၂၆။၀၆။၂၀၁၄နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာ။
ဆြာဒင်နှင့်တွေးတတ်လွန်းသူ
(မင်းဒင်)
(တစ်)
"ရဟန်းတို့ ထိုသို့ဖြစ်ခြင်းကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်းအပြင်လည်းဖြစ်သော၊ အကြမ်း အနုလည်း ဖြစ်သော၊ အယုတ် အမြတ်လည်း ဖြစ်သော၊ အဝေး အနီးလည်းဖြစ်သော အလုံးစုံသော ရုပ်ကို ဤရုပ်သည် ငါ့ဥစ္စာမဟုတ်၊ ဤရုပ်သည် ငါမဟုတ်၊ ဤရုပ်သည် ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်"
တောက်ပသောနေခြည်မျှင်တို့ဖြင့်လောကဓာတ်တခွင်ကို လွှမ်းခြုံထားလေသည့် အေးချမ်းကြည်နူးဖွယ်ဖူးခက်မြို့၏တစ်ခုသော နံနက် ခင်းတွင် ဆြာဒင်တစ်ယောက် အနတ္တလက္ခဏသုတ်ပါစာတစ်ပုဒ်ကို နှုတ်တက်ဖွဖွရွတ်ဆိုဆင်ခြင်ရင်း ခရီးဆောင်အိတ်တစ်လုံးနှင့် အလုပ်ရှုပ်နေချိန်ဖြစ်လေ၏။ကမ္ဘာဖလားဘောလုံးပွဲကို ညဥ့်လုံးပေါက်အားပေးထားကြလေသဖြင့် ဖားသူငယ်၏မျက်လုံးကိုယ်စီ၊ ကြောင် တောင်တောင်ငေါင်းစင်းစင်းဖြစ်နေကြသော တပည့်ကျော်တို့ကိုလည်း တရားသဘောကိုဆင်ခြင်နိုင်ရန်အလို့ငှာ သတိပေးစကားဆို လိုက်မိရာ ဆြာနှင့်ဥာဏ်ရည်မတိမ်းမယိမ်းရှိကြကြောင်း ၎င်းတို့၏တုန့်ပြန်စကားတို့က သက်သေခံလျက်ရှိချေ၏။
"တကယ်တော့ ရုပ်တရားကို တဏှာမာနဒိဋ္ဌိဂါဟ တွေနဲ့ မရှုသင့်တာ အမှန်ပဲတပည့်တို့"
"ဟုတ်ပါ့ဆြာဒင်ရာ။အင်္ဂလန်အနိစ္စ၊စပိန်အနိစ္စပါပဲ"
"အီတလီလည်းမမြဲသော သဘောရှိလေရဲ့ဆြာဒင်"
"ကော့စတာရီကာကတော့ နိုင်ချိန်တန်ခဲ့ပြီလို့ဆိုရမယ်ဆြာဒင်ရေ"
အံ့သြကုန်နိုင်ဖွယ်၊အနတ္တလက္ခဏသုတ်ကို ကမ္ဘာ့ဖလားဘောလုံးပွဲနှင့် ဆက်စပ်ဆင်ခြင်နိုင်ကြသူများပေတကား။
“ကဲ၊ကဲ၊မောင်တို့လည်း အဝတ်အစားအိတ်တွေပြင်ကြပေရော့။ရန်ကုန်ကိုပြန်ကြအုံးစို့ရဲ့”
"ဟာ၊ဆြာဒင်၊ဖူးခက်မှာ ဖင်ပူအောင်တောင် မထိုင်ရသေးဘူးနော်။ဆြာဒင်၊တရားသံဝေဂရပြီးတောထွက်ချင်သပဆိုရင်လည်း ကမ္ဘာ့ ဖလား ပွဲပြီးအောင်တော့ဖြင့်စောင့်သင့်တယ်"
"ဖေကြည်ငယ်၊အတော်လျှာရှည်ချေသည်တကား၊ယခုသွားမည့်ခရီးစဉ်ကား မရဏနုဿတိဟုဆိုသော်ရနိုင်ကောင်းလေ၏။ဟာသသရုပ် ဆောင် ကုသိုလ်ခေါ် ဦးမြင့်သိန်းကွယ်လွန်အနိစ္စရောက်ခဲ့ပြီမို့ နောက်ဆုံးခရီးမြေကျအမှီလိုက်ပါပို့ဆောင်သင့်သည်မဟုတ်ပေလော"
"ကုသိုလ်နဲ့ဆြာဒင် ခင်တယ်လို့လည်း တခါမှ မကြားဖူးပါကလား။ဧကန္တနာမည်ကြီး အသုဘမှာ ဇွတ်ဝင်ပြီးနာမည်ကြီးအောင်လုပ်ချင်ပြန် ရော့သလားဆြာဒင်"
"နင့်ပါးစပ်ကိုအမြန်ပိတ်လဟဲ့၊ ငဖေကြည်။သေချင်းတရားဆိုတာ ကြီးငယ်မဟူ အချိန်ကာလမရွေးဆိုက်လာတတ်တာမို့ အသုဘ ကမ္မ ဌာန်းဆိုတာ ကြပ်ကြပ်ကြီးစီးဖြန်းသင့်သကွဲ့။အတူမလိုက်ချင်သပဆိုရင်လည်း ဗမာအလုပ်သမားတွေကို အဖမ်းအဆီးကြမ်းနေတဲ့ ဖူးခက်မှာ ခွေးသေဝက်သေ၊ သေရစ်ခဲ့ကြပေတော့"
ဆြာရင်းမို့၊ကလူကြည်စယ်ကြလေသည့်၊ချစ်လှစွာသောတပည့်များကား ဆြာဒင်၏ဟောက်ဟမ်းသံဆုံးသည်၏နာရီဝက်ခန့်အချိန်အတွင်း ခရီးထွက်ရန်အဆင်သင့်ဖြစ်ကြလေရာ ဘိုးရင်းဂျက်(၇၀၇)လေယာဉ်ခရီးစဉ်ဖြင့် ဖူးခက်လေဆိပ်မှသည် ရန်ကုန်မြို့တော်သို့နာရီပိုင်း အတွင်း ဆိုက်ရောက်ခဲ့ကြပြန်ချေပြီ။
(နှစ်)
သည်တစ်ခေါက်ရောက်သည့် ရန်ကုန်ကား အတန်ငယ်ထူးခြားနေသည်ဟု ဆြာဒင့်စိတ်တွင်ထင်မိလေသော်ငြား အဘယ်သည်ထူးခြား လေသနည်းဟူသည်ကိုမူ ဆြာဒင်ဧကန်ဧကမပြောနိုင်ချေ။ဆြာဒင်၏ထူးခြားလှသော အာရုံခံစားမှုပါရမီဖြင့် အလိုလိုသိနေသည်ကား အမှန်ပင်ဖြစ်ချေသည်။ထိုစဉ် တပည့်ကျော်ဖေကြည်၏ရုတ်တရက်ကောက်ချက်ဆွဲအဖြေထုတ်လိုက်သည့်မှတ်ချက်ကြောင့် ဖေကြည် ခေါ် အာရုံကို ဆြာဒင်အထင်ကြီးလေးစားမိရတော့၏။
“ရန်ကုန်မြို့ကြီးက အရင်နဲ့စာရင် နည်းနည်းသန့်ရှင်းနေသလိုပဲဆြာဒင်ရဲ့”
“ဟုတ်ပါ့ကွာ၊ဆြာက တပည့်အရင်သိနေတာကွ။ရုတ်တရက်ဆိုတော့ ဘာပြောရမှန်းမသိဖြစ်နေတာ”
ဥာဏ်ကြီးသူပီပီ၊အားနည်းချက်ကို အရှက်ပြေဖုံးဖိရင်း ရန်ကုန်မြို့တွင်းသို့ခရီးဆက်ကြပြန်သည်တွင် နေရာအတော်များများ၌ အမှိုက်ပုံး အသစ်တို့ကို တွေ့မြင်ရ၏။နာရေးကူညီမှုအသင်းဝင်တစ်ချို့ကလည်း လမ်းတကာလှည့်၍ ရန်ကုန်မြို့ကြီးကို အမှိုက်ပုံအတွင်းမှ ဆယ်ယူ ရန်လုံးပန်း နေကြချေသည်။လူသာဓုခေါ်နတ်သာဓုခေါ်ရမည့် အရေးပေတကား။
ဆြာဒင်မှာ လာရင်းနာရေးကိစ္စအချိန်မီရန်သာစိတ်စောနေလေသဖြင့် ရန်ကုန်မြို့ကြီးကို လှည့်လည်စစ်ဆေးရန် အချိန်မရလေရာ ရေဝေးသုဿန်ရှိရာသို့သာ တက္ကစီတစ်စီးဖြင့်တက်သုတ်နှင်ရ၏။ရန်ကုန်မြို့တော်ကြီးသည် ရေဝေးနှင့်နီးလေလေ၊သန့်ရှင်းလာလေလေ ဖြစ်၏။ရေဝေးသုဿန်ဝင်းအတွင်းမှ စည်ပင်ဝန်ထမ်းတို့၏တောက်ပြောင်လှသော ယူနီဖောင်းတို့သည်လည်း သုဘရာဇာပင် ဖြစ်ချင်စိတ် ပေါက်နိုင်ချေ၏။အဝိညာတက အသက်မရှိသော အသုဘရုပ်အလောင်းတို့ကို သိုမှီးရာရေခဲတိုက်သည်ပင်လျှင် နေချင်စဖွယ်ဖြစ်နေခဲ့ပြီ ။နေအိမ်သန့်ရှင်းရမည်၊မြို့ရွာသန့်ရှင်းရမည်။တပြည်လုံးသန့်ပါမှ ကျန်းမာကြမည်ဟူသော ဆောင်ပုဒ်ကား အမှန်ပင်အသက်ဝင်လာခဲ့ လေယောင်တကား။
မြန်မာပြည်သူတို့၏နှလုံးအိမ်ကိုရွှင်ပြုံးစေခဲ့သော ဟာသသရုပ်ဆောင်ကုသိုလ်ခေါ် ဦးမြင့်သိန်းကား သေပန်းပွင့်သူတည်း။သူရယ် စေခဲ့ သော သူ့ပရိသတ်သည် သူ့ကိုနှမြောတသလျက်ငိုယိုနှုတ်ဆက်လျက်ရှိကုန်၏။သူ့ရုပ်ကလာပ်ကိုသယ်ဆောင်လာသည့် အလျူမီနီယမ် ထော်လီသည် ဝင်းဝင်းတောက်အရောင်လက်လျက်ရှိ၏။သူနောက်ဆုံးလဲလျောင်းရာ စင်မြင့်သည် သန့်ရှင်းတောက်ပြောင်လျက်ရှိ၏။ ဆြာဒင်သည် ကုသိုလ်ခေါ်ဦးမြင့်သိန်းအား ကြေကွဲဝမ်းနည်းစွာဖြင့် ဦးညွတ်နှုတ်ဆက်လိုက်မိချိန်တွင် ဆြာဒင့်စိတ်အစဉ်တွင်ကျေးဇူးတင် ထိုက်သူများသည် အစီအရီပေါ်လာခဲ့ချေသည်။ရန်ကုန်မြို့ကြီးကိုရေဝေးသုဿန်ပါမကျန် သန့်ရှင်းစေသူများကား သူတို့မှတစ်ပါး အခြား သူမရှိနိုင်။မကြာသေးမီက သတင်းစကားများအရ ရန်ကုန်မြို့ကြီးတွင် မိမိတို့စေတနာအလျောက်တာဝန်သိစွာ အမှိုက်ကောက်ပေး မည့်အရေးသော်မှ တားမြစ်ခံခဲ့ကြရသေးချေသည်ဟူ၏။
(သုံး)
“ဟယ်လို၊နာရေးဥက္ကကြီး ကျုပ်ဆြာဒင်ပါဗျ”
“ဟုတ်ကဲ့ဆြာဒင် ဘယ်ကိုကားလွှတ်ပေးလိုက်ရမလဲဗျာ”
“အော်၊ကိုရင်ကလည်း ဖုန်းကိုင်တာနဲ့ကားလွှတ်ဖို့ချည်းစိတ်ကူးနေတော့သကိုး။အေးဗျာ၊ရန်ကုန်မြို့ကြီးသန့်ရှင်းစပြုနေပြီမို့ကျေးဇူးတင် လွန်းလို့ ဖုန်းဆက်ပြီး အပလီဆိတ်(Appreciate)လုပ်လိုက်တာပါ”
“အော်၊အဲဒီကိစ္စက ကျနော်တို့ အနည်းအကျဉ်းပဲလုပ်နိုင်သေးတာပါဗျာ။တစ်နိုင်တစ်ပိုင်ဆိုပါတော့။တဖြည်းဖြည်းတော့အရှိန်မြှင့်ယူရ မယ်လေ”
“ဘာဘဲဖြစ်ဖြစ်ဗျာ။ရေဝေးလိုနေရာမျိုးအထိ သန့်နေအောင်လုပ်နိုင်တာကိုတော့ အရမ်းအရမ်းကိုအားရမိတယ်”
“အာ၊ဆြာဒင်တစ်ခုခုတော့လွဲနေပြီထင်တယ်နော်။ရေဝေးကိုသန့်အောင် ကျနော်တို့လုပ်တာမဟုတ်ဘူးဗျ။ကျေးဇူးတင်ချင်ရင် မြို့တော် စည်ပင်ကို ကျေးဇူးတင်ပေရော့”
သူတော်ကောင်းရင့်မကြီးတို့မည်သည် အချောင်နာမည်ကြီးလိုသူတို့၏စာရင်းတွင်မပါဝင်လေရကား ဆြာဒင့်မှာ ဧကန်ဂုဏ်ပြုထိုက်သူထံ ဆက်သွယ်၍ ဝမ်းမြောက်ချီးမွမ်းစကားဆိုရပြန်သည်။
“ဟယ်လို၊မြို့တော်ဝန်ကြီး၊မင်္ဂလာပါခင်ဗျာ”
“ပြောပါကိုယ့်လူ။ဒီမှာတင်ဒါအစည်းအဝေးလုပ်နေလို့တိုတိုနဲ့လိုရင်းပြောပါ”
“ကျုပ်က ဖူးခက်မှာနေတဲ့ဆြာဒင်ပါဗျ။မြို့တော်ဝန်ကြီးရဲ့အားသွန်ခွန်စိုက်ကြိုးပမ်းချက်တွေကိုတော့ လွှတ်သဘောကျနေပြီ”
“ခင်ဗျားပြောနေတာ ကျနော်နားမရှင်းဘူး”
“အော်၊ရေဝေးသုဿန်လိုနေရာမျိုးမှာ အံ့မခန်းသန့်ရှင်းတောက်ပြောင်နေတာမို့ ဂုဏ်ပြုထိုက်သူကိုဂုဏ်ပြုစကားဆိုတာပါခင်ဗျာ”
“ခင်ဗျားတစ်ခုခုမှားနေပြီဗျ။ ရေဝေးကိုသန့်ရှင်းရေးလုပ်ခိုင်းတာ တိုင်းဝန်ကြီးချုပ်။ကျုပ်တို့က သူခိုင်းသမျှလိုက်လုပ်ပေးရုံပဲ”
“အော် ဟုတ်ကဲ့ ဟုတ်ကဲ့။ ဘာဘဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်လေ။စကားးမစပ် မြို့တော်ဝန်ကြီးလည်း စည်ပင်တင်ဒါတွေနဲ့ အတော့်ကို အလုပ်ဖြစ်နေပြီကြားမိတယ်။အစားမတော်သိန်းတစ်ရာတဲ့နော်။ကုသိုလ်ရေးမှာအားထည့်တာလည်း ဘုရားကုတစ်မျိုးပေါ့ဗျ။ရမည်းသင်း ထောင်နဲ့ဝေးပါစေလို့ဆုတောင်းပါတယ်ခင်ဗျာ”
အလိုက်ကန်းဆိုးမသိလျှာရှည်နေသော ဆြာဒင့်စကားမဆုံးမီ၊ဂွတ်ကနဲမြည်အောင်ဖုန်းချသွားသည်တွင်ဆြာဒင်မှာ နဝေတိမ်တောင် ဖြစ်ရပြန်ချေပြီ။ဗမာပြည်ကြီးတွင်ချီးမွမ်းစကားဆိုခြင်းကိုပင် လက်ခံနိုင်သူရှားနေလေပြီလော။နိုင်ငံ့ဝန်ထမ်းဟူသည် ကျရာတာဝန် ထမ်း ဆောင်ခြင်းအပေါ်ချီးကျူးစကားဆိုရန်ပင် မလိုအပ်တော့သည့်ခေတ် သို့ပင်ရောက်နေလေရော့သလား အတွေးပွားရ၏။ သေချာသည် ထက်သေချာစေရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ တယ်လီဖုန်းနံပါတ်ကိုလှည့်မိပြန်သည်။
“အရမ်းအရမ်းကိုလေးစားတယ်ဝန်ကြီးချုပ်ရာ။ ရန်ကုန်မြို့ကြီးလိုနေရာမှာ ရေဝေးသုဿန်ကအစ သန့်ရှင်းတောက်ပြောင်နေတာ က တော့ မချီးကျူးပဲမနေနိုင်လို့ပါ။ဒီပုံအတိုင်းသာဆို စင်္ကာပူကိုမှီဖို့ သိပ်မလိုတော့ပါဘူး”
“ရပါတယ်ဗျာ။ကျနော်တို့အစိုးရက ပြည်သူတွေကို အမြဲအလိုလိုက်နေတဲ့အစိုးရပါ”
“ကျေးဇူးကြီးလှပါတယ်ဝန်ကြီးချုပ်ခင်ဗျာ။ဝန်ကြီးချုပ်နဲ့မြို့တော်ဝန်ကြီးရဲ့ စိတ်ရင်းစေတနာကို မသိကြလေရော့သလား။ သမ္မတရုံးမှာ တော့ တိုင်စာတွေသောင်းချီပြီးရောက်နေတာလည်းကြားမိတယ်ဗျ။နည်းနည်းပါးပါးစားတာလောက်တော့ နားလည်မှုရှိသင့်ပါတယ်ဗျာ။ အခုလိုပြုလိုက်တဲ့ ကုသိုလ်ကံစေတနာကြောင့်တိုင်စာတောစာတွေဘေးက ဝေးပါစေဗျား”
(လေး)
ဆြာဒင်တစ်ယောက်ဟန်းဖုန်းတစ်လုံးနှင့်အလုပ်ရှုပ်နေချိန်တွင် အသံပြာကြီးနှင့် ရုပ်ချည်းဘွားကနဲပေါ်လာသသူကား ရန်ကုန်မြို့နေ ဓာတ်ဆရာကြီးဆရာသိုက်ဖြစ်ချေ၏။သူကား ယခင့်ယခင်က ပြည်ပမီဒီယာကြီးတစ်ခုတွင် အယ်ဒစ်တင်းပညာရှင်ဖြစ်ခဲ့သည့်နည်းတူ ယခုအခါ၊ဝါသနာအလျောက် ဓာတ်ရှင်ဓာတ်သေတို့ကို ဖန်တီးကာ ဖေ့စ်ဘွတ်တွင် အချိန်ဖြုန်းနေလေ့ရှိသူတည်း။ ဆြာဒင့်ရောင်းရင်း ကြီးဆရာသိုက်၏ရုပ်သွင်ကား သွားလေသူ သင်္ကြန် မင်းသားကြီးဇော်ဝမ်းကို သတိရ စရာကောင်းလှပါ၏။
“ဒီဆြာတပည့်တွေ၊ဘာတွေအလုပ်ရှုပ်နေကြသတုန်း”
“အော်၊ကမင်းသိုက်ကြီးပါကလား။ရှေးကနည်းမတူ တမူထူးနေတဲ့ မြို့ကြီးနဲ့တကယ်တူစပြုလာတဲ့ သန့်ရှင်းတောက်ပြောင်သော ရန်ကုန်မြို့ကြီးကို ကြည့်ရှုပြီးသကာလ ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးတင်နေတာပေါ့မောင်ရယ်။တိုင်းဝန်ကြီးချုပ်၊ မြို့တော်ဝန်၊ နာရေးဥက္ကဋ္ဌကြီး အစရှိသည်ဖြင့်ပေါ့”
“အာ၊ဒီဆြာတပည့်တွေ ဖူးခက်ကနေ၊ရန်ကုန်ကို မအူမလည်ရောက်လာပြီး အူကြောင်ကြောင်လျှောက်လုပ်နေကြပါရော့လား။ မသေ မချင်း မှတ်ထားဗျ။ အခုရေဝေးသုဿန်သန့်ရှင်းနေတာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ယောက္ခကြီးအနိစ္စသဘောနဲ့ ဖျတ်ကနဲ ရှော သွားရှာလို့ တာဝန် သိလူကြီးမင်းများက ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ တောက်ပြောင်သန့်ရှင်းနေအောင် အားထုတ်ထားကြတာခင်ဗျ”
ကျေးဇူးတင်ချင်လွန်းသူကြီးဆြာဒင်ခမျာ ဗိုလ်မင်းသိုက်၏စကားကြောင့် ဇက်ကိုဇတ်ကနဲ့ပုလိုက်မိရင်း အိန္ဒိယမင်းသားလေသံဖြင့် “အဘား အဘား”အော်မိတော့သည်။
အနှီအချိန်တွင် တချိန်လုံးဆြာဒင့်ဘေးတွင်ရပ်ကာ ဆြာဒင်ပြောဆိုလုပ်ကိုင်နေသမျှ စေ့စေ့စပ်စပ်ဆင်ခြင်အကဲဖြတ်နေဟန်ရှိသော တပည့်ကျော်ဖေကြည်ခေါ် အာရုံကို တချက်မျှစောင်းငဲ့လှမ်းကြည့်လိုက်မိလေရာ သူသည်တစ်စုံတစ်ရာကို လေးလေးနက်တွေးတောနေ ဟန်ရှိ၏။
ဤနေရာတွင် အလျဉ်းသင့်သည်ဖြစ်၍ တပည့်ကျော်ဖေကြည်၏ ဥာဏ်ပဋိဘန်ထက်သန်ပုံကို ဖော်ပြရဦးပေအံ့။ဖေကြည်ကား ကျောင်း ပညာရေးတွင် မူလတန်းအဆင့်ကိုမျှ ကျော်လွန်အောင်မစွမ်းနိုင်ခဲ့ချေ။လွန်စွာနမော်နမဲ့ဖြစ်၍ ဆြာဒင်၏ မော်တော်ကားအသစ်စက်စက် ကို အစမ်းသဘောတက်မောင်းစဉ်က “ဖေကြည်၊ရှေ့မှာ တိုင်ငုတ်ရှိတယ်နော်” ဟူသော ဆြာဒင့်သတိပေးစကားအဆုံးတွင် ကားရှေ့က တိုင်ငုတ်ကိုတည့်တည့်ဝင်ကြုံးခဲ့ဖူး၏။လမ်းဆုံမီးပွိုင့်တွင် မီးနီနေပါလျက်ဖြတ်မောင်းလေသဖြင့် ဆြာဒင်ကြိမ်းမောင်းသည့်အခါတွင် “အော်၊ မီးပွိုင့်ဆိုတာနီနေရင်ရပ်ရသကိုး” ဟု ဆိုတတ်သူအူကြောင်ကြောင်လူစားလည်းဖြစ်၏။ သို့သော် …..
(ငါး)
လွန်ခဲ့သောဆယ်နှစ်ဝန်းကျင်က ဆြာဒင်တို့စာရူးတသိုက် ဖူးခက်ရောက်မြန်မာအလုပ်သမားတို့အတွက် မြန်တိုင်းအမည်ရှိ အပတ်စဉ် သတင်းစာတစ်စောင်ထုတ်ခဲ့ဖူးသည်တွင်ကား ဖေကြည်သည်လွန်စွာအားကိုးခဲ့ရချေ၏။သတင်းစာပါ ဧရာမပြူးတူးပြဲတဲစာလုံးမဲကြီး တို့ဖြင့် ဖော်ပြသည့် ခေါင်းစီးတို့၏အမှားမှန်သမျှ ဒက်ကနဲထောက်ပြအမှားပြင်နိုင်သူမှာဖေကြည်ဖြစ်၏။အတန်းပညာဤမျှနုံချာလှသော ဖေကြည်တစ်ယောက် အဘယ်စွမ်းရည်ပါရမီထူးကြောင့် အနှီအမှားထိုအမှားတို့ကို ဒက်ကနဲဒက်ကနဲထောက်ပြနိုင်လေသနည်းဟု ဆြာ ဒင်မေးမြန်းမိလေရာ သူ့အဖြေမှာ လွန်စွာရိုးရှင်းလှချေသည်။
“အော် ဆြာရယ်။တပည့်က စာမှသိပ်မဖတ်တတ်တာ။တစ်လုံးချင်းပေါင်းဖတ်နေတော့ မှားတာကို ချက်ချင်းသိနေတယ်ဆြာရဲ့” ဟူသ တည်း။
ယခုလတ်တလောကြုံတွေ့ရသည့်ရေဝေးအရေးကိစ္စတွင်လည်း ဆြာဒင်ကိုယ်တိုင်မည်သို့မည်ပုံမှတ်ချက်ချရမည်ကို မဝေခွဲနိုင်ဖြစ်နေစဉ် ဖေကြည်ငယ်၏ သုံးသပ်ချက်ကို ကြားလိုလှသည်ကားအမှန်ဖြစ်ချေသည်။ဖေကြည်သည် အချိန်အတန်ကြာတွေတွေကြီးစဉ်းစားပြီးမှ လေးနက်သော အောက်ပါကောက်ချက်ကိုချလေ၏။
“ကုသိုလ်တော့သွားပြီ အကုသိုလ်တွေပဲကျန်တော့တယ်ဆြာဒင်။တစ်လတစ်ယောက်လောက်မျက်နှာကြီးမသာတွေပေါ်နေရင် ဘယ် လောက်များဟန်ကျလိုက် လေမလဲဆြာဒင်။တော်တော်ကိုသန့်သွားမှာ”
ဇမ္ဗူဒီပါလက်ျာတောင်ကျွန်း သြဘာနိမိတ်ထွန်းလေသည့် ဗမာပြည်ကြီးတွင်၊ဇာတ်သမားစကား၊ကလေးစကားနှင့်အရူးစကားတို့သည် မှန်ကန် တတ်သည်ဟုကြားဖူးနားဝရှိလေသော ဆြာဒင်သည် စာဖတ်နေသူဧရာမပုဂ္ဂိုလ်၏မိဖုရားကြီး နာမကျန်းသတင်းကိုပါ သတင်း သိုးသန့်ကြားမိနေသောကြောင့် ထောက်ခံရအခက်၊ကန့်ကွက်ရအခက်၊တွေးတတ်လွန်းသူတပည့်ကျော်ထံ “မဆိုစကောင်း၊ ဆိုစ ကောင်း”ဟူသော အဓိပ္ပါယ်ပါသည့် မျက်စောင်းခဲကြီး ထိုးလိုက်မိချိန်တွင် ရေဝေးတွင်ရောက်နေသော်ငြား တေးဂီတ၌မွေ့လျော် တတ် သူပီပီ ခေတ်ဟောင်းအဆိုတော်ညိုမြလေး၏ သီချင်းအပိုင်းအစတစ်ခုသည် ဆြာဒင့်ခေါင်းထဲသို့ အဆီအငေါ်မတည့်၊ ဖျတ်ကနဲဝင် ရောက်လာပြန်ချေသည်တကား။
“အချစ်ကြီးလေမှ သစ်သီးကျွေကျတာမျိုး၊အပစ်ပယ်ခံဘဝကလေးတွေကိုယ်စီကိုယ်ငှ တစ်ယောက်မှ တစ်ရာ၊ထောက်ပြစရာအသင်္ချေ၊ အပြုဖက်မှာချစ်ပြလေလဲ၊ ဥပက္ခာမြစ်မရေထဲ၊ သူ့ထက်ငါ လှစ်ပြလေမြဲ ၊အသည်းများကြေကွဲမဆုံးနိုင်ပေ။အချစ်မပါရေစုန်ခရီးမှာ၊ သစ္စာ အရေခြုံပြီးလာ၊ အနှစ်မပါလှေကြုံစီးကာ။နှလုံးသားဝတ္တရားပျက်ပြားတာတွေ ခုတော့ဒင့်ရင်ထဲနွေ”