အခန်း(၃)
ရန်သူ့မြေဝယ်။
၂၀၁၃ခုနှစ်၊သြဂုတ်လ(၄)ရက်၊ဖူးခက်
ဤရက်ပိုင်းများအတွင်းဖူးခက်မှာ မိုးရွာရက်စိတ်သည်။ ဖူးခက်တွင် နွေနှင့်မိုးသာရှိ၍ ဆောင်းမည်သော ဥတုသည် ကွယ် ပျောက်နေဟန်ရှိ၏။ ပင်လယ်ပြင်တွင်းက ကျွန်းဖြစ်၍ ရာသီမိုးအပြင် ပျံကျမိုးသာ တနှစ်ပတ်လုံး ပြောက်ကျားရွာသွန်း နေတတ်သည်။ဖူးခက်သည် လတ္တီတွဒ်အားဖြင့် မြန်မာပြည်တနင်္သာရီဒေသနှင့် တတန်းတည်းနီးပါးရှိမည်ဟုထင်မိသည်။ ရန်ကုန်နှင့်နှိုင်းယှဉ်လျှင် ရက်ပေါင်းသုံးဆယ်ခန့်စော၍ မုတ်သုန်လေဝင်ရောက်သည်။ရန်ကုန်မှာ ဇွန်လတွင်မိုးဖြိုင်ဖြိုင် ရွာသော်ငြား ဖူးခက်တွင်မူ မေလတွင်မိုးစရွာ၏။
တောင်များဝန်းရံလျက်ရှိသည့် မြို့ဖြစ်၍ မိုးသည်းထန်သည့်အခါ တောင်ကျရေများကြောင့် အချို့နေရာများတွင် ရေလျှံ သည်။လမ်းမတွေ ရေမြှုပ်သည်။ သို့သော် ခေတ်မီနည်းပညာများဖြင့် အမြဲတစေ တည်ဆောက်မွမ်းမံနေသောကြောင့် နာရီ ပိုင်းအတွင်း ပုံမှန်အခြေအနေပြန်ရောက်သည်။ဆူနာမီကဲ့သို့ ကြီးမားပြင်းထန်လှသည့် သဘာဝဘေးကို ရင်ဆိုင်ခဲ့ရသော် ငြား ဖူးခက်သည်ပုံမှန်အရှိန်ဖြင့် ဖွံ့ဖြိုးစည်ပင်ကာ ပန်းပန်လျက်ပင်တည်း။
ပြီးခဲ့သည့် မိုးရွာသောတနေ့တွင် ကိုသက်ခိုင်တယောက် ကျနော့်အိမ်သို့ မမျှော်လင့်ပဲ ပေါက်ချလာသည်။
“မိုးရက်တွေမှာတော့ ခင်ဗျားအိမ်မှာပဲ စတည်းချုလိုက်အုံးမဗျာ”
ဟု သူ့သဘောနှင့်သူ ပြောဆိုအတည်ပြုပြီး ကျနော့်အိမ်တွင် သူရှိနေစဉ်ရက်များ၌ သူ့ဘဝသူ့အကြောင်းတရားရှည်ကြီး တို့ကို ကျနော်နာရလေ့ရှိသည်။ရံဖန်ရံခါ အခြေအတင်စကားလက်ဆုံကျလေ့ရှိသည်။
“ခင်ဗျားနဲ့ကျနော့် ရေစက်ကလည်း ဆန်းချက်ဗျာ၊ ဒီဘဝတင် မဟုတ်၊အရင်ဘဝကပါ ခင်ဗျားနဲ့ ကျနော်ဖူးခက်မှာ ဆုံခဲ့ကြ ဖူးလေရော့သလား”
“ဟ၊ ဖူးခက်ကမ်းခြေဆိုတာ ဒွေးနဲ့ထက်ထက်မိုးဦး စူပါကော်ဖီမစ်ကြော်ငြာရိုက်မှ ကျနော်အပါအဝင် ဗမာတပြည်လုံး သိကြတာလေ၊ ဘယ့်နှယ်၊ အရင်ဘဝက ကျနော်နဲ့ခင်ဗျား ဖူးခက်မှာ ဆုံနိုင်မတုန်း”
“အင်း၊ဟုတ်ပါပြီ၊ ကျနော်လည်း ဖူးခက်ဆိုတာ ဗမာပြည်နဲ့ အလှမ်းကွာပြီး ချောင်ကျသလိုဖြစ်နေတဲ့နေရာမို့ ခင်ဗျားတွေး သလို တွေးခဲ့ဖူးပါရဲ့၊သေချာလေ့လာမိတော့မှ လားလား၊ဖူးခက်ဟာ မြန်မာတွေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းပေါင်းထောင်ချီ ကတည်းက ဧရာမဇာတ်လမ်းတွေ ရှိခဲ့ကြတာကိုး”
“ဘယ်လို ဧရာမဇာတ်လမ်းလဲဗျာ၊ အများသိသလို ဗမာတပ်ဖွဲ့တခု ဖူးခက်မြို့ကို ရောက်လာဖူးတယ်၊ အခု အနုစာဝါရီ၊ ဗမာတွေ အရုပ်နှစ်ကောင်လို့ခေါ်ကြတဲ့ ထိုင်းညီအမက ခုခံတိုက်ထုတ်လိုက်လို့ ပြန်ဆုတ်သွားရတယ်၊ ဒီလောက်တော့ ကျနော်လည်း သိတယ်လေ၊သိပ်ကြီးကျယ်တာမှ မဟုတ်တာ”
“မဟုတ်ဘူး၊တကယ်ကို ကြီးကျယ်တဲ့ ဗမာ့သမိုင်းတခုဟာ ဖူးခက်မှာရှိခဲ့တယ်၊ ဒီအဖြစ်အသေးစိတ်ကို ခင်ဗျားမသိတာ အပြစ်မတင်ဘူး၊ဖူးခက်သားတွေ၊ အခုဖူးခက်မှာ လက်ရှိတာဝန်ထမ်းနေတဲ့ ထိုင်းလူမျိုးအဆင့်မြင့်အရာရှိတွေတောင် မသိ ကြဘူး၊”
“ခင်ဗျားကတော့လုပ်ပြီ၊ သေချာရဲ့လား”
“ခင်ဗျားတော်တော်ခက်ပါလား၊ သေချာတယ်မသေချာဘူးဆိုတာ ဆုံးဖြတ်ရမှာက ခင်ဗျားအလုပ် ၊ကျနော်မေးမြန်းဖတ်ရှု လေ့လာထားသမျှ ကိုးကားပြီး ပြောရမှာက ကျနော့်တာဝန်လေ၊ဒါနဲ့နေပါဦး၊ ဖူးခက်သမိုင်းကို ခင်ဗျားအသာထားလိုက်ပါ အုံး၊ပါတောင်က အာရှမှာအကြီးဆုံးကုန်တိုက်လိုလို ပြောနေကြတဲ့ ပါတောင်က(Jungceylon) ကုန်တိုက်နာမည်ရဲ့ အဓိပ္ပါယ်ကိုတောင် ခင်ဗျားသိရဲ့လားဗျ”
“အေးဗျ၊ ဒီကုန်တိုက်နာမည်က အဆန်းပဲ၊ကုန်တိုက်လိုဂိုကလည်း ရွက်လှေပုံ၊ ကုန်တိုက်ထဲမှာလည်း၊ရှေးလက်ရာအတိုင်း ဧရာမလှေကြီးတစင်း မူလအရွယ်အတိုင်း ဆောက်ပြထားတာကြောင့် ကျနော့်စိတ်ထင်၊ သမ္မာကျမ်းစာထဲမှာပါတဲ့ ကမ္ဘာ မပျက်ခင်၊ နောဧတည် ဆောက်ခဲ့တဲ့ လှေကြီးရဲ့ နာမည်များလား စဉ်းစားနေမိတာ”
“လွဲချက်ကတော့ ကမ်းကုန်ပဲဗျာ၊လာ၊ ကျနော်ပြမယ်၊ကိုယ်တိုင်ဖတ်ကြည့်ပေတော့၊တော်ကြာ ကျနော့်ပါးစပ်က ပြောသမျှ ကို ခင်ဗျားပြန်ပြန်ရေးနေတယ်ဆိုပြီး ကောင်းချီးအပေးခံရမယ်”
ပြောပြောဆိုဆို ကိုသက်ခိုင်သည် အနီးရှိ ကွန်ပြူတာကို ကျွမ်းကျင်လျင်မြန်စွာဖွင့်လိုက်ပြီး တခုသော ဖေ့စ်ဘွတ်စာမျက်နှာ အား ကျနော့်အား ဖတ်စေရာ အဆိုပါ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်မှာ ကိုတင်မောင်ညွန့် အမည်ရှိသူဖြစ်၍ သူ၏လင့်ခ်မှာ https://www.facebook.com/tinmaung.nyunt.71 ဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်းက သူရေးတင်ခဲ့သော စတေးတပ် မှာ အောက်ပါအတိုင်းဖြစ်၏။
“သလင်းကြေသို့တစ်ခေါက်..
သလင်းကြေဆိုတာက ပုဂံ ဓမ္မရာဇကကျောက်စာမှာပါတဲ့ ဒေသအမည်တစ်ခုပါ။ အဲဒီတုန်းက ဗမာတွေပိုင်ခဲ့တဲ့နယ်မြေရဲ့
တောင်ဘက်အစွန်ဆုံး မှာရှိပါတယ်။ အကြေအရပ်မှာရှိတဲ့“ သလင်း” ဒေသလို့ ဆိုလိုပါတယ်။ အင်္ဂလိပ်လိုတော့Cape Salang“ဆလင်းအငူ” လို့ခေါ်ပါတယ်။ Junk Ceylon လို့လည်းခေါ်တယ်။ အဲဒီကနေ အနောက်စူးစူးကို ရွက်လွှင့်လိုက်ရင်
သီဟို(Ceylon)ကိုတန်းရောက်တာကြောင့် ဒီလိုခေါ်တာလို့ဆိုတယ်။ အခုတော့အဲဒီဒေသကို ဗမာတွေမပိုင်တော့ပါဘူး။
မလေးလက်ကနေယိုးဒယားလက်ထဲရောက်နေတာ ၁၆ရာစုကတည်းကပါ။ မလေးနာမည်“ ဘုကစ်”ကနေ ယိုးဒယား နာမည်“ဖူးခက်”လို့တောင် ခေါ်နေကြပါပြီ။

ပုဂံမတိုင်မီက ပျူလို့လူတွေခေါ်နေကြတဲ့ရှေးဟောင်းဗမာကြီးတွေ လက်ထက်ကတည်းက ကုလားပြည်နဲ့ တရုတ်ပြည်ကို
ကူးတဲ့ကုန်သွယ်ရေးလမ်းမကြီးဟာ အဲဒီဒေသကိုဖြတ်သွားတာပါ။ ကုလားပြည် သီဟိုဠ်ကနေ အရှေ့စူးစူးရွက်လွှင့်လာ လိုက်၊ ဒီနေရာကိုဒုတ်ဒုတ်ထိရောက်ကရော။ ဒီမှာကုန်တွေချချင်ချမယ်။ ဖလှယ်တန်တာဖလှယ်မယ်။ ပြီးယင် အပြန်ကုန်တွေ တင်ပြီး။အနောက်စူးစူးကိုရွက်လွှင့် သီဟိုဠ်ကိုရောက်ကရောပေါ့။ ဒီမှာချတဲ့ ကုန်တွေကိုလည်း ကရာကျွန်းဆက် ကိုဖြတ် ပြီးကုန်းလမ်းကသယ်မယ်၊ ပြီးယင်ယိုးဒယားကွေ့ကိုကူးပြီး ကမ္ဘောဇတို့ အာနမ်(အခု ဗီယက်နမ်) တို့ကိုဆက် သယ်မယ်၊ အဲဒီကမှ တရုတ်ကို ဆက်သယ်မယ်ပေါ့။ မဟုတ်ရင်လည်း ကုန်းလမ်းကနေ ယိုးဒယားကိုဖြတ်ပြီး တရုတ်ကို ဆက်ပို့မယ်ပေါ့။ ဒီလိုအသွားအပြန် ပို့ကြရောင်းကြတာကိုရှေးဗမာကြီးတွေက ချုပ်ကိုင်ထားခဲ့ကြတယ်။ ဒါကြောင့် ဒီကုန်သွယ်ရေး လမ်းတလျှောက်မှာပျူဒင်္ဂါးလို့ခေါ်တဲ့ ငွေပြားတွေကိုတွေ့ရတယ်။ နောက်တော့ ပျူတွေလက်က ခမာတွေဆီ ဒီနယ်မြေ ရောက်သွားတယ်။ သိပ်မကြာပါဘူး လက်ကျန်ပျူတွေထူထောင်လိုက်တဲ့ “ပုဂံ” နိုင်ငံတော် ပြန်ပေါ်လာတော့ အနော်ရထာ မင်းစောကတနင်္သာရီတလျှောက် ဆင်းလာပြီး ပြန်သိမ်းတယ်။သူကတော့ သလင်းကြေ အထက်က “ကရာကျွန်းဆက် ”(Isthmus of Kra) ထိပဲရခဲ့တယ်။ သူ့နောက်က သူ့မြေးလို့ဆိုတဲ့ အလောင်းစည်သူတို့ လက်ထက်ကျမှပဲ သလင်းကြေ ကိုပြန်ရပါတယ်။ ရာဇဝင်မှာ အလောင်းစည်သူ မာလာယုကျွန်းကို သွားခဲ့ရောက်ခဲ့တယ် ဆိုတာ သက်သက်ကြွားထားတာ မဟုတ်ဘူး။တကယ့်ဖြစ်စဉ်ဖြစ်ရပ်ကို မှတ်တမ်းတင်ထားတာပါ။ မာလာယုကျွန်းကနေ သရက္ခန်နံ့သာတွေရလာ တယ်ဆိုတာကလည်းမလေးတို့ တနင်္သာရီတို့ကထွက်တဲ့ ကရမက်တို့၊ တောင်နံကြီး တို့ပဲဖြစ် မှာပါ။ အဲဒီနံ့သာတွေနဲ့ ထုထားတဲ့ ရုပ်ပွားတော်တွေကိုပခုက္ကူတရိုးမှာ ဖူးနိုင်ပါတယ်။ ပုဂံမှာ ဘုရားတွေ အများကြီး တည်နိုင်တာ ဒီကုန်သွယ်ရေး လမ်းမကြီးကို ဗမာတွေ ကိုင်ထားနိုင်လို့ပါပဲ။ခုတော့ကော...။ခုလည်း ဖူးခက်မှာ ဗမာတွေမှ ပြေးမလွတ် ရှောင်မလွတ် အောင်ရှိနေပါတယ်။ ဒါပေမယ့်ဖူးကက်ဟာ သလင်းကြေမဟုတ်တော့သလို ဒီမှာရှိနေတဲ့ ဗမာတွေကလည်း ပုဂံခေတ်က ဗမာကြီးတွေလို အကောက်ခွန် အရာရှိ တွေ၊နယ်ခြားစောင့်တပ်က စစ်သည်တွေ အရာရှိတွေ ။ ကုန်သည်ကြီးတွေ မဟုတ် ကြပါဘူး။ စားပွဲထိုးအလုပ်လောက်ကိုပဲ အမြင့်ဆုံးထားပြီး လုပ်နေကြတာ တွေ့ခဲ့ ရပါတယ်။

ကိုတင်မောင်ညွန့်၏ ပျူခေတ်မှ စတင်သော ဖူးခက်သမိုင်းကောက်ကြောင်းကို ကျနော်ဖတ်ရှုပြီးသည့်အခါ အံသြ ခြင်းကြီး စွာဖြစ်ရသည်။ ကျနော့်အမူအယာကို ကိုသက်ခိုင်ရိပ်မိဟန်ရှိ၏။
“ကိုယ့်ဆရာ သိပ်အံ့သြမနေလေနဲ့၊ ဒိထက်ဆန်းတာတွေ အများကြီးရှိသေးဗျာ”
“လက်စသတ်တော့ ဖူးခက်ဟာ ပျူခေတ်ကတည်းက မြန်မာပိုင်ခဲ့တဲ့အရပ်ကိုး၊မြန်မာ့အင်ပါယာရဲ့တောင်ဖက်စွန်းတဲ့ဗျာ၊ နေပါဦးဗျ၊ ဒီသမိုင်းခြေရာကို ကိုတင်မောင်ညွန့် ဘယ်လိုများကောက်မိပါလိမ့်”
“အေးဗျ၊တော်တော်လေ့လာအားကောင်းတဲ့သူပဲ၊ ကျနော်သိသလောက်တော့ သူဟာ အစိုးရဝန်ထမ်းဟောင်းတဲ့ဗျ၊ သူရှင်းပြတာကတော့ ဗမာတွေ သလင်းကြေထိ အာဏာစက်သက်ရောက်ခဲ့တယ်ဆိုတာကို ဆရာကြီးဒေါက်တာ သန်းထွန်းရဲ့“ခေတ်ဟောင်းမြန်မာရာဇဝင်” ကနေရသတဲ့ဗျ၊ ဓမ္မရာဇက ကျောက်စာကောက်နှုတ်ချက်ကိုတော့ ဆရာ ဦးမွန်ဗိုကေရေးတဲ့ “ပုဂံသုတေသနလမ်းညွှန်” စာအုပ်မှာ တွေ့နိုင်ပါတယ်။ ပျူလို့ခေါ်တဲ့ရှေးဗမာကြီးတွေ အကြောင်းကို တော့ချင်ယီစိန် ခေါ် ဦးရည်စိန်ရဲ့သုတေသနဆောင်းပါးတွေမှာ ဖတ်ခဲ့ရတာ တော်တော်တောင်ကြာပြီလို့ ဆိုတယ်။သူဆက်ပြီးရှင်းပြထားတာတွေက …….
`ပုဂံ ဆိုတာ“ ပုဂါမ=ပျူဂါမ = ပျူတို့ရဲ့ရွာ”လို့အဓိပ္ပါယ်ဖော်ခဲ့တာ ဒီသုတေသီကြီးပါ။ သီရိခေတြာ ပျက်တော့ ပျူတစ်စုက ပုဂံဖြစ်လာမယ့်နေရာကို ပြောင်းလာပြီးမြို့သစ်တည်တယ်။ပျူစစ်ရင် မြန်မာဆိုတဲ့ အယူအဆကိုတော့ ဆရာဘုန်းတင့် ကျော်ကစပြီး ကျယ်ကျယ်ပြန့်ပြန့်ပြောခဲ့တာလို့မှတ်မိပါတယ်။ ဝီကီပီးဒီးယား ကဆောင်းပါးတွေမှာလည်း နောက်ဆုံးတွေ့ရှိ ချက်တွေတော်တော်ပါပါတယ်။ပုဂံအကြောင်းဆောင်းပါးမှာဆိုယင် ပုဂံခေတ်မှာ ဘယ်နှစ်အပိုင်းအခြားတွေမှာ ဘုရား တည်၊ကျောင်းဆောက်၊မြေလှူကျွန်လှူတာအများဆုံးဆိုတာကို ဂရဖ်နဲ့ပြထားတာတွေ့ရမှာပါ။
အလောင်းစည်သူရဲ့ တိုင်းခန်းလှည့်တာတွေကတော့ မှန်နန်းရာဇဝင်မှာ အထင်အရှား ပါပါတယ်။ ရာဇဝင်ဆိုလို့ အရမ်း ပယ်လိုက်ဖို့ မသင့်သလိုအရမ်းတော့လည်း လက်ခံလို့ မဖြစ်တာ သိကြမှာပါ။ အနော်ရထာ သွားတိုက်တဲ့ သုဝဏ္ဏဘူမိ ဆိုတာ သထုံ မဟုတ်ဘူး။ဘန်ကောက်အနောက်က နခုံပထုံ ဖြစ်တယ် လို့ရေးထားတဲ့ရှေးယိုးဒယားရာဇဝင် တောင် ရှိတယ်လို့ဒေါက်တာထင်အောင် ရေးထားတာဖတ်ဖူးတယ်။ ဒါကြောင့် ပုဂံရာဇဝင်ကို တုတ်ထမ်းပြောရတယ်။ အယူအဆ အဆိုအမိန့်တွေက ထွေပြားလွန်းလို့ ငြင်းယင်းက ရန်ဖြစ်ယင်ကိုယ်ကဦးအောင်ဆော်ဖို့တဲ့။ ဒါကြောင့် ဆရာကြီးဦးဖေ မောင်တင်က“ တုတ်မထမ်းနဲ့ တူးရွင်းထမ်း ပြောကြ”လို့ပြောဖူးတယ်။ လက်တွေ့တူးဖော်ကြည့်ပြီးမှ ပြောလို့ ဆိုလို တာပါ။ဘာပြောပြော ၁၂ ရာစုလောက်မှာ ဗမာတွေဟာ အရှေ့တောင်အာရှမှာ အစွာဆုံးဖြစ်ခဲ့တာ အမှန်ပါ။ အဲဒါကို သက်သေခံနေတာက ယိုးဒယားတို့ လောတို့ ကမ္ဘောဇတို့မှာ နှစ်သစ်ကူးတဲ့အချိန်ဟာ ဗမာပြည်မှာ သင်္ကြန်ကျတာနဲ့ ထပ်တူကျနေတာကိုပဲ ကြည့်ပါတော့။ဗမာတွေ သလင်းကြေကိုပိုင်တုန်းက ဒီမြေမှာ ယိုးဒယားရှမ်းတွေမရောက်သေးပါ ဘူး။သူတို့ရဲ့ ပထမမြို့တော် သုခေါဒယ”(ဆူခိုးထိုင်)ကိုတောင် မတည်ရသေးဘူး လေ။ဒီတော့ သူတို့ပြောတာလည်း မမှားဘူးဆိုပါတော့ဗျာ´တဲ့။
“အင်း၊ဘိုးဘေးတွေသိမ်းပိုက်စိုးမိုးနိုင်ခဲ့တဲ့ အရပ်မှာ သားစဉ်မြေးဆက်ကျွန်လာဖြစ်နေကြတဲ့ခေတ်ကို သူလည်း ရင်ထုမနာ ဖြစ်ဟန်တူပါရဲ့၊အခုဖူးခက်မှာ သူတွေ့ခဲ့ရတဲ့မြန်မာတွေထဲမှာ အမြင့်ဆုံးက စားပွဲထိုးတဲ့ခင်ဗျ၊ဟိုးတုန်းကတော့ နယ်ခြား စောင့်စစ်သည်တွေ ၊အရာရှိတွေ ၊ကုန်သည်ကြီးတွေတဲ့”
“ဟုတ်ပါ့ဗျာ၊ဖူးခက်မှာရှိတဲ့ထိုင်းတချို့က ဗမာအလုပ်သမားတွေကို မင်းတို့နိုင်ငံမှာ လေယာဉ်ပျံရှိသလားလို့တောင် အမေး ခံရဖူးသတဲ့၊ ကဲ ထားပါတော့ဗျာ၊ခင်ဗျားပြောမဲ့ ဖူးခက်သမိုင်းကကော ခင်ဗျား ဟိုလျှောက်ဖတ်ဒီလျှောက်ဖတ်နဲ့ ပြောမှာ ပဲလားဗျ”
(ဆက်လက်ဖော်ပြပါမည်။)