အမှန်တော့ ကိုငွေစံရဲ့ဝါသနာဟာ အနုပညာအလုပ်ဗျ။ ကိုငွေစံဟာ သီချင်းဆိုတာ၊သီချင်းစပ်တာတွေလည်း လုပ်ခဲ့သေး တယ်။ ခက်တာက သူဟာဘယ်တူရိယာကိုမှ ဖြစ်ဖြစ်မြောက်မြောက်တော့ မတီးတတ်ရှာဘူး။ ကျနော်တို့ခေတ်(၁၉၇၆) ၀န်းကျင် ဟိုးလေးတကျော်နာမည်ကြီးခဲ့တဲ့ `ဇေခုနစ်လီ´ အရပ်စင်တင်ဇာတ်ပွဲဟာ ဒီခေတ် သီးလေးသီးထက် သာတယ် လို့ဆိုချင်တယ်။အဲဒီအချိန်တုန်းက ရန်ကုန်မြို့ရဲ့ မြို့နယ်တချို့မှာ တန်ဆောင်တိုင်ပွဲတော်ရက်ဆိုရင် အရပ်အငြိမ့်၊ အရပ် ထိုးဇာတ်နဲ့တေးသရုပ်ဖော်ဇာတ်စင်တွေ ခေတ်စားခဲ့တာပေါ့။လှည်းတန်းနဲ့ကြည့်မြင်တိုင်ဘက်က အစည်ကားဆုံး ဆိုရ မယ်။
ဇေခုနစ်လီစင်က လှိုင်တစ်ရပ်ကွက်၊ချစ်တီးဘုရားကန်ဘေးမှာ တိုင်ကီတွေပေါ်မှာပျဉ်ပြားတွေခင်းပြီး ဖြစ်ကတတ်ဆန်း ထိုးတာတဲ့ အရပ်စင်မှာတောင် ပရိသတ်သောင်းချီ အားပေးကြတာကိုကြည့်ရင် ကိုငွေစံ့အနုပညာပါရမီမြောက်တယ်ဆို တာ တွေ့နိုင်တယ်ဗျ။
အေးပေါ့ဗျာ။ မဆလခေတ်လို ခေတ်ပျက်ကြီးထဲမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ ဗရမ်းဗတာလုပ်ရပ်တွေကို သဘာဝကျကျ လှောင်ပြောင်သရော်နိုင်တာကြောင့် ပရိသတ်တွေဟာ တ၀ါးဝါးတဟားဟားနဲ့ ပါးစပ်မပိတ်နိုင်အောင် ရယ်မောကြရင်း ဘ၀အမောကို ဖြေနိုင်ခဲ့ကြတယ်ထင်ပါရဲ့။စင်နောက်ခံမှာ ရေးထားတဲ့ စာသားက `ဇေခုနစ်လီရဲ့ ဟိချက်နဲ့ ကလိကွက်များ´တဲ့။ အဲဒီတစ်ခန်းရပ် ဟာသဇာတ်လမ်းတွေကို ကိုငွေစံဒိုင်ခံ ရေးခဲ့တာပဲဗျ။ ထူးခြားတာက အဲဒီသဘာဝ ကျလှတဲ့ပြက်လုံးတွေကို ကိုငွေစံဟာ စာအုပ်တွေကနေ ဖတ်ခဲ့တာ မဟုတ်ဘူး။ သူနေ့စဉ် သွားလာနေကျ၊ မြင်နေ၊ ကြားနေကျ ဖြစ်ရပ်တွေကနေ ထုတ်ယူဖန်တီးခဲ့တာပါပဲ။ ဇေခုနစ်လီမှာ ပါဝင်ခဲ့ကြသူတွေက ကိုငွေစံ၊ကိုသံလုံး၊ ကိုခွေးသိုး၊ ကိုခင်မောင်ဝင်း၊ကိုကျော်ဦး၊ကိုတင်ထွဋ်တို့ဗျ။ အခုတော့ အားလုံးလိုလို အသက်ခြောက်ဆယ်ကျော်၊ခုနစ်ဆယ် ၀န်းကျင် ဖြစ်ကုန်ပါပြီ။သူတို့ပြက်လုံးတွေထဲက`ညီညွတ်ခြင်းသည် အင်အား´ဆိုတဲ့ ဟာသတစ်ခန်းရပ်ပြဇာတ်လေးကို အခုထက်ထိ သတိရနေတုန်းဗျာ။ သမ၀ါယမခေတ်မှာ သမ၀ါယမလူကြီးတွေရဲ့လုပ်ပုံ၊ကိုင်ပုံတွေကို ကလိတဲ့ပြဇာတ်လေးပေါ့။
တခါသားတော့ ရပ်ကွက်ထဲက စားသုံးသူတွေကို ခွဲဝေဖြန့်ဖြူးပေးရမဲ့ ခွဲတမ်းပစ္စည်းစာရင်းမှာ ကက်ဆက်နှစ်လုံး ပါလာပါ ရော။အဲဒီခေတ်က ကက်ဆက်ဆိုတာ အထူးအဆန်းမို့ တစ်ရပ်ကွက်လုံးက စိတ်ဝင်စားကြသလို သမ၀ါယမလူကြီးကတော် တွေ ကိုယ်တိုင်လည်း ကက်ဆက်အိပ်မက် မက်ကြတာပေါ့။ဒီတော့ သူတို့အိမ်ဦးနတ်အသီးသီးကို ဒီတစ်ပတ်ခွဲတမ်းထဲက `ကက်ဆက်တစ်လုံးတော့ ရအောင်ကြံခဲ့၊ဖန်ခဲ့ကြ။ကက်ဆက်ရမလာရင် ရှင်နဲ့သေခန်းပြတ်´ ဆိုပြီး မှာလိုက်ကြသတဲ့။
ဒီမှာတင် သမ၀ါယမဥက္ကဋ္ဌ၊အတွင်းရေးမှူးနဲ့ အမှုဆောင်တစ်ဦး၊စုစုပေါင်းသုံးဦးသား ခွဲတမ်းအစည်းအဝေး ထိုင်ကြရော ဆိုပါတော့။ ပထမဆုံးတော့ ဆပ်ပြာ၊မဉ္ဖူရေမွှေး၊သကြား စတာတွေကို ထုံးစံအတိုင်း သူတို့ချည်း ခွဲဝေယူလိုက်ကြတာ ဘာပြဿနာမှ မရှိပေမဲ့ ကက်ဆက်ခေါင်းစဉ်လည်းရောက်ရော သူလိုချင်ကိုယ်လိုချင်နဲ့ စိတ်ဝမ်းကွဲကုန်ကြရောဗျ။ အေးလေ။ ခွဲတမ်းစာရင်းမှာ ပါတာက နှစ်လုံး၊တာဝန်ရှိသူက သုံးယောက်ဆိုတော့ အဝေမတည့်ကြဘူးပေါ့။
အတွင်းရေးမှူးရော၊အမှုဆောင်ပါ အိမ်က မိန်းမတွေမှာကြားချက်ကို ကြားယောင်ပြီး ဥက္ကဋ္ဌကို ပြင်းပြင်ထန်ထန် ထိုးနှက် ကုန်ကြရော။ `ဥက္ကဋ္ဌ၊ကျနော်မပြောချင်လို့ ကြည့်နေတာကြာပြီ၊ ဥက္ကဋ္ဌ၊သမခွဲတမ်းထဲက ရေနံဆီတွေထုတ်ရောင်းတာ ဘယ်နှစ်ကြိမ်ရှိနေပြီလဲ။နောက်သကြားဆိုလည်း ထုတ်ရောင်းခဲ့တာ အိတ်ပေါင်းမနည်းလှတော့ဘူး။နို့ဆီနဲ့ ဆပ်ပြာဆို လည်း တစ်ရပ်ကွက်လုံးစာ ဥက္ကဋ္ဌချည်းပဲ ထုတ်ရောင်းခဲ့တာ။ဒီလို စားသုံးသူလုပ်သားပြည်သူတွေအပေါ် သစ္စာဖောက် တဲ့လုပ်ရပ်ကို ကျနော်တို့လက်မခံဘူး´၊ဘာညာဆိုပြီး ပွက်လောရိုက်ကုန်တာပေါ့။ဒီတော့မှ ဥက္ကဋ္ဌကြီးဟာ စည်းလုံးခြင်းသည်အင်အား ဆိုတဲ့ ဆောင်ပုဒ်စကားလေးကိုပြောရင်း အတွင်းရေးမှူးနဲ့ အမှုဆောင်ကို ကက်ဆက်တစ်လုံးစီနဲ့ ချွေးသိပ်လိုက်တော့ ဥက္ကဋ္ဌကြီးဟာ `လူကောင်းပါ၊ဥက္ကဋ္ဌကြီးကို ကျနော်တို့ယုံပါတယ်´ ဖြစ်ကုန်ကြရောတဲ့။ ဥက္ကဋ္ဌကြီးလည်း မိန်းမအဆူမခံ ရဘူးတဲ့ဗျ။ သူလည်း ကက်ဆက်ရသွားတယ်။အေးလေ၊အဲဒီတစ်ပတ်ခွဲတမ်းထဲက ဈေးကောင်းတဲ့ ပစ္စည်းတွေထုတ်ရောင်း ပြီး ဥက္ကဋ္ဌကြီးအတွက် ကက်ဆက်ကို အပြင်ဈေးနဲ့ဝယ်ပေးလိုက်ကြတာပေါ့။
အင်း၊ ကိုငွေစံ့ကို ထူတယ်၊တုံးတယ်ပြောတဲ့သူကိုလည်း အပြစ်ဆိုလို့မရပြန်ဘူးဗျ။ သောင်းချီတဲ့ပရိသတ်ကြီးကို တ၀ါးဝါးပွဲ ကျအောင်ထိန်းထားနိုင်ခဲ့တဲ့ ကိုငွေစံဟာ အလစ်သုတ်သမားလူလိမ်တစ်ယောက်ရဲ့ ရိုးစင်းလှတဲ့ လှည့်ကွက်ကိုတော့ မကျော်နိုင်ပြန်ဘူး။ ရန်ကုန်ဘူတာကြီးမှာ မှင်သေသေ လူလိမ်တစ်ယောက်လက်ထဲကို ခရီးဆောင်အိတ်ကြီးပါသွားဖူးလေရဲ့။
ကိုငွေစံအိမ်ထောင်ကျပြီး နှစ်နှစ်လောက်ကြာတော့ မန္တလေးကိုခရီးထွက်ဖို့ အကြောင်းတစ်ခုပေါ်လာတာနဲ့ ၊မိန်းမလုပ်သူ ပြင်ဆင်ပေးလိုက်တဲ့ အိတ်ကြီးတစ်လုံးနဲ့အတူ ရန်ကုန်ဘူတာကြီးကို ရောက်သွားတယ်။အဲဒီခေတ်ထုံးစံအတိုင်း ရန်ကုန် မန္တလေးမီးရထားလက်မှတ်ဟာ ညအိပ်တန်းစီရတဲ့အထိ ခက်ခက်ခဲခဲ ၀ယ်ရတာကြောင့်၊ ရန်ကုန်ဘူတာကြီးကို ကိုငွေစံ ရောက်ချိန်မှာ ရထားလက်မှတ်တန်းစီနေတဲ့ လူတန်းကြီးဟာ သူစီးမဲ့ မီးရထားတွဲထက်ရှည်နေပြီတဲ့ဗျ။
ဒါနဲ့ ကိုငွေစံလည်း လက်မှတ်ရနိုင်မဲ့နည်းလမ်းကိုဥာဏ်နီဥာဏ်နက်လေးထုတ်နေရင်း တန်းစီနေတဲ့လူတွေထဲမှာ လူရည် ခပ်သန့်သန့်တစ်ယောက်ကိုလည်းတွေ့ရော ၊ အနားကပ်ပြီး….၊ `အကိုကြီးရာ ကျနော့်တစ်ယောက်စာ လက်မှတ်တစ်စောင် အတွက် ကျနော့်ကို အကို့ဘေးမှာ နေရာလေးတစ်ခုပေးပါ။ ကျနော်နဲ့အကို တဖွဲ့တည်းပုံစံဖမ်းလိုက်ရင် အဆင်ပြေ လောက် ပါတယ်၊´ ဘာညာဆိုပြီး ဇာတ်စင်ပေါ်က တော်ကီမျိုးနဲ့ ချုပ်လိုက်တာ အဆင်ပြေသွားသတဲ့။
တကယ်တော့ လက်မှတ်တန်းစီတဲ့ လူတန်းကြီးကသာ တမျှော်တခေါ်ဖြစ်နေတာ လက်မှတ်ရောင်းချိန်က အကြာကြီးလို နေသေးသတဲ့။ဒီလိုနဲ့ ကိုငွေစံဟာ သူ့ကျေးဇူးရှင်နဲ့ နာရီဝက်လောက် စကားတွေဖောင်ဖွဲ့လည်းပြီးရော၊ ကျေးဇူးရှင်ဟာ ဗိုက်ဆာလှချည့်ရဲ့လို့ ညည်းညူရင် သူ့ခရီးဆောင်အိတ်ကို ကိုငွေစံ့ လက်ထဲအပ်ပြီး ထမင်းစားထွက်သွားရောတဲ့ဗျ။ကိုငွေစံ လည်း လူစိမ်းတစ်ယောက်က သူ့ကို ခရီးဆောင်အိတ်ကြီးတစ်လုံး ယုံယုံကြည်ကြည် အပ်သွားတာကို အတော်အံ့သြနေ သပေါ့။`ဒီလူဟာ ငါ့ကို တန်းစီဖို့နေရာလည်း ပေးတယ်၊သူ့အိတ်ကြီးတောင် ငါ့အပ်သွားသေး´ဆိုပြီး ဒီလူရဲ့ရိုးပုံ၊အပုံ၊ သဘောကောင်းပုံကို အကျေနပ်ကြီး ကျေနပ်နေတာပေါ့။
သိပ်မကြာလှပါဘူး။ သွားကြားထိုးတံလေးတစ်ချောင်းနဲ့ ကော့ကော့၊ကော့ကော့ ပြန်လာတဲ့ ကျေးဇူးရှင်ကိုလည်း မြင်ရော၊ ကိုငွေစံဟာ `ဒီတစ်ခါ အကိုကြီး အလှည့်၊ကျနော့်အိတ်ကို အကိုကြီးလက်ထဲ အပ်ခဲ့အုံးမယ်။ ကျနော်လည်း ဗိုက်ဆာလှပြီ´ ဆိုပြီး ထမင်းဆိုင်ဘက် သုတ်ခြေတင်တာပေါ့။အမယ်၊ကိုငွေစံဟာ ထမင်းစားနေရင်း `ငါတစ်ခုခု မှားနေပြီထင်တယ်´လို့ ခံစားရတာကြောင့် ထမင်းပန်းကန်တစ်ဝက်လောက်နဲ့ လက်စဖြတ်ပြီး ရထားလက်မှတ်တန်းစီတဲ့နေရာလည်း ပြန်ပြေးရော ကျေးဇူးရှင်ကို အမြီးနဲ့ဖုန်လုံးတောင် မမြင်ရတော့ဘူးတဲ့ဗျာ။စိတ်ပျက်လက်ပျက်နဲ့ မန္တလေးခရီးစဉ်ဖျက်ပြီး ခေါင်းငိုက်စိုက်ချ ပြန်လာတဲ့ ကိုငွေစံကို သူ့မိန်းမက အိမ်ဝက ဆီးကြိုရင်း၊ဘာဖြစ်လာသတုန်းမမေးပဲ၊အိတ်ကြီးဘယ်ကျန်ခဲ့သတုန်း ဆက်တိုက် တလစပ်မေးနေလို့တောင် သူကဒေါကန်သေးသတဲ့။ သူတုန့်ပြန်ချက်ကတော့ သူ့လက်သုံးစကား…၊ နင့်အမေ၊ ခြောက်ကျပ်ပါပဲဗျာ။
တကယ်တော့၊လှိုင်တစ်ရပ်ကွက်ကမာရွတ်ဈေးကြီးဟာ ကျနော့်ဘ၀ရဲ့ တက္ကသိုလ်ပါပဲ။ကျားကျောင်းထဲမှာ နေရာအနှံ့ စိုက်ထူထားတဲ့ ၊ `မဲ့နေသူကို ပြုံးအောင်လုပ်ပါ´၊`သူတပါးဒုက္ခကို သုခဖြင့်အစားထိုးပါ´ဆိုတဲ့စာသားတွေကို ကျနော် အခုထက်ထိမှတ်မိနေတုန်း။ လှိုင်အထက(၁)ရှေ့၊ကုက္ကိုပင်ကြီးတွေအောက်မှာ ခြိမ့်ခြိမ့်သဲသဲဖြစ်ခဲ့ဖူးတဲ့ လူလိမ်တွေရဲ့ ဖဲသုံးချပ်ဝိုင်းတွေမှာ ကျနော် မလိမ်မိုး၊မလိမ်မာ ရှိစုမဲ့စု၊အဖေ့ဆိုင်ကဘုန်းလာတဲ့ ငွေစကြေးစလေးတွေနဲ့ ဘ၀ကိုစူးစမ်း ခဲ့တာတွေလည်း သတိရနေတုန်း။ ချစ်တီးဘုရား မီးနင်း ကွင်းကြီးထဲမှာ မီးနင်းရာသီရောက်တဲ့အချိန် ဒိုးဝိုင်းတစ်ဝိုင်းနဲ့ ချစ်တီးဘုရားလှည့်လေရာ နောက်က တကောက်ကောက်လိုက်ပါခဲ့ဖူးတာ၊ မီးနင်းပြီးတဲ့အခါ မီးခဲတရဲရဲကြားမှာ အစွမ်း ထက်လှပါတယ်ဆိုတဲ့ သံပုရာသီးမီးကျွမ်းတွေကို မီးနင်းတဲ့မြေကျင်းရှည် တွေထဲ ကနေ၊ပူရလောင်ရမှန်းမသိ လိုက်ကောက် ခဲ့ဖူးတာ။ အိုဗျာ။ ပြောရရင် ကုန်နိုင်စရာမရှိဘူး။
သမိုင်းခ၀ဲခြံ၊ကရင်ရပ်ကွက်က ကရင်လူမျိုးတော်တော်များများလည်း ကမာရွတ်ဈေးကြီးမှာ ကုန်တင်ကုန်ချလာ လုပ်ကြ သေးတယ်ဗျ။ ဟိုတုန်းကအခေါ် ကူလီပေါ့ဗျာ။ အဲဒီကရင်ကူလီအုပ်စုနဲ့ ကျနော်အရမ်းအဖွဲ့ကျတယ်။ သေချာမှတ်မိ နေတာကတော့ `ဗိုလ်တို´လို့ အများဝိုင်းခေါ်နေတဲ့ လက်နှစ်ဖက်လုံးမွေးရာပါ မပါတဲ့ လူကြီးပဲဗျာ။လူမစွမ်းနတ်မဆိုတာ ဟုတ်များနေရော့သလား မဆိုနိုင်ဘူး။ ဗိုလ်တိုဟာ အုန်းသီးအစိမ်းကို ခြေထောက်နှစ်ချောင်းတည်းနဲ့ အခွံနွာနိုင်သဗျ။ သူတို့အုပ်စု အလုပ်နားချိန်နေ့လည်ပိုင်းမှာ အလောင်းအစားထပ်ကြပြီး ဗိုလ်တိုခြေထောက်နဲ့အုန်းသီးအခွံခွာပြတာ ကျနော်ကိုယ်တိုင် မြင်ဖူးတယ်။ နောက်ပိုင်း ကရင်နှစ်သစ်ကူးနေ့တွေမှာ ကရင်ခြံထဲရောက်တော့မှ၊လား၊လား၊ ကမာရွတ်ဈေးကြီးမှာ ကူလီထမ်းနေတဲ့ကရင်အားလုံလိုလိုဟာ နာမည်ကျော်လက်ဝှေ့သမားတွေဖြစ်နေသဗျာ။ ဟုတ်တယ်။ ညောင်ခါးရှည်တို့ မြင့်အောင်တို့ဆိုတာ အဲဒီခေတ်က တကယ့်ကရင်နာမည်ကျော်လက်ဝှေ့သမားတွေ ပဲလေ။
ဘာတဲ့။ တခါသားတော့ ကမာရွတ်ဈေးဘေးက ချစ်တီးဘုရားကန်ထဲမှာ နဂါးပေါ်တယ်ဆိုပဲ။ အဲဒီချစ်တီးဘုရားကန်ဟာ ချစ်တီးဘုရားပွဲကာလ ကုလားနတ်ဝင်တဲ့အခါ ကုလားနတ်တွေရေချိုးဆင်းတဲ့၊ကုလားဘုရားကိုရေချတဲ့ကန်ဗျ။ နဂါးပေါ်တဲ့ သတင်းကြောင့် လာပြီးစပ်စုလိုက်တဲ့ ပရိသတ် ရေကန်ပတ်ပတ်လည်မှာ လူတွေနဲ့ပြည့်နေရောဗျ။ ကျနော်လည်း ဘာသားနဲ့ထုထားတာ မှတ်လို့၊၀င်ငေးတာပေါ့။ ကန်ရေပြင်ကျယ်ထဲမှာ အရွယ်အစားသိပ်မကြီးလှတဲ့ မြွေလိုလို ဘာလိုလိုသတ္တ၀ါတစ်ကောင် ဟိုးနားပေါ်လိုက် ၊ဒီနားပေါ် လိုက်တွေ့မိတာတော့အမှန်ပဲဗျာ။ ခက်တာက ကျနော်မြင်ဖူးတဲ့ ဘုရားတန်ဆောင်းက နဂါး၊တရုတ်နဂါး၊ကာတွန်းထဲကနဂါး၊ ပန်းချီထဲကနဂါးတွေလို လည်ပင်းမှာ ကနုတ်ပန်းတွေလို အရစ်တွေနဲ့ ထင်ထင်ရှားရှားမြင်ရတာ မဟုတ်လေတော့ ကျနော်လည်းတနေကုန်ငေးတာပေါ့။ပရိသတ်ထဲက လူတချို့ ကလည်း ..၊ ဟုတ်တယ်၊ဟုတ်တယ်၊ နဂါးသေချာတယ်။ နဂါးမှ နဂါးအစစ်။ ဟိုမှာပေါ်လာပြီ သေချာကြည့်ဆိုပြီး ကန်ဘေးမှာရပ်ကြည့်နေသူချင်းအတူတူ တမူးပိုရှူတဲ့ကောင်တွေလည်း ရှိသေး။
နောက်ဆုံးတော့ ခပ်ရွတ်ရွတ်အမူးသမားနှစ်ယောက်က ဒီလောက် ဖြစ်လှတဲ့နဂါး အမိဖမ်းမယ်ဆိုပြီး ကန်ထဲကို လှေတစ်စီး သယ်ချလာပြီး ပိုက်ကွန်တစ်လုံးနဲ့ နဂါးပေါ်ရာနေရာတွေကိုကွန်လိုက်ပစ်ပြီး နဂါးဖမ်းပွဲလုပ်ပြန်တော့ ကန်ပတ်လည်မှာ ပွဲဈေး တောင် ဖြစ်လို့။
ဘယ်မိမလဲဗျာ။ ဒီလောက်ကန်အကျယ်ကြီးထဲမှာ လက်ဖျံလောက်ရှိတဲ့ ကိုရွှေနဂါးက လွယ်လွယ်ကူကူပဲ ရှောင်နိုင် တိမ်းနိုင်တယ်ထင်ပါရဲ့။တဖြည်းဖြည်းရက်ညောင်းလာတော့ လူတွေလည်း သိပ်စိတ်မ၀င်စားကြတော့ပါဘူး။ ဒီဖြစ်ရပ်နဲ့ မရှေးမနှောင်းမှာပဲ ကမာရွတ်ဈေးကြီး မီးအကြီးအကျယ်လောင်ပါတော့တယ်။အမယ်။ ချစ်တီးဘုရားမြွေကြီးကို ရိုက်သတ် လိုက်လို့ ကာလီမန်မယ်တော် ကျိန်စာတိုက်တယ်ဆိုပဲ။ဘာဘဲဖြစ်ဖြစ် အဲဒီအချိန်ကစပြီး ကမာရွတ်ဈေးကြီးတ၀ိုက်မှာ ကျင်လည်ခဲ့တဲ့ ကျနော့်ဘ၀လည်း တစခန်းရပ်သွားတယ်ဆိုရမယ်။ ကျနော်ဆရာအတတ်သင်ရောက်သွားခဲ့ပြီ။
ဘ၀ဆိုတာ ဒီလိုပဲထင်ပါရဲ့ဗျာ။မျှော်လင့်မထားတာတွေ ဖြစ်လာတတ်တာ မဆန်းလှပါဘူး။
ကိုလှမောင်ရွှေတစ်ယောက် သမ္မတအကြံပေး ဖြစ်လာလိမ့်မယ်လို့ ကျနော် မမျှော်လင့်ခဲ့သလို၊ ကျနော့် အကြောင်းတွေကို ခင်ဗျားက ရေးကြီးခွင်ကျယ်လုပ်ရေးနေတဲ့ အခြေအနေမျိုးကိုလည်း သူ မျှော်လင့်ခဲ့မှာ မဟုတ်ပါဘူး။ ကဲ၊နားကြအုံးစို့ဗျာ။ ခင်ဗျား စိတ်ဝင်စားတယ်ဆိုရင် ကျနော်တိုင်းပြည် အပြင်ဘက်ထွက်လာတော့ ကြုံရ ကြားရတဲ့ ဇာတ်ရှုပ်တွေ တပြုံကြီး ရှိသေးတယ်ဗျ။ အခွင့်သင့်ရင် ပြောပြရသေးတာပေါ့။ လောလောဆယ်တော့ ခင်ဗျား စာအုပ်စင်ပေါ်က သင့်လူရဲ့ ဝေးလွင့်ကင်းကွာ နှစ်တရာဆိုတဲ့ စာအုပ်လေး မြည်းစမ်းကြည့်တာ သဘောကျလွန်းလို့ ထမင်းလုံးစီရင်း နှပ်လိုက်ပါရ စေအုံး´
ကိုသက်ခိုင်ကား စကားလမ်းကြောင်းတည့်ပြီဆိုလျှင် နတ်ဝင်သည်တစ်ယောက်လို တောင်စဉ်ရေမရလျှောက်ပြောနေရင်း သူရပ်ချင်သည့်နေရာတွင် တုံးတိတိကြီးရပ်ပစ်လိုက်သည့် စရိုက်အတိုင်းကောက်ကာငင်ကာ သူ ထအသွား၊ ကျနော်က စားသောက်ပြီးသည့် ပန်းကန်ခွက်ယောက်များကို ဆေးကြောရန် အောက်ထပ်သို့ ကျနော်ဆင်းလာချိန်တွင် ကောင်းကင် မှာ အုံ့မှိုင်းလျက်ရှိသည်။အိမ်အနောက်ဘက်က တောအုပ်ငယ်မှာ လေပြင်းကြောင့်ယိမ်းထိုးလှုပ်ရှား နေလေ၏။