၂၀၁၄နေ့ထုတ်၊ဆဲဗင်းဒေးအပတ်စဉ်ဂျာနယ်။(မင်းဒင်ရဲ့သက်ခိုင် ၂)
အခန်း(၃၈)
ဖူးခက်ဗမာ့ပုံပြင်များ
ဖူးခက်ကျွန်း၏ပိုင်နက်နယ်နိမိတ်သည် ရန်ကုန်မြို့အကျယ်အဝန်းနှင့် အတော်နီးစပ်သည်ဟု အကြမ်းဖျဉ်းအားဖြင့် ကျနော်ခန့်မှန်းမိ သည်။ စင်စစ်ဖူးခက်သည် ပင်လယ်ထဲသို့တသီးတခြားထိုးထွက်နေသောကျွန်းငယ်တစ်ခုဖြစ်၍ စင်္ကာပူနိုင်ငံနှင့်နှိုင်းစာ လျှင်လည်း ရွယ်တူနီးနီးခန့်ပင် ရှိနိုင်၏။၂၀၁၃ခုနှစ်သန်းကောင်စာရင်းအရ ဖူးခက်တွင်နေထိုင်သောထိုင်းလူမျိုးလူဦးရေစုစုပေါင်းသည် ငါးသိန်းသုံး ထောင်ရှိ သည်ဟု စာရင်းဇယားများတွင်ဖော်ပြ သည်။ကာလရက်ရှည်(long stay)နေထိုင်သည့် နိုင်ငံခြားသားတို့ကား နှစ်သိန်း ဝန်းကျင်ဖြစ်၍ မြန်မာရွေ့ ပြောင်းအလုပ်သမားဦးရေ တစ်သိန်းကျော်ခန့်ရှိမည်ဟု ခန့်မှန်းကြသည်။ဖူးခက်သို့ အလည် အပတ်ခရီးအဖြစ် လာရောက်ကြသော နိုင်ငံတစ်ကာဧည့်သည်အရေအတွက်မှာ တစ်လလျှင်လေးသိန်းခန့်ရှိ၍ ဖူးခက်မြို့ရှိလူဦးရေ စုစုပေါင်းမှာ တစ်သန်းဝန်းကျင်ရှိနိုင်သည်။
ဤမျှစည်ကားဖွံ့ဖြိုးလှသောဖူးခက်မြို့ကြီးဆီသို့ မြန်မာနိုင်ငံအနှံ့မှ ရေကြည်မြက်နုသည့်အရပ်အဖြစ်၊ ဗမာရွေ့ ပြောင်းအလုပ်သမားတို့ တစ်စတစ်စ ရောက်ရှိလာခဲ့ကြသည်မှာ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ဝန်းကျင်က စတင်ခဲ့သည်။အဆိုပါ အချိန်ကာလအတွင်း များပြားလှသောဗမာအလုပ်သမားတို့အကြား မှတ်တမ်းမတင်လိုက်နိုင်သော ဇာတ်လမ်းများ ရှိနေခဲ့မည်မှာ သေချာလှသောအချက် တစ်ရပ်ဖြစ်လေသည်။ကိုယ့်မြေကိုယ့်ရေမဟုတ်၊ရာဇဝင်ထဲက ရန်သူ့တိုင်းပြည်လည်းဖြစ်လေသဖြင့်၊တစ်ဝမ်းတစ်ခါးအလို့ငှာ ဤတစ်နယ် တစ်ကျေးတွင် မြန်မာပြည်သားတို့၏လူမသိသူမသိ၊အလိုအလျောက်ပျောက်ကွယ်သွားလေသော ရင်နာဖွယ်၊စိတ် လှုပ်ရှားဖွယ်ဖြစ်ရပ် အချို့ကို မထင်မှတ်ပဲ ကျနော်သိရှိခွင့် ရခဲ့သည်မှာကိုသက်ခိုင်၏ကျေးဇူးကြောင့်ဟုဆိုနိုင်လေသည်။
တစ်ခုသောနေ့တွင်ကိုသက်ခိုင်၏ရှေ့၌ ကျနော့်အခက်အခဲတစ်ခုကို ဖွင့်ဟညည်းတွားမိလေရာ ထိုအခက်အခဲမှာ ချဉ်သီးပင်အောက် ချဉ်သီးရှားသည့်ကိစ္စဟု ဆိုနိုင်သည်။ဗမာရွေ့ပြောင်းလုပ်သားဦးရေ သိန်းချီရှိနေသည့် ဖူးခက်မြို့တွင်၊ကျနော့်အိမ်မှ မီးဖိုချောင်နှင့် အခန်းတံခါးသော့အချို့ကိုပြင်ဆင်ရန် ဗမာလက်သမားတစ်ဦးရှာမရ ဖွေမရ ဖြစ်နေခြင်းအတွက် အသံထွက်ညည်းမိခြင်းဖြစ်၏။
"ဗမာအလုပ်သမားတွေ ရိုက်သတ်လို့မကုန်နိုင်အောင်များနေတဲ့ မြို့ကြီးမှာ ဗမာလက်သမားတစ်ယောက် ရှာရတာ သေချင်စော်နံတယ် ဗျာ"
"ဒါတော့မဟုတ်သေးဘူးထင်တယ်ကိုမင်းဒင်။လက်သမားလိုရအောင်၊ဘာတွေများကြီးကြီးကျယ်ကျယ်ပြင်မှာဆင်မှာမို့တုန်းဗျာ"
"အသေးအဖွဲပါဗျာ။မီးဖိုချောင်က မီးဖိုတင်တဲ့စားပွဲကို သွပ်ပြားအသစ်ကပ်ချင်တယ်။အခန်းသော့သုံးလုံးလောက် အသစ်လဲချင်တယ်။ကျ နော်လူရှာနေတာ တစ်လပြည့်တော့မယ်ဗျာ"
"အော်၊မခက်ပါဘူးဗျ။ကျနော့်လူတစ်ယောက်လွှတ်လိုက်ပါ့မယ်။အမှန်က သူတို့ဘဝသူတို့အကြောင်း ခင်ဗျားမသိသေးလို့ပါ။ ဒီကိုရောက် နေတဲ့ ဗမာအလုပ်သမားအများစုဟာ သူတို့လုပ်ငန်းခွင်တွေထဲမှာ လေးငါးဆယ်နှစ်နေ့မှန်းညမှန်း မသိပဲ အချိန်ကုန်နေကြရတာဗျ။ ပတ်စပို့နဲ့ ဝါ့ပါမစ်တွေရှိနေပေမဲ့ "နင်မဟုတ်ရင်နင့်အဖေပဲ"ဆိုပြီး တွေ့ရာနေရာမှာ ဥပဒေပုဒ်မမပါပဲဖမ်းပြီးငွေညှစ်နေတဲ့ ထိုင်းရဲရန်က လည်းတစ်မှောင့်မို့ သူတို့ဟာအပြင်ထွက်ပြီး ဂျလမ်း မနေနိုင်ဘူးဗျ။အားလပ်တဲ့ရက်တွေမှာ အပြင်အလုပ်လိုက်လုပ်ဖို့ဆိုတာကလည်း ကိုယ်ပိုင်လက်သမား၊ပန်းရံသမားသုံး ပစ္စည်း ကိရိယာ တွေအဆင်သင့်ရှိအုံးမှ။ကဲပါဗျာ၊ခင်ဗျားအခုလုပ်ချင်တဲ့ ပျံကျကိစ္စမျိုးအတွက် ထိုင်းဂျပိုးမှ ဖြစ်မှာမို့ ခင်ဗျားဆီကို ဂျပိုးထက်ကြီး တဲ့ လိပ်တစ်ကောင် ကျနော်ပို့ပေးလိုက်ပါ့မယ်။စိတ်အေးချမ်းသာစွာနေပါတော့"
ထိုမှနှစ်ရက်မြောက်သည့်နေ့တွင် အမ်မခန်အရပ်ရှိကျနော့်နေအိမ်သို့ အသက်လေးဆယ်ဝန်းကျင်လူလတ်ပိုင်းကုလားဒိန်ရုပ်နှင့် လူရွယ် တစ်ဦးပေါက်ချလာပါသည်။သူ့အမည်ကား အလီမောင်မောင်ဟုဆိုသည်။စင်စစ်သူသည် အိန္ဒိယသွေးပါသူ မဟုတ်။ သူ၏အသား အရည်နှင့် မျက်နှာ ပေါက်ကြောင့် သူ့နာမည်ရင်း"မောင်မောင်"၏ရှေ့မှ "အလီ"ဟူသော အပိုစာလုံးပါလာခြင်းဖြစ်ကြောင်း သူ့ကိုတရင်း တနှီး မေးမြန်းရာမှ သိလာ ရသည်။
အလီမောင်မောင်သည် အရပ်ငါးပေဆယ်လက်မခန့်၊ညှင်းသိုးသိုးနှင့်ပြောပုံဆိုပုံမှာ လူရည်လည်သောပုံစံဖြစ်၍ ကိုသက်ခိုင်ပြောဆို ထားသည့် ထိုင်းဂျပိုးဟူသော အမည်နှင့် လိုက်ဖက်လှသည်။သူပြောသည့်စကားအတော်များများမှာ ထိုင်းစကားညှပ်၍ သုံးလေ့ ရှိသော်ငြား သူကားမွန်ပြည်နယ်၊ ကျိုက်မရော ဇာတိ၊ မွန်မြန်မာစစ်စစ်ဖြစ်၍ သူ့မိဘများသည်အင်္ဂလိပ်နယ်ချဲ့ခေတ်အခါက နာမည် ကျော်မွန်သူဌေးကြီးဦးနာအောက်၏ ဇာတိ ရွာဖြစ် သော ကတိုးကော့နှပ်ရွာမှဖြစ်ကာ သူ့အမတစ်ဦးမှာမော်လမြိုင်တက္ကသိုလ်တွင် ကထိကရာထူးဖြင့် တာဝန်ထမ်းဆောင်နေ သည် ဟု ဆို၏။ထိုင်းနိုင်ငံတွင်းသို့သူစတင်ခြေချခဲ့သည်မှာ (၁၉၈၈)ခုနှစ်၊ ဗမာပြည်အရေး အခင်းကာလမှစတင်ခဲ့သည်ဖြစ်၍ ယိုးဒယားမြန်မာ နယ်စပ်၊ ဝမ်ခစခန်း သို့ပင် အဝင်အထွက်ရှိခဲ့ဖူးပြီး မြန်မာကျောင်းသား လက်နက်ကိုင်တပ်ဖွဲ့(ABSDF)မှ ဒေါက်တာနိုင်အောင်နှင့် မိုးသီးဇွန်တို့ကို သူတွေ့မြင်ခဲ့ ဖူးသည်။
အလီမောင်မောင်သည် ကျနော်ညွန်ပြ စေခိုင်းသမျှအလုပ်တို့ကို ကျွမ်းကျင်သေသပ်စွာ လုပ်ကိုင်နေရင်း ကျနော်နှင့်အဖွဲ့ကျနေခဲ့ ၏။မီးဖိုခုံပေါ်က သွပ်ပြားဟောင်းကို ခွာသည်။သွပ်ပြားအသစ်ကို သံဖြတ်ကတ်ကျေး တစ်ချောင်းဖြင့် ဖြတ်နေသော သူ့ဘေးတွင် ကျနော်သည်စကားပြောဖော် အဖြစ်ရှိ နေခဲ့၏။သူက ကျနော့်ကို "ဦး"ဟုနာမ်စားသုံးခေါ်ဝေါ် သည်။သူနိဒါန်းပျိုးသော စကားတစ်ခွန်းသည်ပင် ကျနော်စိတ်ဝင်စားမိသည့် အကြောင်းအရာတစ်ခုဖြစ်သွားချေသည်။
"ဦးက စာရေးတယ်ဆိုတော့ ထိုင်းနဲ့ကမ္ဘောဒီးယားစစ်ဖြစ်တုန်းက ဖူးခက်ရောက်နေတဲ့ မွန်ဗမာအလုပ်သမားတွေထိုင်းစစ်တပ်ထဲဝင်ပြီး တိုက်ခဲ့တာကို ဦးသိလား"
"ဟ၊ဘယ်နှယ့်မွန်ဗမာတွေက ထိုင်းစစ်တပ်မှာ စစ်ဝင်တိုက်ရသတုန်း၊မဟုတ်သေးဘူးထင်တယ်"
"ဟုတ်တယ်ဦးရ၊၁၉၉၀ခုနှစ်လောက်တုန်းက ကမ္ဘောဒီးယားနဲ့ယိုးဒယားတွေစစ်ဖြစ်ကြတုန်းမှာ ဖူးခက်က မွန်ဗမာတွေကို တစ်လ ဘတ်သုံး ထောင်လခပေးပြီး စစ်တိုက်ခိုင်းတာ၊ကျနော်အသိမွန်ဗမာတွေပါသွားခဲ့ကြဖူးတယ်၊နှစ်လသုံးလလောက်ကြာတော့ သူတို့ ပြန်ရောက် လာကြတယ်။ခေါ်သွားတုန်းကတော့ ထိုင်းနိုင်ငံသားမှတ်ပုံတင်ထုတ်ပေးမလိုလိုပါပဲ၊ပြန်ရောက်တော့လည်း ဘာမှ မဟုတ် ပါဘူး"
သူ့စကားကြောင့် ကျနော်တွေကနဲဖြစ်သွားမိသည်ကားအမှန်။ဆက်စပ်စဉ်းစားသည့်အခါ ထိုင်းနှင့်ကမ္ဘောဒီးယားသည် မကြာခဏနယ် စပ်ပြဿနာပေါ်လေ့ရှိရာ ထိုင်းစစ်တပ်သည် စစ်မြေပြင်လုပ်သား(ပေါ်တာ)အဖြစ်၊မွန်ဗမာတို့ကိုအခကြေးငွေ ပေး၍ခေါ်ယူခဲ့ခြင်းဖြစ်နိုင် သည်။လွန်ခဲ့သောနှစ်နှစ်ခန့်က ထိုင်းမှတ်ပုံတင်အတုကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံရသည့် မွန်ဗမာတစ်ဦးမှာ ကမ္ဘောဒီးယားစစ်ပြန်တစ်ဦး ဟုလည်း သတင်းသဲ့သဲ့ကြားမိသည်။အလီသည်အခြေခံပညာအလယ်တန်းအဆင့်အထိသာ ပညာသင်ကြားဖူးသည်။ သူပြောသမျှ ကျနော်မယုံကြည်သော်ငြား သူပြောဆိုနေ သည့်ဖူးခက်နောက်ကြောင်းရာဇဝင်များကား စိတ်ဝင်စားဖွယ်အတိဖြစ်၏။သူက စကားဆက်ပြန်သည်။
"ကျနော်ဖူးခက်ကိုရောက်စတုန်းက ဖူးခက်မှာမီးပွိုင့်တွေတောင်မရှိသေးဘူးဦးရ။ပထမဆုံးမီးပွိုင့်ကတော့ စင်ထန်း(Centralကို စင်ထန်းဟု ထိုင်း လူမျိုး တို့နည်းတူအသံထွက်သည်)လမ်းဆုံကမီးပွိုင့်ပဲ။ကတ္တရာလမ်းတွေကလည်း ခပ်ကျဉ်းကျဉ်းတွေပါပဲ။ပါတောင်၊ တောင်ကုန်းကို ကျော်တဲ့ လမ်းဆို အဲဒီတုန်းကမြေနီလမ်းပဲရှိသေးတယ်။ ကျနော်မှတ်မိသေးတယ်။ အခုပါတောင်ဆေးရုံကြီး ဆောက် ထားတဲ့နေရာမှာ ဟိုတုန်းက ပင်လယ်ခရု တွေအများကြီးနဲ့ ဗွက်အိုင်ကြီးပဲရှိသေးတာ။အဲဒီနားက မြေကွက်လပ်ကြီးမှာ ပိတ်ကား အကြီးကြီးထောင်ပြီး သုံးကားပေါင်း ဘတ်တစ် ဆယ်နဲ့ ရုပ်ရှင်တွေပြတော့ ကျနော်တို့ဝင်ဝင်ကြည့်ဖြစ်တယ်ဦးရ။ အခုပါတောင်မှာ အမြင့်ဆုံးနှစ်ဆယ့်ငါးထပ် ပါရာဒိုက်(Paradise) ဟော်တယ် ကြီးဟာ အဲဒီတုန်းက စဆောက်တာပေါ့။ ကျန်တဲ့အထပ်မြင့် တိုက်တွေ၊ ဟိုတယ်တွေ မရှိသေးဘူး။ဟိုအရင်တုန်းက ဖူးခက်ကထိုင်းလူမျိုးတွေဟာ မွန်ဗမာတွေကို မမြင်ဖူးကြဘူးတဲ့။
မွန်တွေနဲ့ ထိုင်းလူမျိုး တွေဟာ ပြောတဲ့စကား၊ရေးတဲ့စာမှာ နည်းနည်းနီးစပ်လို့လားတော့မသိဘူး။မွန်တွေဟာ ထိုင်းတွေနဲ့ အတော် နားလည်မှုရှိခဲ့ကြတယ်။ မွန်ပြည်နယ်လမိုင်းရွာသားမွန်လူမျိုးတွေဖူးခက်ကို စပြီးရောက်ကြတာ။ရောက်စက မွန်ဗမာတွေ လုပ်ရတာ ပန်းရံ လုပ်ငန်းတစ်ခု ပဲရှိတယ်။အဲဒီတုန်းက ဖူးခက်အလုပ်သမားလောကမှာမွန်တွေကြီးစိုးနေခဲ့တာပေါ့။လာအိုနဲ့ကမ္ဘောဒီယားအလုပ်သမားတွေ ရောက်လာ ကြတယ်ဆိုပေမဲ့ အရမ်းနည်းပါတယ်။အညာသားတွေ ဖူးခက်ကိုရောက်လာကြတာ ခုနစ်နှစ်လောက်ပဲရှိအုံးမယ်။အခုတော့ မကွေး တိုင်းထဲက ပေါက်၊မြိုင်၊ချောင်းနားဆိုတဲ့ ရွာတွေက ပါရောက်လာကုန်ကြတာ၊တနိုင်ငံလုံးအနှံ့ကပါပဲ"
အလီမောင်မောင်ဖူးခက်သို့စတင်ရောက်ရှိချိန်မှာ မြန်မာနိုင်ငံတွင်၁၉၈၈ခုနှစ်အရေးအခင်းကြီးပေါ်ပေါက်နေချိန်ဖြစ်၍ မြန်မာပြည်ကြီး ဝရုဉ်းသုန်းကားဖြစ်နေချိန်တွင် ထိုင်းနိုင်ငံဖူးခက်မြို့သည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် ခြေလှမ်းသွက်သွက်ဖြင့် ပြင်ဆင်နေ ချိန်ဖြစ်လေသည်။ယင်းအချိန်တွင် မြန်မာပြည်လူထုအများစု မှာစားဝတ်နေရေးကြပ်တည်းကျဉ်းမြောင်းကြလေသဖြင့်၊ မွန်ဗမာ အလုပ်သမားများသည် အလုပ်အကိုင်နှင့်ဝင်ငွေအထိုက်အလျောက်ကောင်းမွန်သည့် ထိုင်းနိုင်ငံအနှံ့အပြားသို့ စတင်ရောက်ရှိနေကြရာ လစ်ဟာနေသော လုပ်အားလိုအပ်ချက်ကို ယိုးဒယားတို့ လွယ်ကူစွာဖြည့်ဆီးနိုင်ခဲ့ကြသည်။ အမှန်တော့ အလီမောင်မောင့်အကြောင်းကို ကိုသက်ခိုင်တစ်စွန်းတစ်စကြို ပြောထားသဖြင့် သူ၏ကိုယ်ရေး ကိုယ်တာ ကိစ္စတစ်ချို့ကိုကျနော် ကြိုသိနေသည်။ ဖူးခက်မှာ အနေကြာပြီဖြစ်သော အလီသည် ပတ်စပို့၊ ဝါ့ပါမစ်မရှိပဲ ဖူးခက်မှာ ဂျလန်းနေနိုင် သူဖြစ်၏။ ထိုင်းစကား ကို ထိုင်းလူမျိုးရှုံး အောင်ပြော တတ်ရုံမျှမက ထိုင်းရဲအတော်များ များနှင့်ပါသူ ရင်းနှီးသည်။ခြွင်းချက်အနေဖြင့် သူသည် အာစီယံခေါ် မူးယစ်ဆေးရည် တစ်မျိုးစွဲနေ သူဖြစ်ပြီး သူအာစီယံမူးနေသည့်အချိန်များတွင် နှစ်ရက် ဆက်တိုက်အိပ်မောကျနေတတ်သည်ဟုဆို၏။ အာစီယံကိုသူကိုယ်တိုင်စွဲစွဲ လမ်းလမ်းသောက်သည့်အပြင်၊ ကိုယ်တိုင်ကျို ချက်ရောင်းလေ့ရှိ သည်။ထို့ပြင် အာစီယံကျိုချက်ရာတွင် အဓိကအခြေခံပစ္စည်းဖြစ်သည့် ဘိုင်ကထော့ခေါ်ဘိန်းစာရွက်ကို လက်လီလက် ကား ဖြန့်သည်အထိ ခြေလှမ်းကျဲသူဖြစ်၏။
အာစီယံကို စတင်တီထွင်သူတို့မှာ ထိုင်းနိုင်ငံရနောင်းမြို့မှ မွန်ဗမာငါးဖမ်းလုပ်သားများဟုဆိုသည်။၁၉၈၈ခုနှစ်တဝိုက်သည် ထိုင်းငါး ဖမ်းလုပ်ငန်းအတွက်ရွှေခေတ်ဖြစ်ခဲ့သည်။ဗမာ့ရေပိုင်နက်မှာ ငါးခိုးဖမ်းရာတွင် မွန်ဗမာလှေလုပ်သားများကိုအမှီပြု၍ ထိုင်းသူဌေး တို့ ငါးဖမ်းလှေတစ်စီးပိုင်ရာမှ ဆယ်စီးဆယ့်ငါးစီးပိုင်ကုန်ကြသည်။ဗမာ့ရေပြင်တွင် ဝါးလပ်ဝါးတန်းငါးဖမ်းလှေများ ပိုက်တစ်ချက်နှစ်ချက် ဆွဲရုံမျှဖြင့် လှေတစ်စီးစာငါးအပြည့်ရကြသည်ဟုပင်ကြားခဲ့ဖူးသည်။ဝင်ငွေကောင်းသော မွန်ဗမာငါးဖမ်းအလုပ် သမားများသည် အာစီ ယံကို ဘဝအမောဖြေဆေးအဖြစ်ဖန်တီးသုံးစွဲကြဟန်ရှိသည်။ အာစီယံဖျော်စပ်ရာတွင် ဘိုင်ကထော့(ဘိန်း စာရွက်)၊ရာကစ်အိုင်ခေါ် ထိုင်း နိုင်ငံလုပ်ချောင်းဆိုးပျောက်ဆေးတစ်မျိုးနှင့် ကော်ဖီမစ်တို့ရောစပ်ကျိုချက်ရ၏။မွန်ဗမာတို့ထံမှ အတုမြင်အတတ်သင်သည့် ထိုင်းလူမျိုး တို့ကား ကော်ဖီမှုန့်နေရာတွင် ကုတ်(COKE)ဖျော်ရည်ကို အစားထိုးသုံးစွဲလာကြသည်။ကော်ဖီသည် ညဘက်တွင်အလွယ်တကူ အိပ်မပျော် သောကြောင့်ဟုဆိုသည်။
ဘိန်းစာရွက်သည် ထိုင်းနိုင်ငံတောင်ပိုင်းနေရာအနှံ့တွင်အလေ့ကျပေါက်သည့် အပင်တစ်မျိုးဖြစ်သော်ငြား ယခုမျက်မှောက်ကာလတွင် မွန်ဗမာများ၊မြန်မာပြည်သို့ သယ်ဆောင်စိုက်ပျိုးမှုကြောင့် အချို့သော မွန်ပြည်နယ်ကျေးရွာများတွင် ဘိုင်ကထော့ပင်များရှိနေပြီဟုဆို၏။ ဘိုင်ကထော့ ကို သရက်ပင် ပိန္နဲပင်တို့ကဲ့သို့ပင်စည်ကြီးသည့် သစ်ပင်ကြီးများတွင် ကပ်လျက်စိုက်ပျိုးကာ အဆိုပါအပင်ကြီးများ ပေါ်သို့နွယ်တက်စေခြင်းဖြင့် အများမမြင်သာအောင်စိုက်ပျိုးလေ့ရှိသည်ဟုပါသိရပြန်သည်။စင်စစ် ဘိုင်ကထော့ရွက်ကိုထိုင်းလူမျိုး သက်ကြီးရွယ်အိုများက သွေးတိုးဆီးချိုကောင်းသည်ဟူသော ဆေးဖက်ဝင်အပင်တမျိုးအဖြစ် ရှေးမြန်မာများ ဆေးရွက်ကြီးငုံသကဲ့သို့ ငုံလေ့ရှိကြသည်။ ကျနော် ယိုးဒယားသို့ရောက်စက ဘိုင်ကထော့ရွက်ကို ကိုယ်တိုင်မြည်းစမ်းဝါးကြည့်ဖူးရာ အရသာ မှာအတန်ငယ်ခါး သက်သက်ဖြစ်၍ အတန်ကြာ သော် ရီဝေဝေခံစားချက်ပေါ်လာသည်။ဘိန်းစာရွက်အကြောင်း ခေါင်းထဲရောက်နေသောကျနော်သည် အလီမောင်မောင်ကို တီးခေါက် ကြည့်မိပြန်သည်။
"အလီရေ၊အခုလောလောဆယ် ဘိန်းစာရွက်နဲ့ အာစီယံဘယ်ဈေးပေါက်နေတုန်းကွ"
"ဟာ၊ဦးကလည်း ကျနော့်ကိုဘိန်းစားထင်နေပြီလားမသိဘူး။အခုဘိန်းစာရွက်တစ်ကီလိုကို ထိုင်းဘတ် ထောင့်နှစ်ရာလောက်ပေါက် ဈေးရှိ တယ်။လက်လီဆိုရင်တော့ ထောင့်ခြောက်ရာလောက်ပေါ့။ဟိုအရင်တုန်းကတော့ တစ်ကီလိုကို ဝယ်ဈေးဘတ်ကိုးရာလောက် ပဲရှိတာ။ရောင်းဈေးကတော့ ဝယ်သူကိုလိုက်ပြီး အမျိုးမျိုးကွဲပြားတာပါပဲ။ကျိုပြီးသား အာစီယံကတော့ အမ်မလွိုင်းဟဆစ်(M150) တစ်ပုလင်းစာကို ဆယ်ဘတ်ဦးရ။"
"ဒါနဲ့ ကိုယ်ကြားဖူးသလောက် အာစီယံထဲမှာ ခြင်ဆေးခွေနဲ့အမွှေးတိုင်အမှုန့်တွေရောပြီးဖျော်ကြတယ်ဆို"
"အလကားပါဦးရာ။ဘိန်းစာရွက်က ဖူးခက်မှာဒီလောက်ပေါနေတာ။ဝယ်ရခက်တယ်ဆိုတာ ထိုင်းရဲတွေအဖမ်းအဆီးများလို့ဦးရ။ တခု တော့ရှိတယ်။ အာစီယံသောက်နေကျလူတချို့က အချိန်မီသူလိုတဲ့ကိုတာအတိုင်း အာစီယံအလွယ်တစ်ကူရှာမရတဲ့အခါ ယင်းကိုက်ပြီး တွေ့ရာအမှုန့် လျှောက်ထည့်ကြတာတော့ ဖြစ်နိုင်တယ်။ထိုင်းဥပဒေမှာဘိုင်ကထော့ဟာ ခြွင်းချက်ရှိတယ်ဦးရ။ထိုင်းအိမ်တွေမှာ တစ်အိမ်တစ်ပင်စိုက် ခွင့်ရှိတယ်လို့တောင် ကျနော်ကြားဖူးတယ်။ထိုင်းမလေးရှားနယ်စပ် ယာလာ၊ပတ်တနီ၊ဆွန်ခလာလိုမြို့တွေမှာ ဆိုင်တွေပေါ်တောင်၊တင်ရောင်းကြတယ်။နောက်ပိုင်းတော့ မွန်ဗမာတွေသုံးတာများလာပြီး ဥပဒေတင်းကျပ်လာတာ။အခုဆိုဖူးခက်က မွန်ဗမာတွေရဲ့အလှူမင်္ဂလာဆောင်ပွဲတိုင်းလိုလိုမှာ အာစီယံနဲ့ ဧည့်ခံကြတာဆိုတော့ ထိုင်းပုလိပ်တွေငွေညှစ်လို့ ပိုကောင်းတာပေါ့"
အလီမောင်မောင်ကား စကားပြောမပြတ်သလို အလုပ်ကိုလက်နှင့်မပြတ်။သွပ်ပြားအသစ်ကို မီးဖိုအောက်ခံသစ်သားစားပွဲနှင့် တဒုန်းဒုန်းထုကာကပ်ရင်း သံချက်စွဲနေသည်။
"ဒါနဲ့အလီ ရင်းရင်းနှီးနှီးပဲမေးရအုံးမယ်။မင်းဟိုတလောက ဘိန်းစာရွက်မှုနဲ့ အချုပ်ကျသေးတယ်ဆို"
ဟုတ်တယ်ဦးရ ။ဒီကောင်တွေ ကျနော်ဘိန်းစာရွက်ရောင်းနေတာသိသိကြီးပဲ။ဝထစ်ရပ်ကွက်က ထိုင်းပုလိပ်တွေထဲမှာ ကျနော်မသိတဲ့သူ တစ်ယောက်မှမရှိဘူး။ဒီကောင်တွေကျနော့်ကို ဘေးမဲ့ပေးထားတာ။အဲဒီနေ့က လာဖမ်းတဲ့ရဲတွေဟာ စမ်မကောင်းအပိုင်ကတဲ့။ အမှုမဖြစ်အောင်ဘတ်နှစ် သောင်းတောင်းတာမို့ကျနော်လည်းပေးစရာမရှိတော့ ဖူးခက်အချုပ်ထဲမှာ နှစ်လလောက်ကြာတယ်။ပြီးတော့ ရနောင်းဘက်မှာ ကျနော့်ကို သွားသွန်တယ်။အခုကျနော့်ဖာသာ ဘတ်စ်ကားနဲ့ ဖူးခက်ကို ပြန်တက်လာတာ တစ်လကျော်ပဲရှိ သေး တယ်။အခုတော့ ဘိန်းစာရွက်ရောင်းတဲ့ အလုပ်ကို မလုပ်တော့ဘူးဦးရာ။ ကျနော်လုပ်ပုံက စီးပွားဖြစ်လည်းမဟုတ်၊ သူငယ်ချင်း အသိမိတ်ဆွေတွေများနေတော့ ဟေးလားဝါးလား ဘဝနဲ့နာမည်ပျက်နေတာ။ကျနော့်သမီးကြီးတောင် ဆယ်တန်းရောက်နေပြီ။ အငယ် ကောင်က အခုမှသူငယ်တန်းစတက် မှာဆိုတော့ မိန်းမကလည်း ဆူလှပြီ။မလုပ်တော့ပါဘူးဦးရာ။ ကျနော်လုပ်တာက အပျော်လုပ် သလိုဖြစ်နေတယ်"
"မလုပ်တော့ရင်ကောင်းတာပေါ့ကွာ။မင်းညီညီနိုင်တို့ကို အားကျစမ်းပါ"
"အာ ဦးကလည်း ညီညီနိုင်နဲ့ကျနော် သူငယ်ချင်းအရင်းဗျ။သူက ကံကောင်းတဲ့သူစာရင်းမှာ ပါတယ်လို့ပြောလို့ရတယ်"
ညီညီနိုင်အကြောင်း ကျနော်စကားစလိုက်သည့်အခါ သူ့မျက်နှာသိသိသာသာပြောင်းလဲသွားသည်။ညီညီနိုင်ကား ရန်ကုန်ဇာတိဟုဆို သည်။လက်ရှိအချိန်တွင် ညီညီနိုင်သည် ဖူးခက်ရှိ အကြီးဆုံးဆောက်လုပ်ရေးလုပ်ငန်းခွင်ဖြစ်သော ဖန်နဆွန်(FANASON)ကုမ္ပဏီကြီး တွင် ဗမာအလုပ်သမားရှာဖွေပေးသည့်
အလုပ်သမားခေါင်းဆောင်ဖြစ်နေပြီး စီးပွားရေးအထိုက်အလျောက်ချောင်လည်ကာ ဗမာအလုပ်သမား အသိုင်းအဝိုင်းကြားမှာ လူတစ်လုံးသူတစ်လုံးဖြစ်နေသူတည်း။ညီညီနိုင်သည် အလီမောင်မောင်နှင့်အသက်မတိမ်း မယိမ်း၊ အရပ်အမောင်း ကောင်း၍ကိုယ်လုံးကိုယ်ထည်တောင့်တင်း သည်။သို့သော် သူ့ရှေ့သွားသုံးချောင်းခန့်မှာ ပလစ်စတစ်သွား တုတွေစိုက်ထားသည်။သူစကားပြောသည့် အခါ သူ့အသံသည်မသဲကွဲ၊မပီသ၊ရှဲရှဲ၊ရှဲရှဲနှင့်ဘဲဂတ်သံထွက်နေသည်။
ထိုသို့ဖြစ်ရခြင်း၏ နောက်ကြောင်းဇာတ်လမ်းကို အလီမောင်မောင်က အောက်ပါ အတိုင်းဆိုသည်။
"တကယ်တော့ ညီညီနိုင်ဟာ ကျနော်တို့လို အလုပ်ကြမ်းသမားဘဝကလာတာပါပဲ။ သူက စိတ်တော့ဆတ်တယ်။ရောက်ခါစတုန်းက တလတ်ဆွတ်(ဖူးခက်မြို့မဈေး)မှာ ကုန်စိမ်းလှည်းတွန်းတာဦးရ။ကျနော်တို့နဲ့အတူကြုံရာကျပန်းလုပ်နေခဲ့တာပါပဲ။တစ်နေ့ တလစွပ်ထဲမှာ ဗမာအလုပ်သမားတွေ အလုပ်ပါးတဲ့အချိန် ဖဲဝိုင်းထောင်ပြီးဖဲရိုက်ကြတုန်း ညီညီနိုင်နဲ့ဖဲဝိုင်းထဲက မွန်ဗမာတစ်ယောက် အလျော်အစား ကိစ္စစကားများကြရင်း ညီညီနိုင်က
ခါးကြားမှာပါလာတဲ့ဓားနဲ့ ထထိုးလိုက်တာ အူပွင့်သွားတယ်။သွေးအိုင်ထဲကနေ ဇွတ်အတင်းပွေ့ချီပြီး ဝါချီ လပ်ဆေးရုံကို အချိန်မီပို့နိုင်လို့ အသက်တော့မသေပါဘူး။ဒါပေမဲ့ နောက်နှစ်ရက်လောက်ကြာတော့ ဓားထိုးခံရတဲ့ မွန်ဗမာအုပ်စုထဲကကောင် တွေနဲ့ ညီညီနိုင်၊ဖယ်အုံကန်ဆိပ်ကမ်းဘက်မှာဆုံမိကြပြီး ညီညီနိုင်ကို လက်စားချေအပြတ်ရှင်း တော့တာ ပဲဦးရ။မျက်နှာကို တုတ်နဲ့ဖြတ်ရိုက်၊ ဓားနဲ့အချက်ပေါင်း များစွာထိုး၊လည်ပင်းကို ပြတ်လုပြတ်ခင်လှီးပြီး လှေပျက်တစ်စီးပေါ်မှာ ထားရစ် ခဲ့တာပဲ။ညီညီနိုင်ကံကြီးတယ်၊ကံကောင်းတယ်ဆိုတာ အဲဒါကိုပြောတာ။အသက်ဖုတ် လှိုက်ဖုတ်လှိုက်ဖြစ်နေတဲ့ညီညီနိုင်ကို ဗမာလှေ သမားတချို့ကတွေ့ပြီး ဝါချီလပ်ဆေးရုံပို့ပြန်ရော။ ဒီမှာ တင် ညီညီနိုင်ဟာ သူဓားနဲ့ ထိုးခဲ့တဲ့ လူနဲ့ ကုတင်ချင်းဘေးကပ်ပြီးကျနေ ပြန်ရောတဲ့။
အချိန်မီခွဲစိတ်ကုသနိုင်တာကြောင့် ညီညီနိုင်အသက်မသေပေမဲ့ သွားလေးငါးချောင်းကျွတ်ထွက်ကုန်တယ်၊လည်ချောင်းက အသံအိုးပျက်စီးသွားပြီး စကားပြောရင်မပီတော့ဘူးပေါ့ ဦး ရာ။အဲဒီရန်ကြွေးက အဲဒီမှာတင် ဇာတ်လမ်းမဆုံးဘူး။ ညီညီနိုင်ဆေးရုံ ကဆင်းလာတော့ သူ့ကိုလုပ်ခဲ့တဲ့ကောင်တွေကို လက်စားပြန်ချေပြီး အပျောက်ရှင်းပြန်သတဲ့။ ခေါင်းရောကိုယ်ပါတစ်စစီ ခုတ်ဖြတ်ပြီး မျောက်စာကျွေးလိုက်တယ်လို့ သူပြောဖူးတာပဲ။ခက်တာက မျောက်က လူသားစားမစားတော့ ကျနော်မသိဘူး"
ညီညီနိုင်ကား ကျနော်နှင့်အတော်ရင်းနှီးသူဖြစ်၍ ကျနော်မသိသေးသော ညီညီနိုင့်ဇာတ်လမ်းကို ကျနော်ဆက်၍နားစွင့်နေမိသည်။ အလီမောင် မောင်ကား မီးဖိုချောင်ပြင်ဆင်မှုကို လက်စသိမ်းကာ အိမ်မကြီးအဝင်တံခါးကိုသော့အိမ်အသစ်လဲရန်ပြင်ဆင်နေရင်း သူ့စကားကိုဆက် ပြန်သည်။
"နောက်ပိုင်းတော့ ညီညီနိုင်လည်း ပင်နာဆွန်နဲ့ချိတ်မိပြီး အလုပ်သမားခေါင်းဆောင်ဖြစ်လာတယ်။သူက လုပ်ရဲကိုင်ရဲဇက်ရဲလက်ရဲမို့ အလုပ်သမားတွေအပေါ်သြဇာညောင်းတာကြောင့် တဖြည်းဖြည်းအဆင်ပြေလာတာပေါ့။ဦးစဉ်းစားကြည့်လေ၊အလုပ်သမားတစ်ယောက် ရဲ့နေ့တွက်ခကနေ ဘတ်သုံးဆယ်ဖြတ်တယ်ဆိုတော့ အလုပ်သမားငါးဆယ်ရှိရင် သူ့တစ်နေ့ဝင်ငွေက ဘတ်ထောင့်ငါးရာ၊အလုပ်သမား တစ်ရာရှိရင် ဘတ်သုံးထောင်ပေါ့။ကျနော်ကတော့ သူ့ကိုအားမကျပါဘူး။မွန်ဗမာအချင်းချင်း ခေါင်းပုံဖြတ်သလိုမျိုးလုပ်စားရတာကို ကျနော်မလုပ်ချင်ဘူး။ဒါကြောင့်လည်းကျနော်မကြီးပွားတာပေါ့"
အလီမောင်မောင်ကား အတန်းပညာဟုတ်ဟုတ်ငြားငြားမတတ်မြောက်ခဲ့သော်လည်း စာဖတ်သည့်အလေ့အထတော့ ရှိဟန်တူသည်။ သူက ကျနော့်စာအုပ်စင်ပေါ်မှ ကျော်သူ၏"သမ္မတကြီးဖြစ်ချင်တယ်"ဟူသော စာအုပ်ကိုလှမ်းကြည့်ရင်း မှတ်ချက်ပြုသည်။
"ဒီလူမဆိုးဘူးဦးရ။ပိုက်ဆံရှိတယ်။အောင်မြင်နေတဲ့ရုပ်ရှင်မင်းသား၊သူ့လိုလုပ်နိုင်တဲ့ လူမျိုးသိပ်ရှားတယ်။ဦးသန်းရွှေနဲ့တော့ တစ်ခြားစီပဲ"
"ဘာတွေရှားနေတာတုန်း၊ဘာတွေခြားနေတာတုန်းမောင်မောင်ရ"
ထိုစဉ် အသံရောလူပါရုတ်ခြည်းပေါ်လာသူကား ကိုသက်ခိုင်ဖြစ်၏။