၁၃၊၀၈၊၂၀၁၄နေ့ထုတ် ဆဲဗင်းဒေး အပတ်စဉ်ဂျာနယ်မှ ။ ။
အခန်း(၄၇)
“ဇာတ်တူသားကို စားကြသူများ”
ကိုမင်းဒင်
ခင်ဗျားသိချင်တယ်ဆိုတဲ့ အေဘီအက်စ်ဒီအက်ဖ်ကျောင်းသားတပ်ဖွဲ့ဝင်တွေကြားက သတ်ဖြတ်မှုတွေနဲ့ပတ်သက်လို့ ကျနော်စုဆောင်း ထားတဲ့ အချက်အလက်တချို့ကို ပို့ပေးလိုက်ပါတယ်။
ဒီအချက်တွေကို လွန်ခဲ့တဲ့ငါးနှစ်(၂၀၀၉)ခုနှစ်ဝန်းကျင် အွန်လိုင်းစာမျက်နှာတွေ ပေါ်ကနေ ရပါတယ်။စာရေးသားဟန်၊ချောမွေ့မှုအနည်းငယ်လိုအပ်နေတယ်လို့ထင်မိပေမဲ့ အချက်အလက်အဖြစ် အထိုက်အလျောက် အသုံးဝင်မယ်လို့ ကျနော်ယူဆပါတယ်။
ခင်မင်လျက်
သက်ခိုင်(၂၀၁၄၊သြဂုတ်လ ၈ ရက်)
အထက်ပါအီးမေးလ်မှာ ကျောင်းသားတပ်ဖွဲ့ဝင်အချင်းချင်းသတ်ဖြတ်မှုများနှင့်ပတ်သက်၍ ကိုသက်ခိုင်ပေးပို့သော အချက်အလက် များဖြစ်၍ အဆိုပါသတ်ဖြတ်မှုမှာ အေဘီမြောက်ပိုင်းတွင်သာမက၊အေဘီတောင်ပိုင်းတွင်ပါ ဖြစ်ပွားခဲ့ကြောင်းတွေ့ရှိရသည်။အေဘီ တောင်ပိုင်းလူသတ်မှုအပေါ် အသတ်ခံရသူကိုဌေးနိုင်၏ ညီအစ်ကိုအရင်းတော်စပ်သူ ကိုဌေးတင့်၏ စူးစမ်းရှာဖွေမှုနှင့် ကာယကံမြောက် ပါဝင်ခဲ့သူများ၏ ကိုယ်တွေ့ဖြစ်ရပ်တချို့ကိုတွေ့ရှိရသည်။
………………။……………..
(ကိုဌေးနိုင်နှင့်ညီအစ်ကိုရင်းတော်စပ်သူ ကိုဌေးတင့်၏စာတစ်စောင်)
လူသတ်မှု သက်သေခံသူ ကျောင်းသားတပ်မတော် မိုးသီးစစ်ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သူက ကိုဌေးနိုင်ကို စွပ်စွဲသော သူလျှိုမှုနှင့် ဖမ်းဆီးရာတွင် လုပ်ထုံးလုပ်နည်းများကျော်သွားတယ်လို့ ရှင်းပြပါတယ် ။မျက်မြင် သက်သေဖြစ်တဲ့ အေဘီအက်စ်ဒီအက် စစ်ရုံးတာဝန် ရှိနေသူ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ပြန်ပြောပြတာကတော့ …၊ယူကြုံးမရဖြစ်ခဲ့ရတဲ့ ကိုဌေးနိုင်အမေဟာ အိပ်ပျော်နေတဲ့သူ့သားကို တောထဲမှာအသတ်ခံရဖို့ နှိုးလိုက်မိတယ်တဲ့။
(အထောက်အထား ဗီဒီယိုအခွေကို သက်ဆိုင်သူများက မိုးသီးဗဟိုကော်မတီဖက်က တရားဝင်စာထုတ်ပြန်ပြီးမှတင်ပြရန် တောင်းဆို လာပါသဖြင့် ခေတ္တဖြုတ်ထားပါသည် ဟုဖော်ပြထား၏။)
ကိုဌေးနိုင်ကို ရန်သူ့သူလျှိုဟုစွပ်စွဲပြီး ရိုက်နှက်စစ်ဆေး ဝန်ခံကတိပြုထားသည့် ဗီဒီယိုအခွေကို၂၀၁၂ တွင် ဒုဥက္ကဌ တာဝန်ယူထားသော ကိုကျော်ကိုကိုဝင်း မှ သက်သေအဖြစ်ရှိပါသည်ဟု ပြောလာပါသည် ။
ကိုဌေးနိုင်ကိုဖမ်းဆီးရန် စီစဉ်အကွက်ချသူများ အုပ်စုဗဟိုကော်မီတီ ဆုံးဖြတ်ချက်ကိုကျော်လွန်ပြီး မိုးသီးအမိန့်နာခံသူများအုပ်စု
ကိုဌေးနိုင်ကိုလက်ရောက် ဖမ်းဆီးနှိပ်စက်၊ဝန်ခံခိုင်းသည့်အုပ်စု၊ကိုဌေးနိုင်ကို လက်ရောက်သတ်ဖြတ်ခဲ့သည့်အုပ်စု၊ကိုဌေးနိုင်ကိုသတ် ဖြတ်ပြီး တပ်ဖွဲ့ဝင်များနှင့် ပြည်ပသို့သတင်းမှားများ ဖြန့်ဝေသည့်အုပ်စုစသည်ဖြင့် ကိုဌေးနိုင်ကိုသတ်ဖြတ်ပြီး နှစ်နှစ်ဆယ်ကျော်ဝိုင်းဝန်း လိမ်ထားခဲ့ပါသည်။
အချို့မှာ တော်လှန်ရေးအကျိုးစီးပွားအတွက် မသိလိုက်ဘဲ ပါဝင်ပူးပေါင်းကူညီခဲ့ရပါသည် ။အချို့မှာ သိလျက်နှင့်မိမိ အတ္တအကျိုးစီးပွားအတွက် ပါဝင်ခဲ့ရပါသည် ။
မည်သို့ပင်ဆိုစေကာမူ အမှန်တရားကို ရင်ဝယ်ပိုက်ထားသော ကျောင်းသားတော်မတော်အဖွဲ့ဝင်အများစု ကျေနပ်နိုင်လောက်သော
သမိုင်းမှန်မှတ်တမ်းတစ်ခုကို ဝိုင်းဝန်းဖေါ်ထုတ်သင့်ပါသည်။အတဲ့သူတွေ ဆက်ခံကြပေတော့။၁၉၉၃အိုက်စပ်စပ် ပြင်းပူနေတဲ့ ဘန်ကောက်နေ့လည်ဟာ အားလုံးကိုနေအိမ်မှာ(စာရေးဆရာဦးစင်ကြယ်အိမ်)ရာသီဥတုက အကျယ်ချုပ်ထားပါတယ်။
ပန်ကာက လေ ပူပူတွေ ဝိုင်းရှူကြတာပေါ့ ။ခေါင်းဆောင်ကြီး မိုးသီးက စိတ်ကူးယဉ်အတွေးအခေါ်စပြီး ချပြပါတယ် ။
ဒဏ်ရာရရဲဘော်တွေကို တော်လှန်ရေးအတွက် ဆက်အသုံးချနိုင်ရန် စစ်အဝတ်အစားချုပ်ရန် စက်များလိုအပ်ကြောင်း(အခြားအုပ်စု များက ဒဏ်ရာရကျောင်းသားရဲဘော်များကို ယူအန်ထောက်ပံကြေးယူပြီး တတိယနိုင်ငံတွင်အခြေချရန် စတင်ထိုးဖေါက် ကြိုးစား သည့်ကာလဖြစ်ပါသည်။)
ဖိနပ်များကိုလည်း ချီခွေဗာရာတို့လို ကိုယ်တိုင်ချုပ်လုပ်ရန်နဲ့ကျည်ဘောက်များနည်းလို့ ကိုယ်ပိုင်ထုတ်လုပ် လျှင် ပိုကောင်းမည်ဖြစ်ကြောင်း ပြောကြပါသည်။ကိုမိုးသီးက စက်မှုလုပ်ငန်းတွေ စိတ်ဝင်စားပြီး ကျွမ်းကျင်တယ်နော်ဟုပြောရာ မိုးသီးက “အဖေက စစ်တပ်မှာစက်ပြင်ဆရာ တပ်ကြပ်ကြီးဟောင်းပါ။ကျွန်တော်ငယ်ငယ်က မန္တလေးနန်းတွင်း ဘီအီးအမ်အီးတပ်ထဲမှာ ကြီးလာတာပါ”ဟုပြောပါသည်။
ကျွန်တော်သိလိုက်ပါသည်။အိတ်ကလေးဆွဲပြီး နေ့တိုင်းရာရှင်ရုံးမှာ တန်းစီစောင့်ခဲ့ဘူးတဲ့ဘဝ၊ အရင်ရအောင် အတင်းတိုးနေရာလုတဲ့ ငယ်ငယ်ကမိုးသီးဘဝ နှစ်ပေါင်းများစွာ လေ့ကျင်လာတော့လဲ အခုထိတိုးနေတုံးဘဲ၊မင်းလောင်းရှာစိတ်ရှိတဲ့လူတွေကို အထင်ကြီး အောင်ပြောတတ်တဲ့အကျင့်နဲ့ ကိုဌေးနိုင်အဖေက ဘီအီးအမ်အီးက နည်းပြအင်ဂျင်နီယာပါ။
နည်းပြချုပ်က ရုပ်ရှင်မင်းသမီးဒေါ်မေသစ်ရဲ့ ယောက်ျားဗိုလ်မှူးကိုကိုပါ။နောက်တော့လဲ ဦးတင်ဦးအုပ်စုနဲ့အတူ (၁၉၅၇မှာ မန္တလေးဂျီတီအိုင်က ကျောင်းပြီးတာဆိုတော့ )တနည်း ဆိုသော် ကိုဌေးနိုင်အဖေက မိုးသီးအဖေရဲ့ဆရာပါ ။မိုးသီးတို့မိသားစု ရပ်တည်ရေးအတွက် စက်ပြင်ပညာသင်ပေးခဲ့တဲ့ ကျေးဇူးရှင်ဆရာ ထမင်းရှင်ပါ ။
မိုးသီးလည်းသိသွားပါသည်။တော်လှန်ရေးကိုပူးပေါင်းပြီး ဆက်လက်တွဲမည်ဟုပြောပါတယ်။
ကျွန်တော် မိုးသီးကို ဖေဖေ့တပည့်၏သား တစ်ယောက်အဖြစ် ယုံကြည်မိပါတယ်။ကျွန်တော်တို့ညီအကိုနှစ်ယောက် မိုးသီးအပေါ် ရိုးသားခဲ့ပါသည်။အားလုံးကလည်း မိုးသီးအပေါ် အနှစ်နှစ်ဆယ်ကျော်ကျော် ယုံကြည်ခဲ့ကြပါသည်။ကိုသန်းဝင်းစာထွက်လာမှ မိုးသီးကစိတ်ထဲမှာ ဌေးနိုင်ကို မနာလိုခဲ့ဘူးဆိုတာပါဘဲ။
သမိုင်းအမှန်ကိုဖျောက်ပြီး အားလုံးကိုညာခဲ့ပါသည်။မျက်နှာဖုံးချွတ်ပြီး နာမည်ကြီးအောင်လုပ်ကာ၊၈၈ကို ခုတုံးလုပ်ပြီး တော်လှန် ရေးကြီးတစ်ရပ်လုံးကို၊ဘာဆက်လုပ်ကြမှာလဲ။ဟုတ်ပါသည် ဘယ်အဖွဲ့ရောက်ရောက် အဖွဲ့တွေကွဲတာ ဒေါင်းယောင်ဆောင်တဲ့ကျီးစုတ် ကျီးပုတ်ကြောင့်ပါ။
……………………………………
(ကိုဌေးတင့်၏ဒုတိယစာတစ်စောင်)
“ကျေးဇူးရှင်သားကို ရက်ရက်စက်စက်သတ်တဲ့မိုးသီး။မိုးသီး မင်းကို မြေမျိုတော့မယ်။မိုးသီးနားက ဝေးဝေးရှောင်ကြ။ဌေးနိုင်ကို ဘယ်သူတွေဖမ်းပြီး နှိပ်စက်တာလဲ”
နောက်ဆုံးရတဲ့သတင်းမှန်။ ။၂၀၁၁ခုနှစ်၊ဖေဖော်ဝါရီလ(၁၂) ရက်နေ့၊ပြည်ထောင်နေ့က မမျှော်လင့်ဘဲ Utrecht ကိုသွားရင်း ကိုထွန်း ထွန်းဦးနဲ့တွေ့ခဲ့ပါတယ်။ မတွေ့တာငါးနှစ်ကျော်ဆိုတော့ အလာပသလာပတွေ ပြောဖြစ်ခဲ့ပါတယ်။အိမ်ရှင်မှ ဟင်းပေါင်းစုံကို အရသာရှိရှိ ချက်ကျွေးသောကြောင့် ကိုထွန်းထွန်းဦး ဝိုင်နှင့်အမြည်းကို တဝသောက်ခဲ့ပါသည်။
မင်းတို့ထက် ငါပိုသိတယ်။ငါက မျက်စိရှေ့မှာ မြင်နေရ တာတဲ့ အရက်မူးကျွဲခိုးပေါ်ဆိုသည့် စကားအတိုင်း အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားတပ်ဖွဲ့ဟောင်း တစ်ဦးမှနှစ် ပေါင်းများစွာ မြိုသိပ်ခဲ့ရတဲ့ ဖြစ်ရပ်မှန်ကို ပြောပြခဲ့ပါတယ်။၁၉၉၃ခုနှစ်က လူသတ်မှု ၂ ခုပေါ်လာပါသည်။ကိုထွန်းထွန်းဦးပြောပြသည်မှာ ရန်သူ့လူတစ်ယောက်မိသည်ဟု သတင်းကြားပြီးသွားကြည့်ရာ ကိုဌေးနိုင်ကို အံ့သြစွာစွာဖြင့် မြင်လိုက်ပါသည်။
ကျွန်တော်လေးစားသော ကျောင်းသားတပ်မတော် ဦးစီးချုပ်ဗဟိုမှ လက်မှတ်ထိုး ဖမ်းမိန့်ပေးထားသည့်စာမှာ သိမ်းခဲ့သော်လည်း ပျောက်ဆုံးခဲ့ပါသည်။ဆီဝေရင် ကျွန်တော့ကို ချာတိတ်ဟုခေါ်ကာ ပိုပေးတတ်ပါသည်။ကျွန်တော်က ဂျီတီအိုင်က ကျောင်းသားပါ။ကျွန်တော်က အဲဒီတုန်းက လူငယ် တစ်ယောက်ပါ။ကိုဌေးနိုင်ကို အထက်အရာရှိ အဖြစ်လေးစားပြီး အကိုတစ်ယောက်ကဲ့သို့ သံယောဇဉ်ရှိပါတယ်။ကိုဌေးနိုင်ကို ဖမ်းထားစဉ် အကိုဖြစ်သူ ဘန်ကောက်မှာရှိသည်ဟု အကြောင်းကြားလာပါသည်။
လှဝင်းဆိုသော ချာတိတ်ဖြစ်ပါသည်။မမြင်ဖူးတော့ မယုံပါဖူး။အခု ခင်ဗျားနဲ့မနီလွိုင်မှာတွေ့မှ မြင်ဖူးတာကိုး။မိုးသီးက လက်နက်တွေကို ပဲခူးရိုးမထဲရှိ ကွန်မြူနစ်တို့ထံ ပို့ခိုင်းပါသည် ။
ကျွန်တော်ကိုယ်တိုင် ရဲဘော်အချို့ကိုခေါ်ပြီး သေနတ်အလက် (၂၅)လက်၊လက်ပစ်ဗုံးများမာနယ်ပလောမှ လှေဆိပ်သို့ထမ်းချပေးခဲ့ရ ပါတယ်။ကေအန်ယူမှသိရှိသွားပြီး ကျွန်တော်တို့အားလုံး အဖမ်းခံရပါသည်။ဒေါက်တာနိုင်အောင်မှ သတင်းရပြီး နိုင်ငံခြားသားသတင်း ထောက်များခေါ်လာပြီး ကေအန်ယူလက်ထဲမှ ထုတ်ပါသည်။
ဗိုလ်ချုပ်မြမှ မင်းတို့ကရင်နယ်မြေမှထွက်ရန် အမိန့်ပေးလာပါသည်။ ကျွန်တော်တို့ ကျောင်းသားဗဟိုအဖွဲ့ မာနယ်ပလောမှထွက်ခွာရန် ပြင်ဆင်ပါသည်။ကျွန်တော်တို့ စက်လှေကို ပြင်ဆင်ပြီးတော့ အချုပ် ခန်းထဲမှ ဒီကောင်ကြီးကို ဘယ်လိုလုပ်ကြမလဲဟု တိုင်ပင်ကြပါသည်။နိုင်အောင်လဲ ရှိတယ်။လွမ်းဏီ၊ ဘစောထွန်းတို့လည်းရှိနေပါသည်။ ကျွန်တော်က ပစ္စတိုနှစ်လက် ခါးကြားမှာဆိုတော့ အကောင်ပေါ့။ကျွန်တော့်ကို အမိန့်ပေးလို့မရပါဖူး။ကရင်နီကို တပ်ပြောင်းရာမှဒီနှစ် ကောင်က အခက်အခဲဖြစ်နေလို့ထားခဲ့ရန် အားလုံးက သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။
ကျွန်တော်တို့က ပညာတတ်ကျောင်းသားတွေ ပါ။
ကိုယ်တိုင်သတ်ရန်မလိုပါဖူး၊ကိုဌေးနိုင်ကို ဆေးထိုးလိုက်ပါတယ်။ဒီလောက်ကြီးတဲ့ ခန္ဓာကိုယ်ကြီး ငါးမိနစ်မခံပါဖူး၊ကောင်းလိုက်တဲ့ဆေး ပါ။ကျန်တစ်ယောက်ကိုတော့ ပစ္စတိုနဲ့ခေါင်းကို ကျွန်တော်တို့ထဲမှတစ်ယောက်က သေနတ်စမ်းလိုက်ပါတယ်။တစ်ချက်တည်းပါဘဲ။ မှတ်မှတ်ရရ သူ့နာမည်က လှဝင်းတဲ့၊ကျွန်တော်တို့လည်း အဖမ်းခံထားရပြီး လွတ်လာခါစဆိုတော့ ညစ်နေတာပေါ့ဗျာ။ဆောရီးဘဲ ကိုဌေးတင့် ကျွန်တော်အမှန်တကယ် စိတ်မကောင်းပါဖူး။
မှတ်မှတ်ရရ ၁၉၉၃ မတ်လ ၂၂ နဲ့၂၇ ကြားပါ။သတ်ပြီးချိန်မှာ ကရင်က လာမေးတော့ သယ်သွားမယ်ဟုပြောပြီး၊လှေထဲမှာစောင်အုပ်ပြီး အဲဒါဌေးနိုင်ဟု လက်ညိုးထိုးပြခဲ့ပါသည်။ဌေးနိုင်နဲ့ လှဝင်းအလောင်းကို ပုဆိုးစုတ်ကလေးအုပ်ပြီး ချုံပုတ်ဘေးမှာ ပစ်ထားခဲ့ပါသည်။ရဲဘော်တစ်ယောက်မှ လှေထွက်ခါနီး အလောင်းထားခဲ့တယ်လို့ ကရင်တပ် ကို ပြောခဲ့ပါတယ်။မတတ်နိုင်ဖူးဗျာ တာဝန်ကျေအောင် လုပ်ပေးရတာဘဲ။နိုင်အောင်က မိုးသီးလောက် နိုင်ငံရေးမကောင်းဖူး၊သူတို့  ၂ ယောက်က အတူတူပါဘဲလေ။(ရဲဘော်ရဲဖက်များကို ကျွန်တော်ရသည့်သတင်းကို ပေးပို့ပါသည်။အမှန်တရားတစ်ခုကို ပူးပေါင်းပိတ်ဆို့ လို့ မရနိုင်ပါ။
ကျွန်တော့်ဆီမှာ အသံသွင်းဖိုင်ရှိသော်လည်း အချိန်မကျသေးလို့ မဖြန့်တော့ပါ။ကိုဌေးနိုင် သေဆုံးချိန်မှာ အတူတူရှိသော လူခြောက်ယောက် စာရင်းထွက်လာပါသည်။ကိုဌေးနိုင်ကို သတ်မိန့်ပေးတဲ့အဖွဲ့ကတော့ မိုးသီး၊ဒေါက်တာနိုင်အောင်၊ဘစောထွန်း၊ လွမ်းဏီ၊ဇော်ရဲ(အောက်မှာငြင်းထားပါတယ်၊လုပ်ကြံတာပါတဲ့)၊ထွန်းထွန်းဦးဖြစ်ပါသည်။ကိုဌေးနိုင်ကိုဖမ်းရန် အမိန့်ထုတ်ခဲ့၊လက်မှတ်ထိုး သူမှာ မိုးသီးဖြစ်ပါသည်။)
ကနေဒါမှ ကျောင်းသားရဲဘော်ရဲဘက်များက ကိုဌေးနိုင်နှင့်ပါတ်သက်ပြီး တစ်ခုခုလုပ်နိုင်ရန် တိုင်ပင်နေ သည်ဟု ကိုနိုင်ဦးမှ ပြောလာပါသဖြင့် သိရှိစေရန်တင်ပြပါသည်။ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ လူငယ်တိုင်းကို တာဝန်ပေးဖို့ စဉ်းစား ရန်လိုသည်ကို ညီတစ်ယောက်ပေးသည့် သမိုင်းမှန်ဖြင့် ထောက်ခံလိုက်ပါသည် ။
(ဌေးတင့်)
………………………….။
(ကိုဌေးတင့်၏ရေးသားချက်အပေါ် အမည်မမှတ်မိသူတစ်ဦး၏ မှတ်ချက်)
ကိုမိုးသီးဗဟို အခြေစိုက်တဲ့ သေ့လောထ ဆက်သွယ်ရေးကုန်းမှာ၊ နေခဲ့ရတဲ့ နောက်ဆုံးညတွေကို ဘယ်တော့မှ မမေ့ပါဘူး။ဒီကုန်းရဲ့ အနောက်ဖက်အမြင့်ဆုံးနေရာကနေ ညနေပိုင်းတွေ ညပိုင်းတွေမှာ ကိုနိုင်အောင် ဦးဆောင်တဲ့ ၂၁၄ တပ်ရင်းက ရဲဘော်တွေက သေနတ်တွေ လာလာခြောက်ပစ်ပါတယ်။အဲဒီကာလဟာ ဗိုလ်ချုပ်မြက ကိုမိုးသီးတပ်တွေအားလုံးကို ကရင်နယ်မြေကနေ မောင်းထုတ်နေချိန်ဖြစ်တယ်။ကျနော်တို့အားလုံး ကိုအောင်သူငြိမ်းရဲ့ကျေးဇူးကြောင့် မသေပဲ အားလုံးထွက်လာနိုင်ခဲ့တာပါ။
ကျနော်ကတော့ နေ့လည်ဆို စက်ကိုင်တယ်။မွေးထားတဲ့ကြက်တွေကို နေ့တိုင်းရိုက်၊ချက်စားတယ်။ကျနော်တို့ ရဲဘော်တွေ (ကလလတ)ဖက်ကို တဖြည်းဖြည်းစတင်ပြောင်းရွှေ့နေပြီကိုး။ညမှာ ကျနော့် (M16) ကို ကျည်အပြည့် ကိုယ်မှာပတ်၊ ကျည်ထိုး၊ ကိုယ့်ကိုယ့်ကိုယ်သေလူအဖြစ် သတ်မှတ်ပြီး ကြက်အိပ်၊ကြက်နိုးအိပ်ရတယ်၊ပြဿနာအခြေနေ အားလုံးစုံကို ကျနော်တို့ စက်သမားတွေ သိထားတယ်။မယုံမရှိပါနဲ့ အဲဒီကာလမှာ အဆင်မသင့်ရင် ကျောင်းသားအချင်းချင်းပြန်ပစ်ရမဲ့ အခြေအနေတွေ တကယ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ဘာမှမဖြစ်ခဲ့ကြပါဘူး။
တစ်ညမှာ ည ၁၂နာရီလောက်ကြီး ကိုမိုးသီး ဘောင်းဘီတို၊အင်္ကျံချွတ်ကြီးနဲ့ ကြောက်ဒူးတုန်ပြီး ဒီကုန်းပေါ်ပြေးတက်လာတယ်။ကျနော်က “ဘာဖြစ်တာလဲ ဥက္ကဌ” လို့ ခပ်သုတ်သုတ်မေးတော့ လာဝိုင်းတယ်၊ လာဝိုင်းတယ် လို့ ဖြေတယ်။ဟုတ်တယ် သံလွင်ကမ်းစပ်မှာ သူတို့ကောင်တွေ မီးပြပြနဲ့ ခြေရှုပ်နေတယ်။နောက် ရက်မကြာခင်မှာပဲ ကိုမိုးသီးအပြီးပဲ ခရီးထွက်သွားတယ်။အဲဒီကုန်းမှာ ဒုတိယနောက်ဆုံးညအထိ ကျနော်ရှိနေခဲ့တယ်။
.နောက်နေ့မှာ ကိုဝင်းနိုင်ဦးနဲ့ကျနော် သော်လဲထကနေ မဲစရင်းကို ထွက်ခဲ့တယ်။ဒီကုန်းရဲ့ ဘယ်အောက်ဖက် စမ်းချောင်းဘေးမှာ ကိုဌေးနိုင်ကိုထားတဲ့နေရာရှိတယ် (အရင်ကတော့ သံလွင် ဟိုဖက်ကမ်းမှာထားတယ်။ပြဿနာတွေ အကြီးအကျယ်တက်လာတော့ သူ့ကို ဒီဖက်ကမ်းကို ပြန်ခေါ်ထားတယ်)။ ကျနော်တို့အားလုံး ပြောင်းရွှေ့လာကြတော့ ကိုဌေးနိုင်ပါမလာတော့ပါဘူး။ဘယ်လိုပုံစံနဲ့ကျန်ခဲ့လဲဆိုတာ ကျနော်တို့ အများစု မသိသလို၊လူအများလည်း စိတ်ဝင်စားနေတဲ့ ကိစ္စတစ်ခုဖြစ်နေတယ်။
ဗဟိုဆက်သွယ်ရေးမှာ တာဝန်ယူရတဲ့ ရဲဘော်တွေဟာ လဝတွေ ကိုင်ထားရလေ့ရှိတယ်။ ကျနော်တစ်ခါ၊တစ်ခါ စဉ်းစားမိတယ်။အဲဒါဟာ ဘယ်လောက်ကာလအထိ အကျုံးဝင်သလဲဆိုတာကို (တချိန်ချိန်ကျရင် အဲဒီကာလက အသက်အခြေအနေ ခြိမ်းခြောက်ခံနေတဲ့ ပြဿနာတွေအကြောင်း ပြည့်ပြည့်စုံစုံ ရေးဦးမယ်ဗျာ)။
……………………………
(အေဘီခေါင်းဆောင်ဟောင်းကိုသန်းဝင်း၏ စာတစ်စောင်)
ပြည်သူ၊ရဲဘော်၊မိတ်ဆွေများခင်ဗျား
မိုးသီးဇွန်ဆီမှ အီးမေးလ်တစ်စောင်၊လျှို့ဝှက်စွာတွဲပြီး ပို့ခဲ့ပါတယ်။အီးမေးထဲမှာ “ ကျနော့ရဲ့အခြေအမြစ်မရှိတဲ့ တိုက်ခိုက်မှုတွေကို အခုလို အရေးကြီးကာလမှာ ဖြေရှင်းစရာမလိုဘူး။ဋ္ဌေးနိုင်ကိုသူမသတ်ဘူးလို့ ရေးထားပါတယ်။” ဒီကိစ္စနှင့်ပတ်သက်လို့ ဋ္ဌေးနိုင်ကို မိုးသီး သတ်သလား၊မသတ်ဘူးလားဆိုတာကို အများကဆုံးဖြတ်ပါ။ကျနော်သိသလောက် ရှင်းလင်းတင်ပြပါ့မယ်။ဋ္ဌေးနိုင်ဟာ ၁၉၈၈ ရန်ကုန် တက္ကသိုလ်ကျောင်းသားတစ်ယောက်ပါ။
၁၉၈၈မှာ ကျနော် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂကို တည်ထောင်တဲ့အခါ ဋ္ဌေးနိုင်ဟာ ကျနော့ရဲ့လက်အောက်ဖြစ်တဲ့ ရန်ကုန် တက္ကသိုလ်၊လှိုင်နယ်မြေဒေသကောလိပ် (၂) ရဲ့သမဂ္ဂတာဝန်ခံတစ်ယောက်ဖြစ်ပါတယ်။ ကျနော့ရဲ့အချစ်ဆုံးသူငယ်ချင်းလည်း ဖြစ်ပါ တယ်။
စစ်အာဏာသိမ်းပြီး (၁၉၈၈) နယ်စပ်ကိုရောက်တော့ သေဘောဘိုးစခန်းကိုရောက်ပါတယ်။အဲ့ဒီအချိန်ဟာ (ABSDF) ပထမ သက်တမ်း ကျနော်အထွေထွေအတွင်းရေးမှူး (အေဘီဗဟို)မှာ တာဝန်ထမ်းဆောင်နေတဲ့ ကာလဖြစ်ပါတယ်။ဒီလိုနဲ့နှစ်လ၊သုံးလ အကြာမှာ ဋ္ဌေးနိုင်ဟာ ကျနော်နဲ့အတူနေဖို့ အေဘီဗဟိုကိုရောက်လာပြီး၊ကျနော့နားမှာ နေခဲ့ပါတယ်။(ABSDF) နှစ်ခြမ်းကွဲတော့ ကျနော် ကိုကိုဦး၊ မိုးသီး ဦးဆောင်တဲ့ဘက်ကိုရပ်ခဲ့ပြီး မိုးသီးဥက္ကဋ္ဌ ဖြစ်ပါတယ်။ကိုကိုဦးက အထွေထွေအတွင်းရေးမှူး၊ ကျနော်က (EC) ပါ။မိုးသီး က ဋ္ဌေးနိုင်ကို ဗဟိုစစ်ရေးတာဝန်ခံ ပေးအပ်ခဲ့ပါတယ်။
ဒီလိုနဲ့ ကိုကိုဦးနဲ့ကျနော် တောင်ပိုင်းမှာတာဝန်ထမ်းဆောင်နေတဲ့အချိန် ဋ္ဌေးနိုင်ကို မိုးသီးက ဖမ်းလိုက်ပါတယ်။ဒီအချိန်မှာ နိုင်အောင်ဘက်မှာ ကိုနေဝင်းအောင်နှင့်ကိုစိုးလင်း ( မြောက်ပိုင်း ABSDF)ကို သူလျှိုမှုနှင့် ဖမ်း ဆီးပြီး မြေကျင်းမှာထည့်ထားခဲ့တယ်။(တစ်လအကြာမှာ ဋ္ဌေးနိုင်အဖမ်းခံရတယ်ဖြစ်ပါတယ်)။
ကျနော်နှင့်ကိုကိုဦးက မိုးသီးဆီကို စက်ရိုက် ပြီး ဘာကြောင့် ဋ္ဌေးနိုင်ကိုဖမ်းရတာလဲလို့ လှမ်းမေးပါတယ်။မိုးသီးက နိုင်အောင်တို့ဘက်မှ ကိုနေဝင်းအောင်နှင့် ကိုစိုးလင်းကို စစ်ဆေး တဲ့အခါ သူတို့က မိုးသီးဘက်က ဋ္ဌေးနိုင်ဟာလည်း သူတို့နဲ့အတူတူပါပဲလို့ထွက်ဆိုလို့ ဖမ်းဆီးလိုက်ရတယ်လို့ ဖြေရှင်းပါတယ်။
ကျနော်က ပြင်းပြင်းထန်ထန် ကန့်ကွက်ငြင်းချက် ထုတ်ခဲ့ပါတယ်။ဋ္ဌေးနိုင်ဟာ သူလျှိုလုံးဝမဟုတ်ဘူး။ငါနဲ့အတူတူလုပ်ခဲ့တာ။လွှတ်ပေး ပါ။
ငါ အာမခံတယ်။ဋ္ဌေးနိုင်နဲ့ပတ်သက်လို့ ငါတာဝန်ယူတယ်လို့ စက်သွယ်ရေးစက်မှတစ်ဆင့် ပို့ပေးခဲ့ပါတယ်။ဒါပေမဲ့ မိုးသီးဟာ ကျနော့် တောင်းဆိုချက်ကို ဂရုမစိုက်ပဲ ဖမ်းမြဲဖမ်းထားပါတယ်။ကျနော် ကိုကိုဦးကို မေးတော့လည်း ဋ္ဌေးနိုင်ဟာသူလျှို လုံးဝမဖြစ်နိုင်ဘူး။ နောက်ပြီး နိုင်အောင့်ဘက်ကပေးတဲ့သတင်းနဲ့ ဖမ်းတယ်ဆိုတာ အခြေအမြစ်မရှိဘူးလို့ သူ့စဉ်းစားချက်ကိုပြောပြီး၊ကိုကိုဦးဟာ သူ့ရဲ့ အထွေထွေအတွင်းရေးမှူးတာဝန်ကို အသုံးပြုပြီး မိုးသီးထံကို ကြေးနန်းရိုက်ပါတယ်။
“မိုးသီး ငါအထွေထွေအတွင်းရေးမှူးတစ်ယောက်အနေနဲ့ သဘောထားပေးတယ်။ချက်ခြင်းလွှတ်ပေးပါ”လို့ တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ မိုးသီးဂရုမစိုက်ပါဘူး။ ဋ္ဌေးနိုင်ကိုဖမ်းမြဲဖမ်းထားပါတယ်။အဲ့ဒီတော့ ကျနော်အတော်ဒေါသ ဖြစ်ခဲ့ပါတယ်။ဒါကြောင့် မိုးသီး၊မင်း ဋ္ဌေးနိုင်ကို ချက်ခြင်းလွှတ်ပါ။မင်းမလွှတ်ရင် ငါမာနယ်ပလောကိုရောက်၊ငါ့တပ်နှင့်တိုက်ပြီး ဋ္ဌေးနိုင်ကိုရအောင် ထုတ်ယူမယ်လို့ အကြောင်းကြားခဲ့ပါတယ်။
ဒီလိုနဲ့ ကျနော်မာနယ်ပလောကိုဆင်းဖို့ ကြိုးစားနေတဲ့အချိန်မှာ ကျနော့်ဆီကို ဖုန်းတစ်ခုဝင်လာပါတယ်။အဲ့ဒါကတော့ ချင်းမိုင်မြို့က ဗိုလ်မှူးကြီးထုံလို့ခေါ်တဲ့ ထိုင်းထောက်လှမ်းရေးအကြီးအကဲပါ။
သူက “သန်းဝင်း မင်းမဆင်းနဲ့ မင်းဆင်းရင် မယ်ဇရင်း ဘတ်စ်ကား ဂိတ်မှာ ပလိပ်တွေက မင်းကိုစောင့်ပြီး အပြီးသတ်လိုက်လိမ့်မယ်လို့ ပြောပါတယ်။အဲ့တော့ ကျနော်က မေးတယ်။ပုလိပ်တွေက ကျနော့် ကို ဘယ်လိုလုပ်သိလဲဆိုတော့ သူကမင်းကို နယ်စပ်ကိုမရောက်အောင် ထိုင်းနယ်မြေထဲမှာ အပြတ်ရှင်းဖို့ ထိုင်းပုလိပ်ကို ဘတ်တစ် သောင်းပေးထားပြီး ဖြစ်တယ်လို့ပြောပါတယ်။ကျနော်အတော်အံ့သြပြီး အတော်လည်း ဒေါသဖြစ်ရပါတယ်။ဒီလောက်တောင် ယုတ်မာရ သလားလို့။ဒါနဲ့ ကျနော် မာနယ်ပလောကို လုံခြုံရေးအရ မဆင်းဖြစ်တော့ပါဘူး။နောက်တော့ မာနယ်ပလောကျခါနီးမှာ မိုးသီးဘက်က ရော၊ နိုင်အောင့်ဘက်ကပါ ဋ္ဌာနချုပ်ကို ရွေ့ပြောင်းရပါတော့တယ်။
အဲ့ဒီအချိန်မှာနိုင်အောင့်ဘက်မှာ ကိုနေဝင်းအောင်နဲ့ကိုစိုးလင်းတို့ဟာ ထွက်ပြေး၊လွတ်မြောက်သွားကြပါတယ်။မိုးသီးဘက်မှဋ္ဌေးနိုင်ကတော့ အသတ်ခံလိုက်ရပါတယ်။နောက်ပိုင်း ကျနော်ဟာ ဋ္ဌေးနိုင်ကိစ္စနဲ့ ပတ်သက်လို့ ကိုယ်တိုင်မြင်တွေ့ရတဲ့သူတွေအားလုံးကို မေးမြန်းပါတယ်။သူတို့ရှင်းပြတာက ဋ္ဌေးနိုင်ကိုစဖမ်း၊ဖမ်းခြင်း၊တဲအိမ်တစ်ခုမှာ လှောင်ပိတ်ထားတယ်။
ဗဟိုထဲမှာပေါ့။နောက်နှစ်ပတ်အကြာမှာတော့ ဋ္ဌေးနိုင်ကို ဗဟိုရဲ့တစ်ဘက်ကမ်း သောင်ရင်းမြစ်ရဲ့တစ်ဘက်ခြမ်း မှာမြေကျင်းသေးသေးလေးတူးပြီး တစ်ယောက်တည်း ထားပါတယ်။ဘာအစောင့်မှမထားပဲ ထမင်းပို့မှ လှေနှင့်သွားပို့ကြပါတယ်။ နောက် ပိုင်း အစောင့်စစ်သားနှစ်ယောက်ကိုမေးတော့ သူတို့က ကိုဋ္ဌေးနိုင်ကိုထားတာ သိပ်ရက်စက်တယ်ဗျာတဲ့။သူ့အရပ်၊သူ့ကိုယ်ခန္ဓာနဲ့မဆန့် တဲ့ ခြေထောက်ဆန့်လို့မရတဲ့ မြေကြွင်းထဲမှာထည့်ထားပြီး ခြေထောက်ကလည်း အချိန်တိုင်းကွေးထားရတော့ တစ်လလောက်အကြာမှာ ဋ္ဌေးနိုင်ဟာ မတ်တပ်ရပ်လို့မရတော့ပဲ၊
ချိသွားတယ်တဲ့။နောက်စစ်သားတစ်ယောက်က မျက်ရည်ဝဲပြီးပြောတာက သူတို့ထမင်းသွားပို့တဲ့ အချိန်မှာ တာဝန်ခံတစ်ယောက်ပါတယ်တဲ့။သူတို့ ဋ္ဌေးနိုင်ကို တွေ့တဲ့အခါ၊ဋ္ဌေးနိုင်က…..၊
“မင်းတို့ငါ့ကို ဘယ်တော့သတ်မလဲ၊မြန်မြန်သတ်လိုက်ပါကွာ။ငါမင်းတို့နှိပ်စက်တဲ့ဒဏ်ကို မခံနိုင်တော့လို့ပါလို့ နေ့တိုင်းတောင်းပန်ပြော တယ်လို့ ကျနော့ကို ရှင်းပြပါတယ်။
ဒီလိုနဲ့ဗဟိုဟာ စစ်ရေးအရရွှေ့ပြောင်းတဲ့အချိန်မှာ မိုးသီးဟာ သူများတွေမရိပ်မိအောင် ဋ္ဌေးနိုင်လို သရုပ်ဆောင်တဲ့တစ်ယောက်ကိုရွေးပြီး မျက်နှာကိုဂုံနီအိတ်အုပ် သဏ္ဍန်လုပ်သရုပ်မှန်အောင်လိမ်ညာပြီး လှေပေါ်ကို တရားခံခေါ်သွား တယ်ဆိုတဲ့ပုံစံနဲ့ ဖန်တီးပါတယ်၊ အဲ့ဒီသရုပ်ဆောင်တဲ့သူက ကိုရဲလင်းလို့ခေါ်ပါတယ်။သူကိုယ်တိုင် ကျနော့်ကိုပြောပြတာ ဖြစ်ပါတယ်။
သူတို့ရွေ့ပြောင်းကြတဲ့အချိန်မှာ ဋ္ဌေးနိုင်သေပြီးဖြစ်တယ်။သူတို့သတ်ပြီးဖြစ်တယ်။ ဒီတော့ ဘယ်သူ့မှာတာဝန်ရှိသလဲ။ဋ္ဌေးနိုင်ကို သတ် တာ မိုးသီးမှာတာဝန်ရှိတယ်။မိုးသီးဟာ အဲ့ဒီအဖွဲ့ရဲ့ဥက္ကဋ္ဌပါ။ဒါကို သူမသတ်ပါဘူးလို့ ရှောင်ထွက်လို့မရပါဘူး။ခေါင်းဆောင်လုပ်ချင်ရင် တာဝန်ယူရဲတဲ့သတ္တိရှိရပါတယ်။ပြည်သူ့ရဲဘော်မိတ်ဆွေအပေါင်းတို့ခင်ဗျား အထက်ပါအဖြစ်အပျက်ကို ဖတ်ကြည့်ကြပါ။မိုးသီးဟာ (၈၈၈၈) ခေါင်းဆောင်တစ်ယောက်မဟုတ်ပါ။နိုင်ငံရေးခေါင်းဆောင်လည်းမဟုတ်ပါ။ကျောင်းသားချင်းသွေးစွန်းတဲ့ လူသတ်ကောင်သက် သက်သာဖြစ်ပါတယ်။
ကျနော်တို့က စစ်အာဏာရူးပြီး ပြည်သူကိုသတ်တဲ့ စစ်အာဏာရှင်ဘီလူးတွေကို တိုက်နေတာပါ။အခု မိုးသီးနှင့်နိုင်အောင်ဟာ အာဏာ တစ်ခြမ်းပဲ့လေးကိုရတာတောင် ဒီလိုယုတ်ယုတ်မာမာ၊ရက်ရက်စက်စက် လူမဆန်စွာသတ်ဖြတ်ကြတဲ့ လူသတ်ကောင်၊လူယုတ်မာ များသာဖြစ်တယ်။နိုင်ငံရေးခေါင်းဆောင် ကျောင်းသားခေါင်းဆောင်များ လုံးဝမဟုတ်ပါ။ဒီတော့ ခင်ဗျားတို့ကိုသတိပေးချင်ပါတယ်။
“မိုးသီး” ဒီလိုစွပ်စွဲချက်ဟာ အခြေအမြစ်မရှိတဲ့ တိုက်ခိုက်မှုလို့ မင်းကပြောတယ်။မိုးသီး မင်းဘဝမှာ ဒီကိစ္စဟာ အရေးကြီးတယ်ဆိုတာ သတိပြုပါ။နိုင်ငံရေးဆိုတာ မင်းလိုလူသတ်ကောင်နဲ့ မပတ်သက်ဘူးဆိုတာ နားလည်ပါ။မင်းသတ်ခဲ့တဲ့ လူသတ်မှုအတွက် ဖြေရှင်းဖို့၊ မင်းပြင်ဆင်ပါ။ဒီနေ့ကစပြီး ကျောင်းသားခေါင်းဆောင်၊နိုင်ငံရေးခေါင်းဆောင်ဆိုတာ လုံးဝမသုံးပါနဲ့။မိုးသီးနဲ့နိုင်အောင်ဟာ စစ်ဘီလူး ကောင်တွေလိုပဲ ဆိုးတဲ့လူသတ်တရားခံ၊လူယုတ်မာများသာဖြစ်ပါကြောင်း ရှင်းပြလိုက်ရပါတယ်။
……………။ ။………………
အထက်တွင်ဖော်ပြခဲ့သည်တို့ကား အေဘီ(တောင်ပိုင်း)လူသတ်မှုနှင့်ပတ်သက်သော အကြောင်းအရာများဖြစ်လေ၏။
……………။………………….