အခန်း(၅)
လေထန်လျှင်ရေဆန်ကိုဖြတ်မည်
`ကောလင်းမက်ကေဟာ ဒီနေရာမှာ မြန်မာ့အောင်ပွဲကို ချက်ချင်းရေးမပြပဲ ယိုးဒယားဘက်က ခံစစ်ပြင်ဆင်ပုံကို ရေးပြ ထားတယ်။ ကျနော်ဖတ်နေတုန်းပဲဗျ၊မလောပါနဲ့။ ပြောဖြစ်အုံးမှာပါလေ´
`ဒါနဲ့ အဲဒီခေတ်က မြန်မာ့ရေတပ်ဟာ တော်တော်အင်အားကြီးပုံပေါ်တယ်ဗျာ။မြန်မာ့ရေတပ်ရဲ့ တိုက်လှေတွေ ဘယ်လိုဟာ တုန်းဆိုတာ အခုခေတ်မှာ လက်ဆုပ်လက်ကိုင် ပြစရာတောင်မရှိလောက်တော့ဘူးထင်ပါရဲ့´
`အင်္ဂလိပ်ဘာသာနဲ့ကတော့ War Boat လို့ ရေးထားတယ်ဗျ။ တစ်စီးကိုတပ်သားသုံးဆယ်ကနေ ခုနှစ်ဆယ်အထိ ဆန့်တယ်လို့ဆိုတယ်။ ကျနော်ပဲ ညံ့လို့လား မဆိုနိုင်ဘူး။ မြန်မာတိုက်လှေတွေကို ဆရာညိုမြရဲ့ ကုန်းဘောင်ရှာပုံတော် စာအုပ်ထဲမှာ ပန်းချီလိုလို ဓာတ်ပုံလိုလို မှုန်ဝါးဝါးသာ မြင်ခဲ့ရဖူးတယ်´
`နေပါဦးဗျ။ အဲဒီတိုက်ပွဲမှာ ဖူးခက်သားတွေကို မြန်မာတပ်က လိုက်ဖမ်းပြီး ကျွန်အဖြစ် မြန်မာပြည်ကို ပို့တယ်ဆိုတာ ဘယ်လိုဟာကြီးတုန်း။မြန်မာပြည်မှာ ထိုင်းလူမျိုးကျွန်တွေ ရှိခဲ့တယ်လို့ ကျနော်တော့ မကြားမိဘူး´
`စစ်ပွဲမှာ သုံ့ပန်းအဖြစ်ဖမ်းခေါ်လာတာကို သမိုင်းဆရာက ချဲ့ကားတယ်လို့သာ ကျနော်ယူဆတယ်။ မြန်မာတပ်သားကို ယိုးဒယားက ဖမ်းမိရင်လည်း သုံ့ပန်းဖြစ်တာပါပဲ။နောက်တချက် အင်အားတစ်သောင်းသုံးထောင်ကျော်ရှိတဲ့ မြန်မာ တပ်မဟာကြီးဟာ ခံတပ်ထဲက ဖူးခက်သားခြောက်ရာကို ခရုခါးတောင်းကျိုက်ဖမ်းနေပုံမျိုး ရေးထားတာကလည်း သဘာဝ တော့ မကျလှဘူး။ ဒါကြောင့် သမိုင်းကိုဖတ်ရာမှာ ဆင်ခြင်တုံ တရားလိုတယ်လို့ ကျနော်ပြောခဲ့တာပေါ့´
`ခင်ဗျားက ရှေးဘ၀နောက်ဘ၀တွေအကြောင်း ပြောပြောနေတော့ ဖူးခက်မြို့ကို မြေလှန်၊ မီးတိုက်ပြီးသုံ့ပန်းတွေ ဖမ်းခေါ် လာဖူးတဲ့ ကျနော်တို့ မြန်မာတွေ ဒီခေတ်မှာ ဖူးခက်က အဆောက်အဦးတွေကို ပန်းရံကူလီဘ၀နဲ့ ၀ဋ်ကြွေးပြန်ဆပ် နေရ တယ်လို့ ကော ခင်ဗျား မတွေးမိဘူးလားဗျာ´
`အင်း တွေးမယ်ဆို တွေးချင်စရာပါပဲ။စစ်တပ်ကြီးကို အလွန်အမင်းအားကိုးချင်ကြတဲ့ မြန်မာလူမျိုးတွေရဲ့ညံ့ချက်လည်း ပါသပေါ့ဗျာ၊ဘာတဲ့ တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖဆိုလားဗျာ´
`ဒါနဲ့ ခင်ဗျားဥစ္စာ ဖူးခက်သမိုင်းကို ခရေစေ့တွင်းကျပြောနိုင်လှချည့်လား။ အလွတ်ကျက်ထားတယ်လို့တောင် ထင်ရတယ်။ ရှင်းစမ်းပါအုံးဗျာ´
`အရေးထဲ စွတ်အထင်ကြီးနေပြန်ပါပြီ။ ဖတ်ထားတာ ပူပူနွေးနွေး ၊ ရေးထားတာက ဖူးခက်အကြောင်း၊ စာအုပ်ထဲမှာပါတဲ့ မြို့တွေရွာတွေကို ကျနော်မကြာခဏရောက်ပြီး အကျွမ်းဝင်နေတာကြောင့်မှတ်မိနေတာဗျ။ ကိန်းဂဏန်းတချို့ခေါင်းထဲ ရောက်အောင်တော့ လုံ့လပြုရတာပေါ့။ ဒါကလည်း ကျနော်စိတ်ဝင်စားလွန်းတဲ့အကြောင်းမို့ထင်ပါရဲ့။ ကဲ၊ ခြံဝ ရောက်ပြီ တံခါးဆင်းဖွင့်တော့ ဆရာ´
ကိုသက်ခိုင်သတိပေး စကားသံကြောင့် ကျနော်ကားပေါ်မှဆင်းကာ ခြံတံခါးကိုဖွင့်နေရင်း ကောင်းကင်ပြင်ကို မော့ကြည့် မိသည်။ တိမ်မဲညိုတို့ဖြင့် အုံ့မှိုင်းနေ၏။ ထို့ကြောင့် လသာရက်လော၊ လမိုက်ရက်လော ကျနော်မဝေခွဲနိုင်ချေ။
အခန်း(..)
ကိုသက်ခိုင်ကား အိပ်ယာထစောသူဖြစ်၏။ ရဲဘက်စခန်းတွင်လည်းကောင်း၊ဖူးခက်မြို့တွင်လည်းကောင်း သူနှင့်ကျနော် အတူနေဖူးခဲ့သမျှ ကာလများတွင် ပုံမှန်အားဖြင့် နံနက်ငါးနာရီခွဲသာသာတွင် သူအိပ်ယာထလေ့ရှိသည်။ကျနော်ကား အအိပ်မက်သူဖြစ်၏။လွန်ခဲ့သောညက အိပ်ယာဝင်ချိန်နောက်ကျခဲ့သော်ငြား ထုံးစံအတိုင်း သူအိပ်ယာမှထကာ လမ်း လျှောက်ဖို့ ကျနော့်ကို အဖော်စပ်လေရာ ကျနော့်မှာ သူ့နောက်သို့ တကောက်ကောက်ပါရပြန်သည်။
သူလမ်းလျှောက်ရန် ရွေးချယ်သည့်နေရာမှာ စူဝမ်လူဝမ်(တော်ဝင်)ပန်းခြံဖြစ်၏။ကျောက်ဖားလမ်းမကြီးဘေးမှာရှိသော အလွန်ကျယ်ဝန်းသည့် နေရာဖြစ်၏။ပန်းခြံအ၀င်ဝရှိ ကားရပ်နားသည့်နေရာတွင် နံနက်ခင်းမို့ ကားနှင့်ဆိုင်ကယ် အစီးရေ အနည်းငယ်သာရှိသော်ငြား ညနေပိုင်းအချိန်တွင်ကား ကားနှင့်ဆိုင်ကယ်စီးရေ ရာချီလျက်ရှိနေတတ်သည်။စင်စစ် ဖူးခက် သည် အိပ်ချိန် နောက်ကျသောမြို့။ပန်းခြံအတွင်းမလှမ်းမကမ်းမှ အေရိုးဗစ်သီချင်းသံကို ကြားနေရပြီ။ထိုစဉ် ကိုသက်ခိုင် ထံမှ မထင်မှတ်သော မှတ်ချက်စကားသံထွက်ပေါ်လာသည်။
`ဒီပန်းခြံကို ရောက်လေတိုင်း ကျနော့်တိုင်းပြည်အတွက် ကျနော်စိတ်မကောင်းဖြစ်ရတယ်ဗျာ´
`ထိုင်းလူမျိုးတွေ အားကစားလိုက်စားနိုင်ကြတာကို ခင်ဗျားဆိုလိုချင်တာလား၊ခင်ဗျားကိုကြည့်ရတာ ဒီပန်းခြံနဲ့ မစိမ်းသ လိုပဲ´
`မစိမ်းဆို အခုခင်ဗျားဖွင့်ထားတဲ့ ဆိုင်နဲ့မလှမ်းမကမ်းမှာ ကျနော်အကြာကြီးနေခဲ့ဖူးတယ်။ ဒီပန်းခြံကို ကျနော်ရင်းနှီးနေ ခဲ့တာ ကြာပေါ့။ ခင်ဗျားပြောသလို ထိုင်းတွေ ကျန်းမာရေးလိုက်စားနိုင်ကြတဲ့အခြေအနေတင်မကဘူး။ ဒီပန်းခြံကြီး တစ တစ စည်ပင်လာတာကို ကျနော်အသေးစိတ်မှတ်မိနေတယ်။ကျနော်တို့တိုင်းပြည်ပြန်လည်ထူထောင်ရေးမှာ အတုယူသင့် တဲ့ အချက်တွေအများကြီးရှိတယ်´
`ခင်ဗျားတွေးတဲ့ အကြောင်းအရာက အဆက်အစပ်နည်းနည်းဝေးနေသလိုပဲ´
`ဝေးတယ်လို့ ခင်ဗျားထင်နေတာပါ။တကယ်တော့ ဒီပန်းခြံကြီးဟာ ဖူးခက်မြို့ကြီးတည်နေပုံနဲ့ ဆင်တူယိုးမှား တည် ဆောက်ထားတာ ခင်ဗျားသတိမပြုမိဘူးထင်တယ်´
`အဆန်းပါကလား၊ရှင်းစမ်းပါအုံးဗျ´
`ဟုတ်တယ်၊ဒီပန်းခြံကို ဖူးခက်မြို့နဲ့ပုံစံတူနီးနီးတည်ဆောက်ထားတာသေချာတယ်။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က ဒီပန်းခြံထဲမှာ Small Phuket ဆိုပြီး နှိုင်းယှဉ်ကြည့်လို့ရအောင် ပုံစံတူလေးတစ်ခုတောင် လုပ်ထားသေးတယ်။ ဒီပန်းခြံဟာ ရေပတ်လည်ဝိုင်းနေတာကို ခင်ဗျားသတိပြုမိသလား။အမှန်တော့ မူလပန်းခြံအနေအထားကို ရေပတ်လည်ဝိုင်းနေသလိုဖြစ် အောင် တမင်ဖန်တီးထားတာပဲ။အခုခင်ဗျားနဲ့ ကျနော်ဖြတ်လျှောက်နေတဲ့ ရေကန်ဂုံးကျော်တံတားကြီးဟာ ဖူးခက်မြို့အ၀င် ဆာရက်ဆင်တံတားကြီးကို ကိုယ်စားပြု တည်ဆောက်ထားတာပေါ့။
တကယ်တော့ဖူးခက်မြို့ကြီးစည်ပင်လာတာဟာ ၂၅နှစ်ဝန်းကျင်ပဲ ရှိပါအုံးမယ်။တိတိကျကျပြောရရင် ၁၉၈၈ ၀န်းကျင်ပေါ့။ မြို့တည်ဆောက်ပုံကိုက သေချာစံနစ်တကျ အကွက်ရိုက်ပြီး တည်ဆောက်ထားတာ မဟုတ်ဘူး။ရွာခပ်ကြီးကြီးတစ်ရွာမှာ အိမ်ကြို၊အိမ်ကြားတွေကနေ ကြုံရင်ကြုံသလို လမ်းတွေလျှောက်ဖောက်ထားတဲ့ပုံစံမျိုး၊ဒါကြောင့် လမ်းတွေကို မှတ်ရ အတော်ခက်တယ်ဗျာ။ တောင်ရောက်လိုက် မြောက်ရောက်လိုက်ပါပဲ။ဒါပေမဲ့ ခေတ်မီမီပြုပြင် မွမ်းမံနိုင်တာကြောင့် နေချင် စဖွယ် အဆင်ပြေသလိုဖြစ်နေတာ၊
ဒီပန်းခြံကြီးကိုကြည့်၊ စိုက်ထားတဲ့အပင်တွေဟာ ထန်းပင်၊အုန်းပင်၊ မလေးရှားပိတောက်၊ကုက္ကိုတွေလို မြန်မာပြည်မှာ ဘာမှသုံးစားလို့မရတဲ့ အပင်တွေပါပဲ။ ကျနော်ရောက်စကဆို အဲဒီအပင်တွေ ကျိုးတိုးကျဲတဲနဲ့ ပန်းခြံကြီးရဲ့ ဟိုဘက် ဒီဘက် ဒိုးယိုပေါက် မြင်နေရတယ်။ အခုကြည့်၊ သစ်ပင်တွေထူထပ်ပြီး အုံ့ဆိုင်းနေပြီ။ကျနော်ရောက်ဖူးကာစက ပန်းခြံထဲက လမ်း တွေဟာ ကတ္တရာလမ်း တ၀က်တပျက်နဲ့ မြေနီလမ်းသာသာပါပဲ။ မှတ်မှတ်ရရတခါတခါ ပန်းခြံထဲမှာ ခွေးချေးနံ့တွေ လှိုင်လို့။ပန်းခြံဘေး ပတ်လည်က ရေကန်ကြီးကလည်း လေသင့်ရင် ညှီစော်နံသလိုပါပဲ။အခုတော့ တကွင်းလုံး ကတ္တရာ လမ်းတွေချောလို့။ လမ်းလျှောက်ရင် ခွေးခေါ်မလာရ(No pet) ဆိုတဲ့ဆိုင်းဘုတ်တွေနဲ့ပေါ့ဗျာ။ဟိုတုန်းဆို ပန်းခြံထဲက သစ်ရွက်ခြောက်တွေကို ပီနန်အိတ်တွေနဲ့ထည့်ပြီး တကူးတကမီးရှို့ပစ်ကြပေမဲ့ အခုတော့ သစ်ရွက်ခြောက်တွေကို စံနစ်တကျစုပြီး သဘာဝမြေသြဇာလုပ်ရောင်းနေကြလေရဲ့။ရေကန်ကြီးကို စီမံကိန်းချပြီး ပြန်ဆယ်ထားကြတာ၊ ဒေါင်လုန်း ဘက်ရေကန်ကိုလည်း လေးဘက်လေးတန် ကန်ဘောင်အသစ်ပြန်လုပ်ထားကြတော့ အတော့်ကို ပြောင်းလဲနေခဲ့ပါပြီ။
ဖူးခက်မြို့ စည်ပင်ဖွံ့ဖြိုးလာတာနဲ့အမျှ အနီးနား မြို့ရွာတွေက တောနေလူတန်းစားတွေ အများကြီး ရောက်လာကြတယ်။ အလုပ်မျိုးစုံကို ထိုက်သင့်တဲ့ဝင်ငွေနဲ့ လုပ်နိုင်ကြတယ်။ ဒီဝင်ငွေကြောင့်ပဲ ကျန်းမာရေးလိုက်စားနိုင်ကြတယ်။ ခင်ဗျား ကြည့်လေ၊ရေကန်ဘေးတလျှောက်မှာ အားကစားလေ့ကျင့်တဲ့ ကိရိယာတွေ အစုံအလင်နေရာချထားတယ်။ အခမဲ့ပဲ။ အလေးမချင်ရင်တော့ ငါးဘတ်ပေးရမယ်။ အေရိုးဗစ်လေ့ကျင့်ခန်းအတွက် နည်းပြဆရာမကို ဆယ်ဘတ် ပေးရတယ်တဲ့။ အတော်ဟန်ကျတဲ့အစီအစဉ်ပဲ။ရန်ကုန်မြို့ကြီးမှာ ကန်တော်ကြီးနဲ့ မြင်းပြိုင်ကွင်းလိုနေရာမှာတောင် အားကစားလိုက်စားသူ အတော်နည်းနေပြီ ကြားမိတယ်´
လမ်းလျှောက်နေရင်း စကားမျှင်တန်းနေသော ကိုသက်ခိုင်ကို ကျနော်စောင်းငဲ့ကြည့်မိသည်။ သူကား ဇာတိမြေနှင့် အလှမ်း ဝေးသောနေရာတွင် မပူမပင် မကြောင့်မကျဘ၀ကို ရနေပါလျက် ဤအတွေးမျိုးတွေးနေသည်ကို ကျနော်အံ့သြသည်။
`ဒါနဲ့ စကားမစပ် ခင်ဗျားက ဖူးခက်သာယာတဲ့သတင်းကြောင့် ဒီမှာ အခြေချဖို့ စိတ်ကူးပေါ်ခဲ့တာလားဗျာ´
`ပြောရရင် နည်းနည်းတော့ရှည်မယ်။ဖူးခက်နဲ့ကျနော်ဟာ တစ်စုံတစ်ခုသောအကြောင်းကြောင့် ကျနော့်ဘ၀နဲ့လာပြီး ဆက်စပ်နေတယ်ထင်ပါရဲ့´
`လုပ်ပါဦးဗျ´
ကျနော်တောက်လိုက်သော စကားကြောင့် ကိုသက်ခိုင်ရှေ့ဆက်လေသော သူ့ဘ၀ဇာတ်ကြောင်းမှာ အောက်ပါအတိုင်း ဖြစ်လေ၏။
`ရဲဘက်ကနေ ကျနော်ထွက်လာတော့ အိမ်မှာကြာကြာနေလို့ မဖြစ်တာကြောင့် ယာယီတည်းခိုဖို့နေရာရှာရတယ်။ ကျနော် ထွက်လာတာကို ကျနော့်ဇနီးအပါအ၀င် မိတ်ဆွေအားလုံးလိုလို စိုးရိမ်သောက ရောက်နေကြတဲ့ အမူအယာတွေပြနေကြ ပေမဲ့ ကျနော့်စိတ်ထဲမှာတော့ ဘာမှမထူးလှဘူးဗျ။ကံကောင်းတာက ကျနော်အိမ်က ထွက်သွားပြီး တစ်နာရီလောက်အကြာ မှာ ရဲဘက်စခန်းက အရာရှိတစ်ယောက် အိမ်ကိုပေါက်ချလာတယ်။ထောင်ပိုင်ကြီး စိတ်ပူနေလို့၊လိုက်ခေါ်တာပါဆိုပြီး ယဉ် ယဉ်ကျေးကျေး ပြောရှာသတဲ့။ကျနော့်ဇနီးကလည်း သူမြို့ထဲရောက်နေတုန်း ကျနော်အိမ်ကနေဖုန်းဆက်တာကြောင့် သူ ပြန်လာတာ သိတဲ့အကြောင်း၊သူအိမ်ပြန်ရောက်တော့ ကျနော်အိမ်မှာ မရှိတော့တဲ့အကြောင်း ဖြောင့်ကွယ်ကွယ်သတဲ့။
အမှန်တော့ ရဲဘက်စခန်းက အရာရှိ ကျနော့်အိမ်ရောက်နေချိန်မှာ ကျနော်ဟာ အိမ်နဲ့မလှမ်းမကမ်းက ဆံပင်ညှပ်ဆိုင်မှာ လူရုပ်ပေါက်အောင် ဆံပင်ညှပ်နေချိန်ပေါ့။
နောက်တော့ ကိုသက်တင်ရဲ့အကူအညီနဲ့ သာကေတတံတားနားက အိမ်လွတ်တလုံးမှာ ခိုနေလိုက်ရောဆိုပါတော့။ ထုံးစံ အတိုင်း မနက်အာနာပါန ညအာပါန ၊အိပ်လည်းအာနာပါန စားလည်းအာနာပါနဆိုပါတော့။ထူးဆန်းတာက တစ်ခုသော ညမှာ ကျနော့်စိတ်ထဲ ..သြော် ငါ့ဘ၀ ရှေ့လျှောက်ဘယ်ဆီပေါက်လို့ ဘယ်ဆီများရောက်အုံးမှာပါလိမ့်ဆိုတဲ့ ပူပန်စိတ်နဲ့ တွေးတောရင်း အိပ်ယာဝင်ပြီး အိပ်မပျော့်တပျော်မှာ ကျနော်ဟာ ဂျပန်နိုင်ငံက ကာမာကူရဘုရားကြီးရှေ့ကို ရောက်နေ သဗျာ။နောက်ခဏကြာတော့ ကျနော်ဟာ တောင်ကုန်းမြင့်ကြီးတစ်ခုပေါ်မှာ ရပ်နေရင်း အဝေးကို လှမ်းကြည့်နေတဲ့ပုံမျိုး ပေါ်လာပြန်တယ်။ ကျနော်သေချာပေါက် မှတ်မိနေတာကတော့ ပင်လယ်ပြင်ကြီးနဲ့ တောင်ကုန်းအောက်မှာ ရှိနေတဲ့ အိမ်ကလေးတွေရဲ့ ခေါင်မိုးနီနီတွေပါပဲ။ကျနော်ဟာ အညာသားမို့ ပင်လယ်ဆိုတဲ့အရာကို စာထဲမှာသာ ဖတ်ခဲ့ဖူးတာ၊ တစ် ကြိမ်တစ်ခါမှ ပင်လယ်ပြင်ကို မမြင်ဖူးခဲ့တာကြောင့် မှတ်မိနေဟန်ရှိပါတယ်။
(ဆက်လက်ဖော်ပြပါမည်။)