ဇူလိုင်လ(၂၄)ရက်နေ့တွင် ရန်ကုန်မြို့စာအုပ်ဆိုင်များပေါ်သို့ရောက်လာပါမည်။
သရေစည်သူဆြာဒင်နှင့်ရွှေပင်ရွာတမ်းချင်းများစုစည်းမှု မှ၊ စာရေးသူ၏အမှာစာ
ဇာတိမြေနှင့်အလှမ်းဝေးရာ အတိတ်သမိုင်းကရန်သူ့မြေတွင် ကံကွက်ကြားကာ ရောက်နေသည့် ကျနော့်အဖို့ ကျနော်ရေး သော စာများသာ ကျနော်နှင့်ကျနော့်စာဖတ်ပရိသတ်များအတွက် တစ်ခုတည်းသောပေါင်းကူးတံတားဖြစ်၏။ ကျနော် ဆုံတွေ့လိုလှသော စာဖတ်သူများသို့ ကျနော်ပါးလိုသည့်သတင်းစကားကို စာဖြင့်သာစေနိုင်သည်မို့ ကျနော့်စာများတွင် ဖတ်သူတို့နှစ်ခြိုက်ဆောက်တည် ဖွယ်အကြောင်းအရာတို့ပါဝင်နိုင်ရန် ကျနော် အတတ်နိုင်ဆုံးလုံ့လစိုက်ပါသည်။ ပြီးပြည့် စုံပြီဟူ၍မူ ဆိုနိုင်ဦးမည်မဟုတ်ချေ။
ကျနော်ရေးသောစာများတွင် ကျနော်ရောက်ရှိနေရာနိုင်ငံ၏ အငွေ့အသက်နှင့် ပတ်ဝန်းကျင်ဖြစ်ရပ်များ လွှမ်းမိုးနေမည် ဖြစ်ရာယင်းသည်ပင်လျှင် ကျနော့်ရင်ထဲက ဇာတိမြေအလွမ်းဖြစ်တန်ရာ၏။ထို့ကြောင့် စာရေးသူ၏လေးအုပ်မြောက် ကြိုး ပမ်းမှု ဤစာစုကို “ရွှေပင်ရွာတမ်းချင်း စုစည်းမှု”ဟု ကျနော်အမည်ပေးပါသည်။
ကျနော်သည် ဆန်းကျယ်လှသောကံတရား၏မျက်နှာသာ ပေးမှုကြောင့် မထင်မှတ်ပဲ စာရေးသူဖြစ်လာရပါသည်။ဘဝ၏ အချိန်ကာလအတော်များများကို စာဖတ်ခြင်းဖြင့်ကျော်ဖြတ်လာခဲ့ရာ စာရေးသူဖတ်ခဲ့သမျှစာအုပ်စာပေများနှင့် လမ်းဘေး ဆိုင်းဘုတ်၊စက္ကူစုတ်၊သတင်းစာဖြတ်ပိုင်း အပါအဝင် အဆိုပါစာတို့ကို ရေးသားဖန်တီးခဲ့သူတို့သည် ကျနော့်ကျေးဇူးရှင် လက်ဦးဆရာတွေချည်း ဖြစ်သည်ဟု ကျနော်ဆိုချင်ပါသည်။
မိုပါဆွန်းကို ကျနော်ကြိုက်သည်။ မောင်ထင်ကိုလေးစားသည်။ မောင် သော်က(ဗိုလ်မှူးဘသော်)၊မောင်သစ်(ဦးကိုယု)တို့ကိုအတုယူ၏။ ဂျက်(ကွမ်းခြံကုန်း)ကိုအားကျ၏။ ကလောင်အနု အရင့် မရွေး ကျနော်နည်းမှီခဲ့၏။ဤသို့လျှင် စာရေးသူဖြစ်လာခဲ့သူ ကျနော်သည် လေးနက်စွာမျှော်မြင်တတ်သော၊ စာဖတ် သူ တို့လက်ခံနိုင်သည့် စာရေးဆရာဖြစ်လာရန် စာဖတ်သူတို့၏ဝေဖန်ထောက်ပြမှုတို့ကို အားပြုလျက် ဆက်လက်ကြိုးပမ်း ရပါဦးမည်။
ကျနော့်စာများကို အရေးတယူဖတ်ရှုကြသည့် စာဖတ်သူများကို ကျေးဇူးစကားဆိုပါ၏။ထို့ပြင်တဝ ကျနော်ရေးသားသမျှ စာမူတို့ကို စေတနာရှေ့ထား၍ အားမနာတမ်းတည်းဖြတ်သုတ်သင်ပေးခဲ့သော စာရေးသူနှင့်နတ်မောက်တနယ်တည်းသား ကိုဝင်းနိုင်ဦး(ရုံးတောဖိုးစီ၊စင်္ကာပူ)၏အကူအညီမပါဝင်ခဲ့လျှင် ဤစာအုပ်ဖြစ်ပေါ်လာမည်မဟုတ်ပါ။
တဆက်တည်း အားဖြင့် ဤစာအုပ်ဖြစ်ပေါ်လာရေးအတွက် အဘက်ဘက်မှ အစွမ်းကုန်လုံးပန်းကူညီခဲ့ကြသည့် သီဟမောင်မောင်၊ ကာတွန်းစိုး သော်တာ၊ပန်းချီဝလုံး၊သီဟ(စခန်းသစ်)၊ဦးထွန်းဦး(ထွန်းဦးစာပေ၊မန္တလေး)၊ မစိမ်းစိမ်း(သက်ခိုင်စာပေ)၊ကိုလွင်ဦး (လွင်ဦး စာပေလှည်းတန်း)၊ကိုမင်းဇာနည်၊စောင့်ကြည့်ဂျာနယ်၊ဆဲဗင်းဒေးသတင်းမီဒီယာနှင့်အမည်ဖော်ပြရန်မေ့လျော့ကျန်ရစ်သော ကျေးဇူးတင်ထိုက်သူတို့အား အလေး အနက် ကျေးဇူးစကားဆိုအပ်ပါသည်။
ချမ်းသာကိုယ်စိတ်မြဲပါစေ၊
မေတ္တာများစွာဖြင့်
မင်းဒင်
၂၀၁၄ခုနှစ်၊ဇူလိုင်လ(၇)ရက်
ဖူးခက်ကျွန်း၊ထိုင်းနိုင်ငံ