မဟာပထ၀ီမြေကြီးသည် သက်သေအရာ၌တည်စေသတည်း။
(မင်းဒင်)
(၁)
၁၄၊၁၁၊၂၀၁၃ ရက်နေ့တွင် ဖူးခက်မြို့ အန်မခန်အရပ်မှ ကျနော့်နေအိမ်သို့ မေတ္တာရှင်ရွှေပြည်သာ ဆရာတော် အရှင် ဇ၀န ကြွရောက်လာခဲ့ပါသည်။လွန်ခဲ့သောရက်သတ္တနှစ်ပတ်ခန့်က နာမည်ကျော်ဓမ္မကထိက မေတ္တာရှင်ရွှေပြည်သာ ဆရာတော် ထိုင်းနိုင်ငံဓမ္မခရီးစဉ်ရှိနေကြောင်း အွန်လိုင်းမိတ်ဆွေဖြစ်နေသော ကိုကြီးအမည်ရှိညီငယ်မှတဆင့် သိခဲ့ရသည်။ ထို့ကြောင့် ဖူးမျှော်ဆုံတွေ့ခွင့် ရလိုရငြားဆက်သွယ်ခဲ့ရာ ဆရာတော်ကိုယ်တိုင်မှာလည်း ကျနော်နှင့် ဆုံတွေ့လိုကြောင်း မိန့်သည်ဆို၍ ရေကန်အသင့် ကြာအသင့်ဟုဆိုနိုင်သည်။ ကျနော်အနေဖြင့် ဆရာတော်ကို ကြည်ညိုလေးစားမိသည်မှာ ဗုဒ္ဓ၏ အဆုံးအမများကို စာပေဖြင့်ထိရောက်စွာ ဖြန့်ဖြူးနိုင်ခြင်း၊ သက်ကြီးရွယ်အိုများ၏ ဘ၀ကို ကယ်တင်စောင့်ရှောက် နေခြင်းတို့ကြောင့်ဖြစ်၏။ ဆရာတော်သည်လည်း ကျနော်သည်စာရေးသူဖြစ်၍၊ ရေးသောစာများကိုစိတ်ဝင်စားမိသော ကြောင့် တွေ့လိုသည်ဟု မိန့်သည်။အဆင်သင့်လေစွ။သို့သော် ကျနော်စိတ်မှာလေးနေသည်။ရိုးသားစွာဝန်ခံရလျှင် ထိုနေ့ က ကျနော်စိတ်မကြည်လင်လှ။အကြောင်းမှာ ဤသို့ဖြစ်၏။
(၂)
ကျနော့်ဘ၀ကံကြောင့်ပင်ဖြစ်ပေမည်။မြန်မာဦးရေးသိန်းဂဏန်းနီးပါးရှိသည့် ဖူးခက်မှာ ကျနော့်ကို စာရေးသူတစ်ယောက် အဖြစ် သိသူ ဆယ်ဦး မပြည့်သည့်နည်းတူ ကျနော့်အယူအဆအတွေးအမြင်ကို နားလည်လက်ခံသူ ရှားပါးလှသည်။
ဖူးခက်နေ ရွေ့ပြောင်းလုပ်သားတို့ကား နာမည်ကျော်ဆရာတော်၏ တရားဟောရာစင်မြင့်နှင့်နီးလေ နိဗ္ဗာန်နှင့်နီးလေဟု မှတ်ထင်ကြရှာကြသည်။အိတ်ကပ်ထဲမှ ရှိစုမဲ့ ထိုင်းဘတ်တို့ကိုလည်း ရက်ရောသောသဒ္ဓါစိတ်ဖြင့် လှူကြပါ၏။ သို့သော် လှူဒါန်းမှုအစုစုတွင် ဥာဏ်ဦးစီးသည်ကိုလည်းကောင်း၊ဆရာတော်များ ဟောကြားဆုံးမအပ်သည့် အကျင့်နည်းလမ်း ကောင်းတို့ကို၊ နာယူမှတ်သားကျင့်ကြံအပ်သည်ကိုလည်းကောင်း သိနားလည်သူကား ရှားလှချေ၏။ထို့ပြင် နာမည် ကျော်ဆရာတော်များ၏ အနီးဆုံးတွင်၊အရိယာတို့၏ဟန်ဖြင့် စံနစ်တကျစီမံနေရာယူတတ်ကြသော ဖူးခက်နေမြန်မာ ဥပဿကာအချို့၏ တရားပွဲနောက်ကွယ်မှ အလှူခံခွက်ရှင်းတမ်းပြဿနာမျိုးစုံကိုလည်း မြင်ရကြားရဖန်များသဖြင့် မမြင်လို မတွေ့လိုတော့။မကြာသေးမီက ဖူးခက်တွင်ကျင်းပခဲ့သည့် ဒယ်အိုးဆရာတော်၏ တရားပွဲတွင်လည်း အလားတူ ဖြစ်ရပ်၊ပေါ်ပေါက်ခဲ့သေးသည်။ဆရာတော်ကိုယ်တိုင်ကား သိသွားရှာဟန်မတူချေ ။ထို့ကြောင့် သာရေးနာရေးအစ တရားပွဲ အဆုံး ခပ်ဝေးဝေးမှ ကျနော်ရှောင်ခဲ့သည်။
စင်စစ်သာမှုနာမှုရပ်ရေးရွာရေးကိစ္စများသည် ကျနော်နှင့်ကင်းကွာလှသည်ဟုမဆိုနိုင်ချေ။ဇာတိနိုင်ငံမှာနေစဉ်က ရပ်ရေး ရွာမှုတို့အတွက် ဒိုးပတ်ဝိုင်းတ၀ိုင်းဖြင့် တနေကုန် ခြေတိုအောင် လမ်းတကာလှည့်အလှူခံသောအလုပ်မှသည်၊ ဖူးခက်မြို့ရှိ မြန်မာ အလုပ်သမားတို့၏ သာမှုနာမှုအတွက် ၀ါချီလပ်အမည်ရှိဆေးရုံကြီးသို့၊တနှစ်နီးပါး ချောင်းပေါင်းမတတ်ခြေကြောင်း ကျခဲ့ သည်လည်းရှိပါ၏။အခြေခံပညာနည်းပါးမှုနှင့် မပြည့်မစုံသောဗဟုသုတတို့သည်လူအဖွဲ့အစည်းတရပ် စည်ပင်ဖွံ့ဖြိုး ရေးအတွက် များစွာအဟန့်အတားဖြစ်စေလျက်ရှိသည်။စုပေါင်းလုပ်ဆောင်ခြင်းအလေ့ကို အများစုက စိတ်ဝင်စားမှု မရှိ။ စိတ်ဝင်စားသူအနည်းစုမှာလည်း ကိုယ်ကျိုးရှာမှုနှင့် နာမည်ကျော်ကြားလိုမှုဖက်သို့သာ ဦးတည်နေကြပြန်သည်။
ငွေနှင့်ကြေးနှင့်သက်ဆိုင်သည့်ကိစ္စရပ်များတွင် စည်းစံနစ်ကျစေ လိုသော၊ လုပ်ငန်းဆောင် တာမှန်သမျှ ဥာဏ်ရှေ့သွား စေလိုသော ကျနော့်ဆန္ဒသည် ထင်တိုင်းမပေါက်ခဲ့လေရာ နောက်ဆုံးတွင် ပြဿနာနှင့် ကျနော်သာ နပန်းလုံးကျန်ရစ်သည် ချည်းဖြစ်၍ `ငါသည်ပါရမီနည်းသူပေတကား ´ဟုသာ နှလုံးပိုက်ရတော့သည်။ နောင်သော် ကျနော်သည် သည်းခံခွင့် လွှတ်တတ်သော ၊အကောင်းဘက်မှတွေးသောစိတ်ကိုသာ တွင်တွင်ကြီးနှလုံးသွင်း နိုင်သောအကျင့် တစတစရ လာခဲ့သည်။
(၃)
လွယ်လွယ်နှင့်လက်မလျော့တတ်သူ ကျနော်သည် ပရဟိတလုပ်ငန်းတစ်ခုကို တကိုယ်တော်ဆောင်ရွက်နိုင်ရန် တစုံတခု သော အကြံကို တိတ်တဆိတ်ကြံစည်ခဲ့မိပြန်လေသည်။
အဆိုပါအကြံကား မိမိ၏ဇာတိ၊နတ်မောက်မြို့နယ်၊မှိုက်ပင်ကျေးရွာတွင် ခေတ်မီမူလတန်းကျောင်းသစ် တကျောင်းကို ချွေးနည်းစာဖြင့် ဆောက်လုပ်လှူဒါန်းရန်ဖြစ်လေ၏။ရွှေပင်ရွာဟူ၍ ကျနော်ဇွတ်အမွှန်းတင်လေ့ရှိသော မှိုက်ပင်ရွာမူလတန်း ကျောင်း၏ လက်ရှိအနေအထားမှာ `အင်ဖက်ကိုမိုး၊ကျူရိုးတိုင်ထူ´ ဟူသောစကားကိုသာ အမှတ်ရ စရာကောင်းလှ၏။ လွန်ခဲ့သော ခြောက်လခန့်က ရိုက်ကူးခဲ့သည့်ဓာတ်ပုံကိုရှုပါလော့။အဆိုပါမူလတန်းကျောင်း၏ ဓာတ်ပုံကို စတင်မြင်ရစဉ်က ငါကား လူချင်းတူသူချင်းမျှစွာနေရသော်ငြား ငါ့ဇာတိငါ့ရပ်ရွာကား လွန်ခဲ့သောအနှစ်ကာလကကဲ့သို့ပင် နုံချာမြဲပါတကား ဟု စိတ်ဆင်းရဲခြင်းကြီးစွာဖြစ်ရသည်။
ကျနော်သည်ဘ၀မျိုးစုံကို ကျင်လည်ခဲ့သူဖြစ်သည့်အားလျော်စွာ အဆိုပါမူလတန်းကျောင်းဖြစ်မြောက်ရေးအတွက် နည်း လမ်းမျိုးစုံဖြင့် ငွေရှာနိုင်သူဖြစ်သော်ငြား လက်ရှိဘ၀စိတ်ဓာတ်အနေအားဖြင့် မိမိချွေးနည်းစာသန့်ရှင်းသော ငွေကြေးဖြင့် သာ အကောင်အထည်ဖော်လိုခဲ့သည်။ထို့ကြောင့် ကျနော်ရေးသော စာအုပ်များမှ ၀င်ငွေအချို့ကို စုဆောင်းခဲ့ရာ သိန်းငါး ဆယ်ခန့်စုမိလာသည်။ဖြစ်ချင်ဇောကပ်နေသော စိတ်ကြောင့် ကျနော်၏နောက်ဆုံးထုတ်ဘူးသီးစာအုပ်မှာ ဈေးကြီးသည့် အခြေ အနေရောက်ရသည်။သို့သော်ငြားမူလတန်းကျောင်းအတွက် ကုန်ကျမည့်ငွေကြေးပမာဏမှာ ကျပ်သိန်းနှစ်ရာမှ သုံးရာအထိ ကုန်ကျမည် ဟုခန့်မှန်းမိသည်တွင် ရွှေပြည်တော်မျှော်တိုင်းဝေး လေတော့သည်။ ရင်းနှီးသော သူဌေး သူကြွယ်တို့ထံ အလှူခံလျှင်ပြေလည်နိုင်သော်ငြား ထိုလမ်းကို ကျနော်မရွေးဖြစ်ခဲ့ချေ။အဆိုပါအခြေအနေတွင် ဆရာတော် နှင့်ကျနော် ဆုံတွေ့ခဲ့ကြခြင်းဖြစ်ပါသည်။
ကျနော်ထင်မှတ်ထားသည့်အတိုင်းပင် ဆရာတော်နှင့်ကျနော်ဆုံတွေ့မည့်ရည်ရွယ်ချက်ကို မသိရှာကြသော တရားပွဲစီစဉ် သူအချို့မှာ ငါတို့ပင့်ထားတဲ့ဆရာတော့်တရားပွဲကြီး၊မင်းဒင်လက်ပါသွားရချည့်ရဲ့ဟု ပူပင်ကြဟန်ရှိလေသည်။ အတန်တန် ပြေလည်အောင် အလျော့ပေးညှိနှိုင်းပါလျက်နှင့် ဆရာတော်နှင့်တွေ့ဆုံရန်ကိစ္စသည် ရုတ်ခြည်းအဆင်မပြေခဲ့။ ဖူးခက် နေ ဟိုတယ် မန်ဂျာကိုကျော်ကျော်ခိုင်၏ အကူအညီဖြင့် စီစဉ်ထားခဲ့သော နေ့ဆွမ်းသည်လည်း အချည်းအနှီးဖြစ်ရ သည့်နည်း တူ ဟိုတယ်ပိုင်ရှင်ထိုင်းသူဌေ၏ သဒ္ဓါစိတ်ဖြင့်လှူဒါန်းလေသော ပင်လယ်ပြင်ဆီသို့ မျက်နှာမူနေသည့် ယာယီစံကျောင်း သည်လည်း ထင်သလောက်အသုံးမတည့်ခဲ့ပြန်ချေ။ကျနော်ကား မည်သည့်အခြေအနေတွင်မဆို သင့်တင့် သောနှလုံးသွင်း ရန်စိတ်ပိုင်းဖြတ်ထားပြီးဖြစ်လေရာ ထိုစိတ်ဖြင့်ပင် အခက်အခဲအားလုံးကို သည်းခံကျော်လွှားပြီးချိန်တွင် ကျနော်နေအိမ်သို့ ဆရာတော်ကြွရောက်လာပြီး ဖူးမျှော်တွေ့ဆုံဖြစ်ခဲ့သည်။
ဆရာတော်ကား စာအကြောင်းပေအကြောင်းကိုသာ စကားအမျှင်မပြတ်မိန့်သည်။ထိုင်းနိုင်ငံတနံတလျားရှိ မြန်မာရွေ့ ပြောင်းအလုပ်သမားတို့၏ ဆင်းရဲဒုက္ခကို ထင်ရှား မြင်သာသည့် စာတအုပ်ထပ်မံရေးသားရန် တိုက်တွန်းတော်မူ သည်။ ဖူးခက်တွင် တရားပွဲစီစဉ်သည့်အခါ မြန်မာအလုပ်သမားအများအပြား နာယူနိုင်ရန် ပရိသတ်စုစည်းပေးရန် ကျနော့်ကို တာဝန်ပေးသည်။ `အလှူငွေက အရေးမကြီးဘူး၊သူတို့အသိဥာဏ်ဝင်စေချင်တာ၊အလှူငွေ မရချင်နေ´ ဟုတိုတိုပြတ် မိန့်သည်။ထို့နောက် `ဒကာကြီးကော အများအကျိုးပြုလုပ်ငန်းမလုပ်ဘူးလား´မေးမြန်းသဖြင့် ဇာတိရွာမူလတန်းကျောင်း ဆောက်လုပ်မည့် ရည်ရွယ်ချက်နှင့်အခြေအနေကို လျှောက်ထားမိသည်။
အံ့သြဖွယ်ကောင်းလေစွ။ ဆရာတော်သည်`ဒါဆို ဒကာကြီး မ တည်မဲ့သိန်းငါးဆယ်သာစိုက်။ ကျန်တာ ဘုန်းကြီး အကုန်တာဝန်ယူတယ်။ ရွာမှာကျောင်းနဲ့တွဲရက် စာကြည့်တိုက်ပါဆောက်ပေးမယ်´ရုတ်ခြည်းမိန့်လေရာ ကျနော့်မှာ အံ့သြ ခြင်းကြီးစွာဖြင့် ၀မ်းသာလုံးဆို့ရသည်။အိမ်မှ ဆရာတော်ပြန်ကြွချိန်တွင်ကား အစောပိုင်းက အမြင်မရှင်း၊သဘောထားခြင်း မတိုက်ဆိုင်ကြသူများနှင့်ပါ မယုံကြည်နိုင်လောက်အောင် ပြေလည်မှုရခဲ့ကြသည်။
ကျနော်၏ အသင့်အတင့်နှလုံးသွင်းတတ်သောအလေ့အကျင့်ပျိုးပင်ကား မေတ္တာရှင်၏မြေတွင် အပင်ပေါက်ခဲ့ချေပြီတကား။ ပြင်းထန်သောယုံကြည်မျှော်လင့်ချက်ကြောင့် စေတနာမှန်သောကံတရားသည် မျှော်လင့်မထားသော အချိန်တွင်အရာ ထင်ခဲ့ချေပြီ။မှိုက်ပင်ရွာတွင် စာကြည့်တိုက်ပူးတွဲပါဝင်သည့် ခေတ်မီမူလတန်းကျောင်း တစ်ကျောင်း မကြာမီပေါ်ပေါက် လာပေတော့မည်။အဆိုပါသတင်းကို ယခုအချိန်အထိ မှိုက်ပင်ရွာသူရွာသားတို့ မသိကြသေး။ သူတို့ပျော်ရွှင်ဝမ်းမြောက် ကြပေလိမ့်မည်။
အဆိုပါ ကောင်းမှုအတွက် မတည်ငွေမှာ စာပေရေးသားခြင်းမှ ရရှိသောဝင်ငွေဖြစ်လေရာ အဆိုပါအလှူသည် ကျနော့်၏ စာဖတ်ပရိသတ်များ အားလုံး၊ဆဲဗင်းဒေး ဂျာနယ်၊စောင့်ကြည့်ဂျာနယ်အပါအ၀င်ပြည်တွင်းရှိဂျာနယ်မဂ္ဂဇင်းတို့နှင့်ပါ သက် ဆိုင်သည်ဟု ဆိုနိုင်ပါသည်။အဆိုပါ ဒါန၏ အကျိုးဆက်သည် ဧကန်ရှိသည်ဆိုငြားအံ့။ အောက်ပါအတိုင်း ကျနော်ရည်သန် ဦးတည် စိတ်ညွတ်လိုပါသည်။
- အခက်အခဲတစုံတရာကြုံတွေ့ကာမျှနှင့် ပရဟိတလုပ်ငန်းကို ပစ်ပယ်မေ့လျော့နေသူတို့ သံဝေဂရ၊နိုးထကြပါစေ ကုန်သတည်း။
-ထားစရာမရှိသူတို့ ထင်ရာစိုင်းချယ်လှယ်သမျှ ခါးစည်းခံကြရသော စားစရာမရှိသည့် နိုင်ငံသားတို့၏ အဖြစ်မှလွတ်မြောက် ကြပါစေကုန်သတည်း။
- နေ့စာညစာတ၀မ်းတခါးအတွက် ကြက်ယက်သလိုရှာဖွေပါလျက် ဇာတိမြေတွင် မ၀ရေစာဖြစ်နေကြရသော၊ ရန်သူ့နိုင်ငံ၊တိုင်းတပါးတွင် ခေတ်သစ်ကျွန်စာရင်းဝင်နေကြရသောဘ၀များမှ လွတ်မြောက်ပါစေကုန်သတည်း။
- နိုင်ငံကူးလက်မှတ်အနီရောင်ကိုင်ဆောင်လျက်လူချင်းတူပါလျက်လူစာရင်းမှ အဖျက်ခံရသော နိုင်ငံသူနိုင်ငံသားများ ဘ၀မှလွတ်မြောက်ကြပါစေကုန်သတည်း။
- ဇာတိမြေအမိမြန်မာနိုင်ငံတွင် လောကပါလတရားထွန်းကားပါစေသတည်း။