ကျနော်တဲပေါ်သို့တက်လာချိန်တွင် ကိုသက်ခိုင်သည်သတင်းစာတထပ်ကြီးနှင့် အလုပ်ရှုပ်နေလေသည်။
အချိန်ကား နေ့လည်ဆယ့်နှစ်နာရီကျော်ခန့်ဖြစ်၍ ရဲဘက်များ အဆောင်ပေါ်တွင် ခေတ္တနားနေချိန်ဖြစ် သည်။ အချို့ကား အိပ်စက်အနားယူလျက်၊အချို့ကား လေးငါးယောက်တဝိုင်းရောက်တတ်ရာရာ စကားဝိုင်းဖွဲ့လျက်။ နေ့လည်နေခင်းအိပ်စက်လေ့မရှိသော ကျနော်သည် ပျင်းပျင်းရှိသည်နှင့် အဆောင်ပေါ်မှဆင်းကာ ကိုသက်ခိုင် ရှိရာတဲဆီသို့ လျှောက်လာခဲ့ခြင်းဖြစ်သည်။
အဆောင်ပေါ်မှ ဆင်းသည့်လှေခါးအုတ်ခုံအဆုံးတွင် ဆယ်ပေခန့်ကျယ်သော မြေလမ်းကလေး ရှိသည်။ လမ်း ကလေး၏ ဘေးတွင်ကား ပေတရာပတ်လည်ခန့် ရေကန်ငယ် တခုရှိသည်။ တခါ တုန်းက အဆိုပါ ရေကန်တွင်းမှ ရေနံလိုလို ညိုညစ်ညစ်အရည်များ စိမ့်ထွက်လာသည်ကို တွေ့ရ သဖြင့် ကိုသက်ခိုင်ကို ကျနော်ခေါ်ပြဖူးသော ရေကန်ဖြစ်၏။
ကန်ပတ်လည်လမ်းမှာ မိုးအခါ ဗွက်ထလွန်းသဖြင့် အုတ်ခဲကျိုး ကွန်ကရစ်ကျိုးတချို့ဖြင့် သွားသာလာသာအောင် မွမ်းမံထားရသည်။ တခါတရံ ဖိုကြီးက ဖွဲပြာတို့သည် အဆိုပါလမ်းကလေး၏ ကတ္တရာနေရာတွင် အစားထိုး နေရာယူလေ့ရှိ၏။ထိုလမ်းကား ကျနော်တို့ရဲဘက်စခန်း၏ အရှေ့ အနောက်ကို ဆက်သွယ်ပေးထား၏။ အရှေ့ ဖက်အဆုံးတွင် ဖိုကြီးရှိ၍ အနောက်ဖက်အဆုံးတွင် စခန်းခွဲတာဝန်ခံထောင်မှူး၏ နေအိမ်တန်းလျား ရှိသည်။
ထောင်မှူးတန်းလျားသို့မရောက်မီ ပေငါးဆယ်ခန့်အကွာတွင် အဆောင်ရှေ့က ရေကန်ကို ပတ်ထားသည့် နောက်ထပ်လမ်းငယ်လေးတခုအတိုင်း ပေတရာခန့် ဆက်လျှောက်ပြီး ရေကန်၏ထောင့်တည့်တည့် အရောက် တွင် ကိုသက်ခိုင့်တဲငယ်ရှိသည်။
စခန်းခွဲတခုလုံးကား အတန်ငယ်ဆိတ်ငြိမ်လျက်ရှိလေသည်။စခန်းခွဲအနှံ့ ဟိုတပင်သည်တပင် ရှိနေကြသော လဲမှို့ပင်များမှာ ရွက်နုထွက်စပြုနေချေပြီ။ကန်ဘောင်ပတ်လည်တွင်ရှိသည့် ပေါက်ပန်းဖြူပင်တချို့နှင့် ဆူးပုတ် ပင်တချို့လည်း လဲမှို့ပင်များနှင့် ဝတ်စုံတူပင်ဖြစ်နေသည်။ လဲမှို့ပင်တို့ကား အလေ့ကျပေါက်နေဟန်ရှိပြီး ပေါက် ပန်းဖြူနှင့် ဆူးပုပ်တို့ကား ရဲဘက်တချို့၏ စိတ်ကူးဖြင့် စီမံစိုက်ပျိုးထားဟန်ရှိသည်။စခန်းခွဲတခုလုံး၏ မြောက် အရပ်တွင်ရှိသည့် တူးမြောင်းငယ် တလျှောက်တွင် ငှက်ပျောပင်တန်းများဖြင့် စိမ်းညို့သယောင်ရှိနေလင့်ကစား ကျန်အရပ် သုံးမျက်နှာကား နေရှိန်ကြောင့် တံလျှပ်များပင် ထလျက်ရှိသည်။
တဲပေါ်သို့ကျနော်ရောက်ချိန်တွင် သူ ကျနော့်ကို မော့မကြည့်သောကြောင့် ကျနော်က အသံပြုလိုက်ရသည်။
“သတင်းစာတွေ တထပ်ကြီးနဲ့ ဘာတွေ အလုပ်ရှုပ်နေပြန်ပြီတုန်းဗျ”
“အော် ကိုမင်းဒင် လာဗျာ ။ပြည်ထောင်စုအဂါင်္စဉ်ကို ရေးချကြည့်နေတာဗျ”
“ဘာတုန်းဗျ၊ ပြည်ထောင်စုအဂါင်္စဉ်ဆိုတာ၊ခင်ဗျားပြောလိုက်ရင် စကားအဆန်းချည်းပဲ”
“အော် ၊အာဏာတန်းစီဇယားဆိုပါတော့ဗျာ။နိုင်ငံတော်အဂါင်္စဉ်လို့လည်း သုံးတယ်ထင်ပါရဲ့”
“သေချာရှင်းပါအုံးဗျာ”
“အော်၊ အခုအချိန်က နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီခေတ်ဆိုတော့ အာဏာအရှိဆုံး နံပတ်တစ် ပုဂ္ဂိုလ်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၊ ဒုတိယအာဏာအရှိဆုံးက ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ၊တတိယအာဏာအရှိဆုံးက ဗိုလ်ချုပ်ကြီးခင်ညွန့် စသည်ဖြင့်ပေါ့ဗျာ”
“ဒါနဲ့ အဲဒီအဂါင်္စဉ်ကို ဘယ်သူတွေက သတ်မှတ်တာတုန်းဗျ”
“အစိုးရအဖွဲ့ကနေ ထုတ်ပြန်ရတာမျိုးပါ။ခုခေတ်ကြီးမှာတော့ ကိုယ့်ဖာသာကိုယ် ကိုယ်အုပ်စုအချင်းချင်း ပြန်ပြီး သတ်မှတ်ကြတဲ့ သဘောပါပဲဗျာ”
“ဒါများဗျာ၊ ပုခုံးပေါ်က အပွင့်ကို ရေကြည့်လိုက်ရင် သိရောမဟုတ်ဘူးလား”
“ဒီလိုလဲ မဟုတ်သေးဘူးဗျ။ တခါတရံ နိုင်ငံရဲ့ လိုအပ်ချက်အရဆိုပြီး ထူးထူးခြားခြား ခန့်အပ်ခံရတဲ့ သူတချို့လည်း ထိပ်မှာရောက်နေတတ်တယ်။ ဥပမာ ဦးနေဝင်းရဲ့ မဆလအစိုးရလက်ထက်၊ နိုင်ငံတော်သမတရဲ့ စစ်ဖက် လက်ထောက်ဆိုပြီး ထောက်လှမ်းရေးအကြီးအကဲ မျက်မှန်ကြီး ဦးတင်ဦးကို ခန့်အပ်တုန်းက ဦးနေဝင်းပြီးရင် သူပဲ ဆိုပြီး အာဏာကြီးခဲ့ဖူးတယ်လေဗျာ”
“အခု အဲဒီအဂါင်္စဉ်ကို သတင်းထဲမှာ ထုတ်ပြန်လိုက်လို့လား”
“မဟုတ်ဘူးဗျ။ သတင်းစာမှာ ရေးထားတဲ့ နိုင်ငံတော်အခန်းအနားတွေနဲ့ ပတ်သက်တဲ့ သတင်းတွေထဲက ရှေ့နောက်နာမည်အထားအသိုကိုကြည့်ရင် နိုင်ငံတော်အဂါင်္စဉ်ကို အနီးကပ်ဆုံး အကဲခတ်လို့ရနိုင်တယ်။ နိုင်ငံ တော်အကြီးအကဲတွေစုံညီတက်ရောက်တဲ့ အစည်းအဝေးတွေမှာ ထိုင်ခုံတွေနေရာချတဲ့အခါ အဲဒီအဂါင်္စဉ်က တော်တော်အရေးပါတယ်ဗျ။ နေရာအပေးမှားရင် နားလည်မှု လွဲနိုင်တယ်။ ပြဿနာရှိနိုင်တယ်”
“နေပါဦး ၊ထိုင်ခုံဇယားခင်းရမယ်ဆိုတော့ ဒီရဲဘက်စခန်းကို နိုင်ငံတော်အကြီးအကဲတွေ လာမယ် ကြားလို့လားဗျ”
“ခင်ဗျားနဲ့တော့ ခက်နေပါပြီ၊ စကားကို ဆုံးအောင်နားထောင်ပါအုံးလေ”
ကိုသက်ခိုင် ကျနော့်စကားကို ဖြတ်နေသည့်ကြားက ကျနော်ဆက်၍အငေါ်တူးလိုက်မိပြန်သည်။
“နိုင်ငံတော်အဂါင်္စဉ်တော့မသိဘူးဗျ။ ဒီရဲဘက်စခန်းအဂါင်္စဉ်မှာတော့ ကိုသက်ခိုင်က ဇယားထိပ်မှာ ရှိနေ လောက်တယ်။ ခင်ဗျား ရဲဘက်ရောက်နေတာကို မေ့နေရော့သလား နိုင်ငံတော် အဂါင်္စဉ်နဲ့ ခင်ဗျားနဲ့ ဘာဆိုင်လို့ တုန်း”
“အော်၊ ပြောလေဆိုးလေပါပဲလားဗျာ၊ အခုရဲဘက်စခန်းမှာ ပြောဆိုနေကြတာ ခင်ဗျားမကြားမိဘူးလား၊ တာဝန် ခံထောင်မှူးရာထူးတိုးတော့မယ် ဘာညာဆိုပြီး အသံထွက်နေကြတာ။ အမှန်က ရာထူးတိုးမှာ မဟုတ်သေးဘူးဗျ။ အကျဉ်းဦးစီးဌာန ရာထူးတိုးစာမေးပွဲ ဖြေဖို့လျှောက်လွှာခေါ်တာ၊
ခင်ဗျားသိတဲ့အတိုင်း အကျဉ်းဦးစီးမှာ တပွင့်ကနေ နှစ်ပွင့်ဖြစ်ဖို့၊နှစ်ပွင့်ကနေ သုံးပွင့်ဖြစ်ဖို့ဆိုတာ လူ့ပြည်က အပ် တစင်းနဲ့ဗြဟ္မာ့ပြည်က အပ်တစင်းဆုံဖို့ခက်သလို ခက်ခဲတာကလား”
“ခင်ဗျားရှင်းမှ ပိုတောင်ရှုပ်နေပြန်ပြီ၊ ထောင်မှူးတွေ ရာထူးတိုးစာမေးပွဲရှိတာနဲ့ ခင်ဗျား ပြည်ထောင်စု အဂါင်္စဉ် ကို ပြုစုနေတာ ပိုတောင် အလှမ်းဝေးနေသေးတယ်”
“ဒီလူနဲ့တော့ခက်နေပါပြီ ၊ ကျနော်တို့စခန်းတာဝန်ခံ ဦးအေးနိုင်အပါအဝင် တခြားထောင်မှူးတွေပါ အဲဒီစာမေးပွဲ ဝင်ဖြေကြမှာမို့ ရေးဖြေနှုတ်ဖြေအတွက် လိုအပ်တဲ့အချက်အလက်တွေ စုဆောင်းပေး နေတာဗျ။ကျနော့်ဇနီးက ဧည့်တွေ့လာတဲ့အခါတိုင်း သတင်းစာတထပ်ကြီးယူလာတယ်။ ကျနော်က တလုံးမကျန်ဖတ်တယ်။ ကျနော်အပြင် မှာ ရှိစဉ်တုန်းကလည်း အလုပ်သဘောအရ ဝန်ကြီးဌာန အတော်များများရဲ့ အကြောင်းတွေကိုသိနေတယ်။ ဦးအေးနိုင်နဲ့ စကားလက်ဆုံကျတဲ့အခါ ဘယ်ဌာနက ဘယ်ဝန်ကြီး၊ ဘယ်ဗိုလ်ချုပ်ကြီး၊ ဘာဖြစ်နေတယ် ဘာလုပ်နေတယ် ဆိုတာတွေ ထည့်ပြောမိရာကနေ ရာထူးတိုးစာမေးပွဲအတွက် သင်ရိုးညွှန်းတမ်းပြုစုဖို့ ကျနော့် ခေါင်းပေါ် ရောက်လာ တော့တာ ပဲဗျာ”
အပြောင်အပြက်သဘောနှင့် အထေ့အငေါ့စကား ဆိုနေမိသော ကျနော့် စိတ်ထဲမှာ” သြော်” တလုံးသာ ရေရွတ်လျက် ကိုသက်ခိုင်ကို ငေးကြည့်နေလိုက်မိသည်။ ကိုသက်ခိုင်ကား ပြဿနာက သူ့ဆီ မလာလျှင် သူက ပြဿနာဆီ သွားမည့်သူမျိုးပေတည်း။ရောက်လာသည်က ရဲဘက်အကျဉ်းသား ဘဝ၊ဖြစ်နေသည်က နေရာ တကာ သူ့ခြေသူ့လက်မို့ ပါရမီလော၊ ဝဋ်ကြွေးလော၊ဝေခွဲရန်ခက်လှပါ သည်။ရဲဘက်များထဲမှ ဘုတ်ခေါင်းဆောင် ရွေးလျှင်လည်း သူပါသည်။ ရဲဘက်မူလတန်းကျောင်းမှာ ဆွဲခန့်ဆရာလိုတော့လည်း သူနှင့် မကင်း၊ရဲဘက် သက်သာဆိုင်ဖွင့်တော့လည်း သူ့ကို ဆင့်ခေါ်ကြ ပြန်သည်။ ထိုမျှမက စပါးစိုက်ကွင်း မြေပုံထုတ်ခြင်းမှသည် နိုင်ငံတကာကြက်ခြေနီ စစ်ဆေးရေးလာ ရောက်သည့်ကိစ္စအဆုံး နေရာတိုင်းမှာ သူ့မျက်နှာပါတကား။ ယခု လည်း ထောင်မှူးရာထူးတိုး စာမေးပွဲကိစ္စမှာ မဆီမဆိုင် ဝင်ပါနေပြန်ချေပြီ။ကျနော်က သူ့ကို စကားထောက် လိုက်မိပြန်သည်။
“နေပါဦး၊သူတို့ရာထူးတိုးဖို့ ဒီသတင်းစာတွေနဲ့တင်လုံလောက်ရောလားဗျာ”
“ရော၊ ဒီတခုတည်းနဲ့တော့ ဘယ်ပြည့်စုံပါ့မတုန်း၊ပြီးခဲ့တဲ့ ရာထူးတိုးစာမေးပွဲတွေတုန်းက မေးခွန်း ဟောင်းတွေ ကိုလေ့လာပြီး မေးခွန်းပုံစံကိုခန့်မှန်း ရတာပေါ့ဗျာ”
“ဟုတ်ပါပြီ၊ ခင်ဗျားက အဲသလိုပြည့်ပြည့်စုံစုံ အချက်အလက်တွေ ရှာဖွေပြုစုပေးတော့ တကယ်ကော ရာထူး တိုးကြပါ့မလားဗျာ။ဒီလူတွေကြည့်ရတာ ခင်ဗျားကို ယုံကြည်တာသိပ်များလွန်း နေသ လားလို့ပါ”
“အင်း၊ ခင်ဗျားမေးမယ်ဆိုလဲ မေးစရာပါပဲ၊ ကျနော်လုပ်ပေးရုံနဲ့ ဘယ်မှာလာပြီး ရာထူးတိုးနိုင်ကြပါ့ မလဲဗျာ။ ဝန်ထမ်းစာမေးပွဲတွေမှာ အမြဲမေးနေတဲ့ ဒို့တာဝန်အရေးသုံးပါးတို့ ၊နိုင်ငံရေး ၊လူမှုရေး၊ စီးပွားရေးဦးတည်ချက် တို့လောက်တော့ သေချာကျက်နိုင်ရမှာပေါ့။ဝါကျတကြောင်းတောင် ဖြောင့်အောင်မရေးနိုင်ပဲ ဘယ်လိုလုပ် ရာထူးတိုးပါ့မတုန်း။ဒါတင်မကသေးဘူးဗျ။ သိပ်ကြီးတဲ့အချက်တချက် ကျန်သေးတယ်”
“ဘာများပါလိမ့်ဗျာ”
“အော် ခေတ်နဲ့အညီ ဂါရဝတရားရှေ့ထားပြီး စာမေးပွဲမှာတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို ပေးကမ်း ချီးမြောက် တဲ့အလုပ်ဆိုပါတော့၊သိတဲ့အတိုင်းပဲဗျာ။ ဒီခေတ်ကြီးက ဘယ်နေရာမဆို မပေးမကမ်းရင် ဘာမှ အဆင်မပြေ တဲ့ခေတ်ကြီးမဟုတ်လား။ ဒီတော့ စာမေးပွဲဖြေမဲ့ ထောင်မှူးတွေကို ကျနော်နဲ့ ခင်မင်နေတဲ့ အကျဉ်းဦးစီးက တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပေးရတာလည်း ရှိတာပေါ့ဗျာ။ အမှန်တော့ ဗမာပြည်မှာ ဝင်နည်းထွက်နည်းသိရင် ဘယ်ဝန်ကြီး၊ဘယ်ညွှန်ချုပ်မဆို ဝင်ဖို့ထွက်ဖို့ မခက်ပါဘူးဗျာ။ တိုင်းပြည်ကောင်း စားအောင်လုပ်နေကြတာမှ မဟုတ်တာ၊အားလုံး ကိုယ်ကြီးပွား ဘို့ လုပ်နေကြတဲ့ ခေတ်ကာလ သမယ ကြီးကိုး”
“အင်း၊ ပိုင်ပါ့ဗျာ။ ခင်ဗျားနည်းလမ်းတွေနဲ့ဆို ထောင်မှူးတွေအတော်များများ ထောင်ပိုင်ဖြစ်ပြီး ရှေ့လျှောက် ဂွင်တည့်ကြအုံးမှာပေါ့”
“အဲသလိုလဲ အပိုင်တွက်မထားနဲ့ ဆရာ၊ ခင်ဗျားပြောမှ ဇိကုပ်ပြီးနတ်ပြည်တင်လို့မရတဲ့သူမျိုးတွေ ကျနော်ကြုံခဲ့ ဖူးတယ်။ သူ့နာမည်က ကိုမောင်မြင့်တဲ့၊ ကျနော့်အဖေရှိစဉ်ကတည်းက ကီလီဈေးမှာ ကုန်တင်ကုန်ချလုပ်နေတဲ့ ကာယလုပ်သားဆိုပါတော့ဗျာ။ကျနော့်စိတ်ထင် ကိုမောင်မြင့်ဟာ ကျနော့်အဖေဆီမှာ ဆယ်နှစ်နီးပါး တွဲလုပ် ခဲ့တယ်။လုပ်ရည်ကိုင်ရည်ကော စိတ်နေသဘောထားပါ ပြောစရာ မရှိလို့ အဖေ့လက်ရုံးလို ဖြစ်နေခဲ့တာဗျ။ အဖေလည်း ဆုံးရော အဆက်အသွယ်ပြတ်သွား လိုက်ကြတာ အနှစ်နှစ်ဆယ်ကျော်ဆိုပါတော့။ ဖြစ်ချင်တော့ ကျနော်က အလုပ်သမားဝန်ကြီးနဲ့ ရင်းနှီးနေတဲ့အချိန် ဘယ်ကဘယ်လို သတင်းရလာသလဲ မသိပါဘူးဗျာ။ ကျနော့်အိမ်ကို ခပ်ကုပ်ကုပ်လေး ပေါက်ချလာပါလေရော။သူက ကျနော့်ကိုတွေ့တွေ့ချင်း ညီလေး ကိုယ့်ကို မှတ်မိသလား ဆိုတော့ ကျနော်က “ခင်ဗျား၊အဖေ့တပည့် ကိုမောင်မြင့်ထင်တယ်”လည်းပြောလိုက်ရော သူ့ မျက်နှာမှာ ဝမ်းသာတဲ့အမူအရာက ဖုံးမရအောင်ပေါ်လာတယ်ဗျာ”
ကျနော်လည်း အလိုက်သိသိနဲ့ “ကဲ ကိုမောင်မြင့် ကျနော်ဘာအကူအညီပေးရမတုန်း အားမနာနဲ့ ပြောသာ ပြော”ဆိုတော့ သူက “အေးကွာ ကိုယ်တို့ဌာနမှာ ကြီးကြပ်ရေးမှူးရာထူးအတွက် စာမေးပွဲ ဖြေရမယ်ကွ၊ မင်းက ဝန်ကြီးတွေဘာတွေနဲ့ သိတယ်ဆိုတော့ ကြည့်လုပ်ပါအုံးကွာ။ အကိုက လုပ်သက်လည်း အနှစ်နှစ် ဆယ်ကျော် နေပါပြီ “တဲ့ ။
“ကျနော်ဆိုတဲ့ကောင်ကလည်း ဒါမျိုးဆို နှစ်ခါမပြောရတဲ့ကောင်မျိုးဆိုတော့ ဒီကိစ္စအတွက်ဆိုရင်တော့ “ကိုမောင်မြင့် စိတ်အေးအေးသာပြန်ပေတော့၊ အဲသလောက်ကိစ္စကို ဝန်ကြီးအထိပြောစရာမလိုဘူး။ အလုပ် သမားဝန်ကြီးဌာနမှာ ဝန်ထမ်းစာမေးပွဲတွေကိုင်တာ ဗိုလ်ကြီးကျော်ဇောပဲ။ ကျနော် သေချာပြောထားလိုက် မယ်”ဆိုပြီး ပြန်လွှတ်လိုက်ရော ဆိုပါတော့”
တိုတိုပြောရရင် ဗိုလ်ကြီးကျော်ဇောကို အကျိုးအကြောင်းရှင်းပြ၊ အဲဒီစာမေးပွဲမှာ မေးမဲ့မေးခွန်း အတိအကျကို တောင်းယူပြီး ကိုမောင်မြင့်လက်ထဲထည့်ပေးရင်း “ရော့ အဲဒီမေးခွန်းတွေ မေးမှာမို့ ရှာဖွေကျက်မှတ်ပေတော့”လို့ အခမဲ့ကူလီထမ်းလိုက်ပေမဲ့ ကိုမောင်မြင့်က ကြောင်တောင်တောင် အမူအရာနဲ့ အင်းမလှုပ်အဲမလှုပ် ဖြစ်နေ သ ဗျာ။ ဒါနဲ့ ကျနော်လည်း မနေနိုင်တာနဲ့ “ကိုမောင်မြင့် ဘာလိုပြန်သတုန်း၊ အားမနာနဲ့ပြောသာပြော” ဆိုတော့။ “ဒီမေးခွန်းရဲ့အဖြေတွေကို ဘယ်မှာရှာ ရမယ်ဆိုတာ ကိုယ်မသိဘူး”တဲ့ဗျ။ အမှန်က မေးခွန်းတွေသာဆိုတယ် ၊ အ ထူးအဆန်းတွေ မဟုတ် ဘူးဗျ။ ဒို့တာဝန်အရေးသုံးပါးနဲ့ ဦးတည်ချက်လေးရပ်လောက်ပဲ။ ကျန်တာလည်း ဌာနမှာ ဝန်ထမ်းတိုင်းလိုလို သိနေတဲ့ မေးခွန်းတွေ”သူ့ကြည့်ရတာ မအူမလည်မို့ ကျနော်လည်း မထူးတော့ပါဘူး။ ပို့မဲ့ပို့ကူးတို့ရောက်အောင်ပို့မှ ဆိုပြီး ကျနော် ကိုယ် တိုင် အဲဒီနေရာမှာတင် စာရွက်သုံးရွက်လောက်ပေါ်မှာ မေးခွန်းရော အဖြေပါ တွဲရေးပေးလိုက်ရောဗျာ။ ဒါပေမဲ့ ဗျာ။ ကိုမောင်မြင့်ဟာ အမေးအဖြေစာရွက်တွေကို စိတ်မပါ့တပါနဲ့ယူရင်း ကျနော့်ကို နှုတ်ဆက်ပြီး ပြန် သွားလေ ရဲ့။ အဲ၊ နောက်နေ့ကျတော့ ပြန်ရောက်လာပြန်ရော။
ဒီတော့ ကျနော်က ကိုမောင်မြင့် ခင်ဗျားတို့စာမေးပွဲက အရမ်းနီးနေပြီ။ ကျက်သင့်တာလေး ကျက်အုံးလေ ဆို တော့ သူက လေသံခပ်တိုးတိုးနဲ့ ကျက်လို့မရပါဘူး ငါ့ညီရာ၊အသက်ကြီးနေပြီ တဲ့။ ကျနော်ကလည်း လွယ်လွယ်နဲ့ လက်မလျှော့တတ်တဲ့ကောင်မို့ “ဒီလိုဆိုလဲ ကိုမောင်မြင့် အဲဒီစာရွက်တွေကို စာမေးပွဲခန်းထဲကို ယူသွားပြီး ကူး ရေးပေတော့၊ ကျနော် အခန်းစောင့်တဲ့အရာရှိတွေကို ပြောထားလိုက်မယ်။ ဗိုလ်ကြီး ကျော်ဇောကိုလည်း ခင်ဗျား ကို လာကြည့်ဖို့ပြောထားမယ်၊ဘာမှ မပူနဲ့၊ ခင်ဗျား ကြီးကြပ်ရေးမှူး ဖြစ်ကိုဖြစ် စေရမယ်။ စာမေးပွဲခန်းထဲ ကိုသာ ရောက်အောင်သွား ပေတော့လို့” မှာရင်း အလုပ်တခုအရေးကြီးတာနဲ့ သူ့ကို ထားရစ်ပြီး ထွက်ခဲ့ရောဆိုပါ တော့။
စာမေးပွဲဖြေရမဲ့နေ့လည်းရောက်ရော ကျနော့်မှာ ရင်တမမနဲ့ ကိုကျော်ဇောကို မနက်အစောကြီးထ ဖုန်းဆက် ၊ အဖေ့တပည့်ကျော် ကိုမောင်မြင့်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကြည့်ရှုစောင်မပါလို့ အထပ်ထပ်ပြော၊ ကိုကျော်ဇော ကလည်း ခင်ဗျား ပူစရာမဟုတ်တာ မပူနဲ့တဲ့။ သူကြည့်ကျက်လုပ်လိုက်မယ် ဆိုသဗျ။မကြာပါဘူးဗျာ။ စာမေးပွဲဖြေချိန်စလို့ ဆယ့်ငါးမိနစ်လောက်မှာ ကိုကျော်ဇောက ထိတ်ထိတ်ပြာပြာအသံနဲ့ ဖုန်းဆက်လာ ပါလေရော။ “ဟေ့လူ၊ ကိုသက်ခိုင် ။ ခင်ဗျားလူကတော့ စံပါပဲဗျာ၊ “ဒီမှာ ရှုပ်ကုန်ပြီ” တဲ့။ “ဘာများဖြစ်သတုန်း ဗျာ”လို့လည်း မေးလိုက်ရော ခင်ဗျားလူက “စာမရေးတတ်ဘူး”တဲ့ ဗျား။ကျနော်လည်း “ဗျာ” လို့ လန့်အော်ရင်း “နေပါဦး၊မေးခွန်းကိုရော သူဖတ် တတ်သလား” ဆိုတော့ “ဒါလည်း သိပ်မသေချာဘူး” တဲ့။ကောင်းကြရော ပေါ့ဗျာ။ စာတလုံးမှ မရေးတတ် မဖတ်တတ်ပဲ အလုပ်သမားကြီးကြပ်ရေးမှူးရာထူး ဘယ်လိုလုပ်ပေးလို့ ရပါ့မလဲ။ သတ္တဝါမှန်သမျှ ကံစီမံရာအတိုင်းသာ ဖြစ်ကြလေကုန်၏လို့သာ သဘောပိုက်ရင်း ကိုမောင်မြင့် အရေးတော်ပုံကို လက်လျှော့လိုက်ရတာပါပဲ”
ထုံးစံအတိုင်း အခွင့်ကြုံလျှင် ပုံတိုပတ်စ၊ဇာတ်လမ်းလေးများနှင့် ဖွင့်ဆိုရှင်းပြလေ့ရှိသော ကိုသက်ခိုင်ကို ကျနော် ခေါင်းတငြိမ့်ငြိမ့်နှင့်ကြည့်ရင်း ရီချင်စိတ်ပေါ်လာသည်နှင့် အရွှန်းဖောက် လိုက်သည်။
“ဒါများဗျာ။ ခင်ဗျားလေ့ကျင့်ထားတဲ့ သမထနည်းတွေနဲ့ မန်းမှုတ်လိုက်ရင် ပြီးနိုင်တာပဲဥစ္စာ”
“အော် ၊ ခင်ဗျားက သမထဆိုလို့ ကျနော်လူတယောက်ကို စိတ်ညှို့ကြည့်ဖူးတယ်ဗျ”
“ဟုတ်လား။ ခင်ဗျားက စိတ်ညို့တာတွေ ဘာတွေတတ်နေပြီလား။ဘယ်လောက်တောင် စွမ်းနေပြီလဲဗျာ။ လုပ်ပါ အုံး”
“ကျနော်က အတည်ပြောနေတာ ခင်ဗျားက ရွှတ်နောက်နောက်ချည်း စွတ်လုပ်နေပြန်ပြီ ။အဲဒီ စိတ် ညှို့တဲ့ကိစ္စက ကျနော့်ရဲ့ ဖြစ်ပျက်ရှာပုံတော်ခရီးစဉ်မှာ ကြုံခဲ့တဲ့ အဖြစ်အပျက်တခုပဲဗျာ။ ဘာအကျိုး စီးပွားမှ ကျနော့် အတွက် မပါပါဘူး။ စမ်းသပ်တဲ့သဘောဆိုပါတော့”
“ကဲ ဒါဆိုလည်း အလုံးစုံရှင်းအောင် လင်းပါဦး ဇာတ်ဆရာ”
ဤသို့လျှင် ကိုသက်ခိုင်သည် ထိုစဉ်ကာလက ကျနော်တို့ကွန်းခိုရာ ရဲဘက်စခန်းမှ သူ၏ တဲနန်းတွင် စိတ်ညှို့ခဲ့ဖူး သည့်အကြောင်းခြင်းရာကို အောက်ပါအတိုင်း ဆိုခဲ့ပါ၏။
“ရဲဘက်စခန်းတို့ထောင်တို့မှာ အမြဲတမ်းသုံးနေကျ လက်သုံးစကားတခု ရှိတယ်မဟုတ်လား။ ဘာမှ မဖြစ်ရင် ဘာမှ မဖြစ်ဘူးဆိုတာလေ။ဒီစကားက ရုတ်တရက် နားထောင်မိရင်ဘာမှ မဟုတ်သလို ထင်ရပေမဲ့ သေချာတွေးလေ ၊ အဓိပ္ပါယ်လေးနက်လေပဲဗျာ။ခင်ဗျားသေချာစဉ်းစားကြည့်။ ဘာမှ မဖြစ်ရင် ဘာမှ မဖြစ်ဘူး။ ခင်ဗျားက ဘာမှ မဖြစ်အောင် ဘယ်လိုစီမံနိုင်သလဲ။ တခုခုဖြစ်လာရင် ဘယ်အရာမျိုးမဆို ခင်ဗျား ခံစားနိုင်ဖို့ အဆင်သင့်ဖြစ်ရဲ့လား။ဆိုလိုရင်းကတော့ ကျနော်တို့ရောက် နေတဲ့နေရာဒေသဟာ ဘာအာမခံချက်မှ မရှိဘူး ဆိုတဲ့ သဘောပါပဲ။ လောကကြီးမှာလဲ ထို့နည်း လည်းကောင်းပါပဲ”
“အခု ကျနော်တို့ရဲဘက်စခန်းကနေ ရဲဘက်အကျဉ်းသားတွေ အကျဉ်းဦးစီးဝန်ထမ်းတွေနဲ့ ညှိပြီး အပြင်ကို ထွက်တယ်ဆိုတဲ့ ကိစ္စဟာ အဲဒီ ဘာမှမဖြစ်ရင် ဘာမှ မဖြစ်ဘူးဆိုတဲ့ခေါင်းစဉ်အောက်မှာ ပါတယ်ဗျ”
“ခင်ဗျားကို ကျနော်တခါပြောဖူးတဲ့ ဗိုလ်မှူးမျိုးဆွေကို မှတ်မိတယ်မဟုတ်လား။ မှောင်ခိုစက်လှေ ဖမ်းမိပြီး လူသတ်မှုတွေ ဖြစ်ကုန်တဲ့ကိစ္စလေ။ အဲဒီကိုမျိုးဆွေက ရဲဘက်ရောက်လာပြီး ကိုယ်ပိုင် တဲထိုးနေတယ်။ ဒီလိုနေနိုင်တာဟာ သူစစ်တပ်ထဲတုန်းက ပတ်သက်ခဲ့တဲ့ သူ့အထက်အရာရှိတွေရဲ့မျက်နှာ၊သူ့စည်းစိမ်ဥစ္စာတွေနဲ့ လည်း ဆိုင်သပေါ့ဗျာ။အဲသလိုနေနိုင်တော့လည်း ရံဖန်ရံခါ ရဲဘက်ဝန်ဝမ်းတွေနဲ့ ညှိနိုင်းပြီး စခန်းအပြင် ထွက် တာ ၊ရန်ကုန်ဖက်ပြန်တာ ရှိတယ်ဆိုပါတော့”
“တနေ့ဗျာ။ဗိုလ်မှူးမျိုးဆွေ ရဲဘက်စခန်းက ထွက်ပြီးသူ့အိမ်သူပြန်သွားတဲ့အချိန် ရုံးချုပ်က ညွှန်မှူးတွေဆင်း လာပြီး လူတန်းစီ၊စစ်လိုက်တော့ကိုမျိုးဆွေ အပြင်ထွက်တဲ့ကိစ္စ ပေါ်သွားပါလေရော။အဲဒီမှာ မိုးမီးလောင်တော့ တာပဲ။ကိုမျိုးဆွေလည်း ပြန်ရောက်ရော ချက်ချင်းတန်းစီကြဆိုပြီး နေ့လည်ဘက်ကြီး အရေးပေါ် တန်းစီရပါလေ ရော။ထောင်ပိုင်ကြီးက ဦးကျော်သင်း လေ။စစ်တပ် ကဗိုလ်ကြီးဘဝနဲ့လာပြီး အကျဉ်းဦးစီးမှာ ထောင်ပိုင် လာဖြစ်နေတာဗျ”
“ကျနော်တို့လည်း မိုးတဖွဲဖွဲကြားမှာ တန်းစီမဲ့အဆောင်ရှိရာကို အပြေးအလွှားသွားပြီး တန်းစီကြရတာပေါ့။ ရေတစွတ်စွတ်ကြားထဲမှာ ကျုပ်ဖိနပ်က အသစ်ဖြစ်နေလို့ ဖိနပ်ချွတ်ပြီး ရေတောထဲသွားရတာတောင် အမှတ်ရ နေသေးဗျာ”
“တန်းစီလို့လူလည်းစုံရော ထောင်ပိုင်ကြီးဟာ ဒေါသအကြီးအကျယ်ထွက်နေပြီး ပွဲက သိပ်ကြမ်းတော့ မလိုဖြစ် လာတယ်။ကိုမျိုးဆွေကို အင်းစိန်ထောင်ကိုပြန်ပို့ဘို့။ချက်ခြင်း ခြေချင်းခတ်ဘို့။ တိုက် ပိတ်အောင် စာရေးဘို့စတဲ့စကားသံတွေ ထွက်လာတယ်။အဲဒီ အချိန်မှာ ကိုမျိုးဆွေက ကျုပ်ဘေးမှာ ထိုင်နေတာဗျ။မျက်နှာပျက်နေ လိုက်တာများဗျာ။စစ်သားဗိုလ်မှူးဆိုတာတောင် ယုံနိုင်စရာမရှိဘူး။ အဲဒီတုန်းက ကျနော်က အိပ်လည်းမှတ် စားလည်းမှတ် ထိုင်လည်းမှတ် ဘယ်နေရာ ဘယ်ပုံစံမဆို မှတ်နေတဲ့အချိန်ဗျ။ ကုန်ကုန်ပြောရင် ရေချိုးရင်း ၊ရေအိမ်ဝင်ရင်းတောင် ကျနော် အမှတ် မပျက်ဘူး ဆိုပါတော့”
“ထုံးစံအတိုင်း တန်းစီတုန်းလဲ မှတ်နေဆဲပဲ။အဲဒီအချိန်မှာ ကျနော်သတိထားမိတာက ကျနော့်ရဲ့ နှာသီးဖျားမှာ လေထုဝန်းတခုပေါ်နေတာပဲဗျ။အဲဒီလေထုဝန်းဟာ ကျနော့် ခေါင်းရဲ့ ပတ်ချာလည်မှာ သိသိသာသာ လည်နေ တယ်”
“ထောင်ပိုင်ကြိမ်းတာမောင်းတာနဲ့ ကိုမျိုးဆွေခံစားနေရတာကို ကြည့်နေရင်း ကျနော့်စိတ်ထဲမှာ သူ့ကို သနားလာတယ်။ငါလေ့ကျင့်နေတဲ့ အလုပ်နဲ့ကိုမျိုးဆွေကို ကူညီလို့များရမလားမသိဘူး။ စမ်းကြည့်အုံးမယ်လို့ ရုတ်တရက်စိတ်ကူးပေါ်လာပြီးရှုမှတ်နေရက်က ထောင်ပိုင်ကြီးကို သေချာ လှမ်းကြည့် လိုက်တယ်။ ကျုပ်နှာသီးဖျားက လေထု အဝန်းကို တဖြည်းဖြည်း ကျယ်ဝန်းလာအောင် ချဲ့လိုက်တယ်။ချက်ချင်းပဲဗျာ။ လေထုစက်ဝန်းဟာ သားရေကြိုးကြီးတပင်လို အဝန်းကြီးသထက် ကြီးကြီးလာတယ်။ထောင်ပိုင်ကြီးရှိတဲ့ ပေသုံး လေးဆယ်လောက်အကွာ အဝေးကို လေးငါးမိနစ် အတွင်းမှာ ရောက်သွားတယ်။ ထူးဆန်းတာက အဲဒီ လေထုဝန်းဟာ ကျနော့်စိတ်ထဲက အမိန့်ပေးသလို လိုက်ပြီး လှုပ်ရှားနေတဲ့အချက်ပဲ။ ကျနော်က စိတ်ထဲကနေ အဲဒီလေထုဝန်းနဲ့ ထောင်ပိုင်ကြီး ကို ပတ်လိုက်တယ်။
ထောင်ပိုင်ကြီးကို ကျုပ်နှာသီးဖျားမှာ မြစ်ဖျားခံနေတဲ့ လေထုစက်ဝန်းနဲ့သုံးလေးပါတ်လောက် ပတ်မိသွားတဲ့အခါ ကျုပ်စိတ်ထဲက ထောင်ပိုင်ကြီးရယ် တော်ပါတော့။ ကျေနပ်လိုက်ပါတော့။တဖက်လူလည်း တော်တော် စိုးရိမ်ကြောက်လန့်နေပါပြီ။ တော်ပါတော့။ ရပ်ပါတော့ ။ရပ်ပါဗျာ၊ ရပ်ပါ လို့သုံးကြိမ်လောက် မေတ္တာမပျက် စိတ်ထဲကနေ ရွတ်လိုက်ပါတယ်။ တချိန်တည်းမှာပဲ ထောင်ပိုင်ကြီးကို ခင်ဗျား ကျနော့်စကားကို နားထောင်ပါ၊ နားထောင်ကိုထောင်ရမယ်။ ကျနော် ပြောတဲ့အတိုင်း ခင်ဗျား လုပ်ပါ ဆိုပြီး စိတ်ထဲကနေ အမိန့်ပေးသလို စိတ်ကို လေးးငါးကြိမ်ညွှတ် လိုက်ရောဆိုပါတော့။
ပြောရင် ယုံနိုင်စရာမရှိဘူးဗျာ။ကျနော်စိတ်ညှို့နေတဲ့ ငါးမိနစ်လောက်အတွင်းမှာ ထောင်ပိုင်ကြီးဟာတဖြည်း ဖြည်း ဒေါသလျော့လာတာ၊ သိသိသာသာ အသံပြောင်းသွားတာ တွေ့ရတယ်ဗျ။နောက်ဆုံး ဘာမှဆက် မပြောတော့ပဲ ပြောလက်စ၊ဧရာမ ခြိမ်းလုံးခြောက်လုံးတွေ၊နိဒါန်းတွေကို ရပ်ပြီး သူ့ ရုံးခန်းဖက်ကို ရုတ်တရက်ပြန်ချသွားပါလေရော။ ဘေးက ထောင်မှူးတွေကလည်းအူကြောင်ကြောင်ဖြစ်ပြီး သူ့နောက်က သုတ်သီး သုတ်ပြာလိုက်သွားကြရော။အမှန်အတိုင်း ဝန်ခံရရင် အဲဒီနေ့ က အဖြစ်အပျက်အတွက် ထောင်မှူးတွေ တခြား ရဲဘက်တွေ အံ့သြတာထက် ကျနော့်ကိုယ် ကျနော်အံ့သြမိတာက ပိုပါလိမ့်မယ်။ ဒါနဲ့ ပတ်သက်လို့ ကျနော် ကျေနပ်အားရ ဝမ်းမြောက်ခြင်း လည်း မရှိခဲ့တာ အမှန်ပါ”
“တရားထိုင်တဲ့အခါ တွေ့ရကြုံရတတ်တဲ့ အကြောင်းအရာတွေကတော့ ပြောမဆုံးပေါင် တောသုံး တောင်ပါပဲဗျာ။ ကျနော့်ကိုယ်တွေ့အရဆိုရင် ကျနော်လေ့ကျင့်ခန်းလုပ်လို့ သုံးလလောက် အကြာ မှာ ကျနော့်ဘဝတလျှောက်လုံး တွေ့ကြုံခဲ့ရတဲ့အဖြစ်တွေ၊ ကျနော်ဖတ်ခဲ့တဲ့စာတွေ၊ လူနာမည် တွေ၊နေရာဒေသတွေ၊ အကြောင်းအရာတွေဟာ အသေးစိတ်ခေါင်းထဲမှာ ပြန်ပေါ်လာတယ်ဗျာ။
ရှေးဟောင်းနှောင်းဖြစ်တွေသိတဲ့ဥာဏ်ပေါ်လာတယ်ဆိုပါတော့။ မှတ်မှတ်ရရပြောရရင် ကျနော် အပျော်အပါး ခုံမင်နေစဉ်ကာလက အရက်ဆိုင်တခုမှာ စကားလက်ဆုံကျရင်း အစ္စရေးလူမျိုး စိတ် စွမ်းအားပိုင်ရှင်တယောက်ရဲ့ နာမည်ကို သိလျက်နဲ့ ရုတ်တရက်စဉ်းစားမရတာကြောင့် အရက် သောက်တာကို ရပ်ပြီး တနာရီနီးပါး ငြိမ်ပြီး စဉ်းစားမှ “ယူရီဂဲလာ” ဆိုတဲ့ နာမည်ပြန်ပေါ်လာတယ်။
အခုဆို နာမည်တခုကို စဉ်းစားလိုက်ရင် ချက်ချင်း ရုတ်ခြည်းပြန်ပေါ်လာနေတယ်ဗျ။ ဥပမာ စပိန် ကဗျာဆရာ ရာမွန်ဂျင်မနဲ့ တို့၊ သူ့မြည်းကလေး ပလေထရိုတို့လို နာမည်မျိုး ဆိုပါတော့၊ ဒီအလုပ် ဟာ ဥာဏ်ပိုကောင်းစေတဲ့ အလုပ်ဆိုတာတော့ သေချာတဲ့အချက်ပဲဗျ၊အမှန်က ရှုပ်ထွေးမှုတွေကြား ကနေ တဖြည်းဖြည်း လွတ်မြောက်လာ တဲ့သဘောပါပဲ။သာမန်အားထုတ်တာနဲ့ အပြင်းအထန် အားထုတ်တာတော့ ကွဲပြားမှုရှိနိုင် ပါတယ်။ ဒီကျင့်ကြံမှု ဟာ စံနစ်တကျ နည်းမှန်လမ်းမှန် ကျင့်ကြံ နိုင်ရင်ဈန်အဘိဥာဉ်တောင် ရနိုင်တယ်လို့ ကျမ်းဂန်တွေမှာ ဆိုတာ ကလား”
“ခင်ဗျားလည်း ကျနော့်တရားနာရတာ ပျင်းလောက်ရော့မယ်။ ရော့၊ တရားအတွေ့အကြုံ အထူး အဆန်းတွေကို ဆက်ပြီး သိချင်သေးသပဆိုရင် ဒါတွေကိုဖတ်ကြည့်ပေတော့။ထူးဆန်းအံ့သြစရာ တွေ ကြုံခဲ့သူတွေထဲမှာ နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ပန်းချီကျော်ဦးငွေကိုင်တို့လို အထင်ကရ ပုဂ္ဂိုလ်တွေတောင် ပါပါ့ဗျာ။ မချန်ဆိုတဲ့အမျိုးသမီးဆိုရင် သစ်ပင်တွေနံရံတွေကိုတောင် ထွင်းဖောက်ပြီး မြင်ရသတဲ့။ လူအများစုကတော့ အထူးအဆန်းဆိုရင် ချက်ချင်းနားရွက်ထောင်လာတတ်တာ ထုံးစံပါပဲ။ခင်ဗျားလည်း ဘာသားနဲ့ထုထားတာ မှတ် လို့”
ပြောပြောဆိုဆို ကိုသက်ခိုင် ကမ်းပေးသည့်စာအုပ်မှာဓမ္မာစရိယ ဦးဌေးလှိုင်၏ အနာဂါမ် ဆရာသက်ကြီး ၊သူ့ဘဝ သူ့တရားနှင့် သူ့ကျေးဇူးအမည်ရှိ စာအုပ်ဖြစ်ပြီး စာမျက်နှာ -၉၉ တွင် အောက်ပါအတိုင်း ရေးသား ဖော်ပြထားသည်ကို ဖတ်ရှုခဲ့ရပါသည်။
ကိုယ်တွေ့တရားအဖြစ်ဆန်းများ
တရားအားထုတ်၍ ရသော အကျိုးကို လောကဝေါဟာရနှင့် ပြောသော် အမျိုးမဆုံးချေ။ ဆရာကြီးထံ၌ တရားအားထုတ်ကြသော ယောဂီတို့ အတွေ့အကြုံဆန်းများကို တွေ့မြင်ရသောအခါ “သြော်… တရားထိုင်ရတာဒီလိုလဲဖြစ်တတ်သကိုး “ဟု အံ့သြကြလေသည်။
၁။ အချို့လယ်သမားများ မြွေကိုက်ခံရရာ အာနာပါနကိုသာ တွင်တွင်ကြီးရှုမှတ်၍ မြွေဆိပ်များ အံ့သြ လောက်အောင် ပြေပျောက်ခြင်း၊
၂။ သိသိသာသာ စီးပွားလာဘ်လာဘတိုးတက်ခြင်း၊
၃။ သွက်ချာပါဒ၊ ပန်းနာ(တီဘီ) စသော ထာဝရရောဂါများနှင့် တဒင်္ဂရောဂါများ ထူးဆန်းစွာပျောက်ကင်းကြခြင်း၊
၎။ ခန္ဓာကိုယ်တွင်းမှ ထူးဆန်းသော ရောဂါမျိုးစေ့များ ပြုတ်ကျခြင်း၊
၅။ တစ်စုံတစ်ခုသော အသက်ဘေးရန် အန္တရာယ်များနှင့် ကြုံသောအခါ အံ့သြ လောက်အောင် လွတ်မြောက်ခြင်း စသည်တို့ ဖြစ်ကုန်၏။
ပန်းချီကျော် ဦးငွေကိုင်
ဤ၌ အလင်္ကာကျော်စွာ နာမည်ကျော် ပန်းချီဆရာကြီးဦးငွေကိုင်အကြောင်းအနည်းငယ်ဖော်ပြ ဦးအံ့။ဂျပန်ခေတ် တစ်နေ့သောအခါ ပန်းချီဦးငွေကိုင်သည် ဆရာကြီးထံ ရောက်လာ၏။ ယခင်က ပျော်ဘွယ်ကြီး ရွာအနီး နတ်စင်ကုန်းရွာ၌ နေထိုင်ခဲ့သည်။
“ဆရာကြီးခင်ဗျား၊ ကျနော် ဒီနေ့ပဲ ရန်ကုန်က ကူးလာတာပါ၊ ဆရာကြီး ကျေးဇူးကြီးလွန်းလို့ ကန်တော့ချင်တာနဲ့
လာခဲ့တာပါ”ဟု ဆိုကာ သူ၏ အတွေ့အကြုံများကို ဝမ်းသာအားရ ပြောပြသည်။ဦးငွေကိုင်မှာ ဂျပန်တပ်များ မဝင်
မီကလေးပင် အင်္ဂလိပ်အစိုးရက ဖမ်းဆီးပြီး ရှမ်းပြည်ထောင်တစ်ခု၌ ချုပ်နှောင်ထား၏။ အခြားတရားခံများလည်း
ရှိနေကြသည်။ထောင်ထဲ၌ပင် ဗုံးခိုကျင်းများ တူးစေ၍ တစ်ကျင်းလျှင် တရားခံငါးဦးကျ ပုန်းခိုကြရ၏။
တစ်နေ့သောအခါ ဗုံးကြဲလေယာဉ် လာကြောင်း အချက်ပေး၍ ဦးငွေကိုင်နှင့် တရားခံငါးဦး ဗုံးကျင်းတစ်ခုထဲမှာ
အတူပုန်းအောင်း ကြရာအန္တရာယ်ပို၍ နီးကပ်ကြောင်း သတိပြုမိသဖြင့် ဦးငွေကိုင်မှာ အာနာပါနကိုသာ အားကိုး
ရာပြု၍ ရှုမှတ်နေသည်။ဗုံးမှာ ထောင်ပေါ်တည့်တည့်ကြီးပင် ကျလာရာ ထောင်ကြီးတစ်ခုလုံး နံရံပွင့်ကာ မီးဟုန်း
ဟုန်းတောက်နေ၏။ လူများလည်း အတုံးအရုံး သေကြေကုန် ကြသည်။ လေယာဉ်ပျံများ ပြန်လှည့်သွားသောအခါ
အတူပုန်းခိုနေသူလေးဦးမှာ အစအနမျှသာ တွေ့ရတော့သဖြင့် ဦးငွေကိုင်သည် ရှမ်းပြည်မှ ရန်ကုန်သို့ ထွက်ပြေး
လာ လေ တော့သည်။
“ဆရာကြီး ၊ ကျွန်တော်လဲ ဆရာကြီးသင်ပြပေးတဲ့ ဒီတရား အားကိုးသာ မရှိရင် သည့်ပြင်လူတွေလိုပဲ ဒီတချီတော့
ဘယ်လိုမှ လွတ်မှာမဟုတ်ပါဘူး၊ ဆရာကြီးကျေးဇူးနှင့်တရားတော်ရဲ့ ကျေးဇူးကိုပြောချင်လွန်းလို့ ဒီကို တောက်
လျှောက် လာကန်တော့တာပါ ဆရာကြီး”
နာမည်ကျော် ပန်းချီဆရာကြီး ဦးငွေကိုင်မှာ ရာသက်ပန် အာနာပါနတရားကို အားထုတ်သွားသူ ဆရာကြီး၏
တပည့် တဦးဖြစ်၏။
ဦးနု၏ ဖခင်ကြီး ဦးစံထွန်း
တစ်ခါက ဆရာကြီးထံသို့ (နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းဦးနု ၊ဦးဘခင်နှင့် မြန်မာ့အလင်း ဦးတင်၊ဆာ-ဦးသွင် စသော ရန်ကုန် မြို့ပေါ်ရှိ မြို့မျက်နှာဖုံး လူကုံထံ ပုဂ္ဂိုလ်များပင် လာရောက် နည်းခံ အားထုတ်ကြသည်။
တစ်နေ့သောအခါ ဝါးခယ်မမှ ဦးနု၏ဖခင် ဦးစံထွန်းလည်း ဆရာကြီး၏ ဓမ္မာရုံသို့ လာရောက်အားထုတ် နေ သည်။သို့ရာတွင် ဦးစံထွန်းမှာ အသက်အရွယ်လည်း ကြီးသည့်အပြင် သွက်ချာပါဒ ရောဂါနှင့် နှလုံးရောဂါကြီး စွဲကပ်နေသူဖြစ်၍ လမ်းပင် ကောင်းစွာမလျှောက်နိုင်။ပါရမီဖြစ် ကုသိုလ်အထုံပါရုံ သဘောထား၍သာအားထုတ် ရရှာ၏။
ဆရာကြီးသည် ဦးစံထွန်းအား ထူးထူးခြားခြား တရားပေးသည်ကို တွေ့ရ၏။ အာနာပါနမျှသာ မဟုတ်ဘဲ ထိုင်နေ သော အခါ သြဒါတကသိုဏ်း(အဖြူ ဝိုင်းဝိုင်း) ခွက်ငယ်ကို ရှေ့ တွင်ချထား၍ရှုစေသည်။ လမ်းလျှောက်သောအခါ တွင်မှ အများနည်းတူ ထွက်လေ ဝင်လေကို ရှုမှတ်စေ၏။ဦးစံထွန်း၏ ရောဂါမှာတစ်ပတ်အတွင်း၌ပင် တစ်စတစ်စ သက်သာလာရာမှ လုံးဝပျောက်ကင်းသွားသဖြင့် ပါရမီဖြစ် ကုသိုလ်ရရုံမျှသာမက ရုပ်နာမ် ဓမ္မကိုပင် ကောင်းစွာ သိမြင်သွားကာ ဦးစံထွန်းမှာ အတိုင်းမသိ ဝမ်းသာသွားခဲ့သည်။ဦးစံထွန်းလည်း ဓမ္မာရုံ၌ပင် တစ်နှစ်နီးပါး အားထုတ်သွား၏။
………………………………
အမြင်သန်သူ” မချန် “
တစ်နေ့သောအခါ ဓမ္မာရုံသို့ တရားအားထုတ်ရန် လူသစ် နှစ်ဆယ်ခန့်ရောက်လာကြရာ ထိုတွင် မချန်ခေါ်သောအမျိုးသမီးတစ်ဦးလည်း ပါလာ၏။
မချန်မှာ တရားထိုင်၍ သုံးလေးရက်အရ အရူးကဲ့သို့ ဓမ္မာရုံပေါ်၌ အော်ဟစ်၍ လျှောက်ပြီး ပြေးလွှား နေ၏။ ရံခါ ခေါင်းမထူနိုင်အောင်ပင် အော့အန်ဝမ်းသွားနေ၏။ ပူလောင်နေဟန်ဖြင့် နေမထိ ထိုင်မထိ လူးလှိမ့်၍လည်း နေရ ရှာ၏။ ထိုအခါ တရားစောင့်ဆရာ ဦးအောင်မြတ်(မုံရွာ-ဘုတလင် မြို့နယ် ဝက်လူးအိုင် ဇာတိ)က ဆရာကြီးရှိရာ အိမ်သို့ လာရောက်အကြောင်းကြားသည်။
မကြာမီ ဓမ္မာရုံသို့ ဆရာကြီး ရောက်လာပြီး မချန်အား အကျိုးအကြောင်း စိစစ်မေးမြန်းသည်။
“ ဆရာကြီး ၊ ကျွန်မတော့ သေရပါလိမ့်မယ်၊ ထွက်ပြေးဖို့ အပေါက်ရှာတော့လဲ မတွေ့ဘူး၊ ကျွန်မကို ကယ်ပါ ဆရာကြီး ၊အိမ်ပြန်ပါရစေ၊ အိမ်မှာ ပြန်ပြီး သေပါရစေ”
ဓမ္မာရုံ၌ ကာထားသော အဝတ်လိုက်ကာများမှာ တံတိုင်းကြီးများသဖွယ် စိတ်ထဲ၌ ထင်နေကြောင်းကိုပါ မချန်က ပြောပြ၏။ သူ၏ ခင်ပွန်းနှင့်ဆွေမျိုးများပါ ရောက်နေကြသည်။ အဖြစ်ဆန်းကို ကြားရလျှင် လူအများ မဝေခွဲနိုင်ဘဲ သို့လော သို့လော ဖြစ်နေကြ၏။ ပယောဂဆရာ ခေါ်ရကောင်းနိုးနိုး မဝေခွဲနိုင်ကြပေ။
“ဒီဆင်းရဲနဲ့ ငရဲက လွတ်မြောက်ဖို့ရာ တရားလာအားထုတ်တာ မဟုတ်လား၊ ပြန်လိုက ပြန်နိုင်ပါ တယ်၊ ဒါပေမယ့် တရားကိုမှ မိမိရရ မသိရသေးဘဲနဲ့ပြန်သွားရင် တစ်သံသရာလုံးက ပါလာတဲ့ ဒီဒုက္ခတွေက လွတ်မှာ မဟုတ်ဘူး”
“ဒီလိုဖြစ်ရတာလဲ ဘယ်သူကမှ လုပ်တာမဟုတ်ဘူး၊ ဘယ်သူမပြု ကိုယ့်အမှုတွေပဲ၊ တရားအားထုတ်လို့ ရူးဖို့ ရောဂါဖြစ်ဖို့ မဆိုထားနဲ့ ၊ ရှိတဲ့ အရူးရောဂါတွေတောင် ပျောက်စေနိုင်တယ်၊ လောကကြီးထဲမှာ နေကြတဲ့ သတ္တဝါ တွေမှာ ဒုက္ခရောက်စေတတ်တဲ့ ယုတ်ညံ့တဲ့ အတတ်ပညာတွေလဲရှိတယ်၊ ဒီအကုသိုလ်တွေ အားလုံးကို အမြစ်ပြတ် ပျောက်ကင်းစေနိုင်တာကတာ့ ဘုရားရှင်ရဲ့ သတိပဋ္ဌာန် တရားဆေးတော်ကြီးကလွဲလို့ တခြားမရှိဘူး၊ ကြိုးစားသည်းခံပြီး တရားဆက်မှတ်ရင် ကောင်း တယ်၊ သူ့သဘော သူဆောင်ပြီး သူ့ရောဂါလဲ အရှိန်ကုန်တော့ ရပ်သွားလိမ့်မယ်၊ ဘယ်ဆရာ ဘယ်ဆေးနှင့်ကုလို့မှ ပျောက်မှာ မဟုတ်ဘူး၊ ဒီတရားကိုသာ ကြိုးစားလုပ်”
“ဆရာကြီး၊ကျမကို စောင့်ရှောက်ပါ၊ သေချင်လဲ သေပါစေ၊ ကျွန်မ အားထုတ်ပါ့မယ်”
မချန်လည်း သူ့ဘာသာ ဝန်ခံ၍ ဆက်လက်အားထုတ်လေသည်။ ထိုနေ့ည၌ပင် အကြိမ်ပေါင်းများစွာ အော့အန် ဝမ်းသွားရာ အနံ့များ အလွန်ဆိုးရွားလှ၏။ လူမှာမူ ဝမ်းသွားသလောက် ဒုက္ခမခံရဘဲ ပို၍ ချမ်းသာလာသည် ကိုသာ တွေ့ကြရ၏။ ဆရာကြီးက ဘုရားအာရုံပြုရန်နှင့် မေတ္တာပို့ အမျှဝေ ပေးရန် အထူးညွှန်ကြားပေးသည်။
မချန်မှာ နောက်တစ်ရက် နံနက်ပိုင်းမှ စ၍ ထွက်လေ ဝင်လေ ရှုမှတ်ရင်း အလင်းရောင်ကို တွေ့မြင် ရာမှအစ ပတ်ဝန်းကျင်ရှိ သစ်ပင် နံရံ စသည်တို့ကို ထွင်းဖောက်မြင်နေရ၏။ တရားထိုင်နေရင်း ရပ်ထဲရွာထဲမှ လူအများ ချက်ပြုတ်လုပ်ကိုင်နေပုံများကို မြင်နေတော့သည်။
“ဒါတွေကို လိုက်ကြည့်မနေနဲ့၊ နှာဖျားမှာ သတိကပ်ထား၊ ကိုယ့်အလုပ် ကိုယ်လုပ်ပါ”ဟု ဆရာကြီး က အမိန့်ရှိရာ မကြာမီ ရုပ်နာမ် လက္ခဏာများကို ထိုးထွင်းသိမြင်လာ၏။ ၁၅ ရက်မျှ ဓမ္မာရုံ၌ နေပြီး နောက် ရာသက်ပန် တရားဖြင့် နေသွားတော့သည်။
“သမာဓိအစွမ်းကြောင့် အဲသလို ထွင်းဖောက်မြင်တဲ့အခါမှာ မြင်မြင်သမျှ အပေါ်မှာ ကိလေသာ ကင်းစင်ပြီး သံဝေဂစိတ်တွေဝင်မှ ကောင်းတယ်၊ ဒီလိုမဟုတ်ဘဲ လောဘ ဒေါသ မာနတွေမလျော့ တဲ့အပြင် တိုးလာတယ် ဆိုရင်တော့ မမြင်ဘဲနေရတာက ကောင်းတယ်”
“ဒေဝဒတ်ရဲ့ အဘိညာဉ်တန်ခိုးဟာ ဘုရားကို ပြစ်မှားတဲ့ အကုသိုလ်ကံကြီးကိုတောင် မပိတ်ပင်နိုင်ဘူး၊ သူ့မှာ အင်မတန် ဟုတ်နေတာပေါ့။ဒါပေမယ့် သူ့မှာ အပြစ်ပိုလေးဖို့ ဖြစ်နေတာပေါ့၊ အကုသိုလ်ဟာလဲ အကျိုးပေးရ အောင်ဟာ အင်အားမပြည့်မချင်း ဆည်းပူးစုဆောင်းရတာပဲ။ ဒါကြောင့် တန်ခိုးသတ္တိကိုရတာ ဝမ်းမသာနဲ့၊ ကိလေသာ အပူကင်းဝေးပြီး ငြိမ်းအေးမှု ရတာကိုသာ ဝမ်းမြောက်ရမယ်”
မချန်နှင့်စပ်၍ ယောဂီများအား ဆရာကြီးက ဆုံးမသြဝါဒစကား မိန့်ကြားလေသည်။ ကံကောင်းသူ များအတွက် တရားအားထုတ်ခြင်းဖြင့် လောကီအတတ်ဖြင့် ရအပ်သော ယုတ်ညံ့သည့် တန်ခိုးဗီဇများကိုပါ ပျက်ပြယ်စေနိုင် ပုံကိုလည်း ထောက်ပြသည်။
ပျော်ဘွယ်ရွာအနီး ရွာတစ်ရွာ၌ တစ်ညသောအခါ ဆရာကြီး၏ တပည့်များ အိမ်သို့ ဓားပြများ ဝင်ရောက်တိုက် ခိုက်၏။
အိမ်ရှင်အဘိုးကြီးနှင့် အဘွားကြီးမှာ ဘုရားရှေ့၌ ဘုရားဝတ်ပြုအပြီး တရားရှုမှတ်နေခိုက် ဖြစ် သည်။ အိမ်၌ ဧည့်သည်များလည်း ရှိနေကြ၏။ဓားပြလူဆိုးများမှာ စိတ်တိုင်းကျ အိမ်ရှိပစ္စည်းများကို ရှာဖွေယူငင်သွားကြသည်။
အိမ်ရှင်ဖြစ်သော အဘိုးကြီးနှင့် အဘွားကြီးတို့ကို အမိဖမ်းဆီး ဆောင်ယူရန် ကြံရွယ်ကြသော်လည်း အိမ်ရှင် များကို မတွေ့မြင်ကြချေ။ တစ်စုံတစ်ရာလည်း စစ်ဆေးမေးမြန်းခြင်း မပြုတော့ဘဲ ရသမျှပစ္စည်းများကို ယူဆောင် ထွက် သွားကြလေ၏။
တရားထိုင်ရာ ခြင်ထောင်အသီးသီးမှ ထွက်လာကြသောအခါတွင်မှ ဓားပြ အတိုက်ခံရကြောင်း သိကြရသည်။ ဓားပြများ ထွက်သွားပြီးနောက် အိမ်ရှိ ပစ္စည်းများကို စစ်ဆေးကြည့်ကြရာ ပို၍ အံ့အားသင့် ကြရပြန်သည်။
အိမ်ရှင်၏ ပစ္စည်းများတစ်စုံတစ်ခုမျှ ပါမသွားဘဲ ဧည့်သည်များသာလျှင် အဝတ်တစ်ထည် ကိုယ်တစ်ခုနှင့် ကျန်ရှာကြတော့သည်။
……………………………………………..
အနေကောင်း အသေကောင်း
ဆရာကြီးထံ တရားအားထုတ်သူများ ရောဂါအမျိုးမျိုး ပျောက်ကင်းမှုနှင့်စပ်၍ ရေးမှတ်မကုန်အောင် များပြားလှ သကဲ့သို့ ထို့အတူ သေခါနီးကာလတွင် (သုဂတိ နိမိတ်များထင်၍ ) စကားဆန်း ပြောသွားသော ယောဂီများလည်း များပြားလှပေသည်။ သေရမည့်နေ့ရက် အချိန်အခါ ကြိုတင် ပြောသော ယောဂီများလည်း မနည်းချေ။
ဆရာကြီး၏နှမ ဒေါ်ဖွားရင်၏ခင်ပွန်း ဦးဖိုးရွှင် မသေမီ တစ်ရက်ကပင် ရေမိုးချိုးခြင်း၊ အဝတ်အစားသစ် နေရာ ထိုင်ခင်းအသစ် ပြင်ဆင်လဲလှယ်ခိုင်းပြီး မိတ်ဆွေ သားမယားများကိုခေါ်၍ ကာယကံ ဝစီကံ မနောကံ အပြစ် များရှိလျှင် ခွင့်လွှတ်ကြရန်၊ သည်းခံကြရန် တောင်းပန်ပြောဆို လေသည်။ သမီးမချစ်ဆိုင်ကိုလည်း လိမ်လိမ် မာမာ နေရစ်ရန် ဆုံးမစကား ပြောကြားပြီး နောက် -
“နက်ဖြန် မနက်နေထွက်လျှင် သမီးတို့ စကားပြောရမှာ မဟုတ်တော့ဘူး၊ ငါ့အတွက် ငွေကုန် လူပင်ပန်းခံပြီးလဲ ဘာမှ မလုပ်ရစ်ကြနဲ့၊ ကဲ … ကဲ … အခုအချိန်ကစပြီး ဘာမှမပြောမဆို မမေးမြန်းကြ နဲ့တော့ကွယ်၊ ငါ့တရားနှင့်ငါ နေပါရစေ၊ ခြင်ထောင်ချပေး”
ဦးဖိုးရွှင်သည် တစ်ညနေနှင့်တစ်ည တရားနှလုံးသွင်းရင်း အေးဆေးစွာ နေတော့သည်။ နောက် တစ်နေ့ နံနက် ၅ နာရီခန့် ဆန်ပြုတ်တိုက်ကျွေးရန် ခြင်ထောင်ကို ဖွင့်ကြည့်ရာ ကွယ်လွန်နေသည်ကို တွေ့ကြရ၏။ သေခါနီး ကာလတွင် `နတ်ရထား ဆိုက်လာနေပြီ`ဟု ပြောသော ယောဂီများ လည်း မနည်းချေ။
ဆရာကြီး၏ ဓမ္မာရုံကို ဦးစီးပြီး တိုးချဲ့ဆောက်လုပ်သွားသူ လက်သမားဆရာကြီး ဆရာအင်း (၁၂၅၃-၁၃၃၀ ) ကွယ်လွန်သောအခါတွင်လည်း ဦးဖိုးရွှင်ကဲ့သို့ပင် ဇနီးဒေါ်အုံးမေနှင့် သားသမီးများအား ပြောဆိုဆုံးမပြီးမှ ကွယ်လွန်သွားသည်။
ထူးခြားသည်ကား ဆရာအင်းသည် ၄၉ ရက်ကပင် ကြိုတင်၍ မိမိသေရမည့်ရက်ကို ပြောဆိုကွယ်လွန်သွား လေသည်။
…………………………………….
ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၊ အာနာပါနဿတိ အခန်းနိဂုံး၌ -
“အာနာပါန ရှုပွား၍ ရဟန်းကိစ္စ ပြီးမြောက် သူတို့သည် မိမိတို့ သေရမည့်အချိန်ကာလကို အတိ အကျ ကြိုတင်သိမြင်ကြကုန်၏။ အာနာပါနမှ တစ်ပါးသော ကမ္မဋ္ဌာန်းကို ရှုပွားသူတို့ကား သိသည်လည်း ရှိသည်။ မသိသည်လည်း ရှိသည်”ဟု ဖော်ပြထား၏။ ထွက်လေဝင်လေကို ရှုမှတ်သော သတိ၏ စွမ်းအားသည် ထိုမျှ လောက် ကြီးမားလှပေ၏။
စင်စစ်မှာ ရဟန္တာ ပုဂ္ဂိုလ်များသာ မဟုတ်။ သေက္ခ (ကျင့်ကြံဆဲ) အရိယာများနှင့် သမာဓိအား ကောင်းသော ယောဂီများပင် ကြိုတင်သိနိုင်ပုံမှာ ထင်ရှားလှပေသည်။ အဋ္ဌကထာ၌ ရေမိုးချိုး ဝတ်စား ပြင်ဆင်၍ ကိုယ့်ဘာသာ အလောင်းပြင်ထားတတ်ပုံများကို ဝတ္ထုသာဓကနှင့်တကွ ပြဆိုထားရာ လက်တွေ့တွင်လည်း ထိုအတိုင်းပင် တွေ့နေကြရသည်။
သေမင်းကို ရဲတင်းအေးဆေးစွာ ရင်ဆိုင်ရဲရသည်မှာ ဤတရားရှုမှတ်မှုမှ လွဲ၍ အခြားနည်းလမ်း မရှိပါ ပေ။
ဗုဒ္ဓဘာသာဝင်တို့သည် `ဒီတောင်ကတော့ မကျော်နိုင်တော့ဘူး`ဟု ဆိုသည်နှင့် တစ်ပြိုင်နက် ဘာသာတရားဖြင့် သေမင်းကို ရင်ဆိုင်လေ့ရှိကြရာ ရင်ဆိုင်ပုံ ရင်ဆိုင်နည်းမှာ အမျိုးမျိုးရှိကြလေ သည်။
၁။။ မိမိပြုလုပ်ခဲ့သမျှသော ကုသိုလ်ကောင်းမှုများကို အောက်မေ့ခြင်း၊လူနာစောင့်များက သတိ ပေးခြင်း၊
၂။။ ရဟန်းသံဃာ တတ်သိ နားလည်သူများအား တရားစာပေများ ရွတ်ဖတ်စေ၍ နာယူခြင်း၊ အလှူအတန်း ပြုပေးခြင်း၊
၃။။ တရားဘာဝနာ နှလုံးသွင်းခြင်း စသည်ဖြင့် မိမိတို့ နားလည်သလောက် ပြုလုပ်ကြ ပြုလုပ်ပေးကြရ၏။ ဘဝကူး ကောင်းစေရန် `သေခါနီး မိတ်ဆွေကောင်း အရေးကြီးတယ်`ဟု ပင် ပြောစမှတ် ပြုကြသည်။
ဒါန သီလ ထက်သန် လေ့လာသူများက ၁-၂ နည်းကို အသုံးပြု၍ ကိုယ်ပိုင်ဝိပဿနာ ဘာဝနာ, တရား လေ့ကျက် ပွားများလေ့ ရှိသူများကမူ နံပါတ် ၃-နည်းကိုသာ အသုံးပြုကြလေသည်။ အားလုံး အကောင်းချည်းပင် ဖြစ်သော်လည်း သူတစ်ပါးကို အားကိုးနေရသော နည်းထက်`ကိုယ့် အားကိုယ်ကိုးသော နည်းကိုသာ ဘုရား စသော သူတော်ကောင်းများက ကြိုက်နှစ်သက်တော် မူကြသည်။ ပို၍ လွယ်ကူချမ်းသာ အင်အားပါသောကြောင့် ဖြစ်၏။
`တာဝန်ထမ်းဆောင်ရင်း သေသူကိုသာ သူရဲကောင်းအာဇာနည်`အဖြစ် လောက၌ အသိအမှတ် ပြုကြ၏။ လောကုတ္တရာ၌လည်း တရားအလုပ်လုပ်ရင်း သေနိုင်သူကိုသာ `အလုပ်ခွင်၌ သေသူ၊အလုပ်လုပ်ရင်း သေသူ၊ သေသည် အထိ လုပ်နိုင်သူ`ဟု (ဓုရသ္မိံယေဝ ကာလံ ကရောတိ၊ သဂါ ထာဝဂ္ဂသံယုတ်၊ အစ္ဆရာသုတ် အဖွင့်) ၌ ချီးကျူးဂုဏ်ပြု ရလေသည်။
တစ်စုံတစ်ရာ ရောဂါဝေဒနာ ပြင်းထန်လေ၊ သတိ သမာဓိ တိုးပေးရလေ လုပ်ကြရ၏။ ယင်းသို့ `အနေကောင်းမှ အလောင်းလှ` ကြပေလိမ့်မည်။ ယခုကဲ့သို့သော ခေတ်အခါမျိုးကြီး၌ သူတစ်ပါးတို့က ဆွဲကူထူမ၍ပေးမှ ရရှိ သော သုဂတိဘဝလောက်နှင့် အားရကျေနပ်လောက်သည် မဟုတ်ချေ။ တစ်ရံမလပ် သတိချပ်၍ ရှုမှတ် ပွားများကြကုန်ရာ၏။
သေခါနီးမှ လူဖြစ်ရသော အဘွားအို
ဆရာကြီးသည် ရွှေကျင်မြို့သို့ရော်ဘာသူဌေး ဦးဘိုးသင်း၏ ပင့်လျှောက်ချက်အရ ကြွရောက် တရားပေးရာ၌ အနှောင့်အယှက် အခက်အခဲများ အများဆုံး ကြုံတွေ့ရသည်။တစ်နေ့သောအခါ ယောဂီများအား ဆရာကြီး တရားပြနေခိုက် ဓမ္မာရုံပေါ်သို့ ဗလာထမီ(ဝတ်လစ်စားလစ်)နှင့် အဘွားတစ်ဦး ရောက်လာ၏။ ဆရာကြီး ထိုင်နေ ရာနှင့်မနီးမဝေးတွင် အဘွားအိုမှာ လူးလာတုံ့ခေါက် လမ်းလျှောက်နေ၏။ မျက်စိမျက်နှာပြူးကြောင် တင်းမာစွာ ဖြင့် စကားများကို လည်းတဖျစ်တောက်တောက် ပြောဆိုနေတော့ သည်။
“ဘယ်ကောင်လဲဟေ့ …. ဆရာဆိုတဲ့အကောင်၊ ငါနဲ့ တွေ့ချင်လိုက်တာ”
အဘွားအိုက အကြိမ်ကြိမ် မြည်တွန် ပြောဆိုနေသဖြင့် -
ဆရာကြီး။။ ဆရာဆိုတာ ကျွန်တော်ပါပဲ မိခင်။
အဘွားအို။။ အံမယ်၊ နင်က ဘာများတတ်လို့ ကြီးကြီးကျယ်ကျယ် ဆရာတဲ့၊ လူကဖြင့် ပလီ လိုက်တာ ။
ဆရာကြီး။။ ကျွန်တော် ဘာပလီ(လိမ်)လို့လဲ မိခင် ။
အဘွားအို။။ နင့်အမေလဲ မဟုတ်ပဲနဲ့ ငါ့ကို မိခင်လို့ပြောတာ ဒါ နင်ပလီတာပေါ့။
ဆရာကြီး။။ ကျွန်တော် မပလီပါဘူးမိခင်၊ သံသရာဟာ အလွန်ရှည်လျားတဲ့အတွက် သားသမီး မိဘဆွေမျိုး မိတ်ဆွေ မတော်စပ်ဖူး သူရယ်လို့ မရှိပါဘူး၊ အဝိဇ္ဇာ အမှောင်ဖုံးလွှမ်းပြီး မေ့နေကြ လို့သာပါ။
အဘွားအို။။ အေးပါလေ၊နင်က ဘာများတတ်လို့ ဆရာ လုပ်နေတာလဲ၊ နင့်ပညာ ငါ့ပြစမ်း။
ဆရာကြီး။။ မိခင်၊ ကျွန်တော့် ပညာကတော့ ဘုရားပေးတဲ့ သီလ သမာဓိ ပညာပါပဲ၊ ကျွန်တော်ပြရင် မိခင် ကြည့်မလား။
အဘွားအို။။ နင်ပြလို့မှ ငါက ဘာလို့ မကြည့်ရဲရမှာလဲ ၊ပြမှာသာ ပြ၊ အချိန်မရှိတော့ဘူး။
ဆရာကြီး။။ ကျွန်တော်ပြောသလို လုပ်မှ ပြတတ်ပါတယ်၊ မိခင် စမ်းကြည့်ချင်ရင် အကျိုးရှိ သွားပါလိမ့်မယ်၊ မိခင်မှာ အချိန်မရှိတော့တာကို ကျွန်တော်သိတာ ကြာပါပြီ။
အဘွားအို။။ စကားများတယ်ဟယ် …. ပြမှာပြစမ်း၊ အခု ငါ ဘာလုပ်ရမှာလဲ။
ဆရာကြီး။။ ကောင်းပါပြီမိခင်၊ ပထမဆုံး ဘုရားရှေ့မှာ ငါးပါးသီလ ဆောက်တည်ခံယူပြီးရင် ကျွန်တော့် ပညာပြပါ့မယ်။
အဘွားအို။။ (အဘွားအိုသည် တစ်ယောက်ကပေးသော တဘက်ကို ကိုယ်မှာ ပတ်ပြီး ဘုရား ရှစ်ခိုးငါးပါးသီလခံယူ၏။ ပြီးလျှင်)
ကဲ …. ဘာပြမှာလဲ …. ပြ။
ဆရာကြီးကား ပြုံးပြုံးနှင့် နှာဖျားနှာဝ၌ ထွက်လေဝင်လေကို သိမှတ်ရန် ချိုချိုသာသာ ပြောပြနေ၏။
အဘွားအိုလည်း ရုတ်တရက် စိတ်များ ပြောင်းလဲလာကာ အဝတ်အစားများကိုပင် ငှားယူဝတ်ဆင်ပြီးနောက် ယော ဂီများက ရေမိုးချိုးပေးခြင်း၊ အစားအသောက်များ ကျွေးမွေးခြင်း စသည်ဖြင့် ဝိုင်းဝန်း ပြုစုကြသည်။ အဘွား အိုမှာ ရွှေကျင်မြို့က မဟုတ်။ အခြားတစ်ရွာမှ လာရောက်သူဖြစ်၍ စိတ်ဓာတ်များ ပုံမှန်ကောင်းမွန် လာသောအခါ ရွာသို့ ခဏ ပြန်၍ အဝတ်အစားများ ယူရန် ပြောဆိုသော်လည်း ဆရာကြီးက တရားဖြင့် ဖျောင်းဖျပြောဆိုကာ တစ်ပတ်ခန့် တရားရှုမှတ် ခိုင်းထားလေသည်။ဝိပဿနာ ကူးပြောင်းပေးမည့် နေ့တွင် အဘွားအိုကို ဦးတည်၍ ဆရာကြီးက တရားအနည်းငယ်ဟောပြသည်။
“ ကဲ….မိခင်၊မိခင်နှင့်တကွကျွန်တော်တို့ တစ်တွေဟာ မွေးကတည်းက ယနေ့ကျအောင် သညာအမှတ်နဲ့  ပညတ်တွေကိုပဲ တစ်ခုပြီးတစ်ခု မဆုံးနိုင်အောင် မှတ်သားပြီး လာလိုက်ကြတာ၊ဒီသညာအမှတ် ဒီပညတ်တွေပဲ အခိုင်အမာထင်ပြီး ကောင်းတာ မြင်ရ ကြားရတော့ လောဘဖြစ်၊မကောင်းတာ မြင်ရ ကြားရတော့ ဒေါသဖြစ်ပြီးကာယကံ ၀စီကံ မနောကံ ဆိုတဲ့ ကိုယ်နှုတ်စိတ် ကံသုံးပါးနဲ့ မြင်သမျှ ကြားသမျှ လိုက်ပြီး လုပ်ခဲ့ကြတာ ကောင်းတာလဲလုပ်၊ မကောင်းတာလဲလုပ်၊အိပ်နေတုန်းပဲ နည်းနည်း အနားရပါတယ်မိခင် “
“ ငါပဲ၊ ငါ့ဟာပဲ ၊ဘာပဲညာပဲ ဆိုပြီး အစွဲအလမ်းတွေနဲ့လုပ်ခဲ့ကြတာ တကယ်တော့ ဘာမှမဟုတ် ၊ရုပ်နှင့်နာမ်ပါကလားဆိုတာ ဆရာသမားများထံ ကျင့်ကြံပွားများမှသာ သိရပါတယ်၊ဒီတော့ နောက်နောက် ဘ၀ ဘ၀က လုပ်ခဲ့တာတွေထားလို့ ဒီဘ၀မှာ လုပ်တဲ့ဟာတင်ပဲ ကိုယ်ကဖြစ်လိုက်၊နှုတ်ကဖြစ်လိုက် စိတ်ကဖြစ်လိုက်နဲ့  အပြစ်တွေပဲ များနေတတ်ကြပါတယ်မိခင် “
“ရုပ်နာမ်ကိုမသိတဲ့ ပုထုဇဉ်မှန်သမျှဟာ အချိန်ရှိသမျှ အာရုံခြောက်ပါး ကံသုံးပါးမှာ အမှားတွေကိုပဲ လုပ်မိတာ ကများနေတော့ ဒီအမှားတွေကျေပျောက်ပြီး လိုရာခရီးရောက်အောင်ဟာ
အမှားအမှန် ဝေဖန်ဟောပြတော်မူတဲ့ ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးကို ကန်တော့ကြရအောင်၊ မဂ်မျိုးစေ့ ဖိုလ်မျိုးစေ့တွေရအောင် ဒီရုပ်နာမ် ခန္ဓာကိုယ်ကြီးကိုလဲ ဘုရားကို လှူကြရအောင်မိခင်နှင့်တကွ အားလုံးလိုက်ဆိုကြပါ “ ဟု ဆရာကြီးက ပြောဆို၍ ကန်တော့ချိုး တရားတောင်းကို ချပေးသည်။
ဆရာကြီးသည် ကန်တော့ချိုးနှင့် တရားတောင်းကို သုံးကြိမ် နှုတ်တိုက်ချ ပေးပြီးနောက် တရားကို ဆက်၍ ဟောပြော ညွှန်ပြပေးလေသည်။ယောဂီဟောင်းများမှာ တည်ငြိမ်စိတ်ဝင်စားစွာ နာယူနေသောအဘွားအို အတွက် ၀မ်းမြောက်နေကြလေ၏။
ခန္ဓာပြင်ဘက် ၊ စိတ်မထွက် ၊ ရှုကွက်မှန်လေပြီ
“ ကဲ …..မိခင်နှင့်တကွ ယောဂီအားလုံး ဘယ်ကိုမှ စိတ်အာရုံ မသွားကြ ပါနဲ ၊ ကိုယ့်ရဲ့ ခန္ဓာကိုယ်ပေါ်မှာပဲ စိတ်ကလေးကို ထားကြပါ၊ကျွန်တော်ပြောတဲ့ စကားသံဆီကိုလဲ စိတ်မလာပါစေနဲ့  “
၁။ စိတ်ကို ငယ်ထိပ်ပေါ် ဒင်္ဂါးပြား တစ်ကွက်စာလောက် နေရာမှာ စိုက်ထားပါ။
၂။ ဒါမှမဟုတ်လဲ ဟဒယ၀တ္ထုလို့ ခေါ်တဲ့ ရင်ဝရင်ညွန့် ဆီမှာ စူးစိုက်ထားပါ။
၃။ အသံနဲ့ နားနဲ့  ကြားတဲ့အခါ နားဆီမှာလဲ စိတ်ကို ထားနိုင်ပါတယ်၊ခဏ ခဏလဲ နေရာမပြောင်း
ကြ နဲ့ ၊ ကိုယ့်စိတ်ထဲမှာပေါ်လွင်ထင်ရှားတဲ့ နေရာမှာ ဒင်္ဂါးပြားလောက် သတ်မှတ်ပြီးကြာကြာထားကြည့်ပါ “
မီးခြစ်နှင့်မီးခြစ်ဆံကြောင့် မီးဖြစ်လာရပုံ ဥပမာဆောင်၍ ရုပ်နှင့်နာမ်တို့ထိခိုက်ပေါင်းဆုံခြင်းကြောင့် ရုပ်နာမ် တရားတို့၏ဖြစ်ပေါ်လာလိုက်၊ ပျောက်ကွယ်သွားလိုက်နေပုံကို အကျယ်ရှင်းပြ၏။လျောင်း ထိုင် ရပ် သွားခြင်း၊ စားသောက်ခြင်း၊ကျင်ကြီးကျင်ငယ်စွန့်ခြင်းစသော ကိုယ်အမူအရာ ပြုလုပ်ဖြစ်ပေါ် သမျှကိုလည်း အနိစ္စအချက် ကို မိအောင် စိတ် စိုက်၍ကြည့်ရန် အသေးစိတ် ဟောပြသည်။ ၀ိပဿနာကူး၍သုံးရက်ခန့် ရှိလျှင် --
ဆရာကြီး။။ကဲ….မိခင်၊ရုပ်နာမ်တွေအဆက်မပြတ်ဖြစ်ပေါ်ချုပ်ပျောက်နေတာကိုကောစိတ်ထဲကသဲသဲကွဲကွဲမြင်ပါရဲ့ လား။
အဘွားအို။။ မြင်ပါပြီလား ဆရာရယ်၊တစ်လောကလုံးမှာ ခိုကပ်စရာကို မရှိတော့ပါဘူး၊ဘာမှ အားကိုးစရာအားထားစရာပျော်စရာခင်မင်စရာလဲမရှိပါဘူးဆရာ။
“ ဒါထက် ဆရာရယ်၊ဆရာနဲ့တွေ့ရတာ ကျွန်မကံကောင်းလိုက်တာ....ပြောရဦးမယ်၊ထူးတာက ဆရာရယ်… ဗိုက်ထဲက မည်းမည်းအလုံးကြီးကလဲတစ်ခါတစ်ခါသေမလားအောက်မေ့ရလောက်အောင် နာနေ တယ် ဆရာ၊ ဒါနဲ့  သူ့ သဘော သိရအောင်ဆိုပြီးတရားအာရုံမပြုဘဲ နေကြည့်တယ်၊ အဲဒီတော့ အကောင်းပဲ ၊ဘာမှ မနာဘူး “
“ ကျွန်မမှာ မြင်တာ သိတာ ကြားတာတွေဟာ သိပ်ထူးတာပဲ၊အကုန်လုံးလဲ အမှန်ချည်းပဲ ဖြစ်နေတယ် “
“ နောက်ဆုံးတော့လူတိုင်းဟာတစ်နေ့ တော့ သေကြရမှာချည်းပဲ၊ ဘုရားရဟန္တာတွေ မျက်မှောက်ပြုတဲ့ တရားကို မသိရသမျှတော့ ဒီလိုပဲ တရစပ် ဖြစ်ပျက်ဒုက္ခနဲ့ချည်းနေရတော့မှာပါလားဆိုပြီး ဗိုက်နာတာကိုလဲ ဂရုမစိုက်တော့ပါဘူး ဆရာရယ်၊ ကျွန်မမှာဘာအပြစ်တွေဖြစ်ခဲ့တယ် ၊ဘုရား ဘာကြိုက်တယ်ဆိုတာ ခုတော့ဆရာ့ကျေးဇူးကြောင့်ရှင်းရှင်းကြီးသိပါပြီဆရာ “
ဆရာကြီး။။မိခင်၊ ဒါတွေကို အမှတ်သတိလက်လွတ်ပြီး လျှောက်တွေးနေတာလား ။
အဘွားအို။။မလွတ်ပါဘူး ဆရာ ၊ အနိစ္စကိုသိလျက်နဲ့  အဲသလိုသိသွားတာပါပဲ။
ဆရာကြီး။။ သာဓုဗျာ…….သာဓု…….သာဓု။
(သံသရာဘေးကြီးထိတ်လန့်  ကြောက်ရွံ့ဖွယ်ကောင်းပုံနှင့် ဘုရားပွင့်တော်မူ၍အတိုင်းမသိ ကျေးဇူးကြီးမားပုံကိုဆက်လက်ပြောပြပြီးနောက် )
“ ကဲမိခင် ၊ အင်မတန်မှကျေးဇူးကြီးမားတဲ့တရားတွေပါ ၊ ဒီတော့ သတ္တ၀ါတွေကိုလဲ မိခင် သိမြင်အောင် ပြုလုပ်ကြိုးစားရတဲ့ ကုသိုလ်အဖို့ကိုအမျှဝေပါ၊မိခင်ရဲ့ ကုသိုလ်ကို အားလုံးက သာဓုခေါ်ပြီး အမျှယူချင်ကြ ပါတယ်” ဟုပြောဆို၍ အမျှဝေပုံကို ချပေးသည်။
မှန်ကန်သော အသိအမြင်
ဆယ်ရက်ခန့် တရားရှုမှတ်ပြီးသောအခါ အဘွားအိုမှာ အပြစ်များကို ခွင်လွှတ်ရန် ဆရာနှင့်တကွ ရတနာသုံးပါး နှင့် သတ္တဝါအားလုံးအား တောင်းပန်အမျှဝေ၍ မဆုံးနိုင်အောင် ကျေနပ်နေ၏။
အဘွားအို။။ ဆရာ ကျွန်မလဲ တစ်ဘဝတစ်ခါ သေရမယ့် ဘေးထက် ခဏခဏ သေသေနေရ တဲ့ ဘေးကြီးကိုပါ မြင်ရပါတယ် ဆရာရယ်၊ ဒီဘေးကြီးက လွတ်အောင်ဟာ ဒီတရားကိုပဲ ကျွန်မ ဖက်ထားပါပြီ၊ ဒါပေမယ့် ဆရာရယ် ကျွန်မ နက်ဖြန် ရွာကို ပြန်ခွင့်ပြုပါ၊ ကျွန်မအသိတွေကလဲ ဆန်း ကျယ်လိုက်တာ၊ ကျွန်မ သားတွေ သမီးတွေကို အကျိုးအကြောင်း ပြောဆိုစရာတွေ ရှိနေလို့ပါ။
ဆရာကြီး။။ (အတန်ကြာ မျက်စိမှိတ် ငြိမ်နေပြီးနောက်) ကောင်းပါပြီ မိခင်၊ ကိုယ့်အချိန်ကိုယ် သိတဲ့အတိုင်း သွားတာပေါ့။
အဘွားအိုမှာ ရထားဖြင့် ပြန်သွား၏။ နောက်တစ်ရက် ဆရာကြီးက စကားစပ်ပြောမိ၍ သိလိုကြသဖြင့် ယောဂီအချို့လိုက်ပါသွားကြ၏။ ရွာသို့ရောက်၍ လေးနာရီခန့်အကြာ သားသမီးများကို ပြောဆိုဆုံးမအပြီး ကွယ်လွန်သွားကြောင်းနှင့် အလောင်းကိုသာ တွေ့မြင်ကြရလေ၏။
………………………………
အထက်တွင်ဖော်ပြခဲ့သော တရားအတွေ့အကြုံအထူးအဆန်းများကို ကျနော်ဖတ်ပြီးချိန်၌ ကိုသက်ခိုင်ထံမှ စကားသံခပ်တိုးတိုး ထွက်ပေါ်လာပြန်ပါသည်။
အဲသလို လောကီအကျိုးစီးပွားနဲ့မကင်းတဲ့ အတွေ့အကြုံတွေကြောင့် ကျနော်ဟာသမထနဲ့ ဆက်စခန်းသွားနေ လို့မဖြစ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျနော်က ချမ်းသာချင် ဈာန်အဘိညာဉ် ရချင်သူမဟုတ် ဘူး။ကျနော့်ဘဝမှာ ချမ်းသာခဲ့၊ စိတ်တိုင်းကျ နေချင်သလို နေခဲ့ပြီးပြီ။ လောကီအာရုံကာမဂုဏ်တွေကို ကျနော် အများကြီးခံစားခဲ့ဖူးပါပြီ။ ဈာန်အဘိညာဉ်အကြောင်း ကျုပ် နားမလည်ဘူး။ ကျုပ်စိတ်ချမ်းသာ ချင်တယ်။ အေးချမ်းသောဘဝ ကိုရချင်တယ်။ အထိရောက် ဆုံးပြောရရင် ကျုပ်ဟာ အဆုံးစွန်သော လွတ်မြောက်မှုကိုသာ အလိုရှိပါတော့တယ်။ဒါကြောင့် ကျနော်ဟာ ဝိပဿနာဖက်ကို ခြေဦးလှည့်ခဲ့တယ်။ ဖြစ်ပျက်တွေ့လာမဲ့လမ်း ဆီကို ဆိုပါတော့ဗျာ။