Quantcast
Channel: .
Viewing all articles
Browse latest Browse all 346

မင်းဒင်ရဲ့သက်ခိုင် (၂)

$
0
0

၀၉။၀၇။၂၀၁၄နေ့ထုတ် ဆဲဗင်းဒေးဂျာနယ်။ မင်းဒင်ရဲ့သက်ခိုင်(၂)

အခန်း(၄၂)
ပိုင်ပိုင်ဟုခေါ်သည်။

“နေပါအုံး။ခင်ဗျားစကားကိုကျနော်ဖြတ်ပြီးမေးပါအုံးမယ်။အလုပ်သမားအရေးကိစ္စတွေအတွက် ဘန်ကောက်ကဗမာသံရုံးကိုမဆက်သွယ် ဘူးလားဗျာ”
“အင်း၊ခက်တော့ခက်နေပါပြီ။ စကားလမ်းကြောင်းပြောင်းပြီးဗမာသံရုံးဋီကာဖြစ်အုံးတော့မယ်။ကျနော်ခင်ဗျားကိုပြန်မေးပါအုံးမယ်။သံရုံး တွေဟာ သံရုံးတာဝန်ဝတ္တရားတွေကို တကယ်ကျေပွန်အောင်ထမ်းဆောင်နေတယ်၊အဲသလိုကျေပွန်အောင် ထမ်းဆောင်နိုင်ခွင့်ရနေ တယ်လို့များခင်ဗျားထင်ရော့သလား”

“ရော၊မသိလို့မေးမိပါတယ်၊အဟောက်ခံနေရပါပေါ့လား။ပြောမှာသာပြောစမ်းပါဗျာ။အချိန်လည်းရနေတာပဲ။ ခင်ဗျားကြိုက်လှပါချည့်ရဲ့ဆို တဲ့ အက်စပရက်ဆို ကျနော်ဖျော်လိုက်ပါ့မယ်။ ကော်ဖီသောက်ရင်း လေကန်ကြတာပေါ့ဗျာ”

ပြောပြောဆိုဆို အနီးရှိစားပွဲပေါ်မှ  ကော်ဖီပုလင်း၊ရေနွေးဓာတ်ဗူးတို့ဖြင့် ကျနော်အလုပ်ရှုပ်နေချိန်တွင် ကိုသက်ခိုင်သည် ပြူတင်းပေါက် ဆီသို့လှမ်းမျှော်ငေးမောရင်း သူ့စကားကိုဆက်သည်။အိမ်အပြင်ဘက်တွင်မူ နေလည်းမထွက်၊မိုးလည်း မရွာ အမည်ဖော်ပြရန် ခက်ခဲသောရာသီဥတုအခြေအနေတစ်မျိုးဖြစ်ပေါ်နေသည်။အောက်ထပ်ဆီမှ ကိုကျော်ခိုင်ခေါ်ဂျိုး၏စီးကရက်အနံ့သည် ကျနော်တို့အခန်း တွင်းသို့ တိတ်တဆိတ်ကိုယ်ယောင်ဖျောက်ဝင်လာ၏။ကိုသက်ခိုင်သည် ခါတိုင်းကဲ့သို့ ကျနော့်မျက်နှာကို စေ့စေ့တည့်တည့် ကြည့်ရင်းပြောဆိုနေသည်မဟုတ်ပဲ ပြူတင်းတံခါးဝကိုငေးရင်း စကားဆက်နေသည်ဖြစ်ရာ သူ့အသံမှာ အခန်းတွင်းတွင် ရှေးခေတ်ရေဒီ ယိုဟောင်းကြီးတစ်လုံးဖွင့်ထားသည်နှင့်ပင် တူ၊တူချေသေးတော့သည်။

“အေးဗျာ။တကယ်တမ်းသာ နိုင်ငံတကာမှာရှိနေတဲ့မြန်မာသံရုံးတွေဟာ သူ့တာဝန်သူကျေပွန်နိုင်ကြမယ်ဆိုရင် သက်ဆိုင်ရာနိုင်ငံအသီး သီးကိုရောက်နေကြတဲ့ ကျနော်တို့နိုင်ငံသားတွေအတွက် အားကိုးအားထားရာ၊မှီခိုလဲလျောင်းရာပေါ့ဗျာ။တကယ့်လက်တွေ့မှာက သံအမတ်ကြီး ဆိုတဲ့ရာထူးကို အစိုးရအဖွဲ့ချိန်ခွင်ညှာကို ထိန်းညှိဖို့၊လက်ရှိရာထူးကြီးကနေမဖြုတ်ချင်တဲ့သူကိုပို့တဲ့မဲဇာ၊ချောင်ကပ်နေတဲ့ ကိုယ့်လူကို တွန်းတင်လိုက်တဲ့ ဌာနန္တရတစ်ခုပါပဲ။သံအမတ်အရည်အသွေးပြည့်စုံတဲ့သူကို ခန့်အပ်တာမျိုးမဟုတ်ပဲ စစ်ဗိုလ်ချုပ် အသစ်အဟောင်း တွေခွဲတမ်းချတဲ့ရာထူးမို့တမ္ဘာလုံးမှာရှိတဲ့ဘယ်မြန်မာသံအမတ်မှ အရည်အချင်းပြည့်ဝတဲ့ သံကြီးတမန်ကြီး အဆင့်အတန်းမမီဘူးဆိုရင် ကျနော့်စကားလွန်မယ်မထင်ဘူး။

တဆက်တည်းဆန့်တွေးရင် ဗမာပြည်မှာ အစိုးရဌာနတွေရဲ့အဆင့်မြင့် ဝန်ထမ်းတွေခန့်အပ်ရာမှာ လည်းဒီသဘောပါပဲ။တိုင်းပြည်အတွက်စွမ်းစွမ်းတမံဆောင်ရွက်နိုင်မဲ့ တကယ်အရည်အချင်းပြည့်ဝသူ ကိုခန့်ရမဲ့အစား စစ်ဗိုလ်အသစ်အဟောင်းတွေ မြှောက်စားဖို့အဓိကထားနေကြတာမို့ဘယ်မှာလာ လူမှန်နေရာမှန်ဖြစ်ပါ့မတုန်း။ အဲဒီရာထူးကို ထမ်းဆောင်ရမဲ့ ပုဂ္ဂိုလ် ကိုယ်တိုင်ကလည်း… “ငါဒီရာထူးမှာ ဘယ်နှစ်နှစ်တာဝန်ထမ်းဆောင်ရမလဲ။ဘယ်နေရာတွေကနေ ငါ့အတွက်ဘယ်လောက်ရမလဲ။ အဲဒီ ရတဲ့ငွေဟာ ဒီနေရာကိုရဖို့ တာဝန်ရှိလူကြီးမင်းကို ဂါရဝပြုခဲ့ရတဲ့ငွေကြေးပမာဏနဲ့ ကာမိရဲ့ လား”။ဒါပဲစဉ်းစားတယ်။နောက်တစ်ချက် က သံအမတ်ကြီးတာဝန်ထမ်းဆောင်နေတဲ့သူတွေဟာ စစ်ဗိုလ်ချုပ်ဟောင်းအများစုမို့ နိုင်ငံတကာကိုရောက်နေတာတောင် ဗမာပြည်က ပါသွားတဲ့ ဆရာကြီးလုပ်ချင်စိတ်၊ နယ်စားပယ်စားဘုရင်ငယ်စိတ်မပျောက်ကြဘူး။ ပြည်တွင်းက စစ်ဗိုလ်ချုပ်ဟောင်းတွေဆို ကိုသာဆိုး ပေါ့ဗျာ။

ကျနော်ဖတ်ဖူးတဲ့ဆောင်းပါးတစ်ပုဒ်မှာ မြန်မာစစ်ဗိုလ်ချုပ်ဝန်ကြီးတစ်ပါးကို ဥရောပနိုင်ငံကြီးတစ်ခုရဲ့ သံအမတ်ကြီးတစ်ယောက်ကနေ နိုင်ငံဖွံ့ဖြိုးရေးအတွက် လိုအပ်နေတဲ့ အကူအညီအတော်များများပေးဖို့ လာရောက်တွေ့ဆုံစဉ်မှာ သံကြီးတမန်ကြီးပီပီ ပဋိသန္ဓာရစကား အနေနဲ့ .. “ဝန်ကြီး ဘာတာဝန်တွေထမ်းဆောင်ခဲ့သလဲ။ဝန်ကြီးကတော်ကော ဘာတွေများလုပ်သလဲ”ဆိုပြီးမိသားစုအရေးကို စကားစ လိုက်တော့ ရွှေဥာဏ်တော်စူးရောက်လှတဲ့ ကိုရွှေဝန်မင်းက …၊

”ခင်ဗျား ကျနော်ကို ဂါရဝပြုဖို့လာတာလား။ စစ်ဆေးမေးမြန်းဖို့လာ သလား” ဆိုပြီး ဒေါဖောင်းဖောင်းနဲ့ပြန်ငေါက်သတဲ့ဗျာ။နောက်ဆုံးစာရင်းချုပ်တော့ သူအရူးထတာနဲ့တိုင်းပြည်အတွက် တစ်ပြားတချပ်မှ အကူအညီ မရလိုက်တော့ဘူးပေါ့ဗျာ။ စစ်ဗိုလ်ချုပ်တွေစိတ်ထဲမှာ ဗမာပြည်ကြီးကို သူတို့ကယ်တင်ထားတာ၊ဗမာပြည်ကြီးဟာ ခေတ်ကောင်းဆိုက်နေပြီလို့ စိတ်စွဲနေကြတုန်းဗျ။ အမှန်က မတော်တရော်လောဘတွေ၊  မဟုတ်တမ်းတရားနည်းမျိုးစုံနဲ့  ရာထူးတွေ ကြီးလာ၊ စီးပွားနင်း ကန်ဖြစ်လာပြီး ကိုယ့်လိပ်ပြာကိုယ်မလုံ၊ အိုးမလုံအုံပွင့် ဖြစ်နေတာလည်းပါတယ်။
ကျနော့်မိတ်ဆွေတစ်ဦးရဲ့ကိုယ်တွေ့အရ (၂၀၀၈)ခုနှစ်ဝန်းကျင်၊ စင်္ကာပူမှာတာဝန်ထမ်းခဲ့တဲ့ ဗမာသံအမတ်ကြီးဟာ အာစီယံဆယ်နိုင်ငံ ညစာစားပွဲမှာ ဘေးက၊လူစုံတက်စုံရောက်နေကြတဲ့၊ကိုးနိုင်ငံသံအမတ်ကြီးတွေကို ဖုတ်လေတဲ့ငပိ၊ရှိတယ်လို့မမှတ်ပဲ  လက်ကိုင်ဖုန်း ဖွင့်ပြီး ပုဂ္ဂိုလ်ရေးကိစ္စတွေကိုချည်း အချိန်တော်တော်ကြာဗမာလိုလျှောက်ပြောနေသတဲ့ဗျ။ညစာစားပွဲမှာ မဖြစ်မနေစကားပြောရမဲ့ အလှည့်လည်းရောက်ရော ထုံးစံအတိုင်း အအလှည်းနင်း၊အဆင့်မရှိတဲ့ အင်္ဂလိပ်စကားတွေထွက်လာတာပါပဲတဲ့ဗျာ။

ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးတွေလည်း ဒီပုတ်ထဲက ဒီပဲတွေပါပဲ။ဘန်ကောက်ဗမာသံရုံးနဲ့ ကျနော်အဆက်အသွယ်ရှိနေတာမို့ ဘယ်ဗမာသံအမတ်ကြီးမှ ထိုင်းနိုင်ငံရောက်ဗမာရွေ့ပြောင်းအလုပ်သမားအရေးကိစ္စတွေကို ထဲထဲဝင်ဝင်မသိကြဘူးဆိုတာ သေချာ ပေါက် ကျနော်ပြောရဲတယ်။ဥပမာ ထိုင်းနိုင်ငံဖက်ကို လူမှောင်ခိုသွင်းတဲ့ကိစ္စမျိုးဆိုပါတော့။သူတို့ထင်နေတာက ဗမာပြည်ထဲက မလိမ်မိုးမလိမ်မာ အူကြောင်ကြောင်အလုပ်လက်မဲ့တွေကို ဖျားယောင်းသွေးဆောင်ခေါ်ယူပြီး ထိုင်းအလုပ်ရှင်တွေဆီ ကျွန်ရောင်းသလို ရောင်းစားကြတာလို့ ထင်နေကြတာ။

အဖြစ်မှန်က အဲသလိုမဟုတ်ဘူးဗျ။ဗမာပြည်ထဲမှာ နေရေးစားရေးခက်ခဲကြပ်တည်းလွန်းလို့ ဘယ် လိုမှ ထမင်းနပ်မမှန်ကြတဲ့အဆုံး ထိုင်းနိုင်ငံဖက်ကိုလာပြီး အလုပ်လုပ်ချင်ကြတော့ ထိုင်းဖက်ရောက်နေတဲ့ ဆွေမျိုးသားချင်း၊ရွာနီးချုပ် စပ်ကအသိမိတ်ဆွေတွေကို ဆက်သွယ်ပြီး မရောက်ရောက်အောင် သက်စွန့်ဆံဖျားလာကြတာ။အများစုက ထိုင်းနိုင်ငံဆိုတာ ဘယ်နား ရှိမှန်းတောင် သိကြတာမဟုတ်ဘူး။ဒီခရီးလမ်းကြောင်းတလျှောက်လုံးကို ထိန်းချုပ်ကြီးစိုးထားတာက နှစ်နိုင်ငံနယ်ခြား စစ်တပ်နဲ့ ရဲ တပ်ဖွဲ့ပဲ။ထိုင်းဘက်မှာ လူမှောင်ခိုသွင်းတဲ့အလုပ်ဟာ ဝင်ငွေသိပ်ဖြောင့်တဲ့လုပ်ငန်းကြီးမို့ ထိုင်းမာဖီးယားတွေထိန်းချုပ်ထားတာ။

အဲဒီ ထိုင်းမာဖီးယားတွေက ထိုင်းစစ်တပ်နဲ့ရဲကို လိုင်းကြေးပေးနေကြရတာ။ငါးဖမ်းလှေတွေဆီကိုရောင်းစားတယ်ဆိုတာ အမှန်တော့ ထိုင်းထဲကိုခိုးဝင်လာရင်း လမ်းခုလတ်မှာ အဆက်အသွယ်ပြတ်၊စားရိတ်ပြတ်ပြီး မသွားတတ်မလာတတ်ဖြစ်နေတဲ့ ဗမာအလုပ်သမား တွေကို သွားချင်တဲ့နေရာရောက်အောင်ပို့ပေးမယ်။အဲဒီမှာလှေလိုက်ရမဲ့အလုပ်ရှိတယ်ဆိုပြီး ဗမာအလုပ်သမားကို လှေရှိတဲ့မြို့ဆီပို့တယ်။ အဲဒီအလုပ်သမားရမဲ့ လစာလေးငါးလစာကို လူပွဲစားက ကြိုထုတ်ပြီး လူပို့ခအဖြစ်ဖြတ်စားလိုက်တာ။ဒီလိုကိစ္စမျိုးလောက်တောင် ဂဃနဏမသိတဲ့ သံအမတ်ကြီးတွေဟာ ထိုင်းကိုရောက်နေတဲ့ ဗမာအလုပ်သမားတွေအရေးကို ထိထိရောက်ရောက်လုပ်မပေးနိုင်တာ ဆန်းတော့မဆန်းလှဘူး။

ဒီတော့ခင်ဗျားအနေနဲ့ တရားမဝင်လူမှောင်ခိုလမ်းကြောင်းဟာ အခုမရှိတော့ပါဘူး။ ခေတ်ပြောင်းနေပါပြီ။ နှစ်နိုင်ငံတရားဝင်အလုပ်သမား စာချုပ်တွေနဲ့ပို့နေပါပြီလို့ ဆိုအုံးမယ်။အလုပ်သမားပို့နည်းသာ ပြောင်းတာပါဗျာ။ဟိုတုန်းက လူမှောင်ခိုဆီပေးရတဲ့ငွေကို ထိုင်းလူပွဲစား မာဖီးယားနဲ့ ဗမာသံရုံးဆီလွှဲပေးရတာပဲ ကွာပါတယ်။ထိုင်းနိုင်ငံဖက်ကိုလာပြီး အလုပ်လုပ်တဲ့ ဗမာအလုပ်သမား တစ်ယောက်အတွက် တရားဝင်ကုန်ကျငွေဟာ ထိုင်းဘတ်သုံးထောင်ဝန်းကျင်လို့ ဖော်ပြကြပေမဲ့ တကယ့်လက်တွေ့မှာ ထိုင်းဘတ်တစ်သောင်းခွဲ၊ဗမာငွေ လေးသိန်းခွဲအထိ ကုန်တယ်။ ခင်ဗျားတွက်ကြည့်စမ်းဗျာ။ တရားဝင်ပတ်စပို့နဲ့ဝါ့ပါမစ်ကိုင်ဆောင်သူ တစ်သန်းခွဲဆိုပါတော့။ ငွေကြေးပမာ ဏ ဘယ်လောက်ရှိမလဲ။ထိုင်းဘတ်သန်းပေါင်း နှစ်သောင်းခွဲနီးပါးရှိတယ်။ဗမာသံရုံးရဲ့ဝင်ငွေဟာ အလုပ်သမားတစ်ယောက် ဘတ်တစ် ထောင်နှုန်းနဲ့တွက်ရင်တောင် ထိုင်းဘတ် သန်းထောင့်ငါးရာရှိတယ်။ဒီငွေတွေ ဘယ်သူရသလဲ။ရှင်းနေတာပဲဗျာ။

လူပွဲစားတွေက တစ်ဆင့်မလုပ်ပဲ တရားဝင်ရုံးလုပ်ထုံး၊လုပ်နည်းအဆင့်ဆင့်နဲ့ ပါ့စ်ပို့၊ဝ့ါပါမစ်ရသွားတဲ့အလုပ်သမားဆိုလို့ ကျနော်ကြားဖူးသလောက် တစ်ယောက်မှမရှိဘူး။ထိုင်းရောက်ဗမာအလုပ်သမားတွေဆီက ထိုင်းအစိုးရ၊ရတဲ့ နှစ်စဉ်ဝင်ငွေဟာ တစ်ယောက်နှစ်ထောင်နှုန်းနဲ့ တွက် ရင် ထိုင်းဘတ်သန်းပေါင်းသုံးထောင်ရှိတယ်။ဒါပေမဲ့ ထိုင်းရောက် ဗမာအလုပ်သမားတွေဟာ ထိုင်းရဲ၊ ထိုင်းလူဝင်မှုကြီးကြပ်ရေး၊ ထိုင်းအလုပ်ရှင်တွေ စိတ်ထင်တိုင်းနှိပ်စက်တာ ခံနေကြရတုန်းပါပဲ။ဒါကြောင့်လည်း မခံမရပ်နိုင်ကြလွန်းလို့ သေမထူးနေမထူး ဖြစ်ချင်ရာဖြစ်ဆိုပြီး ဆန္ဒပြကြ တဲ့အဆင့်ရောက်ကုန်ကြ တာပေါ့ဗျာ”

ကျနော်က ကော်ဖီခွက်ကို ကိုသက်ခိုင်၏ရှေ့သို့တွန်းပေးလိုက်ရင်း သူနှင့်မျက်နှာချင်းဆိုင်စားပွဲ မှာပြန်ထိုင်လိုက်သည်။ ကိုသက်ခိုင် တွေးသကဲ့ ရှည်ရှည်ဝေးဝေးမတွေးမိသော်ငြား ဗမာရွေ့ပြောင်းအလုပ်သမားတို့အတွက် နှစ်နိုင်ငံညှိနိုင်းမှုဖြင့် ပါ့စ်ပို့၊ဝါ့ပါမစ်များ တရားဝင် ထုတ်သည့် ရုံးများ ထိုင်းနိုင်ငံမြို့ကြီးတချို့တွင်ဖွင့်လှစ်ခဲ့စဉ်က ထိုင်းပါ့စပို့ပွဲစားကုမ္ပဏီတို့ အကြီးအကျယ်ပွပေါက်တိုးခဲ့ကြသည်ကို ကျနော်မှတ်မိနေသည်။နောက်ဆက်တွဲအဖြစ် ပတ်စပို့သက်တမ်းတိုးလျှင်လည်း ပွဲစားနှင့်၊ဝါ့ပါမစ်သက်တမ်းတိုးလျှင်လည်း ပွဲစားမလွတ်၊ ဆေးရုံလက် မှတ်လုပ်ရာတွင်လည်း ပွဲစားလက်အပ်၊ပွဲစားအပ်ရသည့်အလုပ်မှန်သမျှသည် တရားဝင်ကုန်ကျငွေထက် တဆခွဲနှစ်ဆ ကုန်ကျသည်။ နဂိုကမှ လမ်းပေါ်ရဲရဲမထွက်ဝံ့ကြသည့် ဗမာတို့မှာ ဇကောထဲအလှိမ့်ခံရသော ဇီးဖြူသီးဘဝကို သတိရစရာကောင်း လှသည်။

“ခင်ဗျားအစဖော်ပေးမှ ကျနော်သတိရတယ်။ဆူရတ်မှာဖွင့်ခဲ့တဲ့ ပတ်စပို့ပွဲစားရုံးဟာ ထိုင်းအလုပ်သမားဝန်ကြီးရဲ့သမီးပိုင်တာတဲ့ဗျ။ ရှင်းအောင် ပြောရရင် ထိုင်းဝန်ကြီးသမီးနဲ့ ဗမာသံအမတ်ကြီးဝါးစေဝေစားကြတဲ့ဇာတ်လမ်းပေါ့ဗျာ။ အဆိုးဆုံးကတော့ ပတ်စပို့ဖြစ် ရင်ပြီးရောဆိုပြီး အလွယ်နည်းနဲ့ နီးစပ်ရာထိုင်းလူမျိုးလူနာမည်တစ်ခုကို အလုပ်ရှင်နာမည်တပ်လိုက်တာ၊ တကယ်တမ်း ဝါ့ပါမစ်လုပ် မယ်လည်းဆိုရော အဲဒီအလုပ်ရှင်ကို ဘယ်လိုက်ရှာရမှန်းမသိ။ပွဲစားကလည်း ဟိုရှောင်ဒီရှောင်၊ဟိုအကြောင်းပြ  ဒီအကြောင်း ပြ၊ ဆိုးလိုက်တဲ့အဖြစ်ဗျာ။ထိုင်းရဲက ယာယီဝါ့ပါမစ်ဆိုပြီး ရစ်၊အလုပ်ရှင်မတူဘူးဆိုပြီးရစ် ငွေကုန်မှအေးတဲ့ဇာတ်လမ်းတွေချည်းပဲဗျ။

အေးပေါ့ဗျာ။ အရစ်ခံရဖန်များတော့ ပေါက်ကွဲကုန်တာပေါ့။တကယ်တော့ ဖူးခက်စူပါချိကုန်တိုက်ကြီးက ဆန္ဒပြပွဲဟာလည်း ဒီကိစ္စတွေရဲ့ နောက်ဆက်တွဲပါပဲ။ဗမာသံရုံးဟာ ပတ်စပို့ကိစ္စလို ငွေဝင်မဲ့အပေါက်ကိုသာ အာရုံစိုက်ကြတာကလား။ရွေ့ပြောင်းအလုပ်သမားတွေရဲ့ အကြပ်အတည်းဒုက္ခကို ထိုင်းနိုင်ငံအစိုးရနဲ့ သူတင်ကိုယ်တင် အကြိတ်အနယ်အတိုက်အခံလုပ်တာ မရှိသလောက်ပဲ။ ဗမာသံရုံးက လုပ်သမျှ စားကောင်းသောက်ကောင်း လူကြားကောင်းရုံ မင်းတိုင်းကြေပါပဲ”
“ဒါနဲ့ ခင်ဗျားက စူပါချိဆန္ဒပြပွဲအတွက် ကိုယ်တိုင်ဇယားဝင်ချခဲ့တာလားကိုသက်ခိုင်”

“ကျားသားမိုးကြိုး။ ကျနော်လိုလူလည်က ဘယ်လိုမှနိုင်ချေမရှိတဲ့ ဒီပွဲမျိုးကို ဇယားချရဲပါ့မလား။ဒါပေမဲ့ ကျနော့်ထက်သတ္တိကောင်းတဲ့ လူငယ်လေးတစ်ယောက်ကဖြင့် ဒီပွဲကို ဇယားချရဲခဲ့တယ်ဗျာ”

“ဘယ်သူတုန်းဗျ။အခုအဲဒီကလေးက ဖူးခက်မှာရှိနေသေးသလား”
ကိုသက်ခိုင်လိုလူမျိုးက သူ့ထက်သတ္တိကောင်းသူဟုညွှန်းသဖြင့် ၎င်းလူငယ်ကို ကျနော်အတော်စိတ်ဝင်စားသွားသည်။ ထို့ကြောင့် ကိုသက်ခိုင်၏ ဇာတ်လမ်းကို ကျနော်အသာငြိမ်၍နားစိုက်နေလိုက်သည်။

“အဲဒီလူငယ်က ပိုင်ပိုင်လို့ခေါ်တဲ့ ဘိတ်သားလေးဗျ။သူ့အသက်ဟာ ရှိလှ(၂၂)နှစ်ပေါ့ဗျာ။ကျနော်မှတ်မိသလောက် အဲဒီဖြစ်ရပ်ဟာ (၂၀၁၂)ခုနှစ်၊နှစ်ဆန်းပိုင်းမှာ ဖြစ်ခဲ့တာပဲ။တစ်နေ့သား ကျနော်နိုင်ထောင်အိမ်မှာ ရှိနေတုန်း ဖုန်းတစ်လုံးဝင်လာပြီး … “ဆရာ၊ ကျနော်ထွန်းမင်းနိုင်ပါ။ကျနော်တို့အဖွဲ့ဆရာနဲ့တိုင်ပင်စရာရှိလို့ ဘယ်လိုလာတွေ့ရမလဲ”တဲ့။အေးဗျာ။သူကသာ ကျနော့်ကို ဆရာခေါ်ပြီး တွေ့ခွင့်တောင်းနေပေမဲ့ ဒီနာမည်ကို ကျနော်မရင်းနှီးပါဘူး။အဲဒီအချိန်က ကျနော်လည်း အလုပ်ပါးနေချိန်မို့ သူတို့လာတာထက် ကျနော်သွားလိုက်တာက ပိုပြီး သဘာဝကျမယ်လို့ယူဆတာကြောင့် တစ်နေရာမှာဆုံဖို့ချိန်းလိုက်တော့ စူပါချိနောက်ဖက်က အအေးဆိုင်တစ်ဆိုင်ကို ချိန်းတာနဲ့ ကျနော်လည်း ကိုယ့်ကားကိုယ်မောင်းပြီး ထွက်လာလိုက်တယ်။တကယ်တမ်းလူချင်းဆုံမိကြတော့ ကျနော်ကိုစောင့်နေကြတဲ့သူ စုစုပေါင်း ရှစ်ယောက်လောက်ရှိလေရဲ့။သူတို့အားလုံး စူပါချိကုန်တိုက်က အလုပ်သမားတွေချည်းပါပဲ။

စကားစပ်လို့စူပါချိအကြောင်းပြောရအုံးမယ်။စူပါချိကုန်တိုက်ပိုင်ရှင်အဘိုးကြီးဟာ ထိုင်းတရုပ်လူမျိုးဗျ။သူနဲ့ကျနော်ဆုံဖူးတယ်။သူ့အသက် က၊ခုနစ်ဆယ်ကျော်ရော့မယ်။ဒီဘိုးတော်ကတော့ အလုပ်နဲ့ပတ်သက်လို့ အတော်အောက်သက်ကြေတယ်ဆိုရမယ်။စူပါချိလို နံနံပင် ကနေ မော်တော်ကားအထိရနိုင်တဲ့ ဧရာမကုန်စုံဆိုင်ကြီးမှာ သူ့ကို ကျနော်ဆုံတော့ သူဟာဂေါ်ဖီထုပ်တစ်ထုပ်ကို အခွံနွာနေ လေရဲ့။ ကျနော်လေ့ လာမိသလောက် သူ့ရဲ့ဈေးရောင်းနည်းသေနင်္ဂဗျူဟာကတော့ ပစ္စည်းအစုံကို တစ်နေရာတည်းမှာ လိုသလောက်ရ စေရမယ်။အမြတ်နည်းနည်းနဲ့ ပစ္စည်းများများရောင်းထုတ်ဆိုတဲ့ နည်းလမ်းပါပဲ။သူဘယ်လောက်အောင်မြင်ခဲ့သလဲဆိုရင် အခုအချိန်မှာ ၊ဆဲဗင်းအလဲဗင်း၊(Tesco Lotus)၊(BigC)လို ထိပ်ထိပ်ကြဲနာမည်ရလက်လီဆိုင်တွေနဲ့အပြိုင် (၂၄)နာရီဖွင့်တဲ့ စူပါချိလက်လီ၊ လက္ကား ဆိုင်တွေဖူးခက်မြို့အနှံ့ဖွင့်လာနိုင်တာကိုသာကြည့်ပေတော့။အခုတော့ အဲဒီအဘိုးကြီးဟာ ဆိုင်အလုပ်ကိုသူ့သားဆရာဝန် လက်ထဲကို အပ်ထားခဲ့ပြီ ဆိုပါတော့။

စူပါချိမှာ ထိုင်းဗမာအလုပ်သမားစုစုပေါင်းခြောက်ထောင်ဝန်းကျင်လောက်ရှိရာမှာ ဗမာအလုပ်သမားက သုံးထောင်ကျော်ရှိနိုင်တယ်ဗျ။ ခင်ဗျားသိတဲ့အတိုင်းထိုင်းအလုပ်သမားတော်တော်များဟာ လက်ကြောမတင်းကြတဲ့အပြင် အလုပ်သမားအခွင့်အရေးမှန်သမျှ ဆီလို အပေါက်ရှာတောင်းနေကြတာကြောင့် ထိုင်းအလုပ်ရှင်တွေက မကြိုက်ကြဘူး။ထိုင်းအလုပ်သမားကို ထိုင်းအလုပ်ရှင်က ထင်တိုင်းကြဲလို့ မရဘူး။ဗမာအလုပ်သမားတွေကိုတော့ ဟိုဒင်းခွေးနိုင်သလို လုပ်နိုင်ကြတာမို့ ကြာလာတော့ ထိုင်းနဲ့ဗမာအလုပ်သမားကြားမှာ ကွာဟချက် များလာတာကို ဗမာတွေက ထင်ထင်ရှားရှားသိလာတယ်။ဒီမှာတင် ဆန္ဒပြဖို့လူစုကြရောပေါ့ဗျာ။

ကျနော်နဲ့ဆုံကြတော့ သူတို့ဟာ စူပါချိအလုပ်သမားတွေကို အဆင်သင့်ညှိနိုင်းစည်းရုံးထားနိုင်ခဲ့ပါပြီ။ ကျနော့်ကိုခေါ်တဲ့အကြောင်း ရင်းကတော့ ဒီဆန္ဒပြပွဲကို ဘယ်လိုအကြံဥာဏ်၊အကူအညီပေးနိုင်မလဲ ဆိုတဲ့အချက်ပါပဲ။ဒီဆန္ဒပြပွဲကို ဘာကြောင့်လုပ်ရတယ်။ဘယ်လို စီမံထားတယ်ဆိုတာ ချက်နဲ့လက်နဲ့အသေးစိတ်ရှင်းပြနိုင်တာကတော့ ပိုင်ပိုင်ပဲဗျ။ပိုင်ပိုင်ဟာ တက္ကသိုလ်ပညာကို ဒုတိယနှစ်အထိ တက်ဖူးပေမဲ့ မိသားစုစားဝတ်နေရေးကြောင့် ဖူးခက်ကိုရောက်လာတယ်လို့ဆိုတယ်။သူ့ကိုအကဲခတ်ရတာ စာလည်းအတော်ဖတ်ပုံရ တယ်။သူကိုးကားတဲ့အချက်တွေ၊သူထောက်ပြတဲ့အချက်တွေဟာ စူပါချိအလုပ်ရှင်အနေနဲ့ထိုင်းနဲ့ဗမာအလုပ်သမားတွေကြားမှာ ခွဲခြား ဆက်ဆံမှုရှိနေတယ်ဆိုတာ ထင်ရှားတယ်။

ဖူးခက်လူမှုရေးအသင်းမှာ အဓိကနေရာက တာဝန်ယူခဲ့ဖူးတဲ့ ကျနော်ဟာ ထိုင်းအလုပ်ရှင်တွေကို ဆန္ဒပြတဲ့နည်းနဲ့ ရင်ဆိုင်ဖို့ အကြိမ်ကြိမ်၊ နည်းလမ်းမျိုးစုံ ကြံဆခဲ့ဖူးပါတယ်။ဒါပေမဲ့ ကာလဒေသဟာ ကျနော်တို့ဖက်မှာမရှိပါဘူး။နယ်မြေမပိုင် စစ်မနိုင်ဘူး ဆိုတဲ့စကားရှိတယ် မဟုတ်လား။ သံခြေကျဉ်းတွေနဲ့ကျွန်ဘဝကိုတော်လှန်ခဲ့တဲ့ ရောမကျွန်သူရဲကောင်း စပါတာကတ်တို့ ခေတ်ကို သတိရစရာကောင်းပါတယ်ဗျာ။ကျနော်ဟာ အချိန်အတော်ကြာငေးငိုင်နေပြီးမှ စကားတစ်ခွန်း  ပြန်ပြောဖြစ်ခဲ့ပါတယ်။”နောက်ဆက်တွဲ တုန့်ပြန်မှုရလာဒ်ကို မင်းတို့ကြိုတင် တွက်ချက်ပြီးပြီလား”ဆိုတဲ့မေးခွန်းပေါ့။ဒီမှာတင် “ပိုင်ပိုင်”ချက်ချင်းဖြေလိုက်တာကတော့ “ကျနော့်အသက်သေမယ်ဆိုရင်တောင် စွန့်လွှတ်ဖို့ အဆင်သင့်ပါပဲ”တဲ့ဗျာ။ကျနော်ဘာဆက်ပြောစရာ ကျန်တော့မှာလဲ။တိုတိုပြောရရင် ကျနော်ဟာ ဒီသတင်းကို သတင်းဌာနတွေသိအောင် အတတ်နိုင်ဆုံး ကြိုးစားတာဝန်ယူပေးပါ့မယ်လို့ ကတိပေးပြီး နောက်နှစ်ရက်အကြာ နံနက်ငါးနာရီလောက်မှာတော့ စူပါချိဗမာအလုပ် သမားသုံးထောင်နီးပါးဟာ သူတို့ရဲ့ အလုပ်သမားတန်းလျားတွေရှေ့မှာ ထိုင်သပိတ် ဆင်နွဲပြီး ဆန္ဒပြပွဲကို စတင်လိုက်ပါတော့တယ်။

အဲဒီသပိတ်ကြောင့်ဖူးခက်မှာရှိတဲ့ စူပါချိပင်မကုန်တိုက်ကြီးအပါအဝင် ဆိုင်ခွဲတော် တော်များ ပိတ်လိုက်ရတယ်။သပိတ်တိုက်ပွဲစလို့ တစ်နာရီမပြည့်ခင်မှာပဲ အလုပ်ရှင်ရဲ့ထိုင်းအလုပ်သမားမန်နေဂျာတွေ ရောက်ချလာပြီး ခပ်မာမာခပ်တင်းတင်း လေသံနဲ့သွေးတိုးစမ်းကြပေမဲ့ ဟန်ပုံမပေါ်တာကြောင့် မကြာခင် သူဌေးကိုယ်တိုင် ပေါက်ချလာတယ်။ အဲဒီ သူဌေးနဲ့ ပိုင်ပိုင်တို့အဖွဲ့တစ်နာရီကျော်ဆွေးနွေးပြီး တဲ့အခါမှာတော့ အလုပ်သမားတွေဖက်က အောင်ပွဲခံနိုင်ခဲ့ပြီဆိုတဲ့သတင်းကို ပိုင်ပိုင် ကိုယ်တိုင်ကျနော့်ဆီ ပို့လာခဲ့လေရဲ့။ဒါပေမဲ့ ဒီကိစ္စဟာဘယ်နည်းနဲ့မှနောက်ကြောင်းမအေးနိုင်ဘူးဆိုတာ ရိပ်မိနေတဲ့ကျနော့်အတွက် တော့ ဝမ်းမသာနိုင်ပါဘူး။

ကျနော်ဟာ စူပါချိဗမာအလုပ်သမားတွေဆန္ဒပြမဲ့သတင်းကို ဖူးခက်ဂေဇက်သတင်းစာနဲ့ဆက်သွယ်ပြီး သတင်းယူပေးဖို့ လေးဆယ့်ရှစ် နာရီ ဆက်တိုက်ကြိုးပမ်းခဲ့ပေမဲ့ ဒီအဖြစ်မျိုး တစ်ခါမှ မကြားဖူး၊မကြုံဖူးလေရော့သလား၊အကြောင်းတစ်ခုခုရှိလေရော့သလား မဆိုနိုင် ဘူးဗျာ။အကြိမ်ကြိမ်ဆက်သွယ်ပေမဲ့ စိတ်ဝင်စားဟန်မပြပါဘူး။ဒီတော့ ကျနော်ချိတ်ဆက်ပေးနိုင်ခဲ့တာက ဘန်ကောက်က အလုပ်သမား အရေးဆောင်ရွက်နေတဲ့ ကိုကျော်သောင်း(ရွှေလုပ်သားသတင်းစာ)နဲ့ အမေရိကန်ပြည်ထောင်စုမှာရှိနေတဲ့ မနီလာ(ရတနာပုံသတင်းစာ) တို့လောက်ပါပဲ။ဒီကိစ္စကိုကျနော်အသေးစိတ်သိနေတာကတော့ စူပါချိဆန္ဒပြပွဲကနေပို့ပေးနေတဲ့ ဗီဒီယိုဖိုင်တွေကြောင့်ပါပဲ။
ကျနော်ကြိုတင်တွက်ဆထားတဲ့အတိုင်း ဆန္ဒပြပွဲအပြီးတစ်လကျော်အကြာမှာတော့ ပိုင်ပိုင်ဟာ စူပါချိကုန်တိုက်ကိုအသွား လမ်းခုလပ် မှာ ထိုင်းရဲကားတစ်စီးပေါ် တင်သွားခံရတော့တာပါပဲ။အဲဒီကားပေါ်မှာ ထိုင်းရဲယူနီဖောင်းနဲ့နှစ်ယောက်၊အရပ်ဝတ်နဲ့တစ်ယောက် စုစုပေါင်း သုံးယောက်ပါသတဲ့။

ပိုင်ပိုင်မှာပါသမျှငွေကြေး၊ပါ့စပို့၊ဝါ့ပါမစ်တွေသိမ်းပြီးလက်ထိပ်ခတ်တယ်။နောက်တော့ လှေပေါ်မှာလိုက်ပြီး အလုပ် လုပ်မလား။အသေခံမလား ဆိုတဲ့လမ်းနှစ်သွယ်ထဲက တလမ်းလမ်းကိုရွေးခိုင်းပါတော့တယ်။နှစ်ရက်အကြာမှာတော့ကံကြီးလှတဲ့ ပိုင်ပိုင်ဟာ ဖူးခက်ကော့စီလေအရပ်က လူပွဲစားဗမာအမျိုးသမီးကြီးတစ်ယောက်ရဲ့အကူအညီနဲ့ အဲဒီထိုင်းရဲတွေလက်ထဲကနေ လွတ်မြောက်လာခဲ့ပြီး ဖူးခက်မှာ ဘယ်လိုမှနေလို့မရတော့ပဲ ရနောင်းဖက်ကို ပြန်သွားခဲ့ရသတဲ့ဗျာ။ရနောင်းကနေ ပိုင်ပိုင်ကိုယ်တိုင် ကျနော့်ဆီ လှမ်းရေးခဲ့တဲ့ သူလက်ရေးစာလေးတစ်စောင်တောင် ကျနော့်လက်ထဲမှာ ခုချိန်ထိရှိနေသေးလေရဲ့။ဘန်ကောက်ဗမာသံရုံး ကတော့ ဒီကိစ္စကို သိဟန်ကြားဟန်မတူပါဘူး။သိလည်း ဘာမှလုပ်ပေးလိမ့်မယ်မထင်မိပါဘူးဗျာ”

“အော်၊မသေကောင်းမပျောက်ကောင်းဗျာ။ ဒီလိုအဖြစ်မျိုးတွေ ဆက်ပြီးမဖြစ်အောင် ဘန်ကောက်ဗမာသံရုံးမှာ ထိုင်းရောက်ဗမာအလုပ် သမားတွေရဲ့ဘဝကို စာနာနားလည်နိုင်တဲ့ သံအမတ်ကြီးတစ်ယောက်တစ်လေရောက်လာခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲဗျာ”
 “သံအမတ်ကြီးပြောင်းလဲရုံနဲ့ အဆင်ပြေသွားမဲ့ကိစ္စမဟုတ်ပါဘူးကိုမင်းဒင်။ တကယ်လို့များ သံအမတ်ကြီးတွေထဲမှာ ထူးချွန်ပြောင် မြောက်စွာ ဗမာအလုပ်သမားတွေဘက်က ရပ်တည်ချင်သူပေါ်လာရင်လည်း၊အဲဒီသံအမတ်ကြီးဟာ မကြာခင်ပြုတ်မှာပါပဲ။ လက်ရှိ အခြေအနေမှာ သူမလုပ်သာပါဘူး။မလုပ်နိုင်ပါဘူး။ ဒီအဖြစ်ဆိုးတွေရဲ့ မြစ်ဖျားခံရာအရပ်ဟာ စစ်ဝါဒစံနစ်ဆိုးကြီးပေါ့ဗျာ။ ခေတ်ဆိုး စံနစ်ဆိုးကြီးကို အမြစ်ပြုတ်အောင် မတွန်းလှန်နိုင်သရွေ့ ကျွန်သံသရာလှိုင်းတံပိုးကြားမှာ ဗမာအလုပ်သမားတွေ ပက်လက်ရော မှောက်ခုံပါဆက်မျောနေကြအုံးမှာပါပဲ”

သူ့စကားရှည်ကြီးအဆုံးတွင် ညည်းသံစွက်နေသော ကျနော့်တောင့်တချက်အပေါ်ကိုသက်ခိုင်တစ်ယောက် ခေါင်းကိုခပ်ဖြေးဖြေး ယမ်း ရင်း အထက်ပါအတိုင်းလေးလေးနက်နက်တုန့်ပြန်မှတ်ချက်ဆိုနေချိန်တွင်တိုက်တိုက်ဆိုင်ဆိုင်၊ဂျိုးတစ်ယောက်အခန်းတွင်းသို့ပြန် လည်ဝင်ရောက်လာရင်း ကျနော့်ထံ  “ဘာတွေပြောနေကြတာလဲ” ဟူသောအဓိပ္ပါယ် မျက်နှာရိပ်မျက်နှာ ကဲပြလိုက် သည်ကို ကျနော်မြင် ရသည်။အပြင်တွင်မိုးအုံ့နေ၏။


Viewing all articles
Browse latest Browse all 346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...