၁၅။၀၈။၂၀၁၄ နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာမှ။ ။
“လူရေးတဲ့ခွေးဝတ္ထု”
(မင်းဒင်)
(၁)
လူတွေဟာ သိပ်ခက်တယ်ဗျ။သူတို့အကြောင်း အကောင်းဘက်က ချီးမွမ်းပြောဆိုရင်သာ ပါးစပ်ကြီးဖြဲပြီး တဟဲဟဲနဲ့သဘောကျနေ တတ်တာ၊ အားနည်းချို့ယွင်းချက်၊အလွဲအမှားတစ်စုံတစ်ရာကိုများ သွားထောက်ပြမိလို့ကတော့ ကမ္ဘာရန်လို့သာ မှတ်ပေတော့ဗျို့။ ရန်ငြိုးသိုတာ ၊ လက်စားချေတာ၊လမ်းမှာတွေ့ရင် တောင်မခေါ်နိုင်၊မပြောနိုင်ဖြစ်တတ်တာတွေ အများသားကလား။
ဒီတော့ လူတွေ အကြောင်းမပြောပဲ ခွေးတွေ အကြောင်းပြောတာက နောက်ဆက်တွဲပြဿနာ ကင်းလောက်မယ်ထင်ပါရဲ့။ “ငါ့အကြောင်း မဟုတ်တမ်း တရား၊အမနာပတွေရေးတဲ့လူ” ဆိုပြီး လမ်းမှာချောင်းကိုက်မဲ့ ခွေးရယ်လို့တော့ မရှိလောက်ပါဘူး။ဒီတော့ခွေးအကြောင်းပဲ ပြောကြပါစို့ ရဲ့။
ကျနော်တို့လူမျိုးတွေ နိစ္စဓူဝပြောဆို သုံးနှုန်းနေကြတာကတော့ ..၊ဘာတဲ့ ခွေးကျိုးနဲ့ယုန်လိုက်၊ခွေးလေးအရောဝင် ပါးလျက်နားလျက်၊ ကံကောင်းတဲ့ခွေး ပြေးရင်းချေးပုံဟတ်မိ။ ခွေးအိုမှ လက်ပေးသင်၊ခွေး ဖြူတောမတိုးဝံ့၊ ခွေးမြီးကောက် ကျည်တောက်စွပ်၊ ခွေးဟောင်လို့ တောင်ပို့မပြေး၊ခွေးရူးကောင်းစား တမွန်းတည့်၊ခွေးရူးနဲ့ဖက်ကိုက် ခွေးကောင်းနားရွက်ပြတ်..တဲ့။အများကြီးပါပဲ။ခွေးဟာသစ္စာရှိတယ်၊ ခွေးဘိုးတစ်ထောင် ကြောင်ဘိုးတစ်သိန်းဆိုတာတွေလည်း ရှိတော့ရှိပါရဲ့။ဒါပေသည့် သေချာစိစစ်ကြည့်ရင် ခွေးအကြောင်းက ကောင်း ကွက် တယ်နည်းသကိုး။
(၂)
အမှန်ပြောရရင် ကျနော်ခွေးတွေကို မချစ်ဘူးဗျ။ဘယ်ချစ်ပါ့မတုန်း၊ကျနော်ခြောက်နှစ်သားလောက်အရွယ်၊ဇာတိရွာမှာ၊ခြင်းတောင်းနဲ့ အုပ်ထားတဲ့ ကြက်မတစ်ကောင်ကို အနီးကပ်လေ့လာစပ်စုနေတုန်း၊ ဘယ်ကပေါ်လာမှန်းမသိတဲ့ ခွေးတစ်ကောင်ကြောင့် ကျနော့်နား ရွက်တစ်ဖက် သွေးချင်းချင်းနီခဲ့ဖူးပါသကောဗျာ။နောက် ကျနော်လူပျိုပေါက်အရွယ်ရောက်ပြန်တော့ ကျနော့်ညီဝမ်းကွဲ တစ်ယောက်ဟာ ခွေးကိုက်ခံရရာကနေ၊ခွေးရူးပြန်ပြီး မာလကဈာန်ကြွ သွားဖူးပြန်တာကြောင့် ခွေးတွေကို ကျနော်သံယောဇဉ်မဖြစ်တာ သဘာဝကျ လောက်မယ် ထင်ပါတယ်။အဲ ကြောက်တဲ့စိတ်လည်းပါမယ်ဗျ။
သြော် နေဦး။ကျနော်ကခွေးတွေကို မချစ်တတ်ပေမဲ့ မတရားမုန်းတီး၊ရွံရှာစက်ဆုပ်တာမျိုးလည်း မဟုတ်ပြန်ဘူးဗျာ။အရောတဝင် မနေ တာ၊အိမ်မှာခွေးမမွေးတတ်တာမျိုးလောက်ပါပဲ။အမယ် ကျနော့်အကိုကတော့ တစ်ဘာသာဗျ။သူဆယ်တန်းကျောင်းသားဘဝမှာ လမ်းဘေးက ကလေကဝခွေးတစ်ကောင်ကို အိမ်ခေါ်လာပြီး မွေးထားဖူးလေရဲ့။ဒီကောင်ကြီးကတော့ အစားအသောက်ကောင်းလို့လား မဆိုနိုင်ဘူး။တစ်ကိုယ်လုံး အုန်းခွံရောင်အမွေးနဲ့ အကောင်ကြီးထွားပြီးး၊တစ်သွေးတစ်မွေးတောင် ဖြစ်နေခဲ့လေရဲ့။ဒါပေမဲ့ တခါသား ဒီကောင် ကြီးဟာဘာစိတ်ကူးပေါက်ပြီး အိမ်ကထွက်သွားတယ်မသိ။ကျနော်အကိုကတော့ မျက်ရည်နဲ့မျက်ခွက် မစားနိုင်မသောက်နိုင် ဖြစ်ကျန်ခဲ့သဗျာ ။
တစ်လလောက်နေတော့မှ ရွှေကိုယ်တော်ငနီဟာ ပျောက်သွားတာသူမဟုတ်သလို အိုက်တင်နဲ့ပြန်ရောက် လာပြန် ရော။ ဒီမှာတင် သူပျောက်နေတုန်း ရောယောင်ပြီးဝမ်းနည်းမိတဲ့ ကျနော်လည်း… တော်ပါတော့ဆိုပြီး ခွေးတွေအပေါ် ထပ်စိတ် ကုန်ပြန်တယ်။ ဟုတ်တယ်ဗျ။သံယောဇဉ်ဆိုတာ မထားတာအကောင်းဆုံး။
(၃)
အဲဒီတော့ဗျာ ဒီခွေးတွေနဲ့ကျနော် နဖူးစာရွာလည်ပြီး ခွေးတွေအပေါ် ကျနော်ပြန်ပြီးစိတ်ဝင်စားမိတာ ဆန်းတယ်ဆိုရမယ်။ ဇာတ်လမ်းက ကျနော်ယိုးဒယားဖက် စရောက်တဲ့အချိန်ကနေ စတယ်ဆိုပါတော့။ဒီလိုဗျ။
လွန်ခဲ့တဲ့ဆယ်နှစ်ဝန်းကျင်၊ကျနော်ရနောင်းဖက်ကို စရောက်တော့ ထိုင်းစာရော၊ထိုင်းစကားပါ မပြောတတ်လေတော့၊တယ်အထီးကျန် သကိုး။ရနောင်းမှာ ဗမာတွေပေါပါဘိသနဲ့ဆိုပြီး အထွန့်တက်မယ် မကြံလိုက်ပါနဲ့ဗျာ။လက်ဖက်ရည်ဆိုင် တစ်နေကုန်ထိုင်ပြီး မန်ယူနဲ့ အာဆင်နယ်အကြောင်း လေကန်နေနိုင်တဲ့ဗမာလူမျိုး ရနောင်းမှာ ချစ်တီးခေါင်းက သန်းထက်ရှားတယ်ဗျ။ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေ ကြတာ။ထားပါလေ။ခွေးအကြောင်း ဆက်တာပဲကောင်းပါတယ်။
စကားပြောဖော်ရှားတော့ အထီးကျန်သလိုလို ခံစားလာရတဲ့ ကျနော်ဟာ ရနောင်းမြို့တွင်း၊မြို့ပြင်ပြဲပြဲစင်အောင် မြို့ရိုးကိုးပေါက်လျှောက် သွားနေတုန်း တောင်ထိပ်တစ်ခုပေါ်က ထိုင်းဘုန်းတော်ကြီးကျောင်းတစ်ကျောင်းဆီ ရောက်သွားရောဆိုပါတော့။ကျောင်းက အတော့်ကို ကျယ်ဝန်းပြီး ခမ်းနားတာအမှန်ပဲဗျ။တောင်ပေါ်မှာလည်း ရွှေပြောင်ပြောင်စေတီတစ်ဆူနဲ့။ကျောင်းဝန်းကျယ်ကြီးထဲ ကျနော်တစ်ယောက် တည်းလျှောက်သွားနေတုန်း ဗြုန်းဆို တစ်ခုသတိပြုမိတာ အဲဒီကျောင်းထဲမှာ မွေးထားတဲ့ခွေးတွေ မနည်းပါလားဗျာ။
ခွေးအို၊ခွေးလတ် ခွေးမဒန်း၊ခွေးလူပျို၊ခွေးပေါက်စ၊ခွေးနို့စို့၊ခွေးနို့ညှာ၊ခွေးမုဆိုးမ၊ခွေးမုဆိုးဖို ..စုံလို့ဆိုပါတော့ဗျာ။မွေးထားတယ်ဆိုတာ အသားတိုးအောင်၊ ဈေးကွက်ထဲမှာ ပြန်ရောင်းရအောင် မွေးထားတာမဟုတ်ဘူးနော်။အပြင်မှာ စားရေးသောက်ရေးကြပ်တည်းလို့ ဘုန်းကြီးကျောင်းရိပ် လာခိုကြတဲ့ခွေးတွေ အများစုဗျ။ အိမ်မှာခွေးတွေပေါနေလို့ မကောင်းကျောင်းပို့ဆိုတဲ့သဘောနဲ့ လာစွန့်ကြတာလည်း ပါပေမပေါ့။ ကျနော်ပြောချင်တဲ့ အဓိကအချက်က အဲဒီခွေးတွေဟာ အကုန်ဝဖီးပြီး၊ခွေးဘဝမှာ အေးအေးလူလူ ဇိမ်ကျနေကြလေရဲ့ဗျာ။ တစ်ကောင် များ အစားလွန်နေတယ် ထင်ပါရဲ့။ဗိုက်ကြီးဖောင်းပြီး တရှူးရှူးအိပ်မောကျနေလိုက်တာ ကျနော်ဖြင့် အားတောင်ကျမိပါရဲ့။
(၄)
အဲဒီအချိန်ကစပြီး ကျနော်ဟာ ကျနော်ရောက်လေသမျှ ထိုင်းမြို့၊ထိုင်းရွာအရပ်ဒေသတိုင်းမှာ ထိုင်းခွေးတွေကို စပ်စုတဲ့အကျင့်ပါလာပါ ရောဗျာ။ ကျနော်ဆိုတဲ့ကောင်ကလည်း ထိုင်းနိုင်ငံတစ်နံတစ်လျား မလေးရှားနယ်စပ်၊ ယာလာ၊ပါတာနီလိုမြို့မျိုးကနေ၊ ဟိုး.. ထိုင်း မြောက်ပိုင်း ရွှေတြိဂံလိုဒေသမျိုးအထိ ခြေဆန့်ဖူးလေတော့ ထိုင်းခွေးရေးရာမှာ ကျွမ်းကျင်သူအဆင့်တောင် ဝင်လောက်မယ်ထင်တယ်။
ကျနော်သေချာပေါက် ပြောနိုင်တဲ့အချက်ကတော့ ထိုင်းခွေးတွေရဲ့ရာခိုင်နှုန်းကိုးဆယ်ဟာ အခြေခံစားဝတ်နေရေး ပြေလည်ကြ တယ်ဗျာ။
ခွေးမှာဘယ့်နှယ်လုပ်ပြီး ဝတ်ရေးဆိုတာကြီးပါလာရသတုန်းလို့ ခင်ဗျားမေးမယ်ဆိုရင်တော့ ခင်ဗျားဟာ ခေတ်နောက်ကျနေတဲ့သူပဲဗျ။ ဘာကြောင့်တုန်းဆိုတော့ (၂၀၀၄)ခုနှစ်ဝန်းကျင်က ကျနော် ဘန်ကောက်ဘက်ကိုရောက်တုန်း ကီလိုမီတာ ငါးဆယ်ကျော်လောက်လှမ်း တဲ့ မဟာချိုင်ဆိုတဲ့မြို့ဆီကို ဒေသန္တရဗဟုသုတအဖြစ် ရောက်သွားဖူးတယ်ဗျ။ဘတ်စ်ကားကနေ လှေပြောင်းစီးဖို့ လှေဆိပ်ကိုအသွား ထူးထူးဆန်းဆန်းမြင်ကွင်းကြောင့် ကျနော့်ခြေလှမ်းတွေ ရုတ်တရက်တန့်သွားပြီး အဲဒီမြင်ကွင်းကို အချိန်အတော်ကြာ ရပ်ကြည့်နေမိတဲ့ အထိပဲဗျ။
ဘာလဲ၊ဟုတ်လား။လမ်းဘေးက ခွေးလေးငါးကောင်ဟာ ဘောလုံးသမားဝတ်စုံကိုယ်စီနဲ့ဗျာ။အမယ် မန်ချက်စတာ ယူနိုက် တက်၊ အာဆင်နယ်တင်မကပါဘူး။ ဘိုင်ယန်မြူးနစ်၊ချဲလ်ဆီးနဲ့ဘာစီလိုးနားတောင်ပါသေး။ကျနော်ဖြင့် ဇာတိရွှေပင်ရွာက ကျောပြောင်ကြီး တွေပေါ်မှာ ပုဆိုးပိုင်းတွေ လွှမ်းနေတတ်တဲ့ ဦးကြီး၊ဦးမင်းတွေကို ပြေးသတိရမိပါရဲ့။
ဘယ်လိုလူကများ ရွှေဥာဏ်တော်စူးရောက်ပြီး ခွေးတွေကို ဘောလုံးအသင်းစွပ်ကျယ်တွေ ဆင်မြန်းပေးထားပါလိမ့်ပေါ့။ကျနော့်မှာဗျာ။ တောသားပီပီ၊ကိုယ်တိုင်တောင် ဝယ်မဝတ်နိုင်သေးတဲ့တံဆိပ်တွေ ဒီမောင်တွေကိုယ်မှာ ဝတ်ထားတာတွေ့ရတော့ မနာလိုစိတ်တောင် ဖြစ်မိတဲ့အထိ။
ဒါကို ခင်ဗျားက သိပ်ဆန်းတယ်ထင်လိမ့်မယ်။ မဟုတ်သေးဘူးဗျ။ကျနော်ဖူးခက်မှာ အခြေကျလာတော့ ဒိထက်ဆန်းတာ တွေ တွေ့လာရပြန်တယ်။
(၅)
ကျနော် နားစွန်နားဖျားကြားဖူးတာတစ်ခုကတော့ လက်ရှိထိုင်းဘုရင်ကြီးဟာ လမ်းဘေးကခွေးတစ်ကောင်ကို ကောက်ယူမွေးစားခဲ့ဖူး တာ အဲဒီခွေးကြီးဟာ အတော်လိမ္မာရေးခြားရှိပြီး အံ့မခန်းသစ္စာရှိတယ်ဆိုပဲ။ဒါကြောင့်များ ထိုင်းပြည်သူလူထုဟာ ခွေးတွေကို ဂရုစိုက် ကြလေသလား မဆိုနိုင်ဘူးဗျ။ယိုးဒယားပြည် မြို့အတော်များများမှာ ခွေးကယ်ဆယ်စောင့်ရှောက်ရေးဌာနတွေရှိကြလေရဲ့။နိုင်ငံခြားသား တွေ အခြေကျနေထိုင်တာ၊မြို့ခံထိုင်းလူမျိုးတွေ စီးပွားရေးပြေလည်တာ၊ရောင်းဝယ်ဖောက်ကားမှုစည်ပင်ဖွံ့ဖြိုးတာတွေကြောင့် ထင်ပါရဲ့ ဖူးခက်မြို့ဟာ ခွေးတွေရဲ့လောကနိဗ္ဗာန်လို့တောင် တင်စားနိုင်လောက်ပါတယ်။
အပိုစကားတွေ လျှောက်ပြောနေတယ်လို့ ထင်ရင်တောင် သည်းခံပြီး၊ဆက်နားထောင်ပါအုံးဗျာ။ဖူးခက်မှာ ခွေးမျိုးအတော်စုံအောင် မြင်ရသဗျ။ အမွှေးဖွားဖွား ဧရာမအကောင်ကြီးတွေကနေ ကြောင်ထက်တောင်ငယ်ချင်တဲ့ အကောင်ပေါက်စနလေးတွေလည်း ရှိသဗျ။တစ်ချို့ အကောင်တွေဆို အမြီးတိုလေးတွေနဲ့၊တမင်ဖြတ်ထားလေသလား၊မူရင်းမျိုးစိတ်လားတော့ မဆိုနိုင်ဘူး။နောက်ဆုံးပေါ် အဖိုးတန်ကားကြီးတွေပေါ်မှာ အခန့်သားမြိန့်မြိန့်ကြီး ဇိမ်ကျနေတဲ့ခွေးကြီး၊ခွေးလတ်၊ခွေးငယ်တွေ မမြင်ချင်မှအဆုံး။အမလေး ကြားဖူးသ လောက်၊ခွေးတစ်ကောင်တန်ဖိုး ကလည်း ဗမာငွေခြောက်သိန်းကျော်ရှိသတဲ့။
တချို့ခွေးတွေဆို ညနေပိုင်းပန်းခြံကျယ်ကြီးတွေထဲမှာ သခင်နဲ့အတူ အညောင်းပြေလမ်းလျှောက်ရင်း ကျန်းမာရေးလိုက်စားနေကြတာ လည်းမြင်နေကျဗျ။အောင်မယ်၊ တစ်ခါတစ်လေ၊ကိုယ်တော်ချောများ မစင်စွန့်ချင်တဲ့အခါ သူတို့ဖင်ဝမှာ တစ်ရှူးစလေးလုံးထွေးပြီး ထွက်လာလတ္တံ့သော အီးအီးကို ဖင်ဝကနေအသင့်ခံပေးကြတောင်ရှိသေးဗျာ။
ဒီတော့ ခင်ဗျားဖူးခက်ကိုရောက်လို့များ၊လမ်းဘေးကခွေးတစ်ကောင်ကို စေတနာသဒ္ဓါတရားတွေယိုဖိတ်ပြီး ခင်ဗျားစားနေတဲ့ ဟမ်ဘာ ကာတို့၊ကြက်ကျော်တို့သွားကျွေးမယ်များ မကြံလိုက်လေနဲ့၊ဒီကောင်တွေက အင်တင်တင်လုပ်ချင် လုပ်တတ်ကြတာ။ဒီကောင်တွေ ဘယ် လောက်များ ကိန်းကြီးခန်းကြီးနိုင်သလဲဆိုရင် ဒီကောင်တွေအတွက် ခွေးပိုင်ရှင်တွေဝယ်ကျွေးနေကျအစာကိုတောင် စားနေကျ တံဆိပ်၊ပါနေကျရသာရနံ့မပါရင် မစားကြဘူးတဲ့ဗျ။ဒီတော့ ခွေးဟာ မစင်စားတယ်ဆိုတဲ့ ခင်ဗျားရဲ့ ရှေးရိုးအယူအဆဟောင်းကြီးကို စွန့်လိုက်ပေတော့ဗျာ။
(၆)
တကယ်တော့ ကျနော်လည်း ရှေးရိုးစွဲတဲ့လူပါပဲဗျာ။ဘယ်လောက်များရှေးရိုးစွဲပြီး ခေတ်နောက်ကျကျန်ခဲ့သတုန်းဆိုတော့ ဖူးခက်ကို ရောက်စက နေ့ဖို့ညစာအတွက် အိမ်ကရေခဲသေတ္တာထဲမှာသိမ်းထားဖို့ ကုန်ုတိုက်ကြီးတစ်ခုကနေ တာရှည်ခံစားစရာသောက်စရာတွေ လျှောက်ဝယ် ခဲ့တုန်းကပေါ့။မြင်နေတွေ့နေရတဲ့တာရှည်ခံစားသောက်ကုန်တွေက ကျနော့်အဖို့ အဆန်းကြီးဖြစ်နေလေတော့ တစ်ချို့ပစ္စည်းတွေဆို အိမ်ရောက်မှ အညွန်းဖတ်ပြီး သုံးတန်သုံး၊မျက်ရမ်းမှန်းဆဝယ်ရတာပေါ့ဗျာ။ဒီမှာတင် စားသောက်ကုန်တန်းကြီး တစ်ခုထဲကနေ ထူးထူး ခြားခြား တံဆိပ်ကောင်းကောင်း အစားအသောက်ထုပ်တွေတွေ့မိတာနဲ့ ကျနော်လည်း စားကြည့်လိုက်အုံးမယ်၊ ဝယ်ထား အုံးမှဆိုပြီး ခြင်းထဲကို နှစ်ထုပ်ပစ်ထည့်လိုက်မိသဗျ။နောက်မှ စိတ်ထဲသရိုးသရီဖြစ်လာတာနဲ့ တံဆိပ်တွေ ၊အရုပ်တွေကို သေချာကြည့်လိုက်တော့ လားလား။ခွေးစာတဲ့ဗျာ။ဘေးဘီကို အသာကြည့်ရင်း ရှက်ရှက်နဲ့ ပြန်တင်ထားခဲ့ရတယ်ဆိုပါတော့။
မကြာခင်ဖူးခက်မှာ လူလည်စာရင်းဝင်လာတော့ ကျနော်လေ့လာကြည့်မိတဲ့အခါ ခွေးအမွှေးလျှော်ရှန်ပူ၊ခွေးဆွတ်တဲ့ရေမွှေး၊ခွေး နားဖာ ကလော်ဆိုတာတွေတွေ့ဖူးလာရတဲ့အပြင် ဖူးခက်မြို့မှာ ခွေးဆေးကုခန်း၊ခွေးနာတာရှည်ဆေးရုံနဲ့ ပိုင်ရှင်နဲ့ယာယီခွဲနေရမဲ့ခွေးတွေကို ခေတ္တတာဝန်ယူပြုစုပေးမဲ့ ခွေးစောင့်ရှောက်ရေးကုမ္ပဏီတွေတောင်ရှိလေရဲ့။
ဒါတင်ဘယ်ဟုတ်အုံးမလဲဗျာ။ကျနော်က နိုင်ငံတစ်ကာကုန်သွယ်ရေးလေးဘာလေးလည်း မတောက်တစ်ခေါက်လုပ်တယ်ဆိုတော့ တခါသား ဂျပန်မိတ်ဆွေတစ်ယောက်ဆီကနေ ထိုင်းထုတ်ပစ္စည်းတစ်ချို့ ဝယ်ချင်ပါတယ်ဆိုတဲ့ အမှာစာတစ်စောင်ရဘူးတယ်။ သူလို ချင်တဲ့ပစ္စည်းက ခွေးမွေ့ယာ၊ခွေးခေါင်းအုံး၊ခွေးကုတင်၊ခွေးစံအိမ်တွေတဲ့ဗျာ။ဒီမှာတင် ထိုင်းခွေးအသုံးအဆောင်ပစ္စည်းတွေ ထုတ်တဲ့ စက်ရုံတစ်ချို့ကိုရောက်တော့မှ ခွေးဇိမ်ခံပစ္စည်းမျိုးစုံကိုကြည့်ပြီး နုံချာလှတဲ့ငါ့ဘဝဆိုတဲ့အတွေးနဲ့ ငိုချင်းချချင်စိတ်ကို အတော်ချိုးနှိမ်ယူ ရသဗျာ။
ဟိုတစ်လောတုန်းက စီးပွားရေးကိစ္စတစ်ခုနဲ့ ဂျပန်တရုတ်ကပြားမိတ်ဆွေတစ်ယောက်ကို အရေးတကြီးတွေ့ခွင့်တောင်းလိုက်တော့ သူက ဆံပင်ညှပ်ဆိုင်ကြီးတစ်ခုကိုလိုက်ခဲ့ပါဆိုလို့ လိုက်သွားမိတော့ သူပြောတဲ့ဆံပင်ညှပ်ဆိုင်ဟာ လူတွေအတွက်ဖွင့်ထားတဲ့ဆိုင်မှမဟုတ်ပဲ။ ခွေးဗြူတီဆလွန်းကြီးမှာ သူ့ခွေးကို ဆံပင်ဒီဇိုင်းအသစ် ပြင်ပေးနေလေရဲ့။ခွေးဖြစ်ချင်စိတ်တောင်ပေါက်သွားလို့ တရားသဘောကို ဆင်ခြင်နှလုံးသွင်းရသေးဗျာ။
(၇)
ခွေးဋီကာကို အစအဆုံးသာပြောရမယ်ဆိုရင် မဟာဘာရတနဲ့ဟိုးမားရဲ့ အိုဒက်ဆီကမ္ဘာ့ဂန္ထဝင်လင်္ကာရှည်ကြီးတွေထက်တောင် အပြန် တစ်ရာ သာသွားနိုင်တယ်ဗျ။နိုင်ငံတစ်ကာမှာ ခွေးတွေက ဘောလုံးပွဲကိုကြည့်ပြီး ရင်ခုန်စိတ်လှုပ်ရှားတတ်နေပြီတဲ့ဗျ။ ခွေးအောင်သွယ် သင်တန်းတွေ၊ခွေးတက္ကသိုလ်တွေတောင် ရှိချင်ရှိနေအုံးမှာ။ထူးခြားချက်တစ်ခုတော့ ရှိတယ်နော်။ ထိုင်းခွေးအများစုဟာ လူကိုမကိုက် တတ်ကြပေမဲ့၊ ဗမာခွေးတွေကတော့ ကိုက်တတ်တာများတယ်ဗျ။နောက်တော့ ထိုင်းခွေးတွေဟာ ကြောင်တွေနဲ့ ပလဲနံပသင့်တာလဲ ဆန်းကြယ်မှုတစ်ခုလို့ဆိုရမယ်။
ဗမာခွေးတွေဟာ ထိုင်းခွေးတွေနဲ့ ကွာခြားတာအမှန်ပဲဗျာ။ အဲဒီကိစ္စဟာ ခွေးတွေရဲ့ရှေးကုသိုလ်၊ ကံကြမ္မာနဲ့သက်ဆိုင်သလား။ ယိုးဒယား နဲ့မြန်မာအစိုးရတွေကျင့်သုံးနေတဲ့စနစ်တွေနဲ့ ဆိုင်သလား၊ဒီမိုကရေစီရဲ့ အသီးအပွင့်လား၊စစ်ဝါဒီတွေလက်အောက်မှာ ခွေးတွေခွေးစဉ်မီ ပါ့မလား၊ ဘာညာသာရကာ စဉ်းစားစရာတွေ အများကြီးပါပဲဗျာ။သေချာတာကတော့ ထိုင်းခွေးတွေဟာ ခွေးဖြစ်ရကျိုးနပ်တာအမှန်ပဲဗျ။ အင်း၊ ဗမာပြည်မှာတော့ ခုထက်ထိ ခွေးတွေကို အဆိပ်ကျွေးသတ်နေတုန်းပဲကြားမိတယ်။ မြောက်ကိုးရီးယားနဲ့ တရုတ်ပြည်နယ်အချို့ မှာတော့ ခွေးသားဟာ ဈေးအကြီးဆုံးအစားအစာတဲ့။
တကယ်တော့ ကျနော်တို့ဟာ ခွေးတွေနဲ့နံရံပါးပါးလေးတစ်ချပ်သာ ခြားနေကြတာပါ။ခင်ဗျားမှာလည်း ခွေးတစ်ကောင်ရှိနိုင်တယ်၊ ကျနော်လည်း မကြာခင် ခွေးပိုင်ရှင်တစ်ယောက်ဖြစ်လာနိုင်တယ်။စစ်ဗိုလ်ချုပ်တွေမှာလည်း ခွေးတွေရှိတယ်။ဟစ်တလာလဲ ဘရန်ဒီလို့ အမည်ရတဲ့ ခွေးကြီးတစ်ကောင်မွေးခဲ့ဖူးတယ်။ဒေါ်အောင်ဆန်းစုကြည်တောင် ခွေးတစ်ကောင် မွေးထားသတဲ့ဗျာ။ ဟော ပြောရင်းဆို ရင်း လူအကြောင်းတွေပါလာပြီ။ ဒီမှာတင်ရပ်မှ ဖြစ်မယ်ထင်ပါရဲ့။
အေးလေ ကျနော်ပြောခဲ့ပါပြီကော။လူတွေ သိပ်ခက်တယ်ဗျ။သူတို့အကြောင်း အကောင်းဘက်ကနေ၊ချီးမွမ်းပြောဆိုရင်သာ ပါးစပ်ကြီးဖြဲ ပြီး တဟဲဟဲနဲ့ သဘောကျတတ်တာ၊အားနည်းချို့ယွင်းချက်၊ အလွဲအမှားတစ်စုံတစ်ရာကိုများ သွားထောက်ပြမိလို့ကတော့ ကမ္ဘာရန်လို့ သာမှတ်ပေတော့ဗျို့။ရန်ငြိုးသိုတာ၊လက်စားချေတာ လမ်းမှာတွေ့ရင်တောင် မခေါ်နိုင်၊မပြောနိုင်ဖြစ်တတ်တာတွေက အများသား ကလား။
ဒါကြောင့်လူတွေအကြောင်းမပြောပဲ ခွေးတွေအကြောင်းပြောတာက နောက်ဆက်တွဲပြဿနာကင်းလောက်မယ် ထင်ပါရဲ့။ ငါ့အကြောင်း၊မဟုတ်တမ်းတရား၊အမနာပရေးတဲ့လူဆိုပြီး လမ်းမှာခြောင်းကိုက်မဲ့ ခွေးရယ်လို့တော့ မရှိလောက်ပါဘူး။ဒီတော့ ခွေး အကြောင်းပဲ ပြောတာကောင်းပါတယ်လေ။ ။