ဆြာဒင်နှင့်သူ၏ဖေ့စ်ဘွတ်
(မင်းဒင်)
(၁)
နန်းမြေရွှေဘုံ၊ ရိပ်မြုံကွာလှမ်းဝေးနေချိန်၌ အဆိုးထဲက အကောင်းဟုပင် မှတ်ယူရပေချိမ့်တော့မည်။ခေါင်းလောင်းသံ တညံ ညံပေးသော၊ ရွာကျောင်းကို ပြေးမြင်မိသည့်အခါ အမေနဲ့ရွာကို လွမ်းနေတတ်သော ကျွန်ုပ်သည် ကြီးကောင်ကြီးမ ကျခါမှ ဖေ့စ်ဘွတ်ခေါ်ဆွေသဟာစာမျက်နှာတွင် မိတ်ဆွေ နောက်လိုက် တပြုံတမကြီးနှင့် လူရာဝင်လျက်ရှိလေ၏။ ဆြာဒင်နှင့် ရောင်ပေစူးဘဝက ကျောင်းနေဖော်သူငယ်ချင်းတို့ကား ဖေ့စ်ဘွတ်ကို မဆိုထားဘိ၊ အီးမေးလ် လိပ်စာနှင့်ပင် အလှမ်းဝေး ကာ မီဒီယာခေတ်ကြီး၏ ဟိုးဝေးဝေးက နှင်းအဖြစ် ကျန်ရစ်လျက် အဆက်ပြတ်ခဲ့ကြကုန်၏။
သံဂွေလှိမ့်ဖော်၊ ကျောက်ဒိုးရိုက်ဖက်၊ လည်ပင်းဖက်ဖော်တို့နှင့် အိုဗာဆီးပြောချိန်များ၌ ဖုန်းခခြွေတာရန်၊ စိတ်ကြိုက် အလွမ်းသယ်နိုင်ရန်၊ဂျီတော့တွင် ချပ်တင်ထိုင်ရန်၊ငယ်ကျိုးငယ်နာတို့ကို စမြုံ့ပြန်ရန်အလို့ငှာ ဂျီမေးလိပ်စာ တောင်းမိ လေတိုင်း“အေးကွာ၊ရှိတော့ရှိတယ်။အခုအလောသုံးဆယ်မို့မေ့နေတယ်” ဟူ၍လည်းကောင်း၊ “အဲဒီလိပ်စာနေပြည်တော်မှာ ကျန်ခဲ့တယ်” ဟူ၍တဖုံ၊ “ငါ့သားငါ့သမီးကတော့ လုပ်ပေးထားကြသားကွ၊မသုံးတာကြာတော့ သိပ်မကျွမ်းလှဘူး” ဟူ၍ တမျိုး စကားပရိယာယ် အသွယ်သွယ်ဖြင့် ဂျက်စီဂျိန်းကြဖန်များသော် ဒင်းတို့ကား ခေတ်ကို မျက်ခြေပြတ်ခဲ့ကြချေပြီ တကား ဟူ၍ ကြီးစွာသော မဟာဂရုဏာဖြင့်သနားစိတ်ပင် ဝင်မိလေသည်။(ဤကားစကားချပ်)
(၂)
ခေတ်တည်းဟူသော မိတ်ဆွေနှင့် လက်ပွန်းတတည်းနေလိုလှသော ဆြာဒင်သည် ဟိုနှိပ်သည်နှိပ်ဘဝနှင့်ပင် အီးမေးလ်ဟူ သောအရာနှင့် အကျွမ်းဝင်ခဲ့သည်။ထိုမှတဖန် ဘလော့တကာ၏ စီဘောက်တို့တွင် လက်ဆော့ရေးသားနေခြင်းအား တူမ တော်တစ်ဦးက မျက်စိနောက်လေဟန်ထင့်။ “အန်ကယ်၊ ဒီလောက်တောင်၊လက်အားနေလျှင် ထင်တိုင်းကြဲပေတော့” ဟုဆိုကာ မေတ္တာအဟုန်ဖြင့် ဘလော့ဂ်စပေါ့ဒေါ့ကွန်းတစ်ခုကို ဖန်တီးပေးသနားပြန်ရာ ရေငတ်နေစဉ်၊ ပါးစပ်ထဲသို့ မီးသတ်ပိုက်နှင့် ထိုးပက်သကဲ့သို့ဖြစ်လျက် ဘလော့ဂါဖြစ်ရပြန်လေ၏။ထိုမှတဆင့်တက်ခါဖေ့စ်ဘွတ်တည်းဟူသော ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်နိုင်သည့် စာမျက်နှာတစ်ခုကို ပိုင်စိုးတော်မူခဲ့ပြန်လေသတည်း။
ဖေ့စ်ဘွတ်ဟူသောအရာနှင့် လက်မွန်မဆွ ပက်ပင်းတိုးစတွင်မူ ကျွန်ုပ်သည် ချစ်ဦးသူနှင့် ပထမဆုံး အချိန်းအချက်ပြုသော နေ့ရက်၌ ရှက်ကိုးရှက်ကန်း အိုးတို့အမ်းတန်း ဖြစ်လေသော လူပျိုပေါက်ကဲ့သို့လည်းကောင်း၊ ဟားဗတ်တက္ကသိုလ် ကျောင်းတော်သားငါးဦး တီထွင်ဖန်တီးအပ်သော သိင်္ဂီရွှေခွက်နှင့်တူလှစွာသည့် ဖေ့စ်ဘွတ်သည် “ငါလိုငပါမွှားအမဲရိုးနှင့် လားလားမျှမသက်ဆိုင်ရာ” ဟူသော အတွေးကြောင့်လည်းကောင်း၊မထိရဲ မကိုင်ရက် ဝေးဝေးကသာ လွမ်းခဲ့ရပါ၏။ သို့တပြီးကား ဖေ့စ်ဘွတ်၏ မျက်နှာငွေလ ရွှင်ပျပျကို လျှောက်ပြန်သံပေး ခြေအေးဝမ်းယောင်လုပ်ရာမှ မုဆိုးစိုင်သင် ဟူသော ဆိုရိုးနှင့်အညီ ဆြာဒင်သည် ရှိရှိသမျှ သတ္တိကိုမွေးလျက် နွားမဒန်း၏နို့ကို ညှစ်သကဲ့သို့ လုံ့လပြုပြီးသကာလ ခြောက်လမျှအကြာ၊ ဖေ့စ်ဘွတ်၏ နံရံတွင် “မင်္ဂလာပါခင်ဗျာ” ဟူသော မဟာဥဒါန်းကို ကျူးရင့်၊ ရေးတင်ပြီးချိန်၌ ဖေ့စ်ဘွတ်နှင့်ကျွန်ုပ် ရင်းချာမိတ်ဖက်ဖြစ်ကြလေကုန်၏။
မိုးမမြင်လေမမြင် ပျော်မဆုံးဖြစ်ရသော အချိန်များပါတကား။ ဖေ့စ်ဘွတ်သည် ကမ္ဘာကြီး၏ အသက်ရှူသံတည်း။ ဖေ့စ်ဘွတ် သည် မိတ္တဗလကွက်လပ်ကို ဖြည့်ဆည်းနိုင်သည့်အရာတည်း။ဖေ့စ်ဘွတ်ကား ရသာစုံသည့် ဟင်းလျာပေတည်း။ ဖေ့စ်ဘွတ်ကား လောကကြီး၏ မျက်စိ၊နားပင်တည်း။ဖေ့စ်ဘွတ်ကား ငြီးငွေ့ဖွယ်ဘဝများအတွက် အကောင်းဆုံး ပျော်တော်ဆက်တည်း။ ဗဟုသုတဟင်းလေးအိုးကြီးပင်တည်း။ဘဝဆုံးတိုင် ရွှေလက်တွဲအပ်သော ကြင်ဖော်ပါတကား ဟူသော အတွေးမျိုးစုံဖြင့် ပျားရည်ဆမ်းနေ့ရက်များကို ကြည်နူးစွာ ဖြတ်သန်းခဲ့မိချေသည်တမုံ့။
(၃)
ယင်းသို့သောအချိန်၏ တစ်ခုသောနေ့ရက်တွင်မူ ဖေ့စ်ဘွတ်စာမျက်နှာ၌ နာမည်ကျော်အဆိုတော်ရုပ်ရှင် မင်းသမီးတစ်ဦး ရုတ်တရက် ကွယ်လွန်ဟူသော ဖော်ပြချက်တစ်ခုကို ဖတ်ရလေရာ ဆြာဒင့်ခမျာ ဝမ်းအနည်းကြီးနည်းလျက် အကြွေစောရ လေခြင်းဟု နှမြောတသဖြစ်ရုံမျှမက၊ သူ တခေတ်ဆန်းစေခဲ့သော နားပန်းဆံသီချင်းကို နားတွင် ပြန်လည်ကြားယောင် သလိုပင် ဖြစ်ချေ၏။သို့မျှမက အဆိုပါ ဝမ်းနည်းဖွယ်သတင်းကို ဝေးရပ်နီးနေ မိတ်ဆွေအများသို့လည်း ထပ်တူဝမ်းနည်း တသနိုင်ကြစေရန်အလို့ငှာ ဖုန်းဖြင့်တစ်မျိုး၊မေးလ်ဖြင့်တစ်သွယ် လက်လှမ်းမီသမျှ ဖြန့်ဖြူးဝေမျှမိသည်၏ မရှေးမနှောင်း တွင်ပင် အဆိုပါ မင်းသမီးကိုယ်တိုင် ဖေ့စ်ဘွတ်ပေါ်တွင်ကိုယ်ထင်ပြလျက် ဒေါင်ဒေါင်မြည်ကျန်းမာလျက်ရှိကြောင်း ရုတ်ခြည်း ဖြေရှင်းလေရာ ဆြာဒင်ခမျာ ဝမ်းသာရမည့်အစား ကျွံမိသည့်သတင်းစကားကို အချိန်မီဆက်သွယ်၊ ပြင်ဆင် ပယ်ဖျက်ရလေသဖြင့် ကြီးကောင့်ကြီးမားကျခါမှ နှုတ်သရမ်းသူ စာရင်းဝင်ရလေတော့သည်။
ထို့သို့ဖြေရှင်းရသည်ကား တစ်ကြိမ်တည်းမဟုတ်၊တစ်ခါတည်းမဟုတ်ချေ။ ဖေ့စ်ဘွတ်တွင်ဖတ်မိသမျှ သတင်းထူး သတင်းဦးမှန်သမျှ လိုက်ဖြန့်မိသော ကျွန်ုပ်မှာ လွဲဖန်များလတ်သော် အိမ်သူသက်ထားကပင် “ ဒင်းစိတ်ချမ်းသာရင် ကမ္ဘာကြီးငြိမ်းချမ်းပြီ”ဟူသော မျက်နှာပေးဖြင့် အရူးစာရင်းသွင်းလေ၏။
တစ်ခုသော ဗီဒီယိုဖိုင်တစ်ခုတွင်မူ “ကျမပြောတာ နည်းနည်းရိုင်းမယ်နော်၊ မခံနိုင်ရင် အခုပိတ်လိုက်ပါ” ဟူသော သတိပေးစကားကို မသိကျိုးကျင်ပြုကာ ဆက်ဖွင့်မိသည်၏ တခဏ၌ ဣတ္ထိယတို့၏ အဂါင်္ကြီးငယ်တို့နှင့်ခိုင်းနှိုင်းတင်စား လျက် ပြောဆိုရွေရွတ်သံကို နားထင်နားရင်းပူအောင် နားဆင်ပြီးသကာလ ငါ့နှယ်၊သူတားပါလျက် ဖွင့်မိလေခြင်းဟူသည့် နောင်တများစွာဖြင့် ပူပန်ခဲ့ရပြန်ချေသည်။
ထိုနောက်တဖန် အောက်စဖို့ဒ်ကျောင်းထွက်၊ရုပ်ရည်သနားကမားနှင့် လူငယ်ပညာတတ်တစ်ဦး၏ ဗီဒီယိုဖိုင်တို့ကို ကြည့် မိပြန်ရာ သူသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ကိုလည်း အတင်းတုတ်၏။ရှစ်လေးလုံးမျိုးဆက်၏ မျိုးဆက်ကိုလည်း အမနာပစကားဆို၏။ သူကား တခါတရံ မျက်နှာဖုံးကြီးစွပ်လျက် ပေါ်လာတတ်ပြန်သေး၏။မြန်မာယောက်ျားမှန်သမျှ သောက်တင်းချသည်ဟူသော အတွေးအမြင်ကို နိုင်ငံတကာသို့ ဖြန့်ချိနေသည်နှင့် တူတော့သည်။
(၄)
စိတ်ညစ်ညူးဖွယ်၊ ဖေ့စ်ဘွတ်ပုံပြင်တို့ကို အပြည့်အစုံဖော်ပြရလျှင် ညပေါင်းတစ်သောင်းတစ်ထောင်တိုင်နိုင်လေသည်။ အချို့ကား ဖေ့စ်ဘွတ်စွဲရောဂါရကာ အိပ်ကောင်းခြင်းမအိပ်နိုင်၊စားကောင်းခြင်းမစားနိုင်ကြတော့။မကျေနပ်သူကို တရေးနိုး မှာ ထဆဲနေသူလည်းရှိ၏။မုန့်ဟင်းခါး၊ပဲပြုပ်ဆီဆမ်း၊ဂျင်းသုတ်၊ လက်ဖက်သုပ်နှင့်မုန့်ဗိုင်းဒေါင့်တို့ကို ရိုက်ကူးတင်ပြသူ လည်း မရှား။ တစောင်းစေးနှင့် မျက်ချေးဘဝဖြင့်၊ အမြဲလိုလိုနပမ်းဖက်သတ်လေ့ရှိသော လင်စုံမယားဖက်တို့၏ ရွှင်ပြုံး သော မျက်နှာတော်တို့သည်လည်း ဒွိယံဒွိယံ၊ရံခါပေါ်လာတတ်ပြန်၏။
ထိုမျှမက ထီးပဲဟေ့ ထီးပဲ ၊အားလုံးကို ထီးပဲ ဟူသော အမျိုးသားပိုင်ဥစ္စာကို ဖောဖောသီသီကြော်ငြာသည့် စကားသံတို့ လည်း ဖေ့စ်ဘွတ်တွင် မိုးမွှန်၏။သောက်ကောင်တွေ၊သောက်ကောင်မတွေဟူသည့် သောက်ချင်းထပ်သည့် သောက် စတေးတပ်တို့သည်လည်း ဝေါ်လ်တကာတွင် နှံ့၏။တောင်းရမ်းလက်ထပ်ခြင်းကို ငြင်းသည့်အတွက် ငယ်ပါကိုအညှစ်ခံရသူ သည်လည်း သေခါမှ ဖေ့စ်ဘွတ်စတားဖြစ်ရရှာ၏။ကွယ်လွန်အနိစ္စရောက်သည့် စတေးတပ်ကို တပြုံတမကြီး နှစ်သက် ကြောင်း ဆန္ဒပြုကြ၏။
ကြေကွဲဝမ်းနည်းဖွယ်မလေးရှားဖြစ်ရပ်တွင်ပင် လူထုခေါင်းဆောင်၏အမည်ကို အလွဲသုံးကာ ခေတ်မီလေယာဉ်ပျံကြီးနှင့် သဘောင်္ကြီးတို့ကို ကွာလာလမ်ပူဆိပ်ကမ်းသို့ စိတ်ကူးဖြင့်စေလွှတ်ကြ၏။ဖေ့စ်ဘွတ်သတင်းကို ဖတ်ရှုချင့်ချိန်မိသော ဒုဝန်ကြီးခင်မျာ၊ မေတ္တာအပို့ခံရ၏။ရန်ကင်းစင်တာနားက ခေတ်မီ(office tower)သည်လည်း ဘာသာရေး ဆောက်အဦဟု အဖွခံရကာ တာဝန်ခံအင်ဂျင်နီယာခမျာ၊ ဘုရားဒကာကျောင်းဒကာ သူ့အလုပ်ရှင်၊ဘယ်တုန်းက ဘာသာ ပြောင်းသွား ပါလိမ့်ဟု နဝေတိမ်တောင်ဖြစ်ရရှာသည်။ဘုရားစူးမိုးကြိုးပစ်ကျိန်ဆိုတင်ပြနေကြသော အမှန်တို့၊ ရှိသည်လည်း မှန်ပါ၏။ နားလည်ခွင့်လွှတ်၊ လက်ခံနိုင်သော အကြောင်းအရာ နည်းလွန်းလှစွာ၏။ အယုတ္တအနတ္တများလှတော့သည်။
ဘယ်ဟာအမှန်၊ ဘယ်ဟာအမှား ပါရမီ့ရှင်အရင့်အမာများပင် ခွဲခြားရန် ခက်ခဲလှပေရာ အနုံညာတ၊မောင်မောင်ဒင်မှာ သေ ချင်စော်နံ လေသတည်း။
ဖေ့စ်ဘွတ်ကားအိမ်သာနံရံနှင့်တူလေစွ။ မိမိမုန်းတီးသူကို ဖဲ့ရာနေရာတည်း။ ဆန့်ကျင်ဖက်အဖွဲ့အစည်း၏ အရှက်သိက္ခာ ကျရာကျကြောင်း ဖွရာနေရာတည်း။စိတ်၏ထွက်ပေါက်ကို အဆင်ခြင်မဲ့ဖွင့်အံကြရာနေရာတည်း။ လူဟော့သရမ်းလူ့ ပေါက်ပန်းတို့ ပျော်မွေ့ရာ နေရာတည်း။သူရူးတို့၏နယ်မြေတည်း။မြန်မာစာရေးထုံးကို စံနစ်တကျ ဖျက်ဆီးနေသည့် တရားခံ နံပါတ်တစ်တည်း။
(၆)
ဖေ့စ်ဘွတ်ဟုခေါ်ဝေါ်သမှုပြုကြသည့် လူမှုကွန်ယက်နက်ဝပ်ကို ဖေ့စ်ဘွတ်တ်ကုမ္ပဏီမှ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလတွင် အင်တာနက်ပေါ်သို့ စတင်လွှင့်တင်ခဲ့သည်ဟုဆိုပါ၏။ အစကနဦး တည်ထောင်ခဲ့သူမှာ Mark Zuckerbergဖြစ်ပြီး ဟားဗတ်တက္ကသိုလ်တွင်ရှိသော သူ၏အတန်းဖော် သူငယ်ချင်းလေးယောက် (Eduardo Saverin, Andrew McCollum, Dustin Moskovitz and Chris Hughes )တို့ ပါဝင်အင်အားဖြည့်လျက် တည်ထောင်ခဲ့ကြသည်ဟု ဆိုပါ၏။ ဖေ့စ် ဘွတ်တ်အသင်းဝင်အဖြစ် ဟားဗတ်တက္ကသိုလ်ရှိ ကျောင်းသူ ကျောင်းသားများသာ ၀င်ရောက်ခွင့်ရှိကြောင်း တည်ထောင် ခဲ့သူများက ကန့်သတ်ခဲ့ကြသော်ငြား ၊၂၀၀၆ ခုနှစ်၊စက်တင်ဘာလခန့်က စတင်ပြီး တဖြည်းဖြည်း၊ ဘော်စတွန်နယ် တစ်ခွင်မှသည် အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါ တစ်ဝိုက်ရှိ၊ တက္ကသိုလ်များဆီသို့ ကူးစက်လာခဲ့ကြောင်း သိရပြန် ပါ၏။
ထိုသို့လျှင် အလုပ်မရှိအလုပ်ရှာ၊ လက်ဆော့ခြေဆော့ကာ ပြဲပြဲစင်သောကမ္ဘာတခွင်မှ လူအများကို မချိအချက်တွေနှင့် အမှု ရတက်ပွေစေသည့် အဆိုပါလူငယ်ငါးဦးနှင့်ကျွန်ုပ်၊ အကယ်၍သာ ဖူးခက်တစ်နေရာတွင် ဆုံမိသည်ဆိုငြားအံ့၊ သင်းတို့၏ နားရင်းကို ဖြောင်ဖြောင်မည်အောင် ခပ်ပြင်းပြင်းရိုက်ချင်လှ၏။ထိုတွင်မက ဖေ့စ်ဘွတ်အပေါ်ထားမိသည့် ကျွန်ုပ်၏ သံယောဇဉ်ကို နွယ်တမျှင်မြက်တစ်ပင်လို ဖြတ်နိုင်သူဖြစ်ပါစေကြောင်း ၊ နှုန်းတုမမြင် သုံးလူ့ရှင်ထံပါး၌ ယှက်နွယ် ဖယောင်းနှယ်၊ ခက်သွယ်ပြောင်းသည့်၊ လက်ဆယ်ချောင်းဖြင့် ဦးထိပ်မိုးကာ ရှစ်ခိုးဆုတောင်း လိုလှ၏။
…………………………..