၂၅၊၀၇၊၂၀၁၄နေ့ထုတ် သည်လေးဒီးဂျာနယ်။
ဆြာဒင်၊ရွှေပင်ရွာသူကြီးအကြံပေးဖြစ်ခဲ့စဉ်က
(မင်းဒင်)
(၁)
"မင်းအတွက်ရင်မှာ တစ်နေရာစာ ကိုယ်ဦးထားတယ်။ နေမယ်မနေဘူးကတော့ မင်းရဲ့ သဘောပါ။သေချာတဲ့နေရာက ရှိခဲ့ပြီ။မရေရာတဲ့ အကြောင်းတရားတို့ ဖိစီးသည့်တိုင်၊သိမ်းထားခဲ့တာကြာပါပြီ ၊ ဦးထားခဲ့တာကြာပါပြီ။ စောင့်စားခဲ့တဲ့အချိန်တွေဟာလည်း သိပ်ကြာပြီ"
ဇွတ်အတင်းအကျပ် မဏ္ဍပ်တိုင်တက်၊ကြွားဝါလိုစိတ်အလျဉ်းမရှိသော်ငြား ဆြာဒင်သည်လွန်ခဲ့သောသုံးနှစ်ဝန်းကျင်က ရွှေပင်ရွာသူကြီး၏ အကြံပေးဖြစ်ခဲ့ဖူးသည်မှာ မြေကြီးလက်ခတ်မုချဆတ်ဆတ် ဖြစ်ချေ၏။
အဆိုပါရာထူးကို ခန့်အပ်ခြင်းခံရသည့်နေ့က ဆြာဒင်၏ ဘထွေးတော် ငယ်မူငယ်သွေးအပြည့်ဖြင့် ညည်းဆိုလာခဲ့သော ကွယ်လွန်သူ အဆိုတော်ဗဒင်၏ "နေရာ"သီချင်းတစ်ပိုင်းတစ်စကို ဆြာဒင်ကောင်းစွာမှတ်မိနေဆဲဖြစ်လေရာ ယင်းသည်ပင် ဆြာဒင် သူကြီးအကြံပေးဖြစ်ခဲ့သည်မှာ မှန်ကန်ကြောင်း၊အခိုင်မာဆုံး သက်သေ တစ်ရပ်ဟုဆိုသော်ရနိုင်ကောင်းလေသည်။
ရွှေပင်သူကြီးဘချစ်ခိုင်ကား ဆြာဒင့်ဖခင်၏ညီ(ပထွေးလေး)တော်စပ်၏။ယခုဘဒ္ဒကမ္ဘာတွင် ဝိဝဋ္ဋဋ္ဌာယီကပ်၌ အဦးအစ မဟာ သမ္မတမင်းကို အရင်းတည်၍ ရောဇ၊ဝရရောဇ၊အစရှိသော သုဒ္ဓေါဒန သိဒ္ဓတ္ထမင်းတိုင်အောင် မင်းစဉ်၊မင်းရိုး၊မင်းနွယ် မင်းဆက် ဆင်းသက် ဖြစ်ပွားသည်ဟူသော ဆိုရိုးရှိသည်မဟုတ်တုံလော။ဆြာဒင်တို့ မျိုးရိုးအစဉ်အဆက်မှာ သူကြီးမျိုးရိုးဖြစ်လေရာ ခေတ်အဆက် ဆက် ပြောင်းလာသော်ငြား ရွှေပင်သားတို့သည် “သူကြီးသေရင် သူကြီးသားဟာ သူကြီးပဲ”ဟုသာ စိတ်ဝယ်စွဲမှတ် ယုံကြည်သူများ ဖြစ်သည့်အလျောက် တည်ဆဲဥပဒေများက မည်သို့ပင်ဆိုစေကာမူ ပထွေးလေးချစ်ခိုင်သည် ရွှေပင်၏ရာသက်ပန်သူကြီးဖြစ်နေခဲ့လေ၏။
သာမန်လူတို့ထက် ထူးခြားစွာကောင်းမွန်လှသော ဆြာဒင်၏ ဦးနှောက်မှတ်ဥာဏ်တွင် ထိုနေ့ကို ပြက်ပြက်ထင်ထင် မှတ်မိနေဆဲဖြစ် ပါ၏။နှစ်ပရိစ္ဆေဒများစွာ၊ခွဲခွာလာခဲ့ရသော မွေးရပ်မြေရွှေပင်သို့ လက်စွဲတော်တပည့်သုံးဦး ဝန်းရံလျက် အလည်တစ်ခေါက် ရောက်ခဲ့စဉ် ကပေတည်း။နှင်းမှုန်ပက်ဖျန်း မြောက်ပြန်လေနော့သရမ်းသည့်၊တစ်ခုသောနံနက်တွင် ပထွေးလေးချစ်ခိုင်သည် ဆြာဒင်တို့ စတည်းချရာ ကြီးမယ်ညို၏အိမ်သို့ မထင်မှတ်ပဲပေါက်ချလာလေရာ တူဝရီးနှစ်ယောက်သား စကားလက်ဆုံကျမိခဲ့ကြရာမှ အနှီဇာတ်လမ်း စခဲ့ကြလေ သည်တမုံ့။
(၂)
"ဒီမယ်ကိုရင်၊ဆြာဒင်လို့မခေါ်ပဲ ကိုရင်လို့ခေါ်တာတော့ စိတ်မရှိပါလေနဲ့"
"မဆဲရင်ပြီးတာပါပဲ။ ခေါ်ချင်သလိုသာ ခေါ်ပေတော့၊ ပထွေးလေးရာ"
"ခေတ်တွေပြောင်းနေပြီဆိုတော့ ကျုပ်တို့ရွာကိုလည်း ဒီမိုကရေစီခေတ်နဲ့အညီ ပြောင်းလဲပစ်ဘို့လိုနေပြီ ကိုရင်ရဲ့ "
"ပထွေးလေးတို့ ဆွေစဉ်မျိုးဆက် ထင်တိုင်းကြဲခဲ့ကြတာ ရွှေပင်တစ်ရွာလုံး ဖွတ်ကြောပြာစုနေကမင့်ဟာ။ဘာပြောင်းစရာ လိုသေး တုန်းဗျာ"
"ကိုရင်ပြောပေါက်က ပြည်ပမှာ နှစ်ရက်တစ်ပိုင်းသွားနေပြီး ရွှေပင်ရွာကို အဆိုးချည်းမြင်နေတာ ခက်ချက်။ရွှေပင်ရွာ တည်တံ့ခိုင်မြဲ ရေးအတွက် ကိုရင့်အဘိုး ကျုပ်အဖေ၊ကိုရင့်အဘေး ကျုပ်အဘိုးလက်ထက်ကတည်းက ပေးဆပ်ခဲ့တာလည်း ထည့်တွက်အုံးလေ။ ဒီအချိန်မျိုးမှာ ရွှေပင်အတွက် ကိုရင်တို့လို ပြည်ပရောက် မျက်စိကြီး၊နားကြီးတွေ လိုနေတဲ့အချိန်"
"ကဲပါ ပထွေးလေးရာ။ လိုရင်းသာ မြွက်ပါတော့။ ကျုပ်လိုအနုံညာတက ရွှေပင်အတွက် ဘာများလုပ်ပေးနိုင်မှာတုန်း"
"လူလည်လူတတ်ဆိုလို့ တစ်ရွာလုံးပြေးကြည့်မှ ကိုရင်နဲ့ကျုပ်ပဲရှိတာမို့ ကျုပ်ကသူကြီးဆိုတော့ ကိုရင်က သူကြီးအကြံပေးပေါ့ကိုရင်"
ပြောင်းလဲနေသော ခေတ်ကြီးကို ဆြာဒင်ရိပ်စားမိပါ၏။သူကြီးနောက်ကွယ်မှ ဆွေတော်ရှစ်သောင်း မျိုးတော်ပေါင်းတို့၏ လက်စ လက်န ကိုလည်း နောကြောနေအောင် ဆြာဒင်သိပါ၏။
ရွှေပင်သို့ အာဂန္တုသဘော ခဏတစ်ဖြုတ် ရောက်လာသူဖြစ်၍ အဆိုပါရာထူးကို အတန်တန်ငြင်းဆန်ပါသော်ငြား၊ "ရွှေပင်ရာဇာ အာဂတော"သူကြီးမင်းကိုယ်တိုင် ကြွရောက်လျက် အတန်တန်သော မေတ္တာရပ်ခံမှုပြုခြင်းကို မလွန်ဆန်နိုင်သည်က တစ်ကြောင်း၊ ပထွေးလေးသည် ယခင့်ယခင် အစဉ်အဆက် သူကြီးများနှင့်နှိုင်းစာသော် သဘောမနောကောင်းဟန် ရှိပေသည်ဟူသော အတွေးဖြင့် နောက်ဆုံးတွင်မူ ချောက်ကမ်းပါးအတွင်းသို့ ရွှေပင်ရွာကျလုဆဲဆဲတွင် ပြန်လည်ဆယ်တင်လိုက်နိုင်သော ကယ်တင်ရှင်ကြီး၏ အိုက်တင်အပြည့်ဖြင့် ဆြာဒင့်ခမျာ ခေါင်းညိတ်လိုက်ရခဲ့ချေ၏။
(၃)
သူကြီးအကြံပေးဖြစ်သည်နှင့် ရွှေပင်ရွာတည်တံ့ခိုင်မြဲရေး၊ ရွှေပင်လူထု စည်းလုံးညီညွတ်ရေး၊ ရွှေပင်စည်ပင်ဝပြောရေးတို့သည် ဆြာ ဒင်၏ပုခုံးထက်သို့ စုပြုံကျရောက်လာလေရာ တစ်ယောက်အားနှင့်ယူသော်မရဟူသော ဆိုရိုးအတိုင်း ရွှေပင်ရွာကို စည်ပင်စေအံ့ သောငှာ အပရိဟာနိကတရားခုနစ်ပါးနှင့်အညီ နောက်တော်ပါ တပည့်ကျော်သုံးဦးနှင့်လည်း တိုင်ပင်သမှုပြုရ၏။ ထိုအခါအကြံပေး၏ အကြံပေးဖြစ်လေကုန်သော လေမင်းသား၊ ကပ္ပလီနှင့် အာရုံခေါ်ဖေကြည်တို့လည်း အွန်လိုင်းဆိုရှယ် မီဒီယာ ဝက်ဘ်ဆိုက်ပေါင်း မြောက်မြားစွာကို မွှေနှောက်ခြောက်ခြားရုံမျှမက၊ ဖေ့စ်ဘွတ်အသီးသီးပေါ်တွင်ပါ ရွှေပင်ရွာ စည်ပင်ကြီးပွားကြောင်း နည်းလမ်းကောင်း အဖုံဖုံကို ဖုတ်ပူမီးတိုက် ရှာကြလေကုန်၏။
ရွှေပင်ရွာလယ် လမ်းမကြီးတစ်လျှောက်ရှိ ခြံစည်းရိုးများကို ထုံးဖြူသုတ်ရန်လည်းကောင်း၊ခေတ်ဆန်းချိန် လှုံဆော်ရေးတေးများကို ရွှေပင်ရွာဒိုးပတ်ဝိုင်းအတွက် ရေးစပ်သီကုံးခြင်းတို့ကိုလည်းကောင်း တိတိကျကျ၊မှန်မှန်ကန်ကန်၊မြန်မြန်ဆန်ဆန်ဆောင်ရွက်ရန် ဆြာဒင့် အား အကြံပြုကြလေရာ ယင်းတို့အနက် သီချင်းနှင့်ဆောင်ပုဒ်အချို့မှာ အောက်ပါအတိုင်းဖြစ်လေ၏။
"ရွှေပင်ကျော် ဒွေးတော်လွမ်းသူများအား ဆန့်ကျင်ကြ"
"ရိုးသားကြိုးစား၊လုပ်အားဖြင့်ရွှေပင်တည်"
"ခေတ်မီဖွံ့ဖြိုးတိုးတက်သော ရွှေပင်ရွာသစ်ကြီးဆီသို့"
"ကာလသားခေါင်းသာ အမိ၊ကာလသားခေါင်းသာ အဖ"
"လာဘ်ပေးလာဘ်ယူ၊ရွှေပင့်ရန်သူ"
"တည်ဆောက်ပြုပြင် ရွှေပင်တစ်ခွင်"
"လာလာလေ၊လာကြပြီလေ၊ရွှေပင်တောအနှံ့က တို့ဆွေသဟာတွေ၊ရပ်ဝေးကဆွေ၊ရပ်နီးကဆွေ စုပေါင်းညီညာစေ။ ဝေလေလေ"
နောက်တော်ပါတို့၏ အကြံဥာဏ်တို့ကား သမိုင်းဝင်စီမံချက်များဖြစ်သော်ငြား ခေတ်စံနစ်နှင့်အံမဝင်လှတော့သည်ဖြစ်၍ သင်းတို့နားဝင် စေရန် ချော့မော့စည်းရုံး ဆွေးနွေးရပြန်သည်။
"ကိုရင့်တို့ဥစ္စာတွေက ကောင်းတော့၊ကောင်းပါရဲ့။အနို့ပေသည့်ခေတ်ဟောင်းခေတ်ဆွေးအနံ့အသက်တွေ ပါနေသလားလို့။ ကိုရင်တို့ ဟာတွေ ဘုတ်အုပ်ထဲမှာသာထားရစ်ခဲ့ပါတော့။ဒီမိုကရေစီခေတ်ကြီးမှာ ရွှေပင်ရွာလူထုဆန္ဒသာ အခရာသာမို့ ရွာလုံးကျွတ်ညီလာခံကြီး တစ်ရပ်ခေါ်လိုက်တာသာ အကောင်းဆုံးထင်ပါရဲ့"
(၄)
ဤသို့လျှင် ရွှေပင်ရွာလူထုတစ်ခဲနက်၊တက်ရောက်ဆန္ဒပြုခဲ့ကြသည့် ရွာလုံးကျွတ်ညီလာခံကြီးကို ရွှေပင်ရွာလယ်ရှိသူကြီးမင်း၏ အိမ်ရှေ့ကွင်းပြင်တွင် ဝှဲချီးကျင်းပခဲ့လေရာ သူကြီးမင်းသည် ဆြာဒင်အဆင်သင့် ရေးသားထားအပ်သော အဖွင့်မိန့်ခွန်းဖြင့် အခမ်း အနားကို စတင်ခဲ့လေသည်။
"ရွှေပင်ရွာနေ၊မိဘပြည်သူများ ခင်ဗျာ၊အလွန်ကောင်းမြတ်သော သူကြီးစဉ်ဆက်ရဲ့ နေ့မနားညမအား ကြိုးစားအားထုတ်မှုကြောင့် ရွှေပင်ရွာကြီးဟာ ဒီမိုကရေစီခေတ်သစ်ဆီကို၊တစ်ခေတ်ဆန်းကူးပြောင်းနိုင်ခဲ့ပြီဖြစ်တဲ့အတွက် သန့်ရှင်းသောရပ်မိရပ်ဖ၊ကောင်းမွန်သော ကာလသားခေါင်းများနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ရွှေပင်ရွာကြီး ရွှေခေတ်ကိုရောက်အောင် ဆက်လက်လမ်းညွှန် ထိန်းကျောင်းသွားကြရမှာဖြစ် ပါတယ်။မိဘပြည်သူများခင်ဗျာ။လူမွဲတွေက မနှေးခေတ်မီ သူဌေးဖြစ်တော့မည်ဆိုတဲ့ ခေတ်ကြီးကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် ရွာသူ ရွာသားများအနေနဲ့ အာသီသရှိရာ မိမိတို့ဆန္ဒအသီးသီးကို ထုတ်ဖော်တင်ပြနိုင်ပြီဖြစ်ကြောင်း ကြေညာအပ်ပါတယ်"
ထူးဆန်းလှသော အတွေ့အကြုံသစ်ကြောင့် တက်ရောက်လာကြသည့်ရွှေပင်သားတို့မှာ လှုပ်လှုပ်ရွရွဖြစ်ကြရင်း လူအုပ်ကြီးအတွင်းမှ အသံမျိုးစုံ ထွက်ပေါ်လာလေ၏။
"ငတို့က ပထွေးလေးနဲ့စာရင် ငယ်ငယ်ရှိသေးတာ၊မိဘပြည်သူများခင်ဗျာ တဲ့။ဘုရားဘုရား။ ငရဲငအုံတွေတော့ ကြီးကုန်ရော့မယ်"
"သမဝါယမခေတ်ကလို ပုဆိုးကြမ်းတွေ အိမ်ပေါက်စေ့ရောင်းပေးရင်တော့ ကောင်းချက်"
"ရွှေပင်ရွာလုံးကျွတ်သာလျှပ်စစ်မီးလင်းလို့ကတော့ တို့ဘုရားရှင် မီး၊ရေအစုံနဲ့တန်ခိုးပြာဋိဟာပြခန်းလို ဖြစ်အုံးမှာမြင်ယောင်သေးဟေ့"
"ဒီမိုကရေစီခေတ်ရောက်ပြီဆိုတော့ ထန်းရည်မူးပြီး ရမ်းကားတဲ့ကောင်တွေထင်တိုင်းကြဲနိုင်ပြီပေါ့"
"ရွှေပင်ရဲ့အဓိကလိုအပ်ချက်က ဓားမ ကောင်းကောင်း၊ ထယ်သွား ကောင်းကောင်းဆိုရပါပြီ"
"တို့ရွာသားတွေ ညံ့ချက်ကတော့ကွာ၊တကယ်တမ်းက ရွှေပင်မှာအဓိက လိုအပ်နေတာက ယင်လုံအိမ်သာဟ"
ဤသို့လျှင် ရွှေပင်သားတို့၏ တစ်ယောက်တစ်ပေါက် ကြွက်စီကြွက်စီ၊အသံမျိုးစုံ ပေါ်ထွက်လာသည့်အချိန်၌ ဘယ်ချိန်က အကွက်ချောင်းနေသည် မသိလေသော ကာလသားခေါင်းကိုရင်ရွှေကြည်သည် ရုတ်တရက်မားမားကြီးရပ်လျက် သြဇာသံအပြည့်ဖြင့် ထူးခြားသောအဆိုတစ်ရပ်ကိုတင်လေရာ ရွှေပင်ပရိသတ်ကြားမှ၊၎င်းနှင့်ထန်းတောမဟာမိတ် မောင်မူးတစ်သိုက်၏ လှိုက်လှိုက်လှဲလှဲ ထောက်ခံသံတို့ ကြိုကြားဆက်တိုက်ထွက်ပေါ်လာခဲ့လေသည်။
"ကဲပါဗျာ။တစ်ယောက်၊တစ်ပေါက်နဲ့ ကြာပါတယ်။ကျုပ်တို့က အနုံညာတတွေမို့ အရင်လိုပဲ သူကြီး စိတ်တိုင်းကျသာ လုပ်ပါတော့"
“ဟုတ်ပါ့ဗျာ။သူကြီးကောင်းသလိုသာ စီမံပါလေ”
“သူကြီးပြီးရင် ပြီးတာပါပဲ”
“ရွှေပင်မှာ သူကြီးထက်စွမ်းတာ ဘယ်သူရှိသေးလို့တုန်း”
“မှန်တယ်၊မှန်တယ်၊သူကြီးလုပ်ချင်တာသာလုပ် အေ့၊အေ့”
ကာလသားခေါင်းနှင့် နောက်တော်ပါတို့ကို မလှန်နိုင်သည်လော၊ညီလာခံမြန်မြန်ပြီး နားအေးရောဟု ခံယူကြသည်လော မဆိုနိုင်။ ညီလာခံတက်ရောက်သူ ရွှေပင်သားတို့သည် ကာလသားခေါင်းတင်သွင်းသည့်အဆိုကို ဝမ်းစမိုးရော၊သောသောညံစွာ ညီညာဖျဖျ နှစ်ထောင်းအားရထောက်ခံကြလေ၏။
ထိုသို့ဖြင့်ရွှေပင်ရွာလုံးကျွတ်ညီလာခံကြီးသည် “သူကြီးမင်းသက်တော်ရာကျော်ရှည်ပါစေ၊ ရွှေပင် ရွာဖွံ့ဖြိုးတိုးတက်ရေး၊တို့အရေး”အစရှိသော တစ်ခဲနက်ကြွေးကြော်သံတို့ဖြင့် အောင်မြင်စွာပြီးဆုံးခဲ့ပါ၏။သို့သော် ထိုညီလာခံကြီးတွင် တစ်စုံတစ်ရာ သေချာပေါက်လွဲချော်မှု တစ်ခုရှိ နေပြီဆိုသည့်အချက်ကိုကား ဆြာဒင် အကင်းပါးစွာ၊ရိပ်စားနားလည်ခဲ့လေရာ ညီလာခံ အပြီးတွင် တူဝရီးချင်း ပွင့်လင်းစွာပင်ဖွင့်ဟမေးမြန်းသမှုပြုရချေတော့သည်။
(၅)
“နေပါဦး၊ဘထွေးရ၊ရွှေကြည်တို့အုပ်စုကြည့်ရတာ ကျုပ်စိတ်ထဲသိပ်မသင်္ကာလှဘူး၊သူကြီးနဲ့များ တစ်ခုခု စည်းဝါးရိုက်ထားလေရော့ သလား”
ဆြာဒင့်စကားအဆုံးတွင်၊ဘထွေးတော်ဝါရင့် သူကြီးမင်းသည် အဓိပ္ပါယ်အပြည့်ပါသော အကြည့်တစ်ချက်ကို ဆြာဒင့်ထံလှမ်းကြည့် လိုက်ရင်း ဒက်ကနဲတုန့်ပြန်လိုက်သည့်အဖြေကြောင့် ဆြာဒင်တစ်ယောက် ပါးစပ်အဟောင်းသားဖြစ်သွားရချေ၏။
“ဒီကောင်တွေကို ထန်းရည်တိုက်ပြီး ကြိုညှိထားရပေါ့ကိုရင်ရယ်၊ ဒီမိုကရေစီမှာ ဗဟိုဦးစီးစံနစ်က အရေးကြီးတယ်မဟုတ်လား”
“ဟမ်၊ဒါဆိုရွှေပင်မှာ အရပ်လက်သည်တောင် မရှိလို့ ကိုယ်ဝန်ဆောင်တွေ ခဏခဏမာလကီးယားနေတာ သူကြီးဘာတွေစီစဉ်ထား သတုန်း”
“အော် ကိုရင်ရယ်၊မီးနေခန်းအဝမှာ အင်္ဂုလိမာလသုတ်ကို အစဉ်အဆက်ရွတ်လာခဲ့ကြတာပဲဥစ္စာ”
“ဒါဖြင့် ရွာမှာ သောက်ရေသုံးရေတောင် မလုံလောက်တဲ့ကိစ္စကိုကော သူကြီးဘယ်လိုစဉ်းစားထားတုန်း”
“ငတို့ရွှေပင်ရိုးရာအရတော့ မိုးခေါင်ရင်လွန်ဆွဲကြတာ ထုံးစံပဲလေ”
“အော်၊အော်၊ရွှေပင်က၊ကလေးတွေစာသင်ခန်းထဲ မရောက်ပဲ ယာထဲအကုန်ရောက်နေကြတာရောဗျာ”
“ပညာဆိုတာ ပါရမီရှိမှ ဖြစ်တာပါကိုရင်ရယ်”
“ရွှေပင်မှာ လျှပ်စစ်မီးလင်းဖို့ကော ခင်ဗျ”
“ရွာမှာ ထရန်စဖော်မာတွေလာတပ်ကာမှ ဓာတ်လိုက်လို့သေတဲ့ မသာတွေများနေပါ့မယ်ကိုရင်ရယ်”
ရှေ့မေးခွန်းတို့ဆက်နေလျှင် တူဝရီးနှစ်ယောက်နပမ်းဖက်လုံးရမည့်ကိန်းဖြစ်လေသဖြင့် စကားတိုတိုဖြတ်ရန် ဆြာဒင် ဆုံးဖြတ်ရသည်။
“သဟာဖြင့် ဘထွေးက ကျုပ်ကို ဘာကိစ္စ သူကြီးအကြံပေးခန့်သတုန်းဗျာ”
“ဒီမိုကရေစီစံနစ်ဆိုတာ ငါးနှစ်တစ်ကြိမ် သူကြီးရွေးပွဲလုပ်ရတယ်လေ။ဒါကြောင့်ရှေ့လာမဲ့ သူကြီးရွေးပွဲမှာလဲ ကျုပ်ပဲဆက်အရွေးခံရ အောင် အကြံကောင်းဥာဏ်ကောင်းတွေပေးဖို့ပေါ့”
(၆)
ကိုယ့်ဘထွေးတော်ကိုယ်၊ရန်ကုန်မြို့ကြီးကိုပင် သုံးခေါက်ပြည့်အောင် မရောက်ဖူးလေသည့် တောသားလူရိုးကြီးဟု ထင်မှတ်မိခဲ့လေ သော ဆြာဒင်မှာ ဘထွေးတော်၏ထူးခြားပြောင်မြောက်လှသော အတွေးအခေါ်နှင့် ဆန်းပြားသည့်ကစားကွက်ကြောင့် ခေါင်းကိုနီးရာ တိုင်နှင့် ပြေးဆောင့်ချင်စိတ်ကို အတန်တန်ထိန်းလိုက်ရ၏။ရွှေပင်ရွာတွင် ဒီမိုကရေစီထွန်းကားရေးဆိုသည်ကား ကျောက်ခဲကိုခွဲပုလဲရှာ သည်သို့၊ ပင်လယ်အောက်မှာငွေကြယ်ရှာသည်သို့ ပါတကား။
“အော်၊ဒါလေးများလွယ်ပါတယ်ဘထွေးရာ ရွှေပင်က အိမ်ဝိုင်းတွေမှာ ဂရန်ရှိမရှိစစ်ဗျ။တစ်ရွာလုံးတစ်ဝိုင်းမှ ဂရန်မရှိတော့ သူကြီးစိတ် တိုင်းကျလုပ်ချင်တာလုပ်၊နောက်တစ်ဆင့်က မနက်စောစောဆွမ်းခံထွက်တဲ့ ကိုယ်တော်တွေကို ဆယ်အိမ်ခေါင်းတွေ၊ လေးခွနဲ့ချောင်း ပစ်ခိုင်းပြီး တောင်ပိုင်းက ပစ်သလိုလို၊မြောက်ပိုင်းကပစ်သလိုလို သတင်းလွှင့်ဗျ။ ရွှေပင်အစိတ်စိတ်အမွှာမွှာကွဲလေ၊ သူကြီးဟန်ကျ လေပဲ။ဒါမှ မလုံလောက်သေးရင် ရွှေပင်တစ်ရွာလုံးကို ဘူဒိုဇာနဲ့ထိုးပြီးဖျက်၊ လာမဲ့သူကြီးရွေးပွဲမှာ သူကြီးကိုပြန်ရွေးမဲ့သူတွေကိုသာ ရွေးပြီး အိမ်ဝိုင်းတွေပြန်ပေး။မထူးပါဘူးဘထွေးရာ၊ရွှေပင်ကိုပါ “ဘချစ်ခိုင်တိုးချဲ့ ရွာသစ်”လို့ အမည်ပြောင်းပေရော့”
စိတ်အချဉ်ပေါက်၍ထင်ရာလျှောက်ပြောပစ်လိုက်သော ဆြာဒင့်စကားကို ဆွန်ဇု၏သေနင်္ဂဗျူဟာဟု ထင်မှတ်နေသလောမဆိုနိုင်။ ဘထွေးတော်သူကြီးမင်းသည် နှုတ်ခမ်းပါးလေးကို ဟစိဟစိလုပ်နေလေ၏။ဆြာဒင်ကား သူကြီးမင်းနှင့်မျက်နှာချင်းဆိုင်ရာမှ ဖယ်ခွာရင်း ရွှေပင်ရွာကို ဒီမိုကရေစီခေတ်ဆီသို့ ဆောင်ကြဉ်းပေးနိုင်မည့် သစ္စာတရားလက်ကိုင်ထားသည့် တစ်စုံတစ်ဦးကို သတိရမိနှင့် သီချင်း တစ်ပိုဒ်ကို၊နှုတ်ဖျားမှတိုးတိုးညည်းမိတော့သည်။
“နာရီရွေ့ညောင်း ရက်တွေသာပြောင်းပါလို့ရယ်၊ လရာသီတွေ ပြောင်းကာပြောင်းကာ နှစ်ပေါင်းတွေကြာခဲ့ပေါ့၊ မဟာကပ်ကမ္ဘာ မြေလွှာ ပြင်ဝယ် မြူခြေငွေနှင်း ကျကာဆင်းသည့်နှယ်၊ သင်္ကာယူမှားလွဲစွာ မှောင်မည်းအ၀ိဇ္ဇာဖုံးပိတ်ကွယ်၊ သြော်တွေ့နိုင်ခဲလှတယ် ..။သစ္စာ သစ္စာခင်ရယ်”