၂၅။၀၆။၂၀၁၄နေ့ထုတ်။ဆဲဗင်းဒေးဂျာနယ်။ မင်းဒင်ရဲ့သက်ခိုင်(၂) အခန်း(၄၀)။
စစ်တပ်ဋီကာ
၂၀၁၄ခုနှစ်၊ဇွန်လ(၁၅)ရက်
ထိုနေ့ကဖူးခက်မှာ နံနက်စောစောကတည်းကပင် မိုးသည်းစွာရွာသည်။ ဟိုတယ်မန်နေဂျာကျော်ကျော်ခိုင် ခေါ်ဂျိုးနှင့် ကိုသက်ခိုင်ပါ ကျနော့်အိမ်သို့ရောက်နေကြ၏။ဂျိုးကား ကိုသက်ခိုင်၏ တောင်းဆိုချက်အရ သီးစုံပဲကုလားဟင်းချက်ရန် ရေခဲသေတ္တာတွင်းမှ အသီး အရွက်မျိုးစုံကို ထုတ်ကာ မီးဖိုချောင်မှာ အလုပ်ရှုပ်နေ၏။ဂျိုးအရင်ရောက်နှင့်နေသော ကိုသက်ခိုင်၏လက်စွမ်းပြ လက်ရာ ကြက်သား နှင့်ချဉ်စော်ခါးသီး ဟင်းလျာကား ထမင်းစားပွဲပေါ်တွင် ကြိုတင်ရောက်ရှိကာ ပဲကုလားဟင်းကိုစောင့်မျှော်လျက်ရှိ၏။
ဇာတိမြေနှင့်ဝေးကွာနေရသော ကာလများကားသွေ့ခြောက်ပျင်းရိဖွယ်ကောင်းသော ဘဝရက်စွဲများဖြစ်လေသဖြင့် စိတ်ထွက်ပေါက်အနေ ဖြင့် အာသီသရှိရာ ဟင်းမျိုးစုံကိုလက်တည့်စမ်းချက်ပြုပ်နေကြခြင်းဖြစ်သည်။တစိမ့်စိမ့်စွေနေသောမိုးကြောင့် ကျနော်ခပ်ပျင်းပျင်းရှိသည် နှင့် စာအုပ်စင်ရှေ့မှာတောင်ကြည့်မြောက်ကြည့်လုပ်နေသောကိုသက်ခိုင်ကို လှမ်း၍နောက်လိုက်မိသည်။
"ဒီတစ်ခါတော့ ဖူးခက်ကိုရောက်နေရတာ ဟန်ကျပြီထင်တယ်။ဗမာမယ်စကြာဝဠာလောင်းတွေ ဖူးခက်မှာလာပြီး စခန်းသွင်း လေ့ကျင့်ကြမယ်ဆိုပဲ ကိုသက်ခိုင်"
ကျနော့်စကားအဆုံးတွင် သူက မဲ့ပြုံးပြုံးရင်း ခွန်းတုန့်ပြန်သည်။
"အေးပေါ့ဗျာ။မယ်စကြာဝဠာလောင်းတွေအတွက်တော့ စပွန်ဆာကောင်းကောင်းရှိကြတယ်ထင်ပါရဲ့။ကျနော်ကြားမိသလောက် ဘရာဇီး မှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲအတွက် ဖိတ်ခေါ်ထားတဲ့မြန်မာခြင်းလုံးအဖွဲ့အတွက်တော့ ငွေကုန်ခံမဲ့သူ မရှိသေးဘူးကြား မိတယ်။ဗမာရုပ်သေးအဖွဲ့ကမ္ဘာလှည့်နိုင်ဖို့လည်း ထိုနည်းလည်းကောင်းပဲတဲ့။မင်္ဂလာဦးပျားရည်ဆမ်းခရီးကို လကမ္ဘာအထိသွားနိုင်တဲ့ သူဌေးတွေနေတဲ့တိုင်းပြည်တဲ့ဗျာ။နေဦး၊ ခင်ဗျား မယ်စကြာဝဠာ ကိစ္စအသာထား၊ခင်ဗျားဆိုင်နားက ဝထစ်အပိုင်မှာ ဆောက်လက်စ တိုက်ပြိုကျလို့ မွန်ဗမာမလေး သုံးယောက်အုတ်နံရံ ပိပြီး ပွဲချင်းပြီးသေတာ ကြားလိုက်သေးလား"
"အေးဗျာ။ မနေ့က ဆိုင်ကိုလာတဲ့ မွန်အမျိုးသမီးတစ်ယောက် ပြောလို့သိလိုက်ရတယ်။အဖြစ်ဆိုးလိုက်တာဗျာ။ကလေးမလေးတွေက အသက်(၁၇)နှစ်ကနေ (၂၀)ဝန်းကျင်ပဲရှိကြသေးတာ။အမှန်က နံရံပိတာ မိန်းကလေးချည်းခြောက်ယောက်တဲ့။သုံးယောက်သေတယ် ဆိုပါတော့၊တော်တော့်ကို စိတ်မကောင်းစရာသတင်းပါပဲ"
"ခင်ဗျားမသိတာရှိသေးတယ်။အဲဒီမွန်ဗမာမလေးတွေမှာ တစ်ယောက်မှ ပတ်စပို့၊ဝါ့ပါမစ်မရှိကြဘူးတဲ့ဗျာ။သူတို့ဖူးခက်ကိုရောက်တာ လပိုင်းပဲရှိသေးတယ်တဲ့ဗျ။ထိုင်းနိုင်ငံရေးမတည်ငြိမ်တာကြောင့် ပတ်စပို့လုပ်ဖို့လည်းအခွင့်မသာဘူး။ရင်နာစရာကောင်းတာက အဲဒီ ကလေးမလေးတွေရဲ့မိဘတွေလည်း အနီးနားမှာရှိနေကြပေမဲ့ ပတ်စပို့၊ဝါ့ပါမစ်မရှိကြတာကြောင့် ကိုယ့်သမီးအလောင်းနားတောင် ကိုယ် မသီရဲတဲ့အဖြစ်။အလုပ်ရှင်ကတော့ အမှုမဖွင့်ဖို့၊အလောင်းတွေကိုမြေကျတဲ့အထိ တာဝန်ယူကြောင်း ပြောသတဲ့ဗျာ။တိုက်တိုက် ဆိုင်ဆိုင် ဗျာ။ဒီကနေ့လွှတ်တော်မှာတင်တဲ့ နိုင်ငံခြားရောက်အလုပ်သမားတွေကို ကာကွယ်ပေးဖို့ အထူးဥပဒေပြ ဋ္ဌာန်းရေးအဆိုဟာ လွှတ်တော် မှာ ရှုံးနိမ့်ခဲ့သတဲ့။တကယ့်ကို အံ့သြကုန်နိုင်ဖွယ်ပါပဲဗျာ။ထိုင်းနဲ့မလေးရှားရောက် ဗမာအလုပ်သမားတွေ ကတော့ အဲဒီ အဆိုရှုံးနိမ့် တဲ့အတွက် ဆန္ဒပြရှုံ့ချပွဲတွေလုပ်ကြအုံးမတဲ့"
ဖူးခက်မှာနေသည်မို့ မွန်ဗမာအလုပ်သမားတို့၏ရင်နာစရာအဖြစ်တို့ကို ကြုံဖူးကြားဖူးပေါင်းများလှသဖြင့် ထိုအကြောင်းတို့ကိုဆက်၍ မစဉ်းစားချင်သော ကျနော်သည် စကားလမ်းကြောင်းပြောင်းရန်အားထုတ်မိပြန်သည်။
"ကိုသက်ခိုင်၊အခုထိုင်းမှာ စစ်တပ်ကအာဏာသိမ်းထားတာ နောက်ဆက်တွဲ ဘာထူးသေးတုန်းဗျ။ အနီတွေ၊အဝါတွေအသံတိတ်နေ တယ်ထင်မိတယ်"
"အင်း၊စစ်တပ်ထုံးစံပေါ့ဗျာ။အရပ်သားအစိုးရလက်ထက်က အစိုးရအဖွဲ့ဝင်တွေရုံးထိုင်ခဲ့တဲ့ ဝန်ကြီးဌာနရုံးတွေမှာ မထိုင်တော့ပဲ စစ်ရုံးချုပ် မှာပဲထိုင်ပြီး တတိုင်းပြည်လုံးကိုအုပ်ချုပ်ဖို့ စိုင်းပြင်းနေကြလေရဲ့။ ထိုင်းနိုင်ငံမှာ အာဏာသိမ်းတာကို ကန့်ကွက်တဲ့ဆန္ဒပြသမားတွေ ကြားမှာ လက်သုံးချောင်းထောင်တဲ့ သင်္ကေတတွေ ခေတ်စားနေတယ်။ အဲဒီသင်္ကေတက"The Hunger Games"ရုပ်ရှင် ဇာတ်ကားထဲကပုံစံမျိုး အတုခိုးပြီး စစ်အာဏာသိမ်းမှုကို အမူအရာနဲ့အသံတိတ်အလေးပြု ဆန္ဒပြတာတဲ့ဗျ။ တကယ်တမ်း ၀တ္ထုထဲက အဓိပ္ပာယ်ကတော့ ချစ်ခင်တဲ့ တစ်စုံတစ်ယောက်ကို ကျေးဇူးတင်မှု၊ လေးစားမှုနဲ့ နှုတ်ဆက်တဲ့ အဓိပ္ပာယ်သုံးမျိုးကို ကိုယ်စားပြု တာပါ။ခင်ဗျားအိမ်အပြင်ထွက်ရင် ယောင်လို့တောင် လက်သုံးချောင်း မထောင်မိစေနဲ့။ဖမ်းမယ်လို့ အမိန့်ထုတ်လိုက်ပြီ။
ထိုင်းစစ်တပ်ဟာ ခေတ်နောက်ပြန်ဆွဲနေတယ်လို့ ထင်မိတယ်။စစ်သားဆိုတာ ဘာမဆိုလုပ်တတ်တယ်ဆိုတဲ့ အယူအဆအမှားကြီးကို ဗမာစစ်တပ်ဆီက နေများ အတုခိုးလေရော့ သလား မဆိုနိုင်ဘူးဗျာ"
"ဒီအတိုင်းဆို ထိုင်းစစ်တပ်က အချိန်အကြာကြီး အာဏာသိမ်းထားမဲ့သဘောလား"
"ဟုတ်တယ်ဗျ။အနည်းဆုံး လာမဲ့၂၀၁၅ခုနှစ်မေလအထိ သက်တမ်းရှိနေမယ်လို့ဆိုတယ်။တကယ်တော့ဗျာ၊စစ်တပ်ဆိုတာ မရှိမကောင်း ရှိမကောင်းဗျ။စစ်တပ်နဲ့ဆက်ဆံရတာ လူမိုက်အိမ်မှာဖဲရိုက်ရတာနဲ့တူတယ်"
"ခင်ဗျားပြောလိုက်ရင် အဆန်းချည်းပဲ၊ကျနော်က ခပ်ပြိန်းပြိန်းမို့လူပြိန်းနားလည်အောင်ရှင်းပါအုံးဆရာရယ်"
"ကျနော်ငယ်ငယ်က ကြုံခဲ့ရတဲ့အဖြစ်လေးတစ်ခုဆိုပါတော့ဗျာ။ကျနော်ဆိုတဲ့ကောင်က ကြက်ဝိုင်းဆိုပါလိုက်၊ဖဲဝိုင်းဆိုဝင်ကစားလိုက် အတတ်ကောင်းတွေသင်နေတဲ့အချိန်ပေါ့။ဖဲကလည်းရိုက်တတ်ကာစဆိုတော့ ဖဲဝိုင်းလိုက်ရှာရတာပေါ့ဗျာ။ချာတိတ်အရွယ်ဆိုတော့ ရပ်ကွက်ထဲက အသုဘအိမ်တွေမှာခုနစ်ရက်ခုနစ်လီဒိုင်ခံတဲ့ဖဲဝိုင်းတွေဆီလည်း အဖေ့ရန်ကြောက်ပြီးသွားလို့မဖြစ်ပြန်တာကြောင့် တိုးတိုး တိတ်တိတ်ကျိတ်ဝိုင်းတွေလိုက်ရှာရတာပေါ့။ဒီလိုနဲ့တစ်နေ့ကျတော့ ကျနော်တို့လမ်းရဲ့အဆုံး ဓနိတောနားက ကိုအောင်စိုးတို့အိမ်မှာ ကျိတ်ဝိုင်းလုပ်ပါလေရောဗျာ။ အောင်စိုးရဲ့အမေကြီးက ပဲပြုပ်ရောင်းတယ်။သူ့အကိုအကြီးဆုံးက ဦးတင်ဦးတဲ့။ ကျနော်တို့ ကျောင်းက ကျောင်းဆရာဗျ။ဆရာဦးတင်ဦးက အင်းယားကန်မှာရေသွားကူးရင်း ရေနစ်လို့သေသွားတာ။အောင်စိုးကတော့ သူ့အကို
ဆရာဦးတင်ဦး နဲ့ အတန်းပညာရောအကျင့်စာရိတ္တပါ ညံ့တဲ့ကောင်။ထားပါတော့ဗျာ။အဲဒီဝိုင်းကို ကျနော်နဲ့ရွယ်တူဝါသနာတူ သူငယ်ချင်း သုံးယောက် လည်းပါသွားလေရဲ့။သိပ်အကြာကြီးတောင် မကစားလိုက်ရပါဘူးဗျာ။ ကျနော့်အဖော်တွေပါသမျှ တက်တက်စင်အောင်ပြောင် တာပါပဲ။ ပြောင်မှာပေါ့ဗျာ။ကျိတ်ဝိုင်းဒိုင်ခံတဲ့အောင်စိုးက ဖဲလိမ်ရိုက်ပြီး အချဉ်ဖောက်နေတာကိုး။ဖြစ်ချင်တော့ သူလိမ်ရိုက်နေပေမဲ့ ကျနော့်ဖဲက စွတ်ကောင်းပြီး တစ်ဝိုင်းလုံးရှိသမျှပိုက်ဆံတွေ ကျနော့်ရှေ့မှာ ပုံနေတယ်။ဒါကိုအောင်စိုးက မင်းအနိုင်နဲ့ပိုင်းလို့မရဘူး။ မင်းနဲ့ငါ နှစ်ယောက်တည်းဆက်ရိုက်ရမယ်ဆိုပြီး အကြပ်ကိုင်ပြန်ရောဗျ။ ဒီကောင်က ကျနော်တို့ထက်လေးငါးနှစ်ပိုကြီးနေတော့ ကြောက် ကြောက်နဲ့ ပဲဆက်ကစားရတာပေါ့။တစ်ခါတစ်ခါကံသမားကို ဥာဏ်သမားက မယှဉ်နိုင်ဘူးဆိုတာအမှန်ပဲဗျ။ အောင်စိုးလိမ် နေရင်းတန်း လန်းက ကျနော့်ဖဲဟာ
ဆက်ကောင်းနေတာမို့ အောင်စိုးရဲ့လိမ်နည်းလည်းကုန်၊ရှိသမျှငွေလည်းကုန်ပါလေရော။အမှန်က ကျနော်ဟာ ဖဲရိုက်ရ ပြီးရောဆိုပြီးဖဲကိုသာမဲနေတာ ကျနော့်အဖော်တွေတစ်ယောက်မကျန်အိမ်ပြန်ကြတာမို့ အောင်စိုးနဲ့ကျနော်နှစ် ယောက်တည်း ကျန်ခဲ့တာဗျ။ ဒီမှာတင် အောင်စိုးဟာ လူမိုက်ဇာတိပြတော့တာပါပဲဗျာ။သူ့ခါးကြားထဲက အသွားခြောက်လက်မလောက်ရှိတဲ့ ဓားမြောင်တစ် ချောင်းကိုထုတ်၊ကျနော့်ရင်ဝကိုတေ့ပြီး ကျနော့်မှာရှိသမျှ ငွေကို ဇွတ်လုယူတော့တာပါပဲ။ကျနော်က ဆယ့်ငါးနှစ်သား လောက်ဆိုတော့ လူမိုက်အောင်စိုးကို ဘယ်မှာလာ ယှဉ်နိုင်ပါ့မတုန်းဗျာ။ငိုမဲ့မဲ့နဲ့ ပြန်လာရတာပေါ့။ကျိတ်ဝိုင်းမှာဖဲလိမ်ခံရတာ ဘယ်သူ့ သွားတိုင်မတုန်းဗျာ။ အဖေ့ တိုင်ဖို့နေနေသာသာ သူသိမှာတောင်စိုးရသေး။အလုခံရတဲ့ပိုက်ဆံက ဟိုခေတ်က လေးငါး ဆယ်ပေါ့ဗျာ။ ဒါပေမဲ့ အောင်စိုးလည်း သက်ဆိုးမရှည်ရှာပါဘူး။အသက်သုံးဆယ်ကျော်လောက်အရွယ် ဖဲဝိုင်းမှာဓားထိုးခံရပြီး သေတာပါပဲ"
"ခင်ဗျားအဖြစ်ကလည်း ပိုက်ဆံအလုခံရတာတောင် ကျယ်ကျယ်မငိုဝံ့တဲ့အဖြစ်ပါလားဗျာ။ခင်ဗျားပြောတဲ့ အကြောင်းအရာက အခုထိုင်း မှာ စစ်တပ်အာဏာ သိမ်းတဲ့ကိစ္စနဲ့ ဘယ်လိုပတ်သက်သတုန်းဗျာ"
"ခင်ဗျားဗျာ ကျားကိုက်ပါတယ်ဆိုနေမှ အပေါက်ကလေးနဲ့လား မေးနေသလိုပဲ။အရင်ဆုံး ကျနော်တို့ဗမာ့တပ်မတော်ကြီးကိုကြည့်လေ။ ၁၉၆၂ခုနှစ်ကတည်းက တိုင်းပြည်ချောက်ကမ်းပါးထဲမရောက်အောင်ဆိုပြီး အာဏာသိမ်းလိုက်တာ တစ်တိုင်းပြည်လုံးဆင်းရဲမွဲတေပြီး ဖဲဝိုင်းမှာ ဓားထောက်အလုခံရတာထက်တောင် ဆိုးကုန်ပါရောလား။စစ်တပ်ရဲ့သဘောဟာ နိုင်ဖို့အဓိကဗျ။မနိုင်နိုင်အောင် လုပ်တတ်တာ စစ်တပ်၊ စစ်တပ်ခေါင်းဆောင်တွေ ထင်ရာစိုင်းနိုင်အောင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုတာကြီးကို ထောင်တယ်။
တပါတီအာဏာ ရှင်စံနစ်နဲ့ ဥာဏ်အမျှော်အမြင်နည်းစွာ အုပ်ချုပ်ခဲ့တယ်။ဘာတဲ့ အဲဒီခေတ်က ဝန်ကြီးတစ်ပါးဟာ အညာဘက် ရောက်တုန်း ထန်းလျက် ခဲဖြူဖြူလေးတွေကိုလည်းတွေ့ရော တယ်မျိုးကောင်းပါလား။ နောင်နှစ်အတွက် မျိုးချန်ထားလိုက်ကြဆိုပြီး လမ်းညွန်မိန့်ကြားသတဲ့။ ဒီတိုင်းပြည်မှမမွဲရင် ဘယ်တိုင်းပြည်မွဲမတုန်းဗျာ။နဖူးကချွေး ခြေမကျအောင် ရှာဖွေစုဆောင်းထားရတဲ့ ငွေတွေကို တရားမဝင်ငွေစက္ကူ ဆိုပြီး ကြေညာတယ်။အဲဒါ ပြည်သူလူထုပိုက်ဆံကို ဓားထောက် လုတာပေါ့။သေနတ်ပြ လုတာပေါ့ဗျာ။လူထုက မကျေနပ်လို့ ဆူမယ်ကြံတော့ သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး။ တည့်တည့်ပစ်တယ်လုပ်ပြန်ရော။၁၉၈၈ခုနှစ်မှာ တပြည်လုံးအုံးကြွ လာပြန်တော့ နိုင်ငံတော်ငြိမ် ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဆိုပြီး ဒိုင်းဝန်ထက်ကဲတဲ့ မောင်ပုလဲတွေတက်လာပြန်တယ်။ စစ်သား ဆိုတာဘာမဆိုလုပ်တတ်တယ် ဆိုပြီးထင်တိုင်းကြဲလိုက်ကြတာ မြေပေါ် မြေအောက်၊ရေပေါ်ရေအောက် သယံဇာတတွေ တက်တက် စင်အောင်ပြောင်တဲ့အပြင် ဗမာလူထုရဲ့စိတ်ဓာတ်တွေကိုပါ ညံ့ဖျင်း သေးသိမ်အောင်လုပ်ပစ်ကြပြန်ရော။ အမယ်ရွှေကိုယ်တော် တွေက ငြိပ်ပိကနေ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုရေးကောင်စီဆိုပြီး လူမပြောင်းပဲ ဆိုင်းဘုတ်ပြောင်းကြပြန်တယ်။ ကိုသာဆိုးပါပဲ။
တည်ဆောက်ပြုပြင် မြန်ပြည်တခွင်တဲ့။ ဆောက်လိုက်တဲ့ လမ်းတံတားတွေ၊အဆောက်အဦတွေ၊ ချလိုက်တဲ့စီမံကိန်း ဘာတစ်ခုမှ အရာမထင်ဘူး။ ဘယ်အရာထင်မလဲဗျာ။ စစ်တပ်ဆိုတာ တိုင်းပြည်ကာကွယ်ရေးတာဝန်ကိုသာ ဂုဏ်သိက္ခာရှိရှိ ထမ်းဆောင်နေရမှာ၊ တိုင်းပြည်တည်ဆောက်ရေးထူထောင် ရေးဆိုတာ တကယ်တမ်း တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေက ဦးဆောင်ရမှာ။ဖြစ်ပုံများ မီးရထားလက်မှတ် တန်းစီတဲ့နေရာတောင် စစ်တပ်သြဇာမကင်းခဲ့ဘူး။အဆိုးဆုံးအချက်ကတော့ တိုင်းပြည်တိုးတက်ကြီးပွားအောင် လုပ်နေပါတယ်၊ပြည်ထောင်စုကြီးမပြိုကွဲရေး၊အချုပ်အခြာအာဏာတည်တန့်ခိုင်မြဲရေး ဆိုတဲ့ ခေါင်းစဉ်တွေတပ်ပြီး ခါးတောင်းကျိုက် တစ်ခြားဖင်တစ်ခြား ကိုယ်ကျိုးစီးပွားချည်း နင်းကန်ရှာခဲ့ကြပါပဲ။အမယ်၊အတိုက်အခံ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို နှိပ်ကွပ်ဖို့ ကျတော့ မောင်နဲ့နှမ သားနဲ့အမိမကြားဝံ့ မနာသာ ဆဲဆိုသံတွေကို မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားတွေကနေ ထုတ်လွှင့်တတ်သဗျာ"
ကိုသက်ခိုင်ကား ဘယ်အချိန်ကမျိုသိပ်ထားသည်မသိလေသော အောင့်လုံးများဆက်တိုက်ပေါက်ကွဲနေလေရာ ကျနော်က သူစိတ်ပြေလို ပြေငြားလေပြေထိုးလိုက်ရပြန်သည်။သို့သော် သူသည်တစ်စုံတစ်ခုကို မကျေမနပ်ဖြစ်နေလေဟန်ဆက်လက်ပေါက်ကွဲနေပြန်၏။ ကိစ္စ ရပ်တစ်ခုခေါင်းစဉ်တစ်ခုပေါ်တွင် သူအာရုံကျပြီဆိုလျှင် စကားအမျှင်မပြတ်တတ်ခြင်းသည်ပင် ကိုသက်ခိုင်၏စရိုက်ဖြစ်လေသည်။
"အခုတော့ခေတ်ပြောင်းနေပြီ မဟုတ်လားဗျာ။ပြည်သူက ရွေးကောက်တဲ့သမ္မတနဲ့လွှတ်တော်အဆင့်ဆင့်နဲ့လုပ်ကိုင်နေကြပြီမဟုတ် လား"
"တော်ပါတော့ကိုယ့်ဆရာရယ်။အဲဒီသမ္မတနဲ့ လွှတ်တော်ဟာ ဘယ်ကလာသလဲ။တကယ်တော့ကြံ့ခိုင်ဖွံ့ဖြိုးရေးဆိုတာ စစ်တပ်က အခိုင် အမာကျောထောက်နောက်ခံပေးထားတဲ့အဖွဲ့၊အမတ်အများစုကလည်း စစ်တပ်ကနေအသွင်ပြောင်းလာကြတာ။တိုတိုပြောရရင် ဗမာ ပြည်တစ်ပြည်လုံးမှာ စစ်တပ်ဟာထင်တိုင်းကြဲနေနိုင်တုန်းပါပဲ။လက်ရှိအခြေခံဥပဒေဟာ ပြည်သူလူထုသိန်းချီသေရတဲ့ နာဂစ်ကာလမှာ ဇွတ်အတင်းအဓမ္မပြဋ္ဌာန်းခဲ့တာမို့ နဂိုကတည်းက အတိတ်နိမိတ်မကောင်းခဲ့ပါဘူး။
ကျနော်ဟာ သဘောထားတင်းမာသူအဆိုးမြင် တတ်သူ စာရင်းမှာမပါပါဘူး။ဘာဘဲဖြစ်ဖြစ် တို့တိုင်းပြည်မကြာခင်တစ်နေ့ ကောင်းစားလာတော့မှာလို့ ယုံကြည်နေတဲ့သူပါ။ ဒီရက်ပိုင်း တော့ ဗမာပြည်ရှေ့ရေးနဲ့ပတ်သက်ပြီး ကျနော့်အတွေးအမြင်နဲ့ခံယူချက်ဟာ အဖြူဘက်ကနေ အမဲဘက်ကို လုံးလုံးပြောင်းသွားခဲ့ပါပြီ။ ၅၉(စ)ကိုမပြင်ဖို့သေချာသွားပြီ။ဒီမိုကရေစီဆိုတာကို လူထုက စာလုံးပေါင်းတောင်မှန်အောင်မပေါင်းတတ်သေးခင်လွှတ်တော်မှာ ပီအာ စံနစ်ကျင့်သုံးဖို့မဲခွဲတာအနိုင်ရပြန်သတဲ့။တိုင်းတစ်ပါးမှာ မျက်နှာငယ်ငယ်နဲ့ အသက်ကိုဖက်နဲ့ထုတ်ပြီး ရင်တမမတကြောင့်ကျကျ နေရတဲ့ အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်မဲ့ ဥပဒေပြုရေးအဆိုကို လွှတ်တော်က ပယ်ချသတဲ့။အုတ်နံရံပိပြီး မရှုမလှ သေခဲ့ကြပေမဲ့ အသံထွက် မငိုရဲ၊နစ်နာကြေးလျော်ကြေးတစ်ပြားတစ်ချပ်မှမရတဲ့ကလေးမလေးတွေရဲ့ အဖြစ်ဆိုးမျိုးတွေကို ခင်ဗျားတို့ကျနော်တို့ ဆက်ပြီးကြားနေမြင်နေကြရအုံးမှာပါပဲ။
နောက်ဆုံးကျော်မကောင်းကြားမကောင်းဗျာ။ တာမွေနတ်ချောင်းရပ်ကွက် မဟာသန္တိသုခ ဘုန်းတော်ကြီး ကျောင်းကို ညကြီးအချိန်မတော်၊ရုပ်ပျက်ဆင်းပျက်ဝင်စီးပြီး ဘုန်းကြီးရဟန်းတွေကောလူတွေပါ စွတ်ဖမ်း၊လူဝတ်လဲ အင်းစိန်ထောင်ပို့ကြပြန်သတဲ့။ ဒီကိစ္စရပ် အားလုံးရဲ့ အဓိကလက်သည်ဟာ ဗမာပြည်မှာခေတ်စားနေဆဲဖြစ်တဲ့ စစ်ဝါဒစံနစ်ဆိုးကြီး ပါပဲ။ဗမာပြည်ရှေ့ရေးကိုတော့ ကျနော်တော်တော့်ကို ရင်လေးသွားပြီ။အနှစ်ငါးဆယ်ကျော် အမြစ်တွယ်လာခဲ့တဲ့ ဒီစံနစ်ဆိုးကြီးကို လေးငါးနှစ်အတွင်း ဖြတ်ကျော်နိုင်မယ်လို့ တွေးမိခဲ့တာ ကျနော့်ညံ့ချက်ပါပဲ။ရွှေပြည်တော်မျှော်တိုင်းဝေးခဲ့ပြီဆိုပါတော့"
"ကဲပါကိုသက်ခိုင်ရယ်။ထိုင်းနိုင်ငံရဲ့စစ်တပ်ဘက်လှည့်ပါအုံးဗျာ"
"အော် ခက်ပါဘိတော့ ကိုမင်းဒင်ရယ်၊ အရိပ်ပြတာတောင် အကောင်မထင်ပါကလား။အခုထိုင်းစစ်တပ်က အာဏာသိမ်းပြီး ဖွဲ့စည်း လိုက်တဲ့ အဖွဲ့နာမည်လေးဘာလေး လေ့လာပါအုံးတော့လား။နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့်အေးချမ်းသာယာရေးကောင်စီ(National Council for Peace and Order)တဲ့ခင်ဗျ"
"အမယ်၊နာမည်ကတော့ ဟုတ်နေပါပြီ။လုပ်ပုံကိုင်ပုံတူရင်တော့ ကိုယ်ကျိုးနည်းကြတော့မယ်ထင်ပါရဲ့"
"ထိုင်းစစ်တပ်ဟာ အာဏာသိမ်းတဲ့နေရာမှာ စံချိန်ချိုးခဲ့တဲ့စစ်တပ်ပါ။သို့သော် ယခင့်ယခင်အာဏာသိမ်းမှုတွေမှာ ထိုင်းစစ်တပ်ဟာ စစ်တပ်အလုပ်ကိုပဲ လုပ်ခဲ့တာတွေ့ရတယ်။ဒါပေမဲ့ ဒီတစ်ခါတော့ နည်းနည်းဆန်းနေတယ်ထင်မိတယ်။ပထမဆုံး လူထုဆက်သွယ်ရေး ကွန်ယက်တွေကိုပိတ်တယ်။လူငါးယောက်ထက်ပိုမစုရဘူး။ကာဖျူးထုတ်တယ်။ဖေ့စ်ဘွတ်တောင်တစ်နာရီဆိုလား ပိတ်ခဲ့သေးတယ်။ ထိုင်းစစ်တပ်ရဲ့ ထုံးစံကနေကွဲထွက်ပြီး ဆန်းပြားတဲ့လုပ်ရပ်တစ်ချို့ကြောင့် ထိုင်းပြည်သူအတော်များများ နားရွက်ထောင်ကုန်တာတော့ အမှန်ပဲဗျာ။ထိုင်းမှာနိုင်ငံရေးအကြပ်အတည်းကြောင့် ဗမာရွေ့ပြောင်းအလုပ်သမားတွေ ပတ်စပို့သက်တမ်းတိုးတဲ့ကိစ္စတွေ မလုပ်သာ မကိုင်သာ ဖြစ်နေတာကိုသိပါလျက်နဲ့ မဲဆောက်နဲ့ ချင်းမိုင်အပြင်ထိုင်းတနိုင်ငံလုံးမှာ ဗမာအလုပ်သမားတွေကို စစ်ဆင်ရေးတစ်ခုလို လုပ်ပြီးဖမ်းတယ်"
"နေပါအုံးကိုသက်ခိုင်။ ပတ္တယား၊ဖူးခက်နဲ့ ကော့စမွေလိုနေရာတွေမှာတော့ ကာဖျူးကိုလုံးလုံးရုပ်ပေးလိုက်ပြီမဟုတ်လား"
"အဲဒါက ဝင်ငွေသောက်သောက်လဲရနေတဲ့ နေရာတွေမို့ပါဗျာ။ထိုင်းတနိုင်ငံလုံးကိုလည်း ကာဖျူးမိန့်မကြာခင်ရုပ်သိမ်းပါလိမ့်မယ်။ သိပ်လည်းအကောင်းမြင်တာမစောပါနဲ့အုံး။ကျနော့်အယူအဆကတော့ ဘယ်တိုင်းပြည်မှာဖြစ်ဖြစ် အာဏာသိမ်းတယ်ဆိုတဲ့ ကိစ္စဟာ ကောင်းကျိုးထက်ဆိုးကျိုးဖြစ်ဖို့သာများပါတယ်။အာဏာသိမ်းတဲ့စစ်တပ် တိုင်းအကြောင်းပြတာ၊အသံကောင်းဟစ်တာကတော့ အမျိုး သားရေး၊တိုင်းပြည်တည်ငြိမ်ဖွံ့ဖြိုးရေးပါပဲ။ဒါပေမဲ့တဆက်တည်းဆိုသလို ကိုယ့်အုပ်စုအကျိုး ပါလာတယ်။ကိုယ်ကျိုးပါလာတယ်။ စစ်တပ်ဆိုတာ ဘာမဆိုလုပ်တတ်ကြောင်း၊လုပ်နိုင်ကြောင်းပြချင်တော့၊ ထင်ရာ မြင်ရာစီမံကိန်းမျိုးစုံကို အမျှော်အမြင်မရှိပဲ ထင်ရာစိုင်း လုပ်တတ်တယ်။ အခုပဲကြည့်ဗျာ။သက်ဆင်ရဲ့ညီမ၊ဝန်ကြီးချုပ်ယင်လပ် လက်ထက်က အကြပ်ရိုက်ခဲ့တဲ့
လယ်သမားတွေကိုပေးရမဲ့ စပါးကြွေးတွေကို နိုင်ငံတော်ဘဏ္ဍာငွေထဲကနေ ရက်ပိုင်းအတွင်း ထိုးဆပ်တယ်။ ထိုင်းနိုင်ငံရဲ့အနာဂတ်အတွက် အရံလောင်စာ အဖြစ် ထားတဲ့ ထိုင်းကမ်းလွန် ရေနံလုပ်ကွက်တွေအတွက် နိုင်ငံတစ်ကာကိုတင်ဒါခေါ်ပြီး တူးဖော်ခွင့်ပေးတော့မဲ့အသံတွေ ထွက်လာတယ်။ သေချာစဉ်းစားကြည့်ရင် ဒီစီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ စိုင်းပြင်းလာတာဟာ တကယ်တမ်းထိုင်းနိုင်ငံကြီးကို စည်ပင်ဝ ပြောစေချင်တာလား။ သက်ဆင်ရှင်နာဝပ်တို့လက်ဝါးကြီးအုပ်ထားတဲ့ ပေါ်ထော်ထော် (PTT, Petroleum AuThority of Thailand)ကို အဓိကထားပြီး ထိုးနှက်ချင်တာလား မကွဲပြားလှဘူးဗျာ။ပေါ်ထော်ထော်ဟာ တကမ္ဘာလုံးမှာ အဆင့်(၈၁)ရှိတဲ့စွမ်းအင် ကုမ္ပဏီ၊ အစုရှယ်ယာအများစုကို သက်ဆင် အုပ်စုက ပိုင်ထားတာတဲ့။ထိုင်းနိုင်ငံဟာ ဗမာပြည် က ဓာတ်ငွေ့နဲ့ရေနံကိုအားထားနေခဲ့တာမို့၊ ဒီခြေလှမ်းအတိုင်းဆို ထိုင်းနိုင်ငံရဲ့နိုင်ငံရေး အလှည့်အပြောင်းဟာ ဗမာပြည်ကိုတစ်နည်း မဟုတ် တစ်နည်း ရိုက်ခတ်လာနိုင်တာ အမှန်ပဲ။ကဲ၊ဒီလောက်ဆိုခင်ဗျားလည်းနားညည်းလောက်ရောပေါ့။ကျနော်လည်း ဗိုက်ဆာလှပြီ"
တိုက်တိုက်ဆိုင်ဆိုင်ပင် ထမင်းစားခန်းမှာ နေ့လည်စာပြင်ဆင်နေသော ဂျိုးတစ်ယောက် လူကြီးမင်းများနေ့လည်စာသုံးဆောင်ရန် အဆင်သင့်ဖြစ်နေပါကြောင်း မျက်နှာရိပ်မျက်နှာကဲဖြင့် အချက်လှမ်းပြနေသည်။အလိုက်သိသော၊အားကိုးရသော ဂျိုးပေတကား။ ကျနော်တို့သုံးဦးသား ထမင်းစားပွဲ၌ထိုင်ချိန်တွင်ကား ကြက်သားချဉ်စော်ခါး၊သီးစုံပဲကုလားဟင်းနှင့် ဟင်းလက်ကျန်ဘာလချောင်ကြော် တို့မှာ အလွန်အဖက်ညီလှလေရာ မမေ့နိုင်စရာ ထမင်းတစ်နပ်ဖြစ်လေ၏။ထမင်းဝိုင်းအစမှာပင် ကျနော်နှင့်ကိုသက်ခိုင်တို့၏ စကားဝိုင်းမှ ဝေးရာတွင် စီးကရက်တစ်ဗူးနှင့်ဇိမ်ကျနေခဲ့သော ဂျိုးထံမှ အသံထွက်လာပြန်သည်။
"ဟိုတစ်လောကတင် ကျနော့်ဟိုတယ်ကို နရစွမ်ရုပ်ရှင်ထဲက နရစွမ်ဘုရင်ကြီးအဖြစ် သရုပ်ဆောင်တဲ့မင်းသား၊ သူ့မိသားစုနဲ့ လာတည်း သွားသေးတယ် ကိုသက်ခိုင်။ကိုမင်းဒင် နရစွမ်ရုပ်ရှင်ကို ကြည့်ဖူးတယ်မဟုတ်လား"
ထိုင်းနိုင်ငံ၏ဇာတိဂုဏ်၊လူမျိုးဂုဏ်ကိုမြှင့်တင်ရန် ရည်ရွယ်၍ ရိုက်ကူးထုတ်လုပ်ခဲ့သော နရစွမ်ဘုရင်အကြောင်း(The Legend of King Naresuan ဇာတ်လမ်းတွဲ) ရုပ်ရှင်ကားကြီးမှာ အလွန်နာမည်ကျော်ပါသည်။အဆိုပါဇာတ်ကားကို ထိုင်းနှင့်နိုင်ငံတစ်ကာ အဆင့်မီဒါရိုက်တာများက အပိုင်းငါးပိုင်းခွဲ၍ ခုနစ်နှစ်နီးပါး အချိန်ယူ ရိုက်ကူးဖန်တီးခဲ့သည်။ဗိရှနိုးလွတ်မြို့အနီး ဧရာမမြေ ကွက်လပ်ကြီးတွင် ဒုတိယမြန်မာနိုင်ငံကိုထူထောင်သူ ဘုရင့်နောင်မင်းတရား ကြီး၏လက်ထက်၊ဟံသာဝတီခေတ်နှင့်ခေတ်ပြိုင် ပုံစံတူရှေးဟောင်းမြို့တစ်မြို့ကို ဆက်တင်အဖြစ်တည်ဆောက်ကာ ကြီးကျယ်ခမ်းနား စွာရိုက်ကူးထား လေရာ ဗမာ့ဇာတိမာန်ရုပ်ရှင်ကား ကျန်စစ်မင်းနှင့်နှိုင်းစာသော် ဇီးစေ့နှင့်မြင့်မိုရ်တောင်ဟုပင် လွန်လွန်ကဲကဲ ဆိုလောက် သည်။ထိုမျှ ကြီးကျယ်ခမ်းနားစေရန်လည်း ထိုင်းတစ်နိုင်ငံလုံးရှိဘဏ်များ၊စီးပွားရေးကုမ္ပဏီကြီးများနှင့် အစိုးရကိုယ်တိုင် ငွေကြေး အလုံးအရင်း ထောက်ပံ့ခဲ့ကြသည်။
ရုပ်ရှင်၏သဘောသဘာဝအရ ဟုတ်သည်လည်းရှိ၊ မဟုတ်သည်လည်းရှိ၊ အမှန်အမှား မကွဲပြားသော ဇာတ်ကွက်တို့သည် ငွေကိုရေလိုသုံးကာ ဖန်တီးနိုင်လေသောကြောင့် ထိုရုပ်ရှင်ကိုကြည့်မိသမျှ ထိုင်းလူမျိုးတို့၏စိတ်တွင် ဇာတိမာန် တလူလူဖြစ်ကာ ဗမာလူမျိုးတို့ကို နာကျည်းမုန်းတီးမှုဖြစ်စေခဲ့လေသည်။ခြွင်းချက်အဖြစ် ဘုရင့်နောင်မင်းတရားကြီးကိုမူ စိတ်သဘော ထားကြီးမြတ်သူ အဖြစ် ပုံဖော်ထားလေသည်။စင်စစ်ထိုင်းနိုင်ငံမှာ သမိုင်းတလျှောက် ဗမာဘုရင်၏သစ္စာတော်ခံ ပဏ္ဍာဆက်နိုင်ငံငယ် အဆင့်သာ ရှိခဲ့သော်ငြား ဗမာ့တပ်မတော်၏ နှစ်ပေါင်းငါးဆယ်ကျော်စီမံခန့်ခွဲမှုအမှားများကြောင့် လက်ရှိကာလတွင် မှန်ကင်းအစစ်မှ ထင်းဖြစ်နေရလေရာ ဗမာပြည်တွင် စစ်ဝါဒကြီးမချုပ်ငြိမ်းနိုင်သေးခြင်းအပေါ် ကိုသက်ခိုင် ပြင်းထန်စွာ စိတ်ပျက် စက်ဆုတ်နေခြင်း နှင့်ပတ်သက်၍ ကျနော်အပြစ်မမြင်မိချေ။
"နရစွမ်ရုပ်ရှင်အကြောင်းတော့ မပြောပါနဲ့တော့ဂျိုးရာ၊ နဂိုကမှ ထိုင်းပုလိပ်တွေကိုကြောက်ပြီး နေစရာမရှိရတဲ့အထဲ၊နရစွမ်ရုပ်ရှင်ကြောင့် ဘယ်ထိုင်းလူမျိုးရဲ့မျက်နှာကိုမှ မကြည့်ရဲအောင် ဖြစ်ကုန်ပါပြီမောင်ရာ။
"အမှန်ပဲကိုမင်းဒင်။စကားမစပ် အခုပါတောင်ကမ်းခြေမှာ ဖွင့်ထားတဲ့ဗီယက်နမ်လူမျိုးတွေရဲ့ဆိုင် တော်တော်များများ ပိတ်ကုန်ပြီ။ ထိုင်း နိုင်ငံမှာလာပြီး အခြေချစီးပွားရှာနေတဲ့ ဗီယက်နမ်လူမျိုး တော်တော်များများကို ဗီဇာသက်တမ်း တိုးမပေးတော့ဘူးတဲ့ခင်ဗျ။ ဗီယက်နမ် တွေပြီးရင် ဗမာတွေအလှည့်များရောက်လာလေမလားဗျာ"
ဂျိုး၏စကားအဆုံးတွင် သက်ပြင်းရှည်ကြီးချရင်း ကျနော်ညည်းတွားမိသည်။အစပ်အဟပ် လိုက်ဖက်လှပါသည်ဆိုသော ထမင်းဝိုင်းသည် အရသာ ပေါ့ပျက်ပျက်ဖြစ်သွားသယောင် ခံစားရသည်။
"အင်း၊ကိုသက်ခိုင်ပြောတဲ့ အမျိုးသားရေးခေါင်းစဉ်နဲ့တော့ ကွက်တိပါပဲဗျာ"
ကျနော့်ညည်းညူသံကို ကိုသက်ခိုင်က ခပ်ရွှင်ရွှင်မျက်နှာပေးဖြင့်တုန့်ပြန်၏။
"ပါတောင်ကမ်းခြေဆိုလို့ ရယ်စရာတစ်ခုပြောရအုံးမယ်။ဖြစ်ရပုံများ မှတ်သားလောက်ပါရဲ့။ ဒီလိုဗျ"
(ဆက်လက်ဖော်ပြပါမည်)