မစ္စတာလီ
"ဒါဆိုလည်း ထလန်မီးပွိုင့်အလွန်က "Tessco Lotus"မှာကော်ဖီသောက်ကြရအောင်ဗျာ"
ကိုသက်ခိုင်တစ်ယောက်ကော်ဖီသောက်ချင်သည်ဆိုလေသဖြင့် အဆင်ပြေမည်ထင်သည့်တစ်နေရာကို ကျနော်ညွှန်းလိုက်သည့်အခါ သူက ချက်ချင်းပင်ငြင်းသည်။
"Tessco Lotus မှာ မသောက်ချင်ဘူးဗျာ။လူသိပ်များတော့ အသံတွေဆူညံလွန်းတယ်။ဆဲဗင်းအလဲဗင်း တစ်ခုခုမှာသာ ရပ်ဗျာ။ ဟေ့လူ၊ ဘိုင်ဖတ်မီးပွိုင့်မရောက်ခင်၊ ဓာတ်ဆီဆိုင်မှာရပ်ဗျာ။ အဲဒီမှာ ဆဲဗင်းအလဲဗင်းရှိတယ်"
သူပြောသည့် ဘိုင်ဖတ်ဟူသည့် အရပ်မှာ အမှန်အားဖြင့် ဖြတ်လမ်း(By pass) ကိုဆိုလိုရင်းဖြစ်၏။ထိုင်းနိုင်ငံမှာအနေကြာလေသဖြင့် သူလည်း အင်္ဂလိပ်စကားအသံထွက်ရာတွင် ရေမြေလိုက်နေဟန်ရှိသည်။ ထိုင်းတို့၏ အင်္ဂလိပ်စာအသံထွက်ကား ထူးခြားလှ၏။"Makro"ကို "မခို"ဟုဆိုကြသည်။"Grocery"ကို "ကော့စလီး"ဟူ၏။"Robinson"ကို "လော်ဘင်ဆန်"အသံထွက်၏။တခါသား ကျနော့်ကွန်ပြူ တာမှာ ဗိုင်းရပ်ဝင်လေသဖြင့် ကွန်ပြူတာပြင်သည့်ဆိုင်သည့် ဖုန်းဆက်ရာ ကျနော်ပြောပြသည့် ဗိုင်းရပ်(Virus) ဆိုသည့် အသံကို တဖက်မှ လုံးဝ နားလည်ဟန်မရှိချေ။ဆိုင်သို့အရောက်သွား၍ လူချင်းတွေ့၍ ပြောသည့်တိုင် သဘောမပေါက်။နောက်ဆုံး စားပွဲပေါ်မှ စာရွက် တရွက် ပေါ်မှာ "Virus"ဆိုသည့် စာလုံးကိုချရေးပြကာမှ သူက အလန့်တကြား ထ အော်သည်။ အော်.. ခေါက်ကျိုင် ခေါက်ကျိုင် (သိပြီ၊ သိပြီ) "ဝိုင်းလပ် ၊ဝိုင်းလပ်"ဟူသတည်း။
ကိုသက်ခိုင်ညွှန်းသည့် ဆဲဗင်းအလဲဗင်းကို ကျနော်သိသည်။ဆဲဗင်းအလဲဗင်းဟူသည့် နှစ်ဆယ့်လေးနာရီပတ်လုံးဖွင့်သည့် စုံစီနဖာဆိုင် များကား ထိုင်းနိုင်ငံတနံတလျား မှိုလိုပေါက်နေသည်။ဆိုင်တင်ရောင်းချသည့် ပစ္စည်းတို့ကား အမြန်ရနိုင်သည့် အဆာပြေ အစား အသောက်များ၊အရက်၊စီးကရက်၊စာရေးကိရိယာ၊အအေးမျိုးစုံ မုန့်ပဲသရေစာမျှသာဖြစ်၏။
"ဆဲဗင်းအလဲဗင်းမှာဆို ထိုင်စရာမရှိဘူးနော်၊မိုးတိုးမတ်တပ်နဲ့ ဖြစ်ပါ့မလား"
"တခါတခါ ဟိတ်ကြီးဟန်ကြီး စတိုင်တခွဲသားနဲ့ နေရထိုင်ရစားရသောက်ရတာ စိတ်ပျက်လွန်းလို့ဗျာ။ကျနော်ပြောတဲ့ဆိုင်ကိုသာမောင်း ဗျာ၊ ထိုင်စရာရှိတယ်။သစ်သားထိုင်ခုံတွေနဲ့ ဇရပ်လိုလို အဆောက်အဦးလေးတစ်ခုရှိတာ ခင်ဗျားသတိမထားမိလို့ပါ"
ဘိုင်ဖတ်ဓာတ်ဆီဆိုင်အရောက်တွင်မူ ကိုသက်ခိုင်သည် "ခင်ဗျားကောင်းမယ်ထင်တာသာ ဝယ်ခဲ့ပေတော့။ကော်ဖီပါရင် ရပြီ"တခွန်းသာ ပြောရင်း ဇရပ်ငယ်ဘက်ဆီသို့လျှောက်သွားသည်။ စားစရာတချို့ လက်မှာကိုင်စွဲလျက် ကျနော်ဆိုင်အတွင်းမှ ပြန်ထွက်လာသည့်အခါ ကိုသက်ခိုင်က ခေါင်းတငြိမ့်ငြိမ့်လုပ်နေလေသဖြင့်....."
"ဘာကိစ္စခေါင်းတငြိမ့်ငြိမ့်လုပ်နေရပြန်တာတုန်း၊ကျနော့်ပုံက ရယ်စရာများဖြစ်နေရော့သလား"
"မဟုတ်ဘူးဗျ။ ကော်ဖီခွက်ကိုထည့်လာတဲ့ ကျွတ်ကျွတ်အိတ်ဒီဇိုင်းကို သဘောကျလွန်းလို့"
သူပြောကာမှ ကော်ဖီခွက်ထည့်ထားသည့် ကျွတ်ကျွတ်အိတ်ကို ကျနော်ငုံကြည့်မိသည်။ မှန်၏။ အဆိုပါကျွတ်ကျွတ်အိတ်ငယ်သည် ရိုးလျက်နှင့်ဆန်းနေသည်။ကော်ဖီခွက်ကို အံကျထည့်နိုင်သည်။ လက်ကိုင်နေရာလည်း အဆင်သင့်။ထုတ်ပိုးကုန်ဈေးကွက်အတွင်း တွင် ကျွတ်ကျွတ်အိတ်သည် ထုတ်ပိုးမည့်ပစ္စည်းအပေါ်မူတည်၍ ဒီဇိုင်းပုံစံမျိုးစုံ တွင်ကျယ်ခေတ်စားနေလေပြီ။
"နည်းနည်း ရှင်းပါအုံး ဆရာရယ်"
"ဒီလိုဗျ။ ကျွတ်ကျွတ်အိတ်ကို တီထွင်ခဲ့တဲ့သူကို ကျနော်တော်တော်အထင်ကြီးတယ်။ခင်ဗျား စဉ်းစားကြည့်စမ်းဗျ။လူတွေမှာ နေ့စဉ်နဲ့ အမျှ ဝယ်ရေးခြမ်းရေးကိစ္စတွေမှာ မရှိမဖြစ်ပစ္စည်။၊ထုတ်လုပ်ရလွယ်တယ်။ဈေးသိပ်ပေါတယ်။နေရာမရွေးရနိုင်တယ်။ ကျွတ်ကျွတ်အိပ် အသစ်နဲ့ဆို ဘာပစ္စည်းထည့်လာလာ၊ကြည့်ရတာ အထိုက်အလျောက်အမြင်တင့်တယ်။အဲ ဟောင်းများသွားလို့ကတော့ ကိုင်တောင် မကြည့်ချင်တော့တဲ့ အဖြစ်။တကယ့်ကို တစ်ခါသုံးပစ္စည်း။ဒါကြောင့်လည်း ကျွတ်ကျွတ်အိတ်ရဲ့အခန်းကဏ္ဍဟာ အရမ်းကြီးမားနေတာ ဖြစ်မယ်ဗျ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့ရှုဒေါင့်ကတော့ တမျိုးပေါ့ဗျာ။ ဟိုခေတ်ဟိုအခါကျနော်တို့ငယ်ငယ်တုန်းက ကမာရွတ် ဈေးကြီးမှာသုံးတဲ့ အဓိကထုတ်ပိုးစရာပစ္စည်းကတော့ အင်ဖက်၊သတင်းစာစက္ကူတွေပဲဗျ"
"ခင်ဗျားစဉ်းစားလိုက်ရင် ကြံကြံဖန်ဖန်ချည်းပဲဗျာ။ပေါက်ပေါက်ရှာရှာ ဒုံးပျံထွင်တဲ့သူဆိုထားပါတော့။ ကျွတ်ကျွတ်အိတ် ထွင်တဲ့သူကို အထင်ကြီးရသတဲ့။ခက်ပါ့"
"ခင်ဗျား အဲသလို တွေးတာကိုက မွဲတေပြာကျစေတဲ့အကြောင်းရင်းပဲကိုယ့်ဆရာ။ကျနော်တို့တိုင်းပြည် မွဲတေနေတာလည်း ဒီအချက် ကြောင့်ပဲ"
"ခင်ဗျားစွဲချက်က သိပ်ကြီးသွားပြီ။ခိုင်လုံအောင်သာ ရှင်းပေတော့။ ရော့၊ ကော်ဖီသောက်ရင်း ရှင်းဗျာ"
"ခင်ဗျားသေချာစဉ်းစားကြည့်လေ။လူတိုင်းလိုလို ကြီးပွားရာကြီးပွားကြောင်းတွေးတောကြံဆကြတာပါပဲ။ ဒါပေသည့် အသေးစိတ်မတွေး ချင်ကြဘူး။အဆုံးစွန်အထိ ရောက်အောင် ၊ပြည့်စုံတဲ့အခြေအနေတစ်ခုအထိ ရောက်အောင် ရဲရဲတင်းတင်းရှေ့ဆက်တွေးတဲ့သူကတော့ မရှိသလောက်ရှားတယ်ဗျာ။တိတိကျကျပြောရရင် အဲသလိုစေ့စေ့ပေါက်ပေါက်တွေးတဲ့အလုပ်ကို အရှေ့တိုင်းသားတွေထက် အနောက် တိုင်းသားတွေက ပိုပြီး အားသန်တယ်။ အရှေ့တိုင်းနဲ့အနောက်တိုင်းအဝတ်အစားတွေကို ယှဉ်ကြည့်စမ်းဗျာ။ လံကွတ်တီနဲ့တောင်ရှည် ပုဆိုးဆိုတာ နံငယ်ပိုင်းကနေ နည်းနည်းသာတဲ့အဆင့်ပဲရှိတယ်ဗျာ။ အနောက်တိုင်းသားတွေကတော့ ခြေထောက်နေရာမှာ ကွက်တိစွပ် လို့ရအောင်ဘောင်းဘီဖြစ်တဲ့အထိ ရှေ့ဆက်စဉ်းစားကြသဗျ။ အကျီတွေကိုလည်း လေ့လာကြည့်။ပိုတောင်ဆိုးသေး။ရွှေကိုယ်တော် အရှေ့တိုင်းသားတွေဟာ ကျောပြောင်နဲ့ ရင်လျားဘဝက တက်ခဲ့ရာအနှစ်နှစ်ရာလောက်ပဲရှိအုံးမယ်ထင်ပါရဲ့။
အခုလောလောဆယ်မှာပဲ ဆဲဗင်းအလဲဗင်းဆိုင်တွေကိုကြည့်စမ်းပါဗျာ။တင်ရောင်းနေတဲ့ ပစ္စည်းက ဘာမှ အဆန်းတကြယ် မဟုတ် ဘူး။ဒီပစ္စည်းမျိုး ရောင်းနေလို့ကတော့ ဘာမှထူးမှာ မဟုတ်ပါဘူး။ ဒါမျိုးရောင်းတဲ့ ဆိုင်တွေ ရပ်ကွက်ထဲမှာ ပွလို့ဆိုပြီး လူအများ ရှေ့ဆက် မစဉ်းစားရဲတဲ့ ကိစ္စမျိုးကို ရှေ့ဆက်စဉ်းစားတဲ့ သူက ဒီဆဲဗင်းအလဲဗင်း အုပ်စုကြီးကို ပိုင်သွားတာပေါ့ဗျာ။ သေချာစဉ်းစားကြည့်။ လူအများစုဟာ ဘယ်ပစ္စည်းတွေကို အမြဲတစေ လိုအပ်နေတတ်သလဲ။ဘယ်အချိန်မှာ လိုနေတတ်သလဲ။ ဘယ်နေရာမျိုးမှာ လိုတတ်သလဲ။ ဘယ်လိုဈေးနှုန်းရောင်းမလဲ။ အဲဒီအရောင်းဆိုင်တွေမှာ ဘယ်လို ခေတ်မီဝန်ဆောင်မှုတွေ ချိတ်ဆက်ပြီးပေးနိုင်သလဲ။ပြောရရင် အများကြီးပါဗျာ။လေယာဉ်လက်မှတ်ကို ဆဲဗင်းအလဲဗင်းမှာ ထုတ်လို့ရတယ်။အစိုးရရုံးတွေကို သွင်းရမဲ့ ရေမီတာခ၊လျှပ်စစ်မီတာခတွေကို သွင်းလို့ရတယ်။ အဲဒီအချက်တွေကို ဆဲဗင်းအလဲဗင်းရဲ့ဖခင်ကြီးက သေချာတွေးတော ခဲ့တယ်။ ဖြေရှင်းနည်းကို ရှာဖွေခဲ့တယ်။ ကျနော်တို့ခင်ဗျားတို့က ခက်တာလေး တစ်ချက်တွေ့ရင် ဖြစ်မှာမဟုတ်ပါဘူးဆိုတာက အရင် ။ဒါကြောင့်မကြီးပွားတာ။ ဒါကြောင့် ကျနော်တို့ ခင်ဗျားတို့လို လူမျိုးတွေ၊အများစုနေတဲ့ တိုင်းပြည်လည်း ဘယ်မှာလာ ကြီးပွားပါ တော့မတုန်း"
"ဒါတင်မကသေးဘူး။ တကမ္ဘာလုံးက လူတွေကြက်ကြော်စားကြတယ်။ကြက်သားကြော်တတ်ကြတယ်။"ကြက်သားကြော်၊ကြော်ရောင်း ကွာ"လို့များ ခင်ဗျား တစ်ယောက်ယောက်ကို အကြံပေးလိုက်မိရင် သေချာပေါက်ခင်ဗျားကို အရူးလို့ပြောမှာပဲ။ဒါပေမဲ့ ဆရာ၊ "KFC"ကြက်ကြော်ဆိုင်တွေဟာ ကမ္ဘာအနှံ့မှာ ဆိုင်ခွဲတွေသိန်းချီရှိနေတာကို ကြည့်လိုက်ပေတော့။"KFC"ကို စတင်ဖန်တီးခဲ့သူဟာ သူများတစ်ကာထက် ရှေ့ဆက်တွေးရဲတဲ့လူ၊အဲဒီအတွေးတွေထဲက အခက်အခဲမျိုးစုံဖြေရှင်းနည်းကို စတင်တွေ့ရှိသူပဲဗျ။ သူများထက် ပိုကောင်းတဲ့၊ပိုအရသာရှိတဲ့ ကြက်ကြော်ကို ငါဘယ်လိုဖန်တီးမလဲ။ဘယ်နည်းစံနစ်နဲ့ရောင်းမလဲ။ ဆိုင်တွေကို ဘယ်လိုပြင်ဆင် မလဲ။ဘယ်လိုအစားအစားတွေကို တွဲဘက်ရောင်း မလဲ။ စတာ စတာတွေကို သူသေချာပေါက်အဖြေရှာခဲ့ရမယ်။ချို့ယွင်းအားနည်း ချက်တွေကို နှစ်ပေါင်းများစွာ၊အကြိမ်ကြိမ်ပြင်ဆင်ဖြည့်စွက်ခဲ့ရမယ်။ဒါကြောင့်လည်း ပြိုင်ဘက်ကင်းအောင်မြင်ခဲ့တာပါပဲ။ ဒါကြောင့် အောင်မြင် နေသူတွေကိုလေ့လာအကဲခတ်ကြည့်ရင် ကျနော်ပြောခဲ့တဲ့အချက်တွေမှာ လူအများစုနဲ့ ကွဲထွက်နေတာကိုတွေ့ရတတ် တယ်။ ဥပမာ မစ္စတာလီဆိုပါတော့ "
"ခင်ဗျားတော်တော်လည်တဲ့လူပဲ။မစ္စတာလီအကြောင်း စကားဆက်ချင်တာများ ကျွတ်ကျွတ်အိတ်နဲ့ ကြက်ကြော်ကနေ နိဒါန်းပျိုးရတယ် လို့ဗျာ"
"ခင်ဗျားပျင်းနေမှာစိုးလို့ ခြေဆင်းလေးနဲ့ စလိုက်တာပါ။ကျနော်ဆုံခဲ့ရတဲ့ မစ္စတာလီအကြောင်းက ဒီလိုဗျ"
ဤသို့လျှင် အစချီကာ ကိုသက်ခိုင်သည် ကျနော့်မျက်နှာကို စေ့စေ့ကြည့်လျက် မစ္စတာလီ၏ဇာတ်ကြောင်းကို အောက်ပါအတိုင်း ခင်းပါ လေတော့သည်။
"ဘန်ကောက်လိုနေရာမျိုးမှာ ဗမာပြည်ပေါက်လူတန်းစားပေါင်းစုံကို ကျနော်အများကြီးတွေ့ဖူးပါတယ်။ အစိုးရအတိုက်အခံတွေ၊စီးပွား ရေးသမားတွေ၊သင်္ဘောသားတွေ၊စုံလို့ပါပဲ။ ဒီအထဲမှာ မစ္စတာလီကတော့ ထူးခြားတယ်ဆိုရမယ်။
မစ္စတာလီ့အကြောင်းပြောမယ်ဆိုတော့ သူဘဝအထုပ္ပတ္တိကြီးကို နှုတ်တိုက်ရွတ်ပြနိုင်တာမျိုးတော့ မဟုတ်ဘူးပေါ့ဗျာ။ လုပ်ငန်းကိစ္စနဲ့ ဆယ်ရက်ဝန်းကျင်သူနဲ့ထိတွေ့ဆက်ဆံခဲ့ရတဲ့ အချိန်ကာလလေးမှာ ကျနော်သူ့အပေါ်အကဲဖြတ်ချက်ဆိုပါတော့။ သူ့နာမည်အပြည့် အစုံက "Pit Teong (Pote)Lee"တဲ့။သူဟာ ၁၉၇၀ ခုနှစ် ဝန်းကျင်မှာဗမာပြည်ကနေ ထွက်ခွာခဲ့တယ်လို့ ဆိုတယ်ဗျ။ လက်ရှိအသက်နဲ့ ဆက်စပ်ခန့်မှန်းကြည့်တော့ သူအသက်နှစ်ဆယ်ကျော် အရွယ်ပေါ့။ သူဟာ ရန်ကုန်တက္ကသိုလ်မှာ ရူပဗေဒအဓိကနဲ့ မာစတာရခဲ့ သတဲ့။ကျောင်းပြီးတဲ့အချိန်မှာ သူဟာ ဗိုလ်တထောင်လုပ်သား ကောလိပ်မှာ နည်းပြဆရာအဖြစ်ဝင်လုပ်နေရာကနေ ပညာရေးခရီး ဆက်ဖို့ ယိုးဒယားကိုထွက်ခဲ့တာတဲ့ဗျာ။နေဦးဗျ။ ရန်ကုန်တက္ကသိုလ် ရူပဗေဒကျောင်းသား အဖြစ်နဲ့နောက်ဆုံးနှစ် စာမေးပွဲမှာ ဘာသာ စုံဂုဏ်ထူးရဖူးသတဲ့။"
"ကျနော့်စိတ်ထင် မစ္စတာလီပြည်ပကိုထွက်ခွာလာတဲ့ ကိစ္စဟာ ၁၉၆၇ခုနှစ်ဝန်းကျင်မှာ ဖြစ်ခဲ့တဲ့ တရုတ်ဗမာအဓိကရုဏ်းရဲ့ နောက်ဆက် တွဲဂယက်များ ဖြစ်နေမလား စဉ်းစားမိတယ်ဗျ။ဘာဘဲဖြစ်ဖြစ်ဗျာ မစ္စတာလီဟာ ဘန်ကောက်အေအိုင်တီ(Asian Institute of Technology) တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာ သူ့အစွမ်းအစပြနိုင်ခဲ့တယ်။အမှတ်ကောင်းကောင်းနဲ့ စကော်လာအဆင့်နဲ့ဝင်ခွင့်ရခဲ့တယ်။ မစ္စတာလီဟာ အေအိုင်တီတက္ကသိုလ်ရဲ့ ပထမဦးဆုံးသော မြန်မာကျောင်းသားတဲ့ဗျ။ပိုပြီးထူးခြားတာက ဗမာပြည်တုန်းက Physics နဲ့ ကျောင်းပြီးလာပီး ဒီ "AIT"မှာ "Civil"နဲ့ ၀င်ခွင့်ရသတဲ့ဗျာ ။
ဗဟုသုတအနေနဲ့ ကြားဖြတ်ပြီးပြောရအုံးမယ်။ အဲဒီ "AIT "တက္ကသိုလ်စီမံကိန်းဟာ အနောက်နိုင်ငံတွေက မြန်မာပြည်ဖွံ့ဖြိုးရေးအတွက် ကူညီဖို့ရည်ရွယ်ခဲ့တဲ့ စီမံကိန်းတဲ့ဗျာ။ ဘယ်ကနေ ဘယ်လိုထိုင်းနိုင်ငံဘန်ကောက်ဘက် ရွာလည်သွားသတုန်း၊မပြောတတ်တော့ပါဘူး။
"AIT"တက္ကသိုလ်ကနေ ဘွဲ့ရပြန်တော့ သူရတဲ့ဘွဲ့နဲ့ လခစားအလုပ်ဖို့ သူ့ဦးလေးက အကြံပေးပေမဲ့ သူက ကိုယ်ပိုင်စာအုပ်အရောင်း ဆိုင် ထောင်ခဲ့တယ်တဲ့။သူ့အကြောင်းပြချက်ကတော့ ဝန်ထမ်းလစာနဲ့ သူ့အိမ်ထောင်ကို တင့်တောင်တင့်တယ်ထားနိုင်မှာ မဟုတ်လို့ တဲ့ဗျာ။ဟုတ်တယ်။ အဲဒီအချိန်မှာ ထိုင်းအမျိုးသမီးတစ်ဦးနဲ့ သူအိမ်ထောင်ကျနေပြီ။၁၉၈၄ ခုနှစ်က ဘန်ကောက်မြို့မှာ သာမန် စာအုပ် ဆိုင်ကလေးနဲ့ အစပြုခဲ့တဲ့ မစ္စတာလီဟာ အခုလက်ရှိအချိန်မှာ (iGroup Asia Pacific)ဆိုတဲ့ နိုင်ငံတကာနည်းပညာ ကုမ္ပဏီကြီး တစ်ခုရဲ့ စီအီးအို(CEO) ဖြစ်နေပြီတဲ့ဗျာ။ဟုတ်တယ်၊အဲဒီ "iGroup"ရဲ့ "Founder"ဟာ မစ္စတာလီပါပဲ။ကျနော်လေ့လာမိသလောက် အဲဒီ i Group ဟာ တောင်ကိုးရီးယား၊သြစတေလျ၊ ဂျပန်၊ အိန္ဒိယ၊စင်္ကာပူ၊ရူမေးနီးယား၊ဟောင်ကောင်၊ထိုင်ဝမ်စတဲ့ နိုင်ငံပေါင်းဆယ့်လေး နိုင်ငံမှာ ကုမ္ပဏီခွဲတွေရှိသတဲ့။"iGroup"ဟာ စာအုပ်ထုတ်ဝေရေးလုပ်ငန်း၊အချက်အလက်နဲ့နည်းပညာအပါအဝင် ခေတ်မီအိုင်တီ လုပ်ငန်း ပေါင်းစုံလုပ်ကိုင်နေလေရဲ့။ လျှောက်ပြောနေရင် ဆုံးမှာမဟုတ်ဘူးဗျ။"iGroup"အကြောင်း ပြည့်ပြည့်စုံစုံ သိချင်သပဆိုရင် အင်တာနက် သုံးပြီးဂူဂဲလ်မှာဝင်ရှာကြည့်ပေတော့။
တစ်နေ့တော့ မစ္စတာလီဟာ ဘန်ကောက်မြို့မှာ နိုင်ငံတကာသံတမန်တွေ ၊ထိပ်တန်းစီးပွားသမားတွေကို အဆင့်မီမီဧည့်ခံနိုင်လောက် တဲ့ နိုင်ငံတကာအဆင့်စားသောက်ဆိုင်မျိုး ဘန်ကောက်မှာ မရှိသေးတာကို သတိပြုမိပြီး"Water Library Restaurant"ကို ၂၀၀၆ခုနှစ်မှာ စဖွင့်ဖြစ်သတဲ့ ။ ဒီဆိုင်ကိစ္စကို မစ္စတာလီရဲ့ ညာလက်ရုံး နိုင်ငံခြားသားတစ်ယောက်နဲ့ တွေ့တုန်းသေချာစပ်စုလိုက်မိတော့ ပထမနှစ်နှစ် အတွင်းမှာ စားသုံးသူအနည်းအကျဉ်းသာရှိပြီး အရှုံးပေါ်ခဲ့သတဲ့။သုံးနှစ်မြောက်မှာတော့ ဒီဆိုင်ရဲ့ဂုဏ်သတင်းဟာ တစတစလူသိများလာ ပြီး အခုအချိန်မှာ ဘန်ကောက်မြို့မှာ ရှိတဲ့ နာမည်ကြီးဟိုတယ်တွေက စားသောက်ဆိုင်ပေါင်းလေးထောင် ကျော်ထဲမှာ ထိပ်တန်းစာရင်း ဝင်လာရောတဲ့ဗျာ။ဒါတင်မကသေးဘူးကိုမင်းဒင်။ မစ္စတာလီဟာ ခေတ်ပြောင်းနေပါပြီဆိုတဲ့ ဗမာပြည်ဘက် ကိုလည်း မျက်ခြေမပြတ်ဘူးဗျ။ ပုဂံမှာ ဟိုတယ်ဆောက်နေသတဲ့။ ကရင်ပြည်နယ်ဖားအံမြို့မှာ "Wacoal"ဆိုတဲ့ အမျိုးသမီး အသုံးအဆောင်၊ဘော်လီ၊အတွင်းခံ ဘောင်းဘီစတာတွေ ထုတ်လုပ်တဲ့ ကမ္ဘာကျော် ဧရာမကုမ္ပဏီကြီးရဲ့ စက်ရုံခွဲတစ်ခုကိုလည်း ဆောက်နေပြီတဲ့ဗျာ။တကယ်တော့ ဒီလုပ် ငန်းစဉ်တွေဟာ "iGroup"ကနေ ဖြာထွက်လာတာတွေပါပဲ။လက်ရှိအချိန်မှာ မစ္စတာလီဟာ ထိုင်းနိုင်ငံရဲ့အကျော်ဇေယျစီးပွားရေးလုပ် ငန်းရှင်တွေတင်မက နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်တွေပါ လေးစားအားကျရတဲ့သူဖြစ်နေ ပါပြီ။တက်လာသမျှ ထိုင်းအစိုးရအဖွဲ့ဝင် တွေနဲ့လည်း ဝင်ဆန့်နေပြီဆိုပါတော့။
မစ္စတာလီဟာ ဗမာပြည်ဘက်ကို ဘယ်တော့မှခြေဦးမလှည့်တော့ပါဘူးလို့ ဆုံးဖြတ်ခဲ့ဖူးသတဲ့။ ဒါပေမဲ့ သူသိပ်အောင်မြင်လာတဲ့အခါ ဗမာပြည်မှာရှိနေတဲ့ကလေးတွေရဲ့ ပညာရေးကို ကူညီချင်စိတ်ပေါ်လာသတဲ့။ ကျနော့်စိတ်ထင်တော့ သူ့ရဲရင်ထဲမှာခိုအောင်းနေခဲ့တဲ့ ဘဝဟောင်းက ကျောင်းဆရာစိတ်ပြန်ပေါ်လာတယ်ထင်ပါရဲ့။ဗမာပြည်ပညာရေးအတွက်အထောက်အကူဖြစ်စေမဲ့ လှူဒါန်းမှုတွေ ကူညီ ပံ့ပိုးမှုတွေအကြီးအကျယ်လုပ်ပေးနေလေရဲ့ဗျာ။
မစ္စတာလီအကြောင်း ကျနော်နင်းကန်ညွန်းနေတယ်လို့တော့မထင်လေနဲ့ဗျာ။ ကျနော်နဲ့တွေ့တဲ့ရက်ပိုင်းမှာပဲ အာရှရဲ့နာမည်ကျော် မဂ္ဂဇင်း တစ်စောင်ဖြစ်တဲ့ "Robb report Magazine"ကနေ မစ္စတာလီရဲ့ဘဝဇာတ်ကြောင်းကို အပြည့်အစုံဖော်ပြဖို့ အင်တာဗျူးနေတာ တွေ့ခဲ့သေးဗျာ။မစ္စတာလီနဲ့စကားလက်ဆုံကျမိချိန်မှာ ကျနော်သူ့ကို သတိထားမိတဲ့အချက်တွေကတော့ သူဟာ ဘယ်အလုပ်ကိုမှ လောဘဇော တိုက်ပြီးလုပ်တဲ့သူ မဟုတ်ဘူး။ သူ့ဝန်ထမ်းတွေအပေါ်မှာ အမိအဘသဖွယ်၊အကိုကြီးသဖွယ်ထားရှိတတ်တဲ့ စိတ်ထား ပါပဲ။သူ့လက်ရင်း တပည့်ဝန်ထမ်းတဦးရဲ့ လစာဟာ ဒေါ်လာနှစ်သောင်းငါးထောင်ကျော်ရှိသတဲ့။ ဒါတောင် မိသားစုကျန်းမာ ရေး၊ကလေးတွေရဲ့ ပညာရေး၊ အခြားလူမှုရေးအထောက်အပံ့တွေမပါသေးဘူးတဲ့ဗျ။ သူ့ဝန်ထမ်းတွေကို သူအမြဲပြောနေကျ စကား ကတော့"ခင်ဗျားတို့ ကျနော့်ထက် လစာပိုပေးနိုင်တဲ့သူတွေ့ကောင်းတွေ့နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်လောက် မေတ္တာဂရုဏာ ထားနိုင်သူမရှိနိုင်ပါဘူး"ဆိုတာ ရဲရဲကြီး ပြောနိုင်သတဲ့။ကျနော့်စိတ်ထဲမှာတော့ ကျနော့်ကိုအကြံပေးခန့်နေတဲ့ ပဲခူးသူဌေးလင်မယားသာ၊ မစ္စတာလီရဲ့ လုပ်ပုံကိုင်ပုံနဲ့ ဝန်ထမ်းတွေ အပေါ်ထားတဲ့သဘောထားမျိုးထားနိုင်ရင်ဘယ်လောက်ကောင်းလိုက်လေမလဲ လို့တွေးမိ တယ်ဗျ။
ကျနော်ဟာ ဘန်ကောက်မြို့"Swissotel"မှာကျင်းပတဲ့ "iGroup"ရဲ့နှစ်ပတ်လည်အခန်းအနားကိုလည်း မစ္စတာလီရဲ့ဖိတ်ကြားချက်နဲ့ တက်ခဲ့ရသေးဗျာ။iGroup ရဲ့နိုင်ငံတကာကိုယ်စားလှယ်သုံးရာနီးပါးတက်ရောက်တာတွေ့ခဲ့ရဗျ။အဲဒီနေ့အခန်းအနားမှာ "CEO"ဖြစ်တဲ့ မစ္စတာလီပြောခဲ့တဲ့ နှစ်သစ်ကူးမိန့်ခွန်းကတော့ ကျနော့်ဘဝမှာ နားထောင်ခဲ့ရတဲ့မိန့်ခွန်းတွေထဲမှာ အကောင်းဆုံးသောမိန့်ခွန်းလို့ ထင်မိ တာပါပဲ။အေးဗျ။မစ္စတာလီဟာဗမာလိုထက် အင်္ဂလိပ်လိုပြောတာ ပိုပြီးကောင်းနေတယ်။ မိန့်ခွန်းကို ဘာစာရွက်မှမကိုင်ဘဲ လက်တန်း ပြောတယ်။သူ့ဖြတ်ကျော်ခဲ့တဲ့ ရုန်းကန်မှုတွေ၊သူ့ရဲ့ကိုယ်ပိုင်ဘဝအဓိပ္ပါယ်ဖွင့်ဆိုချက်တွေ၊"iGroup"အတွက်ရှေ့ရေးစိန်ခေါ်မှု တွေကို အချိန်တိုတိုအတွင်းမှာ ချက်ကျလက်ကျ ရွှင်မြူးပေါ့ပါးတဲ့ဟန်နဲ့ လမ်းလျှောက်ရင်းဟောပြောနေတာကို ကျနော်ကြည့်နေရင်း "အိုဘားမား တောင်ဒီလောက်ကောင်းတဲ့မိန့်ခွန်းပြောနိုင်ပါ့မလား"လို့တွေးမိတဲ့အထိဗျာ။
သူခြွေနေတဲ့မိန့်ခွန်းထဲမှာ အမေရိကန်ထုတ်စာအုပ်တစ်အုပ်အကြောင်းလည်းပါလာတယ်ဗျ။ အဲဒီစာအုပ်နံမည်က "Bird"ဆိုပဲ။ အဲဒီငှက် တွေရဲ့ဓာတ်ပုံစာအုပ်မူရင်းဟာ လေလံပွဲမှာ အမေရိကန်ဒေါ်လာ ခုနစ်သန်းနဲ့အရောင်းအဝယ်ြဖစ်ခဲ့သတဲ့။မစ္စတာလီဟာ အဲဒီမူရင်း စာအုပ်နဲ့ အရည်အသွေးတထပ်တည်းနီးပါးကျတဲ့ မိတ္တူစာအုပ်၊အုပ်ရေတစ်ရာရိုက်နေလေရဲ့။ အဲဒီမိတ္တူစာအုပ်ရဲ့တန်ဖိုးတောင် ဒေါ်လာငါးသောင်း တဲ့ဗျ။အာရှတိုက်မှာ ဖြန့်ချိမှာက အုပ်ရေငါးဆယ်မို့ဝယ်ချင်တိုင်း ဝယ်လို့မရဘူးတဲ့ဗျာ။ကျနော်ကတော့ မစ္စတာလီရဲ့ ငွေရှာနည်း ဒဿန တစ်ခုကို နားထဲမှာ ကြားနေလေရဲ့။ဘာတဲ့။ "ကိုသက်ခိုင်ရယ်။ သူဌေးတွေဆီက ငွေထွက်အောင်လုပ်တဲ့ ငွေရှာနည်းတွေ အများကြီးပါ ဗျာ"ဆိုတဲ့ စကားပေါ့။
လူ့စိတ်ဆိုတာ တယ်လည်းဆန်းကျယ်ပါလားကိုမင်းဒင်ရယ်။ အောင်မြင်နေတဲ့ သူဌေးကြီးမစ္စတာလီက တခြားသူဌေးကြီးတွေအကြောင်း ပြောနေချိန်မှာ ကျနော့်မွေးရပ်မြေမှာ ဆင်းရဲတွင်းထဲက ရုန်းမထွက်နိုင်သေးတဲ့၊ ကျောပြောင်တွေနဲ့၊ ပုဆိုးပိုင်းတထည် ပုခုံးပေါ်လွှားပြီး ဓားမတို တစ်ချောင်းကို ၊ကျောနောက်ပုဆိုးကြားမှာ ညှပ်ပြီး နေ့စာညစာ သျှောင်မီးထွန်းရှာနေရတဲ့ ဆွေမျိုးညာတကာ တွေအကြောင်း ခေါင်းထဲ ရောက်ရောက်လာတယ်ဗျ။
ဘာတဲ့၊ ဦးပုညရဲ့ရေသည်ပြဇာတ်ထဲက"သြော်၊လူ့ဘုံခန်းဝါ၊ လူ့ပြည်ရွာမှာ၊ ဝမ်းစာ ခဲခက်၊မုရင်းထမင်း၊ချဉ်ပေါင်ဟင်းနှင့်၊ ဆန်တွင်းက နက်လွန်းလို့၊အသက်ရှိစဉ်၊မသေခင်ကို၊ကောက်လျင်ကြီးဆန်၊နီတာလံနှင့်၊ငါးသန်သေးနှုတ်၊ရေလုံပြုပ်များကို၊တလုပ်ကယ်ဝဝ၊စားလိုက်ရလျှင်ဖြင့် ၊အာဂပါးစပ်၊လူဖြစ်ရကျိုးနပ်လေငဲ့"ဆိုတဲ့စာချိုးတောင် ပြေးသတိရမိသေးဗျာ။ စကားကြောရှည်လှချည့်ရဲ့လို့ ခင်ဗျားကျနော်ကို ပြောချင်ပြောပေရော့။မစ္စတာလီလို ရေခြားမြေခြားမှာအောင်မြင်နေသူတွေကိုမြင်ရတွေ့ရတော့၊ကြီးပွားချင်စိတ်ကြောင့် ကိုယ့်အရပ်ကိုယ့် ဒေသကိုစွန့်ခွာပြီး ရေကြည်ရာမြက်နုရာ ရှာကြတဲ့ ကျနော်တို့မှိုက်ပင်သားတွေ အကြောင်း ပြောလိုက်ချင်သေးဗျာ။