၈။ ရုက္ခစိုးနှင့်တွေ့ဆုံခြင်း
ကျနော်နှင့်ကိုသက်ခိုင် အေးအေးလူလူ စကားလက်ဆုံမကျဖြစ်သည်မှာ ဆယ့်ငါးရက်ခန့် ရှိခဲ့ပြီ။ အကြောင်း ရင်းကား စခန်းခွဲ(၁)မဟာငါးကန်ကြီးစီမံကိန်း၏ နောက်ဆက်တွဲပြဿနာများကြောင့် ဖြစ်၏။ နဂိုကမှ အစား အသောက်ချို့တဲ့ရသည့်အပြင် တနေကုန်နီးပါး မြေတူးမြေသယ်လုပ်ကြရသဖြင့် ရဲဘက်အများစုမှာ နာမကျန်း ဖြစ်ကုန်ကြသည်။ ဖျားနာသူ ၊ ပေါက်တူးခုတ်မိသူ၊ ငန်းပြားထိုးမိသူ လူနာရဲဘက်စုစုပေါင်းမှာ သုံးဆယ်နီးပါး ရှိလာ၏။ထိုအခါ ကျနော်သည် ကိုသက်ခိုင်၏စီမံမှုဖြင့် စခန်းခွဲ (၁)၏ တရားမဝင်ဆေးမှူး ဖြစ်လာပြန်လေသည်။ ဆေးမှူးခန့်အပ်ရေး အတွက် ကိုသက်ခိုင်၏ သုံးသပ်ချက်ကား မှတ်သားစရာကောင်းလှသည်။
“ ခင်ဗျားက ဆေးပြား၊ဆေးရည်နာမည်ကို အင်္ဂလိပ်လိုဖတ်တတ်တယ်၊လူကြီးဆိုတော့ လူငယ်အများစုဖြစ်တဲ့ ရဲဘက်တွေကို ဖေးမညှာတာစိတ်ထားနိုင်မယ်၊ လူနာဟာ ဆေးကုတဲ့သူကို ယုံကြည်အားကိုးတယ်ဆိုရင် ရောဂါ တဝက်ပျောက်ပြီ၊ ဒါကြောင့်ရွေးစရာလမ်းမရှိတဲ့ အခြေအနေမှာ ခင်ဗျားဆေးမှူးလုပ်ပေတော့” ဟူ၏။ ကျနော့် လက်စွဲဆေးများကားပါရာစီတမော၊အနာဂျက်ဆင်၊ကိုးတက်ဘလက်၊တက်ထရာဆိုက်ကလင်း၊ အနာကျက်ဆေး ဘီတာဒိုင်းဆေးရည်နှင့် ဂွမ်းပတ်တီးမျှသာဖြစ်၏။ အချို့ကား ပင်မစခန်းဆေးမှူးထံမှဖြစ်၍ အချို့ကား ကိုသက်ခိုင် အိပ်စိုက် ဖြစ်၏။
ထိုနေ့ကား တခုသောတနင်္ဂနွေဖြစ်၍ စခန်းခွဲတာဝန်ခံနှင့် ကိုသက်ခိုင်တို့ ညှိနှိုင်းချက်အရ နားရက်အဖြစ် သတ်မှတ်ထားသောနေ့ဖြစ်သည်။ရဲဘက်လူနာတချို့ကို ဆေးပေးဆေးထည့်ပြီးနောက် ငြီးစီစီရှိသည်နှင့် ကိုသက်ခိုင်၏တဲရှိရာသို့လျှောက်သွားလေရာ တဲပေါ်တွင် ကိုသက်ခိုင်မှာ သူဖတ်နေကျ လက်စွဲတော်စာအုပ် ညိုလေးကို ဖွင့်ဖတ်နေသည်ကို တွေ့ရသည်၊သူက ကျနော့်ကို မြင်သည်နှင့် ဖတ်လက်စစာအုပ်ကို ပိတ်လိုက်ပြီး …..
“လာဗျာ၊ အပျိုကြီးတဲဖက် လျှောက်ကြရအောင်၊ အာရုံနောက်စရာတွေ တော်တော်များနေပြီ”
ဟုပြောပြောဆိုဆို ဖတ်လက်စစာအုပ်ကလေးကို လက်ကကိုင်ရင်း တဲအပြင်သို့ ထွက်လာလေ၏။
ကျနော်က ဘာတခွန်းမှ ခွန်းတုန့်မပြန်တော့ပဲ သူနှင့်အတူ အပျိုကြီးကြည်ကြည်ဌေးတဲရှိရာသို့ လိုက်ပါခဲ့သည်။ ဤရက်ပိုင်းများအတွင်း ကိုသက်ခိုင်တွင် အာရုံနောက်စရာကိစ္စ အတော်များများရှိနေ၏။ သူဘေးကြပ်နံကြပ် အတွေ့ရဆုံးကိစ္စမှာ ဘေးကြယ်ကြီးဦးမြဖေနှင့် ဆက်ဆံရေး ဖြစ်သည်။
ဘေးကြယ်ကြီး၏ အမည်ရင်းမှာ ဦးမြဖေဖြစ်ပြီး အရပ်ခြောက်ပေနီးပါးရှိသည်။ထောင်လုပ်သက် အနှစ်သုံးဆယ် နီးပါးရှိသော တပ်ကြပ်ကြီးဖြစ်သည်။ ဌာနဆိုင်ရာထုံးစံအတိုင်း လုပ်သက်ဖြင့် ရာထူးအဆင့်ဆင့် တိုးပေးရမည် ဖြစ်သော်လည်း အရာရှိအဆင့်သို့တိုးမြှင့်ပေးနိုင်သော ပညာအရည်အချင်းလိုအပ်ချက်ကြောင့် တပ်ကြပ်ကြီး ဘဝဖြင့် နှစ်ပရိစ္ဆေတများစွာ ကြာမြင့်ခဲ့ပြီးမှ နောက်ဆုံးတွင် ကြံဖန်တီထွင်ပေးရဟန်တူသည့် အရာခံအဆင့်ဖြစ် လာသည်။သူ့လက်မောင်းရင်းမှ ငွေရောင်ကြယ်ပွင့်မှာ ထူးထူးခြားခြား ကြီးမားနေသည်ကတကြောင်း၊ အဆိုပါ ရာထူးကို အကျဉ်းဦးစီးတွင် မြင်ရခဲသည်က တကြောင်းကြောင့် သူ့ကို အမည်ရင်းဦးမြဖေအစား ရဲဘက်ရော ဝန်ထမ်းများကပါ ဘေးကြယ်ကြီးဟု နှုတ်ကျိုးနေကြခြင်းဖြစ်၏။ဝန်ထမ်းထုံးစံအတိုင်း စားဝတ်နေရေး မချောင် လည်သော်ငြား သားသမီးကား ဆယ့်ခြောက်နှစ်အရွယ် အကြီးဆုံးသမီး ၊ အငယ်ဆုံးလေးနှစ်သား အပါအဝင် စုစုပေါင်းခြောက်ယောက်နှင့် တပြုံတမကြီးဖြစ်၏။
ဘေးကြယ်ကြီးကား မျက်နှာထားတည်သည့်အပြင် ရဲဘက်တို့အပေါ်တင်းတင်းမာမာ ဆက်ဆံလေ့ရှိသည်။ စခန်းခွဲတခုလုံးတွင် အရက်စက်ဆုံး အဆိုးဆုံးဝန်ထမ်းဟု ရဲဘက်အများစုက သတ်မှတ်ကြသည်။ တကြိမ်တွင် ၁၉၈၈ခုနှစ်အရေးအခင်းနှင့်ပတ်သက်၍ ကိုသက်ခိုင်နှင့် ဘေးကြယ်ကြီးတို့ စကားအခြေအတင်ဖြစ်ကြရာ ကိုသက်ခိုင်က မာမာတင်းတင်းတုန့်ပြန်သလို ဘေးကြယ်ကြီးကလည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဘက်က တရွေးသားမျှ မလျှော့သည်ကို ကျနော်ဘေးမှ နားထောင်နေခဲ့ဖူးသည်။ ကျနော်အံ့သြမိသောအချက်မှာ ထိုအချိန်တွင် ကိုသက်ခိုင်သည် သူ့ငြင်းခုန်ဖက်မှာ ရဲဘက်ဝန်ထမ်းဖြစ်သည်ဟူသောအချက်ကို ဂရုထားဟန် မရှိသကဲ့သို့ ဘေးကြယ်ကြီးကလည်း အဆိုပါအငြင်းပွားမှုနှင့်ပတ်သက်၍ ကိုသက်ခိုင်အပေါ် အငြိုးအတေးထား ဟန်မရှိခြင်းပင်။မကြာမီ ဘေးကြယ်ကြီးနှင့်ကိုသက်ခိုင် ဆက်ဆံရေး အဆင်ပြေရန် အကြောင်းဖန်လာပြန်၏။
တခုသောနေ့တနေ့တွင် ရဲဘက်ဝန်ထမ်းအိမ်ယာဖက်ဆီမှ အော်ဟစ်ငြီးငြူသံနှင့်အတူ ဆူဆူညံညံအသံများ ထွက်ပေါ်လာသဖြင့် ကိုသက်ခိုင်နှင့်ကျနော် အပြေးရောက်သွားကြသည်။ အသံများမှာ ဘေးကြယ်ကြီး၏ အိမ်ခန်းတွင်းမှ ထွက်ပေါ်နေခြင်းဖြစ်ပြီး ကျနော်တို့ အိမ်ပေါ်သို့အရောက်တွင် ဘေးကြယ်ကြီးဇနီး ကရင်မကြီး (အမိုး)မှာ အမယ်လေး သေရပါတော့မယ်၊ သေရပါတော့မယ်ဟူ၍ ကြမ်းပြင်ပေါ်တွင် လူးလိမ့် အော်ဟစ်ရင်း မချိမဆန့်ဝေဒနာ ခံစားနေရသည်ကို တွေ့ရလေ၏။ အမိုးကား စခန်းခွဲတခုလုံး ပွက်လောရိုက်အောင် အော်ဟစ် ငြီးငြူကာ ရင်ညွန့်ကိုလက်နှင့်ဖိရင်း ပက်လက်လန်သွားလိုက် မှောက်ခုံဖြစ်သွားလိုက်၊ ခဏငြိမ်သွားလိုက်နှင့် ချက်ချင်း အသက်ထွက်တော့မည့်ပုံစံ ရှိနေလေရာ ထောင်မှူးကတော် လတ်လတ်ထွေးက ရင်ဝကိုဖိပေး၊ ခြေမချိုးသူချိုးနှင့် ပျာယာခတ် နေကြလေသည်။
စင်စစ်အားဖြင့် ဆေးရုံဆေးခန်းနှင့် အလှမ်းဝေးလှသည့် ဤရဲဘက်စခန်းလိုနေရာမျိုးတွင် ယခုလို သေရေးရှင် ရေးကိစ္စများ၌ အကျဉ်းဦးစီးဝန်ထမ်းဘဝသည်လည်း ရဲဘက်တို့နှင့် ထူးမခြားနားပင်တည်း။ ကိုသက်ခိုင်ကား စကားတခွန်းမှမဆိုပဲ ဆူညံနေသော လူအုပ်ဘေးမှာ ငူငူကြီးရပ်နေရင်း တစုံတခုကို လေးလေးနက်နက် စဉ်းစား နေဟန်ရှိလေသည်။ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေသော ဘေးကြယ်ကြီးသည် “ကျနော့်ဇနီးကို မကယ်နိုင် တော့ဘူးလားဗျာ” ဟူသောအမူအရာဖြင့် ကိုသက်ခိုင်ရှိရာသို့ လှမ်းကြည့်လိုက်၏။ ရုတ်ခြည်းဆိုသလို ကိုသက်ခိုင်တယောက် အိမ်ပေါ်မှ ဆင်းသွားပြီး ဆေးပုလင်းတချို့နှင့်အတူ ပြန်ရောက်လာကာ အင်္ဂလိပ်ဆေး ငါးလုံးခန့် အမိုးကို တိုက်လိုက်သည်။ ဆေးတိုက်ပြီးနောက် ဆယ့်ငါးမိနစ်ခန့်အကြာ ဘေးကြယ်ကြီး၏ဇနီး အမိုးမှာ တဖြည်းဖြည်းငြိမ်သက်လာပြီး အိပ်ပျော်သွားလေရာ ပရိသတ်ကား ပါးစပ်အဟောင်းသားနှင့်ရှိလေ၏။ ထို့နောက် ကိုသက်ခိုင်က ဘေးကြယ်ကြီးကို သူနှင့်ခေတ္တလိုက်ခဲ့ရန်ခေါ်လေရာ ဘေးကြယ်ကြီးမှာ ကျောင်းဆရာနောက်က တပည့်တယောက်လိုက်ပါသလို ပါသွားလေ၏။ထိုစဉ်ကလည်း ကျနော့်စိတ်မှာ အံ့သြလှသဖြင့် သူ့တဲပေါ်သို့ လိုက်သွားပြီး မေးမြန်းခဲ့ဖူးသည်။
“ခင်ဗျား ဥစ္စာ စွမ်းလှချည့်လား၊ ဘာဆေးတွေများ တိုက်လိုက်သတုန်းဗျာ”
“ဘာမှမဆန်းပါဘူးဗျာ၊သူ အော်ဟစ်ခံစားနေရတဲ့ပုံစံက သူ့ရင်ဘတ်ထဲကို ပိုးကောင်တကောင်ဝင်ပြီးကိုက်နေ သလိုပုံစံ၊ငြိမ်သွားလိုက်၊ထအော်လိုက်နဲ့၊ ရင်ဘတ်နဲ့အနီးဆုံးမှာ အသည်းရှိတယ်၊ အသည်းထဲမှာ ပိုးကောင် တကောင်ကိုက်နေပုံနဲ့ တူနေတယ်။ ဒီအကြောင်းကျုပ်စာတအုပ်မှာ ဖတ်ဘူးတယ်။ ဒါကြောင့် အဆောင်ပေါ်က ကိုတင်ဝင်းဆီမှာ ဆေးမှူးလာတုန်းကပေးထားတဲ့ အင်တီဗိုင်းအိုးရပ် အမောက်ဆလင်သုံးလုံးရယ် ကျုပ်သောက် ခဲ့တဲ့ အိပ်ဆေးလက်ကျန်နှစ်လုံးရယ် တိုက်လိုက်တာ။ ဝမ်းကိုက်ပိုး အသည်းထဲရောက်တာ ဖြစ်ဖို့ များတယ်ဗျာ”
“ ဟာ ဒါဆို ခင်ဗျား တွက်တာ လွဲနေရင် ဘာဆက်လုပ်မလဲဗျ “
“ရှင်းရှင်းလေးဘဲဗျ။လူနာလှေပေါ်တင်ပြီး ဆေးရုံရောက်အောင် သွားပေတော့ပေါ့၊ကျနော်တိုက်တဲ့ အိပ်ဆေး၊ အမောက်ဆလင်နဲ့တော့ မသေလောက်ပါဘူး”
”ဘေးကြယ်ကြီးကို ခေါ်သွားတာကကော “
”အရင်က ဖြစ်ဘူးသလား။ဘယ်ဆေးသောက်ဘူးသလဲမေးတော့ သူက ဘယ်ချောင်မှာ သိမ်းထားမှန်း မသိတဲ့ ဆေးစာရွက်ကလေးယူလာပြတာနဲ့ ဆေးသွားဝယ်ဘို့ ပိုက်ဆံထုတ်ပေးလိုက်တာ။ ဘေးကြယ်ကြီးမိသားစုက ဘယ်တုန်းကမှ လက်ထဲမှာပိုက်ဆံထားနိုင်တာ မဟုတ်တာဗျာ။ ခင်ဗျားမြင်တဲ့အတိုင်း သူ့ကလေးဘုစုခရု တပြုံ တမကြီးနဲ့”
“ဆုံးဖြတ်ချက်က တစွတ်ထိုးရမ်းပြီးဆုံးဖြတ်သလိုကြီး ဖြစ်မနေဘူးလားဗျာ”
”သိပ်မှန်တာပေါ့။ လောကကြီးမှာ နောက်ဆုံးနည်းသုံးရတဲ့အချိန်တွေ ရှိတတ်တယ်။ အဖြစ်နိုင်ဆုံးနဲ့ အထိ ရောက်ဆုံးလမ်းကိုရွေးရတဲ့ ကျဉ်းထဲကျပ်ထဲအချိန်တွေ ရှိတတ်တယ်။ ယုတ္တိနည်းတို့ ဆင်ခြင်တုံတရား တို့တော့လိုတယ်။ အခု ကျုပ်ရွေးခဲ့တဲ့နည်းဟာ အတိုဆုံး၊ အကောင်းဆုံးနဲ့ အဖြစ်နိုင်ဆုံးနည်းပါပဲ၊ ဒါကို ခင်ဗျား မငြင်းနိုင်လောက်ပါဘူး”
ထိုစဉ် ကျနော်မငြင်းနိုင်သည့်နည်းတူ မကြာမီမှာပင် သူကိုယ်တိုင်မရှင်းနိုင်သည့် ပြဿနာတခု ကိုသက်ခိုင်ကို ဝင်ဆောင့်ခဲ့ပါလေတော့သည်။ အဆိုပါပြဿနာမှာ ဘေးကြယ်ကြီးသမီး၏ မြီးကောင်ပေါက် ဇာတ်လမ်း ဖြစ်၏။ ငါးကန်စတင်တူးဖော်ပြီး တပတ်ခန့်အကြာတွင် ဖြစ်သည်။ မနက်ငါးနာရီခန့် ရဲဘက်အိပ်ဆောင် ဖွင့်သည်နှင့် ရဲဘက်အချို့မှာ ဟိုတစုသည်တစု ဝိုင်းဖွဲ့ကာ တစုံတခုသောသတင်းကို တီးတိုးဖြန့်လျက် ရှိသောကြောင့် စုံစမ်းကြည့်ရာ လွန်ခဲ့သောညက စခန်းခွဲ(၁)တွင် အိမ်တက်မှု ဖြစ်သည်ဆို၏။ အိမ်ကား ဘေးကြယ်ကြီးအိမ်ဖြစ်၍ အိမ်တက်မှုကျူးလွန်သူမှာ ထိုညကအပြင်ဘာယာ တာဝန်ကျသော ရဲဘက်မြင့်လွင်ဖြစ်၏။ တက်ရသော အကြောင်းကား ဘေးကြယ်ကြီးသမီးနှင့် မြင့်လွင်တို့၏ နှလုံးသားရေးရာကြောင့်ဟု ဆိုကြလေသည်။ ဘေးကြယ်ကြီး နိုးလာသောကြောင့် မြင့်လွင်တယောက် အိမ်ပေါ်မှသာမက ရဲဘက်စခန်းမှပါ ပြေးရကိန်း ကြုံတော့သည်။ဖြစ်ပုံကား မဆန်းလှသော်လည်း နောက်ဆက်တွဲပြဿနာကား မသေးလှချေ။
မြင့်လွင်မှာ ထောင်မှူးဦးအေးနိုင်၏လက်စွဲတော် ဖြစ်သည်ကတကြောင်း၊ အကျဉ်းဦးစီး လုပ်ထုံးလုပ်နည်းနှင့် အညီ ဖြစ်စဉ်ကိုအထက်သို့ တင်ပြလျှင်လည်း မသင့်သည်ကတကြောင်း၊ မြင့်လွင်မှာ လွတ်ရက်နီးနေ သည်ကတကြောင်းတို့ကြောင့် ထောင်မှူးက ကိုသက်ခိုင်ကိုခေါ်ကာ မြင့်လွင်ကို စခန်းသို့ပြန်လာစေရန် တာဝန် ပေးသည်။မြင့်လွင်နှင့်မြင့်စိုးညီအကိုကား ကိုသက်ခိုင် ကျောင်းဆရာဘဝက တပည့်များဖြစ်သည်ဟုလည်းဆို၏။ ဘေးကြယ်ကြီးကား ဥပဒေနှင့်အညီ နောက်ထပ်အမှုသစ်ဖွင့်ကာ အရေးယူစေ့ချင်သည်။ဤတွင် ကိုသက်ခိုင် တယောက် ဘုန်းကြီးအမှု ရွာပတ်ကာ ပဲလှော်ကြား ဆားညပ်ကိန်း ကြုံတော့သည်။
လေးရက်ခန့်အကြာ ကိုသက်ခိုင်အစီအမံဖြင့် မြင့်လွင်တယောက် ရဲဘက်စခန်းသို့ ပြန်ရောက်သည့် အခါ ရောက်လျှင်ရောက်ချင်းပင် ဘေးကြယ်ကြီးအဆောင်ပေါ်သို့တက်လာပြီး ဝါးစိမ်းတုတ်ဖြင့် လက်ကုန်အစွမ်းပြ လေရာ ကြီးမားသောဒေါသအရှိန်ကြောင့် ဝါးစိမ်းတုတ်ရိုက်ချက်များ ပြင်းထန်လှသော်ငြား ကိုသက်ခိုင်ခမျာ ဆွဲလည်းမဆွဲသာ၊ တရားလည်းမချသာပဲ ဘေးမှသာ ငူငူကြီး ရပ်နေရတော့သည်။နောက်ဆုံး ထောင်မှူး အရောက်မြန်၍သာ အရိုက်ရပ်ပြီး မြင့်လွင်တယောက် အသက် မသေရုံတမယ် ဖြစ်ကျန်ခဲ့သည်။
အဆိုပါဖြစ်ရပ်ကြောင့် ဤရက်ပိုင်းများအတွင်း ကိုသက်ခိုင်ခမျာ စိတ်ရှုပ်ထွေးနေဟန်ဖြင့် ယခင်ကထက် နှုတ်နည်းလျက်ရှိသည်ကို ကျနော်သတိပြုမိသည့်အလျောက် အပျိုကြီးဆိုင်ဖက်သို့ သွားရာ လမ်းတလျှောက်တွင် ခပ်မဆိတ် လိုက်ပါလာခဲ့ခြင်းဖြစ်၏။ ရှုမဆုံးသော ကွင်းပြင်ကြီးထဲတွင် ရိုးပြတ်တို့မှာ အချို့ထောင်လျက်၊ အချို့လဲ လျက်။ မိုးလုံးဝကင်းစင်သည် မဟုတ်သေး၍ ရိုးပြတ်တို့အကြား ကွေ့ကောက်သောလမ်းတို့မှာ ခြောက်သည့် နေရာခြောက် စိုသည့်နေရာစိုနေဆဲ။
အပျိုကြီးဆိုင်ရှေ့ တန်းလျားပေါ်တွင် ကော်ဖီမစ်နှစ်ခွက် ရှေ့ချကာ နှစ်ယောက်သား စကားမဆိုဖြစ်ကြပဲ ကိုသက်ခိုင်တယောက် သူ့စာအုပ်ကလေးကို ဖွင့်ဖတ်နေချိန်တွင် ကျနော်က ကွင်းပြင်ကြီးဆီသို့ ငေးမျှော်ကြည့် နေမိသည်။ အကျဉ်းသားဘဝ ငြီးငွေ့ခြောက်ကပ်ရသည့်ကြား ယခုကဲ့သို့ မထင်မှတ်သော ပြဿနာများ ကြုံလာ သောအခါ စိတ်သည် နှစ်ထပ်ကွမ်းဆင်းရဲရ၏။နေ့များကို မြန်မြန်ကုန်ဆုံးစေချင်သည်။ ဖြစ်နိုင်လျှင် နံနက်လင်း သည်နှင့် အရှေ့အရပ်မှ ထွက်ပြူလာသော နေလုံးကြီးကို ကြိုးဖြင့်ဆိုင်းလျက် အနောက်ဖက်သို့ မြန်မြန်ရောက် အောင် ဆွဲချပစ်ချင်စိတ် ပေါက်သည်အထိ။ ထိုစဉ် အပျိုကြီးဆိုင် အတွင်းဖက် ဆီမှ ….
“ငါမသိဘူး အောက်မေ့နေသလား၊ နင့်မျက်နှာက နင့်လင်တွေလာရင်တမျိုး”
ဟူသော ကြိမ်းမောင်းသံထွက်လာသဖြင့် လှည့်ကြည့်မိရာ …
“ဟဲ့အကောင် အုတ်ကြားမြက်ပေါက် ၊ နင်က အရိပ်နေနေ အခက်ချိုးချိုး ၊စော်ကားမယ်မကြံနဲ့နော်”
ဟူသော အပျိုကြီးအမေ့အသံ ထွက်လာပြန်သည်။ထိုစဉ်အပျိုကြီးဆိုင်ပေါ်မှ လူတချို့၏ ကြိမ်းမောင်း ဆဲဆိုသံ များပါ ဆက်တိုက်ထွက်ပေါ်လာပြန်သဖြင့် ကိုသက်ခိုင်က ဖတ်လက်စ စာအုပ်ကိုပိတ်ရင်း ကော်ဖီမစ်ခွက်ကို တကျိုက်တည်းမော့ချကာ ကျနော့်ကိုလည်း အလားတူလိုက်လုပ်ရန် အမူအရာပြလျက် ဆိုင်ပြင်သို့ထွက်လိုက်၏။ ကျနော်လည်း အူကြောင်ကြောင်နှင့်ပင် ကော်ဖီမစ်ခွက်ကိုမော့ကာ သူ့နောက်သို့ လိုက်လာရပြန်သည်။ ဆိုင်နှင့်မလှမ်းမကမ်းရောက်မှ ကျနော်သူ့ကို ခပ်ငြီးငြီးလေသံဖြင့် မေးလိုက်မိ သည်။
“ဘာတွေ ဖြစ်နေကြတာတုန်းဗျ”
“ခင်ဗျား မကြားဘူးလား၊ဌေးလွင် ရမ်းနေတာ ”
“ဌေးလွင်က ဘယ်သူတုန်း”
“အော်၊ ဌေးလွင်လည်း ဒီရဲဘက်စခန်းက အကျဉ်းသားဟောင်းပဲဗျာ၊ ရဲဘက်ကလွတ်တော့ အပျိုကြီးဆိုင်မှာ ဝိုင်းကူသလိုလို၊ အပျိုကြီးနဲ့ ဘာလိုလိုဖြစ်ပြီး ဒီမှာသောင်တင်နေတာ၊ သူ့ဇာတိကလည်း ဒီနေရာနဲ့ သိပ်မဝေး လှဘူးထင်ပါရဲ့”
“ဒါနဲ့သူ့လင်တွေဆိုပြီး နာမည်တပ် လျှောက်ရမ်းနေတာ ဘယ်သူတွေကိုတုန်းဗျ၊”
“ညံ့ပါ့ဗျာ၊ အဲဒါ ခင်ဗျားနဲ့ ကျုပ်ကိုပေါ့၊ အထူးသဖြင့် အပျိုကြီးက ကျုပ်ကိုမျက်နှာသာပေးတယ်လို့ ဌေးလွင် ခံစား နေရပုံရတယ်၊ ကျုပ် ရိပ်မိနေတာ ကြာပါပြီ”
“ဗျာ၊ ခင်ဗျားက ဌေးလွင်ကို ရှင်းမပြဘူးလား၊ခင်ဗျားမှာလည်း အခုတလော သွားလေရာ အရာရာနဲ့အကြောင်း ကြောင်းချည်းပါလား”
“ခက်နေပါလား၊ ကျုပ်က ဘယ့်နှယ့်မှမနေတာ သွားရှင်းရင် ပိုဆိုးတော့မှာပေါ့၊ခင်ဗျားကို မေးခွန်းတခုမေး ပါအုံးမယ်၊ ဥပမာဆိုပါတော့ လူတွေအရမ်းစည်ကားနေတဲ့ ဈေးတခုထဲမှာ ခင်ဗျားကို အရူးတယောက်က မျက်နှာချင်းဆိုင်ပြီး လာဆဲတာမျိုး ကြုံရပြီဆိုပါတော့၊ခင်ဗျား ဘယ်လိုတုန့်ပြန်မလဲ”
“အင်း စဉ်းစားရခပ်ကျပ်ကျပ်ပဲ”
“ကျပ်မနေနဲ့ ၊ အရူးရှေ့ လူမြင်ကွင်းကနေ ခင်ဗျား မြန်မြန်ခြေယောင်ဖျောက်တာ အကောင်းဆုံးပဲ၊
“’ဒါနဲ့ ခင်ဗျား တပည့်မြင့်လွင်ကိစ္စကို ခင်ဗျားက ကြိုတင်သိမထားဘူးလား၊ မတားဘူးလား”
“သိနေတာကြာပေါ့ဗျာ၊ ဒီကိစ္စကို ကျုပ်က ဘယ်လိုလုပ်ကြားဝင်မတုန်း၊ အဲဒီလို ကျနော်ကြိုသိနေတာကို ဘေးကြယ်ကြီးကရိပ်မိပြီး ကျုပ်ကိုခပ်တန်းတန်းဖြစ်နေတာ၊ မြှောက်ပေးတယ်များ ထင်ရော့သလားမဆိုနိုင်ဘူး။ ဒီလိုပဲဗျ၊တခါတခါ လောကကြီးမှာ သိပ်သိနေရင် အန္တရာယ်များတယ်၊ ကုလားအုပ်သူခိုး အထင်ခံရတတ်တယ်၊ ကုလားအုပ်ပျောက်တဲ့ အာရပ်ပုံပြင်တပုဒ် ခင်ဗျားကြားဖူး တယ် မဟုတ်လား”
“ဘယ်ပုံပြင်တုန်းဗျ၊လုပ်ပါအုံး”
“တခါတုန်းက အာရပ်တိုင်းပြည်တခုမှာပေါ့၊ တွေးခေါ်မြှော်မြင်တတ်တဲ့ သူတယောက်ဟာ ခရီးသွားနေရင်း ၊ ရှေ့တူရူကလာနေတဲ့ အာရပ်သုံးယောက်နဲ့ဆုံတော့ အဲဒီသူတွေက သူတို့ဟာ ကုလားအုပ် ပျောက်လို့ ရှာနေကြတာမို့ သူတို့ကုလားအုပ်ကို လမ်းမှာတွေ့ခဲ့သလားလို့ အမေးခံရသတဲ့ဗျာ၊ ဒီမှာတင် ခရီးသွားဟာ ခင်ဗျားတို့ကုလားအုပ်ဟာ လက်ဝဲမျက်လုံးတဖက် ကန်းနေတယ် မဟုတ်လားလို့ ပြန်မေးသတဲ့၊ ဒီတော့ ကုလားအုပ်ပျောက်တဲ့အုပ်စုထဲက အာရပ်တယောက်က ဟုတ်တယ်၊ ဟုတ်တယ် ကျနော်တို့ ကုလားအုပ်က လက်ဝဲမျက်လုံးကန်းနေတာ အမှန်ပဲဗျ၊ အဲဒီကုလားအုပ် ဘယ်မှာတုန်းဆိုတော့ ခရီးသွားက နေဦး၊ ခင်ဗျားတို့ ကုလားအုပ်ဟာ ရှေ့သွားတချောင်းလည်း ကျိုးနေတယ် မဟုတ်လားလို့ ဆိုပြန်ရောတဲ့။ ဒီတော့ ကုလားအုပ် ပျောက်တဲ့အထဲက နောက်အာရပ်တယောက်က ဟား ဒါလည်း အမှန်ပဲဗျ၊ ခင်ဗျား ဘယ်နားမှာတွေ့ခဲ့သတုန်း မေးပြန်တော့ ခရီးသွားက ဒါတင်မကသေးဘူးဗျာ၊ ခင်ဗျားတို့ကုလားအုပ်ဟာ ကိုယ်လေးလက်ဝန်ကြီးနဲ့ မဟုတ်လားလို့ ဆိုပြန်ရောတဲ့၊ ဒီအချက်ကိုလည်း ကုလားအုပ်ပိုင်ရှင်တွေက ထောက်ခံပြန်ပြီး အဲဒီကုလားအုပ်ကို ဘယ်နေရာမှာ ဘယ်တုန်းက တွေ့ခဲ့သတုန်းလို့မေးတော့ ခရီးသွားက ခင်ဗျားတို့ကုလားအုပ်ကို ကျနော်မတွေ့ ခဲ့ပါဘူး၊ အခုပြောတဲ့အချက်တွေဟာ ကျနော်တွေးကြည့်လို့ သိတာတွေပါလို့ ဆိုသတဲ့၊ ဒီမှာတင် ကုလားအုပ် ပိုင်ရှင်တွေက မကျေမနပ်ဖြစ်ရာကနေ ဒီလူဟာ ကုလားအုပ်သူခိုးပဲ ဖြစ်ရမယ်လို့စွပ်စွဲပြီး မြို့ဝန်ဆီ ဖမ်းခေါ် သွားကြရော တဲ့ဗျာ”
“ခင်ဗျား ပုံပြင်ကို ကျနော်ဖတ်ဖူးတယ်ဗျ၊ မြို့ဝန်တရားသူကြီးဆီမှာ သူရှင်းပြတာတော့ ကျနော်မေ့နေပြီ ၊ လုပ်ပါအုံးဗျ ၊ ရှင်းပုံရှင်းနည်းလေး”
“အော်၊ တရားသူကြီးရှေ့ရောက်တော့ သူဖြတ်သန်းလာခဲ့တဲ့လမ်းတလျှောက်၊ ဝဲယာတဖက်တချက်မှာ မြက်ပင် တွေရှိပါလျက် ညာဖက်ကမြက်တွေကိုသာ ကုလားအုပ်စားသွားတာတွေ့လို့ ဝဲဘက်မျက်လုံးကန်းနေတယ်လို့ ဆိုနိုင်သတဲ့။ အဲဒီကုလားအုပ်စားထားတဲ့ မြက်ငုတ်တွေကို သေချာလေ့လာတော့ မြက်ငုတ်တွေရဲ့အလယ်မှာ နဂိုအတိုင်းကျန်ခဲ့တဲ့ မြက်ပင်တချို့ကို ကြည့်ပြီး ရှေ့သွားတချောင်းကျိုးတာ သိသတဲ့ဗျ။နောက်ဆုံး ကိုယ်ဝန်ကိစ္စ ကတော့ ကန္တာရသဲလမ်းမှာ ထင်ကျန်နေရစ်ခဲ့တဲ့ ကုလားအုပ်ခြေရာတွေအနက် ရှေ့ခြေနှစ်ဖက်ရဲ့ အရာဟာ တိမ်ပြီး၊နောက်ခြေရာနှစ်ခုက နက်နေလို့တဲ့၊ ကဲ မှတ်မိပြီလား”
“အင်း သူ့အဖြေနဲ့သူကတော့ ဟုတ်နေတာပါပဲဗျာ”
“ဒါနဲ့ ခုတလော ကျုပ်မှာ ပြဿနာပေါင်းသောင်းခြောက်ထောင်ဝင်နေတာ ခင်ဗျားသတိပြုမိသလား၊ အမှန်တော့ ဒါတွေအားလုံးဟာ တရားရှာသူတွေ ကြုံလေ့ကြုံထ ရှိတာမျိုးတဲ့ဗျ၊ တခါတရံ ဝင်နှောက်တဲ့သူတွေအထဲမှာ လူတွေတင်မကဘူး ၊ ရုက္ခစိုးဆိုတာတောင် ပါလာတတ်သေးဗျာ”
“ဟား ဟုတ်ပြီ၊ ဟိုတခါ ခင်ဗျားပြောဖူးတဲ့ ရုက္ခစိုးနဲ့ တွေ့တယ်ဆိုတဲ့ ဇာတ်လမ်းလေး လုပ်ပါဦးဗျ”
“အေးဗျာ ကျုပ်လည်း စခန်းဘက်မပြန်ချင်သေးတာနဲ့အတော်ပဲ၊ ဟိုဘက်ချောင်းစပ်နားက ကုက္ကိုပင်ကြီးအောက် သွားကြရအောင်ဗျာ၊”
ဤသို့ဖြင့် စခန်းခွဲ(၁)နှင့် အပျိုကြီးဆိုင်ကြားရှိ လမ်းကလေးနှင့်မလှမ်းမကမ်းရှိ တူးမြောင်းဘေးမှ ကုက္ကိုပင် ကြီးအောက်တွင် ကိုသက်ခိုင်ပြောပြသော ရုက္ခစိုးဇာတ်လမ်းမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်။
“နေဦးဗျ၊ ဇာတ်လမ်းကို ဘယ်ကနေ အစပြန်ကောက်ရမှာပါလိမ့်၊ အော် သိပြီ၊ ဗြဟ္မာ့ဘုံကလာသလိုလို နေရာကနေ ပြန်စရအောင်၊ ကျုပ် ရန်ကုန်ရောက်တော့ သမားတော်ကြီး ဒေါက်တာသိန်းဌေးဖေ ဆေးခန်းမှာ အရက်စွဲရောဂါကို ပြရတယ်၊စိတ်ရောဂါဆရာဝန်ကြီးပေါ့ဗျာ၊ တပတ်လောက်ကြာတော့ ကျုပ်အမှုအတွက် အယူခံရက်ကုန်တော့မှာမို့ ဇနီးသည် စံနစ်တကျ ပြင်ဆင်ပေးလိုက်တဲ့ အထုပ်အပိုးအပြည့်အစုံနဲ့အတူ ထောင်ထဲ ရောက်လာရော ဆိုပါတော့၊ တသက်လုံး ထင်တိုင်းကြဲလာခဲ့တာမို့ တပတ်လောက် ဆေးထိုးဆေးစားရုံနဲ့ ကျုပ် ခံစားနေရတဲ့ ဝေဒနာက ဘယ်မှာလာ သက်သာမတုန်းဗျာ၊ ထောင်ထဲသာ ဝင်လာရတယ၊် လူက အူကြောင် ကြောင် ဖြစ်နေတုန်းဗျ၊ အင်းစိန် ထောင်ကျဆောင်ရောက်တော့ ထုံးစံအတိုင်း ကျုပ်နဲ့ ပတ်သက်ရာ ပတ်သက် ကြောင်းတွေ ၊ တပည့်တွေ အများကြီးတွေ့ပေမဲ့ ညညဆို မအိပ်ပဲ ငုတ်တုတ် မိုးလင်းတဲ့ရက်တွေ ဆက်လာပြီး ကျုပ်ကို ရူးနေပြီလားလို့တောင် သံသယဝင်လာကြတယ်၊
ထောင်ဝါဒါဖြစ်နေတဲ့ တပည့်လေးတယောက်ဆို၊ ဆရာရယ် ကျနော်တတ်နိုင်တာ အကုန်လုပ်ပေးပါ့မယ်၊ ဆရာ့ ကိုကြည့်ပြီး ကျနော်မခံစားနိုင်လွန်းလို့ပါတဲ့၊ ဒါနဲ့ သူ့ အကူအညီနဲ့ အိပ်ဆေးတွေ သွင်းခိုင်းပြီး သောက်တော့လည်း သောက်နေကျတခွက်စာနဲ့ အိပ်မပျော်ပြန်ဘူး၊ နှစ်ခွက်စာတခါတည်း သောက်ချလိုက်ပြန်တော့ အိပ်ယာက ထ မရအောင်ဖြစ်၊ ထောင်ထဲဆိုတော့ တော်တော်ကို ရုပ်ပျက်ဆင်းပျက်နိုင်တာပေါ့ဗျာ။ ထောင်အရာရှိ တယောက် ကဆို ဒီလူ သိပ်ကြာကြာခံမှာ မဟုတ်ဘူး၊ သွားမှာပဲတဲ့။
အင်းစိန်ထောင်ထဲမှာ နှစ်ပတ်လောက်ကြာတော့ အကျဉ်းဦးစီးထုံးစံအတိုင်း လိုင်းဝင်ပြီး ဒီရဲဘက်ကို ထွက်ခဲ့ တယ်၊ ရဲဘက်ရောက်ပြီး တလကျော်လောက်မှာ ကျနော် အသက်ရှူလေ့ကျင့်ခန်း စလုပ်ခဲ့တယ်၊ အဲဒီလေ့ကျင့် ခန်းလုပ်ပြီး သုံးလလောက်အကြာမှာ ကျုပ် ရုက္ခစိုးနဲ့ ဆုံခဲ့တော့တာပဲဗျာ၊ ရုက္ခစိုးဆိုတော့ သစ်ပင်ကိုစောင့်တဲ့ နတ်လို့ ပြောရမယ်ထင်ပါရဲ့၊
ထူးခြားတာက ကျုပ်လေထဲမှာ ပျံနိုင်နေသလိုခံစားရတာ၊ ရုက္ခစိုးနဲ့တွေ့တာစတဲ့ ထူးထူးဆန်းဆန်း အဖြစ်တွေဟာ ဒီစခန်းခွဲမှာ ကြုံတာမဟုတ်ပဲ ပင်မစခန်းမှာချည်း ကြုံရတာဗျ။ ကျနော့်စိတ်ထင် ပင်မစခန်း ထောင်ပိုင်ကြီး စားဖို နားက ကျုပ်အိပ်ဆောင်ဘေးမှာ ဧရာမသစ်ပင်ကြီးတပင်ရှိတာကြောင့် အဲဒီရုက္ခစိုးဟာ အဲဒီအပင်ကြီးမှာစတည်း ချ နေရော့သလား မဆိုနိုင်ဘူး”
ကျုပ်ရဲ့သမာဓိလေ့ကျင့်ခန်းတွေ တစတစရင့်လာနေတဲ့နေ့တွေထဲက တနေ့ပေါ့ဗျာ။ ထုံးစံအတိုင်း လေ့ကျင့်ခန်း ဖြုတ်ပြီး အိပ်ရာဝင်တဲ့အချိန်၊အိပ်ပျော်သလို မပျော်သလို ဖြစ်နေတုန်းပေါ့။
တယ်လီဗေးရှင်းဖန်သားပြင်ပေါ်မှာ အရုပ်တွေမပေါ်ခင်တွေ့ရတတ်တဲ့ အမှုန်လေးမျိုးတွေ ဖျတ်ကနဲ ဖျတ်ကနဲ ကျုပ်အာရုံကနေ ထင်လာတယ်။အမှုန်ကွက်ကလေးက ရှည်မျောမျောဗျ။ အရွယ်အစားက သုံးပေနှစ်ပေ ဝန်းကျင်လောက်ရှိမယ်၊ အဲဒီအမှုန်လေးတွေဟာ လေးထောင့်၊အဝိုင်းစသည်ဖြင့် ပုံသဏ္ဍန်အရွယ်အစား တိတိ ကျကျမဟုတ်ဘူး၊ အမှုန်တွေဟာ ရောင်စုံမဟုတ်ပဲ၊ အဖြူအမဲသက်သက်ဗျ၊အမှုန်တွေဟာ အရောင်တောက် တယ်၊တောင်ရွေ့မြောက်ရွေ့လုပ်နေတယ်၊
ကျနော်လည်း စိတ်ထဲမှာ တအံ့တသြနဲ့ ဘာတွေများပါလိမ့်ဆိုပြီး အမှုန်တွေကို စိုက်ကြည့်နေတော့ တစုံ တယောက်က တခုခုပြောလိုက်သလို ခံစားလိုက်ရတယ်။
တပြိုင်နက်မှာပဲကျုပ်စိတ်ထဲကနေသူ ဘာကိုဆိုလိုသလဲဆိုတာအလိုလိုနားလည်လာတယ်။ အသံကြားရတာ မဟုတ်ဘူး။ စိတ်ချင်းဆက်ပြီး သူနဲ့ကျုပ် အပြန်အလှန် နားလည်နေတဲ့ပုံစံ။ အဲဒီအမှုန်လှိုင်းကလေးတွေကနေ လွှင့်ထုတ်လိုက်တဲ့ ဘာသာဗေဒဟာ အရှိန်မြန်လွန်းတော့ သူ့ရဲ့ ပထမဆုံး စကားတချို့ကို ကျုပ်နားမလည် လိုက်ဘူး။ နောက်စကားလုံးက သူဟာ ရုက္ခစိုး ပါတဲ့။ ဒီမှာတင် ကျုပ်နားမရှင်းလိုက်တဲ့ သူ့ရဲ့ ပထမဆုံးစကားဟာ သူ့နာမည်နဲ့လိပ်စာကို ပြောခဲ့တာပဲလို့ ပြန်သဘောပေါက်လာပြန်ရောဗျာ။ ဒါပေမဲ့ နာမည်နဲ့လိပ်စာ အတိအကျ ကိုတော့ ကျုပ်စိတ်မှာ မပေါ်ပြန်ဘူး။
ကျုပ်ကလည်း ချက်ချင်းဆိုသလို ခင်ဗျားက ရုက္ခစိုးဆိုတော့ ကျုပ်ဘာလုပ်ရမလဲလို့ ပြန်မေးမိတယ်။ ဒီတော့ သူ က အခု မင်းဒုက္ခရောက်နေတဲ့အချိန်မို့ ငါကူညီရမဲ့ ဝတ္တရားရှိတယ်၊ မင်းလိုချင်တာ ဖြစ်စေရမယ်တဲ့။ မင်း ဘာလိုချင်သလဲ၊ ဘာဖြစ်ချင်သလဲတဲ့။
ဘုရားစူးစေ့ဗျာ။ ကျုပ်တသက်လုံး အောင်မြင်မှုတွေ ငွေကြေးနောက်ကို လိုက်နေခဲ့တဲ့ကောင်မို့ အထုပ်ရှုပ်တွေ ကို စိတ်ကုန်နေတဲ့အချိန် ဖြစ်နေလို့ထင်ပါရဲ့။ ကျုပ်စိတ်ထဲမှာ ဝမ်းသာအားရလည်း မဖြစ်သလို ဘာလောဘစိတ် မှ မပေါ်ခဲ့ဘူးဗျာ။ ဒီတော့ ကျုပ်လည်း ကိုရွှေရုက္ခစိုးကို ဘာမှမလိုချင်ဘူးဗျာလို့ စိတ်ထဲက ပြန်ပြောဖြစ်တယ်။ သူက ဆက်ပြောသေးတယ်။ ဒါပေမဲ့ ကျုပ် မသဲကွဲဘူး၊ ကျုပ်စိတ်ထဲ သိပ်မယုံတာလဲ ပါမယ်ထင်ရဲ့။ သူ ပျောက် သွားတယ်။
ကိုယ်တော်ချောက လက်မလျော့ဘူးဗျ။ နောက်နှစ်ရက်လောက်ကြာတော့ ထပ်ပေါ်လာပြန်ရော။ မင်းက ငါ့ကို မယုံဘူးလားတဲ့ ။ ကျုပ်ကလည်း စိတ်ထဲမှာ ခပ်ပေါက်ပေါက်နဲ့ ကဲ မယုံဘူးဗျာ။ ခင်ဗျားက ဘာတွေရအောင် လုပ် ပေးမှာလည်းဆိုတော့ မင်းလိုချင်တာ ပြောလေတဲ့ လုပ်ပြန်ရော။ ရုက္ခစိုးက အဲသလို ခဏခဏလာပြီး နားပူ နားဆာလုပ်တာ အကြိမ်များလာတော့ ကျုပ်လည်းအငေါ်တူးချင်စိတ်ပေါက်လာတာနဲ့နေပါဦး၊ ခင်ဗျားက ကျုပ်ကို ဟိုဟာလုပ်ပေးမယ် ၊ ဒီဟာလုပ်ပေးမယ်ဆိုတော့ အလကားလုပ်ပေးမှာလား၊ ပွဲစားခကော ပေးရအုံး မှာလား၊ခင်ဗျားကို ကျုပ်မယုံဘူး၊ ကဲ ဒီလောက်တောင် လုပ်ပေးချင်နေရင် ကောင်းမယ်ထင်တာသာ လုပ်ပေး ပေတော့၊ ပွဲခပေးရမယ်ဆိုရင် တရာကို နှစ်ဆယ်ရာခိုင်နှုန်း(တွမ်တီးပါဆင့်) ယူပေတော့လို့ ပြောမိရောဗျာ။ ဒီမှာ တင် ကိုယ်တော်ချော ပျောက်သွားပြန်ရော။
နောက်နေ့ကျတော့ ပေါ်လာပြန်ရော။သူက တော်တော်ခက်တဲ့ လူပါလားတဲ့၊မင်းက ငါ့ကို မယုံပဲကိုး။ မင်း ငါ့ကို မယုံရင် မင်းလက်တဖက်ငါ့ကိုပေးတဲ့။ ကျုပ်မလဲ တွေ့သမျှ ဘိုးတော်၊ ရုက္ခစိုး လက်ချည်းပေးနေရတော့တာပဲ။ အသက်ကြီးမှဗျာ။ ကျုပ်ကို လက်မပေးတတ်ဘူး ထင်နေကြရော့သလား။ ကျုပ်က ညာဖက်လက်ကို ကမ်းပေး လိုက်တော့၊ မင်းငါနဲ့လိုက်ခဲ့ဆိုပြီး ခေါ်သွားပါလေရော ။
ကျုပ်လည်း အထက်မိုးလမ်းသွားဖို့ စက်ကြိုးယန္တယားမပါပဲ ဝေဟင်မှာလေဟုန်စီးပြီးပေတစ်ရာအမြင့်လောက် ကနေ သူ့နောက်ကို ပါသွားတော့တာပါပဲ။သူခေါ်သွားတာက လှိုင်မြို့နယ်က ကျနော်နေတဲ့အိမ်နားကိုပဲဗျ။ လေထဲမှာ မြင့်သွားလိုက် နိမ့်သွားလိုက်နဲ့ခေါ်သွားရာက ကျုပ်အိမ်နဲ့ မလှမ်းမကမ်းတနေရာကိုရောက်တော့ မြေပြင်ပေါ်ကို ဆင်းလိုက်ကြတယ်။ လေထီးခုန်ဆင်းတာနဲ့တောင်တူသေးဗျာ။ မြေပေါ်ကျကျချင်း ခြေထောက် လေးငါးလှမ်းယက်လို့။ပင်မစခန်းနဲ့ ကျုပ်အိမ်ဟာ မိုင်တရာကျော်ဝေးပေမဲ့ ရုက္ခစိုး၊ ကျုပ်ကို ခေါ်သွားတဲ့ လေ ကြောင်းခရီးစဉ်က ပျံသန်းချိန် တမိနစ်ထက် မပိုဘူးဗျာ။
အဲဒီအိမ်နေရာကို ကျုပ်သိတယ်ဗျ။ ကျုပ်ရဲ့ကျောင်းနေဘက်သူငယ်ချင်းမဝင်းကြည်တို့နေတဲ့အိမ်။သူ့ အဖေက ဦးတင်ခ၊ ဦးတင်ခဆိုတာ ကျုပ်တို့ခေတ် နာမည်ကြီး၊ တောင်သူလယ်သမားအကြိုက် အဆိုတော် ဟသာင်္တ အောင်တင်ဝင်းရဲ့ အကိုအကြီးဆုံး။ ကြုံတုန်းပြောရရင် ဟင်္သာတအောင်တင်ဝင်းအပါအဝင် သူ့ညီအကို မောင်နှမတွေအားလုံး၊တယောက်မကျန် ကျုပ်အကုန်သိတယ်ဗျ၊ အာကြမ်းလျှာကြမ်းနဲ့ သူ့အမ မသိန်းရွှေ၊ နောက်သူ့အောက်က ကိုသောင်းရွှေ၊ နောက်ကိုတင်မြ၊ သူတို့အားလုံး ကျုပ်တို့ လမ်းထဲမှာနေတာလေ၊ ကျုပ်လူပျိုပေါက်အရွယ်တုန်းက အိမ်ရှေ့မှာ ကျုပ်ရေချိုးနေတုန်း ဟသာင်္တအောင်တင်ဝင်းက ကျုပ်အိမ်ရှေ့ ရောက်လာတယ်၊ အမှန်က သူ့အမေ ဒေါ်စံမယ် နေမကောင်းလို့ လာကြည့်တာဗျ။ တိုက်ဆိုင်ချင်တော့ သူလည်း ကျုပ်အိမ်ရှေ့ ရောက် ရော ကျုပ်အိမ်က ရေဒီယိုကနေ မပြည့်လေသော ကိုယ့်ဆုတောင်းဆိုတဲ့ သီချင်းလာနေလို့ ကျုပ်လည်း လမ်းမပေါ်က သူ့ကို ဗျို့ ကိုတင်ဝင်း ခင်ဗျားသီချင်း ရေဒီယိုကလာနေတယ်ဗျလို့လည်း လှမ်းအော် လိုက်ရော သူကလမ်းပေါ်မှာရပ်ပြီး သူ့သီချင်းကို သူပြန်နားထောင်သွားဖူးတယ်ဗျာ။ အဲဒီတုန်းက သူ့ကြည့်ရတာ သူ့ဘဝကို ဂုဏ်ယူကျေနပ်နေပုံပါပဲ။ အသားဖြူဖြူ မျက်နှာမှာကျောက်ပေါက်မာသဲ့သဲ့နဲ့ တကယ်စိတ်ထား ဖြူစင်တဲ့သူပဲဗျာ ။ထားပါတော့ဗျာ။
ဟိုတုန်းက ဦးတင်ခရဲ့ အိမ်မှာ ရပ်ကွက်ပြည်သူ့ဆိုင်ဖွင့်ဖူးတယ်။ ကျုပ်နဲ့ရုက္ခစိုး အဲဒီနားမှာ ယောင်လည်လည် လုပ်နေကြတုန်း ကျုပ်စိတ်ထဲမှာ မဝင်းကြည်တို့ အိမ်နေရာတော့ဟုတ်ပါပြီ၊ အဆောက်အဦးက မဝင်းကြည်တို့ အိမ်နဲ့မတူသလိုပဲလို့ တွေးမိသေးတယ်ဗျ။
ကိုရွှေရုက္ခစိုးက အဲဒီအိမ်ထဲကို လက်ညှိုးထိုးပြီး မင်းကြိုက်တာ ဝင်ယူတော့တဲ့။ အိမ်ထဲမှာ မီးလင်းနေတယ်။ အမျိုးသမီးတယောက် အဲဒီအဆောက်အဦးထဲက ထွက်လာပြီး ဘေးဖက်ကိုကပ်ပေးတယ်။ ကျုပ်ကလည်း ဟ၊သူများပစ္စည်း ကျုပ်မလိုချင်ဘူး။ ပိုင်ရှင်ရှိတာတော့မလုပ်ပါနဲ့လို့ငြင်းလိုက်တော့ သူပျောက်သွားရော။ကျုပ်လည်း ရဲဘက်က ကုတင်ပေါ် ပြန်ရောက်လာရောဗျာ။
လားလား မနက်မိုးလင်းလို့ကျုပ်ပြန်စဉ်းစားတော့မှ အဲဒီနေရာမှာ မီးလောင်သွားခဲ့လို့ မဝင်းကြည်တို့ အိမ်မရှိ တော့ဘူး။ အောင်ချမ်းသာကျောင်းတိုက်ပိုင်ဖြစ်ပြီး စေတီခပ်ကြီးကြီး တဆူတည်ထားတာ သွားသတိရတော့ တယ်။ တော်တော်ဆိုးတဲ့ ရုက္ခစိုးဗျာ။ ဘယ့်နှယ် ဌာပနာတိုက် သွားဖောက်ခိုင်းရတယ်လို့။ ကျုပ်စိတ်ထဲတော့ အဲဒီလိုပဲ ထင်လိုက်မိတယ်ဗျာ”
ကိုသက်ခိုင့်စကားအဆုံးတွင် ကျနော်က သံသယရှိသည့်လေသံဖြင့် ..
“ခင်ဗျား ဥစ္စာက ယုံဘို့တော့ခပ်ခက်ခက်ပဲ၊ အိပ်မက်မက်တာများ ဖြစ်နေမလားဗျာ”
“ဟ အိပ်မက်မက်တယ်ဆိုရအောင် တကြိမ်လည်းမဟုတ် နှစ်ကြိမ်လည်းမဟုတ်ဗျာ၊ ကျုပ်လည်း အံ့သြလွန်း တာနဲ့ ဒီလိုကြုံရတွေ့ရတာဟာ ဘာကြောင့်များပါလိမ့်ဆိုပြီး နီးရာစာအုပ်တွေ လျှောက်လှန်တော့ ထူးထူးဆန်း ဆန်းဗျာ၊ အခုကျနော်ဖတ်နေတဲ့ ဆရာသက်ကြီးရဲ့ ဝိပဿနာရှုနည်း လက်စွဲစာအုပ်လေးမှာ ပါနေတယ်ဗျာ”
“အော် အဲဒီလို ရုက္ခစိုးနဲ့တွေ့ရတတ်တယ်ဆိုတာမျိုး ရေးထားသလား”
“အေးဗျ၊ တိတိကျကျကို ရေးထားတာ၊ ခင်ဗျားကို သေချာအောင်တခု ထပ်ပြောပါရစေ၊ ကျနော်က ဒီစာအုပ်ကို အရင်ဖတ်ပြီး စိတ်ကတောင်ထင်မြောက်ထင် ထင်တာမျိုးမဟုတ်ပဲ ရုက္ခစိုးနဲ့တွေ့ပြီးမှ ဒီစာအုပ်ထဲမှာ အဲဒီ အကြောင်း ဖတ်မိတာဗျ၊စာမျက်နှာ(၆၅)(၆၆)မှာ၊ကျုပ်ဖတ်ပြမယ်။နားထောင်။
နတ်တွေဘာတွေကို ဂရုစိုက်မနေနှင့်
“တခါတရံ သမ္မာဒေဝနတ်တွေ ရုက္ခစိုးတွေနှင့် တွေ့ရတတ်၏။ စကားပြောရတတ်၏။ သို့ရာတွင် တွေ့တုန်းအခါက မိမိစိတ်မှာ မထူးဆန်း၊ လူချင်းတွေ့ရသကဲ့သို့ပင် ရှိတတ်၏။သူတို့ကလည်း ကြောက်လန့်အောင် မလုပ်နိုင်။ တချို့ကမူကားအားပေး၍သွားကြ၏။ အချို့မှာ မိမိကအလိုရှိလျှင် လာတတ်၏။ မေးလျှင်လည်း ပြန်ကြားဖြေဆို တတ်၏။
ဤအခါ သမထအားထုတ်သော ယောဂီသည် မိမိအလုပ်ကို မိမိကောင်းစွာ ဆက်မထိုင်ပဲ နတ်တွေနှင့်သာ ပျော်မွေ့၍ နေတတ်ကြ၏။မိမိကိုယ်မိမိ အထင်ကြီးပြီး နတ်ယောင်ယောင် ဝိဇ္ဖာယောင်ယောင်နှင့် အတော်ကြာ ဘာဘဲဖြစ်တော့မလိုလို။ အတော်ကြာ ဘာဘဲရတော့မလိုလို ထင်နေတတ်ကြသည်။ကြာတော့ကာ ပြောပုံဆိုပုံ ရူးကြောင်ကြောင်နှင့် ဖြစ်လာတတ်ကြသည်။ ဤသို့ဖြင့် တောင်မရောက်မြောက်မရောက်နှင့် မူလက ရည်ရွယ် ရင်း ကမ္မဌာန်းအလုပ် ပျက်တတ်သည်။
ထိုကြောင့် သမထကမ္မဌာန်း အလုပ်မှာ ဝိပဿနာကိုပြ၍ မြင်လွယ်လောက်တဲ့ သမာဓိအားရှိလျှင် သမထကို ဖြတ်၍ ဝိပဿနာကို ရှုသွားတာကောင်းသည်။
ဤနေရာ၌ စောဒကဝင်စရာရှိရဲ့ ဘယ်လိုဝင်မလဲဆိုလျှင် ဒီလိုသာဖြင့် ဈာန်အဘိညာဉ်ရအောင် အားထုတ်တဲ့ သူများ ဒီလိဲုပဲ ဖြစ်နေရတော့မှာလားဟု မေးစရာရှိရဲ့။ ထိုအခါ ဖြေဆိုရမည်မှာ ဈာန်အဘိညာဉ်ရအောင် အားထုတ်သောပုဂ္ဂိုလ်များက ဤကဲ့သို့ရုက္ခစိုးအစရှိသော နတ်တွေနှင့်တွေ့ရ မြင်ရပြောဆိုရတာနှင့် အာရုံမပြေ၊ မနှစ်သက်။ မိမိတရားကိုမိမိဆက်လက်၍သာ အားထုတ်သွားကြပေသောကြောင့် ဈာန်အဘိညာဉ်ရသည်အထိ ပေါက်ရောက်သွားကြပေသည်။ ” တဲ့။
“ကဲ..ကျုပ်တော့ ကံအားလျော်စွာ ဒီတောင်ကိုကျော်နိုင်ခဲ့တယ် ဆိုပါတော့ဗျာ။ လေ့လာအားပြုစရာတွေ ရှိလာတော့ ကျုပ်လုပ်နေတဲ့ သမထအလုပ်ကိုရပ်ပြီး ဝိပဿနာဘက်ကို လှည့်ရတော့တာပေါ့ဗျာ။ ဖြစ်ပျက်မြင် တယ်ဆိုတာ ဝိပဿနာလိုင်းဗျ။သမထနဲ့ကတခြားစီ။ဒီနေရာမှာ နတ်တွေရုက္ခစိုးတွေကို ဂရုမစိုက်နဲ့ဆိုတာ တော်တော်အဓိပ္ပါယ်ရှိတယ်။ ခင်ဗျားစဉ်းစားကြည့်၊ အဲသလို သူတို့ကလာပြီး ဆက်သွယ်တယ်ဆိုတာ သူတို့ ဆက်သွယ်လို့ရလောက်တဲ့ အခြေအနေအားလုံးနဲ့ ကိုက်ညီနေမှ ဆက်သွယ်လို့ရတာမျိုးဗျ။ ဆိုလိုတာက စောင့်ထိန်းမှု၊ တည်ငြိမ်မှုဆိုတဲ့ သီလသမာဓိတွေပြည့်စုံနေတဲ့ အချိန်မျိုးမှာမှ ဆက်သွယ်နိုင်တာပေါ့ဗျာ။ ခင်ဗျားတို့ ကျုပ်တို့ လူသာမန်တွေအဖို့ အချိန်မရွေး သီလသမာဓိပျက်သွားနိုင်တယ်၊ ဒါကြောင့် အကြားအမြင် ရသလိုလို ရုက္ခစိုးမှော် အောင်သလိုလိုနဲ့ ရှေ့ဖြစ်နောက်ဖြစ်တွေ ဟောကြပြောကြသူတွေဟာ နတ်တို့ ရုက္ခစိုးတို့နဲ့ ချိတ်ဆက်နိုင်ချိန်မှာ အဆင်ပြေနေပေမဲ့ ကိုယ်လိုတဲ့အချိန် ရွှေကိုယ်တော်က ဆက်သွယ်မှုဧရိယာပြင်ပရောက် နေရင် လူလိမ်ဖြစ်ရော။
အမှန်က ကျုပ်လေ့ကျင့်အားထုတ်ခဲ့တယ်ဆိုတာ အကြားအမြင်ရချင်စိတ်၊ မှော်အောင်စိတ်ကြောင့် မဟုတ်ဘူးဗျ၊ လောကကြီးကို ငြီးငွေ့စိတ်ပျက်လွန်းလို့ ကြောက်ကြောက်နဲ့ သိသမျှတတ်သမျှ လျှောက်လုပ်နေခဲ့တာကလား။ ဒီမှာတင် သမထဖက်ကို ရောက်သွားပြီး လူတကာမယုံနိုင်တဲ့ ဇာတ်လမ်းတွေ ကြုံရရောဆိုပါတော့ဗျာ။ကျုပ်မှာ သမထအားကောင်းနေပြီဆိုတာ ကျုပ်ကိုယ်တိုင် သိလိုက်တဲ့အဖြစ်လည်းရှိသေးတယ်ဗျ။ ကြုံတဲ့အခါပြောကြ သေးတာပေါ့။”
ကိုသက်ခိုင်က သူ့ဇာတ်လမ်းကို အဆုံးသတ်ရင်း ကုက္ကိုမြစ်ဆုံပေါ်မှ ရုတ်တရက်ထကာ စခန်းခွဲဆီသို့ ခြေလှမ်း ပြင်လိုက်သဖြင့် လာရာလမ်းအတိုင်း ကျနော်တို့ယာယီနားခိုရာ စခန်းခွဲ(၁)သို့ အတွေးကိုယ်စီနှင့် ပြန်ခဲ့ကြ ပါသည်။
(ဆက်လက်ဖော်ပြပါမည်။)
(ရုပ်ပုံ။။ ဂူဂဲလ်)