Quantcast
Channel: .
Viewing all articles
Browse latest Browse all 346

မင်းဒင်ရဲ့သက်ခိုင်(၂)

$
0
0

၁၆။၀၇။၂၀၁၄နေ့ထုတ် ဆဲဗင်းဒေးအပတ်စဉ်ဂျာနယ်။ ။မင်းဒင်ရဲ့သက်ခိုင်(၂)

အခန်း(၄၃)
ပြန်မပြောချင်သော၊ဇာတ်လမ်းရှည်တစ်ပုဒ်။။

၂၀၁၄၊ဇူလိုင်လဆန်း၊ထိုင်းနိုင်ငံ၊ဖူးခက်မြို့။
“ခင်ဗျားမေးလို့သာ ဖြေရမှာ ဒီခေါင်းစဉ်ဟာ ကျနော်မပြောချင်ဆုံးအကြောင်းပဲဗျာ”
“ပြည်ပရောက်အတိုက်အခံတွေအကြောင်း ခင်ဗျားသိသလောက်လုပ်စမ်းပါအုံးဗျာ” ဟူသောကျနော့်မေးခွန်းအဆုံးတွင် ကိုသက်ခိုင် တုန့်ပြန် လိုက်သောစကားသံဖြစ်၏။
ထိုနေ့က ကိုသက်ခိုင်တစ်ယောက် ကျနော့်အိမ်သို့စောစောစီးစီးပေါက်ချလာပြီး ဈေးဝယ်ထွက်ချင်သည်ဆိုလေသဖြင့် သူခေါ်ရာလိုက်ပါ လာခဲ့ခြင်းဖြစ်၏။ကားကိုမြို့ပြင်ဆီသို့ ဦးတည်မောင်းနှင်နေလေရာ ကိုသက်ခိုင်တွင်အခြားရည်ရွယ်ချက်တစ်ခုခု ရှိနေလေရော့သလား၊ အတွေးပွားမိသဖြင့် သေချာအောင်မေးမြန်းမိသည်။

“ခင်ဗျား၊အဝတ်အစားဝယ်မဲ့ဥစ္စာ ဘန်ကောက်အထိ တက်ဝယ်မှာတော့ မဟုတ်လောက်ဘူးထင်ပါရဲ့”

“အော်၊ဘိုင်ဖတ်(By Pass)လမ်းဆုံနားက (Outlet)ကို သွားမှာပါဗျာ၊စင်ထန်း(Central)နဲ့ ရိုဘင်ဆင်(Robinson)မှာ ဒီဇိုင်းအသစ် မှန်းမသိ အဟောင်းမှန်းမသိရွေးရခက်လွန်းလို့ဗျ”
ဘိုင်ဖတ်အောက်လက်(Outlet)သို့သွားရာလမ်းသည် ဖူးခက်၏အစည်ကားဆုံးနေရာဖြစ်သည့် စင်ထန်းလမ်းဆုံကို ကျော်ရသည်။ ခဏကြာ မောင်းမိလျှင် ကားလမ်းသည် တောင်ခါးပန်းဘေးမှာတစ်လမ်း၊တောင်အောက်ခြေမှာတစ်လမ်း၊နှစ်လမ်းကွဲထွက်သွားသည်။ ကျနော် ဖူးခက်သို့ရောက်စက တောင်အောက်ခြေလမ်း တစ်လမ်းတည်းသာရှိ၏။သို့သော် နိုင်ငံတကာခရီးသွားများလှသည့် ဖူးခက်မြို့အဖို့ မြို့ဝင်လမ်းများ ကျယ်ပြန့်ကောင်းမွန်နေရေးသည် အသက်တမျှအရေးကြီးလှသည်ဖြစ်ရာ ဆိုခဲ့သောတောင်ခါးပန်း ဘေးကလမ်းကို နေ့မအားညမအား နိုင်ငံတစ်ကာပညာရှင်များ၏အကူအညီဖြင့် ဖောက်လုပ်ခဲ့သည်မှာ “တောင်ကြီး၊ကားအောက်”ဟုပင် စာချိုးကိုပြင်ရ လောက်သည်။

ဧရာမ ကျောက်ဆောင်ကြီးတွေကိုဖြိုသည်။အဓိကရအဆောက်အဦးအသစ်အချို့ကိုလျော်ကြေးပေးကာ ဖယ်ရှားသည်။ ယခုတော့ သည်လမ်းမကြီးနေရာတွင် တစ်ချိန်က ကျောက်တောင်ကမ္ဘားယံကြီးရှိခဲ့သည်မှာပင် ယုံတမ်းစကားဖြစ်ချေ တော့မည်။ လိုတပ်(Tesco Lotus) အနီးသို့ ရောက်သည့်အခါ မြေအောက်ကားလမ်းအသစ်တစ်ခုကို အပူတပြင်းဆောက်လုပ်နေ သည့်မြင်ကွင်း ကိုတွေ့ရသည်။စောစောက ဖြတ်ကျော်ခဲ့သည့်စင်ထန်းမီးပွိုင့်တွင်လည်း အလားတူစီမံကိန်းတစ်ခုတည်ဆောက်ဆဲ တန်းလန်းဖြစ် လေသဖြင့် ကျနော်ကိုသက်ခိုင်ကို စပ်စုမိသည်။

“ငွေတော်တော်ပေါတဲ့တိုင်းပြည်မို့ထင်ပါရဲ့ကိုသက်ခိုင်၊မိုင်ဝက်တောင်မလှမ်းတဲ့နေရာတွေမှာ၊မြေအောက်ကားလမ်းနှစ်ခုတပြိုင်တည်း
ဆောက်နေတာ”

“တိတိကျကျပြောရရင် တိုင်းပြည်ကငွေပေါတာမဟုတ်ဘူးဗျ။မြို့က ငွေပေါတယ်လို့ဆိုရင်ပိုမှန်မယ်။နှစ်စဉ်ကမ္ဘာလှည့်ဦးရေလေးသန်း လောက်လာနေတဲ့မြို့မို့ ဒီမြို့နဲ့ပတ်သက်ပြီး ရသမျှ အခွန်အခမှန်သမျှ ဒီမြို့ဖွံ့ဖြိုးရေးမှာပဲ သုံးနိုင်တဲ့ ဥပဒေပြဌာန်းထားတယ်လို့ ကျနော်ကြားဖူးတယ်။ကြုံတုန်းပြောရရင် စင်ထန်းမီးပွိုင့်က စီမံကိန်းကို တာဝန်ယူဆောက်လုပ်နေတာက အီတာလျံထိုင်းကုမ္ပဏီ၊ လိုတပ် မီးပွိုင့်မှာ တာဝန်ယူဆောက်လုပ်နေတာက တီကေ(TTK Construction)ဗျ။ တီတီကေဥက္ကဋ္ဌနဲ့ကျနော်အတော့်ကို ရင်းနှီးတယ်။သူပြောဖူးတာ က ဒီမြေအောက်ကားလမ်းတွေဟာ သာမန်ဂုံးကျော်တံတားတွေထက် နှစ်ဆကျော်ကျော် အကုန်အကျပိုများ သတဲ့။ဘာကြောင့် များမြေအောက်မှာ ဖောက်တဲ့နည်းလမ်းကိုရွေးရသတုန်းဆိုတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နဲ့မြို့ပြတည်ဆောက်ရေး ပညာရှင် တွေရဲ့ အကြံပြုချက်ကြောင့်လို့ဆိုတယ်”

ကိုသက်ခိုင်၏စကားအဆုံးမှာပင် ကျနော်တို့(Outlet)ကုန်တိုက်ကြီးရှိရာသို့ရောက်လာသည်။ကားရပ်နားရန်နေရာမှာကျယ်ဝန်းလှ၏။ ကုန်တိုက်ဟုအလွယ်ဆိုရသော်ငြား စင်စစ် ကုန်တိုက်မဟုတ်ချေ။ကမ္ဘာကျော်နာမည်ကြီး အဝတ်အစားနှင့်အသုံးအဆောင်ကုမ္ပဏီများက သီးခြားတစ်ထပ်အဆောက်အဦးကြီးငယ်များ စုပေါင်းထားခြင်းသာဖြစ်၏။အဆောက်အဦးဒီဇိုင်းမျိုးစုံသကဲ့သို့ ခင်းကျင်းရောင်းချနေသည့် ကမ္ဘာကျော်အဝတ်အစားအသုံးအဆောင်ပစ္စည်းတို့လည်း အမျိုးအမည်မရေတွက်နိုင်ချေ။အဆိုပါနေရာ၌ တွေ့မြင်ရသည့် ဈေးဝယ် အများစုမှာ ဥရောပ၊အာဖရိက၊ဂျပန်၊တရုတ်၊အရှေ့အလယ်ပိုင်းမျက်နှာသွင်ပြင်နိုင်ငံခြားသားအများစုဖြစ်၍ ထိုင်းလူမျိုးဟူ၍ မမြင်မိ သလောက်ပင်ရှားပါးလှသည်မှာ ထူးခြားချက်ဖြစ်၏။ဈေးနှုန်းကြီးမြင့်သည့် အဝတ်အစားအသုံးအဆောင်တို့ကို ဖူးခက်ဝန်းကျင်တစ်ဝိုက်ရှိ ဌာနေတိုင်းရင်းသားတို့လက်လှမ်းမီဟန်မတူချေ။

ကျနော့်စိတ်ထင် ဘယ်အရာမှ ဇီဇာမကြောင်တတ်သော ကိုသက်ခိုင်တစ်ယောက် အဝတ်အစားဘက်တွင်မူ အတော်ဝါသနာကြီးပုံရသည်။ကျနော်မှတ်မိသလောက် Addidas,Nike, Puma, Callway ,Woodland, daks,AllZ,စသည့် ကမ္ဘာကျော်အဝတ်အထည်နှင့် ဖိနပ်ဆိုင်တွေမှာ ရွေးလိုက်ဝယ်လိုက် အချိန်အကြာကြီးဖြုန်းနေသဖြင့် အဆိုပါ ကိစ္စတွင်အထိုက်အလျောက်ဝါသနာပါသော်ငြား စိတ်မရှည်နိုင်သောကြောင့် ဖွင့်မေးမိသည့်အခါ သူက ရယ်ရယ်မောမောပင် တုန့်ပြန် သည်။

“ကိုသက်ခိုင်ကြည့်ရတာ အဝတ်အစားကိုတော့ အတော်ဝါသနာကြီးပုံရတယ်”

“အေးဗျ။ပုဆိုးပိုင်းပုခုံးပေါ်တင်ပြီး ကျောပြောင်ကြီးတွေနဲ့နေတတ်တဲ့ အညာအရပ်ဇာတိမို့ ထင်ပါရဲ့။အဝတ်အစားကိုတော့ ကျနော် အတော်မက်တာအမှန်ပဲ။မှတ်မိသေးတယ်ဗျာ။ငယ်ငယ်ကဆို အဝတ်အစားဝယ်ပေးထားရင် ဒါချည်းထပ်တလဲလဲဝတ်နေလို့ ကျောင်းနေ ဖက်သူငယ်ချင်းတွေက”ဒါဝတ်ဘိုင်”လို့တောင်ခေါ်ကြသေး။ကိုယ်က ပုဆိုးအသစ်လေးကိုရက်ဆက်ဝတ်ချင်လို့ နေ့ဖက်ဝတ်၊ ညဖက်ပြန်လျှော်၊ နောက်တစ်နေ့ပြန်ဝတ်၊တစ်ခါတစ်ခါ မိုးတွင်းဖက်များဆို ကျောင်းသွားချိန်တိုင်အောင် ပုဆိုးကမခြောက်တော့ မီးကင်၊မီးကင်တော့ မီး ပေါက်တွေဖြစ်ကုန်၊တစ်ခါတစ်လေ ကိုယ်က အပျံစားမီးပူကော့နေအောင်တိုက်ထားတာ ညီတွေအကိုတွေက အလစ်မှာ အခန့်သင့် ကောက်စွပ်သွားကြတော့ ကျနော့်မှာဒေါကန်ပြီးကျန်ရစ်ခဲ့တာလည်း ရှိသေးတယ်။နေဦးဗျ။ ကျနော်ဒီကို လာလာ နေတာ ဒီအဝတ်အစား တွေရဲ့ဈေးကွက်အကြောင်းကို စိတ်ဝင်စားလို့လာနေတာလည်းပါတယ်”

“လုပ်စမ်းပါအုံးကိုရင်ရယ်။ဘာတွေများ စိတ်ဝင်စားစရာကောင်းလို့တုန်း။အဝတ်အစားနဲ့ကြွားချင်တဲ့သူတွေ ငွေလာဖြုန်းတာထက် ဘာများ ပိုထူးလို့တုန်းဗျာ”

ကျနော်က သူ့စကားကိုအငေါ်တူးလိုက်ရင်း သူဝယ်ထားသည့် အဝတ်အစားတစ်ပွေ့တစ်ပိုက်ကြီးထဲမှ တချို့ကို မျှဝေကိုင်ဆွဲပေးရန် လက်လှမ်းလိုက်သည်။သူက “ကျေးဇူးပဲဗျ” ဟုဆိုရင်း သူ့စကားကိုဆက်ပြန်သည်။

“တကယ်တော့ အဝတ်အစားဟာ လူမှာစားဝတ်နေရေးဆိုတဲ့ အခြေခံလိုအပ်ချက်သုံးခုအနက်မှာ ဒုတိယနေရာက လိုက်တယ်ဗျ။ တစ်ဆက်တည်းပြောရရင် အဝတ်အထည်ဈေးကွက်ဟာ ကမ္ဘာမှာတော်တော့်ကို ကြီးမားတဲ့ဈေးကွက်ကြီးဖြစ်ပုံရတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံနဲ့ ဆင်းရဲမွဲတေနေတဲ့ နိုင်ငံတွေကြားမှာ အဝတ်အထည်တွေအပေါ်ထားတဲ့သဘောထားကလည်း မတူပြန်ဘူး။ဆင်းရဲတဲ့ တိုင်းပြည်တွေမှာ အဝတ်အစားကို ပွဲလမ်းသဘင်၊ရာသီဥတုဒဏ်နဲ့အရှက်လုံဖို့လောက်သာ ရည်ရွယ်ကြပေမဲ့ ချမ်းသာတဲ့နိုင်ငံတွေမှာရှိတဲ့ လူတွေကတော့ နာမည်ကြီးတံဆိပ်တို့ နောက်ဆုံးပေါ်ဒီဇိုင်းတို့ကိုသာ စိတ်ဝင်စားတတ်ကြတာကလား”

“ဒါဆို အခုဒီဆိုင်တွေပေါ်က ပစ္စည်းတွေက နောက်ဆုံးပေါ်မော်ဒယ်ဒီဇိုင်းတွေထင်ပါရဲ့”
“မဟုတ်ဘူးဟုတ်တယ်လို့ဖြေရမဲ့ပုံပဲဗျာ။အခုမြင်နေရတဲ့အဝတ်အစားအတော်များများဟာ ထိုင်းနိုင်ငံအတွက် အသစ်ဖြစ်နေပေမဲ့ ဥရောပ အမေရိကလိုနိုင်ငံတွေအတွက်တော့ အသစ်မဟုတ်တော့ပြန်ဘူး”
“ဒါဆို သူတို့နိုင်ငံမှာ မဝယ်ပဲဘာကြောင့် ဒီမှာလာဝယ်ကြသတုန်းဗျာ”
“အဲဒါဈေးကွက်သဘောတရားပဲဗျ။သူတို့နိုင်ငံတွေမှာ မော်ဒန်အသစ်အဆန်းတွေရဲ့သက်တမ်းဟာ ခြောက်လထက်မပိုဘူး။နောက်လာတဲ့ မော်ဒန်က နေရာဝင်ယူသွားပြီ။ဒီတော့ မော်ဒန်ဟောင်းတွေဟာ အာရှဈေးကွက်ထဲကို ဈေးပေါပေါနဲ့ ရောက်လာတယ်။အထူးလျော့ဈေး ဒစ်စကောင့်နဲ့ရောင်းကြတယ်။ဒီမှာတင် ပေါချောင်ကောင်းကြိုက်တဲ့ အနောက်တိုင်းသားတွေလည်း ကြုံတုန်းကြုံခိုက် အထည်ပုံဝင်မွှေ ကုန်ကြရောပေါ့ဗျာ။နောက်တစ်ချက်က ကမ္ဘာကျော်နာမည်ကြီးအဝတ်အစားအသုံးအဆောင်တံဆိပ်မှန်သမျှ မူရင်းနိုင်ငံက လာတာ မရှိ သလောက်ပဲဗျ။ လုပ်အားခသက်သာတဲ့ လူမွဲနိုင်ငံတွေမှာ စက်ရုံခွဲတွေ ဖွင့်ပြီးထုတ်လုပ်ကြတာ”

“ဒီလိုဆိုတော့လည်း ခင်ဗျားရဲ့အဝတ်အစားဋီကာက စာအုပ်ထုတ်ရင် အတော်ထူမဲ့ကျမ်းပါကလား။ကဲပါဗျာ၊ဗိုက်ဆာပြီ၊တစ်ခုခုဝင်စားကြ ရအောင်၊ရောင်းသမျှ ပစ္စည်းဈေးကြီးတဲ့ နေရာမှာ အစားအသောက်လည်း ဈေးသက်သာမဲ့ပုံမပေါက်ပေမဲ့၊ဒီလောက်မြို့နဲ့အလှမ်းဝေး တဲ့နေရာမှာ ရွေးစရာဆိုင်မှမရှိတာ၊နိဗ္ဗာန္နဿပစ္စယောဟောတုပေါ့”

“အဟား၊ဒါလည်းဈေးကွက်စီးပွားရေးရဲ့အခန်းခွဲလေးတစ်ခုပေါ့ဗျာ၊ကျနော်လည်းဗိုက်ဆာနေပြီ။ ကော်ဖီနဲ့ဟမ်ဘာကာလေးကြိတ် လိုက်ကြအုံးစို့ရဲ့။ ခင်ဗျားခြေညောင်းတာကိုကျေးဇူးဆပ်တဲ့အနေနဲ့ ကျနော်ဒကာခံမှာပါဗျ”

နှစ်ယောက်သားပြောပြောဆိုဆို အဆောက်အဦးနှစ်ခုကြားကွက်လပ်က ဟမ်ဘာကာဆိုင်မှာထိုင်ဖြစ်ကြသည်။ကိုသက်ခိုင် ကောင်တာ သို့ကိုယ်တိုင်သွားကာ စားစရာမှာယူနေချိန်တွင် ကျနော်ဟိုဟိုဒီဒီငေးကြည့်နေမိသည်။ နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည်များအား ဝယ်ယူသောပစ္စည်းတန်ဖိုး၏ (VAT)ခုနစ်ရာခိုင်နှုန်းပြန်အမ်းသည့်ကောင်တာမှာ ဂျပန်တစ်အုပ် အလုပ်ရှုပ် နေသည်ကို လှမ်းမြင်နေရ၏။ ကိုယ်တိုင်ဈေးဆိုင်ငယ်တစ်ခုဖွင့်လှစ်ထားသူဖြစ်၍ ကိုသက်ခိုင်ပြောသော နိုင်ငံတစ်ကာကူးသန်းရောင်း ဝယ်ဖောက်ကားသည့် စံနစ်တို့ကို စိတ်ဝင်စားမိလေရာ ကျနော့်မှာတွေးစရာတွေအများကြီးဖြစ်လာပြန်သည်။ ကိုသက်ခိုင်တစ်ယောက်စားစရာဗန်းကိုင်ကာ ပြန်ရောက်လာ၏။

“ခင်ဗျားပြောမှစဉ်းစားမိတယ်။အချိန်အကြာကြီးတံခါးပိတ်ထားခဲ့တဲ့ ကျနော်တို့တိုင်းပြည်နဲ့ ဒီဖက်နိုင်ငံတွေ ရောင်းပုံဝယ်ပုံ၊ဈေးကွက်ရှာပုံ၊ တွေးတောဆင်ခြင်ပုံတွေအတော်ကွာတာ ကျနော်လည်းသတိပြုမိတယ်ဗျ။ကုန်တိုက်အရောင်းကောင်တာတွေမှာထိုင်တဲ့ အရောင်းစာ ရေး ဝန်ထမ်းတွေရဲ့ ဆက်ဆံပုံတွေ၊ကီလိုနဲ့ပိသာကွာခြားတာတွေကိုလည်း သတိထားမိတယ်။ဒီဖက်က ပိုပြီးစံနစ်ကျတယ်ထင်မိ တယ်။သင် ယူစရာ၊အတုယူစရာတွေ အများကြီးရှိနေသေးတာပဲ”

“ဟုတ်တယ်ဗျ။ဒီလိုခေတ်အကူးအပြောင်းမှာ ကမ္ဘာကြီးနဲ့ ပေါင်းကူးပေးမဲ့ ပြည်ပရောက်ဗမာတွေရဲ့အကူအညီတွေအများကြီးလိုတာ အမှန် ပဲဗျ”
“အော်၊ဒါနဲ့ခင်ဗျားရဲ့မိတ်ရင်းဆွေရင်းတွေတောင် နိုင်ငံတော်အကြံပေးဆိုပြီး ပြန်ကုန်ကြတာ ဒီအချက်ကြောင့်ဖြစ်မယ်ထင်ပါရဲ့”

ကိုသက်ခိုင်သည် ကျနော့်ထင်မြင်ချက်ကို မည်သို့မျှတုန့်ပြန်စကားမဆိုပဲ ဟမ်ဘာကာတစ်ကိုက်၊ကော်ဖီတစ်ကျိုက် လုပ်နေလေသဖြင့် ကျနော်ကပင် စကားရှေ့ဆက်ရပြန်သည်။
“တကယ်တမ်းအတိုက်အခံအင်အားစုတွေက ပြည်တွင်းပြန်ပြီး တိုင်းပြည်အကျိုးပြုနိုင်ရင်တော့ အကောင်းဆုံးပဲဗျာ”

ဤတွင် ကိုသက်ခိုင်သည် သက်ပြင်းရှည်ကြီးတစ်ချက်မှုတ်ထုတ်လိုက်ရင်း လေသံခပ်လေးလေးဖြင့် ဤအခန်းအစတွင်ဖော်ပြခဲ့သော မှတ်ချက် ကိုပြုခဲ့ခြင်းဖြစ်လေ၏။

“ခင်ဗျားမေးလို့သာ ဖြေရမှာ ဒီခေါင်းစဉ်ဟာ ကျနော်မပြောချင်ဆုံးအကြောင်းပဲဗျာ”
ကျနော်သူ့မျက်နှာကိုလှမ်းကြည့်လိုက်ရင်း  လွန်ခဲ့သောလေးနှစ်ဝန်းကျင်၊သူနှင့်ကျနော် ချင်းမိုင်မြို့တွင်ကျင်းပသော သတင်းသမဂ္ဂ ညီလာခံသို့အတူရောက်ခဲ့စဉ်က မြင်ကွင်းတချို့ကို ပြန်မြင်ယောင်နေမိသည်။ စင်စစ်မြန်မာနိုင်ငံသတင်းသမဂ္ဂနှစ်ပတ်လည် ညီလာခံ သို့ဖိတ်ကြားခြင်းခံရသည့်ကျနော်နှင့်အတူ ကိုသက်ခိုင် အဖော်အဖြစ်လိုက်လာခဲ့ခြင်းဖြစ်လေ၏။အစည်းအဝေးမစခင်တစ်ည၊ ချင်းမိုင်မြို့ မှ”မွှေး”အမည်ရှိ မြန်မာထမင်းဆိုင်တစ်ဆိုင်၏သောက်ဝိုင်းစားဝိုင်းမှာ အတိုက် အခံခေါင်းဆောင်တချို့နှင့် ကျနော်တို့ဆုံဖြစ်ခဲ့ကြသည်။ စင်စစ် သတင်းသမဂ္ဂညီလာခံသည် အတိုက်အခံတောင်ပြုံးဟုဆိုသော်ရနိုင်၏။ အကြောင်းမှာ သတင်းသမဂ္ဂအစည်းအဝေးကို အကြောင်းပြု၍ တကမ္ဘာလုံးအနှံ့ဘဝမျိုးစုံဖြင့် ကျင်လည်နေကြရသည့် တော်လှန်ရေး ရဲဘော်ဟောင်း၊မိတ်ဆွေသူငယ်ချင်းများ တစ်စုတစ်ဝေးတည်း၊ပျော်ပျော်ပါးပါးပြန်လည်ဆုံနိုင်ကြသောကြောင့်ဖြစ်၏။

ထိုနေ့ကဝိုင်းတွင် ၈၈ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်၊ကဗျာဆရာကိုလွမ်းဏီ၊ ကိုအောင်သူငြိမ်း၊ကိုဇော်မင်း (လူ့ဘောင်သစ်)၊ ကိုဝင်းမင်းတို့နှင့်အတူအရက်ဝိုင်းမှာအဖွဲ့ကျနေခဲ့လေရာ ကျနော့်အဖို့အတန်ငယ်ထူးဆန်းနေသည်ကားအမှန်ဖြစ်၏။ထို့ထက်ပို၍ထူးခြား သည်ကား ကိုမိုးသီးဇွန်နှင့်ကိုသက်ခိုင်အပြန်အလှန်ပြောဆိုခဲ့သောစကားတစ်ခွန်းဖြစ်လေ၏။သတိပြုရန်အချက်မှာ ထိုကာလက ကျောင်းသားတပ်ဖွဲ့ဝင်တို့အကြား အထင်အမြင်လွဲမှားသတ်ဖြတ်မှုများနှင့်ပတ်သက်၍ ယခုအချိန်လောက်ပွင့်လင်းမြင်သာမှုမရှိသေး ချေ။

“ကိုမိုးသီးဇွန်၊ပွင့်ပွင့်လင်းလင်းတစ်ခုမေးချင်တယ်။မြောက်ပိုင်းလူသတ်မှုအပါအဝင် ကျောင်းသားရဲဘော်တွေကြားမှာ အပြန်အလှန် သတ်ဖြတ်မှုတွေရှိခဲ့တယ်ဆိုတာ အများပြောနေကြ သလို တကယ်ပဲ ဖြစ်ခဲ့သလားဗျာ”

“ခက်တယ်ကိုသက်ခိုင်၊အများစုက သေချာမသိပဲ လျှောက်ဖွနေကြတာဗျ”
“ကိုမိုးသီးဇွန်၊ခင်ဗျားနဲ့ပတ်သက်ပြီး အကောင်းမြင်တာ၊အဆိုးမြင်တာ ဒွန်တွဲပြီးရှိကြမယ်ဗျ။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားဟာ “အထင်ကရ သမိုင်းထဲက အမှတ်တရလူ”ဆိုတာတော့ ငြင်းလို့မရဘူး”ဟူ၏။

ထိုအကြောင်းအရာတို့ ကျနော့်အတွေးစဉ်မှာသိလိုသောအချက်များဆင့်ကဲပေါ်လာသည်။
“ဒါနဲ့၊ခင်ဗျားက ကျောင်းသားခေါင်းဆောင်တွေနဲ့ ဘယ်လိုဘယ်ပုံ တရင်းတနှီးပတ်သက်နေရပြန်တာတုန်းဗျာ။အံ့သြမိတာတော့အမှန်ပဲ။ ကျနော်မေးမယ်လို့ စိတ်ကူးခဲ့တာတော့ကြာပါပြီ”

“သြော်၊ဘာမှအဆန်းတကြယ်မဟုတ်ပါဘူး။ကျောင်းသားခေါင်းဆောင်တွေအပါအဝင် အတိုက်အခံခေါင်းဆောင်အများစုဟာ ပြည်ပနိုင်ငံ တွေမှာ ဘဝမျိုးစုံနဲ့ ကျင်လည်နေခဲ့ကြတာမို့ ကျနော်လို နေရာအနှံ့ရောက်နေတဲ့သူတစ်ယောက်နဲ့ တစ်ကွေ့မဟုတ်တစ်ကွေ့တွေ့ကြုံနေခဲ့ တာအဆန်းမှမဟုတ်ပဲ။ပြည်သစ်ညွန့်ဝေခေါ်ဦးမောင်မောင်အထွေထွေအတွင်းမှူးအဖြစ်ခေါင်းဆောင်တဲ့ (FTUB)အလုပ်သမားသမဂ္ဂမှာ ဒုတိယဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ကုလသမဂ္ဂညီလာခံအစည်းအဝေးခန်းမထဲမှာ အငြိမ့်သားထိုင်နေခဲ့တဲ့ ဦးသန်းလွင်တောင် ကျနော်နဲ့ဘန်ကောက်မှာဆုံခဲ့ကြတုန်းက အိန္ဒိယမြန်မာနယ်စပ်က ကျွန်းသစ်ခွဲသားတွေကို နိုင်ငံတစ်ကာဈေးကွက်မှာ ရောင်းချင်လို့ ကျနော်နဲ့လာချိတ်ဆက်ခဲ့ဖူးသေးတာပဲ။ ဒီလာက်ဆို ခင်ဗျား ရိပ်စားမိလောက်ပါရဲ့”

“တိုတိုချုံ့ပြီးပြောရရင် ဗမာ့တော်လှန်ရေးအတိုက်အခံတွေအကြောင်းကို ပြည်ပသတင်းဌာနတွေကနေ၊ကျီးဘုတ်မြှောက်၊ ဘုတ်ကျီး မြှောက် လုပ်နေခဲ့ကြတာမို့  ပြည်တွင်းနေလူထုကတော့ ဧရာမသူရဲကောင်းကြီးတွေ အဖြစ်မြင်ယောင်ပုံဖော်နေခဲ့ကြမှာပါပဲ။ တကယ့် လက်တွေ့ဘဝတွေကတော့ အဖြူနဲ့အမဲလို့ဆိုရမယ်။ခင်ဗျားမြင်သာအောင်ပြောရရင် ဗမာပြည်ကလက်ဖက်ရည်ဆိုင်တွေမှာ အစိုးရ မကောင်းကြောင်း လေသံကျယ်ကျယ်တောင်မပြောရဲတဲ့ကာလတွေမှာ ပြည်ပအတိုက်အခံတွေက ဒီမိုကရေစီနိုင်ငံတွေရဲ့သံရုံးတွေ ရှေ့သွားပြီး ကြွေးကြော်သံမျိုးစုံနဲ့ ဆန္ဒပြတဲ့ သတင်းတွေကို အဟုတ်ကြီးမှတ်နေခဲ့ကြတာပေါ့ဗျာ”

“ကျနော်လည်း ခင်ဗျားပြောတဲ့အချက်တွေကို တစ်စွန်းတစ်စတွေးမိကြားမိပေမဲ့ ဇာတ်လမ်းကိုအရည်မလည်တာတော့ အမှန်ပဲဗျာ။ဒီအချိန် ရောက်မှတော့ ဘာမှဖုံးကွယ်စရာလိုတော့မယ်မထင်ဘူးဗျ။ခင်ဗျားသိသလောက်တော့ပြောသင့်ပြီလို့ထင်မိတယ်။ ကျနော်အသိချင်ဆုံး အချက်ကတော့ ဒီလူတွေဟာ ဘယ်လိုလုပ် နိုင်ငံတစ်ကာအန်ဂျီအိုအဖွဲ့တွေနဲ့ချိတ်ဆက်မိပြီး ထောက်ပံ့ကြေးတွေဘယ်လိုရခဲ့ကြသလဲ။ ဘယ်ပုံစခန်းသွားနေခဲ့ကြတယ် ဆိုတာ ရှင်းရှင်းလင်းလင်း သိချင်စမ်းပါဘိ”

“အေးလေ။ ခင်ဗျားဒီလောက်တောင်သိချင်လှချည်ရဲ့ဆိုရင်ဖြင့်ပြောရသေးတာပေါ့ဗျာ။တစ်ခုတော့ရှိလေရဲ့။ ကျနော်ဟာ ကျောင်းသား တော်လှန်ရေးသမားတွေကို သိက္ခာကျရာကျကြောင်းရည်ရွယ်ပြီး ပုဂ္ဂိုလ်ရေးအားနည်းချွတ်ချော်မှုတွေ နဲ့ပတ်သက်ပြီး ပုဂ္ဂလဓိဌာန်တစ်စုံတစ်ယောက်ကိုဦးတည်မရည်ရွယ်ပဲ၊ ဖြစ်စဉ်တစ်ရပ်လုံးကို ယေဘုကျအမြင်နဲ့သာ နှောင်းလူတွေသိပါစေတော့ ဆိုတဲ့ စိတ်နဲ့ပြောပြချင်တယ်။ဘာကြောင့်တုန်းဆိုတော့ ၈၈ကာလမှာ ပြည်ပကိုတိမ်းရှောင်လာပြီး တကယ့်ကိုဗမာပြည်ကြီးပြောင်းလဲတိုး တက်စေချင်တဲ့ရည်ရွယ်ချက်နဲ့ အသက်တွေဘဝတွေစွန့်ပြီးလုပ်ဆောင်ခဲ့ကြတဲ့ အလွန်ဦးရေနည်း လှတဲ့တော်လှန်ရေးရဲဘော်တချို့ကို ထိခိုက်မှာစိုးလို့ပါပဲ”

ဤသိုလျှင် ကျနော့်တိုက်တွန်းမှုကြောင့် ကိုသက်ခိုင်ပြောပြလေသည့် ပြည်ပရောက်အတိုက်အခံတို့၏ အဖြစ်စုံ အကြောင်းအရာ တို့မှာအောက်ပါအတိုင်းဖြစ်လေသည်။

“ဒီဇာတ်လမ်းရှည်ကြီးဟာ ၁၉၈၈ခုနှစ်လူထုအရေးတော်ပုံကြီးကနေ စစ်အစိုးရကို လက်နက်စွဲကိုင်ရင်ဆိုင်တိုက်ခိုက်မယ်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ ထိုင်းမြန်မာနယ်စပ်ကို တိမ်းရှောင်ခဲ့ကြတဲ့ သောင်းချီတဲ့ကျောင်းသားလူငယ်တွေအကြောင်းကနေ အစပြုရမယ်ထင်ပါရဲ့။ ကျောင်းသား တွေအပြင် စစ်အစိုးရကိုဖြုတ်ချချင်တဲ့ အလွှာအသီးသီးက တော်လှန်ရေးရဲဘော်တွေလည်းပါတယ် ဆိုပါတော့။ သူတို့ဟာ ဘုံရည်မှန်းချက်ချင်းတူနေတဲ့ နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မျိုးစုံနဲ့ ချိတ်ဆက်မိခဲ့ကြတယ်။

တကယ့်လက်တွေ့မှာလည်း အဲဒီကာလမှာ ကျောင်းသားတပ်ဖွဲ့ တွေဟာ တတ်သမျှမှတ်သမျှစစ်ပညာနဲ့ စစ်အစိုးရတပ်တွေကို ရင်ဆိုင်ပြီး ပြင်းထန်တဲ့စစ်ပွဲကြီးတွေကို အငတ်ငတ် အပြတ်ပြတ်ဘဝနဲ့ တိုက်ခိုက်ခဲ့ကြရတယ်။ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးဆိုတဲ့ ရည်မှန်းချက်နဲ့ နှစ်ပေါင်းနှစ်ဆယ် ကျော် စစ်အစိုးရကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ကာလမှာ ကျဆုံး၊ပျောက်ဆုံး၊ဒဏ်ရာရ၊ကွယ်လွန်သူအရေအတွက် သောင်းဂဏန်း ကျော်နေခဲ့ပါပြီ။

မာနယ်ပလော၊မဲသဝေါ၊၊မဲလစတဲ့ ပြင်းထန်တဲ့တိုက်ပွဲကြီးတွေအပြီးမှာတော့ စစ်အစိုးရတပ်တွေရဲ့ အင်အားကိုမယှဉ်နိုင် တဲ့အဆုံး ကျောင်းသားတပ်မတော်ဟာ တောင်ပိုင်းနဲ့မြောက်ပိုင်းနှစ်ခြမ်းကွဲခဲ့တဲ့အပြင်၊တောထဲကနေ ဘန်ကောက်၊မဲဆောက်၊ ချင်းမိုင်စတဲ့ ထိုင်းနိုင်ငံမြို့ကြီးတွေဆီ ရွေ့လျောလာခဲ့ကြတာပေါ့ဗျာ။ ဒီမှာတင် ဘဝရပ်တည်မှု၊ စားဝတ်နေမှု ဘဝရှေ့ရေး အကြပ် အတည်းတွေကြောင့် အန်ဂျီအိုတွေနဲ့ ပတ်သက်တဲ့ ရှုပ်ရှုပ်ထွေးထွေးဇာတ်လမ်းတွေ အစပြုခဲ့တော့တာပါပဲ”


Viewing all articles
Browse latest Browse all 346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...