ယနေ့ထုတ် ၊ဆဲဗင်းဒေးနေ့စဉ်သတင်းစာမှ ။
“ဆြာဒင်နှင့်ရွှေညာမှာကွယ်တဲ့လ”
(မင်းဒင်)
(တစ်)
“အညာသားလေးတဲ့၊မြို့ပေါ်မှာ ကျနော့်ကိုခေါ်ကြ၊ရှက်ပဲ ရှက်နိုင်ပေါင်တစ်မူ၊အညာဆိုဟိုဓလေ့မှာ အညာသူ၊အညာသား သဘောကဖြူ မြို့ကိုရောက်ပေမဲ့ မြို့သားမဟုတ်ပါ၊မမလယ်တောသူ”
နေခြည်ဝင်းလက်သည့်၊ဖူးခက်မြို့၏နံနက်ခင်းတစ်ခုတွင် ဆြာဒင်တစ်ယောက် ပီယဝါစာ၊ချစ်ဖွယ်သောအသံဖြင့် ရွှေပင်ရွာ အလွမ်းပြေ ဆွေးဆွေးမြေ့သီဆိုလိုက်သော သီချင်းသံသည် ဂန္ထဝင်အဆိုတော်ကြီးတွံတေးသိန်းတန်၏အသံနှင့် ခွဲမရအောင်၊လွန်စွာပင်တူလှချေ၏။
သို့သော်ငြား သိကြားမင်းကိုယ်တိုင် နကင်းကြီးနှင့်၊ဆင်းလာပြီးသကာလ ကျွဲယောင်ဖန်ဆင်းပြသည်ဆိုလျှင်ပင် အမြီးတိုသော၊ ဂျိုကား သော၊အမြဲတမ်းအဆိုးဘက်မှ၊ဝေဖန်ပြက်ရယ်ပြုတတ်ကြလေသည့် တပည့်ကျော်တို့၏ စရိုက်ဆိုးကား ဖုံးမရ၊ဖိမရပေါ်လာပြန်ချေသည်။
“အမယ်လေး ဆြာဒင်ရယ်၊ဆြာက မမခေါ်တဲ့လယ်တောသူဆိုရင်ဖြင့်၊ အခုလောက်ဆို ဆံဖြူသွားကြွေပြီး လူအိုရုံကို မျက်စပစ်နေ လောက်ရော့ ပေါ့”
“ဟုတ်ပါ့ဗျာ၊သူ့အာယုတောင် ဒီလောက်ကြီးနေကမင့်ဟာ”
“ဆြာဒင်တစ်ယောက်ကတော့ ပြောမယ်ဆိုပြောစရာချည်းပဲ၊သူ့ကိုယ်သူ ဆယ့်ရှစ်နှစ်သားလေးများ အောက်မေ့နေရော့သလား”
ဆြာ၏နုပျိုလန်းဆန်း၊ဖလန်းဖလန်းထနေမှုကို မနာလိုမရှုစိမ့်လေဟန်၊ နောက်တော်ပါတို့၏အသံကို ဆြာပီပီခန္တီတည်းဟူသော သည်းခံ ခြင်းတရားလက်ကိုင်ထားလျက် နဂါးမှန်းသိစေရန်နှင့်သင်းတို့ကံကြီးမထိုက်စေရန်အလို့ငှာ ကြက်ဆုတ်ခွပ်ပစ်သဘော တုန့်ပြန်သမှုကား ပြုရချေသေးသည်။
“ဇရာဆိုတာ ဘုရားရဟန္တာတောင် ရှောင်လွှဲလို့မရစကောင်းဘူးတဲ့ မောင်တို့ရဲ့။မသေခင်စပ်ကြား အသေမဦးခင် ဥာဏ်ဦးဖို့အရေး၊ တန်ဖိုး ရှိတဲ့ အလုပ်ကလေးတွေ အချိန်မီလုပ်သွားခဲ့နိုင်အောင် အားထုတ်သင့်ကြသကွဲ့၊တိုင်းပြည်ပြန်လည်ထူထောင်ရေးမှာ ပညာရေးဟာ အခရာကျလှသမို့ အဖက်ဖက်က အောက်တန်းနောက်တန်းကျနေတဲ့ ဇာတိမြေရွှေပင်ရွာပညာရေးအတွက် ခရီးထွက်ကြအုံးစို့ကွယ် ရို့”
“ဒါက ဒီလိုရှိပါတယ်ဆြာ”
ဆြာကောင်းတပည့်ပီပီ တပည့်ကျော်ဖေကြည်သည် တစ်စုံတစ်ရာကို တင်ပြဆွေးနွေးလိုဟန် အမူအယာပြနေသော်ငြား ရံခါ၌ ဒီမိုကရေ စီဗဟိုဦးစီးစနစ်ကို မပစ်လိုသေးသည့် ရီပါပလစ်ကင်ဆြာဒင်သည် တပည့်ကျော်တို့အား ဗီတိုအာဏာသုံးလိုက်ရချေသည်။
“ရပ်လော့ငဖေကြည်၊နွားရှေ့ထွန်မကျူးလေနှင့်၊အတူလိုက်ပါမည်ဆိုပါက အထုပ်အပိုးသာပြင်ကြပါလေ”
ဤသို့လျှင် လက်ရှိကောဇာသက္ကရာဇ်၏ဝါခေါင်လပြည့်ကျော်ကိုးရက်နေ့တွင် နက္ခတ်တစ်ဆယ့်နှစ်လုံး၊ငါးဃဋီ၊၊ နေဝင်ကျော်လေးနာရီ တပါဒ်၊ကန်စန်း၊မိဿလဂ်၌ရှိချိန် သောတာပန်ကိုးဆယ့်ကိုးပါး၊ဂြိုဟ်ရှစ်ပါး ယိုးဒယားပြည်စောင့်နတ်၊ ဖူးခက်မြို့စောင့်နတ်တို့အား အမျှအတန်းပေးဝေလျက် ဆြာတပည့်တစ်သိုက်၊အမ်မခန်တည်းဟူသောအရပ်မှသည် ဇာတိမြေဖြစ်သည့် မကွေးတိုင်း၊နတ်မောက်မြို့ နယ်၊ရွှေပင်ရွာရှိရာသို့ ပညာဒါနပြုရန် ကုန်းတစ်တန်၊ရေတစ်တန်ဖြင့် ခရီးကြမ်းကို နှင်ဖြစ်ခဲ့ကြပြန်လေသည်တမုံ့။ ။
(နှစ်)
ဆြာဒင်နှင့်သူ့နောက်လိုက်မဟာခရီးသည်များ နှင်ခဲ့လေသောခရီးစဉ်သည် ရှည်လျားသည်ဟုဆိုရပေမည်။ဖူးခက်မှသည် ယိုးဒယား မြန်မာနယ်စပ်ရနောင်းမြို့သို့ ဘတ်စကားကြီးဖြင့် တစ်တန်၊ရနောင်းမှသည် မြန်မာပြည်ကော့သောင်းမြို့ဆီသို့လှေဖြင့် တစ်ဖုံ၊ထိုမှသည် ရန်ကုန်သို့လေယာဉ်ပျံကြီးဖြင့် တစ်နည်း၊ယင်းနောက် မကွေးတိုင်းသို့တိုင် ကားဖြင့်တစ်သွယ် ဆြာဒင့်ဖွားရာဇာတိ၊ရွှေပင်ရွာအရောက် ခြေလျင်ရော ကုန်းကြောင်းပါမကျန် သက်စွန့်ဆံဖျားခရီးနှင်ခဲ့ကြရာ၊ ဆြာဒင်သည် ဆြာကောင်းပီသစွာ ပညာ၏သဘောကို လမ်းခရီး တစ်လျှောက်လုံး၊ ဒိုင်ခံရှင်းပြခဲ့ရာ တပည့်ကျော်တို့မှာ ဆြာစိတ်ချမ်းသာစေတော့ဟူသောသဘောဖြင့် အားတက်သရော၊ဒိုင်ပင်ထိုး ထောက်ခံကြ ကုန်၏။
“ငတို့တိုင်းပြည် ချွတ်ခြုံကျနေရတာဟာ ပညာချို့တဲ့ကြလို့ မောင်တို့ရဲ့၊အနှီခေတ်ကြီးဟာ ပညာခေတ်မို့ ဆရာကြီးဦးအောင်သင်း ပြောခဲ့ ဖူးသလို သူ့ဖက်က ဒုန်းဆို ကိုယ့်ဖက်က ဒုန်းကနဲ ပြန်လုပ်နိုင်မှလဟ”
“ဟုတ်ပါ့ဆြာရယ်၊အခုပါလက်စတိုင်းနဲ့အစ္စရေးပြဿနာကို ကြည့်ဆြာ၊ပိုပြီးဒုန်းနိုင်တဲ့သူက သာတာပဲဆြာရဲ့၊ဗမာတွေပညာတတ်လာရင် တရုတ်အားထား၊တရားအားထုတ်စရာမလိုတော့ဘူးပေါ့ ဆြာ”
“ကျည်ဆံတွေဒုံးပျံတွေက မှတ်ပုံတင်ရွေးမှန်တဲ့ခေတ်ကို ရောက်နေပြီဆြာဒင်၊ဒီတော့ ရွှေပင်သားနလဗိန်းတုံးတွေ လူရည်လည်လာဖို့ အရေး ဆြာဒင့်မှာတာဝန်ရှိပေသပေါ့”
“ဒါပေါ့ မောင်တို့ရဲ့၊ပညာသမ္မာ၊အာဘာနတ္ထိ၊ပညာထက်မြတ်သောအရာသည် မရှိလို့ ပညာရှိများဆိုကြသကိုး၊တို့အစိုးရမင်းများကလည်း အခုလို ဒီမိုကရေစီခေတ်သစ်ကြီးဆီ အကူးအပြောင်းမှာ ပြည်ပရောက်ပညာတတ်တွေ ပြည်တော်ပြန်ပြီး၊ ဗမာပြည်ပြန်လည်ထူထောင် ရေးမှာ ဝိုင်းကြဝန်းကြဖို့၊ကမ္ဘာသိဖိတ်မန္တကပြုထားတယ် မဟုတ်လား၊ငတို့ရွှေပင်သူကြီး ဘချစ်ခိုင်တစ်ယောက်၊ဖူးခက်ကို အလည်လာ ခဲ့တုန်းကလည်း ရွှေပင်သားတိုင်း ဆြာဒင့်လို လူရည်လည်စေချင်စမ်းပါဘိဆိုပြီး ပညာအမွေကို လက်ဆင့်ကမ်းဖို့ ဖိတ်ခေါ်သွားသေး သကွဲ့”
“ဟုတ်တော့ ဟုတ်ပါတယ် ဆြာ၊ဒါပေမဲ့ ဆြာတို့မကွေးတိုင်းမှာ ကြားမိတာ တစ်ခုက ….”
စကားလမ်းကြောင်းတည့်နေလျှင် အလိုက်ကန်းဆိုးမသိ၊ထင်ရာမြင်ရာစွတ်တင်တတ်သောဖေကြည်တစ်ယောက် အကွက်ကောင်းကို ချောင်းပြန်ချေသေး၏။သို့သော် ရွှေပင်ရွာအဝင် ဖျောက်ဆိပ်ပင်ကြီးကိုလွန်ကာ ရွာအရှေ့တံခါးဆီသို့ ချင်းနင်းဝင်ရောက်လာပြီဖြစ်၍ ဒင်း စကားဆက်ရန် အခွင့်မသာခဲ့ပြန်လေ။
(သုံး)
ရွှေပင်သားတို့ ခေတ်မီမီကမ္ဘာကြည့်၊ကြည့်မြင်နိုင်အရေးတွင် သိုးဆောင်းဘာသာတတ်မြောက်ခြင်းသည် အခရာကျလှသည်ဖြစ်ရကား ဆြာဒင်သည် ရွှေပင်ရွာသို့ရောက်လျင်ရောက်ချင်းပင် ဘထွေးလေးသူကြီးဦးချစ်ခိုင်အပါအဝင် ကာလသားခေါင်းပေါ်အေး၊ ကြက်ကန်း၊ စိန်ကျော်မောင်အစရှိသူများနှင့် ဖုတ်ပူမီးတိုက် တိုင်ပင်ညှိနှိုင်းလျက် ဘိလပ်ဘာသာစကားပြောသင်တန်းကြီးကို စတင်ဖွင့်လှစ်လေရာ နဂိုဇမသေးလှသော ရွှေပင်သားတို့၏စာအံသံသည် တစ်ရွာလုံးတွင် သောသောညံသည်ဟူ၏။
“သစ်စ အစ်စ အေဂဲလှ(This is a girl)”
“အိုင် အစ်စ အေဒေါ့(I is a dog)”
“နို့ဘိုးကြီး အဘ သည်လော(Nobody above the law)”
ဘယ်နှစ်နှစ် ဘယ်ကာလက အောင့်အည်းထားလေသည်မသိသော ဆြာလုပ်ချင်စိတ်သည် တာတမံကျိုးသကဲ့သို့ ထွက်ပေါ်လာလေရ ကား ဆြာဒင့်ခမျာ မောရ၊ပန်းရမှန်းမသိ၊ထမင်းမေ့ဟင်းမေ့ဖြစ်ကာ ပညာအလှူကြီးပေးသည်၏ဒုတိယမြောက်နေ့တွင်မူ စာသင်ဝိုင်းမစမီ မှာပင် နတ်မောက်ဂတ်မှ စာသင်ကြီး(Sergeant)တစ်ဦး၊ရိုင်ဖယ်ကိုင်ပုလိပ်သား(Police)ငါးယောက်ခြံရံလျက် ဆြာဒင့်စာသင်ခန်းကို ဟိုအတန်းပမာ ပုလိပ်ဝိုင်းလေ၏။
“ဆြာဒင်ဆိုတာ ခင်ဗျားလား၊ခင်ဗျားကို အထက်ကညွန်ကြားချက်အရ ဒီရွာကနေ၊ရွာနှင်ဒဏ်ပေးတယ်ဗျာ”
ရွှေပင်မှာ ချက်မြှုပ်လေသော ဆြာဒင့်ကို ရွှေပင်ရွာမှနှင်ထုတ်နေလေသည့်၊အမိန့်စာရွက်တကိုင်ကိုင်နှင့်ပါဝါပြနေသူ စာသင်ကြီးကို နားမ လည်နိုင်သော မျက်နှာပေးဖြင့် ဆြာဒင် နှုတ်လှန်ထိုးမိချေသေးသည်။
“နို့၊နေပါဦး၊စာသင်ကြီးရဲ့၊ ကျုပ်က ဘာပြစ်မှု များကျူးလွန်မိသတုန်း”
“ပါမစ်မရှိပဲ စာသင်တဲ့အမှုပေါ့ဗျာ”
အံ့သြမှုအပေါင်း သရဖူဆောင်းရလေသည့် စာသင်ကြီး၏အဖြေကြောင့် ဆြာဒင့်ခမျာ ကျယ်လောင်သော အာမေဋိတ်သံနှင့်အတူ ဘထွေးတော်ကို တမိတော့သည်။
“အလိုလေးလေး၊မကြုံဖူးပေါင် ဂုဏ်ထူးဆောင်ပါကလား အရပ်ကတို့၊စာသင်တာ ဖမ်းသတဲ့ဗျ။ပထွေးလေးဘချစ်ခိုင် ကယ်ပါအုံးဗျာ”
ရွှေပင်သူကြီးမင်းကိုယ်တိုင် တတ်အားသမျှတော့ ကာကွယ်ရှာပါ၏။သို့တစေ စာသင်ကြီး၏ကြိမ်းမောင်းသံအရမူ၊မင်းတို့စကား မိုးကြိုး သွားနှယ်ဖြစ်၍ သူကြီးမင်းလည်း အမြီးကုပ်သွားရရှာပါ၏။
“ဟေ့လူ၊သူကြီး ကိုယ့်အလုပ်ကိုယ်လုပ်နော်။ကျုပ်တို့မကွေးဧကရာဇ်ဟာ အဘချုပ်ကြီး လူဗျ၊သမ္မတတောင် သောက်ရေးစိုက်တဲ့ကောင် မဟုတ်ဘူး။မကွေးတိုင်းအကြောင်း ခင်ဗျားသိတယ်မဟုတ်လား”
(လေး)
“ဆြာဒင့်သင်ခန်းစာ ဆက်ပါအုံးဆြာရဲ့၊P..O ..L..I.. C.. E ဆိုတော့ ပူးလီးစ်ပေါ့ဟုတ်လား၊တပည့်ကပြောပါရစဆိုတော့ ပြောခွင့်မပေး ဘူး။ဗမာပြည်မှာ စာသင်ရင်ဖမ်းတဲ့ခေတ်ရောက်နေပြီ ဆြာရဲ့။အမေရိကန်ပြည်ထောင်စုကိုရောက်နေတဲ့ (၈၈)ရဲဘော်ဟောင်းကြီးတစ် ယောက် ဆြာဒင့်အရင် အဖမ်းခံရပြီးပါပကော။အခုတော့ ရွာနှင်ဒဏ်ခံရတောင်နည်းသေး။ရော့၊ဒီမှာဖတ်ကြည့်ပေတော့”
သည်တစ်ကြိမ် ဖူးခက်ဆီသို့အပြန်လမ်းကား ထူထဲလှစွာသောအစောင့်အရှောက်များ ခြံရံလိုက်ပါလာသည့် ရဲကားကြီးနှင့်မို့ ဆြာဒင်တို့ ဆြာတပည့်တစ်သိုက်အဖို့ အန္တရာယ်ကင်းသည့်အပြင် စားရိတ်စားခ သက်သာလှသည်ဟုတော့ ဆိုနိုင်လေမည်။စနစ်ကိုအတင်းပြောင်း လိုသူ ဆြာဒင်မှာ စိတ်ဓာတ်အကျကြီးကျလျက်၊ရဲကားပေါ်တွင်နှုတ်ဆိတ်လိုက်ပါလာချိန်တွင် တပည့်ကျော်ဖေကြည်က ခပ်ငေါ့ငေါ့စကား သံနှင့်အတူ သူ့လက်ကိုင်ဖုန်းအတွင်းမှာ အသင့်ဒေါင်းလုတ်၊လုတ်ထားသော သတင်းတစ်ပုဒ်အား ဆြာဒင့်ကိုဖတ်စေရာ ယင်းသတင်း ကား အောက်ပါအတိုင်းဖြစ်လေသည်။
မကွေးတိုင်းတွင် အင်္ဂလိပ်စာအခမဲ့၊သင်ကြားပေးမိသဖြင့် ပြည်နှင်ဒဏ်အပေးခံရသော၊ဆရာ Maung Maung Wann ၏ရင်တွင်းစကား
“ဒုတိယနေ့ စာသင်ကြားအပြီးညမှာ လ၀ကနဲ့ရဲများက ( အထက် ဖိအားအရ ) မော်တော်ကားနဲ့ ကျနော့်အား တောက်လျှောက်ခေါ် ဆောင်ပြီး လေဆိပ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာသည်အထိ တာဝန်ယူ လုပ်ဆောင်ခဲ့ပါတယ်။ဝန်ထမ်းများအနေနဲ့ ဖိအားအရ တာဝန်နဲ့ အညီလုပ်ဆောင်ခြင်းကို ကျနော့်အနေနဲ့ အပြည့်အ၀နားလည်ပေးနိုင်ပါတယ်၊သို့သော် မရှင်းတဲ့အချက်က မြို့နယ်လ၀ကမှူးမှ ကျနော့် အား ဥပဒေအကြောင်းအခြင်းအရာ စာအုပ်ကိုဖတ်ပြ ရှင်းလင်းရာမှာ
( ၄-၂ အဆိုပါစည်းကမ်းချက်အားလုံးသည် ထိုအခွင့်လက်မှတ် ဗီဇာရသူအား ပြည်ထောင်စုမြန်မာနိုင်ငံတွင်းသို့ ၀င်ခွင့်ပြုထားသော သို့တည်းမဟုတ် ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုင်ခွင့်ပြုထား သော စည်းကမ်းချက်များဟု မှတ်ယူရမည်။ထိုစည်းကမ်းချက် တစ်ခုခုကို ချိုးဖောက်လျှင် ထိုလက်မှတ်ရသူသည်၊ ပြည်ထောင်စု မြန်မာနိုင်ငံမှ နှင်ထုတ်စေရန်၊နိုင်ငံတော်သမ္မတက ညွှန်ကြားပါက နှင်ထုတ်ခြင်းခံရမည်။ )အခု ကျနော့်ကိုနှင်ထုတ်ဖို့ ညွှန်ကြားသူမှာ မကွေးတိုင်း အစိုးရ ၀န်ကြီးချုပ် ( ဦးဖုန်းမော်ရွှေ ) ဖြစ်သည်ဆိုလျှင်၊ယင်း ၀န်ကြီးချုပ်သည် သမ္မတအခွင့်အာဏာကို လုပ်ပိုင်ခွင့်ရှိမရှိ သိချင်ပါတယ်။
ဥပဒေစကားကို တွင်တွင်ကျယ်ကျယ် ပြောဆိုနေသူကိုယ်တိုင်က ဥပဒေကိုသဲသဲကွဲကွဲမသိ လုပ်ချင်ရာလုပ်တယ်လို့ပဲ မှတ်ယူမိပါတယ်။ဆိုရိုးတစ်ခုရှိပါတယ်(လူတစ်ယောက် စကားသုံးခွန်း ပြောလိုက်ပါ။စာသုံးကြောင်း ရေးလိုက်ပါ။ခြေလှမ်းသုံးလှမ်း လှမ်း လိုက်ပါ။ဥပဒေနဲ့လွတ်ရင် ကြိုက်သလိုပြောတဲ့)။ကျနော်စာသင်ကြားခြင်းကို ဥပဒေနဲ့မညီဆိုရင် လူကြီးမင်း ကိုယ်တိုင်ကရော ဥပဒေနဲ့ဘယ်လောက်ညီအောင် လုပ်ဆောင်နေပါသလဲ၊မေးခွန်းထုတ်ချင်ပါတယ်”
ဒင့်အပြစ်နဲ့ဒင်သာရှိပါစေတော့ဟုသာ ညည်းချင်းထုတ်လိုက်ချင်တော့၏။အထက်ပါစာ၏အဆုံးတွင်ကား တယ်လီဖုန်းဖန်သားပြင်ပေါ် တွင် တစ်ဆက်တည်းပေါ်နေသည့်၊ “လူသားချင်းစာနာမှုဆိုင်ရာ ပြစ်မှုများတွင် အပြစ်ရှိကြောင်း တွေ့ရှိသဖြင့် ခမာနီခေါင်းဆောင်များ အား တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချ”ဟူသော သတင်းတစ်ပုဒ်ကို တွေ့ရပြန်လေရာ နောင်မကြာမတင်အချိန်၊ဒင်းတို့ ဤစာရင်းတွင် မပါဝင်ကြပါစေနှင့်ဟုသာ ဆြာဒင့်ရင်ထဲမှ ကျိတ်၍ဆုတောင်းရင်း စိတ်သက်သာရာရစေခြင်းငှာ အဝေး၌မှုန်ပြပြ ကျန်ရစ်သော ရွှေပင်ရွာဆီသို့ အလွမ်းပြေလှမ်းမျှော်ကြည့်ရင်း သီချင်းတစ်ပုဒ်ကိုခပ်တိုးတိုးညည်းရင်း လိုက်ပါခဲ့လေတော့သည်။
“ယုန်ကောင်ငုံ၍ ယုန်ရုပ်ရေးပြသော်လည်း ယုံရခက်ခဲ၊ခက်လှချည့်ရဲ့ နောင်များတစ်ခါ ၊မေတ္တာပဋိညာဉ်လွှာ ချိန်ခွင်ညှာတင်လို့ ပြောပြပေမဲ့ ဂုဏ်ဓနမက်လို့ စုံမဖွက်ကာ မယုံတစ်ဝက်၊ယုံတစ်ဝက် ယုံရခက်ကြီးပါ”
လီဗာကုန်အရှိန်မြင့် မောင်းနှင်နေလေသော ရဲကားကြောင့် နောက်ဖက်မှာတစ်ရိပ်ရိပ်ကျန်ခဲ့သော၊လှည်းလမ်းကြောင်းတစ်လျှောက်တွင် ကား ဖုန်လုံးကြီးတွေ တလိမ့်လိမ့်တက်နေသည်ကို ဆြာဒင် မြင်နေရချေ၏။အော်၊ရွှေညာမှာ နေမသာ၊လမထွက် မှောင်မိုက်ဆဲကာလ များပေတကား။ ။