၁၆မတ်လ၊၂၀၁၅နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာ မှ။ ။
ကျွန်ုပ်၏လေပုန်းသည်၊စီကေနှင့်ချန်နယ်တို့ကဲ့သို့၊လွန်စွာသင်းပျံ့သောမွှေးရနံ့ရှိ၏။
(မင်းဒင်)
(တစ်)
ဆိပ်ဖလူး ပန်းရနံ့တို့ သင်းပျံ့သော ညတစ်ညဖြစ်လေသည်။ ယိုးဒယားပြည် အမ်မခန် အရပ်မှ တစ်ခုသော ခြံဝင်းကျယ်ကြီး အတွင်းရှိ ကျွန်ုပ်၏ စံအိမ်မှာ ညဥ့်အမှောင်တွင် တစ္ဆေကြီးတစ်ကောင် ငုတ်တုတ် ထိုင်နေသည်နှင့် တူလှ၏။ ပူအိုက်လွန်းလှသည်ဖြစ်သောကြောင့် ကျွန်ုပ်၊ ကပ္ပလီ၊ လေမင်းသားနှင့် ဖေကြည်ဆြာတပည့်လေးယောက်သား အိမ့်အပြင်မှ အုတ်ခုံငယ် တစ်ခုတွင်အတွေးကိုယ်စီဖြင့် ည၏ အလှကို ခံစားလျက်ရှိချိန် ဖြစ်လေသည်။ မဝေးလှသော အက်ဒမန်ပင်လယ်တွင်းဆီမှ မြစ် ဖျားခံလာဟန်ရှိသည့် လေပြည် ညင်းသည် တသုန်သုန် ဖြူးလျက် ရှိရာ ကျွန်ုပ်တို့ကို ကလူကျီစယ် ဆော့ကစားနေဟန်တည်း။
ကျွန်ုပ်သည် မြူမှောင်ကင်း လျက် ၀င်းဝင်းပပသာနေသည့် လမင်းကြီးကို ငေးမျှော်ရင်း ဟော လိဝုဒ်မင်းသမီးကြီး ဆိုဖီယာ လောရင့်နှင့် လွန်စွာဆင်တူလှ သော ငယ်ချစ်ဦးကို ရော်ရမ်းမှန်း ဆတမ်းတနေမိချိန်တွင် တပည့် ကျော်သုံးဦးသားမှာ လေလာရာ ဖင်ပေး၍ အေးအေးလူလူ အပန်း ဖြေနေကြလေသည်။
ထိုသို့ ရှိကြစဉ် နံနက်ခင်းဆီက ကျွန်ုပ် အ၀လွှေးခဲ့သော ပဲပြုတ်နှင့် ချဉ်ပေါင်ရွက်ကြော်သည် မမျှော်လင့်ဘဲ တန်ခိုးပြလာသည် ထင့်။ ၀မ်းတွင်းမှ အတန်ငယ် ရစ် လျက်နာလာလေ၏။ သတိကို မပြတ်ကပ်လျက် တပိုတပါးသွား ရန် လိုအပ်နေပြီလောဟု ဆင်ခြင် မိသည့်အခါတွင်လည်း ရေအိမ် ဆီပြေးရမည့် အနေအထား မဟုတ်ပြန်ချေ။
သို့သော် သေချာလှသောအချက်မှာ ကျွန်ုပ်လေလည်ချင်သလိုလို ခံစားမိလာရ ခြင်းဖြစ်၏။ တပည့်များနှင့် ဝေး ရာသို့ခွာလျက် လေပုပ်ကိုထုတ်ရန် ကြံစည်နေဆဲမှာပင် ယင်းလေသည်ထွက်ပေါက်ရှိရာသို့ အလျင်အမြန်တိုးဝှေ့လေရကား အောင့်အည်းခြင်းငှာ မစွမ်းသာတော့ သည်ဖြစ်၍ ဣနြေ္ဒမပျက်တင်ပါး ကို အသာကြွကာ အလိုက်သင့် လမ်းဖွင့် ပေးလိုက်ရပေတော့ သည်။
အဆိုပါ လေပုန်းသည် တပည့်များ မကြားလောက်သည့် တိုးညင်းသော အသံဖြင့် ပြင်ပသို့ ရောက်ရှိကာ ဆိပ်ဖလူးရနံ့နှင့် ပေါင်းဖက်မိလေ၏။
အဆိုပါ ဖြစ်စဉ်အား ကာယ ကံရှင်ဖြစ်သော ကျွန်ုပ်အနေဖြင့် အသေးစိတ် သိရှိပါသော်ငြား ကျွန်ုပ်ကဲ့သို့ သိက္ခာသမာဓိအ ပြည့်ရှိသည့် ပုဂ္ဂိုလ်တစ်ဦးအနေ ဖြင့် တပည့်တို့အကြား လေလည် မိခြင်းအား အမှန်အတိုင်းဝန်ခံရန် ရှက်နိုးလှသည်ဖြစ်ရကာ ရုတ် ခြည်းပေါ်ထွက်လာသည့် တင်္ခဏု ပ္ပတ္တိဉာဏ်ဖြင့် လိမ္မာပါးနပ်စွာ ဖုံး ကွယ်ရန် အားထုတ်လိုက်ရလေ သည်။
‘‘ဟ ကောင်တွေ၊ ဘယ်လို အနံ့ကြီးပါလိမ့်ကွာ။ ဒီဆိပ်ဖလူး နံ့ဟာ ချိုအီအီနဲ့ တစ်မျိုးကြီးပါ ကလား’’
(နှစ်)
ဆိပ်ဖလူးရနံ့နှင့် လုံးဝကွဲ ပြားခြားနားလျက် ထောင်းခနဲထ လာသော အနံ့ဆိုးကြီးကို ရုတ်တ ရက် ရှူရှိုက်မိနေကြပြီးဖြစ်သည့် တပည့်ကျော်တို့၏ မျက်နှာကား ဘီလူးသံပရာသီးကိုက်မိသည့် နှယ် မဲ့ရွဲ့ရှုံ့တွလျက် တစ်ယောက် မျက်နှာတစ်ယောက် အပြန်အ လှန်ကြည့်ကာ တရှူးရှူးနှာခေါင်း ရှုံ့ကြလျက် လက်သည်တရားခံ အစစ်ကို စူးစမ်းရှာဖွေရင်း မကျေ မချမ်းရေရွတ်ကြကုန်၏။
‘‘ဆိုးလိုက်တဲ့ အနံ့ ဘာတွေ များ မျိုဆို့ထားပါလိမ့်’’
‘‘ဒါဟာ လူကြားထဲမှာ မဆင်မခြင် ဖင်သရမ်းတာပဲ’’
‘‘မဟုတ်မှလွဲရော ဒီအီးမျိုး ဟာ မသေခင်ပုပ်နေတဲ့ လူဆီက လာတာပဲ ဖြစ်ရမယ်’’
တပည့်တို့ထံမှ ထွက်ပေါ် လာသော အသံမျိုးစုံကြောင့် အ ချိန်မီ ၀န်မခံလိုက်ခြင်းသည်ပင် လျှင် မှန်လေစွဟု ကျွန်ုပ် နှလုံး ပိုက်မိ၏။ ဤမျှ ဆိုးရွားလှသော အနံ့သည် ကျွန်ုပ်ထံမှ ထွက်ပေါ် လာခဲ့ခြင်းဖြစ်ကြောင်း ဂနသေ ချာစွာ သိကြပါမူ ယခုအချိန်တွင် မဟာအရှက်တော်ကွဲနေလောက် လေပြီ။
သို့သော် ကျွန်ုပ်နှင့် ၎င်း တို့သုံးဦးတည်ရှိရာ လေတင်လေ အောက်အနေအထားနှင့် ကျွန်ုပ်ပဲပြုတ်ကြိုက်တတ်သည်ကို ကောင်းစွာသိရှိကြသော တပည့်ကျော် သုံးဦးသည် လက်သည် တရားခံအစစ်အား အကင်းပါးစွာသိရှိကြဟန်တူ၏။
ဤအချက်ကို ပြောင်စပ်စပ် မျက်နှာပေးဖြင့် ကပ္ပလီငယ်စောင်းမြောင်းရွတ်ဆိုလိုက်သော စာချိုး ကလေးက သက်သေခံလျက်ရှိ၏။
‘‘ပဲကလေးက ဆိမ့်လိုက်တာ ပြောစရာရှိဘူး။ ညအခါ လသာ သာ ကိုယ်တော်သုံးတယ် လေ ပုန်းကမြူး’’
သည်အခြေအနေတွင် ကျွန်ုပ်ပြုံးရယ်လိုက်လျှင် အပြစ် ကို သွယ်ဝိုက်သော နည်းအားဖြင့် ၀န်ခံရာ ရောက်ပေတော့မည်မို့ တည်ငြိမ်စွာ မျက်နှာပိုးသတ်လျက် ခင်းလက်စ မထူးဇာတ်ကိုပင် မှင် သေသေ ဆက်ခင်းရချေတော့ သည်။
‘‘အေးကွာ၊ ဘယ်သူ့လက် ချက်ပါလိမ့်နော်။ အမည်သာ မဖော်နိုင်တာ တစ်ယောက်ယောက်တော့ တစ်ယောက်ယောက်ပဲကွ’’
သံသယဖြစ်ဖွယ်တရားခံ မှာ အာစရိယစာရင်းဝင် ဆြာသ ခင်ဖြစ်နေ၍ လောမဆိုနိုင်၊ တပည့်ကျော်တို့၏ မျက်နှာထားမှာ ‘‘ငါသိပါတယ်သာလိကာရယ်’’ ဟူသော အဓိပ္ပာယ်ဆောင်သည်ကို ကျွန်ုပ်မသိကျိုးကျွန်ပင် ပြုလိုက်ရချေသည်တမုံ့။
(သုံး)
သို့သော် ကံကြမ္မာသည် ကျွန်ုပ်အား မျက်နှာသာမပေးခဲ့ ချေ။
ညဥ့်နက်တော့မည်ဖြစ်၍ ဆြာတပည့်လေးဦးသား ခြံတွင်း မှသည် နေအိမ်အပေါ်ထပ်သို့ ပြန်တက်လာခဲ့ကြပြီး အတူတကွ အိပ်စက်အနားယူကြမည့် အခန်း ငယ်တွင်းသို့ စုပြုံရောက်ရှိချိန် တွင် ကျွန်ုပ်အောင့်အည်းတားဆီး ချိန် မရလိုက်သော ဒုတိယမြောက်လေပုန်းသည်
‘‘ဘူ’’ ဆိုသော အသံကျယ်ကြီးပြုလျက် တစ်ခန်းလုံးကို ဟိန်းထွက်သွားစေ လေတော့သည်။
ကိုယ်ကျိုးဖြင့် နည်းလေပြီ။ အချိန်မီ မထိန်းသိမ်းနိုင်လိုက်ဘဲ လက်ပူးလက်ကြပ် အမိခံလိုက်ရ သော အဖြစ်ကို စိတ်ကသိက အောက်ကြီးစွာ ဖြစ်ရ၏။ သို့လင့် ကစား ကျွန်ုပ်ကဲ့သို့ လူကြီး၊ လူ ကောင်းတစ်ဦးအနေဖြင့် ခေါင်းငုံ့ လည်စင်းဝန်ခံရန် စိုးစဉ်းမျှအ ကြောင်းမရှိသဖြင့် ပါးနပ်စွာ ဆင် ခြေစကားဆိုလိုက်ရလေသည်။
‘‘ကျန်းမာရေးပေါ့ကွာ။ ဒါ ပေမဲ့ မင်းရို့ဆြာရဲ့ လေပုန်းက တခြားသူတွေလို အနံ့မဆိုးလှပါ ဘူးလေ’’
သည်တစ်ကြိမ်တွင်ဖြင့် အ ခန်းကျဉ်းငယ်အတွင်းတွင် အနံ့ ဆိုး၏ ဒုက္ခကို မပြေးသာ မရှောင် သာခံစားကြရလေသည့် တပည့် ကျော်တို့မှာ ခန္တီတရားလက်လွတ် ကာ သည်းခံစိတ်မမွေးနိုင်ကြ တော့ဘဲ ပွင့်အန်ပေါက်ကွဲကုန်ကြ လေတော့၏။
‘‘ဒါတော့ ဆြာဒင် သိပ်လွန် သွားပြီဗျာ’’
ကပ္ပလီငယ်၏ အသံသည် အတန်ငယ်တင်းမာလျက် ရှိ၏။ ထို့ကြောင့် အကောင်းဆုံးဟု ထင် ရသည့် အကြောင်းပြချက်ဖြင့် ကျွန်ုပ်၏ မဆင်မခြင် လေလည် မှုကို ဖာထေးရန် အားထုတ်ရပြန် သည်။
‘‘လောကကြီးမှာ လူမှန်ရင် လေလည်တတ်ကြတာချည်းပါပဲ မောင်ကပ္ပလီရယ်’’
ဤတွင် အလစ်အငိုက် ချောင်းနေသော လေမင်းသား သည် အခါကောင်းကြုံပြီဟု ယူ ဆဟန်ရှိ၏။
‘‘ဒါတော့ ဒါပေါ့။ ဒါပေမဲ့ ဆြာ့လုပ်ပေါက်က လေလည်တဲ့ ကိစ္စလေးကို ရုပ်ပျက် ဆင်းပျက် ဖာထေးနေတာတော့ သဘာဝ မကျလှဘူးထင်တာပဲဗျ။ ဘာတဲ့ ကိုယ့်အီးတော့ ကိုယ်မွှေးသတဲ့’’
‘‘ဟ၊ အကောင်၊ ကိုယ့်အီး ကိုယ်နံတယ် ပြောလို့ ဖြစ်ပါ့ မလား။ ငါလိုလူမျိုးဟာကိုယ့် နှုတ်က ထွက်တဲ့စကားတစ်ခွန်း ကို ရှေ့နောက်ဆင်ခြင်သင့်တာ ပေါလဟ’’
(လေး)
အိပ်ရာပေါ်တွင် ပက်လက် လှန်ရင်း အလေးအနက် စဉ်းစား နေဟန်ရှိသော ဖေကြည်၏ မှတ် ချက်ကား ကျွန်ုပ်၏ ဒေါသကိုနှိုး ဆွလိုက်သကဲ့သို့ ရှိ၏။
‘‘ဆြာရင်း တပည့်ရင်းတွေ ကြားမှာ ဗြောင်လိမ် ဗြောင်စား လုပ်တာတော့ မကောင်းပါဘူး ဆြာရယ်။ အမှားလုပ်မိတာ လူ့ သဘာဝပါ။ ကိုယ်ပြုခဲ့တဲ့ အမှား ကို မှန်မှန်ကန်ကန် ရဲရဲ ၀ံ့ဝံ့ ၀န်မခံ ရဲတာကမှ ယောက်ျားကောင်း မဆန်၊ သူရဲဘောကြောင်တဲ့ အလုပ်ဆြာရဲ့’
’ဖေကြည်၏ စကားသည် ကျွန်ုပ်၏သိက္ခာ အကြေးခွံကို မညှာမတာ လှန်တွန်းလိုက်သကဲ့ သို့ ဖြစ်လေသည်ကြောင့် ကျွန်ုပ်၏ မဟုတ်မခံ စိတ်ဓာတ်သည်ဟုန်း ခနဲ ထတောက်လေတော့သည်။
‘‘အေးပေါ့ကွာ။ မြေနိမ့်ရာ လှံစိုက်ကြပေါ့။ တပည့်လေးသုံး ယောက်နဲ့ ဆြာကြီးဖြစ်နေရတဲ့ ငါလိုကောင် လေလည်မိတာကို ဆင့်ဥစ္စာအနာလုပ်သလိုရေးကြီး ခွင်ကျယ်ဝေဖန်ကြပေါ့။
မြန်မာ ပြည်မှာ လူကြားမကောင်း သူ ကြားမကောင်း ဖြစ်လာသမျှ ပြဿနာတွေအပေါ် ကာကွယ် ရေးဦးစီးချုပ်ကအစ၊ သမ္မတအ လယ်၊ ပြန်ကြားရေးဝန်ကြီး အ ဆုံး အမြဲလိုလို ဖင်ပိတ်ပြီး ဘူးခံ ငြင်းနေကြတာကိုတော့ မင်းတို့ ဘာတစ်ခွန်းမှ မဟရဲကြဘူး မဟုတ်လား။
မီးလောင်ဗုံးနဲ့ ပစ် တာမှန်တယ်။ နဖူးတည့်တည့် ပစ်တာ တာဝန်အရ။ ဆန္ဒပြလူထု ကို လူမိုက်ငှားရိုက်တာ ဥပဒေနဲ့ ညီတယ်။
တာဝန်ရှိ ရဲမှူးကြီး ကိုယ်တိုင်က ပညာရေးစနစ်ပြင် ဆင်ချင်တဲ့ ကျောင်းသားတွေကို မညှာမတာ ရိုက်နှက်နှိပ်စက်တာ ကိုတောင် အီးယူနည်းအတိုင်း ရိုက်ပါတယ်ဆိုတာတွေကို ဘာ တစ်ခွန်းမှ အသံမထွက်ဘဲ အမြီး ကုပ် ငြိမ်ခံနေကြတာကကော ယောက်ျားကောင်းတွေရဲ့ လုပ် ရပ်လား။ ဖြေကြားစမ်းပါဦးလဟ။
မဟာပညာရှိကြီးတွေရ’’
ဒေါသစွက်နေသာ ကျွန်ုပ်၏ ခုခံလျှောက်လဲ ဖြေရှင်းချက်အဆုံးတွင် အမြင်မှန် အသိတရားရသွားလေဟန် ကိုယ်ချင်းစာ ကရုဏာသက်သည့် အမူ အရာကိုယ်စီဖြင့် လေပြည်ထိုးသည့် မှတ်ချက်အသီးသီးမှာ ကျွန်ုပ်ကျူးလွန်ခဲ့သော လူပုံအ လယ် လေလည်မှုအတွက် ပြစ်မှု မထင်ရှားသဖြင့် အမှုမှ တရား သေလွှတ်မိန့်ချသည်ဟု ကျွန်ုပ်ခံ စားနားလည်မိပါ၏။
‘‘ဟုတ်ပါ့ဆြာရယ်။ ဆြာ့ လျှောက်လဲချက်အတိုင်းဆိုရင် ဆြာ့မှာ အပြစ်လုံးလုံး မရှိပါဘူးလေ’’
‘‘သြော် ဆြာရယ်။ ပြေးကြည့်မှ ဒီဆြာတပည့်တွေ ရှိတာ။ နောက်များဆို လွတ်လွတ်လပ်လပ် ကြိုက်သလိုသာ လေလည်ပါတော့ဆြာ’’
‘‘တကယ်တော့ ဆြာလေ လည်လိုက်ရင် ချန်နယ်တို့၊ စီကေ တို့ ရှုံးလောက်အောင် မွှေးမြလှ ပါတယ်ဆြာ’’