ယနေ့ထုတ်၊ဆဲဗင်းဒေးနေ့စဉ်သတင်းစာ။
ဆြာဒင်၏အီးခေတ်ကိုရောက်ရမည်မှာ၊မလွဲပါ။
(မင်းဒင်)
(တစ်)
“သေချာစဉ်းစားကြည့်ရင် အီးဟာ တယ်လည်းအသုံးဝင်သကိုး။မျက်မှောက်ခေတ်ကြီးမှာအီးရဲ့အခန်းကဏ္ဍဟာ မသေးလှဘူးတပည့်တို့ရ”
“ဒါပေါ့ဆြာဒင်၊ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူးဆိုတာ အီးရဲ့အရေးကြီးပုံကိုပြဆိုတာပေါ့”
“အမယ်၊နောက်ဆုံးသတင်းတွေအရ လေလည်တဲ့အနံ့ဟာ ကျန်းမာရေးအတွက်ကောင်းဆိုပဲ။ နှပ်ချေးကို စားသုံးခြင်းရဲ့နောက်ဆက်တွဲ အကျိုးရလာဒ်တွေကိုဆက်ပြီး သုတေသနပြုသင့်တယ် ဆြာဒင်”
မပြည့်စုံသောအသိဥာဏ်သည် ဘေးအန္တရာယ်ကြီးလွန်းသည်ဟူသော ပညာရှိတို့၏စကားသည် သွေးထွက်အောင်မှန်လေစွ။တစ်ခါ တစ်ရံ ခေတ်ရှေ့ပြေးလွန်းလှပါသည်ဆိုသော တပည့်ကျော်များပင်၊ခေတ်အမြင်၊ခေတ်အတွေး၌ ဆြာဒင့်ခြေဖျားကိုမမီအောင် ညံ့ဖျင်းကြ လှကြောင်း ဒင်းတို့၏တုန့်ပြန်စကားတို့ကို ထောက်ချင့်လျက်သိနိုင်လေရာ ဆြာဒင့်ခမျာ အတတ်လည်းသင်၊ပဲ့ပြင်ဆုံးမ၊သိပ္ပမချန်ဟူသော ကျမ်းဂန်လာဆြာ့ဝတ်အရ မိမိတတ်ကျွမ်းနားလည်သမျှ အိတ်သွန်ဖာမှောက် စိတ်ရှည်လက်ရှည် သွန်သင်သမှုပြုရ၏။
“ညံ့ချက်ကတော့ ကမ်းကုန်ပဲဟ။မင်းတို့ဆြာဆိုလိုသဟာက အီးဆိုတာ အီလက်ထရောနစ်(Electronic)၊ဗမာလိုဆိုရင်ဖြင့် လျှပ်စစ် လို့ခေါ်သဟ”
“ဆြာဒင့်စကားကိုက ဗူးလုံးနားမထွင်းတာလဲ ကြည့်အုံးလေ၊အနုလုံပဋိလုံရှင်းပါဆြာဒင်ရဲ့”
“ဤသိှု့လျှင်ရှိချေသည်တပည့်တို့၊ကမ္ဘာကြီးကိုအပြားဖြစ်အောင် ခတ်ပစ်လိုက်တဲ့လှိုင်းတွေအနက် အီလက်ထရွန်းနစ်လှိုင်းဆိုတာလည်း တစ်ခုပါသတဲ့ကွယ်။ ရွာဖြစ်သွားတဲ့ကမ္ဘာကြီးမှာ လုပ်ငန်းမှန်သမျှ၊လျှပ်စစ်ဓာတ်အားကနေအခြေခံပြီး ကွန်ပြူတာချိတ်ဆက်လုပ်ကိုင် ကြတော့တာမို့ အီးခေတ်ကိုရောက်နေပြီ ဆိုပါတော့ကွာ။
နိုင်ငံတစ်ကာ၊ဘဏ်လုပ်ငန်း၊အစိုးရရုံးအဖွဲ့အသီးသီး၊ကုမ္ပဏီတိုင်းလိုလိုမှာ သုံးနေကြတဲ့ ကွန်ပြူတာအခြေခံ အက်လက်ထရောနစ်စံနစ်ဆိုပါတော့ နောက်ဆုံးကုန်ကုန်ပြောရရင် အခုငတို့နေတဲ့ ဖူးခက်မြို့ကြီးမှာ တောင် ကုန်တိုက်၊စားသောက်ဆိုင်နဲ့ ဆဲဗင်းအလဲဗင်းလို စုံစီနဖာရောင်းတဲ့ဆိုင်လေးတွေမှာပါ သုံးနေကြပြီလကွဲ့။အီးဖူးခက်ဖြစ်နေပြီ ဆိုပါတော့ကွယ်”
“ဟုတ်ကဲ့၊ရိုးတိုးရိပ်တိတ်တော့ သဘောပေါက်သလိုပဲဆြာဒင်၊နို့ပေသည့် ရွေ့ပြောင်းအလုပ်သမားစာရင်းဝင်တပည့်တို့မှာ ဆြာ့ဒင်လို ခရက်ဒစ်ကဒ်တွေ၊ဘာတွေမကိုင်နိုင်လေတော့ စားသောက်ဆိုင်တွေမှာ အီးစံနစ်ကိုဘယ်လိုများသုံးပါလိမ့်ဆိုတာ လက်တွေ့ကျကျ သိချင်စမ်းပါဘိဆြာရယ်”
စင်စစ်ဆြာဒင်ဟိတ်ဟန်တစ်လုံးဖြင့် ရမ်းတုတ်မှန်းတုတ်လုပ်လိုက်ခြင်းသာဖြစ်၏။မည်မျှပင်ကျော်ကြားသော ဘောလုံးသမားဖြစ်စေကာမူ ရံဖန်ရံခါ၌ ကိုယ့် ဂိုးကိုယ်သွင်းမိသည်လည်းရှိတတ်ချေသည်။ မျက်လုံးအဝိုင်းသားကိုယ်စီဖြင့် အံ့သြသယောင်ရှိနေသော တပည့်ကျော် သုံးဦး၏ မထင်မှတ်သော တန်ပြန်တိုက်စစ်ကြောင့်၊ငြင်းပြန်လျှင်လည်း မသဒ္ဓါရာကျဖွယ်ရှိသည်မို့၊ ဆြာဒင့်ခမျာ၊ အလှူရေစက် လက်နှင့်မကွာသည့် ဇောတိကဂိုက်ဖမ်းလျက်၊သင်းရို့ကို (MK)အမည်ရှိ နာမည်ကျော်၊အထင်ကရ စားသောက်ဆိုင်ကြီးတစ်ခုသို့၊ အောင့်သည်းအောင့်သက် ခေါ်ဆောင်ခဲ့ရပြန်ချေသည်တမုံ့။
(နှစ်)
“ကဲပါ၊မောင်တို့ရယ်။၊မရှိလို့မလှူ၊မလှူလို့မရှိ၊ ညောင်စေ့လောက်လှူသော်ငြား ညောင်ပင်ကြီးလောက်ဒါနမြောက်သတဲ့။ကြိုက်တာ သာ မှာကြလကွဲ့”
စားနိုင်သလောက်ထိန်းထိန်းသိမ်းသိမ်းမှာကြလဟဟုဟန့်လျှင်လည်း ကျွဲပါးစောင်းတီးဖြစ်မည့်အရေးကိုဆြာဒင်တွေးသိပြီးသည့် အတိုင်း စေတနာရေစီးကမ်းပြိုလိုက်နေသည့်၊ဆြာဒင့်စကားသံမဆုံးမီမှာပင် လူရည်လည်သကောင့်သားသုံးဦးသည် စားဖွယ်စာရင်း ကတ်ပြား (Menu)ကို တဖျတ်ဖျတ်လှန်ရင်း၊ဈေးအကြီးဆုံး၊ထိပ်ဆိုသည့် အစားအသောက်တို့အား၊ ဆြာဒင်၏ဒါနပါရမီကို ဆုံးခန်းတိုင်အောင် ဖြည့်ဆည်းရန်အလို့ငှာ ဂျပန်လက်ဖက်ရည်ကြမ်းကို သီးစုံရေခဲမုန့်နှင့်တွဲ၍မှာကြားကြသည်အထိဟူ၏။
ဆြာဒင်ကား(Menu)ကိုမမှုအား အီးပညာရပ်ကို တပည့်ကျော်တို့အနေဖြင့်အိတ်သွန်ဖာမှောက်၊ ကွက်ကွက်ကွင်းကွင်း သိမြင်နားလည်သွားကြစေရန်လည်း အချိန်ရှိခိုက် လုံ့လစိုက်ရချေသေးသည်။
“မျက်စိဖွင့်နားစွင့်ထားကြတပည့်တို့၊စားပွဲထိုးကလေးတွေရဲ့လက်ထဲမှာ ကိုင်ထားတဲ့ တယ်လီဖုန်းသာသာ စက်ကလေးတွေဟာ အီးရဲ့ သဘောတရားကွဲ့။မောင်တို့မှာကြားလိုက်တဲ့ စားဖွယ်စာရင်းကို အဲဒီစက်ရဲ့မှန်သားပြင်ကို အချွန်လေးနဲ့ထောက်လိုက်တာနဲ့ မီးဖို ချောင်က စားဖိုးမှူးရဲ့ရှေ့ကကွန်ပြူတာမှာ သွားပေါ်သတဲ့ကွယ်၊စားသောက်ပြီးလို့ငွေချေတဲ့အခါမှာလည်း ငွေသားထုတ်ရှင်းစရာမလိုပဲ၊ အီးကဒ်ကလေး ထုတ်ပေးလိုက်ရင် တစ်ချက်တည်းကိစ္စပြတ်ရောကွဲ့၊ဆြာဒင်ဟာ ဒီဆိုင်ရဲ့ဖောက်သည်ဟောင်းကြီးမို့ တစ်ဆယ်ရာခိုင်နှုန်း ဒစ်စကောင့် လျှော့ဈေးရသေးသကွဲ့”
တပည့်ကျော်တို့ ပလုတ်ပလောင်း၊ပါးဖြဲနားဖြဲသုံးဆောင်နေကြဟန်ကား ဝေသာလီပြည်ဘီလူးကျခန်းကို သတိရစရာကောင်းလှပါဘိ။ နှုတ်မှ တုန့်ပြန်ရန် အခွင့်မသာကြမူ၍ အသီးသီးခေါင်းတဆတ်ဆတ်ညိမ့်ကာ ဆြာ့စကားကိုထောက်ခံကြကုန်၏။ သီးစုံရေခဲမုန့်နှင့်ဂျပန် ရေနွေးကြမ်း တွဲစပ်လျက် အချို ပွဲတည်းနေကြချိန်တွင်မူ ဆြာဒင်၏ အရည်အချင်းကိုအသိအမှတ်ပြုဖော်ရကြပါ၏။
“ဆြာဒင်လက်တွေ့ပြမှ နားထင်ကိုတူနဲ့ထုသလို ထင်းကနဲနေတော့တယ်၊အရမ်းအရမ်းကို စားလို့ကောင်းတာပဲ၊အဲ၊နားရှင်းပါတယ်ဆြာ”
“လက်စသတ်တော့ ဆြာဒင်က ဘာဝယ်ဝယ်၊ဘာစားစား၊ငွေမလိုတဲ့သူဆိုတာ ခုမှသိတော့တယ်”
“ဟကောင်တွေ၊စားမှာသာစား၊စွတ်ပြီးရမ်းတုတ်မနေနဲ့၊ဒီကဒ်ပြားတွေထုတ်ပေးတဲ့ ဘဏ်တွေက ငါ့ဘကြီးပိုင်တာမဟုတ်ဘူး။ဘဏ်မှာ ဆြာ့ငွေတွေရှိနေလို့ မျိုဆို့လို့ရနေတာဟ၊ကဲပါလေ၊အီးစံနစ်ကြီးဟာ ဘယ်လိုအချိန်ကုန်သက်သာတယ်၊ထိရောက်မှုရှိတယ်ဆိုတာ ကြုံတုန်းကြံခိုက်လိုက်ကြည့်ကြအုံးလဟဲ့”
(သုံး)
ပုထုဇဉ်သဘာဝ၊အခွင့်အခါသင့်ခိုက် မကြွားလိုက်ရလျှင်၊နေမထိထိုင်မသာဖြစ်တတ်သော၊ဆြာဒင်တစ်ယောက် အသိဥာဏ်အားဖြင့်နုံနဲ့ ရှာကြသည့်တပည့်တို့အား (MK)စားသောက်ဆိုင်မှ အပြန်လမ်းတွင် အီးဖူးခက်သင်္ခန်းစာကို ကျွဲကူးရေပါ လက်တွေ့နှင့်သဘောတရား ပေါင်းစပ်ပို့ချခဲ့ရပြန်ချေသည်။
“ရော့၊ကပ္ပလီငယ်၊ဒီလစဉ်လျှပ်စစ်မီတာ ငွေတောင်းခံလွှာလေးကို ဟောဟိုက ဆဲဗင်းအလဲဗင်းဆိုင်လေးထဲဝင်သွားလိုက်၊ကျသင့်ငွေ ငွေအပြင် ဝန်ဆောင်ခဆယ်ဘတ် အပိုပေးလိုက်ကွာ၊၊ကောင်တာစာရေးဟာ မီတာစာရွက်က ကုဒ်နံပါတ်လို့ခေါ်တဲ့ ဒေါင်လိုက်မျဉ်း ကြောင်းလေးတွေကို ကွန်ပြူတာနဲ့ ထပ်ကနဲဖတ်လိုက်ရုံနဲ့ ဆုံးခန်းတိုင်ရောလဟဲ့”
“ရော့၊ဖေကြည်ငယ်။ မောင်က ရေမီတာသွားဆောင် ၊လုပ်ပုံလုပ်နည်းက ထိုနည်းလည်းကောင်းပါပဲကွာ၊ ဆိုင်ထဲမှာဈေးဝယ်ကျနေရင် တောင် ကြာလှငါးမိနစ်ပေါ့”
“လေမင်းသား၊မောင်ရင် မြစ်ကြီးနားကိုငွေလွှဲချင်တယ်ဆို။ဒီအလုပ်ဟာ အီးစံနစ်နဲ့ဆို အလွယ်လေးကွဲ့၊ကဲမင်းလွှဲချင်တဲ့ ဘဏ်နာမည် ပြော၊ လွှဲမဲ့ငွေပမာဏ ပြောပေတော့။အီးဘဏ်ကင်းဆိုတာ ကွင်းကနဲသဘောပေါက်သွားစေရမယ်”
“လွှဲချင်တာတော့အမှန်ပဲဆြာဒင်ရ၊ခက်တာက၊ လောလောဆယ် တပည့်လက်ထဲမှာငွေမရှိသေးတော့…”
“အခုမရှိသေးလည်း လကုန်မှသာပေးပေတော့မောင်၊ငွေထက် အီးဗဟုသုတက ပိုအရေးကြီးပါတယ်။အခုဆြာကိုယ်တိုင်ကိုင်နေတဲ့ လက်ကိုင်ဖုန်းထဲကနေ မောင်ရင်လွှဲချင်တဲ့ ငွေစာရင်းဆီကို တစ်မိနစ်အတွင်းမှာ လွှဲပြမကွဲ့၊တကယ်တော့ ဖူးခက်မှာ အီးစံနစ် စတင်တာ နှစ်နှစ်လောက်သာရှိအုံးမှာ၊အခုတော့ အီးဖူးခက်ဖြစ်လာပြီဆိုပါတော့ကွယ်”
ဤသို့လျှင် ဆြာဒင်တစ်ယောက် ထိုင်းပုလိပ်ရန်စွယ် အသွယ်သွယ်ကြားမှ ခြစ်ခြစ်ကုတ်ကုတ် စုဆောင်းထားခဲ့လေသော ထိုင်းဘတ် အသပြာရှိစုမဲ့စုကို အနိစ္စ၊မမြဲတတ်လေသော သဘောရှိလေသည်ဟု တွင်တွင်ကြီးနှလုံးသွင်းရင်း၊နှမြောတွန့်တိုစိတ်ကို အစွန်းကုန်ဖိနှိပ် ချိုးနှိမ်လျက် တပည်တို့ခေတ်နှင့်အညီ ရင်ဘောင်တန်းနိုင်စိမ့်သောငှာ၊ ငွေလည်းကုန်၊အသံလည်းပြာအောင် ဆရာ့ဝတ်နှင့်အညီ သင်ရိုး ကျွတ် ပို့ချပြီးခဲ့ပါ၏။ဆြာကောင်းတပည့်တို့ကား ပညာရင်နို့၊စို့၍ မဝနိုင်သည်ထင့်၊၎င်းတို့၏ရင်တွင်းဆန္ဒကို ထပ်မံဖွင့်ဟလာပြန်ပါ၏။
“တယ်လည်းဟန်ကျတဲ့ အီးပါလားဆြာရယ်။တပည့်တို့ရွှေပြည်ကြီးမှာလည်း ခေတ်ပြောင်းစံနစ်ပြောင်းချိန်ဆိုတော့ အီးခေတ်ကို ရောက် နေလောက်ပြီထင်ပါရဲ့။သည်တစ်ခေါက်ရောက်ကြရင်ဖြင့် စမ်းကြည့်ကြပါစို့ဆြာဒင်ရယ်”
တပည့်ကျော်တို့ဆိုအပ်သောစကားမှာ ရုတ်ခြည်းအမှတ်မထင် ပွင့်အံလာသော်ငြား အီးဗမာပြည်နှင့် သက်ဆိုင်သော သတင်းစကား တချို့ကို ကြားဖူးနားဝရှိထားလေသည့် ဆြာဒင့်ခမျာ ခေါင်းနပန်းကြီးသွားရချေသည်။အကြောင်းရင်းကားဤသို့ဖြစ်လေ၏။
လွန်ခဲ့သော တစ်နှစ်ခွဲကျော်ကာလက ရန်ကုန်မြို့ကြီးနေ စုံစီနဖာပညာရှိ၊မသိတာ၊မတတ်တာဘယ်အရာမျှ မရှိလေသော ညီလင်းဆက် အမည်ရှိ ခေတ်ပညာတတ်လူငယ်ပဏ္ဍိတ်ကလေးတစ်ယောက် ဆြာဒင်နေထိုင်ရာဖူးခက်မြို့ကြီးဆီသို့ ရောက်ရှိလာခဲ့ဖူးလေရာ တောင် တောင်အီအီ စကားဆိုကြရင်း အီးရန်ကုန်ခေါင်းစဉ်သို့ရောက်ရှိသွားခဲ့ဖူးလေ၏။
“ကိုရင်လင်းဆက်ရေ။အီးဖြစ်တော့မဲ့ ရန်ကုန်မြို့ကြီးအတွက် ဝမ်းမြောက်မိသကွယ်”
“နေဦး၊ဆြာဒင်ရဲ့၊ကမ္ဘောဇဘဏ်လိုပုဂ္ဂလိက ကုမ္ပဏီတွေကတော့ ကမ္ဘာကြီးနဲ့ ရင်ဘောင်တန်းနိုင်နေပါပြီဆိုကြပေကမင့်၊အီးရန်ကုန် အစည်းအဝေးကို တက်ရောက်လာကြတဲ့ မြို့နယ်တချို့က တာဝန်ရှိလူကြီးမင်းများကတော့ဖြင့် အီးဆိုတာတောင် ကောင်းကောင်း မသိကြသေးဘူး ခင်ဗျ။အီးရန်ကုန်စီမံကိန်းအတွက် မြို့နယ်အလိုက်ဘာတွေများ ကြိုတင်စီမံထားကြပြီးတုန်းလို့ ဂျပန်ကုမ္ပဏီဖက်က ကွက်ရှင်ထုတ်လိုက်တော့ ဆရာသမားတွေက ရေနှုတ်မြောင်းတွေဘယ်လောက်ရှင်းပြီးပြီ။ ကတ္တရာလမ်းအသစ်ပေအရှည် ဘယ် လောက်ခင်းပြီးပြီ၊ကျူး ကျော်အိမ်တွေဘယ်ရွေ့ဘယ်မျှပြောင်းရွေ့ပြီးပြီဆိုတာတွေ ပြန်လှန်တင်ပြနေတာတော့ ကြားမိသဗျ”
(ငါး)
ဆရာလေးလင်းဆက်မည်သို့ပင်ဆိုစေကာမူ ကိုယ့်လူမျိုးကိုယ့်နိုင်ငံကို တစ်ရံတစ်ဆစ်မျှ အထင်မစမောမိလေသည့် နတ်မောက်သား ဆြာဒင်သည် ယခုမျက်မှောက်အချိန်၊ဗမာပြည်တွင်၊အီးခေတ်သမိုင်း၏နိဒါန်းကို ပိုင်ပိုင်ကြီးရေးထိုးနိုင်ခဲ့ပြီဟု ယုံကြည်လေရကား၊ မကြာသေးမီရက်ပိုင်းကပင်၊အကြောင်းကိစ္စပေါ်ပေါက်သဖြင့် တပည့်ကျော်တို့ကိုခေါ်ဆောင်ကာ ရန်ကုန်မြို့ဆီသို့ ရင်ဝယ် တထိတ်ထိတ် နှင့်ခရီးနှင်ခဲ့ရချေသည်။ဆြာဒင်၏ကျွဲကူးရေပါကြံရွယ်ချက်ကား အီးရန်ကုန်အခြေအနေကို တပည့်တို့မျက်ဝါးထင်ထင်မြင်တွေ့ကြစေရန် တည်း။
ရန်ကုန်မြို့တွင် လာရင်းကိစ္စကို ခပ်မြန်မြန်ဖြတ်ပြီးချိန်တွင်ကား အီးစမ်းသတ်ရေးဘက်သို့ဇောင်ပေးမျက်နှာမူရ၏။ မပိုင်လျှင်ခြင်တောင် မရိုက်နှင့်ဟူသောဆိုရိုးနှင့်အညီ ဆြာဒင်တစ်ယောက် အွန်လိုင်းဘဏ်ကင်းကို စမ်းသပ်ရန်အတွက် အလိုအလျောက်ငွေထုတ်စက်တစ်ခု တွင် ဘဏ်ကဒ်ပြားကိုထိုးထည့်လျက် စက်၏ညွန်ကြားချက်အတိုင်း အဆင့်ဆင့်ဆောင်ရွက်ရာ နောက်ဆုံးထုတ်ယူမည့်ငွေ တစ်ပြားတစ်ချပ်မှ ထွက်မလာသည့်အပြင် ကဒ်ပြားပါပြန်ထွက်မလာတော့ချေ။
တပည့်ကျော်တို့၏စူးစမ်းသောအကြည့်တို့ကိုရှောင်တိမ်းရင်း ဒါမျိုးက တစ်ခါတလေဖူးခက်လိုမြို့ကြီးမှာလည်း ဖြစ်တတ်တာပါပဲလေ ဟူသော ခန္တီနှလုံးဖြင့် အသာနောက်ဆုတ်ခဲ့ရသော်ငြား နောက်တစ်နည်းအားဖြင့် တယ်လီဖုန်းမှတစ်ဆင့် ငွေလွှဲခြင်း အမှုကိစ္စကို အား ထုတ်မိပြန်လေ၏။ညွန်ကြားချက်တို့ကို တစ်ဆင့်ချင်းလိုက်နာပါ၏။နောက်ဆုံးအဆင့်တွင်ကား တယ်လီဖုန်းမျက်နှာပြင်မှ မွတ်နေအောင် တစ်နာရီကျော်ကြာလည်နေသည့်အဝိုင်းကလေးသည် ဆြာဒင့်ကိုပြက်ရယ်ပြုနေသယောင်တည်း။
ဆြာဒင်ကိုယ်တိုင်ဖြင့် စိတ်ရောလူပါပင်ပန်းလှချေပြီ။လူချွန်လူကောင်းတို့မည်သည် ဇွဲလုံ့လကို လွယ်လွယ်နှင့်မလျှော့အပ်ဟု မဟာဇနက္က ဇာတ်တော်တွင်လာသည်မဟုတ်ချေလော။နောက်ဆုံးနည်းလမ်းအနေဖြင့်အားထုတ်ရန် တပည့်ကျော်တို့ကို တာဝန်ပေးရ၏။
“ကဲ၊မောင်တို့ဆြာလည်း စိတ်ရောလူပါပန်းလှချေကပြီ။အိမ်ရှင်ကိုကျေးဇူးဆပ်သည့်အနေဖြင့် ယခုဆြာတို့တည်းခိုရာအိမ်မှ ရေနှင့် လျှပ်စစ်မီတာစာရွက်တို့ကို ဆောင်ယူလျက် အီးဆိုင်တစ်ခုခုမှာ၊အီးစံနစ်ဖြင့်အမြန်ဆုံးကိုယ်တိုင်ကွင်းဆင်းပေးသွင်းကြပါကုန်လော့”
တပည့်ကျော်သုံးဦးသား တည်းခိုရာတိုက်လှေခါးမှဆင်းသွားပြီး ငါးမိနစ်မျှပင်မကြာ၊နောက်မှီကုလားထိုင်နှင့်ဆြာဒင်၏ကျောပြင် မထိရသေးခင်မှာပင် သင်းတို့ သုံးဦး ပြုံးရွှင်သောမျက်နှာထားဖြင့် ဆြာဒင့်ရှေ့မှောက်သို့ ပြန်လည်ဆိုက်ရောက်လာကြကုန်၏။
“အားလုံးအိုကေတယ်ဆြာ၊အီးရန်ကုန်က အီးဖူးခက်ထက်အများကြီးသာတယ်ဆြာရေ”
“အေး၊ဆြာထင်သားပဲ၊တို့လူမျိုးတွေ မညံ့ပါဘူးလို့”
“ဒီအီးက ဆြာပြောတဲ့ အီးတော့မဟုတ်ဘူးဆြာ၊ဒါပေမဲ့ ဆရာနဲ့တိုက်ရိုက်ပတ်သက်တယ်လို့လည်းပြောလို့ရပါတယ်”
“နားရှုပ်အောင်မလုပ်ကြပါနဲ့ကွယ်တို့”
“ဒီလိုဆြာဒင်ရဲ့၊ဒီတိုက်လှေခါးကဆင်းဆင်းချင်း အီးဆိုင်တွေအကြောင်းစုံစမ်းလိုက်တော့ အီးညှောင်ဆိုတဲ့ ဆိုက်ကား ဆရာနဲ့စကား စပ်မိရာက ရေကောလျှပ်စစ်မီတာပါ သူအမြန်ဆုံးဆောင်ကြဉ်းပေးနိုင်သတဲ့။အီးညှောင်က ဆြာဒင့်ငယ်တပည့်တဲ့ဆရာ။ ကျနော်တို့လိုပဲ အီးညှောင်ကို မီတာမျိုးစုံငွေသွင်းဖို့ လွှတ်နေကြတာ ဝိုင်းဝိုင်းလည်နေတာပဲဆရာ၊ဝန်ဆောင်ခလည်း သက်သာတယ်၊ တစ်စောင် ငါးရာပဲ ခင်ဗျ။ဟန်ကျချက်ဆြာ”
ဒင်းတို့၏ထူးခြားလှသောအီးဇာတ်လမ်းအဆုံးတွင် အံ့သြခြင်းကြီးစွာဖြစ်မိလေသော ဆြာဒင်သည် ကုလားထိုင်၏ နောက်ဖက်ကိုမှီ ရမည့်အစား ယောင်ယမ်း၍ရှေ့သို့ရုတ်တရက်ကုန်းထမိလိုက်ရာ အရှိန်လွန်၍ ကျွမ်းတစ်ပတ်ထိုးသလိုဖြစ်စဉ်တစ်ခဏ၌ မူးဝေဝေ၊ ဝေဒနာကြားမှပင် နှစ်မျိုးနှစ်စားသော ခံစားချက်သည် ဆြာဒင့်ခေါင်းထဲသို့ အမှတ်မထင်ဝင်ရောက်လာခဲ့ပြန်ချေသည်။
ပထမအတွေး မှာဆြာ့ခြေရာကို ထပ်ချပ် မကွာနင်းနိုင်လေသည့်ငယ်တပည့်အီးညှောင်၏ထူးချွန်လှသော၊အရည်အသွေးဖြစ်၍ဒုတိယအတွေးကား အီး ခေတ်ကိုရောက်ရမည်မှာ မလွဲပါဟူသတည်း။