စောင့်ကြည့်စာအုပ်စင်ကဏ္ဍ။ ။
၁၅။၀၈။၂၀၁၄ နေ့ထုတ် စောင့်ကြည့်အပတ်စဉ်ဂျာနယ်မှ။ ။
မင်းဒင်၏ သရေစည်သူဆြာဒင်နှင့် ရွှေပင်ရွာတမ်းချင်းများ စုစည်းမှု ။
(ေးစာပြည့်ညို )
မင်းဒင်ရဲ့သက်ခိုင်စာအုပ်တအုပ် တည်းနှင့် ပရိသတ်က စာပေလောကမှာ စာရေးဆရာတယောက်အဖြစ် နေရာပေး ခြင်းခံရသော မင်းဒင်၊ ယခုထုတ်ဝေသော “သရေစည်သူဆြာဒင်နှင့်ရွှေပင်ရွာတမ်းချင်း များစုစည်းမှု”ကမူ စာအတည်အခန့်လည်း ပါပြီး အထူးသဖြင့် စာပြောင်များ၊ သရော် စာများဖြစ်သည်။
သူ၏ သရော်ချက်က မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပျက်နေသည့် အခြေအနေများကို ပြည်သူ့ဘက်မှရပ် တည်ပြီး ပြည်သူတယောက်၏အမြင် ပြည် သူတယောက်ခံစားမှုဖြစ်သည်။ ထို့ကြောင့် ထိုသို့ကြည့်မြင်ခံစားရသော စာဖတ်သူ ပြည်သူများ နှစ်ထောင်းအားရဖြစ်ရမည့် စာအုပ်၊ ဟားတိုက်မရယ်ဘဲ တိုးတိုးတိတ် တိတ်ကျိတ်ပြီး တယောက်တည်းပြုံးရမည့် စာများ ဖြစ်သည်။
စာပေ၏အရသာမှာ မူရင်းဘာသာ စကားပြောဆိုနေသူများကသာ ပိုပြီး အသက်ပါပါ နားလည်ခံစားနိုင်ပါသည်။ တဘာသာမှ တဘာသာသို့ ဘာသာပြန်ဆို ကူးပြောင်းဖလှယ်ရာတွင် အထူးသဖြင့် ဇာတ်အိမ်ဇာတ်လမ်းနှင့် တချို့အဖွဲ့အနွဲ့တို့ ကိုဘာသာပြန်နိုင်မည်။ တချို့သော မြန်မာ စရိုက်၊ မြန်မာ့ဓလေ့ စာပေလက်္ခာဏာတို့ ကိုမူ ဘာသာပြန်နိုင်မည်မဟုတ်ပါ။
ဥပမာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ မဟာ လေးချိုးကြီးများမှာ စာပေအားအင်အပြည့် ပါသည်။ သို့သော် မြန်မာကဗျာဖတ်နေကျ သူများသာ အရသာခံနိုင်ပါလိမ့်မည်။ တချို့သော ဆရာကြီးရွှေဥဒေါင်း၏ စာ၊ ဥပမာ-တသက်တာမှတ်တမ်းစာအုပ် မျိုးမှာမူ ဘာသာပြန်ဆို၍ လုံးစေ့ပတ်စေ့ ဘာသာခြားက အရသာခံနိုင်မည်မထင်ပါ။
ယခုလည်း စာရေးဆရာမင်းဒင်၏ သရော်စာများမှာ မြန်မာစာပေမှ အခြား ဘာသာသို့ပြောင်းပြီး ဘာသာပြန်လျှင် စာပေအရသာပျက်သွားနိုင်ပါသည်။
မင်းဒင်ကို ဆရာကြီးသခင်ကိုယ်တော်မှိုင်း တို့၊ ဆရာကြီးရွှေဥဒေါင်းတို့နှင့် နှိုင်းခြင်း မဟုတ်ပါ။ စာပေအရသာပျက်သွားနိုင်ခြင်း ကိုသာ ပြောခြင်းဖြစ်ပါသည်။ လုံးစေ့ပတ် စေ့ ဘာသာပြန်၍မရနိုင်သော စာအုပ်ဖြစ် သည်။
ယနေ့ မော်ဒန်၊ ပို့စ်မော်ဒန်ဆိုပြီး လူနားမလည်နိုင်သော အရေးအသားများ တွင်ကျယ်နေကြသော ခေတ်တွင် သူ့ အရေးအသားများက ရှင်းလင်းသည်။ တဖက်သူ နားလည်သဘောပေါက်အောင် ရေးသည်။ ဤသို့ ရေးသည်မှာလည်း သူ့ မှာ အကြောင်းအရာမရှားပါ။ ရေးစရာ အကြောင်းများ ပေါပေါများများရှိနေသည် မဟုတ်ပါလား။ လူနားမလည်အောင် တီထွင်ရေးသူများမှာမူ အကြောင်းအရာ ချွတ်ခြုံကျလျှင် အရေးအသားကို စတန့် ထွင်သည်ဆိုသည့်အတိုင်း။ ဤအဆိုသည် အမှန်ပင်ဖြစ်သည်။
ယခု မင်းဒင်မှာ အကြောင်းအရာရှိ၍ ထိုအကြောင်းအရာ ကို လူတန်းစားမရွေး၊ လူ့အလွှာအသီးသီး ဖတ်ပြီး နားလည်ခံစားနိုင်သောစာများဖြစ် သည်။ သူသည် မြန်မာစာပေကိုပိုင်သည့် အပြင် ရှေးမြန်မာသီချင်းများကိုလည်း နှစ်သက်သူဖြစ်သည်။ သူ၏စာနှင့် သူသုံး သော ရှေးသီချင်းများမှာ အလွန်လိုက်ဖက် လှပါသည်။ သူ့စာများကိုဖတ်ပြီးသွားလျှင် သူဖော်ပြသော သီချင်းများက စွဲ၍ကျန်ရစ် စေသည်။
သီချင်းများမှာလည်း သူ၏ သရော်စာများစွာ ပံ့ပိုးပေးပါသည်။ “နွားရိုင်းသွင်းချိန်နှင့် ဂငယ်ကွေ့စစ် တမ်း”၊ “အမုန်းခံ၍ပြောချင်သည်” စသည့် ဆောင်းပါးများမှာ သရော်စာများမဟုတ်။ အတည်အတဲ့ရေးသည့်စာဖြစ်သည်။ တွေး စရာ၊ စဉ်းစားစရာများပါသည်။ သူ့တင်ပြ ချက်များကလည်း စေတနာပါသည်။
ထိုင်းနိုင်ငံမှာ မြန်မာများ ကျွန်ခံနေ ကြရပုံ၊ ဤသို့ဖြစ်ရသည့် လက်သည် တရားခံသည် ဘယ်သူလဲ၊ မြန်မာလုပ်သား ၃၀၀၀ ကျော် သေဆုံးရမည့်အရေးကို မြန်မာသံရုံးက မသိချင်ယောင်ဆောင်နေ ခြင်းများ၊ အမေရိကန်တယောက်ကို မတရားလုပ်ခြင်းသည် အမေရိကန်နိုင်ငံကို စော်ကားခြင်းပဲဟု သူတို့ခံယူသော်လည်း မြန်မာတယောက်ကို သူ့ခွေးကိုဆဲရကောင်း လားဟု ထိုင်းတယောက်က သေနတ်နှင့် ပစ်သတ်ပုံ စသည်တို့မှာ ရင်နာစရာအဖြစ် များဖြစ်သည်။
သူ၏စာများမှာ စောင့်ကြည့်ဂျာနယ်၊ ဆဲဗင်းဆေးဂျာနယ်၊ ဗက်ဆင်ဂျာ ဂျာနယ် များမှာ ရေးသားသည့်ဆောင်းပါးများဖြစ် သည်။ လူပုဂ်္ဂိုလ်ကား မသိပါ။ သို့သော် စာပေတရပ်ကို လူထုက လက်ခံအားပေး ခြင်းမှာ လူထုခံစားမှုနှင့် တထပ်တည်းကျ ပြီး လူထုကို ကိုယ်စားပြုနေခြင်းကြောင့် သာ ဖြစ်သည်ဟုဆိုချင်ပါသည်။
စောပြည့်ညို