ်နေတဲ့ ပုံစံက အချိန်မီ မကုနိုင်ရင် လူညွန့်တုံးတော့မှာ၊ စခန်းခွဲ တာဝန်ခံကို အမှန်အတိုင်း ပြောပြန်ရင်လည်း ဒီရောဂါခေါင်းစဉ်နဲ့ ပင်မစခန်းကို ပြန်လွှတ်မဲ့ပုံ မပေါ်ဘူးဗျာ၊ ဒါကြောင့် ခင်ဗျားကို ကျနော် ဇွတ်ပင့်ခဲ့တာပေါ့”
ဤသို့လျှင် ကိုသက်ခိုင်တယောက် အဆိုပါ အမျိုးကောင်းသားကို ပင်မစခန်းသို့ ပြန်ပို့ကာ အချိန်မီ ဆေးဝါး ကုသနိုင်ရေးအတွက် ဆေးမှူးနှင့် ဇယားဆွဲနေလေ၏။ ဆေးမှူးက ကိုသက်ခိုင်ပြောသမျှ ခေါင်းတငြိမ့်ငြိမ့် လုပ်ရင်း၊ နောက်ဆုံးတွင် အဆိုပါလူနာအား အခြားရောဂါတမျိုးအမည်တပ်ကာ စခန်းခွဲတာဝန်ခံသို့ ထောက်ခံတင်ပြရန် သဘောတူလေသည်။
ရဲဘက်တို့ ထမင်းစားဘုတ် တက်လာချိန်တွင်ကား အိပ်ဆောင်တခုလုံး ကျနော်တို့အတွက် နေစရာမရှိတော့ ချေ။ ရဲဘက်ကော အကျဉ်းဦးစီးဝန်ထမ်းများပါ ကြွက်စုပ်ရေနစ်လာသည့်တူနေပြီး တဆောင်လုံး ရွှဲရွှဲစို ကုန် သောကြောင့်ဖြစ်၏။ ဆေးမှူးကား စခန်းတာဝန်ခံထံသို့ သတင်းပို့ရန် အဆောင်မှူး အိမ်ဖက်ဆီသို့ ရဲဘက် ထီးတော်မိုး တယောက်နှင့်အတူ အဆောင်ပေါ်မှ ဆင်းသွားလေပြီ ။ကိုသက်ခိုင်ကား မိုးသည်းနေသည့် ကြားမှပင် ဝါးခမောက်ရှာကာ သူ့တဲဆီသို့ ပြန်ရန် ပြင်နေသည်။
“လာဗျာ၊ ဒီမောင်တွေနဲ့ မျက်စိကော နားပါရှုပ်နေပြီ၊ ကျနော့် ယာယီနန်းတော်ကို ပြန်ကြစို့ရဲ့၊မိုးရွာနေတာ လည်း ဟန်တမျိုးကျတာပဲဗျာ၊ အဝတ်တွေ မလျှော်တာ ကြာပေါ့၊ မိုးရေနဲ့ဆို အဝတ်လျှော်ရတာ ပိုပြီး အဆင် ပြေတယ်ဗျ”
ပြောပြောဆိုဆို သူ့တဲဆီသို့ မိုးသည်းသည်းထဲမှာပင် အပြေးတပိုင်း လျှောက်သွားလေရာ ကျနော်လည်း နီးရာ ထီးစုပ်တချောင်းဖြင့် သူ့နောက်မှ လိုက်ပါသွားရပြန်သည်။ ကိုသက်ခိုင်သည် တဲသို့ရောက်သည်နှင့် ဇလုံကြီးတခုထဲမှာ အဝတ်တွေကို ပစ်ထည့်၊ဆပ်ပြာမှုန့်အချို့နှင့်ရောမွှေကာ အဆိုပါဇလုံကို တံစက်မြိတ် အဝမှာ ချထားလိုက်သည်။ထို့နောက် နှစ်ယောက်သား တဲပေါ်မှာ အသင့်ရှိနေသည့် ထမင်းဟင်းကျန် တချို့နှင့် နေ့လည်စာကို ကျေနပ်လိုက်ကြရသည်။ ကိုသက်ခိုင်ကား ထုံးစံအတိုင်း ထမင်းစားပြီးသည်နှင့် ကွမ်းတယာကို မြုံ့နေစဉ် ကျနော်က စကားစလိုက်မိပြန်သည်။
“ နေပါဦးဗျ၊ ဒီချာတိတ် ကျိုးနေတာ ဆေးမှူးက ရောဂါ ရှာမတွေ့ပဲ ခင်ဗျားက ဒက်ထိပြောနိုင်တယ်ဆိုတော့ ခင်ဗျားက အကြားအမြင်ရနေရော့သလား”
“လွဲချက်ကတော့ ကမ်းကုန်ပဲဗျာ၊ နံရံမှာ နားတွေ ရှိတယ်လို့ ဆိုတယ်မဟုတ်လား၊ ဒီချာတိတ်က သူ့ရောဂါ မဟန်ပုံပေါ်တာကြောင့် ပင်နယ်ဆလင်ငါးသိန်းအား ဘယ်မှာ ရနိုင်မလဲဆိုပြီး လျှောက်ရှာနေတဲ့ သတင်း ကျနော် ရပြီးသားဗျ၊ကြားရတဲ့ သတင်းထဲမှာ ဂေါ်ဖီပွင့်လို အဆုပ်ဆုပ်ဖြစ်နေတာလည်း ပါတာမို့ ဒီကောင် ဖြစ်နေတာ ဆစ်ဖလစ်ဆိုတာ ကြိုမှန်းနို်င်တာပေါ့ဗျာ”
“ အော် တယ်ဟုတ်ပါလား၊ ဒီချာတိတ် ဒီလောက်သောင်းကျန်းတာ သူ့ထိုက်နဲ့ သူ့ကံ ပစ်ထားလိုက်ရော ပေါ့ဗျာ”
“ ဒီလိုလည်း မဟုတ်သေးဘူးဗျ၊လူမှန်သမျှ ကာမဂုဏ်နဲ့ ကင်းနိုင်ခဲတာကလား၊အမှန်တော့ ရဲရဲဝံ့ဝံ့ ဝန်မခံရဲ ကြလို့ပါ၊ခင်ဗျားကော ကျနော်ပါ ဒါမျိုးမကင်းခဲ့ကြပါဘူး။ ဝန်ကြီးချုပ်ဟောင်း ဦးနုလို ပုဂ္ဂိုလ်မျိုးတောင် မကင်း နိုင်လို့ သူကြုံခဲ့တဲ့ ပြည့်တန်ဆာဇာတ်လမ်းနဲ့ ရောဂါအကြောင်း တာတေစနေသားမှာ ရေးပြဖူးတယ်လေ။ ရေးပြရဲတဲ့ သူ့သတ္တိကတော့ လေးစားလောက်တယ်ဗျာ။ ခင်ဗျား သေချာစဉ်းစားကြည့်ပါ။ အခု ရဲဘက်မှာ တွေ့နေရတဲ့ အကျဉ်းသားကော ဝန်ထမ်းပါ သူတို့စိတ်ထဲ၊မမြင်ကွယ်ရာလို့ ထင်နေတဲ့ တချိန်ချိန် တနေရာ ရာမှာ ကိုယ်တုံးလုံးနဲ့ ကာမဂုဏ်ခံစားခဲ့ဖူးသူချည်းပါပဲ။ ထို့အတူ ဒီတနယ်လုံးမှာ၊ပြည်နယ်တိုင်း တခုလုံးမှာ တနိုင်ငံလုံးမှာ တကမ္ဘာလုံးမှာ တလောကလုံးမှာ ရှိရှိသမျှ သတ္တဝါတွေဟာ ဆိတ်ကွယ်ရာတခုခုမှာ အဝတ်ဗလာနဲ့ ကာမဂုဏ်ကို တနည်းနည်းနဲ့ ခံစားနေကြခံစားခဲ့ကြသူတွေချည်းပါပဲဗျာ။ကာမဂုဏ်နဲ့ လုံးလုံး လျားလျား ကင်းတဲ့သူဆိုတာ ရာနှုန်းအင်မတန် နည်းလှပါတယ်။
ဒါကြောင့် ပညာရှိ သူတော်ကောင်းတွေက ကာမဂုဏ်ကို ညွှတ်ကွင်းနဲ့ ဥပမာပေးခဲ့ကြတာပါပဲ။ စွန်းလွန်းဆရာတော်ကြီးလို ပုဂ္ဂိုလ်မျိုးကတောင် “ကာမဘုံဟာ အတော်စွဲမက်စရာကောင်းတယ်၊ ရုန်းထွက်ဖို့ခက်တယ်၊ ဘုန်းကြီးတောင် ကံကြီးလို့ အလွတ်ရုန်းထွက်လာနိုင်တာ”လို့ မိန့်ဖူးသဗျ၊ အဲသလိုအမြင်မျိုးနဲ့ဆင်ခြင်ကြည့်ရင် ဒီကလေး ဖြစ်နေ တဲ့ ရောဂါအတွက် သူ့ကို အပြစ်ဆိုစရာ အကြောင်းမမြင်ပါဘူး။ ဒီကိစ္စကို ကျနော်ဝင်ပါရတာက သူ့ရောဂါဟာ ဒီအဆင့်မှာ သေချာမကုပဲ ဆေးမြီးတိုနဲ့ လျှောက်လုပ်နေရင် လူညွှန့်တုံးသွားနိုင်တာမို့ မဖြစ်သင့်တာ မဖြစ် အောင်ဆိုပါတော့။ တကယ်တော့ ကာမတဏှာ၊အချစ်၊ သံယောဇဉ် ဆိုတာတွေဟာ သတ္တဝါတွေရဲ့ နက်ရှိုင်း တဲ့ အတွင်းပိုင်းတနေရာကို ဗဟိုပြုပြီးလှုပ်ခတ်တဲ့ ဖြစ်ပျက်တမျိုးပါပဲ”
“ ဟ၊ တော်ရုံပညာရှိတွေတောင် အဓိပ္ပါယ်မဖော်နိုင်တဲ့ အချစ်ဆိုတာ ဖြစ်ပျက်တဲ့လား၊ သေချာရှင်းပါအုံးဗျာ”
“ အင်း၊ ဆယ်တန်းကျောင်းသားတယောက်က ရူပဗေဒသင်ဖူးတယ်ဆိုရုံမျှနဲ့ အိုင်စတိုင်းရဲ့ နှိုင်းရဓမ္မကို နားလည်အောင် အရှင်းခိုင်းသလို ပါပဲလား”
“ခင်ဗျားကလည်း ထစ်ကနဲရှိတာနဲ့ ကျနော့်ကို ပါးပါးလေးနွှာတော့တာပဲ။ အခုကျနော်လည်း ဖြစ်ပျက်ကို ရိပ်မိနေပါပြီဗျ။ ခင်ဗျား ပြောတဲ့အချက်တွေအတိုင်းဆို ကျနော်တို့ ခန္ဓာကိုယ်တခုလုံးဟာ အမှုန်ကလေးတွေ နဲ့ ဖွဲ့ထားတယ်။ အဲဒီအမှုန်လေးတွေဟာ သူ့အလိုလို ဖြစ်လာတယ်၊ပျက်သွားတယ်။ မခိုင်မြဲခြင်း ၊ ပျက်စီး သေဆုံးခြင်း ၊ မိမိကိုယ်တိုင် ထိန်းချုပ်မရခြင်း ဆိုတဲ့သဘောတွေ ရှိတယ်၊ ဒါဆို ကျနော်လည်း ဖြစ်ပျက်ကို သဘောပေါက်နေပြီဆိုတာ ခင်ဗျား ဘယ်လိုငြင်းမလဲ”
“ မငြင်းချင်ပါဘူးဗျာ၊ ရင်တထိတ်ထိတ်နဲ့ သာဓုခေါ်လိုက်ပါတယ်”
“ သာဓုခေါ်တာများ ရင်တထိတ်ထိတ်နဲ့ ခေါ်ရတယ်လို့ဗျာ”
“ အမှန်ပဲဆရာ၊ ဘာသာရေးမှာ အခု ခင်ဗျားသိသလို သူတပါး ပြောစကားကနေ သိလာတဲ့ အသိဟာ ဧရာမ အန္တရာယ်ပဲ၊ တိတိကျကျပြောရရင် အဲဒီအဆင့်နဲ့ မပြည့်စုံဘူးဗျ။ ခက်နေတာက ဘယ်ဘာသာဝင်မဆို အဲဒီ အဆင့်နဲ့ပဲ သူတို့ ဘာသာအသီးသီးကို ကိုးကွယ်နေကြတာကလား၊ဘုန်းကြီးက ဟောတယ် ၊သင်းအုပ်ဆရာ က ပြောတယ်၊ ဗလီဆရာက လမ်းညွှန်တယ်ဆိုတာနဲ့တင် လမ်းဆုံးနေကြတာချည်းပါပဲ၊ နောက်တခုက ဘယ် စာအုပ် ဘယ်ကျမ်းဂန် မှာ ရေးထားတယ်ဆိုတာမျိုးလည်း ထို့နည်းအတူပါပဲ”
“အော် ဒါဆို စိတ်တော့ မရှိပါနဲ့ ၊ခင်ဗျား ကျနော့်ကို ခွပ်နေတာများပြီဗျာ၊ ဒီတကြိမ်တော့ ခင်ဗျားကို ထောက်လိုက်ပါရစေ။ ခင်ဗျားကဘာသာတရားကို လက်တွေ့တံခါးပေါက်ကနေ စူးစမ်းခဲ့တယ်ဆိုတော့ ဖြစ်ပျက်ဆိုတာကို ကျနော်နားလည်ထားတာနဲ့ ဘယ်လိုများ ကွဲပြားပြီး သိမြင်သတုန်းဗျာ”
ကျနော်ကား နှုတ်မှစကားသံ ထွက်သွားပြီးကာမှ ငါထောက်လိုက်တာ စိတ်ဆိုးစရာများ ဖြစ်သွားလေသလား ဟူသည့် စိုးရိမ်မှုဖြင့် ကိုသက်ခိုင့်မျက်နှာကို လှမ်း၍ အကဲခတ်လိုက်မိသည်။သူ့မျက်နှာတွင် စိတ်အနှောင့် အယှက်တစုံတရာ ဖြစ်ပုံမရ။ ကျနော့်စိတ်ထင် သူ့မျက်နှာတွင် အပြုံးရိပ်သန်းနေယောင်ရှိ၏။
“ အဆင်သင့်လိုက်လေဗျာ၊ ကျနော်လည်း အခွင့်သင့်ရင် ခင်ဗျားကို ကျနော်သိနေတဲ့ ဖြစ်ပျက်ရဲ့ လက်တွေ့ သဘောကို သက်သေအခိုင်အမာပြမယ်လို့ စိတ်ကူးထားတာဗျ။ အခုတော့ နေရာကျလိုက်လေဗျာ။ ကဲ ဟိုမှာ အဝတ်လျှော်ဖို့ ဆပ်ပြာမှုန့်နဲ့ စိမ်ထားတဲ့ ဇလုံဆီကို လှမ်းကြည့်လိုက်ပေတော့ဗျာ”
သူက ကြည့် ဆို၍သာ ကြည့်လိုက်ရသည်။ သူဘာကို ဆိုလိုသည်ကို ကျနော် ဆက်စပ်တွေးတောနိုင်စွမ်း မရှိချေ။ တံစက်မြိတ်အောက်တွင် ဆပ်ပြာမှုန့်ထည့်ကာ ချထားသည့် ဇလုံတွင်းဝယ် ဆပ်ပြာမြှုပ်များ တစီစီ ထလျက်ရှိသည်ကို မြင်နေရသည်။
“ ဘာတုန်းဗျ၊ အဝတ်ကို ဆပ်ပြာမှုန့်နဲ့ရောပြီး မိုးရေထဲ ချထားတော့ အမြုပ်တွေ ထွက်တာပေါ့၊ အဲဒါ ဘာဆန်းလို့တုန်း”
“ အဲဒီ ခင်ဗျား မြင်နေရတဲ့ ဆပ်ပြာမြှုပ်တွေဟာ ခင်ဗျားတို့ ကျနော်တို့ ခန္ဓာကိုယ်ရဲ့ ရူပက္ခန္ဓာရဲ့ သဘော၊ အဲဒီဆပ်ပြာမြှုပ်တွေ ပွက်ပြီးပေါက်ကွဲနေတာဟာ ဝေဒနာက္ခန္ဓာရဲ့သဘောပါပဲ”
“ ဗျာ”
“ မဗျာနဲ့ ဆရာ၊ ရုပ်နဲ့နာမ်ကို ခန္ဓာအားဖြင့် ခွဲခြားရင် ရူပက္ခန္ဓာ၊ သညာက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာဆိုပြီး ငါးပါးရှိသတဲ့။ ခင်ဗျားမြင်နေရတဲ့ ဆပ်ပြာမြှုပ်တွေဟာ ရူပက္ခန္ဓာဖြစ်ပျက်နေပုံ၊ ဆပ်ပြာမြှုပ်တွေ ပေါက်ကွဲနေပုံဟာ ဝေဒနာက္ခန္ဓာနဲ့ တထပ်တည်းပါပဲ။ ရူပက္ခန္ဓာဟာ ရေမြှုပ်နဲ့တူတယ်လို့ စာပေကျမ်းဂန်မှာ ခင်ဗျား ဖတ်ဖူးကောင်းဖတ်ဖူးပါလိမ့်မယ်။ ဘာကြောင့် ဆပ်ပြာမြှုပ်နဲ့တူနေသလဲ ဆိုတာ တော့ လက်တွေ့ကျင့်ကြံမှု မပါပဲ ခင်ဗျား နားရှင်းဖို့ အတော်ကို ခက်ပေလိမ့်မယ်။ စကားကြုံတုန်း ဆက်ပြောရရင် သညာက္ခန္ဓာဟာ တံလျှပ်နဲ့တူတာတို့ ၊ဝိညာဏက္ခန္ဓာဟာ မျက်လှည့်ဆရာနဲ့တူတာတို့၊ သင်္ခါရက္ခန္ဓဟာ ငှက်ပျောတုံးနဲ့တူတာတို့လည်း ရှိလေသေးရဲ့။ ခက်တာက ဆက်ရှင်းပြနေရင် ကိုယ့်ဆရာ နားငြီးရုံသာ ရှိတော့မယ်။ ဒါကြောင့် ခင်ဗျားအနေနဲ့ အခုလို တဆင့်စကားနဲ့ ဖြစ်ပျက်ကို သိနေရာကနေ ခင်ဗျားရဲ့ ခန္ဓာကိုယ်မှာ အချိန်တိုင်း ဖြစ်ပျက်နေတာကို ပကတိအမှန်တရားအတိုင်း ကျင့်ကြံ သိမြင် နိုင်ပါစေလို့ သာဓုခေါ်တာဗျ။ ရင်ထိတ်တာက ခင်ဗျားက ကြားဖူးနားဝနဲ့တင် ဖြစ်ပျက်ဆိုတာ ငါသိပြီလို့ လူစုစု ရှိရာမှာ မောင်းခတ်နေမှာ ကြောက်လို့ဗျို့၊ အင်း ပြောရရင် ကျနော်ဟာ ရုပ်ရဲ့ ဖြစ်ပျက်ကိုတွေ့ပြီး မရှေးမနှောင်းမှာ မထင်မှတ်ပဲ စိတ်ရဲ့ဖြစ်ပျက်သဘောကို တွေ့မိသေးတယ်ဗျ”
“ ခင်ဗျားက စိတ်ရဲ့ဖြစ်ပျက်ကိုလည်း တွေ့ခဲ့ဖူးသကိုး၊ စိတ်ဝင်စားစရာ အပျင်းပြေစရာဆိုရင်တော့ မိုးအေး အေးမှာ နားထောင်ချင်ပါ့ဗျာ”
“ အင်း အပျင်းပြေ စိတ်ဝင်စားစရာကို နားထောင်ချင်သတဲ့လား။ ခင်ဗျားကိုလည်း အဆိုးမဆိုပါဘူးလေ၊ လူတွေဟာ အစစ်ထက် အတုကို ပိုပြီး စိတ်ဝင်စားတတ်ကြတာကလား။ ပြောနေရင်း လူတွေရဲ့သဘောကို ထင်ဟတ်တဲ့ ဆရာဦးရွှေအောင်ရဲ့ ပုံပြင်လေးတပုဒ် သွားသတိရမိသေးဗျာ”
“ ဘာပုံပြင်ပါလိမ့်။ ပုံပြင်ဆိုရင်တော့ လုပ်ဗျာ။ အပြစ်ဆိုရင်လည်း ဆိုပေတော့။ ကျနော်ကတော့ ပုံပြင်ဆိုရင် ငယ်ငယ်တုန်းကလည်း ကြိုက်တယ်။ အခုလည်း ကြိုက်တုန်းပဲ”
“ အဲဒီပုံပြင်လေးက ဆရာဦးရွှေအောင်ရဲ့ ထေရဝါဒအုတ်မြစ်ဆိုတဲ့ စာအုပ်ပါးလေးထဲမှာ နောက်ဆုံးနေရာနား မှာ ပါတာဗျ။ တခြားစာဖတ်သူတွေ သတိထားမိချင်မှ ထားမိပေလိမ့်မယ်။ ကျနော်ကတော့ သဘောကျလွန်း လို့ အသေအချာကို မှတ်ထားမိတယ်ဗျာ။ ဒီလိုပါ ။ တခါက ဆရာနဲ့တပည့် ခရီးအတူသွားကြသတဲ့။ လမ်း တနေရာမှာ တစုံတခုကို လူတွေဝိုင်းအုံတိုးဝှေ့ပြီး ကြည့်နေကြတာမြင်တော့ တပည့်လုပ်သူကလည်း အများ နည်းတူ ဝင်ပြီး တိုးကြည့်သတဲ့ဗျ။ တော်တော်ကြာကြည့်ပြီး တပည့်ဖြစ်သူပြန်လာတော့ ဆရာက “ဘာတွေ့ သတုန်း“လို့ မေးတဲ့အခါ တပည့်က “ တော်တော်ထူးဆန်းပြီး စိတ်ဝင်စားစရာကောင်းတယ်လို့ ပြောရမယ် ဆရာ၊ လူစင်စစ်က ဝက်လိုအော်လိုက်တာ တကယ့်ဝက်အစစ် အော်တဲ့ အသံအတိုင်းထွက်လာတာ ဆရာရေ့၊ ဒါကြောင့် လူတွေဝိုင်းအုံတိုးဝှေ့ပြီး ကြည့်နေကြတာဆရာ” လို့ ဖြေသတဲ့ဗျ။ ဒီတော့ ဆရာက “ လာသွားကြစို့၊ ရှေ့မှာ ဒီထက် အံ့သြစရာလည်း ကောင်း စိတ်ဝင်စားစရာလည်း ကောင်းတာ မင်းတွေ့ပါ လိမ့်အုံးမယ်” ဆိုတော့ တပည့်ဖြစ်သူလည်း ဒိထက်ဆန်းတာ ဘာအရာများပါလိမ့်ဆိုပြီး မျှော်တလင့်လင့်နဲ့ ဆရာ့နောက်ကနေ လိုက်သွားရော ဆိုပါတော့ဗျာ။ ဒီလိုနဲ့ တနေရာလည်း ရောက်ရော ဆရာတပည့် နှစ်ယောက် သွားနေတဲ့ လမ်းမှာ ဝက်တကောင် တွေ့တဲ့အခါ ဆရာက တပည့်ကို ဝက်အဖမ်းခိုင်းသတဲ့။ တပည့်က ဝက်ကို ဖမ်းမိတဲ့အခါ ဆရာဟာ ဝက်ကို တုတ်နဲ့ ရိုက်သတဲ့။ ဒီတော့ အရိုက်ခံရတဲ့ ဝက်က အော်တာပေါ့ဗျာ။ ဒီမှာတင် ဆရာက “အခုနက ဝက်အော်သံနဲ့ အခု ဝက်အော်သံ၊ဘယ်အသံက ဝက်အသံနဲ့ ပိုတူသတုန်း”မေးတော့ တပည့်က “ဟာ ..၊ ဆရာကလည်း အခုအော်တဲ့ ဝက်သံက ဝက်အစစ်က အော်တာပဲ။ စောစောက ကြားခဲ့ရတဲ့အသံဟာ လူက ဝက်လိုအော်တာမို့ အခုအသံက ဝက်အသံနဲ့ ပိုတူတာပေါ့”လို့ ဖြေသတဲ့ဗျ။ ဒီတော့ ဆရာက “ဒါဆို အခု အော်နေတဲ့ ဝက်အစစ်အသံကို လူတွေ ဘာကြောင့် ဝိုင်းအုံ မကြည့်တာတုန်း” မေးပြန်တော့ တပည့်က မထူးဆန်းလို့ စိတ်ဝင်စားစရာ မကောင်းလို့ ဝိုင်းအုံ မကြည့်ကြတာပါ ဆရာ” လို့ ဖြေတာပေါ့။ အဲဒီအခါမှ ဆရာက “အေး.. မင်းမှတ်ထားပေတော့၊ သာမန်လူများဟာ အဝိဇ္ဇာရဲ့ “မာယာအလှ” ကိုသာ မြင်တတ်ကြားတတ် မြင်ချင်ကြားချင်ကြတယ်။ ဝိဇ္ဇာရဲ့ “သစ္စာအလှ” ကို မမြင်မကြားတတ်ကြဘူး။ မြင့်မြတ်တဲ့သူများသာ အဝိဇ္ဇာရဲ့ မာယာအလှကို ကျော်ပြီး ဝိဇ္ဇာရဲ့သစ္စာအလှကို မြင်တတ်ကြတယ်လို့ ” ဆုံးမ သတဲ့ဗျ”
“ အော် လက်စသတ်တော့ ဆရာသမားက ကျနော့်ကို ယဉ်ယဉ်လေးနဲ့ ပြန်ပြီး နှိပ်ကွပ်တာပါကလား”
“ ရော ၊မဟုတ်ရပါဘူးဗျာ။ဒါဟာ လူတိုင်းရဲ့ စိတ်သဘောပါ။ကျနော်ကိုယ်တိုင်လည်း သတိမချပ်မိတဲ့အခါ ဒီစာရင်းမှာ ပါနေတုန်း ပါပဲ။ ကဲပါလေ၊ ခင်ဗျား အပျင်းပြေရအောင် ကျနော့်စိတ်ရဲ့ ဖြစ်ပျက်ကို ရှာဖွေတွေ့ရှိ တဲ့အကြောင်း ပြောပြပါအုံးမယ်၊ ဒီအကြောင်းကို နားထောင်ရင်း ကျနော်ဟာ မဂ်ဖိုလ်ဆိုက်ခဲ့သလားဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ခင်ဗျားကိုယ်တိုင် ဆင်ခြင်နိုင်ကောင်းပါရဲ့ ”
ဤသို့ဖြင့် မိုးသက်လေပြင်းနှင့် လျှပ်ပန်းလျှပ်နွယ်တို့ ပြိုးပြက်နေသော အခါသမယတွင် ထိုနေ့က ကိုသက်ခိုင် ပြောပြခဲ့သော ဖြစ်ပျက်ရှာပုံတော်ခရီး၏ အခန်းဆက်မှာ အောက်ပါအတိုင်းဖြစ်လေ၏။
“ ခင်ဗျား ရိပ်မိနေတဲ့ ဖြစ်ပျက်ဟာ တကယ်တော့ ရုပ်ရဲ့ဖြစ်ပျက်ဗျ။ အဲဒီ ရုပ်နဲ့မကွဲမကွာ တွဲပြီး ရှိနေတဲ့ စိတ်အုပ်စုရဲ့ ဖြစ်ပျက်ကျန်သေးတယ်။စိတ်ဆိုတော့ ပြောရတာ ခက်သားဗျာ။ သို့ပေမဲ့ ကျနော် နားလည် သလောက်တော့ ပြောပါ့မယ်။ ဒါမှ ဖြစ်ပျက် ဇာတ်ရည်လည်သွားမှာ။
တစတစ လေ့ကျင့်ဖန်များလာတော့ ထူးခြားမှု တခုတွေ့လာတယ်။ကျနော်တို့ဟာ ငါ ဟာငါပဲ လို့ တယောက် တည်းထင်ပေမဲ့ မဟုတ်ဘူးဗျ။ ခိုင်းတဲ့သူနဲ့ လိုက်လုပ်နေတဲ့သူ နှစ်ပိုင်း ကွဲနေတယ်ဗျ။ရုပ်နဲ့နာမ်ဆိုပါတော့။
ကိုယ့်ကိုကိုယ် ဒရဝမ်စောင့်အဖြစ် ခန့်ပြီး မပြတ်စောင့်ကြည့်တဲ့အခါ လား လား၊ ကျနော်တို့ ခန္ဓာကိုယ်ကြီး ဟာ အတွင်းပိုင်းက မမြင်ရတဲ့ ကွန်ထရိုးခန်းထဲကနေ ထိန်းချုပ်စေခိုင်း နေတာကို သိလာတယ်ဗျ။ အမှတ်နဲ့ လမ်းလျှောက်နေတယ် ဆိုပါစို့ဗျာ။စိတ်က လမ်းလျှောက်ဟေ့လို့ခိုင်းလိုက်တာနဲ့ ကျနော့်ခန္ဓာ ကိုယ်ကြီးက နာခံပြီး လျှောက်နေတာ။ သေချာဂရုစိုက်လေ။ ထင်ရှားလေပဲ။ စိတ်အကြောင်း ပြောရတာ အိပ်ငိုက်ဘို့ ကောင်းတာတော့ အမှန်ပါပဲ။
ဒါပေမဲ့ ကျနော်တွေ့ခဲ့တဲ့ ကျနော့်စိတ်အကြောင်းကတော့ အာပူလျှာပူစား သလိုပါပဲ။ သိသိသာသာ ပူစပ် ပူလောင် ခံစားလိုက်ရလို့ဗျ။ အမှန်က အာပူလျှာပူတော့ မဟုတ်ဘူး။ ကျနော့်စိတ်ကို ကျနော် ရှာတွေ့ခဲ့တာ ပုဇွန်ထုပ်ဟင်းဗျ။ ဟုတ်ပါတယ်။ ပုဇွန်ထုပ်ကြီးကို ခရမ်းချည်သီး အကွင်းလိုက် ဆီပြန်ချက်ထားတဲ့ဟင်း။ အဲဒီ ကနေ ကျနော့်စိတ်ကို ကျနော်တွေ့ တာ။ဒီလိုပါဗျာ။
၂၀၀၀ ခုနှစ်ဝန်းကျင်တဝိုက်ပေါ့။ ရန်ကုန်မှာကော။ မန္တလေးမှာပါ စွယ်တော်စေတီတွေ တည်ကြတယ်လေ။ ကျနော်တို့အုပ်စုလည်း မန္တလေးမှာ ဂွင်ရိုက်နေတဲ့အချိန်ဆိုတော့ စွယ်တော်တည်ဆောက်ရေးက တာဝန်ခံ ဗိုလ်မှူးကြီး စံလင်းတို့။ ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းကြည်တို့နဲ့ အဖွဲ့ ကျနေတယ်။
ရန်ကုန်နဲ့မန္တလေး တပုံစံတည်းထပ်တူ ဖြစ်ရမှာဆိုတော့ နောက်ဆုံးဌာပနာသွင်းမဲ့ အချိန် ရန်ကုန်မှာ လုပ်ပုံကိုင်ပုံကို ပုံတူကူးဘို့ သူတို့နှစ်ယောက်စလုံး ရန်ကုန်ကို ကျနော်တို့အဖွဲ့နဲ့ လိုက်လာကြတယ်။ ဗိုလ်ထွန်းကြည်က နည်းနည်းအနေတည်တော့ ဗိုလ်စံလင်းလောက် ကျနော်တို့နဲ့ အဖွဲ့တော့မကျလှဘူး။ သူတို့နှစ်ယောက်စလုံးကို ကျနော်တို့အဖွဲ့ထဲက မင်းမင်းထွန်းဆိုတဲ့မောင်က သူ့အိမ် ထမင်းစားဖိတ်တယ်။ သူ့ညီမက သူ့နာမည်နဲ့ ခင်ဆင်ဆင် နာမည်ကျော် အဆိုတော် ရုပ်ရှင်မင်းသမီးဗျ။ ဗိုလ်ထွန်းကြည်တော့ ရောက်မလာဘူး။ကိုစံလင်း တယောက်ထဲပဲ လာတယ်။ ကံကောင်း တယ်လို့ဆိုရမှာပဲ ။ဘာလို့ လဲဟုတ်လား။ မင်းမင်းထွန်း သားတော်မောင် လေးနှစ်အရွယ် ကလေးကြောင့်ပေါ့ ဗျာ။
မင်းမင်းထွန်းကလည်း တဦးတည်းသော ကလေးဆိုတော့ တော်တော်ကို အလိုလိုက်ထားတယ် ထင်ပါ့ဗျာ။ ကလေးက လူကြီးတွေကို လုံးဝအကြောက်အလန့်မရှိဘူး။ဧည့်သည် လေးငါးယောက်ရှေ့လည်း ဗြောင်းဆန် အောင် ဆော့နေတယ်။
ကျနော်တို့လည်း ထမင်းဝိုင်းပြင်နေတာကို စကားပြောရင်း စောင့်နေကြတယ် ။ဟင်းပန်းကန်တွေ တခုပြီး တခုချပေါ့။ နောက်စားဘို့ အဆင်သင့်ဖြစ်လို့ လူစုံလည်း ဝိုင်းထိုင်လိုက်ရော။ မင်းမင်းထွန်း သားတော် မောင်က ခုနှစ်အိမ်ကြား အော်လိုက်တဲ့ ကြွေးကြော်သံကြောင့် ကျနော်တို့အားလုံး ထမင်းဆက် မစားရဲ အောင် ဖြစ်ကုန်ရောဗျာ။ဘာတဲ့။ ငါ -ိုးမ သားတွေ ငါစားဘို့ ချက်ထားတာတွေ လာစားနေကြတယ် တဲ့ ။
တခွန်းတည်းမဟုတ်ဘူး ဗျာ။ အဖေလုပ်သူက ပါးစပ်ပိတ်လေ။ အသံကပို ကျယ်လာလေ။ ကျနော်တို့လည်း အဲဒီနေ့က ဘယ်လို ဘယ်ပုံ ထမင်းစားမိမှန်းတောင် မသိတော့ဘူး။တယောက်မျက်နှာ တယောက် ကြည့်ပြီး ရီရမလို ။စိတ်ဆိုးရ မလိုနဲ့။ နောင်ကြုံတိုင်းလည်း ဒီကလေး အကြောင်း ပြောပြောပြီး စားမြုံ့ပြန်ခဲ့တဲ့ အကြိမ်ပေါင်း မနည်းပါဘူးဗျာ။ ဟုတ်ပါတယ်။ ကျနော်ဝန်ခံပါတယ်။ ကလေးကော မိဘကိုပါ ကဲ့ရဲ့တဲ့ သဘောပါ။ ဒါပေမဲ့ဗျာ ။ကလေးက အမှန်ကို ပြောခဲ့တာဗျ။ ကျနော်တို့ကသာ ဟန်ဆောင်နေတာ။ ကိုယ့် စိတ်ကို ကိုယ် မမြင်ကြလို့ ပေါ့ ဗျာ။
ပြီးခဲ့တဲ့ တလလောက်ကပေါ့။ ကျနော်ဟာ ကျနော့်ဇနီးက နောက်တခေါက်လာရင် ဘာစားချင်သလဲ မေးတော့ ကြိုက်တာသာ လုပ်ခဲ့ကွာ။ အေး ပုဇွန်ထုပ်ဟင်းတောင် မတွေ့တာ ကြာပါပေါ့လို့ ပြောလိုက်မိ တယ်။ သူကနောက် တခေါက်လာတော့ ပုဇွန်ထုပ် ခပ်ကြီးကြီးတွေကို ခရမ်းချည်သီး အကွင်းလိုက် ကြက်သွန်အဖြူအနီ များများနဲ့ ချက်လာတယ်။ ကျနော့်ဇနီးက ထမင်းစားဘို့ ပန်းကန်ပြင်နေတော့ ကျနော် လည်း မှတ်လက်စ အမှတ်လေးနဲ့နေလိုက်တယ်။စားခါနီးဆဲဆဲဗျာ။ မူဆလင် ကိုတင်ဝင်း ပေါက်ချလာတယ်။ သူက ဘိုးတော် ဘာဟင်းလဲတဲ့ ။ နည်းနည်း မျှအုံးတဲ့။သူက ဘာသာရေးအရ အစားရွေးရတယ် ဆိုတော့ တခါတခါဒီလိုပဲ လာပြီးမေးတတ်ပါတယ်။ အတူစားခဲ့တဲ့ အကြိမ်တွေ မနည်းပါဘူး ။သူက တခြားသူ ဆီကတော့ ဒီလိုလုပ်လေ့မရှိပါဘူး။
အေးပေါ့ဗျာ ။ ကျနော်ကလည်း လေ့ကျင့်ခန်း ဆင်းနေတဲ့ လူဆိုတော့ ဒါနခန်းက ဘာမှမဆန်း လှဘူးပေါ့။ ငါဘယ်လောက် ကြိုက်ကြိုက် သူများကို ခွဲဝေပေးနိုင်ရမယ်ပေါ့။ ဒီလောက်တော့ ငါစွန့်နိုင်ပါတယ်ပေါ့။ ကျနော်လည်း လာဗျာ ကိုတင်ဝင်း ပုဇွန်ထုပ်ဆိုတော့ ခင်ဗျားစားလို့ရ တယ်။ သူလည်း အတူဝိုင်းထိုင်ပြီး အတူစားဘို့ စလိုက်ပါရော ဗျ။
ကျနော်ဟာ မှတ်နေရင်းတန်းလန်းနဲ့ ပန်းကန်ထဲမှာရှိတဲ့ ပုဇွန်ထုပ်ကြီးသုံးကောင်ထဲက တကောင်ကို ဇွန်းနဲ့ခပ်ပြီး ကိုတင်ဝင်း ထမင်းပန်းကန်ထဲကို ထည့်ပေးလိုက်တယ်။ ပုဇွန်ထုတ်ကြီးဟာ ကြက်သွန်နီ အကွင်းလေးတွေကပ်လျက် ကြက်သွန်ဖြူ အနှစ်တချို့၊ ခရမ်းချဉ်သီးတကွင်းနဲ့အတူ ကိုတင်ဝင်း ပန်းကန် ထဲကို ရောက်သွားပါတော့တယ်။ကျနော်မှတ်လျက်ပဲ။အေးဗျာ။ ကျနော့်ကိုယ် ကျနော်တောင် လန့်သွား တယ်။ ကျနော်ကိုယ်ထဲက တစုံတခုဟာ ကျယ်ကျယ်လောင် ထအော်နေ တယ်ဗျာ။ဘာတဲ့။ ငါ့ပုဇွန်ထုပ်ကြီး တဲ့။
ဟ၊ မဟုတ်သေးပါဘူး။ ဘယ်ကကောင်က လာအော်နေတာလဲ ။ ကျနော် သေချာထပ်စစ်ဆေး တယ်။ ဘယ်ကလဲ ။ဘယ်သူလဲ ။ ဘာအော်နေတာလဲ ပေါ့။သေချာလိုက်တာဗျာ။ အော်နေတာ ကျနော့်စိတ် ဗျ။သေချာအာရုံစိုက်လေ။ ပိုဆိုးလေ။အော်နေတာ မရပ်ဘူး။ ဆက်တိုက် ဆက်တိုက် အော်နေတယ်။ ငါ့ပုဇွန် ထုပ်ကြီး၊ ငါ့ပုဇွန်ထုပ်ကြီးတဲ့။အသံတော့ ဘယ်ထွက်မလဲဗျ။ စိတ်ပါ ဆိုမှ ။ကျနော်ကမှတ်နေတာဆိုတော့ သေချာကို သတိပြုမိနေတယ်ဗျာ။အော် မင်းမင်းထွန်း သားကလေး အော်တာ အမှန်ကိုးလို့ တွေးမိရင်း စိတ် ဆိုတာကို သဘောပေါက်ခဲ့ ပါတော့တယ်။ကျနော်ဟာ ရုပ်ဆိုတာကို လည်းမြင်ခဲ့ပြီ။ စိတ်ဆိုတာကိုလည်း မြင်ခဲ့ပြီ။
ဆက်ပြီး ရှုရင်းမှတ်ရင်း ခန္ဓာကိုယ်ကအမှုန်တွေ စိတ်တွေ တလစပ် ပြောင်းလဲနေတာကို တဖြည်းဖြည်း ဥာဏ်မှာ ထင်လာခဲ့ပါတော့တယ်။ဘေးလူတွေ ပါတ်ဝန်းကျင်က သတ္တဝါတွေရဲ့ ရုပ်တွေနာမ်တွေကို ဆက်စပ် စဉ်းစားမိတဲ့အခါ အားလုံး ဝရုန်းသုဉ်းးကားဖြစ်နေတဲ့ ဖြစ်စဉ်ကြီးကို တွေ့မိ ပါတော့တယ်။
နောက် ကျနော်တို့နေတဲ့ရဲဘက်၊ ရဲဘက်စခန်းရှိတဲ့မြို့ ၊ပြည်နယ်တိုင်း၊ နိုင်ငံ၊ကမ္ဘာကြီး။ စင်္ကြာ ဝဠာ ဆိုတာတွေ၊ သုံးဆယ့်တစ်ဘုံဆိုတာတွေပါလာပြီး အားလုံးဟာ ဝရုန်းသုဉ်းကားပါလား။ နေရာ တကာ ရှုပ်ထွေးမှု၊ တွေချည်းပါလားလို့ သိလာပါတော့တယ်။ ဒါတွေ အားလုံးဟာ တခုနဲ့တခု ပါတ်သက်နေလို့ ဒီလို ဖြစ်ရတာကလားဆိုတာလည်း ဆက်ပြီး ထင်ထင်ရှားရှား သိလာပါတယ်။ ကျနော်ဟာ ဟိုတုန်းက ရိုးတိုး ရိပ်တိတ်တောင် နားမလည်ခဲ့တဲ့ သစ္စာလေးပါးဆိုတဲ့ အရာကို နားလည်ရိပ်စားနိုင်တဲ့အဆင့် ရောက်လာပါ တော့တယ်။
ဒီလို ရှုပ်ထွေးလွန်းလှတဲ့ အခြေအနေ ။ ယှက်နွယ် ရှုပ်ထွေးမှုတွေမှုတွေကနေ လွတ်မြောက်တဲ့ နည်းလမ်း ဟာ တကယ်ရှိသလား။ လွတ်မြောက်မှုဆိုတာ ရှိသလား။ ငါရောက်ခဲ့တဲ့ နတ်ပြည်လို နေရာဟာလည်း တကယ်တော့ လွတ်မြောက်တဲ့နေရာ မဟုတ်သေးဘူးလို့ ကျမ်းဂန်တွေမှာ ဆိုတယ်။ တကယ် လွတ်မြောက် တဲ့နေရာဟာ ဘယ်နေရာလဲ။ အတွေးစဉ်က မပြတ်တော့ဘူးပေါ့ ဗျာ။
အဲဒီလိုနဲ့ဆက်ပြီး လေ့ကျင့်မှတ်လာလိုက်တာ။လွတ်မြောက်ရာလို့ဆိုမလား လွန်မြောက်ရာလို့ ပြောရမလား ။ ကျနော်ကိုယ်တိုင် မဝေခွဲနိုင်တဲ့နေရာနဲ့ အဖြစ်ကို ကြုံတွေ့ခဲ့ပါတော့တယ်။ ကျနော် ကြိုတင် သတိပေး ပါရဲ့နော်။ရမ်းပြီးတော့ ကောက်ချက်မဆွဲပါနဲ့။ ကျနော်ကိုယ်တိုင် နားမလည်တာလည်း အမှန်ပါ။ဟုတ်ပါ့ဗျား။ မဂ်လားဖိုလ်လားဆိုတဲ့ အဖြစ်ပေါ့။နောက်ဆုံးအနေနဲ့ ဆိုပါတော့ ဗျာ။
မဂ်ဖိုလ်လို့လည်း ဆိုရော။ ခင်ဗျား ပုံစံက မျက်တောင်တောင် မခတ်တော့ပါလားဗျာ။ သိပ်ထူးထူး ဆန်းဆန်း လုပ်ခဲ့တာ မဟုတ်ဘူးဗျ။ကျနော်လေ့ကျင့်ခဲ့တဲ့နည်းဟာ သူလိုကိုယ်လို နည်းပါပဲ။ သို့သော် အလွန်ထက်သန် သော စိတ်။ ကြီးမားတဲ့ လုံ့လ။ ရိုးသားဖြောင့်စင်းစွာ လေ့ကျင့်တဲ့နေရာ မှာတော့ သူများနဲ့ကွာလိမ့်မယ် ထင် ပါရဲ့ ။
ကျနော့်တသက် ဘယ်တုန်းကမှ။ ဘယ်အရာကိုမှ အဲဒီလောက် ထက်သန်၊ ရိုးသားပြီး လုံ့လကြီးကြီးနဲ့ မလုပ် ခဲ့ဘူးတာ အမှန်ဗျ။ ဒါလည်း သေခါနီးတာ ပါမှာပါ။အသေးစိတ် ပြောပါ့မယ်။ တဆင့်ချင်း ပြောပါ့မယ်။ ခင်ဗျား ပျင်းပုံမရတော့ ပြောရတာ အားတော့အရှိသား။
တခုသောနေ့လို့ ဆိုပါတော့။ ကျနော်ဟာ လေ့ကျင့်ခန်း စဝင်ခဲ့ပါတယ်။ ပုံမှန်အချိန် ညဆယ့်တစ် နာရီ လောက်ပေါ့။
ဘုရားရှစ်ခိုးတာ သီလယူတာဟာ ပုံမှန် သြကာသ၊ ပုံမှန်သီလပါ။ ရှစ်ပါးသီလလေ၊ဘာတဲ့။ အာဇီဝ ဋ္ဌမကသီလဆိုတာ။ အော်၊ အသက်သတ်တာ။ ခိုးတာ၊အိမ်ယာပြစ်မှားတာ ၊လိမ်မပြောတာ အတူတူပါပဲ။ နည်းနည်းကွဲလွဲတာက ၊ညစ်ညစ်ညမ်းညမ်း မပြောတာ၊ ဂုံးချောတဲ့ စကား မပြောတာ၊ သိမ်သိမ် ဖျင်းဖျင်း စကားတွေ မပြောတာ။ မကောင်းသော အသက်မွေးမှု မလုပ်တာ၊ ဒါပဲကွာပါတယ်။ ပါဠိလိုဟုတ်လား။ နောက်မှရှာဖတ်။ ကျနော်လည်း အစက ပါဠိလိုမရလို့နားလည် သလိုသာ ရွတ်တယ်။ စိတ်မှာတော့ တကယ့် ကို စောင့်ထိန်းမယ် ပိုင်းဖြတ်ထား တယ်။
မေတ္တာပို့တာလား ၊ အတူတူပဲ ။ကွာရင် ဆိုလိုက်တဲ့စာရင်းထဲမှာ ပါတဲ့သူတွေ ။တကယ့်ကို ဘေးရန် ကင်းဘို့။ ဒေါသကင်းဘို့။ဆင်းရဲကင်းဘို့။ နှလုံး စိတ်ဝမ်း အေးချမ်းဘို့ ကျနော်တကယ့်ကို ဆန္ဒရှိတယ်။ ဆိုတတ်သလို ဆိုတာ အကောင်းဆုံး လို့ ကျနော်ယူဆ တယ်။
နောက် ကျနော်သစ္စာဆိုတယ်။ မိခင် မကွယ်လွန်မီမှာ အတတ်နိုင်ဆုံး ပြုစုကုသခဲ့တယ်။ ဒီ စကားမှန်ရင် တရားထူးဆိုတာ တွေ့ရပါလို၏လို့ လေးလေးနက်နက် သစ္စာဆိုတယ်။ ဆိုတတ်သလို ဆိုတာပါ။ ဘာမှ ထွေထွေထူးထူး မဟုတ်ဘူး။ ကျနော်ဆိုတဲ့ သစ္စာစကားဟာ တကယ့်ကို မှန်တယ် ဆိုတာ ကျနော့်ရင်ထဲမှာ သေချာသိနေတာတော့ ကွာကောင်းကွာနိုင်ပါတယ်။
လူ့စိတ်ဆိုတာ မျောက်စိတ်နဲ့တူတယ် လို့ဆိုကြတယ် မဟုတ်လား။ တောင်သွားမြောက်သွား မဟုတ်တာ မှန်သမျှ အကုန်စဉ်းစားတတ်တာမျိုးပေါ့ဗျာ။ဒီတော့ တောင်းပန်ခန်းလေးလည်း ပါရတယ်။ ဒါက ဆရာ သက်ကြီး စာအုပ်မှာတွေ့မိလို့။ တောင်းပန်ရတယ်ဆိုတာလည်း ရိုးရိုးပါပဲဗျာ။
မပြစ်မှားထိုက်သော သူများကို ပြစ်မှားမိခဲ့ရင် ၊ နောက် ကျနော့်စိတ်ထဲမှာ ကျနော့်ဆရာလို့ သတ်မှတ်ထား တဲ့သူတွေ တခါတခါ ကျနော်လို၊ ကျနော်လောက်မှ တရားကို တွေ့မှတွေ့ပါလေစ၊ ဆိုတာမျိုး အတွေးတွေ ဝင်ဝင် လာတတ်တာကြောင့် အဲဒီအတွက် ဆရာတွေကို တောင်းပန်တာပေါ့။
နောက်တခုက ဘယ်သူကိုမဆို။ ဘာအကြောင်းနဲ့မဆို ကျနော့်အပေါ် အပြစ်အမျိုးမျိုး ပြုမူခဲ့သူတွေ အတွက် ကျနော်ခွင့်လွတ်တယ် ဆိုတာပဲ။ အားလုံးပေါ့ဗျာ။ ကျနော့်ကို လောကငရဲ၊ ရဲဘက်ကို ပို့ခဲ့တဲ့ ကျနော့် ရန်သူတော်လည်း ပါတယ်။ ခင်ဗျားနဲ့ ကျနော် ဒီလောက်နဲ့ ရန်မီး ငြိမ်းကြစို့ ။ ကျနော့်ဘက်ကတော့အလုံးစုံ ကျေနပ် ခွင့်လွတ်ခဲ့ပြီပေါ့။ ကျနော်ဟာ အေးချမ်းတဲ့ အရသာကို အထိုက်အလျောက် ရှာဖွေတွေ့ရှိ ခဲ့ပါပြီ။
ခန္ဓာကိုယ်ကို ဘုရားလှူတာလည်း ပါသဗျ။ဒါက သေချာတော့နားမလည်ဘူး။ သို့သော် လေ့ကျင့်ခန်း လုပ်နေချိန် ဘာဖြစ်ဖြစ် စွန့်လွှတ်ထားပြီးသားဆိုတော့ အသုံးတော့ တည့်ပုံရတယ်။တရားတောင်း တာလား။ တောင်းတတ်သလိုသာ တောင်းဗျာ။တောင်းနည်း ပါဠိလိုကတော့ စာအုပ်တိုင်း လိုလိုမှာ ပါပါ တယ်။ ရှာဖတ်ပေါ့။
ဗျာ။။ ကျနော်ဆိုတာ သိချင်တယ်။ ဟုတ်လား။ ပြောဆိုလည်း ပြောရတာပေါ့။ ဘာတဲ့။အဟံ ဘန္တေ။ သံသာရ ဝဋ္ဋ ဒုက္ခတော ၊ မောစနထ္ထာယ၊ ဝိပဿနာ ကမ္မဋ္ဌာနံ ယာစာမိ။ ဒုတိယ တတိယ သုံးကြိမ်ပါ ။ဒီလောက်ပါ ပဲ။ သို့သော် တကယ်ပေးစေ့ချင်၊ရချင်တဲ့စိတ် ကျနော့်မှာ ထက်သန် နေတာတော့ ကျနော်သတိပြုမိတယ်။
ကဲ၊ လေ့ကျင့်ခန်း စပြီဗျာ။ ဝင်သောလေ ထွက်သောလေကို စမှတ်တယ်။ဘာရယ်။ ထိုင်တဲ့ပုံစံနဲ့ ယောဂီ တဘက် ဟုတ်လား။ ထိုင်ပုံက ခင်ဗျားတို့ကျနော်တို့ မြင်ဘူးနေကျပုံစံပါပဲ။ အဲဒီတုန်းက ယောဂီတဘက် တော့ ဘယ်ရှိမလဲ ။ ရဲဘက်ပါဆိုမှ။ ကျနော်ပြောခဲ့တဲ့သဘောက ဘာမှမလုပ်ခင် ဟိုဟာ ဈေးဆစ် ဒီဟာ ဈေးဆစ် မဖြစ်အောင်သာ ဆိုလိုရင်း ပါဗျာ။ တခုက ခြေထောက်နှစ်ခုကို ထပ်မထားဘူးဗျ။ မှတ်မိလား ။ကျနော့်ဆရာ ရဲဘက်ပေါက်စလေး သင်ခဲ့တာလေ။
ဝင်သောလေ ။ ထွက်သောလေကို မှတ်ပါတယ်။ အစမှာတော့ တောင်ပြေး မြောက်ပြေး ထုံးစံပေါ့။ အလေ့အကျင့်ကလည်းများ ပုံမှန်လုပ်နေကျဆိုတော့ ဆယ်မိနစ်ဝန်းကျင်လောက်မှာ စပြီး ငြိမ်စပြုလာတယ်။
စမှတ်စမှာ နှာသီးဖျားကလေဟာ အပါတ်မလည်ဘူး။ ဆိုလိုတာက တပါတ်ပြည့်အောင် မလည်ဘူး။စိတ်က လျှောက်ပြေး နေလို့ တပါတ်မပြည့်တာ။ နောက်တဖြည်းဖြည်း အပါတ်ရည် လည်လာတယ်။ လည်တယ်ဆိုတာ လုံးလုံးကြီးလို့ မမှတ်နဲ့။ တခါတခါ ဒေါင်လိုက်ရှည်မျောမျော။တခါတခါ စက်ဝိုင်းသေး ပုံစံ။ အကြီးအသေး ပုံစံကွာတယ်။ လေဝန်းဟာ အစတော့ နှာသီးဖျားမှာပဲ ရှိနေတယ်။ နောက် ငယ်ထိပ်ဖက်ကို ပို့တယ်။ ငယ်ထိပ်ရောက်စတော့ အဝိုင်းကြီးနေတယ်။ နောက် စူးစိုက် ပါများတော့ အဝိုင်းက သေးသထက် သေး လာတယ်။ အစက်ကလေး အထိတော့ မသေးဘူးပေါ့။ ငါးမူးစေ့အရွယ်မှာ ရှိနေတာ များတယ်ဗျ။
အဲဒီနေရာရောက်ရင် ကျနော့်စိတ်မှာ စပြီးဆင်ခြင်တာက ငါ့ခန္ဓာဟာ ရုပ်နာမ် နှစ်ခုတွဲသာဖြစ်တယ်။ ရုပ်ဆိုတဲ့အထဲမှာ အမှုန်သဘောတွေ။ အဲဒီ အမှုန်တွေနဲ့ ငါ့ကိုဖွဲ့စည်းထားတယ်။ ဒီအမှုန်တွေဟာ ရုတ်ခြည်းဖြစ်လာ။ရုတ်ခြည်း ပျောက်တဲ့သဘော ရှိတယ်။ မာသောပျော့သော သဘော နှစ်ခုလုံးရှိတယ်။
နောက် ငါ့ကိုယ်မှာ အပူချိန်တခုရှိတယ်။ အေးတဲ့ပူတဲ့သဘော နှစ်ခုတွဲနေတယ်။ နောက် လေဖိအားနဲ့ ဆိုင် တဲ့ သဘောတခုလည်း ရှိနေတယ်။ ဒါတွေကို ဆက်စပ်ဖွဲ့စည်းတဲ့အရာကြောင့် တည်နေနိုင်တယ်။ပါဠိလို ကျနော်မပြောချင်လို့ပါ။ အခုပြောနေတာက လူတကာသိနေတဲ့ ပထဝီ၊တေဇော၊အာပေါ ၊ဝါယောဆိုတဲ့ ဓာတ်ကြီး လေးပါးပါပဲ။
အဲဒီ လေးခုထဲက အမှုန်၊ အပူချိန်နဲ့လေဖိအား သဘောကို ကျနော်ကိုယ်တိုင် ရှင်းရှင်းလင်းလင်း မြင်သိ တယ်။ ဆက်စပ်ဖွဲ့စည်းပေါင်းစပ်ထားတဲ့ အရာကတော့ မှန်းဆချက်သာဖြစ်တယ်။ ဒါတွေ အတူရှိနေဘို့ ပေါင်းတဲ့သဘောမရှိပဲ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။
အမှုန်တွေ သိမှုအစုတွေ အားလုံးဟာ အမြဲပြောင်းလဲနေတယ်။ အချိန်တိုင်း ပျက်စီးနေတယ်။အဲဒီ နှစ်ခု စလုံးဟာ ထိန်းချုပ်လို့ မရဘူး။
နောက် စိတ်ရဲ့သဘောကို သိသလောက် ဆင်ခြင်တယ်။ စိတ်မှာ သိမှု။ မှတ်သားမှု ။ခံစားမှု ။ တုန့်ပြန်မှုတွေ ရှိတယ်လို့ စာမှာဆိုလို့၊ ဘယ်လိုဆိုတာသိရအောင် ဂရုစိုက်မယ်လို့ စိတ်ပိုင်းဖြတ်ထားတယ်။ ဘယ်ဟာ ဘယ် စိတ်ဆိုတာ သေသေချာချာ လုံးစေ့ပါတ်စေ့ ကျနော်မသိဘူး။ ဒါ အမှန်တရားပဲ ။ စာမှာတော့ အသေးစိတ် တိတိကျကျ ရှင်းပြထားတာ ရှိပါရဲ့ဗျာ။ အခွင့်သာတဲ့အခါ လေ့လာဘို့ တိုက်တွန်းပါရဲ့။
ကျနော်လေ့ကျင့်နေတာ နိဗ္ဗာန်ဆိုတဲ့နေရာကို ရောက်ချင်တဲ့ စိတ်မရှိဘူး ။ ဟုတ်တယ်လေ။ နိဗ္ဗာန် ဆိုတာ ကျနော်မှ မသိတာ။ နိဗ္ဗာန်နဲ့ပါတ်သက်လို့ ဥပမာ ပေါင်းများစွာနဲ့ ရှင်းထားတာတော့ ကျနော် ဖတ်ဖူးတယ်။ ဒါပေမဲ့ နားမလည်တာတော့ အမှန်။ ကျနော့်ရည်မှန်းချက်က အေးချမ်းသောစိတ် ။အေးချမ်းသော အခြေ အနေကိုသာ အလိုရှိတယ်။ ဒီအတွက် လွတ်မြောက် ကျော်လွန်ချင်တဲ့စိတ် ပြင်းထန်စွာ ရှိတယ်။
နောက်ဆက်ပြီး ကျနော့်ခန္ဓာကိုယ်ဟာ ရေမြှုပ်လို အရာဖြစ်တယ်ဆိုတာ တစီစီတဖြုတ်ဖြုတ် တလစပ်ဖြစ်ပေါ်နေတာကို ခံစားမိတာကြောင့် ထင်ထင်ရှားရှားသိလာတယ်။ ခံစားမှုဖြစ်တဲ့အခါ လှိုင်းလိုဖြစ် လာတယ်။ တခုခု ရှင်းရှင်းလင်းလင်းသိတဲ့အခါ လင်းကနဲ ဖြစ်တယ်။ အပြုအမူတခုအတွက် တိုးထွက် ပျံလွင့်သွားတဲ့ စိတ်တခုကိုမြင်တယ်။ ဒါတွေကိုတော့ ကျနော်ရှင်းရှင်း လင်းလင်း ကိုယ်တွေ့အဖြစ် သိတယ်။ ကိုယ်တွေ့ဆိုတာ ခန္ဓာကိုယ်မှာတွေ့တဲ့ ကိုယ်တွေ့ကို ဆိုလိုတာ ။ နောက်ဘယ်လို ဘယ်ပုံ ငါ ငါ လို့ စွဲသလဲ ဆိုတာ ဝိညာဏ် ခန္ဓာကြောင့်ဆိုတာ စာထဲမှာ ဖတ်ဖူးတယ်။ ကိုယ်တိုင်တော့ မမြင်ဘူး။ မမြင်တာကို မမြင်တဲ့နေရာမှာ တင်ရပ်ထားတယ်။ ဆက်မတွေးဘူး။
အဲဒီ ရုပ်မှုန်တွေရဲ့အလှုပ် ၊စိတ်တွေရဲ့အလုပ်ဟာ အာရုံခံ ကိရိယာတွေကနေ မြစ်ဖျားခံ လာတာကို ဆက်တွေးတယ်။ မြင်တယ်ဆိုပါတော့။ မျက်လုံးထဲက မှန်ဘီလူးကို ပုံရိပ်လာ ရိုက်တာ ။လာရိုက်ပြီး ပျောက်သွားပြီ။ ကိစ္စက ဒီမှာတင် ဆုံးတယ်။ ဆက်ဆက်ပေါ်နေတာက ကျနော်က ဆွဲခေါ်ပြီး ကျနော်မြင်တာ လို့ တယူသန်စွဲပြီး ထပ်တလဲလဲ ထင်နေလို့ ။
နားမှေးကို လာရိုက်တဲ့အသံတို့။ နှာဝ လာရိုက်တဲ့အနံ့တို့ ။ လျှာဖျားလာထိတဲ့ အရသာတို့။ ကိုယ်ခန္ဓာ မှာ ထိလို့ ဖျင်းကနဲ ဖြစ်တာတို့ အားလုံးဟာ သူ့သဘောသူဆောင်ပြီး ခဏလာဖြစ်တာချည်းပဲ။ ခင်ဗျား ဖြစ် တယ်လို့ ထင်တာ၊ ယူဆနေတာက ဝိညာက္ခန္ဓာရဲ့ အလုပ်ကို မသိလို့။ သူက မျက်လှည့်ဆရာတဲ့။ သူဘာသာ ဖြစ်နေတာကို ခင်ဗျားဖန်တီးလို့ ဖြစ်တယ်ထင်အောင် မျက်လှည့်ပြ ထားတာပေါ့။
ခင်ဗျားက ကျနော့်ကို ကျမ်းတတ်ပေတတ် ကြီးထင်နေမယ်။ မဟုတ်ရပါဘူး။ လေ့ကျင့်ဖန်များလာ ၊ စာတချို့ဖတ်လာတော့ သိလာတယ်။ သို့သော် ထူးဆန်းတာက မီးခိုးကြွက်လျှောက် ဆက်တိုက် တဆက် တည်း သဘောပေါက်လာ၊ သိလာတဲ့ ကိစ္စဗျ။ ဒါလည်း သိလာရိုး ထုံးစံလို့ ကျမ်းဂန်တွေမှာ လာပါတယ်။ ဘယ်လို လာသလဲ ဟုတ်လား။ ဒီနည်းစံနစ်ဟာ တခုတည်းသော လမ်းကြောင်းကြီးတဲ့ ဗျ။ အစကို တွေ့ပြီး လမ်းမပေါ် ရောက်ရင် ရှေ့မြင်ကွင်း အားလုံးကို နားလည်လာတာ ဘာမှ မဆန်းဘူး။ ဧကော ဓမ္မောဆိုတာလေ။ ကျနော် လည်း အစက မသိပါဘူး ဗျာ။
အဲဒီမျက်လှည့်ဆရာကြောင့် ကျနော်တို့ဟာ ကိုယ်ထင်ရာဆွဲတွေး ဆက်လုပ်ရာကနေ။အမှားတွေ ဆက်ဖြစ် တယ်ပေါ့ဗျာ။ အမှားကြောင့်အားထုတ်မှုတွေ ဖြစ်လာ ။အားထုတ်မှုကနေ နောက်ဘဝ ဝိညာဏ် အသစ်ဖြစ် ၊ရုပ်တွေ စိတ်တွေပေါ်လာ၊ အာရုံခံ ကိရိယာတွေဖြစ် ။ နောက်အာရုံတွေကို ရှာတွေ့။ အာရုံတွေကို ခံစား၊ စွဲလန်းမှုဖြစ်၊ ပြင်းပြင်းထန်ထန် ကပ်ငြိ၊ ဆက်တိုက်ဆက်တိုက် လူမှုဘဝတွေကနေ မွေးသေငိုကြွေး လွတ်ရေးမမြင်တဲ့ စက်ဝိုင်းကြီးထဲမှာ ပျော်ပျော်ကြီး လှည့်နေတာကို ဆက်ဆင်ခြင်တာပေါ့။ တတ်သလောက် မှတ်သလောက်ပေါ့ဗျ။ ကျနော်က မိုးကုတ်ဆရာ တော်ကြီးလောက်တော့ ဘယ်သိပါ့မတုန်း။
ဒီစက်ဝန်းကြီးထဲကနေ လွတ်မြောက်အောင် အဲဒီစက်ဝိုင်းကြီးကို ရိုက်ချိုးဖျက်ဆီးပစ်မှ ဖြစ်မယ်။ ရပ်တန့်သွား အောင် လုပ်မှဖြစ်မယ်လို့လည်း ကျနော် သဘောပေါက်လာတယ်။ ကောင်းမှ မကောင်းတာ ။ကောင်းတယ် ထင် နေလို့ မရုန်းထွက်ဖြစ်တာ ။ ကိုယ်တွေ့ မကောင်းမှန်းသိတော့ ရိုက်ချိုးဖျက်ဆီး ရုန်းထွက်ဘို့ ကြိုးစား ချင်တဲ့စိတ် ဖြစ်လာတယ်။
ကျနော်လေ့ကျင့်ခန်း လုပ်ရင်း အဆင့်ဆင့် ဆင်ခြင်နေတာနော်။ ဒါကို မမေ့ပါနဲ့။ဒါမှ ဘယ်လို လွတ်မြောက်မှု ဆိုတာမျိုး ဖြစ်လာတယ် ဆိုတာ ခင်ဗျား သေချာသိမှာပေါ့။
ဒီမှာ စက်ဝိုင်းကြီးကို ရိုက်ချိုးနိုင်တဲ့အချက် ရှစ်ချက်ရှိတယ်တဲ့ဗျ။ ဒါကို သုံးပြီး ခရီးနှင်ရင် တကယ် ရောက် သတဲ့ ။လွယ်ပါတယ်ဗျ။ ကျနော်ပြောပြဖူးတဲ့ မဂ္ဂင်ရှစ်ပါးဆိုတာပါပဲလေ။
မှန်ကန်မျှတတဲ့ အပြော သမ္မာဝါစာဆိုပါတော့ ။ ကျနော်က လေ့ကျင့်ခန်းဆင်းနေတာ ဘာမှ မပြောတော့ အော်တိုမစ်တစ် ထိန်းပြီးသားပေါ့။ နောက်လှုပ်ရှားမှု အလုပ် သမ္မာကမ္မန္တ။ တရားထိုင်ပြီး စိတ်ကို ဆုံးမနေမှတော့ ဒါလည်း အလိုအလျောက်ပြီးနေတဲ့ ကိစ္စပဲ။ နောက်အသက်မွေးဝမ်းကြောင်းတာ သမ္မာ အာဇီဝ။ ထို့ နည်း လည်းကောင်းပါဗျာ။
နောက်၊ ကျနော့်ခန္ဓာဟာ အမှုန်နဲ့သိမှုအစုသာ ဖြစ်တယ်လို့သိနေတော့ အယူအဆ မှန်ပြန်ရောဗျာ။ ဒါတွေဘယ်လို ဖြစ်နေသလဲ စိုက်ပြီးအာရုံပြုနေတော့ တွေးတောမှု မှန်ပြန်ရောဗျာ။ တနာရီဝန်းကျင် ဘာဘဲဖြစ်ဖြစ် ထိုင်မယ် ဆုံးဖြတ်ထားတော့ ဝီရိယစိုက်ထားတာ သမ္မာဝါယမပေါ့။ ငြင်းလို့မရပြန်ဘူး။ တည်ငြိမ်အောင် ထိန်းတဲ့ သမ္မာသမာဓိလား။ ဝင်လေထွက်လေနဲ့ ထိန်းတယ်လေ။ သမ္မာသတိဆိုတဲ့ သတိတရားကတော့ သတိကြီးစွာနဲ့ အာရုံမပျံ့အောင် ထိန်းထားတယ် ။အလေ့အကျင့်ကလည်း များတော့ ဒါလည်း ကျနော့်အတွက် မခက်လှပါဘူး။
အိုကေတော့ ဘာဆက်ဖြစ်သလဲ သိလား။ဒီလောကကြီးနဲ့အဆက်ပြတ်တဲ့ နေရာကို ရောက်တာပေါ့။ ဘာတဲ့ လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်သည် ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေသောကြောင့် ဆိုတာမျိုး ပေါ့။
ဘာကြောင့်ရောက်သလဲ ဟုတ်လား။ ကျနော်ပြောခဲ့တာတွေ သေချာပြန်စဉ်းစားလေ။ အခုပဲ ပြောခဲ့တာ။ ခင်ဗျားဗျာ။ ထူးဆန်းတာတော့ သိချင်တာလွန်ရော။ ကဲပါ ပြန်စဉ်းစားပါ၊မေ့တတ်ရန်ကော ။နေရာတခုကို ရောက်ဖို့ ဘယ်နည်း နဲ့ ရောက်တယ်လို့ သေချာသိရင် ကိုယ်လည်း သွားလိုစိတ်ဖြစ်တဲ့အခါ သဲလွန်စ တခုရတာပေါ့။ အေးလေ။ မဂ္ဂင်ဆိုတဲ့ ယာဉ်ကိုစီးပြီး ခရီးနှင်ခဲ့လို့ ခင်ဗျား သိပ်သိချင်တဲ့ မဂ်လား ဖိုလ်လားဆိုတဲ့ နေရာကို ရောက်ခဲ့တာပေါ့။
အခုပြောမှာပါဗျ။ ခါးဆန့်ရုံလေးပါ။ လောရန်ကောဗျာ။ နောက်ဆုံး ပါဆိုနေမှ။
အေးဗျာ၊ စိတ်ဆိုတာမျိုးက ထိန်းလေဆိုးလေ ဆိုတာမှန်ပါတယ်။ အလေ့အကျင့်များရင်တော့ ထိန်းနိုင်လာ တာ မဆန်းလှပါဘူး။ ကျနော့် လေ့ကျင့်ခန်းကို ပြန်ဆက်လိုက်ကြရအောင်။ ဟုတ်ပါတယ်။ မဂ်လား ဖိုလ်လား ဆိုတာပါပဲဗျ။
အဲဒီ အချက်တွေကို ဆင်ခြင်တဲ့အခါ အာရုံအဝန်းဟာ ငြိမ်သထက်ငြိမ်လာပါတယ်။ တပြိုင်နက်မှာ ခန္ဓာကိုယ်ဟာ ဝေဒနာမျိုးစုံ ပေါ်လာပါတော့တယ်။တကိုယ်လုံး နာတာကျင်တာ အောင့်တာတွေ မျိုးစုံ ပေါ်လာပါတယ်။
ခါးနာလာတယ်။ ထုံတဲ့ကျင်တဲ့ ဝေဒနာက ပြင်းပြင်းထန်ထန် ပေါ်လာပါတယ်။ အသိသာဆုံး ကတော့ ခန္ဓာကိုယ်ရဲ့အပူချိန်ဟာ ထူးခြားစွာ မြင့်တက်လာခြင်းပါပဲ။ ဟုတ်တယ်ဗျ။တကိုယ်လုံး ပူလာတယ် ။ သည်းမခံနိုင်လောက်အောင် ပူလောင်မှု ဆက်တိုက်ဖြစ်လာပါတယ် ။လေ့ကျင့်ခန်းကို လက်လျော့လိုက် ချင်စိတ်တွေ ပေါ်လာပါတယ်။ ကျနော့်မလျှော့ဘူး။ ဆက်တိုက် မှတ်နေလိုက်တယ်။ ဘာကိုမှတ်သလဲ ဟုတ်လား။ ငယ်ထိပ်ပေါ်က အာရုံအဝန်း မပြတ်တမ်း အာရုံစိုက်ထားတာ ပေါ့။ ဟုတ်တယ်။ ဒီအဝန်းကို ကျနော် လိုသလို ထိန်းနိုင်နေတာ ကြာပါပြီ။
အတော်ကြာတော့ ဝေဒနာဟာ တဖြည်းဖြည်း သက်သာလာပါတယ်။ ဆက်ရှုမှတ်ပါတယ်။ ငယ်ထိပ် တည့်တည့် အထက်တနေရာမှာ စက်ဝန်းငယ်တခုဟာ အလွန်နူးညံ့တဲ့ အရှိန်တခုနဲ့ လည်နေပါတယ်။ မလည်ခင်ကလား။ မလည်ခင်က စည်းချက်မညီပဲ ဖြစ်နေတာ။ အဲဒါကို အာရုံစုစည်းပြီး ငယ်ထိပ်ဆီကို ရွေ့လိုက်တယ်။ တဖြည်းဖြည်း အာရုံဝန်းဟာ ငယ်ထိပ်မှာ မွတ်နေ အောင် လည်ပြီး ငြိမ်နေတော့တာပဲဗျ။
ငြိမ်နေတော့ ဇိမ်ကျတာပေါ့ဗျာ။ ဇိမ်ကျတာ လွန်ပြီး တခြားနေရာကို စိတ်ရောက်သွားရင်လည်း လည်နည်း ပုံမမှန်ပြန်ဘူး။ တခြားနေရာကိုရောက်ပုံကလည်း အမျိုးမျိုးဗျ။ သေချာအောင် အတွေ့ အကြုံတခု ပြောမယ် ဗျာ။ အံ့သြဘို့ လည်းကောင်း ။ ဆင်ခြင်ဘို့ လည်း ကောင်းပါတယ်။
ကျနော် တကြိမ်ကြုံခဲ့ဘူးတာပါ။ အဲဒီညတော့ မဟုတ်ပါဘူး။ တနေ့ ၊နေ့ခင်းဘက်မှာ ကျနော်ဟာ မိန်းကလေး တယောက်ရဲ့ ဓာတ်ပုံကို အတော်ကြာ စိုက်ကြည့်နေမိခဲ့တယ်။ ကျနော်ကတော့ မေ့မေ့ပျောက်ပျောက်ထင် ခဲ့တာပဲ။ အဲဒီည လေ့ကျင့်ခန်းဆင်းတော့ နာရီဝက်လောက်အကြာ အာရုံဝန်းနဲ့ ဇိမ်ကျနေချိန်ပေါ့။ အဲဒီမိန်းကလေးပုံဟာ ထင်ထင်ရှားရှား ပေါ်လာတယ်ဗျာ။
ကျနော်မှတ်မိတာပေါ့။
ဒါ ကျနော် နေ့လည်က ကြည့်ခဲ့တဲ့ ပုံထဲက မိန်းကလေးပေါ့။တော်တော်လည်း လှပါတယ်။ အေးပါ။ ကျနော်လည်း ဒီလောက်တော့ မညံ့ပါဘူး။ပေါ်လာတာကိုပဲ ရှုနေလိုက်တာပေါ့။တော်တော် အံ့သြဘို့ ကောင်းတဲ့ စိတ်ဗျာ။ အတော်ကြာ ကြည့်နေရာက ရုတ်ခြည်းဆိုသလို ကျနော့်ရင်ဘတ် ထဲက လက်တဖက် ထိုးထွက်လာပြီး အဲဒီ မိန်းကလေးရဲ့ ရင်ဘတ်နေရာကို ဖြတ်ကနဲရောက်သွားပြီး ချက်ချင်း ဆိုသလို ပြန်ရုပ် သွားတယ်ဗျ။ တကယ့် ထင်ထင်ရှားရှား မြင်ရ၊ ခံစားရတာဗျာ။ ဟ ဘယ်ကောင်လဲကွ။ လက်သရမ်း တာပေါ့။ ကျနော်သေချာ စပ်စုတယ်။ အော် ။ ဒါလည်း ကျနော့်ရဲ့ တခုသော စိတ်ပါလား ဗျာ။
ဒါကို ဘာလို့ကျနော်ပြောသလဲဆိုတော့ ကျနော်ပြောမဲ့ ထူးဆန်းသော နေရာကို မရောက်ခင် အဲဒီလို စိတ်မျိုး ပေါ်တတ်တာ ကိုယ်တွေ့ပါ။ အခု ကျနော် ဆက်သွယ်မှု ဧရိယာအပြင် မရောက်ခင် စိတ်ဟာ မဟုတ်တာတွေ အဆီအငေါ် မတည့်တာတွေ ပေါ်လာပါတယ်။ စိတ်ကို ဆုံးမရတာပေါ့။ မင်းစိတ်မှာ တပ်မက်စရာလို့ ထင်နေတဲ့ အရာအားလုံးဟာ တကယ်တော့ အမှုန်တွေ၊ ဆီးဝမ်း သွေးသလိပ်တွေနဲ့ ဖွဲ့ထားတဲ့ ရွံရှာစရာ အရာတွေချည်းပဲ။ အပြင်ဘန်း ကြည့်ပြီး မင်းစွဲလန်းနေတာ ။ဒါမျိုးက ရုတ်တရက် ခံစားပြီး ရုတ်တရက်ပျောက်နေတာ၊ ဖြစ်စဉ်ကလျင်မြန်လွန်းလို့ မင်းက တဆက်တည်းလို့ မြင်ပြီး တက်မက်နေတာ ၊ မင်း သတိထား။ ဘာညာပေါ့ ဗျာ။ကာမဂုဏ်ညစ်ညူးကြောင်းကို တတ်သလောက် မှတ်သလောက်နဲ့ ဆင်ခြင် ရတာပေါ့။
ဒါကို ကျော်ပြီးရင် ကျနော့်ရဲ့အာရုံဟာ ငယ်ထိပ်အထက် တနေရာမှာ စွဲမြဲစွာ တည်နေတော့တာ ပါပဲ။ ကျနော်ဟာ စိတ်အမှတ်ကောင်းစွာနဲ့ အထက်ကောင်းကင်ယံတခုမှာ ရောက်နေသလို ငြိမ်ပြီး ငြိမ့်နေအောင် ခံစားနေရပါတော့တယ်။ ကျနော့် ကိုယ်ခန္ဓာအစိတ်အပိုင်း အားလုံးရှိနေတယ် ဆိုတဲ့စိတ် ပျောက်နေပါတယ်။ သို့သော် အဲဒီနေရာဟာ ကျနော်ရောက်ခဲ့တယ်လို့ ပြောမဲ့ နေရာတော့ မဟုတ်သေးဘူး။ ဒါက ဆက်သွယ်မှု ဧရိယာထဲမှာဆိုတာ ကျနော်သတိထားမိတယ်။ သေချာတယ်။ လောကကြီးအတွင်းမှာ ကျနော်ရှိနေသေး ပါသေးတယ်။ လိုင်းကောင်းကောင်း မိနေသေးတယ်ပေါ့ ဗျာ။
ဟုတ်ပါတယ်။ ကျနော်ဆက်မှတ်တာပေါ့။ ရုတ်တရက် စက်ဝန်းလည်ပုံဟာ တမျိုးဖြစ်လာတယ် ။ စောစောက ပြောတဲ့ အမြီးအမောက်မတည့်တဲ့ အာရုံတွေကိုထိန်းပြီး သိပ်မကြာဘူးဗျ။ ဘယ်လောက်ကြာသလဲတော့ ကျနော်မပြောနိုင်ပါဘူး။သေချာတာက စက်ဝန်းရဲ့ လည်ပုံဟာ သိသိသာသာ ပြောင်းသွားပါတယ်။ အလွန်မြန် ပါတယ်။
တိတိကျကျပြောရရင် မော်တော်ကားမောင်းနေရင်း ဂီယာချိန်းလိုက်သလိုဗျ။ ဘာလို့ဂီယာ ချိန်းတာနဲ့ တူတယ်လို့ ပြောနိုင်သလဲ ဟုတ်လား။ အဝန်းလည်ပုံက လားရာနဲ့အရှိန် ရှိတယ်လေ။ အဲဒီ လားရာနဲ့ အရှိန်က သိသိသာသာ မတူဘူးဗျ။ ရုတ်တရက် ပြောင်းသွားတဲ့ အာရုံအဝန်းရဲ့ လားရာနဲ့ အရှိန်ဟာ ပုံစံတမျိုး ဗျ။ ကျနော်သေသေချာချာကို မှတ်မိတယ်။ အခုလည်း အဲဒီ ပြောင်းသွားတဲ့ အာရုံကို အခုထိ မှတ်မိနေတုန်း ။အရင် အာရုံအဝန်းက ဘယ်ညာလည်တာ ဆိုရင် အသစ်က ညာဘယ်လည်တာ ။ အရင်အာရုံက အရှေ့ အနောက်ဆို ရင် အသစ်က အနောက် အရှေ့ ။ လုံးလုံးးကို ခြားနားပါတယ်။ သေချာဂရုစိုက် ကြည့်နေသလို ရှုမှတ်နေတာကြောင့် ဒါကို ကျနော် ကောင်းကောင်းကြီး မှတ်မိတယ်။ ပြောင်းသွားပုံကတော့ ဗျာ။ တိန်ကနဲ ။ဒိန်ကနဲ နေတယ်လို့ ပြောရမယ် ထင်ပါရဲ့ ။
ဒါတင် ဘယ်ကမလဲ ဗျ။ အလွန်တိကျသေချာပြီး မှတ်မိနိုင်တာက ကျနော့်ရဲ့ ရင်ဘတ်အလည် ။ ရင်ဝနေရာ ကနေ ဒုတ်ကနဲ အသံမြည်တယ် ထင်လိုက်ရအောင် တစုံတခုဟာ ထိုးထွက်သွား ပါတယ်။ သေချာပါတယ်။ တကြိမ် မဟုတ်ပါဘူး။ နောက်တညမှာလည်း ဒါနဲ့ ထပ်တူ ဖြစ်တာပါပဲ။ ဒုတ်ကနဲ ရင်ဝကထွက်သွားတဲ့ အရာကို ကျနော်သေချာ ပြောနိုင်ပါတယ်။ ဘယ်နည်းနဲ့မှ မမှားနိုင်ဘူး။ စမ်းတဝါးဝါး မဟုတ်ဘူး။ တကြိမ် တည်း မဟုတ်ဘူး။ နှစ်ည ၊ နှစ်ကြိမ် ဆိုတော့ လွဲစရာ မရှိဘူး။
နောက် ကျနော် ဘာကို ဘယ်လိုဆိုတာ ဆက်မပြောတတ်တော့ဘူး။ ရောက်သွားပုံကိုလည်း ရှင်းမပြ တတ်ဘူး ။ရောက်သွားတဲ့ နေရာကိုတော့ ကျနော်ကောင်းကောင်း မှတ်မိတယ်။
ဟုတ်ပါတယ်။ လောကကြီးနဲ့အဆက်အသွယ် ပြတ်တဲ့နေရာကို ကျနော် ရောက်သွားခဲ့ပါပြီ။ ဒေါက်ကနဲ ရောက်သွားတာဗျ။ ဟုတ်ကနဲ ရောက်သွားတာ။သေချာပါပြီ။ လူကြီးမင်းဟာ ဆက်သွယ်မှု ဧရိယာပြင်ပကို ရောက်နေပါပေါ့လား။
ဘယ်လိုနေလဲ ဟုတ်လား။ ပြောပြဘို့တော်တော်တော့ ခက်တဲ့အဖြစ်ပါ။ ကျနော်ဟာ တောသား တယောက် နယူးယောက်လို မြို့မျိုးကို ရောက်ခဲ့သလိုဆိုတော့ မှတ်မိတာတွေကို တောသားလိုသာ ရှင်းပြတတ် ပါလိမ့်မယ်။ မြေပုံပေါ်မှာထောက်ပြီး အတိအကျ ရှင်းမပြတတ်ပါဘူးဗျာ။ လင်းနေတယ်ဗျ။ဟုတ်တယ် ။ လင်းနေတဲ့နေရာ။
ဟုတ်တယ်ဗျ။ လင်းနေတယ်။ ဒါပေမဲ့ ထိန်လင်းနေတာ မဟုတ်ဘူး။ဒီလိုဗျာ။ထိန်ထိန်လင်းတာနဲ့ မဲမှောင်နေ တာက နှိုင်းယှဉ်လို့ လွယ်တယ်လေ။ အခုလင်းတာက မှောင်တာနဲ့မဆိုင်သလိုပဲ။ လင်းပုံတမျိုးဗျ။
နောက်တခုက အဲဒီကို ရောက်နေတဲ့ စိတ်ဟာ ကျနော့်စိတ်မဟုတ်သလိုပဲဗျ။ ဘာဖြစ်လို့လဲ ဟုတ်လား။ သိသာတယ်။ကျနော့်ကိုယ်ကျနော်၊ ကျနော်လို့ ခံစားမရဘူး။ ဒါကြောင့် ကျနော်တွေ့ နေရောက်နေတဲ့ နေရာ က စိတ်ဟာ ကျနော့်စိတ် မဟုတ်ဘူးလို့ ပြောရတာပါ။ အေးဗျာ။ ပြောလေ၊ ရှုပ်လေ ဖြစ်တော့မှာပဲ။ဒီလို လေ။ နတ်ပြည်လိုလို အရပ်ဆီကို အထက်မိုးလမ်းက စက်ကြိုးယန္တရားယာဉ်ကြီးနဲ့လိုလို သွားခဲ့တုန်းက ကျနော့်မှာ ကျနော်ဆိုတဲ့ ခံစားချက်ရှိတယ်။ အခုက ကျနော် မဟုတ်သလို ဖြစ်နေတာ။
အေးသော အလင်းနယ်တခု ၊အားလုံးနဲ့ ကင်းပြတ်နေတဲ့ဒေသ၊ရပ်ဝန်း ။ဟုတ်တယ်ဗျ။ နယ်နိမိတ်လည်း ရှိဟန် မတူဘူး။ အဆုံးတို့ အစတို့ ကို စဉ်းစားလို့ မပေါ်ဘူး။
တကယ့်နေရာဗျ။ သိတော့နေတယ်ဗျာ။ ဘယ်လို ဘယ်ပုံ လောကကြီးနဲ့ ဆက်စပ်နေတယ် ဆိုတာ စဉ်းစား လေ ဝေးလေပဲဗျ။နေရာလို့ဘာလို့ပြောနိုင်သလဲ ဟုတ်လား။ ဒီလောကဆိုတာကြီးနဲ့ နှိုင်းယှဉ်လိုက်ရင် အဲဒီ နေရာ တကယ် ရှိတယ်လို့ ပြောနိုင်တယ်ဗျာ။
ဒီလိုဗျ။ လေ့ကျင့်ခန်းဆင်းတုန်း ဘယ်လောက် ဇိမ်တွေ့တွေ့၊ တခုခုတော့ နှောင်ကြိုးတဲထားသလိုပဲ ။ဇိမ်ကျ ကျနှောင်ကြိုးလေး။ အခုနေရာက ဇိမ်ကျတာရော၊ ဇိမ်မကျတာ လုံးလုံးကင်းတဲ့ အခြေအနေ။ မရီနဲ့လေဗျာ။ တောသားလို ပြောတာပါဆိုမှ။
ဘာတွေ့လဲ ။ ဟုတ်လား။ ဘာမှ မတွေ့ဘူး။ ဘာမှလည်း ရှိဟန်မတူဘူး။ သို့သော် ဘာမှမရှိပေမဲ့ အားလုံး ပြည်စုံနေတဲ့သဘောကိုလည်း နားလည်နေသလိုပဲဗျ။ နောက်တခု စဉ်းစားမိတာက ဘာပြဿနာမှ မဖြစ် ပေါ်နိုင်တဲ့ နေရာမျိုးဗျ။ ဒီအချက်ဟာ အခု ကျနော်တို့နေတဲ့ လောကကြီးနဲ့ နှိုင်းယှဉ်လိုက်မှ အဲဒါက ပေါ်လွင်တာ ။သူ့ချည်းသက်သက် အကြောင်းပြောရင် ပြောစရာ ရှာမတွေ့ ဘူး။
နတ်ပြည်လိုလိုဟာက နန်းတော် ပြဿဒ် စုလစ်မွန်းချွန်လိုလိုတွေနဲ့ဆိုတော့ နတ်ပြည်လို အရပ် ဒေသတခု မဟုတ်တာ သေချာတယ်ဗျာ။ ဒီမှာ ဘာဆိုဘာမှ မရှိဘူး။ ကျနော်ဒီထက် စပ်စုချင်တာပေါ့။ ဒါပေမဲ့ ထူးထူးဆန်းဆန်းဗျာ။ ကျနော့်စိတ်ဟာ စပ်စုချင်စိတ် ပျောက်နေတယ်။
နောက်တပတ်လောက်အကြာ တခုသောညမှာလည်း အဲဒီအချိန်မျိုးမှာ အဲဒီနေရာကို အဲဒီနည်းအတိုင်း ရောက်ပြန်တယ်။နေရာတူပဲ။ ဘာမှ မကွဲဘူး။ အေး သိတယ်လေ။ ကျနော့်စိတ်မဟုတ်တဲ့ စိတ်တခုက သိတာ။ခံစားမှုတို့ သောကပရိ ဒေဝတို့၊ စိတ်တွေ ရုပ်တွေတို့လည်း တည်ရှိနိုင်တဲ့ပုံမပေါ်ဘူး။ ဒါက အခုမှ ပြန်စဉ်းစားမိတာဗျ။
အဲဒီနေရာကို လွမ်းသလား ၊အော် တော်တော်လည်း စပ်စုပါလား။ လွမ်းပါသော်ကောဗျာ။ ညစ်စရာတွေ ရှုပ်စရာတွေ များလာရင် အဲဒီနေရာကို ပြေးပြေးသတိရတယ်။ငြိမ်းလွန်လွန်းလို့ ဆိုပါတော့။
ဘာမှသာ သေချာပြောမရတာ ဆက်ပြောရင် မဆုံးတော့ဘူးဗျ။ လူ့လောကကြီးဆိုတာနဲ့ ဆက်စပ်မှ သူ့အကြောင်းက ပိုပေါ်တာကလား။ လောကကြီးဟာ ဖြစ်ပျက်လောကကြီးလို့ ဆိုကြရင် ကျနော်ရောက် ခဲ့တဲ့နေရာဟာ မဖြစ်မပျက်တဲ့နေရာလေလား အထင်ရောက်စရာပါပဲ။
ဒီတော့ဗျာ။ ကျနော့်စိတ်မှာ ရှုပ်ထွေးမှု ၊ ပါတ်သက်မှု၊ လွတ်လမ်း၊လွတ်နည်း တို့ဆိုတဲ့မှန် ကန်ချက် လေးခုကို ရှင်းရှင်းလင်းလင်းသိတယ်လို့ ဆိုနိုင်ကောင်းပါရဲ့။ အများကြီးလို့လည်း မဆိုသာပါဘူး။ အော် ၊ခင်ဗျားနားရှုပ်သွားတယ်ထင်ပါရဲ့ ၊ အဲဒီမှန်ကန်ချက်လေးခုဆိုတာ ဒုက္ခသစ္စာ ၊သမုဒယသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာဆိုတဲ့ သစ္စာလေးပါးကို ကျနော်နားလည်သလို ပြောပြနေတာပါဗျာ
ဖြစ်ပျက်ကို ရှာကာမှ ဖြစ်ပျက်တင် မဟုတ်ဘူး။ မဖြစ်မပျက်လိုဟာမျိုးပါ လာတွေ့ နေသလို ဖြစ်နေတယ်။ နှစ်ခေါက်တည်းနဲ့တော့ မပြည်စုံလောက်သေးဘူးထင်ပါ့။ နောက်တခေါက်များ ရောက်ခဲ့ရင် ဒီထက် သေချာ အောင်မှတ် ခဲ့ပါအုံးမယ်။
ပြန်ရောက်ရောက်ချင်း စိတ်ထဲပေါ်တာက ဆုံးသွားတဲ့ ကျနော့်အမေကို ဒီနေရာမျိုးကို ရောက်စေချင် စမ်းသဗျာ။ အဲဒီ စိတ်ပြင်းထန်စွာ ပေါ်တယ်ဗျ။ ဘာလို့လဲ ဟုတ်လား။ သားသမီးတွေ အများကြီးနဲ့ ရိုးရိုး ကုပ်ကုပ်နေပြီး ရုန်းကန်သွား ခဲ့ရတဲ့ အမေ့ကို သနားလို့ဗျ။ အမေ့ခမျာ လူ့လောကကြီးမှာ အသက်ခြောက် ဆယ်ကျော်သာ နေသွားရတယ်။ တစက်မှ အေးချမ်းခဲ့ပုံ မရပါဘူး။ ဒီလို အေးချမ်း ၊ ချုပ်ပြတ်တဲ့နေရာမျိုးကို ပို့နိုင်ရင် အမေ့ကျေးဇူးကို ဆပ်ရာလည်း ရောက်မယ်ထင်ပါရဲ့ ။
နောင်တော့ မရောက်ဖြစ်တော့ဘူးဗျ။ ကျနော့်က ထပ်ထပ် ရောက်ချင်တဲ့စိတ်၊ စောနေလို့ မရောက်နိုင်တော့ တာလည်း ဖြစ်နိုင် ပါတယ်။အော် ၊ မဂ် ဖိုလ် လို့ ပြောနိုင်တယ် ထင်တယ် ဟုတ်လား။
ကျနော် ပြောခဲ့ပါပကော။ လွယ်လွယ် ကောက်ချက်မချပါနဲ့လို့။ ဒီအဖြစ်ကို ကျမ်းဂန်တွေမှာ ကျနော်လှန်ခဲ့ပါ တယ်။ ဟုတ်သလိုလို မဟုတ်သလိုလိုပါပဲ။ ဒါက ကျနော့်မှာ ထိထိရောက်ရောက် လမ်းညွှန်မဲ့ ဆရာမရှိလို့ ဗျ။
ခင်ဗျားက ထင်ရာမြင်ရာ ကောက်ချက်ဆွဲရင် ရဲဘက်မှာ မဂ်ဆိုက်တယ်ဆို ပြီး လူတကာ ရဲဘက် ထွက်ဘို့ လုပ်ကုန်ကြရင် ကြီးလိုက်တဲ့ အန္တရာယ်ဗျာ။
ကဲ၊ ဇာတ်လမ်း ဆုံးပါပြီ။ခင်ဗျား အယူအဆကို သိချင်လှချည့်ရဲ့ဗျာ။ သို့သော် ခင်ဗျားလည်း ချက်ချင်းတော့ ဖြေနိုင်မယ် မထင်လှဘူး။တကယ်လို့ခင်ဗျား ကိုယ်တိုင် ကျနော်လေ့ကျင့်ခဲ့တဲ့ လေ့ကျင့်ခန်းကို ဆရာကောင်း သမားကောင်းနဲ့ လေ့ကျင့်လို့များ ဒါမျိုးဆင်ဆင် တွေ့ခဲ့ရင်၊ ကျနော်မေးတဲ့ ပုစ္ဆာကို အဖြေထုတ်နိုင်တဲ့ အခြေအနေ ရောက်ခဲ့ရင်ပေါ့။ ကျနော့်ကို အသိပေးပါဗျာ။ဘယ်နေရာ ရောက်နေနေ၊ ကျနော် ခင်ဗျားကို လှမ်းဆက်ပါ့မယ်။
ကျနော် ဘယ်သွားမှာလည်း ဟုတ်လား။ အေးဗျာ၊ ကျနော်မမျှော်လင့်ပဲ ငွေသိန်း နှစ်ထောင်နီးပါး ရဖို့ အကြောင်းပေါ်နေပြီဗျ။ လုပ်လက်စတန်းလန်း အလုပ်တခုက ဆိုပါတော့ ။ ကျနော်ဖြစ်တဲ့အမှု တန်ဘိုးက သိပ်မရှိပါဘူး။ ငွေ ဒီလောက်ရှိရင် ဗမာပြည်မှာ ကျနော်ဖြစ်တဲ့ ပြဿနာဟာ ရှင်းလို့ မခက်တော့ပါဘူး။
ဘယ်နည်းနဲ့လွတ်မယ်တော့ တိတိကျကျ မပြောနိုင်ဘူး။ သို့သော် အသံမျိုးစုံနဲ့ စခန်းကနေ မောင်းထုတ် နေသလိုပဲ။ အခုလည်း အာရုံတွေ ရနေတယ်။ အသံတွေ ကြားနေရတယ်။ အသံတွေ ကြားနေရတယ် ။ ကျော်ဟိန်း သီချင်းလိုပေါ့ဗျာ။
ကဲ၊ နောက်ဆုံးစကားပြောရရင် ခင်ဗျားက ကျနော့်ကို သူတော်ကောင်းကြီးလို့ စွတ်အထင် ကြီးနေ တော့မယ်။ တကယ်တော့ စာထဲမှာ ပါသလောက်အကုန်တတ်သိတာ ဘုရားပဲရှိမယ်ဗျ။ အနီးဆုံး လက်ရင်း တပည့်တွေတောင် လုံးစေ့ပါတ်စေ့ မသိကြပါဘူး။ သူ့အဆင့်နဲ့သူသိကြတာတဲ့ ။ ဆရာသက်ကြီးရဲ့ စကားအရ ဆိုရရင် ဘုရားက သမုဒ္ဒရာလောက်သိပေမဲ့ ခင်ဗျားတို့ ကျနော်တို့က အဲဒီ သမုဒ္ဒရာ ရေတစက်ကို သိတာ မျိုးပါ။ဘာဘဲ ဖြစ်ဖြစ် ။ ဒါလေး ဖတ်လိုက်နော်”
ပြောပြောဆို ကိုသက်ခိုင် ကျနော့်ကို ဖတ်စေသော အကြောင်းအရာမှာ ဓမ္မာစရိယ ဦးဌေးလှိုင်၏ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ စာအုပ်တွင်ဖော်ပြထားသော ဘကြီးတော်မင်းလက်ထက် အင်းဝ မြို့မိုးထိကျောင်းတိုက်၊ အရှင် ဝိသုဒ္ဓါစာရ ထေရုပ္ပတ္တိမှ ကောက်နှုတ်ချက်တချို့ဖြစ်ပြီး အောက်ပါအတိုင်း ဖတ်ရှုခဲ့ရပါသည်။
……………………..
သမထကား တော်လောက်ပြီ။ မြင်မြင်သမျှ သင်္ခါရ တင်၍ ဝိပဿနာကူး မှသင့်မည်ဟု ယူဆကာ တညနေ၌ ဝိပဿနာစ၍ ကူးပြောင်း ရှုမှတ်ကြည့်၏။ ငယ်စဉ်က အာရုံငြိဖူးသော မာတုဂါမတဦးကို စိတ်အာရုံ၌ ထင်မြင်တပ်မက် စွဲလန်းမိ၏။ ဆံပင် အမွှေး ခြေသည်း လက်သည်း စသော သုံးဆယ်နှစ် ကောဠာသ ကမ္မဌာန်းကို ပွား၍ ဖျက်ဆီးပစ်ရ၏။ ဒွါရကိုးပေါက်မှ အပုပ်ရည် ယိုစီး၍ ပဋ္ဋိသန္ဓေ နေရ အိုရ နာရ သေရပုံ တို့ကိုဆင်ခြင်ရသည်။ အသေကောင် ဟူ၍ပင် ထင်၏။ ထိုအခါ လက္ခဏာ ရေးသုံးပါး (အနိစ္စ၊ ဒုက္ခ၊ အနတ္တ) ထင်ရှား ပေါ်လွင်လာပြီဟု ယူဆကာ မိမိ သန္တာန် ၌ ရှိသော တဏှာအယုတ်ကို အပြစ်မြင်လာတော့သည်။
ဟဲ့ တဏှာယုတ် ရာဂစုတ် ။ နင့်ကြောင့် သံသရာလည်ကာ ဘုရားအဆူဆူနှင့် လွဲခဲ့ရသည် ။ စသည်ဖြင့် တဏှာ၏ အပြစ်များ ဥာဏ်၌ များစွာထင်မြင်ကာ တဏှာအား ရှုံ့ ချနေမိ၏။
ဤသို့ ရန်တွေ့ပြောဆိုသောအခါ တဏှာသည် လူတယောက်ပမာ အကောင်သဏ္ဍာန် မြင်လာပြန်ရာ ထိုတဏှာကောင်က သင့်ကို နှိပ်စက်တာ ငါချည်း မဟုတ်ပါ၊ ဟုဆိုကာ အကုသိုလ်စိတ် ဆယ် နှစ်ပါးကို အဖော်ညှိ၍ ထုတ်ဖော်လာ၏။ အကောင် ဆယ့်နှစ်ကောင် တိုးလာကြသည်။ အရှင်က ရှုံ့ချမာန်မဲ ပြန်၏။
ငါတို့ ချည်းမဟုတ် ။ ပုညကိရိယာ ဆယ်ပါးလည်း ပါသေးသည်။ ဟု လက်ညှိုးထိုးပြ ကြပြန် သဖြင့် ဆယ်ကောင်တိုးလာပြန်၏။ ထိုအခါမြည်တွန် ရန်ပင် မတတ်နိုင်တော့ပဲ ကိုးကွယ်ရာ မရှိသဖြင့် ဘုရား တ ကာ (စိတ်အားဖြင့်) ထွက်ပြေးရ ရှာ၏။ ရန်သူတို့ ကလည်း လိုက်ပါလာကြသည်။ ဒီကို လာခဲ့ဟူသောအသံကို ကြား၍ အသံဖက်ဆီသို့ပြေးရာ ရွှေပြဿဒ်ကြီးကို တွေ့မြင်ရ၏။ လှေခါး သုံးထစ် ရှိရာတွင် ပထမထစ် ဒုတိယထစ်အထိ ရန်သူများ လိုက်လာကြသေးသည်။ ထို့နောက် သတိမေ့သွား၏။ သတိရလျှင် ရခြင်း တတိယ အထစ်မှ တဆင့် ပြဿဒ် အတွင်းသို့ ဝင်သွားရာ မိမိကိုယ်ကိုလည်း ရွှေရောင်ဝင်းနေသည် ဟုထင်၏။
ရှေ့တွင် အလွန်သပ္ပါယ်သော ဘုရားရှင်ကို ဖူးမျှော်ရသဖြင့် ဝမ်းသာအားရ ခြေတော်ကိုဖက်၍ ဦးချ။ စကားတွေကိုလည်း များစွာလျှောက်ထားပြီး အားရပါးရ ငိုလေတော့သည်။ ငိုချင်းမှာကား စိတ် အာရုံတွင် မျှမဟုတ်။ တကယ်ပင် အသံထွက်အောင် ငိုမိ၍ မျက်ရည်များ ရွှဲရွှဲစို လာတော့သည်။
ထိုအရှင် နှင့် မလှမ်းမကမ်းတွင် တရားအားထုတ်နေသော အရှင် သဒ္ဓမ္မာ လင်္ကာရသည် ငိုသံကြား၍ လှည့်ကြည့်လိုက်ရာ ငိုနေသော အရှင်ကို မြင်၍ အင်း၊ ငါ့ ရှင်၊ ဝိသုဒ္ဓာစာရ ငါ့ရှင်၏ ပီတိကား အလွန် နက်ရှိုင်းစွာ့တကားဟု လှမ်း၍ မိန့်တော်မူ၏။ ဘာကြောင့် ငို သည်ကို မမေး ။ အရှင်မှာ ပြောသံကြား ရသော် လည်း ပြန်၍ မလျှောက်နိုင်ဖြစ်သည်။
(မှတ်ချက်။ အာရုံ ဟူသည် မိမိစိတ်ကူး သညဇကြောင့်လည်း ဖြစ်၏။ အမှန်တကယ် ရှေးက ဖြစ်ဘူး၍လည်း ပေါ်တတ်၏။ မသူတော် တန်ခိုးရှင်တို့လှည့်စားခြင်းလည်း ဖြစ်တတ်၏။ မိမိ ရုပ်နာမ် ဝိပဿနာ ရှုကွက်ကိုလွှတ်ပြီး အာရုံနောက် လိုက်၍မဆုံးနိုင် ဖြစ်ရသည်ကို သတိမူသင့်၏။ ဤ၌ ဆရာက တရားကူးပြောင်းပေးခြင်း ထူးခြားချက် ဖြစ်ပေါ်လာလျှင်လည်း ဆရာအား လျှောက်ထား အသိပေးခြင်း မပြု ဘဲ ကိုယ့်သဘောနှင့် ကိုယ်လုပ်နေပုံကိုလည်း သတိပြုပါ။)
အရိယာဖြစ်ပြီ ထင်၍
အရှင်သည် ဘုရားရှင်ကို ဖူးမြင်ရပြီး ငိုရာမှ တဖြည်းဖြည်း ကိုယ်ရှိန်သတ်၍ သောကငြိမ်းသွားပြီး လျှင် ဘဝ၌ ကြောက်ဖွယ် အပြစ်အနာအဆာနှင့် ငြီးငွေ့ ဖွယ်စသော အသိဥာဏ်များ ဝင်လာ၏။ ထိုအခါတွင်လည်း
ငါသည် အထက် မဂ် အထက်ဖိုလ်တိုင်အောင် တရားထူး ရလေပြီဟု စိတ်ကူး(စိန္တာမယ သုတမယ)မျှဖြင့် အဆင့်ဆင့် ဥာဏ်စဉ်ဆယ်ပါးတက်ကာ အဓိမာန( တရားထူးရပြီဟု အထင်ရောက်စိတ်) ဝင်ပြန်၏။ တရားဖြုတ်ပြီး ကောင်းကင်သို့မော့ကြည့်ရာ စိတြနက္ခတ်ပင် မွန်းတည့် လေပြီ။
အင်း၊ ငါတရားထူးရတာ တန်ခူးလပြည့်နေ့။ ညသန်းကောင်ယံ အချိန်ဟု မိမိစိတ်၌ မှတ်တမ်းတင်လေသည်။ (တရားထိုင်သူများ ထူးသော အရာကို မှတ်တမ်းတင်ထားရမြဲ ဖြစ်သည်။)
နံနက်မိုးလင်းသောအခါ ဈာနလာဘီ ဆရာတော်ထံ ဝမ်းသာအားရသွား၍.....
ဆရာ၏ ကြီးမားသော မေတ္တာတော်ကြောင့် တပည့်တော် တရားထူးရပါပြီ။ ဟု လျှောက်ထားရာ ဆရာက ......
အိမ်း၊ ငါ့အရှင် ဝိသုဒ္ဓါစာရ သတိကြပ်ကြပ်ထားပါ။ ပုထုဇဉ် အနွယ် အမြစ်တွယ်နေသော အဝိဇ္ဖာ။ တဏှာ။ ရေသောက်မြစ်ကား ဖြတ်နိုင်ခဲ၏။ ဥပမာအားဖြင့် ညောင်ပင်ကြီးတပင်ကို မိုးကြိုးပစ်ရာ ခက်လက်များ ကျိုးပဲ့ ကုန်သော်လည်း ရေသောက်မြစ်မထိမှန်က မိုးရွာပြန်လျှင် ညောင်ငုတ်တိုမှ အတက်ပေါက်လာလိမ့်မည်။ သတိထားပါလေ ဟု မိန့် တော်မူသည်။
ကာလအတန်ကြာ ဆရာထံမှာနေပြီးနောက် မိတ်ဆွေ အရှင်သုဒ္ဓမ္မာလင်္ကာရလည်း မရှိတော့ သဖြင့် ဆရာ့ထံမှ ခွာရန်ဆုံးဖြတ်သည်။ တရားထူးရပြီဖြစ်၍ ဆက်လက်နေရန်လည်း မလိုတော့ ဟုစဉ်းစားသည်။ မိမိ၏ မိအိုဖအို ဆရာသမားများက စပြီး သတ္တဝါအများကို မိမိကဲ့သို့ခံစား စေချင်သည့် ဂရုဏာစေတနာများ ထက်သန်နေ၏။ သို့နှင့် ဇာတိ ကမ္ဘောဇ တောင်လားမြို့သို့ ကြွ၍ တောရဆောက်တည်နေ၏။ မိမိလည်း အားထုတ်။လူအများကိုလည်း နည်းပေးလျက် နေခဲ့ရာ တရားထူးရသည့်တန်ခူးလမှ ရေတွက်သော် ရှစ်လ မြောက်တန်ဆောင် မုန်းလတွင် ငုတ်လျှိုးနေခဲ့သော အနုသယ ကိလေသာဓာတ်သည် ထကြွပေါ် ပေါက်လာသဖြင့် ....
အင်း ။ ဆရာ့စကား တယ်မှန်ပါကလား ။ ပုထုဇဉ် အနွယ်ကိုမျှ မလွန်နိုင်သေး။ ညောင်ငုတ်တို အတက် ပေါက်လေပြီ ဟု ယူကျုံးမရ နောင်တဖြစ်နေရှာ၏။ (စာပေကျမ်းဂန်တတ် ပုဂ္ဂိုလ်များပင် ဖြစ်တတ်သည်ကို သတိပြုမူကြရာ၏။ တရားသဘောသည် နက်ရှိုင်းစွာ့။)
အရှင်ဝိသုဒ္ဓာ စာရသည် ကိလေသာ မကုန်မှန်းသိ၍ မိမိတတ်စွမ်းသမျှ တရားတို့ကို နှလုံးသွင်းလျက် ရာသက်ပန် တောထဲမှာပင် သီတင်းသုံးတော်မူ၏။နည်းခံတပည့်များလည်း ပါရမီအလျောက် သမထ ဝိပဿနာ ဥာဏ်ရင့်သန်ကြီးပွား တရားရသူတွေ များစွာပင် ရှိကြ၏။ နောင်သောအခါတွင် အကြောင်းမသင့် အခွင့်မသာ ပါရမီကုန်သဖြင့် သာသနာတော်၌ မနေပဲ လူသူတော် ဘဝဖြင့်သာ တရားအားထုတ်ရင်း တောမှာပင်နေ၍ ၁၂၃၄ ခုနှစ် သီပေါ မင်းလက်ထက်တွင် ကွယ်လွန်ရရှာ၏။ မင်းငါးဆက် သိမှီ၍ ပါရမီအလျောက် မိမိအကျိုး သူတပါးအကျိုးကို တရားဖြင့် သယ်ပိုးတော်မူခဲ့သော ရာသက်ပန် တောပျော် ယောဂီ အာဇာနည်ကြီး ပင်ဖြစ်သတည်း။
……………………………………………
ကျနော် ဖတ်နေသော စာအဆုံးတွင်ကား တဲအပြင်ဖက်တွင် မိုးစဲစပြုနေချေပြီ။ခပ်လှမ်းလှမ်း လှေဆိပ်ဆီမှ ဆေးမှူးကိုမြင့်ဇော်က ကိုသက်ခိုင်အား အော်ဟစ်နှုတ်ဆက်နေသံကို ကြားရသည်။ စခန်းခွဲတာဝန်ခံက လူနာကို ဆေးမှူးနှင့် ပြန်ထည့်ရန် သဘောတူဟန်ရှိသည်။ အကြောင်းမှာ ကိုမြင့်ဇော်၏ နှုတ်ဆက်သံတွင် “ကျနော် ဒီချာတိတ်ကို ခေါ်သွားပြီ ကိုသက်ခိုင်ရေ့”ဟူသော စကားသံ ပါရှိလာသောကြောင့်ဖြစ်၏။
…………………………………………..
စင်စစ် ကိုသက်ခိုင်နှင့်ကျနော် မိုးကြီးသည်းသည့်နေ့သည် သူနှင့်ကျနော့်အတွက် ရဲဘက်စခန်းတွင် နောက်ဆုံး စကားလက်ဆုံကျခဲ့ကြခြင်း ဖြစ်သည်ကို ကျနော်အမှတ်မထားမိခဲ့ချေ။ထိုနေ့မှ စတင်ရေတွက် လျှင် တလခန့် ကြာမြင့်ချိန်၌ ကိုသက်ခိုင်တယောက် ထောင်ပိုင်ကြီး၏ဆင့်ခေါ်ချက်ကြောင့် ပင်မစခန်းသို့ ရောက်ရှိသွားခဲ့ရာမှ သတင်းအစအန ပျောက်သွားခဲ့ပါသည်။ အင်းစိန်ထောင်သို့ ပြန်ပို့ခံရသည်ဟု ဆိုသူရှိသကဲ့သို့ အချို့က အယူခံနိုင်သွားသည်ဟု ဆိုကြပါသည်။ အချို့ကမူ ရဲဘက်မှ ထွက်ပြေး လွတ်မြောက်သွားသည်ဟု ဆိုကြပြန်ပါသည်။ သို့သော် မည်သည့်အဖြေမျှ ရေရာလှသည် မဟုတ်ချေ။
ထိုကာလအတွင်း တခုသောရက်တွင် ကိုသက်ခိုင်၏ ဇနီးဖြစ်သူ ပင်မစခန်းသို့ ရောက်လာခဲ့ပြီး စားဝတ် နေရေး ကြပ်တည်း နေကြသည့် အကျဉ်းဦးစီး ဝန်ထမ်း ဘေးကြယ်ကြီး၊ ဦးဌေးအောင်နှင့် ရဲဘက် အချို့ အတွက် ငွေသား၊ ဆေးဝါးနှင့် စားသောက်ဖွယ် ပစ္စည်းများပေးပို့သွားခဲ့ရာ ကျနော့်အတွက် စာအုပ်ငယ် တအုပ် ပါရှိလာပါသည်။ စခန်းခွဲတာဝန်ခံ၏ တဆင့်စကားအရ ကိုသက်ခိုင်က ပေးပို့ရန် စေလွှတ်သည်ဟု ဆိုပါသည်။
ကျနော့်အား ကိုသက်ခိုင်ပေးပို့သော စာအုပ်အဖုံးတွင် ကိုမင်းဒင်သို့ ဟူသော ကိုသက်ခိုင်၏ လက်ရေးကို မြင်ရ၏။ အဆိုပါစာအုပ်မှာပညာအလင်းပြ၊စာအုပ်တိုက်မှ ထုတ်ဝေသည့် ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီး နှင့်အနာဂါမ် ဆရာသက်ကြီးတို့၏ ဥပနိဿယအတိုင်း အာနာပါနသိမှုဖြင့်ဝိပဿနာ ရှုပွားနည်း ဟူသော ကိုသက်ခိုင့်လက်စွဲစာအုပ်ပင်ဖြစ်ပြီး အဆိုပါစာအုပ်၏ အကြားတွင် ဓာတ်ပုံတပုံနှင့်စာတစောင် ညှပ်လျက်ပါရှိသည်ကို တွေ့ရလေသည်။
ဓာတ်ပုံမှာ ဂျပန်နိုင်ငံ ဟီရိုရှီးမားဘူတာရုံနောက်ခံနှင့် ချယ်ရီပင်တပင်၏ရှေ့တွင် လူသုံးယောက်တွဲ ရိုက်ထားသောပုံဖြစ်ပြီး ဘေးနှစ်ဘက်မှ လူနှစ်ဦးမှာ ဂျပန်လူမျိုး မျက်နှာပေါက်များဖြစ်ကြ၍ အလယ်တွင် ကား အနောက်တိုင်းဝတ်စုံကို ကျနသေသပ်စွာ ဝတ်ဆင်ထားသည့် ကိုသက်ခိုင်ဖြစ်ပါလေ၏။
ကိုသက်ခိုင်တယောက် စခန်းမှ ပျောက်ကွယ်သွားပြီး သုံးလခန့်အကြာတွင်မူ ကိုသက်ခိုင်နိမိတ်ဖတ် ခဲ့သည့်အတိုင်း ဗိုလ်ချုပ်ကြီးခင်ညွန့်အား အနားပေးသည့် သတင်း၏ နောက်ဆက်တွဲအဖြစ် ပြစ်ဒဏ်ကျ အကျဉ်းသားအချို့ကို နိုင်ငံတော်မှ ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ရာ ကျနော်အပါအဝင် စခန်းခွဲ(၁)မှ အကျဉ်းသားတချို့ လွတ်မြောက်လာခဲ့ကြပါသည်။
ဓာတ်ပုံနှင့်အတူ ပူးတွဲပါရှိသော စာတွင်မူ ကိုသက်ခိုင်၏ လက်ရေးဖြင့် အောက်ပါအတိုင်း ရေးသားထား သည် ကို တွေ့ရပါလေသတည်း။ ။
-ဖြစ်ပျက်ဆိုတာမရပ်မနား တလစပ် ဖြစ်နေ။ ပျက်နေ တာကို ဆိုလိုတယ်။
-ဖြစ်ပျက်ဆိုတဲ့ အထဲမှာ ကျနော်လည်းပါတယ်။ ခင်ဗျားလည်း ပါတယ်။
-ဖြစ်ပျက်ဟာကျုပ်တို့ ခင်ဗျားတို့ ရဲ့ ခန္ဓာကိုယ်မှာ ရှိနေတယ်။
-ဖြစ်ပျက်ကိုကိုယ်ခန္ဓာ မှာ ရှာတွေ့ နိုင်တယ်။
-ဖြစ်ပျက်ကိုတွေ့ ချင်ရင် နည်းလမ်းလိုတယ်။
-ဖြစ်ပျက်ဆိုတာအရာအားလုံးနဲ့ ဆိုင်တယ်။
- ဖြစ်ပျက်ကို သိရင်လောကကြီးကို သိဘို့ လမ်းစဖြစ်တယ်။
- ဖြစ်ပျက်ကိုခြေရာခံမိရင် မဖြစ်မပျက်တာကို တွေ့ နိုင်တယ်။
- ဖြစ်ပျက်ဟာချုပ်ငြိမ်းခြင်းရဲ့ လမ်းစပဲ။
- ဖြစ်ပျက်ဆိုတာ .......................
(သက်ခိုင်)
ရုပ်ပုံ။ ။ ဂူဂဲလ်