ယနေ့ထုတ် The Ladies Journal
“ဆြာဒင်၏ကာချုပ်ကြီးသို့သတင်းစကား”
(မင်းဒင်)
(တစ်)
“ဆြာဒင်၊သတိတော့ ထားနော်၊ဗိုလ်ချုပ်မှူးကြီးဗျ။ဗလွတ်ရွှတ်တတွေ လျှောက်ပြောလို့တော့ မရဘူးနော်”
“လက်ကြောင့်ကျေ၊နှုတ်ကြောင့်သေသတဲ့ဆြာ”
“ထောင်တန်တဲ့စကား၊ရယ်ပေါ့တဲ့။တည်တည်တန့်တန့်လုပ်ပါဆြာရယ်”
“အေးပါကွာ၊စိတ်လှုပ်ရှားနေရတဲ့ကြားထဲ မင်းတို့က တစ်မှောင့်”
တပည့်ကျော်တို့ စိုးရိမ်မည်ဆိုပါက စိုးရိမ်ဖွယ်ပေတည်း။ဆြာဒင်ကိုယ်တိုင် ကြီးမားခန့်ထည်လှသော စစ်ရုံးချုပ်ကြီး၏ရှေ့တွင် ခြေစုံရပ်ရင်း တဆတ်ဆတ်တုန်နေသော ဒူးအစုံဖြင့် ချီတုံချတုံဖြစ်လျက်ရှိဆဲဖြစ်လေသည်။စင်စစ် သေပေါက်သေဝသို့ ဒုတ်ဒုတ်ထိ၊ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာပြီးကာမှ အပူပန်ကြီးပူပန်နေကြလေသည့် တပည့်ကျော်တို့၏စံနက်ကြောင့်ပင် ဆြာဒင်တစ် ယောက်မိုးထဲ ရေထဲတွင် ဗမာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကြီးရုံးရှေ့သို့ ရောက်လာရခြင်းဖြစ်ချေ၏။
ဆြာဒင်ကား ဗမာ့သွေးပီပီ စစ်သားဆို လျှင်ကျောထဲက စိမ့်လောက်အောင်ကြောက်လှသော်ငြား ယခုအချိန်ကျမှနောက်ကြောင်းပြန်လှည့်ရလေသော် ရွှေပင်သား တို့၏ထွန်း ပြောင်လှသော ရာဇဝင်နှင့်သတ္တိသွေးကို ထိပါးလေတော့မည်ဖြစ်၍ ရင်တဒိန်းဒိန်းခုန်နေသည့်ကြားမှပင် ရှေ့ တစ်လှမ်း တိုးရန်ဆုံးဖြတ်ကာ အရဲကိုးလျက် တာဝန်ရှိ ဗိုလ်မှူးတစ်ဦးကို ရင်ကိုစဉ်းငယ်ရှေ့သို့ကော့ရင်း ခွင့်ပန်သမှုပြုလိုက်ရချေသည်။
“ဒီ ဒီ ဒီမှာ တဆိတ်။ မောင်တို့ကာချုပ်ကြီးနဲ့ တွေ့ပါရစေမောင်”
ဗိုလ်မင်းသည် ကြွက်စုပ်ရေမွန်းနေသည့်ပုံပေါက်နေသော ဆြာဒင့်ကို ခြေဆုံးခေါင်းဆုံးတရားခံကြည့်ကြည့်ရင်း စစ်ဆေးမေးမြန်းချေ၏။
“ခင်ဗျားဘယ်သူတုန်း၊ဘာကိစ္စတွေ့ချင်ရသလဲ။ခင်ဗျားက ဘယ်ကတုန်း”
“ဟုတ်၊ ဟုတ် ဟုတ်ကဲ့ ကျနော်ဖူးခက်က ဆြာဒင်ပါဗျာ။ကာချုပ်ကြီးနဲ့ စကားတစ်ခွန်းစနှစ်ခွန်းစ ပြောချင်လို့ပါ။ ကျနော်က ဗိုလ်ချုပ်နဲ့ တနယ်တည်းသား ရွှေပင်ဇာတိပါခင်ဗျာ”
နတ်မောက်နယ်သား ရွှေပင်ဇာတိဖြစ်လေသည့်မို့ အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့်တစ်နယ်တည်းသားဟု ဆြာဒင် ဆိုလိုရင်းဖြစ်သော်ငြား သူကောင့်သားသည် ဘယ်သို့သဘောပေါက်လေသည့်မသိ၊သြော်၊”ဗိုလ်ချုပ်နဲ့တစ်နယ်တည်းသားကိုး” ဟူသော တအံ့တသြ ရေရွတ်သံအဆုံးတွင် ဆင်နားရွက်အဝင်တံခါးငယ်ကိုအသာတွန်းဖွင့်ခွင့်ပြုလေသည်။
(နှစ်)
တံခါးဝမှသည် ကာချုပ်ကြီးခန့်ထည်သော ဣနြေ္ဒဖြင့် ထိုင်လျက်ရှိသော ဧရာမဘဲဥပုံစားပွဲကြီးဆီသို့လျှောက်လှမ်းနေဆဲမှာပင် ဆြာဒင့် စိတ်အတွေးစဉ်သည် ဤကြီးကျယ်ခမ်းနားလှသော ခန်းမကြီးတွင်းသို့ရောက်လာခဲ့ရခြင်း၏ မြစ်ဖျားခံရာ လွန်ခဲ့သော သုံးရက်ဆီက ဖြစ်ရပ်များဆီသို့နောက်ကြောင်းပြန်လျက်ရှိ၏။ထိုနေ့က ဖူးခက်မြို့အမ်မခန်အရပ်ရှိ ဆြာဒင့်အိမ်ကြီးသို့ တပည့်ကျော်တစ်သိုက် အူးယား ဖားယားအပြေးအလွှားပေါက်ချလာခဲ့ကြသည်။
“ဟန်ကျပြီဆြာဒင်၊ထိုင်းရောက်ဗမာတွေအတွက် ကံကောင်းတဲ့နေ့ရက်တွေရောက်လာပြီဗျ”
“သူ့ထက်ကောင်းတဲ့သတင်းတောင် သူ့လောက်မကောင်းဘူးဆရာ”
“တကယ့်ကို အောင်ဘာလေသိန်းထီမင်္ဂလာစုံတွဲပေါက်တဲ့သတင်းပါပဲဆြာဒင်”
”အသက်မှန်မှန်ရှူပြီးခပ်ဖြေးဖြေးပြောကြစမ်းပါမောင်တို့ရာ။မောင်တို့ကြီးတော်အပျိုဟိုင်းကြီးတွေ ခွင်ကျပြီးလင်ရကုန်တာလား”
“ဟာ၊ဆြာဒင်ကလည်း တစ်ဆိတ်ရှိ ထော်လော်ကန့်လန့်ပြောဖို့ပဲ စိတ်ကူးနေတော့တာကိုး၊ဗမာတပ်ချုပ်ကြီးနဲ့ ထိုင်းအာဏာသိမ်းတပ်ချုပ် ကြီးတို့ ရင်ချင်းကပ်ပြီးဖက်လှဲတစ်ကင်းနှုတ်ဆက်နေကြပြီဗျ။ဒါ့အပြင် ထိုင်းရောက်ဗမာရွေ့ပြောင်းအလုပ်သမား တွေရဲ့အခွင့်အရေး အတွက် တောင်းဆိုချက်တွေလည်း အများကြီးတောင်းခဲ့သတဲ့။ထိုင်းရဲတွေရန်ကနေ ခွေးပြေးဝက်ပြေးပြေးနေရတဲ့ ကျနော်တို့ ရွေ့ပြောင်း လုပ်သားတွေအတွက် နေ့ကောင်းရက်သာကာလတွေ ဆိုက်ရောက်လာခဲ့ပြီဆြာဒင်”
“ဟ၊ကောင်တွေရ၊ လူဦးရေသန်းချီရှိနေပြီး ရှပ်ထွေးနက်နဲလှတဲ့ လုပ်ထုံးလုပ်နည်းတွေဒင်းကြမ်းဖြစ်နေတဲ့ ကိစ္စရပ်ကြီးကို သိကြားမင်း တောင်တစ်ထိုင်တည်း မရှင်းနိုင်ပါဘူးကွာ၊သိပ်လည်းဝမ်းသာလုံးဆို့မနေကြပါနဲ့”
ချစ်လှစွာသော တပည့်ကျော်တို့အား ဆြာဒင်ကိုယ်ချင်းစာသော်ငြား ဤရက်ပိုင်းအတွင်းမှာပင် အွန်လိုင်းပေါ်တွင်ဖတ်ရသည့် သတင်းတစ်ပုဒ်ကြောင့် တပည့်တို့ဝမ်းမြောက်ပီတိစိတ်ကို ရင်နာနာနှင့်ဘရိတ်အုပ်လိုက်ရခြင်းဖြစ်ရာ အဆိုပါသတင်းမှာအောက်ပါ အတိုင်းဖြစ်၏။
(သုံး)
“ထိုင်းရောက် မြန်မာအလုပ်သမားတွေရဲ့ ရင်ထဲကို အပျော်တွေ ရောက်ရှိစေခဲ့သူ”
“ကျွန်တော်တို့ တတွေ တစ်သက်လုံး ခွေးလို ၀က်လို ဆက်ဆံခဲ့ရတဲ့ အဖြစ်က လွတ်မြောက်လာပြီလို့ ခံစားမိတယ်”
အထက်ပါစကားကို မယုံကြည်ဟန် ဖြစ်နေသော မျက်လုံးများ၊ အံ့သြ၀မ်းသာနေသော မျက်နှာဖြင့် ထိုင်းနိုင်ငံရောက် ကိုထွန်းနိုင်က ဆိုသည်။
ကိုထွန်းနိုင်သည် ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံမှ တရားဝင်အလုပ်သမား အဖြစ် သွားရောက်လုပ်ကိုင်နေသူ ဖြစ်သည်။ မိသားစုနှင့် ခွဲပြီး ထိုင်းသို့ ရောက်နေသည်မှာ ငါးနှစ်ခန့် ရှိပြီဟု သူက ဆိုသည်။
သူ ပြောသလိုပင် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများသည် ထိုင်းရဲများ၏ ဒုက္ခပေးခြင်း၊ အလုပ်ရှင်များ၏ မတရား ပြုလုပ်ခြင်း၊ ထိုင်းအစိုးရ၏ ဖိနှိပ်ခြင်းကို ခွေးလိုဝက်လို ခံခဲ့ရသည်။ ယခု ထိုကဲ့သို့ ဘ၀မျိုးမှ လွတ်မြောက်လာတော့မည်ဟု ၀မ်းသာအားရ သူက ဆိုသည်။အကြောင်းမှာ ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ကြေးအနေဖြင့် အရင် ဘတ် နှစ်သောင်း သုံးသောင်းကုန်ကျခဲ့ရာမှ သက်သာသော ဈေးနှုန်းဖြင့် မှတ်ပုံတင်ပြုလုပ်ပေးနေသောကြောင့် ဖြစ်သည်။
"အရင်ကဆို မှတ်ပုံတင်တော့မယ်ဆို ဘတ် နှစ်သောင်း သုံးသောင်းကုန်တယ်။ လာလုပ်တဲ့ မြန်မာတွေကိုလည်း မတူမတန်သလိုနဲ့ အရမ်းနှိမ်တယ်။ ခုဆို မှတ်ပုံတင်ကြေး ဘတ် ၈၀၊ Permit က ဘတ် ၃၀၀၊ ဆေးစစ်တာက ဘတ် ၅၀၀ နဲ့ အာမခံကြေး ၅၀၀ အကုန် ပေါင်းမှ ဘတ် ၁၃၈၀ ပဲကုန်တော့တယ်”။ ။
…………။
“အဲဒီသတင်းဟာသတင်းမှားကြီးပဲ။မောင်တို့လည်းသိပြီးသားဥစ္စာ ။အခုဘတ်တစ်ထောင်ကျော်ကုန်တယ်ဆိုတာ ယာယီတစ်လနှစ်လ အတွက်ပဲ တကယ့်တရားဝင်ပတ်စပို့နဲ့ဝါ့ပါမစ်တွေလုပ်တဲ့အခါသောင်းချီကုန်ကြအုံးမှာလေ”
“ဒီတစ်ခါတော့ ဆြာဒင်ညံ့သွားပြီ။ဆြာဒင်မသိသေးတဲ့ အံ့သြကုန်နိုင်ဖွယ်သတင်းထူးရှိသေးတယ်ဗျ”
“ဟေ၊ဟုတ်လား၊ဘယ်လိုများပါလိမ့်၊သိချင်စမ်းပါဘိ”
ဆြာဒင့်စကားမဆုံးမီမှာပင် ဆြာ့ထက်လက်စောင်းထက်ကြလေသည့်ခေတ်ကာလသားသမီးတပည့်ကျော်များ ထုတ်ပြလေသော အ ထောက် အထားမှာ စင်္ကာပူနိုင်ငံထုတ်”သည်စထရိတ်တိုင်းမ်”သတင်းကို အကိုးအကားပြုရေးသားထားသည့်ဧရာဝတီသတင်းဌာန၏ သတင်းတစ်ပုဒ်ဖြစ်ပါ၏။
(လေး)
မြန်မာ့တပ်မတော် ကာချုပ်သည် ၂၀၁၂ က ထိုင်းဘုရင့် အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ သက်တော်ရှည်ဗိုလ်ချုပ် Prem Tinsulanonda ၏ မွေးစားသားအဖြစ် ခံယူခဲ့ကြောင်း စင်ကာပူအခြေစိုက် The Straits Times သတင်းစာက ဖော်ပြပါတယ်။
ထိုင်းနိုင်ငံ စစ်ဦးစီးချုပ်ဟောင်း၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်းနဲ့ လက်ရှိ ထိုင်းဘုရင့်ကောင်စီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း Prem Tinsulanondaက မွေးစားသားအဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း၊ မွေးစားခြင်းဟာ ခေါင်းကိုင်ဖခင်နဲ့ ခေါင်းကိုင်သားတို့ရဲ့ ဆက်ဆံရေး ဖြစ်ကြောင်း ရေးသားထားပါတယ်။
ထိုင်းမီဒီယာများရဲ့ ဖော်ပြချက်အရ ၂၀၁၂ ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံကို လာရောက်လည်ပတ်စဉ် ကတည်းက သူ့ကို သားအဖြစ် မွေးစားဖို့ ဗိုလ်ချုပ်ကြီးဟောင်း Prem Tinsulanonda ကို တောင်းဆိုခဲ့ကြောင်း၊ အသက် ၉၄ နှစ်အရွယ်ရှိပြီး သားသမီးအရင်းအချာလည်း မရှိတဲ့ ဗိုလ်ချုပ်ကြီးဟောင်း Prem Tinsulanonda ကလည်း သားအဖြစ် လက်ခံခဲ့ကြောင်း သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သည့် အခါတိုင်း ဗိုလ်ချုပ်ကြီးဟောင်း Prem Tinsulanonda နဲ့ တွေ့ဆုံဖို့ ဗိုလ်ချုပ်ကြီး Thanasak Patimaprakorn က အကူအညီပေးခဲ့တယ်လို့ ဆိုပါတယ်။
…….
“အင်း၊လောကကြီးဟာ ဆန်းကျယ်မှုတွေနဲ့ ပြည့်နှက်နေပါရော့လား။ဒါနဲ့ ဒီသတင်းနဲ့ မောင်တို့ ရောက်လာတာ ဘယ်လိုများ ပတ်သက် နေပါလိမ့်။ဆက်၍လင်းကြပါဦးလော့”
“ဒီလိုဆြာဒင်ရဲ့။ထိုင်းရောက်ကျနော်တို့ဘော်ဒါတစ်ချို့အတော်ဒုက္ခရောက်နေလို့ ဆြာဒင်လို ထက်ထက်မြက်မြက်ပုဂ္ဂိုလ်ကြီးတစ်ယောက် အနေနဲ့ ကာချုပ်ကြီးဆီသတင်းစကားတစ်ခုပါးပေးစေချင်လို့ပါ”
မြှောက်လုံးပင့်လုံးတစ်ခုတည်းဖြင့်ပင် ထွေထွေထူးထူး မစဉ်းစားလိုတော့ပဲ အထုပ်အပိုးပြင်၊တက်သုတ်နှင်ချင်နေသည့် ဆြာဒင်မှာ အနည်းငယ်တော့ ဣနြေ္ဒဆည်လိုက်ရသည်။
“ဆြာသွားလို့ဖြစ်ပါ့မလားမောင်တို့ရာ”
“ဖြစ်ပါတယ်ဆြာဒင်ရဲ့။ကာချုပ်ကြီးကလည်း ထိုင်းဘုရင့်ကောင်စီအကြံပေးဥက္ကဋ္ဌကြီးရဲမွေးစားသားဆိုတော့ ဆြာဒင်လိုလူမျိုး၊ ကာချုပ် ကြီးကို လူကိုယ်တိုင် ဝင်တွေ့လိုက်ရင် တစ်ချက်တည်းပွဲသိမ်းမှာ”
ထို့သို့လျှင် နေရာတစ်ကာလူတွင်ကျယ်လုပ်ချင်သည့် ဆြာဒင်သည် ကာချုပ်ကြီးရုံးထိုင်ရာ ကြီးကျယ်ခမ်းနားလှသော ရုံးခန်းအတွင်းသို့ အထက်တွင်ဆိုခဲ့သည့်အတိုင်း အရဲစွန့်ကာရောက်ခဲ့ရခြင်းဖြစ်ပါ၏။ကော့နေအောင် ကြွေတိုက်ထားသည့် စစ်ဝတ်စုံဖြင့် ဆုံလည် ဆိုဖာကုလားထိုင်တွင် မိန့်မိန့်ကြီးထိုင်ရင်း အလုပ်ရှုပ်နေဟန်ရှိသည့် ကာချုပ်ကြီးသည်ဆြာဒင့်ကို တည်ငြိမ်သောမျက်နှာထားဖြင့် လက်ခံတွေ့ဆုံပါသည်။လူရည်သန့် ကာချုပ်ကြီး၏ မျက်နှာသွင်ပြင်မှာ တည်ကြည်ရှင်းသန့်လျက်ရှိသည် ကိုဖြင့် ဆြာဒင် မကွယ်မဝှက် စတမ်းအသိအမှတ်ပြု ရပေမည်။
(ငါး)
“ထိုင်ဗျာ။လာရင်းကိစ္စကိုဆိုပါဦး”
ကြက်ဥအရောင်တိမ်တောင်သဖွယ် မင်းရေးကျယ်ဟုဆိုကြသည်မဟုတ်တုံလော။ဆြာဒင်စကားမှား၍မဖြစ်၊ကိုယ်လိုရာဇွတ်၊စွတ်တင်၍ မရ၊ဟူသော ဆြာဒင့်၏ကြီးရင့်လှသော အသိဥာဏ်ပညာကြောင့် ပဋိသန္ဓာရချစ်ခင်နှစ်သက်ဖွယ်စကားတချို့ဖြင့် နိဒါန်းပျိုးလိုက်ရ ချေ သည်။
“ပဌာန်းဆက်ဆိုတာ မယုံလို့မရဘူးကာချုပ်ကြီးရ၊ဘဝဘဝပေါင်းများစွာမှာ မတော်စပ်ဖူးတဲ့ဆွေမျိုးဆိုတာ မရှိဘူးလို့ ဗုဒ္ဓတရားတော်မှာ အထင်အရှားပြဆိုထားပေသကိုး”
ကာချုပ်ကြီးသည် နှုတ်မှ တစ်စုံတစ်ရာတုန့်ပြန်စကားမဆို။ခေါင်းကိုအသာငြိမ့်၏။အားတက်လာသော ဆြာဒင်မှာ လိုရင်းရောက်ရန် စကားရှေ့ ဆက်ရသည်။
“ကာချုပ်ကြီးဟာ ထိုင်းနိုင်ငံ၊အထင်ကရပုဂ္ဂိလ်ကြီးရဲ့မွေးစားသားဆိုတော့ ဆြာဒင်တို့အခက်အခဲကို အလွယ်တကူဖြေရှင်းပေးနိုင်မယ် ထင်မိလို့ ပါ”
“ဒါဆိုလည်း စာရေးပြီးတင်ထားခဲ့ဗျာ။ဒီမှာအလုပ်တွေသိပ်ရှုပ်နေတယ်”
ကံကြီးပေစွ။ဆြာဒင်ကိုယ်တိုင်လည်း ကာချုပ်ကြီးသိစေလိုသည့် သတင်းစကားကို နှုတ်မှ မထွက်ရဲသည်မှာ အမှန်ဖြစ်၏။သို့နှင့်ပင် တပည့်ကျော်တို့ပါးလိုက်သည့် ရွှေလုပ်သားဂျာနယ် အပိုင်းအစလေးကို ကာချုပ်ကြီး၏စားပွဲပေါ်သို့ အသာအယာတရိုတသေတင်လျက် ဦးညွတ်နှုတ်ဆက်ကာ သွင်သွင်ကျိုးမတတ်၊ခါးကိုကိုင်း၊ကိုယ်ကိုယို့ရင်း ပြန်လည်ထွက်ခွာလာခဲ့ရချေ၏။
အကယ်၍သာ အဆိုပါသတင်း စာဖြတ်ပိုင်းကို ဆြာဒင့်ရှေ့တွင် ကာချုပ်ကြီးကိုယ်တိုင် ချက်ချင်းဖတ်ရှုခဲ့ပါမူ အလိုက်ကန်းဆိုးမသိ၊နေရာတစ်ကာ လူတွင်ကျယ်လုပ်ချင် သည့်ဆြာဒင်သည် မင်းပြစ်မင်းဒဏ်ထိုက်ရုံမက နားရင်းကိုပါ အရိုက်ခံရလောက်ချေ သည်။အဆိုပါသတင်းစာဖြတ်ပိုင်းတွင် အောက်ပါ အတိုင်းရေးသားထား၍ဖြစ်ပါ၏။
၂၀၁၄ ဇူလိုင်လ ၁၆ ရက်
မောင်ပေါ်ထွန်း (အလွတ်သတင်းထောက်)
ရွှေရည်ဖြိုးအောင် ကုမ္ပဏီမှ မလေးရှားနယ်စပ်ရှိ ပန်းရံလုပ်ငန်း ခွင်တစ်ခုသို့ တင်ပို့ထားသည့် MOU အလုပ်သမား၂၆ဦး စားစရာ မရှိ၍ ဘောစကိုင်းရွက်များကိုပြုတ်၍စားနေရကြောင်း အလုပ်သမားများက ပြော သည်။
မလေးရှား နယ်စပ် စတုန်းမြို့နယ် ပန်းရံဆိုက်တစ်ခုမှ MOUအလုပ်သမား ၂၆ဦးတို့အား လုပ်အားခ တစ်လစာ ထုတ်မပေးပဲထားသဖြင့် အနီးအနားတွင် ရှိသော ကန်စွန်းရွက်နှင့် သင်္ဘောသီးတို့အား ခူးစား၍ ကုန်နေပြီဖြစ်သဖြင့်ယခုအခါ ဘောစကိုင်းရွက်များ ကိုပြုတ်စား နေရကြောင်း အလုပ်သမား သန်းဇော်ဦးက ပြောသည်။
“ကျနော်တို့ကို ရွှေရည်ဖြိုးအောင် ကုမ္ပဏီက ပို့တာပါ။ မလေးရှားကို ကားစီးသွားရင် တစ်နာရီကျော်ဆို၊ ရောက်တဲ့နေရာမှာ ကျနော်တို့ ဒုက္ခ ရောက်နေတာပါ။ တစ်နှစ်အတွင်းမှာ ကျနော်တို့ဆီက ၁၉,၁၅၂ ဘတ်ဖြတ် ထားပါပြီ။ ထိုင်းကို ရောက် ကတည်းက ပတ်စပို့မကိုင်ဖူးဘူး။ လုပ်အားခ ရှင်းမပေးတာ တစ်လကျော်လာပြီ။ ကျနော်တို့မှာ စားစရာမရှိလို့ အနီးအနားမှာစားလို့ရတဲ့ အသီး အရွက်တွေအကုန်ခူးစားနေကြတာ။ မြက်ပဲရှိပြီ။ သောက်ရေ ဆိုတာလည်း ပိုက်လုံးကလာတဲ့ရေတွေ ကိုပဲသောက်နေရတာ” ဟုပြော သည်။
ဆြာဒင်တစ်ယောက် ကာချုပ်ကြီး၏ ရုံးခန်းတွင်းမှ ဘေးမသီရန်မခ၊ထွက်ခွာလာသည်ကို မြင်လိုက်သည်နှင့် တပည့်ကျော်တို့သည် တိုင်ပင်မထားပါဘဲလျက် ခြေလှမ်းကျဲကြီးများဖြင့် ခပ်သုတ်သုတ်လျှောက်ကြရာ ဆြာဒင်မှာအမီလိုက်ရ၏။စစ်ရုံးချုပ်ကြီးမှ ခပ်လှမ်းလှမ်း အရောက်တွင်မူ တစ်စုံတစ်ရာကို စိုးရိမ်ကြောက်လန့်စိတ်ကြောင့် ဆြာတပည့်တစ်သိုက်၊နောက်ကျသည့်ဖနောင့်သစ္စာဖောက်ဟူသောအသိဖြင့် ခြေကုန်သုတ်ပြေးကြလေရာ နောက်မှစောင့်ကြည့်နေသူတစ်စုံတစ်ဦးရှိပါမူ အမြီးနှင့်ဖုန်လုံးကိုပင်မြင်နိုင်ဖွယ်မရှိချေတကား။ ။