၁၈။၀၆။၂၀၁၄နေ့ထုတ်။ ဆဲဗင်းဒေးအပတ်စဉ်ဂျာနယ်(မင်းဒင်ရဲ့သက်ခိုင် ၂)
အခန်း(၃၉)
အန္တရာယ်တောထဲက၊အမေ့ခံဘဝများ။ ။
ကိုသက်ခိုင်ကား (NIKE)တံဆိပ်အကောင်းစားစပို့ရှပ်ဖြင့် ထုံးစံအတိုင်းလူလတ်ပိုင်းတစ်ဦး၏ဟန်ပန်အပြည့်ဖြင့် ဖျတ်လတ်သွက်လက် လျက်ရှိ၏။ကိုသက်ခိုင်ကိုကြည့်ရသည်မှာ အလီမောင်မောင်ကျနော့်ထံရောက်မရောက်၊ကိုယ်တိုင်လိုက်လာပြီး စနည်းနာခြင်းဖြစ်နိုင်၏။ ကျနော်က သူ့ကိုထိုင်းရိုးရာအတိုင်း လက်အုပ်ချီ ရင်း အတည်ပေါက်လိုလိုနောက်ပြောင်သလိုနှင့် အရိုအသေပြုနှုတ်ဆက်စကား ဆိုလိုက်သည်။
"ဆဝါဒီခပ်၊ဖိ(မင်္ဂလာပါအကို)"
"တော်စမ်းပါဗျာ။ကိုယ့်လူနှယ်၊ထိုင်းရောက်နေတာကြာပေါ့ ဆဝါဒီတောင် နည်းလမ်းကျအောင်မခပ်တတ်သေးဘူး"
"အမလေး၊ဆဝါဒီခပ်တာများလွယ်လွန်းလို့ဗျာ၊လက်အုပ်လေးချီပြီး ပါးစပ်က ဆဝါဒီဆိုပြီးရောမဟုတ်လား"
"တော်ပါတော့ ကိုလူလည်ရယ်၊မသေမချင်းမှတ်ထားပေတော့၊ဆဝါဒီခပ်တာ လေးမျိုးရှိတယ်ဗျ။နဖူးနဲ့လက်မထိတဲ့အနေအထားက ဘုရား၊ တရားသံဃာ။နှာခေါင်းနဲ့လက်မထိထားရင် အမိအဖ၊ဂုဏ်အားဖြင့်လည်းကောင်း၊အသက်အားဖြင့်လည်းကောင်း ကြီးမြတ်သူ၊ကြီး ရင့်သူတွေအတွက်ဗျ။ရွယ်တူဆိုရင် ပါးစပ်မှာထိထား၊ ကိုယ့်ထက်အသက်ငယ်ရင် ရင်ညွန့်တည့်တည့်မှာကပ်၊မသေမချင်းမှတ်ပေရော့"
"အမယ် တယ်ဟုတ်ပါလား။ကျနော်ကတော့ စွတ်ဆဝါဒီခပ်နေတာပဲဗျာ။ပညာရှိစကားကို မှတ်သားနာယူထားအုံးမှ"
"ကဲပါဗျာ၊မောင်မောင်နဲ့ခင်ဗျားလုပ်ချင်တာတွေ အံကျဖြစ်ရဲ့လား"
"ဖြစ်တယ်ဗျ။ဒီမောင်က ပညာစုံတတ်တာကလား။ဇာတ်သမားစကားနဲ့ဆို သေတ္တာမှောက်လို့တောင်ဆိုရမယ်"
အလီမောင်မောင်က တံခါးသော့အသစ်ကိုမူလီစုပ်နေရင်း ခပ်ပြုံးပြုံးလှမ်းကြည့်နေသဖြင့် ကိုသက်ခိုင်က စကားလမ်းကြောင်းကို သူ့ဆီ သို့ဦးတည်လိုက်သည်။
"ဟေ့၊မောင်မောင်၊ရုရှတစ်ယောက်ကို ဗမာချာတိတ်နှစ်ယောက်ရိုက်သတ်တဲ့ကိစ္စ တရားခံမိပြီလား"
"ဟာ ဆရာ၊အဲဒီအမှုက လာဝိုင်ကမ်းခြေမှာဖြစ်တာဆရာရဲ့။ ချာတိတ်တွေက ဒီအမ်မခမ်ဘော်လဲနားက ပင်နာဆွန်ဆိုက်ကြီးထဲမှာ နေ တာတဲ့ ။ထိုင်းပုလိပ်တွေဝင်မွှေနေတာတော့ လေးငါးခါရှိပြီ။အခုလောလောဆယ်ဖမ်းမိထားတဲ့ကောင်တွေက တကယ့်တရားခံအစစ်တွေ မဟုတ်ဘူးတဲ့။တကယ်သတ်တဲ့ချာတိတ်တွေဟာ မွန်ပြည်နယ်နှီးပဒေါရွာသားတွေလို့ပြောကြတာပဲဆရာ"
သူတို့နှစ်ယောက်ပြောဆိုနေကြသည့် ရုရှလူမျိုးတစ်ယောက် ၎င်းနေထိုင်ရာအိမ်ခြံဝမှာအသတ်ခံရသည့်သတင်းကို ကျနော်လည်း သိုးသိုးသန့်သန့် ကြား ထားပြီးဖြစ်၏။ကျနော့်ဈေးဆိုင်ကား လူဝင်လူထွက်များသည်ဖြစ်၍ သတင်းပလင်းစုံလှသည်။သို့သော် မွန်ဗမာ အများစုမှာ မည်သည့်ထိုင်း သတင်းစာကိုမျှ မဖတ်တတ်သည့်အပြင် ထိုင်းတီဗွီချယ်နယ်များမှ လာသောသတင်းများကိုလည်း လုံးစေ့ ပတ်စေ့နားလည်ကြသူများ မဟုတ်ကြလေရာ သူတို့ပြန်၍ဖောက်သည်ချသမျှသတင်းတို့မှာ ယောင်ယောင်ဝါး ဝါးအလွဲအမှား သတင်း များသာဖြစ်၏။ကိုသက်ခိုင်ကား ဆက်၍ စပ်စုနေပြန်သည်။
"မင်းသိသလောက်ပြောပါအုံးမောင်မောင်ရ"
"အဲဒီရုရှက အသက်ငါးဆယ်ကျော်လောက်ရှိတယ်တဲ့ဆရာ။သူက လာဝိုင်ကမ်းခြေမှာခြံဝင်းအကျယ်ကြီးနဲ့နေတာ။ သူကိုသတ်မဲ့ချာ တိတ် နှစ်ယောက်က သူ့ခြံဝမှာ ညနေငါးနာရီလောက်ကတည်းက၊ကြိုစောင့်နေပြီး သုံးနှစ်သစ်သားပိုင်းနဲ့ မသေမချင်းရိုက်သတ်တာ။ နေရာတင် ပွဲချင်းပြီးတာပေါ့ဆရာ။အမှန်က ရုရှကြီးဟာ ကားပေါ်ကနေဆင်းပြီး အဲဒီကောင်တွေနဲ့တစ်ယောက်တစ်ခွန်း စကားများကြ သေး တယ်တဲ့"
"မင်းကတော့လုပ်ပြီ။ ဘယ်ဗမာက ရုရှလိုတတ်လို့ စကားအခြေအတင်ဖြစ်ရမှာတုန်းကွာ။ကိုယ့်ကိုတချို့မောင်တွေပြောတာက ရုရှ အဘိုးကြီးရဲ့ ခြံထဲဝင်ပြီး အာစီယံကျိုဖို့ ဘိုင်ကထောင်(ဘိန်းစာရွက်)ဝင်ခူးရင်း ပြဿနာဖြစ်သလိုလို၊ဘာလိုလို ကြားမိတယ်"
"ကျနော်တော့ အဲသလို မကြားဖူးဆရာ။အဲဒီချာတိတ်နှစ်ကောင်ရဲ့ ညီမဆိုလား။အသက်နှစ်ဆယ်ဝန်းကျင်မွန်ဗမာမလေးတစ်ယောက်က အသတ်ခံရတဲ့ ရုရှအိမ်မှာ အိမ်ဖော်လုပ်တာတဲ့။အဲဒီအိမ်ဖော်ဗမာမလေးကို ရုရှက မုဒိန်းကျင့်တယ်ဆိုလားကြားတာပဲဆရာ"
"အေးပေါ့ကွာ။အခုအသတ်ခံရတာ ရုရှလူမျိုးဆိုတော့ မွန်ဗမာတွေနဲ့နှိုင်းယှဉ်ရင် ဂုဏ်သိက္ခာရှိကြတာကိုး။ဖူးခက်ကထိုင်းရဲတွေ တရားခံ ကို မြေလှန်ရှာကြတာ မထူးဆန်းပါဘူး။ကိုမင်းဒင်ရေ၊ ဒီဖူးခက်မှာ လူမျိုးတမျိုးရဲ့ဂုဏ်သိက္ခာဟာ တော်တော်ပေါ်လွင်တယ်ဆိုရမယ်ဗျ။ ထိုင်းမတွေဟာ အဖြူကောင်တွေဆို သက်ကြားအိုလည်း၊လာထားဆိုတဲ့အထဲက ။အဖြူကောင်တိုင်းလည်း ကြွယ်ဝချမ်းသာကြတာ မဟုတ်ပါဘူး။သူတို့ရတဲ့ ပင်စင်လစာက ထိုင်းမှာလူတန်းစေ့နေနိုင်စားနိုင်တဲ့အဆင့်ဆိုတော့ တွင်ကျယ်နိုင်ကြတာပေါ့ဗျာ။ ရင်နာစရာ အကောင်းဆုံးက ဖူးခက်လို နိုင်ငံတကာလူမျိုးစုံဝင်ထွက်နေကြတဲ့မြို့ကြီးမှာ ဗမာဟေ့ဆိုတာနဲ့ အလုပ်ကြမ်းသမားနဲ့ စားပွဲထိုးဆိုပြီး အများစုက နားလည်နေကြတာက လား။ကျနော်အပါအဝင်ဘယ်ဗမာမှ ငါဗမာဟေ့လို့ ရင်ကော့ပြောနိုင်တဲ့သူ မရှိပါဘူး။ အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေးဆိုပြီး အသံကောင်းဟစ်နေကြတဲ့ ပုဂ္ဂိလ်ကြီးများကို ခေါ်ပြချင်စမ်းလှတယ်။အဖြူကောင်သူဌေးတချို့လည်း ရှိတော့ ရှိပါရဲ့။ဒါနဲ့ဟိုတစ်လောက ခင်ဗျားကြားမိသေးလား။ အဖြူသူဌေးတစ်ကောင်နဲ့ညားနေတဲ့ထိုင်းမက သူ့အကိုတွေနဲ့ပေါင်းပြီး အဖြူကောင် ကို သတ်၊အလောင်းကိုတစ်စစီပိုင်းဖြတ်ပြီး ကတကမ်းခြေနားက တောင်ကုန်းပေါ်မှာ မြှုပ်ထားတဲ့အမှုလေ။အဲဒီအဖြူကောင်ဟာ အမေရိ ကန်နိုင်ငံသားဖြစ်နေတော့ ထိုင်းရဲတွေ မျောက်မီးခဲကိုင်မိ သလိုဖြစ်ပြီး နေ့ရောညပါ အမှုမှန်မပေါ်ပေါ်အောင် အလုပ်ရှုပ်ခဲ့ကြ လေရဲ့"
ကိုသက်ခိုင်ပြောသကဲ့သို့ပင် ဖူးခက်ကား အမှုအခင်းပေါင်းစုံရှုပ်ထွေးများပြားလှသည့်အရပ်ဒေသဖြစ်၏။ဖူးခက်ဒေသခံဦးရေက အနည်း စု ဖြစ်၍ အလည်အပတ်လာကြသူများ၊ကာလရှည်လာရောက်နေထိုင်သည့်မျက်နှာဖြူများ၊ ဖူးခက်တွင်အလုပ်အကိုင် အခွင့်အလမ်း များသဖြင့်အနီးဝန်းကျင်နယ်တစ်ဝိုက်မှ လာရောက်ကြသည့်ထိုင်းလူမျိုးများ၊ဗမာရွှေ့ပြောင်းအလုပ်သမားများအကြားတွင် ပြဿနာပေါင်း သောင်းခြောက်ထောင်ရှိသည်။နိုင်ငံတစ်ကာမှ အပျော်လာရှာကြသည့်အဖြူကောင်များ၏ လိုအပ်ချက်ကိုဖြည့်ဆည်းပေးရင်း ထိုင်း လူငယ်အချို့မှာ မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲတတ်ကြသည်။၎င်း၏နောက်ဆက်တွဲမှာ ဖူးခက်တွင် ရာဇဝတ်မှုထူပြောလာခြင်းပင် ဖြစ်ရာ ကျနော့်ဆိုင်နှင့်တစ်ကီလိုမီတာမဝေးသည့် တက်စကိုလိုတပ်(TESCO LOTUS)အလတ်စားဆိုင်ခွဲတစ်ခုအတွင်းရှိ ကာစီကွန် ဘဏ်(Karsikon Bank) တွင် သုံးလအတွင်း ဘဏ်ဓားပြမှုသုံးကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ဖူးသည်။
လွန်ခဲ့သော၂၀၁၂ခုနှစ်က ဖူးခက်မြို့လည်ခေါင် (TESCO LOTUS)ဧရာမကုန်တိုက်ကြီးရှေ့မှ ရွှေဆိုင်ကို ထိုင်းတစ်ကိုယ်တော်ဓားပြတစ် ဦးဝင်တိုက်သည့် သတင်းသည် တစ်နိုင်ငံလုံးဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့ဖူးသည်။ထိုထိုင်းဓားပြသည် မျက်နှာဖုံးစွပ်လျက်ဆိုင် ကယ်ဖြင့် ရောက်လာခဲ့ပြီး ရွှေဆိုင်မန်နေဂျာကို သေနတ်ဖြင့်သုံးချက်ဆင့်ပစ်ခတ်ပြီးမှ ရွှေဆိုင်ကောင်တာရှိ မှန်ချပ်များကို ရိုက်ခွဲကာ ရသမျှရွှေထည်ပစ္စည်းတို့ကို သိမ်းကြုံးယူငင်သွားခဲ့သည်။ရွှေဆိုင်မန်နေဂျာကား နေရာတွင်ပင်ပွဲချင်းပြီး၏။တရားခံကိုကား ယခုတိုင် ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း ဖူးခက်ဘန်ကောက်ကားဂိတ်တွင် ယနေ့ထက်တိုင်ချိတ်ဆွဲထားလျက်ရှိသေးသည့် "တရားခံ ပြေး အလိုရှိသည်။ဆုငွေဘတ်သုံးသိန်း"ဟူသော ဗီနိုင်းကြော်ငြာဆိုင်းဘုတ်ကြီးက သက်သေခံလျက်ရှိသည်။ထိုင်းဓားပြကိုအားကျသည် လောမဆိုနိုင်။မွန်ဗမာနှစ်ဦးသည်လည်း ဖူးခက်မြို့တွင်းက ရွှေဆိုင်ကြီးတစ်ဆိုင်ကို ဓားပြဝင်တိုက်ဖူးသည်။ထိုမွန်ဗမာဓားပြတို့ကိုမူ ဆူရတ်ဌာနီကားဂိတ်တွင် ရက်ပိုင်းအတွင်းဖမ်းဆီးရမိခဲ့သည်။
အလီမောင်မောင်ကား သူ့အလုပ်သူလုပ် နေရင်း ကိုသက်ခိုင်နှင့် အမျှင်မပြတ်စကားဆက်လျက်ရှိပြန်သည်။
"ဒါနဲ့ မောင်မောင် မင်းလည်းဖူးခက်မှာ ဒီလောက်အကြာကြီးနေခဲ့ပြီဆိုတော့ အလုပ်တော်တော်စုံခဲ့ပြီထင်ပါရဲ့"
"ဟာ အလုပ်စုံဘဝစုံတာကတော့ ပြောမနေပါနဲ့ဆရာ။ကျနော်မြွေကို အစာကျွေးဖို့အတွက် ကြွက်၊ဖားနဲ့ကင်းလိပ်ရှောတွေပါ လိုက်ဖမ်းဖူး တယ်။အင်္ဂလိပ်အဖြူကောင်တစ်ကောင်က မြွေတွေအများကြီးမွေးထားပြီး နိုင်ငံခြားကို အိတ်စပို့လုပ်တာတဲ့ဆရာ။ တစ်နေ့တစ်နေ့ ဖမ်းလိုက်ရတဲ့ ကြွက်၊ဖမ်းလိုက်ရတဲ့ဖား နားရတယ်မရှိဘူး။နောက်တော့ ညပိုင်းမှာလုပ်မဲ့ ထိုင်းရိုးရာလက်ဝှေ့ပွဲတွေအတွက် ကြော်ငြာ ကားခေါင်မိုးပေါ် မတ်တတ်ရပ်၊လက်ဝှေ့အိတ်စွပ်ပြီး ဘုန်းဘုန်းဘုန်း၊ဖြောင်းဖြောင်းဖြောင်းနဲ့ အသံကျယ်ကျယ်မြည်အောင် လက်သီးချင်း ရိုက် ဟန်ရေးပြ ရတဲ့အလုပ်မျိုးလည်း
ကျနော်လုပ်ဖူးတယ်။ကြော်ငြာကားမောင်းနေတဲ့ ဒရိုင်ဘာကတော့ အသံချဲ့စက်အသေး လေးတစ်ခုနဲ့ "SUNDAY NIGHT""SATURDAY NIGHT""FRIDAY NIGHT"ဆိုပြီး တလမ်းဝင်တလမ်းထွက် လျှောက်အော် နေတာပေါ့ဆရာ။တခါတလေ တချို့ အဖြူ ကောင်တွေဟာ လက်ဝှေ့စင်ပေါ်တက်ပြီး လက်သီးထိုးတာ ၊ခြေထောက်နဲ့ကန်တာတွေ လည်း အပျော်သဘောမျိုးလုပ်တတ်ကြတယ်။ ခက်တာက ကျနော်တို့ဗမာအလုပ်သမားတွေဟာ၊သူတို့ထိုးတာကန်တာတွေကို မတ်တတ်ရပ်ရင်း ငြိမ်ခံပေးနေရတာဆရာ။လက်နှစ်ဖက်စလုံးမှာ ဖော့ပြားတွေကာထားပေမဲ့ မူးမူးရူးရူးနဲ့စင်ပေါ်တက်လာတတ်တဲ့ အဖြူကောင်တွေလက်ချက်နဲ့ မျက်နှာတွေနံစောင်းတွေမှာ မချိမဆန့် အထိုးအကန်ခံရတာတွေရှိတာပါပဲ။ကြံ ကြံဖန်ဖန် ကျနော်ဟာ ဆင်ဦးစီးတောင်လုပ်ခဲ့ဖူးတယ်။ဖူးခက်မှာ ဆင်ရုံတွေရှိတယ်ဆရာရဲ့။တောလမ်းခရီးကိုဆင်တွေနဲ့ သွားတာတို့ ဆင်လိမ္မာပြကွက်တို့ဆို အဖြူကောင်တွေသိပ်သဘောကျကြတာ။ဆင်ဦးစီးဆယ်ယောက်မှာ ကိုးယောက်က မွန်ဗမာတွေပဲဆရာ။ အံ့သြ စရာကောင်းတာက ဖူးခက်ကဆင်တွေဟာ ဗမာဆင်ဦးစီးတွေနဲ့ ပိုပြီးအဆင်ပြေတယ်ထင်မိတယ်။ဧကန္တ အဲဒီဆင်တွေဟာ ဗမာပြည်ထဲ ကနေခိုးသွင်းလာတဲ့ ဆင်တွေများဖြစ်နေမလားပဲ။ဆင်ဦးစီးအလုပ်က ငွေရလွယ်တာတော့မှန်ပါရဲ့။အန္တရာယ်တော့ အရမ်းများတယ်"
"ဒါဆို မင်းဒိထက်ပိုပြီး ဘဝစုံသွားအောင် ကျားရုံမှာ လုပ်ဖို့ကျန်သေးတာပေါ့။ဒီလောက်ဘဝစုံတာတောင် မင်းမှာဘာမှစုမိဆောင်းမိတာ ရှိပုံမရပါလားမောင်မောင်ရာ"
"ကျနော်ညံ့တယ်လို့ပြောချင်လည်းပြောပေတော့ဆရာ။တကယ်တော့ ဖူးခက်ဟာသေချာတွေးကြည့်ရင် အန္တရာယ်တောကြီးဆရာရဲ့"
"အမလေး၊ဘယ်လိုကြောင့်အန္တရာယ်တောကြီးလို့ဆိုရသတုန်း။ရှင်းပါအုံးမောင်ရာ"
"ဖူးခက်မှာတော့ လျင်သူစားစတမ်းလို့ပြောရမယ်ဆရာ၊ဟိုတုန်းကဆို မွန်နဲ့ဗမာလည်း တကျက်ကျက်၊ခဏခဏရန်ပွဲတွေဖြစ် တယ်။ ဖြစ်ရပုံက မွန်တွေကဗမာစကားကိုနားမလည်၊ဗမာတွေက မွန်စကားမတတ်တော့ ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေကနေ သတ်ပွဲဖြတ်ပွဲ တွေအထိ ဖြစ် ကြတယ်။အချင်းချင်းဖြစ်ကြလို့သေပြီဆိုရင် ကော်ဆန်း(ဆောက်လုပ်ရေး)ဆိုက်တွေမှာသုံးတဲ့ မက်ခို(မြေတူးစက်)တွေနဲ့ မြေမြှုပ်ပစ်ကြ တာများပါတယ်။
မွန်နဲ့ဗမာ ရာဘာခြံတွေမှာ နေရာလုကြတယ်၊ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ နေရာလုကြတာလည်း ရှိသေးတယ်။ တကယ့်လက်ရဲ ဇက်ရဲလုပ်ခဲ့ကြတာဆရာ။ဘတ်(အလုပ်သမားကဒ်)နဲ့ပတ်စပို့တွေထုတ်မပေးခင်ကဆို ရာဘာခြံတွေမှာ လုပ်တဲ့မွန်ဗမာတချို့လက်ထဲမှာ သေနတ်တွေဆောင် ထားကြတယ်။ပစ္စတိုနဲ့ကိုးလုံးကျည်သေနတ်တွေကို ခြံပိုင်ရှင်ထိုင်းသူဌေးတွေ ကိုယ်တိုင်ထုတ်ပေးထားကြတာ။ မဆောင်ထားလို့လဲမရဘူး။တစ်ခါတုန်းက ရာဘာခြံထဲက မွန်ဗမာမိသားစုတစ်စုလုံးကို ထိုင်းဓားပြတွေ ရက်ရက်စက်စက်လုပ်ခဲ့ဖူးတယ်။ သမီးကိုမုဒိန်းကျင့်၊အဖေ၊အမေနဲ့ အရွယ်မရောက်သေးတဲ့ကလေးနှစ်ယောက်ကိုပါ သတ်ပစ်ခဲ့ကြတာ ဆရာ။ဒီကြားထဲမှာ အဆိုးဆုံးက မွန်ဗမာတွေထဲမှာ ထိုင်းရဲနဲ့ပေါင်းပြီး မတော်မတရားလုပ်တတ်ကြတဲ့ လူတွေလည်းရှိသေးတယ်။ ထိုင်းဂျပိုးဖြစ် နေတဲ့မွန်ဗမာတွေပေါ့။ ထိုင်းစကားကို မွတ်နေအောင်ပြောနိုင်ကြတော့ ဘယ်မွန်ဗမာမှာဘယ်လောက်ငွေစုမိနေပြီ၊ ဘယ်လိုအကွက် ကောင်းဆိုက်နေပြီဆိုတာမျိုးတွေကို ထိုင်းရဲနဲ့ပင်း၊သတင်းပေးပြီး ဝေစားမျှစားလုပ်ကြတာပေါ့။ဒါပေမဲ့ အဲသလို ဒလျှို လုပ်စားတဲ့ အသား ထဲကလောက်တွေဟာ တာရှည်တော့မခံကြပါဘူး။ထိုင်းရဲဆိုတဲ့ကောင်တွေကလည်း ငွေရရင်ဘာမဆိုလုပ်တဲ့ကောင် တွေမို့အဲဒီမွန်ဗမာ သစ္စာဖောက်တွေနဲ့ တစ်ချိန်မဟုတ်တစ်ချိန်ပြဿနာတက်တာပါပဲ။ဒီလူတွေကို မွန်ဗမာတွေကလည်း ဝေးဝေးက ရှောင်ကြတယ်။
အဲသလိုလုပ်စားတဲ့ကောင်တွေထဲမှာ မော်လမြိုင်သား အရိုးဆိုတဲ့ကောင်ကနာမည်ကြီးပေါ့။ သူ့လက်ချက်နဲ့မွန်ဗမာ မလေးတွေ ဘဝပျက် ခဲ့ရတာ မနည်းဘူးဆရာ။သူက ထိုင်းရဲတွေနဲ့ပေါင်းပြီး လူပွဲစားလည်းလုပ်တာဆိုတော့ ထိုင်းဖက်ကိုမအူမလည်နဲ့ အောက်လမ်းကနေ ရောက်လာကြတဲ့ မွန်ဗမာမလေးတွေရေတိမ်နစ်ခဲ့ကြတာပေါ့။သတ်ပွဲဖြတ်ပွဲတွေကတော့ အများကြီးပါပဲ။ ဝထစ် နားမှာ အညာသားတွေ အရက်မူးပြီး ဓားထိုးမှုဖြစ်လို့ နေရာမှာတင်ပွဲချင်းပီးသေတာ၊ထိုင်းနန်းကွက်သစ်ထဲမှာ ခြင်းလုံးခတ်နေရင်း စကားများရာက လှံနဲ့ထိုးလို့သေသွားတဲ့ မော်လမြိုင်ကျောက်တန်းက ဇော်ကြီးတို့ကိစ္စတွေဖြစ်တော့ ဆရာဖူးခက်ကို ရောက်နေပြီ မဟုတ်လား။ သူတို့ဗမာပြည်ထဲကိုအေးအေး ဆေးဆေးပြန် ဝင်သွားကြတာပါပဲ ။ဘယ်ထိုင်းရဲမှ အလုပ်ရှုပ်ခံပြီးလိုက်မဖမ်းပါ ဘူး။ လျှော့တော့မတွက်နဲ့ဆရာ မွန်ဗမာတွေထဲကလည်း ထိုင်းရဲကို အပြတ်ရှင်းခဲ့ဖူး သူရှိတယ်။ရှားတော့ရှားပါတယ်"
ကိုသက်ခိုင်မည်သို့ခံစားရလေသည်မသိ၊ဘေးမှငြိမ်သက်စွာနားထောင်နေမိသောကျနော့်မှာ စိတ်ပျက်လက်ပျက်ဖြစ်လာသည်။ချွတ်ခြုံ ကျနေသောတိုင်းပြည်တစ်ခု၏ လူမသိသူမသိနောက်ဆက်တွဲပြဿနာကိစ္စရပ်များကား များမြောင်လှသည်။ထိုစဉ်အချိန်က ဖူးခက် ရောက်မွန်ဗမာတို့မှာတရားဥပဒေ၏ပြင်ပတွင် တစ်သီးတစ်ခြားကင်းလွတ်နေသူများဟုဆိုနိုင်မည်ထင်သည်။ဖူးခက်တွင်နေထိုင်စဉ်ကာ လများအတွင်း ကျနော်သတိထားမိသော မွန်ဗမာများ၏ထူးဆန်းသောစရိုက်တစ်ခုရှိသေးသည်။
ဖူးခက်တွင်အနေကြာသော မွန်ဗမာ တစ် ဦးဦးကိုတွေ့မိသည်ဆိုပါစို့။အလုပ်အကိုင်အကြောင်းနှင့်စပ်လျဉ်း၍ အခြေအနေကိုမေးမြန်းကြည့်မိသည့်အခါတိုင်းတွင် တူညီနေသော အဖြေမှာ သူတို့"ဘာမှပင်ပင်ပန်းပန်းမလုပ်ရ၊ငွေတွေအများကြီးရသည်။ထိုင်းသူဌေးက အရမ်းသဘောကောင်းသည်၊ထိုင်းသူဌေးကို သူ တို့ချယ်လှယ်ချင်တိုင်းချယ်လှယ်နိုင်သည်၊ထိုင်းသူဌေးသည်ဘာမှမတတ်"ဟူ၏။ကျွန်မက တစ်နေကုန်တံမြက်စည်းလေး လေးငါးချက် လှဲပြီးရင် အလုပ်ပြီးပြီ၊နေ့တွက်ခက ဘတ်လေးရာပဲ။ကျနော်က သူဌေးခိုင်းတာလေး ဟိုလုပ်ဒီလုပ်ပါပဲ၊နေ့တွက်ဘတ်ငါးရာ၊ဘာမှ လုပ်စ ရာမလိုဘူး ဟူ၍သာ ဖြေဆိုတတ်ကြသည်။
စင်စစ်၎င်းတို့၏အဖြေမှာ လက်တွေ့ဘဝနှင့်များစွာခြားနားကြောင်း ကျနော်ကောင်းကောင်းကြီးသိသည်။ဗစ်စီ(Big C)၊တက်စကို လိုတပ် (Testco lotus)နှင့် စင်ထရယ်(Central Festival) ကုန်တိုက်တို့၏ သန့်စင်ခန်း(အိမ်သာ)တို့တွင် တာဝန်ကျနေသူများ
မှာ မွန်ဗမာများသာဖြစ်ကြ၏။နေ့စဉ်လာသမျှသော သောင်းဂဏန်းချီသည့်ဈေးဝယ်တို့၏ခြေရာမျှပင်မထင်အောင် လက်တွန်းကြမ်းသုတ်ကိရိ ယာတို့ဖြင့် ကြမ်းပြင်ကိုတစ်နေကုန်တိုက်နေသူတို့သည် အဘယ်မှာလျှင် သက်သာသည်ဆိုနိုင်ပါအံ့နည်း။ အလုပ်ဟူသမျှဂုဏ်ရှိစွ ဟူသော ဆောင်ပုဒ် ကိုကျနော်မငြင်းပါ။သို့သော် ထိုအလုပ်တို့ကို ထိုင်းလူမျိုးအများစု မလုပ်လိုကြသည်မှာသေချာသောအချက်ဖြစ်၏။
ထို့ပြင် ဖူးခက်တမြို့လုံးအနှံ့မှိုလိုပေါက်နေသော စားသောက်ဆိုင်ကြီးငယ်အသွယ်သွယ်တို့တွင်
တစ်နေ့ဆယ့်နှစ်နာရီမျှ ပန်းကန်ဆေး၊ စားပွဲထိုး လုပ်နေကြသူများ၊မက်ခရို(Markro)လက်ကားကုန်တိုက်ကြီးတွင် လာလာသမျှသော ဈေးဝယ်တို့၏ ဝယ်ခြမ်းလာသမျှ ပစ္စည်းကြီးငယ်ကို ဝယ်သူ၏ကားပေါ်သို့တင်ခြင်း၊ဈေးခြင်းထော်လီများလိုက်လံသိမ်းဆည်းခြင်းတို့ကို တစ်နေကုန်ချွေးသံတရွှဲရွှဲ မနား တမ်းလုပ်နေရသည်မှာလည်း ကျနော့်မျက်မြင်ပင်ဖြစ်၏။ပန်းရံလုပ်ငန်းခွင်များတွင် ကားအဆိုးဆုံး၊ထိုင်းသူဌေးဖွင့်ထားသည့် လက်ဆောင်ပစ္စည်းဆိုင်များတွင် အကူ ဈေးရောင်းအဖြစ်လုပ်ကိုင်နေသူများပင် ခါးချိနေအောင်တစ်နေကုန်ထိုင်ကြရ သည်ဖြစ်၍ မသက်သာလှ။
သူတို့လုပ်ကိုင်နေသောအလုပ်အကိုင်နှင့်ပတ်သက်၍ အခြေအနေမှန်ကို ဖုံးကွယ်ကာ သာသာထိုးထိုးပြောကြသည်လည်းရှိသေးသည်။ အဆောက်အဦးများတွင် လျှပ်စစ်သွယ်တန်းခြင်းလုပ်ငန်းတွင်တောက်တိုမယ်ရလုပ်နေရသူ များက လျှပ်စစ်အင်ဂျင်နီယာဟုဖြေမည်။ ပင်လယ်ထဲရှိ ကျွန်းများဆီသို့ နိုင်ငံတကာခရီးသွားများကိုပို့ဆောင်ပေးသည့် စပိဘုတ်ပေါ်တွင် အောက်ခြေသိမ်းအလုပ်၊လုပ်ရသူက သင်္ဘောဆလင်ပေါ့ဗျာဟုဖြေသည်။
လွန်ခဲ့သောရက်ပိုင်းက ကျနော့်ဆိုင်ရှေ့တွင် ဥပဓိရုပ်ခပ်ညံ့ညံ့၊စုတ်တီးစုတ်ချာထိုင်းတယောက် ဖုန်းတစ်လုံးနှင့်အလုပ်ရှုပ်နေသဖြင့် ဆိုင် တွင်းမှာ ဗီဒီယိုခိုးကူးခွေရွေးနေသော မွန်ဗမာအလုပ်သမားအား "ဒီလူ မင်းနဲ့ပါလာတာလား၊သူက ဘယ်သူတုန်း"ဟုကျနော် မေးသည့်အခါ "အဲဒါကျနော်တို့သူဌေးလေ"ဟုဖြေသဖြင့် နေပါဦး၊မင်းတို့သူဌေးမှာ အလုပ်သမားဘယ်နှစ်ယောက်ရှိတုန်းဟု ဆက်မေးမိသည့်အခါ
"ကျနော်ရယ်၊ကျနော့်ညီရယ်၊သူရယ် စုစုပေါင်းသုံးယောက်"ဟူ၏။ထိုင်းလူမျိုးကန်ထရိုက်တို့ထံမှ လုပ်ငန်းပုတ်ပြတ် သဘောလုပ်ကိုင်နေသူတို့ ကလည်း "ကျနော်က အလုပ်သမားမဟုတ်ဘူး၊ သူဌေးဗျ။ ကျနော့်မှာအလုပ်သမားငါး ယောက်ရှိ တယ်"ဟူ၏။ကိုယ်တိုင်သဲတောင်းထမ်းနေ ရသော သဲထမ်းလုပ်သားခေါင်းဆောင်ကလည်း သူ့ကိုယ်သူသူဌေးဟုပင်ဆိုသည်။ "ကျနော့်သူဌေးက ဝက်သားကောက်ညှင်းထုတ်ရောင်းတာ၊ကျနော့်သူဌေးက ကွတ်တီယိုဆိုင်ပိုင်ရှင်"ဆိုသူတို့လည်းမရှား။
ကျနော် သူတို့နှင့်ဆက်ဆံရသည့်အခါတိုင်း စိတ်ထဲမှာ သနားသလိုလို၊အချဉ်ပေါက်သလိုလိုခံစားရသည်။စင်စစ် နုံချာလှသော သူတို့ဘဝကို စကားလုံးကြီးကြီးကျယ်ကျယ်တို့ဖြင့်တန်ဆာဆင်ကာ မဲတင်းနေရခြင်းသာဖြစ်နိုင်လေသည်။ သူတို့သည်တခြားကမ္ဘာတခုခု ကို ရောက် နေသလိုဖြစ်ကာ တွေးတောပုံယူဆပုံ ဘဝအမြင်တို့မှာ လူသာမန်တို့နှင့်မတူကြတော့ချေ။ဖူးခက်ရောက်မွန်ဗမာတို့မှာ ဗမာပြည်တွင်းမှာကဲ့သို့နွေးထွေးသော ဆက်ဆံရေး နည်းပါးကုန်ကြသည်။တစ်စတစ်စကွယ်ပျောက်နေခဲ့ပြီ။
ဦးသန်းရွှေ၊ဦးသိန်းစိန် နှင့်ဒေါ်အောင်ဆန်းစုကြည်တို့၏သည်ပင် ဖူးခက်ရောက်မွန်ဗမာတို့၏စိတ်ဝယ်ပုံပြင်ထဲက ဇာတ်ကောင်များသဖွယ် သာဖြစ်နေလေသည်။
သူတို့တွင် နိုင်ငံချစ်စိတ် ၊လူသားတစ်ဦး၏ဂုဏ်သိက္ခာနှင့် အခွင့်အရေးတရွေးသားမျှ မရှိတော့ပဲ ဖူးခက်အဓွန့်ရှည်တည်တံ့သရွေ့၊ လုပ်နိုင်ကိုင်နိုင် လှုပ်ရှား နေနိုင်သရွေ့ ပန်းတိုင်မရှိသောခရီးရှည်ကြီးကို လျှောက်လှမ်းနေကြမည့်သူများပေတကား။
"ကိုသက်ခိုင်ရာ။ဘယ်တော့များမှ ကျနော်တို့တတွေ ဗမာပါလို့ရဲရဲပြောနိုင်ကြပါမတုန်းဗျာ"
ကျနော့်အတွေး ရှည်ကြီးကို ကိုသက်ခိုင်အား အတိုချုပ်ပြန်ပြောရင်း ကျနော်ညည်းတွားမိသည့်အခါ ကိုသက်ခိုင်က ကျနော့်စာကြည့် စားပွဲပေါ်ရှိ လီယိုတော်စတွိုင်း၏စစ်နှင့်ငြိမ်းချမ်းရေးပထမတွဲစာအုပ်ထူကြီးကို တရွက်ချင်းလှန်နေရင်း လေးလေးနက်နက်တုန့်ပြန်သည်။
"အဆိုးဘက်ကချည်းလည်း သိပ်မတွေးပါလေနဲ့ကိုမင်းဒင်။ဒီနေ့တိုးတက်လှပါချည့်ရဲ့ တိုင်းကြီးပြည်ကြီးတွေလည်း ခေတ်ဆိုးခေတ်ကြပ် တွေကိုဖြတ်ကျော်ခဲ့ရတာပါပဲ။တကယ်တော့ ခါးသီးဆိုးဝါးလှတဲ့အတွေ့အကြုံတွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေကိုပေးတတ် ပါတယ်။ဗမာလူထုဟာ တုံးလွန်းညံ့လွန်းတယ်လို့လည်း ခင်ဗျားမယူဆပါနဲ့။ရိုးသားတဲ့ပြည်သူလူထုကို အမှန်တရားဖက်ရောက်အောင် ဆွဲခေါ်တဲ့အခါ လွယ်ကူတတ်ပါတယ်။
ကျနော်တို့ခင်ဗျားတို့ အထူးသတိထားရမဲ့လူတန်းစားက ခေတ်အဆက်ဆက် မတော်မတရားတဲ့ နည်းလမ်းမျိုးစုံနဲ့ကိုယ်ကျိုးရှာ၊တိုင်းပြည်ကိုသူတစ်ပါးလက်ဝကွက်အပ်ပြီး အခုအချိန်အထိ အမြင်မှန်မရနိုင်သေးတဲ့ ဗမာ့စစ်ဗိုလ်ချုပ်တွေ၊ သူတို့နဲ့ပတ်သက်ဆက်နွယ်ပြီး ကြီးပွားချမ်းသာနေကြတဲ့လူတွေဗျ။အဆိုးဆုံးကတော့ အခုထက်ထိ သူတို့လုပ်တာ မှန်ပါတယ်ဆိုပြီး ဖင်ပိတ်ငြင်း ၊လူအများကောင်းစားရေးစံနစ်ဆီသွားရာလမ်းမှာခလုပ်ကန်သင်းအဖြစ်ရှိနေသေးတဲ့ လူစားတွေပါပဲ။
ကိုသက်ခိုင်၏စကားအဆုံးတွင် အလီမောင်မောင့်မျက်နှာကို ကျနော်လှမ်း၍အကဲခတ်လိုက်ရာ သူသည်ခေါင်းကိုခပ်လေးလေးငြိမ့်ရင်း ကိုသက်ခိုင်ကိုငေးကြည့်နေလေသည်။ထိုစဉ်တောင်အရပ်ဆီမှတိုက်ခတ်လာသောလေပြင်းသယ်ဆောင်လာသည့် မိုးပေါက်ခပ်ကျဲကျဲ ကြောင့် အိမ်ခေါင်မိုးသည် တဖြောင်းဖြောင်းမည်နေလေသည်။