၁၃။၀၈။၂၀၁၄ နေ့ထုတ် ပေါ်ပြူလာဂျာနယ်မှ။ ။
“ကိုသာဆိုးတို့ခေတ်မှသည် ဒီမိုကရေစီအရွေ့ဆီသို့”
(မင်းဒင်)
၁။အေးချမ်းစွာ နေချင်လှပါသည်။သို့သော်…၊
အတွင်းရေးတို့ကို ဖွင့်ချခြင်းနှင့်အားနည်းချက်တို့ကို ထောက်ပြခြင်းဟူသောအလုပ်တို့သည် အန္တရာယ်များလှ၏။ လူလတ်ပိုင်းကိုကျော် လွန်ခဲ့ပြီးသော အသက်အရွယ်နှင့်များမြောင်လှသော စပ်ဖျင်းဖျင်းလောကဓံတို့ကြောင့် နားအေးပါးအေး စာရေးသည့်အလုပ်ကို ရွေးချယ် မိကာမှ အများသိသင့်သည်တို့ကို သိသိကြီးနှင့်ထိန်ချန်ပြန်လျှင်လည်း တရားခံစာရင်းမှ မလွတ်တန်ရာပြန်ချေ။
ထမင်းကြမ်းခဲကို ယပ်ခတ်စားနေနိုင်ရုံမျှဖြင့် နိုင်ငံသားတစ်ဦး၏တာဝန်မကျေနိုင်ဟု ခံယူမိခြင်းသည်၊ ရန်ငြိုးဖွဲ့သိုခံရနိုင်ဖွယ်ရှိသည့် ဤစာမျိုးကို ရေးရခြင်း ၏ နောက်ခံအကြောင်းတရားဖြစ်၏။
သူ့အိမ်ကခွေးနှင့်ကိုယ့်အိမ်ကခွေး ကိုက်ကြလျှင်ပင် ကိုယ့်ခွေးနိုင်စေချင်သော အတ္တစိတ်မပျောက်သေးသဖြင့် ကိုယ့်ဇာတိတိုင်းပြည်ကို အာရှနွားဘဝမှ လွတ်မြောက်စေလိုစိတ်သည်လည်း အခြားအကြောင်းတစ်ရပ်ဖြစ်တန်ရာ၏။
၂။ခေတ်ကြီးပြောင်းခဲ့ပြီဟု ဆိုကြပါ၏။
မဆလမှသည် နဝတ၊ယင်းမှသည် နအဖ၊ထိုမှသည် ဒီမိုကရေစီသို့ဦးတည်သော ခေတ်အချိုးအကွေ့များကို ကျနော်ကြုံတွေ့ရလေတိုင်း အောက်ပါကြားဖူးနားဝ ကျေးလက်ပုံပြင်တစ်ပုဒ်ကို သတိရမိသည်ချည်းဖြစ်၏။
တခါက ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း တွင် မွေးထားသော မျောက်ငယ်တစ်ကောင်ရှိ၏။ကျောင်းထိုင်ဘုန်းကြီးသည် ကျောင်းအ ပေါ်ထပ်မှဆင်းလာလေတိုင်း၊ မျောက်ငယ်၏ငယ်ထိပ်ကို အကြောင်းပြချက် တစ်စုံတစ်ရာမရှိပဲ၊ တစ်ချက်ခေါက်ပြီးမှဆင်းလေ့ရှိရာ၊ မျောက်ငယ်သည် ၎င်းခံစားနေရသောဒုက္ခမှ လွတ်မြောက်စေရေးအတွက် ကျောင်းထိုင်ဘုန်းတော်ကြီးကို မြန်မြန်ပျံလွန်တော်မူစေရန် ဆုတောင်းလေသည်။
မကြာမီ ထိုဘုန်းကြီးပျံလွန်လေရာ နောက်ထပ်ကျောင်းထိုင်ဘုန်းကြီးအသစ် ကျောင်းထိုင်၏။ထိုကျောင်းထိုင်ဘုန်းကြီးကား ရှေ့ဘုန်းကြီးနှင့်မတူလေ။ကျောင်းအပေါ်ထပ်မှဆင်းလာတိုင်း မျောက်ငယ်၏ငယ်ထိပ်ကို နှစ်ကြိမ်ခေါက်သည်ဟူ၏။ ထိုမှ စ၍ နောက်ဘုန်းကြီးနှစ်ချက်ခေါက်ဟူသောဆိုရိုးသည် ပေါ်လာသည်ဟုဆိုပါ၏။ထိုစကားနှင့်သဘောသွားတူသည်ကား ကိုသာဆိုးဟူ သော အသုံးအနှုန်းဖြစ်သည်။
၂၀၀၀ခုနှစ်မှစတင်၍ ပွင့်လင်းမြင်သာသော ဒီမိုကရေစီခေတ်ဆီသို့ ကူးပြောင်းခဲ့ပြီဟုဆိုကြပါသည်။ ဖွဲ့စည်းပုံအခြေဥပဒေရေးဆွဲခြင်း၊ ရွေးကောက်ပွဲကျင်းပခြင်းတို့၏ နောက်ဆက်တွဲအဖြစ် လွှတ်တော်အဆင့်ဆင့်နှင့်အသီးသီးသော ဝန်ကြီးဌာနများပေါ်ပေါက်လာကြ သည်။အဆိုပါအဖွဲ့တို့တွင် ပြန်လည်ပါဝင်လာကြသူအများစုမှာကား၊ အများသိတော်မူပြီးဖြစ်ကြသည့်အတိုင်း ခေတ်ဟောင်းဆီက ယူနီ ဖောင်းချွတ်များသာဖြစ်ကြပါ၏။
၎င်းတို့တစ်ညီတစ်ညွတ်တည်း ကြွေးကြော်နေလေကြသည်ကား စကားလုံးအသုံးအနှုံးသာခြားနားမည်၊ လိုတိုရှင်းအဓိပ္ပါယ်မှာ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ ဦးတည်နေပြီ ဟူ၏။သို့သော်…၊
ကျနော်သိသမျှ တိုင်းနှင့်ပြည်နယ်လွှတ်တော်တို့သည် လက်ရှိကာလအထိ မယ်မယ်ရရအလုပ်မပြနိုင်ခဲ့ကြချေ။ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဆိုလျှင် အစည်းအဝေးခေါ်ယူမှု နည်းပါးလွန်းလှကြောင်း အမျိုးသမီးလွှတ်တော်အမတ်တစ်ဦးကိုယ်တိုင် မကြာခင်ရက်ပိုင်း အတွင်းက ရင်ဖွင့်ခဲ့ဖူးလေသည်။
အကူးအပြောင်းဟူသည် အခက်အခဲမျိုးစုံ ကြုံတတ်စမြဲရှိလေရာ အစည်းအဝေးနည်းပါးခြင်းကို ယိုးမယ် မဖွဲ့လို။သို့သော် ပြုပြင်ပြောင်းလဲရေးခရီးသည် အရွေ့ရှိမရှိ၊ ပြည်သူလူထု၏အကျိုးစီးပွားဖြစ်ထွန်းမှုကို အခြေခံသုံးသပ်ခြင်းဖြင့် သိနိုင် လေရာ၊ဒုံရင်းတွင်သာ ရှိနေဆဲဖြစ်ကြောင်းထင်ရှား၏။ဗမာပြည်ကြီးတွင် အသွင်ပြောင်းကာလ လေးနှစ်ဝန်းကျင်ရှိလာသည့်တိုင် ဒုံရင်း တွင်ပင် သံသရာလည်နေရခြင်း၏အရင်းခံ အကြောင်းတရားတို့ကို စေ့ငုရန်လိုမည်ဟု ကျနော်ယူဆသည်။
၃။တစ်ခုသောအင်တာဗျူး။
ကျနော်ဖတ်မိလိုက်သော ဗွီအိုအေအင်တာဗျူးတစ်ခုတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အောက်ပါအတိုင်းပြောကြား သည်ဆိုပါသည်။
"စစ်အုပ်ချုပ်ရေး ကျန်နေသေးတယ်ဆိုတဲ့ အယူအဆနဲ့ပတ်သက်လို့ မငြင်းပါဘူး။ အရှိန်တော့ ကျန်တဲ့သဘောပေါ့။ တကယ့် ထဲထဲ ဝင်ဝင် မကျန်ပါဘူး။ အရှိန်လောက်တော့ ဒီလိုပုံစံနဲ့ မြင်နိုင်တဲ့အနေအထားတော့ ရှိနေသေးတယ်လို့ ပြောလို့ရပါတယ်။ အဲ့တော့ ဒါက လဲ တချိန်တော့ ဆုတ်ရမှာပေါ့။နိုင်ငံတော်ရဲ့အနေအထား (Stability) ပါပဲ။ တည်ငြိမ်အေးချမ်းမှု ပျက်ပြားမှာစိုးလို့ ဒါတွေလုပ်ထားခဲ့ တယ်လို့ ထင်တာပါ။ ဒါတွေ ထားပစ်ခဲ့တာ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်အောင် ဒါတွေလုပ်ထားခဲ့တယ်။
ဘာဖြစ်လို့လဲဆိုတော့ သမိုင်းအစဉ်အလာမှာလဲ ဒီနိုင်ငံတော်ရဲ့တည်ငြိမ်အေးချမ်းမှုကို တပ်မတော်ကပဲ ထိန်းသိမ်းနိုင်ခဲ့တာ။ ကျန်တာ မထိန်းနိုင်ခဲ့ဘူး။ ကျန်တဲ့ (Institution) ဘယ်သူမှ မထိန်းနိုင်ခဲ့ဘူး။ ဒါကြောင့်မို့လို့ အဲ့လိုဖြစ်အောင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားသွား မလား၊ စနစ်တစ်ခုကတစ်ခုကို ပြောင်းတဲ့အခါမှာ ပျက်ပြားတတ်တယ်။ အခြားနိုင်ငံတွေမှာ ကြည့်ပါ။ သွေးထွက်သံယိုတွေဖြစ်တယ်။ အဲ့တော့ အဲ့လိုတွေဖြစ်မှာစိုးတဲ့အတွက် ဒီလိုထားပြီးတော့ အဲ့လိုမဖြစ်လောက်တော့ဘူးဆိုရင် လျှော့၊လျှော့သွားဖို့တော့ လိုတယ်လို့ ယူဆပါတယ်။"
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏သဘောထားသည် ပျော့ပြောင်းညင်သာ၍ ယျေဘုယျအားဖြင့် လက်ခံနိုင်ဖွယ်ရှိသည့်အချက်ကို ကျနော် မငြင်း ပါ။သို့သော် ကျနော်တစ်ဦးတည်း၏ တွေးခေါ်မျှော်မြင်မှုအရမူ ဗမာစစ်တပ်သည် တိုင်းပြည်တည်ငြိမ်အေးချမ်းအောင် တော်တည့်မှန် ကန်စွာ ဆောင်ရွက်နိုင်စွမ်းမရှိခဲ့ချေ။ရက်စက်ပြင်းထန်သော ပြစ်ဒဏ်များဖြင့် “ငါပြောသလိုလုပ်၊ငါလုပ်သလို မလုပ်နှင့်”ဟူသော အကြပ်ကိုင်လမ်းစဉ်ကိုသာ နှစ်ဆယ့်ငါးနှစ်ကျော် စိုက်လိုက်မတ်တတ် ဆောင်ရွက်သွားခဲ့သည်။
စစ်ဗိုလ်ချုပ်မှန်သမျှ ထားစရာမရှိအောင်၊ ကျိကျိတက်ချမ်းသာခဲ့ကြ၏။ပြည်သူလူထုအပါအဝင် အတိုက်အခံမှန်သမျှ မှီခိုလဲလျောင်းရာမရှိ၊ ဒုက္ခပင်လယ်ဝေခဲ့ရ၏။ ဖုံးကွယ်ထားခဲ့ သော သွေးထွက်သံယိုမှု အများအပြားရှိခဲ့သည်ကို ရိုးသားစွာ ရှုမြင်ရန်လိုအပ်ပါသည်။
ယခုခေတ်ပြောင်းအရွေ့ကိုဖော်ဆောင်နိုင်ရန် တိုင်းပြည်၏တည်ငြိမ်အေးချမ်းရေးအတွက် ဒေသတွင်းနိုင်ငံများ၊အမေရိကန်အပါအဝင် အနောက်အုပ်စုတို့၏ ဗမာအစိုးရနှင့်ဗမာ့အတိုက်အခံများအပေါ် ပါးနပ်စွာထိန်းကျောင်းနေမှုကို လွှတ်တော်ဥက္ကကြီးအနေဖြင့် ကမ္ဘာ ကြည့်၊ကြည့်လျှင်မြင်နိုင်လေသည်။
ဤအချက်သည် အာရှပစိဖိတ်ဆိုင်ရာ စစ်ရေး၊စီးပွားရေးမဟာဗျူဟာများမှ ဆင်းသက်ဆက်နွယ်လာ ကြောင်း ဥာဏ်ပညာအခြေခံကာ အတွေးကိုရှေ့ဆက်လျှင် မြင်သာပါသည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမှ အထက်ပါအတိုင်း ဆင်ခြင် သုံးသပ်နေချိန်တွင် တိုင်းဒေသကြီးများနှင့်ဝန်ကြီးဋ္ဌာနအသီးသီး၌ ခေတ်ကြီး၏အရွေ့အတွက် မည်သို့လျှင်အားထုတ်လျက်ရှိကြောင်း ကျနော်အတွင်းကျကျသိသော အောက်ပါခြင်းရာတို့က သက်သေခံလျက်ရှိသည်။
၎။ တစ်ခုသော တင်ဒါရွေးချယ်မှု။
ရန်ကုန်မြို့ကြီးရှိ ဗိုလ်မင်းရောင်လမ်းနှင့်မြန်မာ့ဂုဏ်ရည်လမ်းအကြားတွင် ဧရာမမြို့ပြစီမံကိန်းကြီးတစ်ခု အကျိုးတူဆောက်လုပ်ရန် ဈေးပြိုင် တင်ဒါခေါ်ယူခဲ့ရာ ပေးသွင်းရမည့်တင်ဒါအာမခံကြေးမှာ အမေရိကန်ဒေါ်လာတစ်သန်းဖြစ်၍ “အစကတည်းက ယဉ်သကို” ဟူသော စကားကို အမှတ်ရစရာကောင်းလှသည်။
တင်ဒါတင်သွင်းသူ စုစုပေါင်းလေးဖွဲ့ဖြစ်၏။အဆိုပါတင်ဒါတွင် ရင်းနှီးမြှုပ်နှံမှု၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ပြုပြင်ထိန်းသိမ်းရေးအစီအမံစသည့်ဆန်းစစ်ချက်များကိုပါ ထည့်သွင်းဖော်ပြရန် စည်းကမ်း သတ်မှတ်ခဲ့ရာ ယခင်ကာ လများနှင့်နှိုင်းစာလျှင် တိုးတက်လာပြီဟု စာရေးသူ ယူဆဖွယ်ရာဖြစ်ခဲ့သည်။
တင်ဒါတင်သွင်းသည့်အဖွဲ့များကို လုပ်ငန်းစီမံချက်အသေးစိတ်ကို ခေါ်ယူရှင်းလင်းစေပြီးသည့်နောက် နောက်ဆုံးဇကာတင်နှစ်ဖွဲ့ကျန်၏။ ဒုတိယအကြိမ် ထပ်မံခေါ်ယူ ရှင်းလင်းစေပြန်သည်။တစ်ပြေးနေသောကုမ္ပဏီသည် ပြည်တွင်းလုပ်ငန်းအတွေ့အကြုံမရှိသဖြင့် ပြည်ပ ပညာရှင်များဖြင့် အားဖြည့်ရန်စီမံခဲ့ရာ ပူးတွဲဆောင်ရွက်မည့် စီမံအုပ်ချုပ်မှုဆိုင်ရာအဖွဲ့မှာ ဘန်ကောက်မြို့၊သုဝဏ္ဏဘူမိလေဆိပ်သစ် ကြီးကို တည်ဆောက်ရာတွင် စီမံအုပ်ချုပ်ခဲ့ကြသူများဖြစ်၏။ရင်းနှီးမြှုပ်နှံရန်လျာထားသည့် ငွေကြေးပမာဏမှာ အမေရိကန်ဒေါ်လာ သန်းနှစ်ရာ့ငါးဆယ်ကျော်ဖြစ်၏။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ရင်းနှီးမြှုပ်နှံမှုအသေးစိတ်စီမံချက် ပြုပြင်ထိန်းသိမ်းရေးအစီအမံစ
သည့်လိုအပ်ချက်များကို ဗမာပြည်ရှိထိပ်တန်းပညာရှင်များ၏ အကူအညီဖြင့် စနစ်တကျရေးဆွဲ၏။လုပ်ငန်းရှင်းလင်းပွဲတွင် ထိုင်းနိုင်ငံမှ ပညာရှင်များ တက်ရောက်ဆွေးနွေးသည်။စီမံကိန်းပညာရှင်များကို ခေါ်ယူအသုံးပြုသည့်ကုန်ကျငွေအပါအဝင်၊ လုပ်ငန်းစီမံချက်ရေးဆွဲခ သည်ပင်လျှင် မြန်မာငွေကျပ်သိန်းတစ်ထောင့်ငါးရာကျော် သုံးစွဲခဲ့သည်ဟုသိရ၏။
ဒုတိယနေရာမှလိုက်သည့်အဖွဲ့မှာ ရန်ကုန်မြို့ရှိ အထင်ကရကုန်တိုက်ကြီးတစ်ခု၏အမည်ဖြင့် တည်ထောင်ထားသည့် ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်၏။တင်ဒါစည်းကမ်းအရ ဖြည့်စွက်တင်သွင်းရမည့် အသေးစိတ်စီမံချက်မပါရှိရုံမျှမက ရင်းနှီးမြှုပ်နှံမည့်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ(၉၃)သန်းသာဖြစ်သည်။သန်းနှစ်ရာကျော်ရင်းနှီးမြှုပ်နှံမည့်ကုမ္ပဏီနှင့် သန်းတစ်ရာမပြည့်သော ရင်းနှီးမြှုပ်နှံသူတို့ကြားတွင် တိုင်းပြည်နှင့်လူထုအတွက် မည်သည်ကပို၍အကျိုးရှိကြောင်း အလွယ်တကူပင်မြင်သာသည်။
သို့သော် ဒုတိယအဖွဲ့သာ ထူးဆန်းစွာတင်ဒါအောင်ခဲ့လေရာ မည်သို့သောရွှေဥာဏ်ရှင်များက ဤတင်ဒါကို မည်သည့်အကြောင်းကြောင့် ရွေးချယ်ခဲ့လေသနည်းဟူသောအချက်မှာ စိတ်ဝင်စားစရာကောင်းလှသည်။
လုပ်ငန်းစီမံချက်အသေးစိတ် ရှင်းလင်းမှုမှတ်တမ်းများကို နားလည်တတ်ကျွမ်းသည့် ပညာရှင်တစ်ဦးဦးအနေဖြင့် စစ်ဆေးခွင့်ရခဲ့သော်ကောင်းလေစွ။သို့တည်းမဟုတ် အစိုးရအဖွဲ့က တောင်းယူ ကြည့်ရှုခြင်းဖြင့် အဖြေမှန်ပေါ်တန်ရာသည်။စာရေးသူသိရှိသည့် အရေးကြီးသောသတင်းစကားတစ်ခုမှာ အဆိုပါစီမံကိန်းအတွက် တာဝန်ရှိသူတစ်ဦးသို့ပေးအပ်ရန် ကြားပွဲစားတစ်ဦးမှတစ်ဆင့် တင်ဒါတွင်တစ်ပြေးနေခဲ့သောအဖွဲ့ထံ ကမ်းလှမ်းတောင်းခံခဲ့သည့် တံစိုး လက်ဆောင်၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာသုံးသန်း(ဗမာငွေကျပ်သိန်းပေါင်းသုံးသောင်း)ဖြစ်ပြီး အဆိုပါကမ်းလှမ်းမှုကို တင်ဒါအပယ် ခံနိုင်ကြောင်းသိလျက်နှင့်ပယ်ချခဲ့သည်ဟူ၏။
၅။ဒုတိယ တင်ဒါ။
အဆိုပါတင်ဒါကား လျှပ်စစ်ဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားခွဲစက်ရုံများ တည်ဆောက်ခြင်း၊ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် သက်ဆိုင်သော တင်ဒ်ါခေါ်ယူမှုဖြစ်သည်။အဆိုပါတင်ဒါကို တင်သွင်းဖူးသူ စာရေးသူ၏မိတ်ဆွေမှာအံ့ဘနန်းအဖြစ်နှင့်ကြုံရသည်ဆို၏။ လျှပ်စစ်ဝန်ကြီးဌာန တင်ဒါတာဝန်ရှိသူတို့သည် (Seimen)တံဆိပ်လျှပ်စစ်ပစ္စည်းများမှလွဲ၍ ကျန်တံဆိပ်အသစ်ဖြစ်စေ၊လက်ဟောင်းဖြစ် စေ လှည့်၍ပင်မကြည့် ၊ တင်ဒါကိုပင် ဆုံးအောင်မဖတ်ကြဟုဆိုသည်။
အကြောင်းပြချက်မှာ မြန်မာ့လျှပ်စစ်လုပ်ငန်းမှ (SCADA-Super Control and Data Acquisition)ကို (Seimen) နှင့်တည်ဆောက် ထားသောကြောင့်ဟုဆိုသည်။ထို့ကြောင့် အခြားတံဆိပ်ကွဲ ပစ္စည်းတူပေးသွင်းနေသူများအဖို့ မြန်မာပြည်ဈေးကွက် ဝင်တိုးနိုင်ရန်၊ လမ်း မမြင်ချေ။
အခြားနိုင်ငံများ၏လုပ်နည်းလုပ်ဟန်နှင့်လုံးဝကွဲပြားဆန်းကြယ်လျက်ရှိသည်။ထိုင်းနိုင်ငံနှင့်ဗီယက်နမ်တို့တွင် အေတံဆိပ်နှင့် တည်ဆောက်ထားသည့် လျှပ်စစ်စက်ရုံဖြစ်၍ ယင်းအတွက်လိုအပ်သည့် ဆက်စပ်ပစ္စည်းများကို အေကုမ္ပဏီမှသာ ဝယ်ယူရမည်ဟူ သော ကန့်သတ်ချက်မရှိ။ကမ္ဘာပေါ်ရှိ လျှပ်စစ်ဆိုင်ရာပစ္စည်းအားလုံးသည် နိုင်ငံတကာစံချိန်၊စံညွန်းသတ်မှတ်ချက်ဖြင့်သာ ထုတ်လုပ်ကြ သည်ချည်းဖြစ်၍ အရည်အသွေးမီသော၊ပို၍ကောင်းမွန်သော အခြားဘီ၊စီ၊ဒီ၊အီးစသည့် တံဆိပ်များကို အရည်အသွေးနှင့်ဈေးနှုန်းအပေါ် မူတည်တွက်ချက်ကာ သုံးစွဲကြသည်ဆိုပါ၏။
၆။ တစ်ခုသော ဥပမာ။
မိတ်ဆွေဖြစ်သူကမူ တာဝန်ရှိသူများအနေဖြင့် ကမ္ဘာ့ဈေးကွက်ကြီးနှင့် အဆက်ပြတ်ကာ ရှေးရိုးစွဲနေကြဆဲဖြစ်ကြောင်း သုံးသပ်သည်။ သူ ဆက်လက်၍ ရှင်းပြသည်ကား တံဆိပ်တစ်ခုတည်းကို မူသေသုံးစွဲနေခြင်းဖြင့် ထိုပစ္စည်းတင်သွင်းခွင့်ရနေသူ တစ်ဦးတည်းကသာ ဈေး ကွက်ကိုထင်သလို ချယ်လှယ်နိုင်ကြောင်း၊နိုင်ငံတစ်ကာတွင် အရည်အသွေးတူသော၊ ပို၍မြင့်မားသော အမျိုးတူပစ္စည်းများ ဈေးကွက် တွင် ထိုးဖောက်နေရာယူနေကြပြီဖြစ်ကြောင်း စင်္ကာပူနိုင်ငံ၏တင်ဒါခေါ်ယူပုံ နည်းစနစ်တစ်ခုနှင့်နှိုင်းယှဉ်ပြောဆိုသည်။
စင်္ကာပူနိုင်ငံ(LTA - Land Transport Authority)အနေဖြင့် (MRT) အတွက် လိုအပ်သောပစ္စည်းများပေးသွင်းရန် တင်ဒါခေါ်ယူခဲ့ရာ တင်ဒါခေါ်ယူသည့်စည်းမျဉ်းများတွင် ၎င်းတို့လိုအပ်သည့် အရည်အသွေးအမျိုးအစားကို တိတိကျကျဖော်ပြထားခဲ့သည်။အဆိုပါတင်ဒါ အတွက် ပထမဆုံးတင်ဒါအောင်မြင်ခဲ့သည့်ကုမ္ပဏီမှာ (Kawasaki)ဖြစ်၏။နောင်သော် (Seimen)ကုမ္ပဏီမှ ဆက်စပ်ပစ္စည်းများကို သုံးစွဲ လာခဲ့သည်။ယခုလက်ရှိအချိန်တွင်မူ (Alstom)ကုမ္ပဏီမှ ဆက်စပ်ပစ္စည်းများကို သုံးစွဲနေသည်။
စင်္ကာပူအာဏာပိုင်တို့စွဲကိုင်ခဲ့သည့်နည်း မှာ ဈေးနှုန်းတူသည်ဆိုလျှင် ဒုတိယကုမ္ပဏီအနေဖြင့် ပထမကုမ္ပဏီ၏မည်သည့်လစ်ဟာချက်များကို မည်သို့ထပ်မံ ဖြည့်ဆည်းပေးနိုင် သနည်းဟူသော မူသာဖြစ်၏။မြန်မာ့လျှပ်စစ်လုပ်ငန်းအနေဖြင့်၊တံဆိပ်တစ်ခုတည်းကို မူသေထားသုံးစွဲနေခြင်းကား နိုင်ငံတစ်ကာ ဗဟု သုတနှင့်ဆင်ခြင်တုံတရား နည်းပါးနေ၍လော၊သို့တည်းမဟုတ် အခြားအကြောင်းတစ်ရပ်ရပ် ရှိနေသေး၍လော၊ အတွေးပွားဖွယ်ရာဖြစ် ချေသည်။
အခွင့်သင့်သည်ဖြစ်သောကြောင့် တစ်ဆက်တည်းဆိုရလျှင်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မကြာမီကမှ မြန်မာပြည်သို့လာရောက် ရင်းနှီးမြှုပ်နှံခဲ့သည့် အော်ရီဒူးကုမ္ပဏီနည်းတူ တစ်မိနစ်ခေါ်ဆိုခ နှစ်ဆယ့်ငါးကျပ်ဖြစ်ရန် လအနည်းငယ်ကြာဦးမည်ဟုဆိုသည်။နှစ်ပေါင်း များစွာက တည်ထောင်ခဲ့ပြီး ဝန်ထမ်းအင်အားအပြည့်ဖြင့် ထူထောင်ထားလေသော နိုင်ငံပိုင်ဝန်ကြီးဌာနတစ်ခုအနေဖြင့် မနေ့တစ်နေ့က မှဝင်လာသည့် ပြည်ပကုမ္ပဏီတစ်ခုကို တန်းမယှဉ်နိုင်ခြင်းကိုကြည့်ခြင်းဖြင့် ခေတ်ပြောင်းပြီဆိုလေသည့် မြန်မာပြည်ကြီးတွင် ကိုသာဆိုး တို့ ကြီးစိုးနေဆဲကြောင်း ထင်ရှားရာသည်။
၇။ပစ္စုပ္ပန်တည့်တည့်မှ ရှုမြင်သော်…၊
အထက်ပါခြင်းရာသုံးခုသည် နမူနာမျှသာဖြစ်သော်ငြား ကျန်ဝန်ကြီးများ၊အုပ်ချုပ်ရေး၊တရားစီရင်ရေး၊စီမံခန့်ခွဲရေးဆိုင်ရာရုံးဌာနအသီးသီး တို့မှာလည်း ဤနည်းနှင်နှင်ချည်းသာဖြစ်လေရာ မြန်မာပြည်ကြီးရှေ့ဆက်ရမည့် ဒီမိုကရေစီခရီးလမ်းသည် အလွန်တရာ ရင်လေးဖွယ် ကောင်းလှသည်။ ပုဂ္ဂိလ်တစ်စုံတစ်ဦးသည် ပစ္စုပ္ပန်တည့်တည့်မှနေ၍ ရှုမြင်နိုင်သူဖြစ်ငြားအံ့။
တစ်ပိုင်းတစ်စ လွတ်လပ်နေသော မီဒီယာတို့၏ကျေးဇူးကြောင့် စစ်အုပ်ချုပ်ရေးအဆက်ဆက် တာဝန်ရှိပုဂ္ဂိုလ်တို့၏ ကိုယ်ကျိုးရှာ၊မသမာ မှုများကို ပြည်သူလူထုမသိချင်၊မမြင်ချင်အဆုံးဖြစ်နေသည့်ကာလ စစ်ဗိုလ်ချုပ်ဟောင်းအချို့က ခေတ်ဆိုးကြီးကိုမရွေ့နိုင်အောင်၊ အောက်လမ်းနည်းမျိုးစုံ သုံးနေသည့်အချိန်၊ကမ္ဘာကြီး၏စစ်ရေး၊စီးပွားရေးချိန်ခွင်လျှာသည် အနောက်မှအရှေ့သို့ ပြောင်းလဲဆန့်ကျင် ခရီးနှင်နေသည့်သမယ၊အာဏာရှင်တို့ နေစရာမရှိသည့်ခေတ်၊စီးပွားရေး၊စစ်ရေးပထဝီအနေအထားများအရ ဗဟိုရ်ချက်မတွင်ကျရောက် နေသော မြန်မာပြည်စသည်၊စသည်တို့ကို ထည့်သွင်းတွက်ချက်ကြည့်ပါမူ ခြေတစ်လှမ်းအမှားမခံသောအခြေအနေ၊ အကြပ်အတည်းဆိုး ကြီးတစ်ခုဆီသို့ ဦးတည်နေသည်မှာ မြင်သာသည်။
အဆိုပါအကြပ်အတည်းမှ လွတ်မြောက်စေရေးအတွက် “နိုင်ငံတော်သည် ချောက်ကမ်းပါးတွင်းသို့ ကျလုလုဆဲဆဲဖြစ်၍ တပ်မတော်မှ အာဏာသိမ်းယူရပါသည်”ဟူသော ဖန်တရာတေနေသည့် ဆင်ခြေဓာတ်ပြားဟောင်းကြီးဖြင့် နောက်ကြောင်းပြန်လှည့်ရန် ဖြစ်နိုင်၊မဖြစ် နိုင်၊
အိမ်နီးချင်း တရုတ်ပြည်ကြီးဆီသို့ ခြေဦးပြန်လှည့်ရန် သင့်မသင့်၊အမေရိကန်အပါအဝင် အနောက်နိုင်ငံတို့(ဤအခြေအနေ ဟန်ပုံ မပေါ်လျှင်) လှမ်းမည့် ဒုတိယခြေလှမ်း၊မြေသိမ်းယာသိမ်းခံ တောင်သူလယ်သမားများနှင့်ပြည်သူလူထု၏ မခံနိုင်၊မရပ်နိုင်၊ အုံကြွတုန့်ပြန် လာနိုင်မှုစသည့်၊
တစ်စက်ကလေးမျှ စိတ်အေးစရာမရှိသည့်အချက်များကို အာဏာနှင့်ငွေနောက်ဆီသို့ တန်းတန်းစွဲ၊ကောက်ကောက် ပါအောင်လိုက်နေကြဆဲဖြစ်သည့် ကိုသာဆိုးတို့အနေဖြင့် ဥာဏ်ရှေ့သွားကာ ကြပ်ကြပ်ကြီး ထည့်သွင်းဆင်ခြင် တွေးတောသုံးသပ် စေချင်လှသည်။