ဆြာဒင်၏ပြောင်းလဲခြင်းရှာပုံတော်
မင်းဒင်
(တစ်)
"ခရီးသွားရင်းသီချင်းဆိုမယ် ငှက်ကလေးများလိုကွယ်။တောင်ပံခတ်သံစည်းဝါးသဖွယ် ။လေဟုန်စီးသံ သာယာတယ် တွန်ကျူးသံက သီချင်းလားကွယ်။ ခရီးသွားရင်းသီချင်းဆိုမယ်။ ခရီးသွားရင်းသီချင်းဆိုမယ် လေပြေလေးလိုကွယ် ပုရစ်ဖူးတွေကြားတိုးဝေ့သွားတော့ တေးသွားလေးပေါ်လာတယ်။ထင်းရူးရွက်များချွန်ချွန်သွယ် အနမ်းလွန်ရင်းလေချွန်မယ်။( ဝင်းမှည့်နေတဲ့စပါးကွင်းအလယ်)၂"
"အလိုလေး ဆြာဒင်တစ်ယောက်အူမြူးနေပြန်ပါရောလား။ဆြာဒင်ဟာ အသက်သာကြီးတာ အသံကျတော့ တယ်မနိပ်လှဘူး"
"ဟ။ ဘာကောင်းတာရှိသေးတုန်း၊ ငဖေကြည်ရ"
ယိုးဒယားပြည်ဖူးခက်မြို့ အမ်မခန်အရပ်ရှိ ကျယ်ဝန်းလှသော ခြံကြီးအတွင်းမှ အိမ်အိုကြီးတွင် ဧကစာရီအကျင့်ကြောင့် ရရှိအပ်သော ဆြာဒင်၏သန္တိသုခသည် အဖျက်ရန်ကြောင့် ရုတ်ခြည်းမှေးမှိန်ကွယ်ပျောက်ရချေပြီ။
အလိုက်ကန်းဆိုးမသိ၊ဆြာဒင်၏ အရည်အသွေးအစစ်အမှန်ကိုလည်းခန့်မှန်းနိုင်စွမ်းမရှိရှာလေသည့် တပည့်ကျော်ဖေကြည်ကား အာရုံဟူ သော နာမည်ပြောင်ကိုဧကန်ပင်ရထိုက်သူဖြစ်လေ၏။သူ၏အလိုက်ဆိုးရွားမသိလွန်းစွာ ကြားဖြတ်နှောင့်ယှက်မှုကြောင့်လွန်စွာချိုမြသော ပင်ကိုယ်သံဖြင့် နရီစည်းဝါးကိုက် ရွှင်မြူးစွာ တေးတံတျာ သီဆို ဟစ်ကြွေးနေသော ဆြာဒင်ခမျာ အအလှည်းနင်းဘိသကဲ့သို့ ဆိုလက်စ သီချင်းကို ဆုံးခန်းတိုင်မဆက်နိုင်တော့ပဲဆန့်တငင်ငင်ဖြစ်သွားရချေ၏။ သို့သော်၊ဖေကြည်ခေါ်အာရုံကား ရံဖန်ရံခါ စံနစ်တကျ တွေးတော ဆင်ခြင် တတ်သူဖြစ်သည်ကိုမူဆြာဒင့်အနေဖြင့်မရှက်မကြောက်ဝန်ခံရပေမည်။
"ဒီလိုရှိတယ်ဆြာဒင်ရ။ တစ်နေ့တစ်နေ့ အိမ်ထဲမှာချည်းကုတ်နေတာ မျက်စိပိတ်နားပိတ်မို့လူဖြစ်ရကျိုးမနပ်ဘူးထင်မိတယ်"
"ဟ။ကြီးကျယ်လှချည့်လားဆင့်ဖင်ရယ်။ဟိုတလောကမှ ရွှေပင်ဆီက ပြန်လာတာ။ဖင်တောင်မနွေးသေးဘူးထင်ပါ့"
"မဟုတ်သေးဘူးဆြာဒင်။ ဖူးခက်နဲ့ရွှေပင် ဥဒဟိုသွားနေလင့်ကစား ကျက်စားရာနယ်ပယ်ကား ကျဉ်းလှချေသေး၏။ပြောင်းလဲခြင်းနဲ့ လိုက်ရွေ့ရမယ် ပုံသေဆိုရင်နောက်ကျသွားပြီတဲ့ဆြာဒင်။ဆြာဒင်တို့ရွှေပင်က ကုန်းဘောင်ခေတ်နှောင်းပိုင်း ဒီဇိုင်းသာသာ ရှိသေးတာ အခေါက်တစ်ထောင်ရောက်တော့ကော ဘာထူးမှာမို့တုန်း"
မှန်ရာဆို နာလိုခံခက် အမျက်ထွက်ဟူသော စကားဆိုရိုးစကားသည် ဤနေရာနှင့် အံဝင်ဂွင်ကျလှချေ၏။နံဘေးကို ဖြတ်အကန်ခံလိုက်ရ သကဲ့သို့ရှိသော ဆြာဒင်သည် အောင့်သက်သက်နှင့်ပင်၊ထောင်းကနဲထွက်လာသည့်အမျက်ဒေါသကို အချိန်မီဘရိတ်အုပ်လိုက်ရ ချေသည်။
"လျှာရှည်ချက်ကိုရင်။ ထမရိုက်မိခင် လိုရင်းကိုသာ မိန့်ပါတော့ "
"ကျနော်တို့ဆရာတပည့်တသိုက် နောက်တခေါက်များ ပြည်တော်ဝင်လျှင်ဖြင့် ဗမာပြည်တနံတလျားသို့ ဒေသန္တရဗဟုသုတအလို့ငှာ ခရီး ရှည်ကြီးတကြောင်း သွားရသော် ကောင်းလေစွဆြာဒင်။ဆြာဒင်မကြာခဏမိန့်မြွက်လေ့ရှိသည့် ဗမာပြည်ကြီး၏အပြောင်းအလဲတို့ကို မျက်ဝါးထင်ထင်မြင်ရပေအံ့"
ပညာရှိတို့မည်သည် မိမိ၏ဥာဏ်ရည်ဥာဏ်သွေးကို ခြေဖျားသော်မှမမှီလေသည့် တပည့်သားမြေးတို့၏ အကြံဥာဏ်ကိုလည်း ရံခါ၌ ယူအပ်သည်မဟုတ်တုံလော။အာရုံခေါ်ဖေကြည်ကား ဆရာကောင်းတပည့်ပီသပေစွ။အရာရာကိုတတ်ယောင်ကား ဖြစ်နေသည့် ဆြာဒင် ၏ဗဟုသုတလစ်ဟာချက်ကို ဖြည့်ဆည်းရင်း ဗမာပြည်တွင်းသို့ခရီးလှည့်လည်ခြင်းဖြင့်၊ဇာတိရွှေပြည်ကြီး၏ အပြောင်းအလဲတို့ကို သင်းတို့တသိုက်မျက်ဝါးထင်ထင်မြင်နိုင်စေရန်အလို့ငှာဖေကြည်ငယ်၏ အကြံပြုချက် အတိုင်း ဆရာတပည့်လေးဦးသား အထုတ်အပိုး ကိုယ်စီဖြင့် "ခရီးသွားရင်းသီရင်းသီချင်းဆိုမယ်"အမည်ရှိ ခေတ်ဟောင်း တေးတစ်ပုဒ်ကို သံပြိုင်သီဆိုကြလျက် ဇာတိနိုင်ငံတော် အတွင်း သို့တပ်တော်ဦးကိုလှည့်ခဲ့ရပြန်ချေသည်တမုံ့။
(နှစ်)
ရန်ကုန်ရွှေမြို့တော်ကြီး၏ ဂုဏ်ကျက်သရေဆောင်အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးမှသည် ဆြာဒင်တို့တည်းခိုမည့် ဆူးလေရှန်ဂရီလာ ဟိုတယ်သို့လာရာလမ်းတလျှောက်ရှိမြင်ကွင်းတို့ကား ပြည်တော်ပြန်ဆြာဒင်တို့၏ ဇာတိမြေအလွမ်းကို အထိုက်အလျောက်ပြေစေသည် ကားအမှန်ပင်ဖြစ်ချေ၏။သို့သော် အချို့သောနေရာတို့၌မူ လမ်းနှင့်ကား မညီမျှလေသလော၊ကားနှင့်မော်တော်ပီကယ် အချိုးအဆကွာ ခြားလေသလောမဆိုနိုင်။လမ်းတို့ဂျမ်းဖြစ်ကာ ပိတ်ဆို့လျက်ရှိကြကုန်၏။ခန္တီတရားကို လက်ကိုင်မထားနိုင်လေသည့် ယာဉ်မောင်းသူ အချို့ကား ကျော် တက်သွားသမျှ ကားကြီးကားငယ်တို့ကို ကရားရေလွှတ်တတွတ်တွတ်ဆဲဆိုနေလေရာ ဝန်းကျင်၌ဆဲသံတို့ဝေဆာ စီလွင်လျက် ရှိ၏။ အသွယ်သွယ်သော ကားကြီးကားငယ်တို့သည် စည်ပင်နယ်နိမိတ်အတွင်းဟွန်းမတီးရဟူသော တားမြစ်ချက်ကို အာခံကြလျက်၊ဟွန်းသံရှည်ကိုယ်စီပေးရင်း တစ်စီးကိုတစ်စီး အလုအယက် ကျော်တက်ရန် အားထုတ်လျက်ရှိကြကုန်၏။ အဆိုပါမြင် ကွင်းကို စိတ်အပျက်ကြီးပျက်ဟန်တူသည့် တပည့်ကျော်လေမင်းသားမူကား "တော်တော် တရားလွန်တဲ့ လူတွေပါလားဆြာဒင်။ ဒီပုံအတိုင်းဆို လစ်သူရေးနီးယား၊ Vilniusမြို့ တော်ဝန်လုပ်သလို စည်းကမ်းမဲ့ တဲ့ကားတွေကို ရုရှလုပ်တင့်ကားတွေနဲ့ ကြိတ်ပစ်မှ တန်ကာကျရော့မယ်"ဟု လေးလေး နက်နက်မှတ်ချက်ပြု၏။ထိုစဉ်ခဏ၌ ဇာတိနိုင်ငံကို နှစ်ပရိစ္ဆေဒ ကြာမြင့်စွာခွဲခွာထားရစ်သော ဆြာဒင်နှင့်အဖွဲ့အား မကျေမချမ်းဖြစ် ဟန်ရှိသော ရန်ကုန်မိုးသည် ရုတ်ခြည်းဆိုသလို ဝုန်းဒိုင်းကြဲဖြိုးဖြိုး စွေရွာပါလေတော့၏။
လောကဓံတရားနှင့်ယဉ်ပါးနေခဲ့ပြီးဖြစ်သောဆြာဒင်ကား လေးဆူပင်ဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးကို အဝေးမှလှမ်း၍ဖူးမြှော်ရင်း ဗုဒ္ဓါနုဿတိကမ္မဌာန်းစီးဖြန်းလျက်လိုက်ပါလာချိန်တွင် ဖေကြည်ခေါ်အာရုံ၏ အလန့်တကြားအော်သံကြောင့် ထိတ်ထိပ်ပြာပြာဖြစ်သွားရ ပြန်ချေသည်။
"ဗျို့၊ဆြာဒင် ရန်ကုန်ဆိပ်ကမ်းကို ဆူးလေဘုရားအနီးအထိ တိုးချဲ့လိုက်ပြီဆြာဒင်ရေ။တကယ့်ကို အပြောင်းအလဲကြီးပြောင်းသွားပါ ပေါ့လား။ဒီလိုမှန်းသိရင် ဆူးလေရှန်ဂရီလာဟိုတယ်ဆီကို ဖူးခက်ကနေ အပျော်စီးလှေနဲ့ လာလိုက်ကြရင် အကောင်းသားဆြာဒင်ရ"
အနာဂတ်ဆီသို့အလောသုံးဆယ်၊အဆောတလျင်လှမ်းမျှော်တတ်သည့် အကျင့်စရိုက်သည် ကောင်းလှသည်မဟုတ်ရကား ဆြာဒင်သည် ကပ်ဖဲ့တိုက်စကားဆိုနေသာတပည့်ကျော်ဖေကြည့်ကို ခပ်ဆတ်ဆတ်ငေါက်ငန်းလိုက်ရသည်။
"အတို့ကျွန်ငဖေကြည် ။သင့်နှုတ်ကိုစောင့်စည်းပါလော့။ဆိပ်ကမ်းတိုးချဲ့ခြင်းမဟုတ်။မိုးကာလအခါသမယမို့ ခေတ္တခဏအားဖြင့် လမ်းမ ပေါ် ရေလျှံခြင်းသာဖြစ်ချေ၏။ရှေ့ဆက်မည့်ခရီးတွင် သိသာထင်ရှားသည့် အပြောင်းအလဲတို့ကို မျက်ဝါးထင်ထင်မြင်ရပေအံ့"
(သုံး)
အဆိုပါတခဏ၌ပင် ဆြာဒင်တို့တည်းခိုမည့်ဆူးလေရှန်ဂရီလာဟိုတယ်သို့ရောက်ရှိလာလေရာ လွန်စွာချောမောလှသည့် ဧည့်ကြိုဝန် ထမ်း အမျိုးသမီးငယ်များ၏ ကြည်သာခွန်းချို နှစ်လိုဖွယ်ဆက်ဆံရေးကြောင့် အမောပြေရချေ၏။ကြီးမားကျယ်ဝန်းလှသော ပင်မ ဧည့်ခန်းဆောင်(Main Lobby) အတွင်း အမြိန့်သားထိုင်လျက် ခြေပစ်လက်ပစ်ခေတ္တအနားယူနေချိန်တွင် နောက်တော်ပါတပည့် ကျော် လေမင်းသားက ဆြာဒင်အား အသာ လက်ကုပ်ပြီး တစ်စုံတစ်ခုကိုကြည့်စေလိုဟန်မေးငေါ့ပြလေရာ ဆြာဒင်၏မျက်ဝန်းအစုံသည် အနီးရှိ ကပ်လျက်ဆိုဖာဆက်တီပေါ်သို့ရောက် ရှိသွားရချေ၏။ရှုလော့။
ရွှေပင်သားမျက်နှာပေါက်နှင့် သူဌေးဂိုက်မြန်မာအမျိုးကောင်းသားဇနီးမောင်နှံဖြစ်ဟန်ရှိ၏။ ဝဖိုင့်ဖိုင့်ဇနီးသည်၊သည် နေကြာစေ့ထုတ်ကို ဖွင့် ဖောက်သုံးဆောင်လျက်ရှိသည်။ခင်ပွန်ဖြစ်သူကား ပဲကြီးလှော်တထုတ်ကို အားပါးတရစားသုံးလျက်ရှိ၏။ ဟိုတယ်ဧည့်ခန်းကြမ်းပြင် ကော် ဇောပေါ်တွင် ကားနေကြာစေ့နှင့်ပဲကြီးလှော်အခွံတို့ပြန့်ကျဲနေဟန်မှာ လက်ရာမြောက်ပါဖောင်းမင့်အတ်ပန်းချီကား တချပ်နှယ်ရှိ ချေ၏။ တပည့်ကျော်တို့ နှာခေါင်းအသီးသီး ရှုံ့ချည်ပွချည်ဖြစ်ကြလေပြီ။
"ဒီလင်မယားဟာ ရွှေပင်ဇာတိတွေများဖြစ်နေလေမလားဆြာဒင်"
"ဟ။ ခက်ခက်ရချည့်ရဲ့ဖေကြည်ငယ်။နေရာတကာ ရွှေပင်ဆွဲမထည့်နဲ့လေ။မဆီမဆိုင်လက်ပံသားဒါးနဲ့ချိုင်နေပါရော့လား"
"ဟုတ်ဘူးလေ။ ဒီလိုမျိုးမြင်ကွင်းတွေက လွန်ခဲ့တဲ့နှစ်ငါးဆယ်လောက်က အမူအကျင့်တွေပဲကိုး"
ဆင်ခြေရာနှင့်ပြောင်းခင်းတပ်အပ်ဖြစ်နေလေသောကြောင့် ဆြာဒင်မှာ နှုတ်ဆိတ်လျက်သာနေရချေ၏။ မိမိတို့ဆိုင်ရာအခန်း အသီးသီး တွင် ဝန်စည်စလှယ်များ နေရာချထားပြီးသည်နှင့် ရွှေမြို့တော်အတွင်း လှည့်လည်ကြည့်ရှုရန် ဆြာဒင်နှင့်အဖွဲ့သည် ခြေလျင် စစ်ကြောင်းချီကြ ပြန်လေရာ မြို့တော်၏လမ်းကြိုလမ်းကြား နေရာအနှံ့အား အမှိုက်ပုံကြီးငယ်တို့ဖြင့် တန်ဆာဆင်လျက်ရှိလေ၏။ ရွှေမြို့တော်ကြီး၏ တစ်ခု သောလမ်းချိုးကွေ့သို့အရောက် ရုတ်ခြည်းအရှိန်ဖြင့်မောင်းနှင့်လာသည့် ကားတစ်စီးမှာ ရေတင်နေ သောချိုင့်ခွက်ငယ်တစ်ခုကို ဖြတ်သန်း မောင်းနှင်လေသည်တွင် လွှင့်စင်အပ်သောဗွက်ရည်တို့သည် ဆြာဒင့်နှင့်အဖွဲ့ကို ချစ်စနိုးပက်ဖြန်း လေ၏။တစ်ခုသောကားမှတ်တိုင်နှင့် မလှမ်းမကမ်းတွင်ရှိနေကြစဉ် လိုင်းကားတစ်စီးပေါ်မှာ လွတ်လပ်ခြင်းနှင့်ဒီမိုကရေစီအရေးကို အပြည့်အဝအသုံးချလေသော ကွမ်းသမား တစ်ဦး၏ပယောဂကြောင့် ဆြာဒင့်တို့ဆင်မြန်းအပ်သော ဝတ်စုံအသီးသီးမှာ အနီကွက်ငယ် ကိုယ်စီဖြင့် ပနံတင့်ပြန်တော့သည်။လူသူ အနည်းငယ်ကင်းပြတ်သော နေရာတချို့တွင်ကား အန္တရာယ်ကိုလွယ်မထားနိုင်ကြသည့် အမျိုးသားကောင်းအချို့မှာ အန္တရာယ်ကိုသယ်ပိုးမထားစကောင်းဟူသည့်ဆိုရိုးအတိုင်း၊လမ်းဘေးရှိနံရံတို့ကို ရှူရှူကော့ပန်းကြရင်း ကျန်းမာခြင်းသည်လာဘ်တပါးဟူသော ခံယူချက်ဖြင့် ကိုယ်စီဒုက္ခကို အလွယ်နည်းဖြင့်ဖြေရှင်းတော်မူကြကုန်၏။ တပည့်ကျော်တို့ထံမှ "ကျွတ်""ကျွတ်""ကတောက်""ကတောက်"စသော မကျေမချမ်းသံတို့ထွက်ပေါ်လာချေပြီ။
"ကျွတ်။ တော်ပါပြီဆြာဒင်ရယ်။ ဖူးခက်ကိုသာပြန်ကြပါစို့ရဲ့"
"ကတောက် ။အကျင့်တွေကတော့ အရင်းထက်တောင်ပိုဆိုးနေပါရောလားဆြာဒင့်။ဘယ်မှာတုန်းဆြာဒင့်ပြောတဲ့အပြောင်းအလဲ"
"ခရီးထွက်ဖို့စကားစမိတဲ့ ကျနော့်အမှားပါ ဆြာဒင်။တောက်"
အရေးတော်ဖြင့်ကြုံလေပြီ။မာနတည်းဟူသော ဆြာဒင်၏ငယ်ထိပ်ကို ဖနောင့်နှင့်တူလှစွာသော တပည့်တပန်းတို့ ၏အမနာပ ခြေကျောက်စကားတို့ဖြင့် အချက်ပေါင်းများစွာ ပေါက်နေယောင်တကား။ချေပဂိုးကိုမသွင်းနိုင်သူကား လူနုံလူချာတည်း။ အိုင်ကျူမြင့် လှသော ဆြာဒင့်၏ဦးနှောက်အတွင်းဝယ် ခေတ္တမျှမုန်တိုင်းဆင်လိုက်ပြီးနောက် ရုတ်ခြည်းဆိုသလိုပင် တန်ပြန်တိုက်စစ် ဆင်လိုက်ရ ချေတော့ သည်။
"ကဲ။တပည့်သာဝကတို့။သည်လောက်တောင် အပြောင်းအလဲကို မြင်လိုကြရင်ဖြင့် ခုမကြာဆောင်ကြဉ်းမယ် နောက်တော်က လိုက်ပါကြ စေဗျား"
(လေး)
"အို။ချစ်လှစွာသောတပည့်တို့"
"ဤလမ်းကြီးကား ရာဇဌာနီလမ်းမကြီးမည်သတည်း။ထိုသည်ကား ရာဇသင်္ဂဟအဝိုင်းကြီးပေတည်း"
"ဤမင်းနေပြည်တော်အား ဇေယျာသီရိ၊ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ဇမ္ဗူသီရိ နှင့် ဒက္ခိဏသီရိတည်းဟူသောအရပ်တို့ဖြင့် ဖွဲ့စည်းအပ် သတည်း"
"ရွှေရောင်တဝင်းဝင်း မောင်မင်းတို့ ဖူးမျှော်နေအပ်သည့် စေတီတော်ကား ဘွဲ့တော်အားဖြင့် ဥပ္ပါတသန္တိမည်သတည်း"
"စုလစ်မွန်းချွန်များဖြင့်တန်ဆာဆင်လျက်ရှိသည်ကား ပြည်သူ့လွှတ်တော်ဟုခေါ်ဆိုပေ၏"
ကပ္ပလီ၊ဖေကြည်နှင့် လေမင်းသားတည်းဟူသော တပည့်ကျော်လေးဦးကို ဆြာဒင်ခေါ်ဆောင်လာသည့်အရပ်ဒေသကား ပျဉ်းမနားနေ ပြည်တော်ဖြစ်၏။အဆိုပါအရပ်တွင် ကမ္ဘာ့အကျယ်ဆုံးလမ်းတို့တည်ရှိ၏။လျှပ်စစ်မီးတို့သည် ညဥ့်အခါ၌သာမက နေ့ခင်းကြောင်တောင် တွင်ပင် ထိန်ထိန်ညီးကြကုန်၏။
ခရီးလမ်းကြောင်းတလျှောက်လုံး ရေပက်မဝင်အောင် တိုင်းပြည်စုတ်ချာခန်းကို ဖွင့်ဆိုခဲ့ကြလေသော တပည့်တို့ကား အံ့သြတွေဝေလျက် ခပ်မဆိတ်ရှိကြကုန်ပြီ။မျက်လုံးအဝိုင်းသားကိုယ်စီဖြင့် မှင်တက်မိနေကြဟန်ရှိ၏။ခေါင်းတငြိမ့်ငြိမ့်နှင့်ဆြာဒင်၏ပြောင်းလဲခြင်းအယူအဆ ကိုလက်ခံကြလေပြီ။အောင်နိုင်သူစစ်သူကြီးပွဲပေတကား။
မိနစ်ကိုးဆယ်မပြည့်မှီ ချေပဂိုးတို့ကို ဆက်တိုက်သွင်းယူနိုင်ရန်လုံးပန်းနေသောဆြာဒင်သည် နေပြည်တော်၏တစ်ခုသော လမ်းမကြီး သို့အရောက်နန်းစိန်အမည်ရှိခေတ်မီလက်ဖက်ရည်ဆိုင်ကြီးအတွင်းမှ ဆြာဒင်၏အမည်ကို ခင်မင်ရင်းနှီးစွာလှမ်း၍နှုတ်ဆက်သံကို ကြားလိုက်ရချေသည်။
"ဟယ်လို ဆြာဒင် ၊I'm Lee Hsien Loong ကျနော်လီရှင်လွန်းပါဗျ။(Long time no see) မဆုံတာကြာပါပေါ့"
အလိုလေး ဆြာဒင့်အား တရေးတယူနှုတ်ဆက်လာသူကား စင်္ကာပူဝန်ကြီးချုပ်လီရှန်လွန်းပေတကား။ဆြာဒင်၏ကြီးမားလှသောသတင်း ဂုဏ်ဒြပ်နှင့်သြဇာတိက္ကမကြောင့် ဆြာဒင်က ပရိသတ်ကိုမသိသော်ငြား ပရိသတ်ကား ဆြာဒင်ကိုသိနေယောင်တကား။သို့ကမို့ကြောင့် ဆြာဒင်လည်း နိုင်ငံကြီးသားပီသစွာ ပြန်လည်၍အရေးတယူနှုတ်ဆက်ရပြန်ချေရာနောက်တော်ပါ တပည့်ကျော်တို့ကား ဆရာသခင်၏ လူရာဝင်မှုကို အံသြခြင်းကြီးစွာဖြစ်နေကြဟန်ရှိ၏။
(ငါး)
"ဟိုင်း လီရှန်လွန်း၊ Hi Lee Hsien loong.How are you? ကျန်းခန့်သာလို့မာပါစ"
"Fine , Thanks and you?မာပေ၏။အနို့ကိုရင်ကော ..."
"I'm fine. very very fine. ကောင်းလှပေသည်။ဒေါင်ဒေါင်မြည်၏"
အထက်ပါအတိုင်း အပြန်အလှန် ပဋိသန္ဓာရစကားဆိုကြပြီးသည့်နောက် ဆြာဒင်သည် လီရှန်လွန်း၏အနီးရှိ ထိုင်ခုံငယ်တစ်ခုပေါ်သို့ စွေ့ကနဲနေအောင် ဝင်ထိုင်လိုက်ရာ နောက်တော်ပါတို့လည်း မလှမ်းမကမ်းတွင်အသီးသီးနေရာယူကြပြီး ဆြာဒင့်တို့စကားဝိုင်းဆီသို့ နား စွင့်လျက်ရှိကုန်၏။ဆြာဒင်ကား ရင်ကိုစဉ်းငယ်ကော့ထားရင်း လီရှန်လွန်းနားလည်လောက်မည်ဟုထင်ရသည် စင်ဂလစ်အသံထွက် သိုးဆောင်းဘာသာဖြင့် ဗမာမင်းနေပြည်တော်ကြီး၏မဟာဂုဏ်ပုဒ်ကို ဖွင့်ထုတ်မိချေတော့သည်။
"By the way Lee,စကားမစပ်ကိုလွန်းရေ။ကိုရင်အနေနဲ့ ဒီလိုလက်ဖက်ရည်ဆိုင်မျိုးမှာလာထိုင်ပြီး ဆြာဒင်တို့ဗမာ့နေပြည်တော်ကြီးရဲ့ အံ့မခန်းစည်ပင်ဖွံ့ဖြိုးမှုအပေါ် အားကျနေဟန်ရှိကမင့်ကိုး"
လီရှန်လွန်း၏နှုတ်ခမ်းသည် ပြုံးသယောင်မဲ့သယောင်ဝေခွဲရခက်လှချေ၏။
"ဟုတ်ပါတယ်လေ။ စင်္ကာပူတိုးတက်သလောက်တော့ နေပြည်တော်အိပ်နေသ လောက်ရှိပေမပေါ့။ဗမာ့နေပြည်တော်ကြီးကို မှီဖို့ဆို ရင်ဖြင့် ကိုရင့်အဖေ လုပ်ခဲ့သလို နှစ်ပေါင်းငါးဆယ်လောက် ကျိုးစားချေအုံးတော့ကိုရင်လွန်းရေ"
လီရှန်းလွန်းသည် ဆြာဒင့်စကားကို မျက်စိမှေးလျက်နားစွင့်၏။မျက်မှောင်ကိုကြုံ့၏။သက်ပြင်းတချက်မှုတ်ထုတ်လိုက်ရင်း အားတုံ့အားနာ ဟန်ဖြင့် စကားဆိုသည်ကား ...
"ဒီမယ်ဆြာဒင်ရဲ့။ နေပြည်တော်ကွက်ကွက်လေးကိုတော့ ထားပါတော့။ ဒါပေသည့် နေပြည်တော်နဲ့ကပ်လျက် ပျဉ်းမနားမြို့ရဲ့ လူနေမှုပုံစံ ကဖြင့် ၁၉၅၀ ၊၁၉၆၀ဝန်းကျင်းက ကျုပ်တို့စင်္ကာပူနဲ့ မလေးရှားပီနန်းလိုပဲရှိသေးတယ်ဗျ"
ဆြာဒင်၏ကိုယ်သည် ဆတ်ကနဲတွန့်သွားရ၏။
"ဟုတ်တယ်ဆြာဒင်။မနေ့က ညနေခင်းမှာတော့ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အဓိက ရုံးစိုက်ရာမြို့နေပြည် တော် ကိုရောက်ခဲ့တယ်လေ။ အဲထိမှာ ကားပေါ်ကနေ ကြည့်နေရင်း လူဦးရေ တစ်သိန်းလောက်ရှိတဲ့ ပျဉ်းမနားမြို့ ကိုလည်းဖြတ်ခဲ့ တယ်၊ အဲထိမှာသွားတွေ့တာကတော့ ပျဉ်းမနားမြို့ရဲ့ပုံစံက လမ်းဘေးတဖက်တချက်မှာ ဈေးနဲ့အိမ်တွဲထားတာတွေ လူတွေပြည့် ကျပ် နေတာတွေဟာ ကျန်တော်တို့ နိုင်ငံရဲ့ ၁၉၅၀ ၊ ၁၉၆၀ ပြည့်နှစ်တွေက ပုံစံတွေနဲ့သွားတူနေတယ်ဗျ။ ( Smarts phone)တွေနဲ့ ကျွန်တော် တို့ကို ဓာတ်ပုံလှမ်းရိုက်နေတဲ့သူတွေကလွဲရင်ပေါ့ဆြာဒင်ရယ်"
အမွှန်ကိုအခွပ်ခံရလေသည့်ဆြာဒင်ကား လည်လိမ်ခံထားရသောကြက်၏မျက်နှာပေးဖြင့် လီရှန်လွန်းကို ခပ်ငေးငေးကြည့်နေမိတော့ သည်။ တပည့်ကျော်တို့ကား ဆြာဒင့်ကို သနားစရာသတ္တဝါနှယ်ဂရုဏာသက်သည့်အမူအရာကိုယ်စီဖြင့် ရှိကြချိန်တွင် နန်းစိန်လက်ဖက် ရည်ဆိုင်၏ ဆောင်းဘောက်တွင်းမှ တေးရေးကိုရဲလွင်(မဇ္ဈိမလှိုင်း)အဆိုတော်ခင်မောင်တိုး၏ လင်းပါလေရှင်နေမင်းအမည်ရှိ သီချင်းသံ သည် နိုင်ချင်ကြက်ဆြာဒင်ကို အားတင်းနိုင်စေရန် ကျားကန်ပေးလျက်ရှိသယောင်တကား။
"လမိုက်တဲ့ညတွေ လွန်ခဲလှတယ်၊မိုးသည်းတဲ့နေ့တွေရှည်လျားလွန်းတယ်၊ရှင်နေမင်းမလင်းသာပေ၊တိမ်စိုင်များမဲမှောင်နေ။စီးဆင်းတဲ့ မျက်ရည်ညစ်ထေးလှတယ်၊သွန်းဖြိုးတဲ့မျက်ရည်ပူဆွေးမှုကြွယ်၊ရှင်နေမင်းမလင်းသာပေ။မှောင်ရိပ်များမင်းမူနေ။(သို့ပေမဲ့လေ လောက ဓမ္မရှိသေးတယ်။အဆိုးပေမဲ့လည်း အကောင်းဆုံးကိုကြုံနိုင်တယ်။ သွားလွန်းတော့ရောက်ရင်ရပ်နားရမယ်။ လမ်းဆုံးတော့ပန်းတိုင် ဆွတ်ခူးရမယ်။ရှင်နေမင်းလင်းပါလေ။ရောင်ခြည်ထွေးနွေးပါစေ)၂"