(၁၃) တခါတလေလဲ ဝဲကတော့လေပွေ ၊ တခါတလေတော့ မြညှင်းလေပြေ ။
“ တယောက်ချင်း ဆင်းကြ ”
“ ကိုယ့်အိပ်ယာနဲ့ ကိုယ့်အထုတ်ကို ညီနေအောင် စီထားကြ ”
“ တွေ့လို့ကတော့ ကိုယ့်သမိုင်း ကိုယ်ရေးကြပေါ့ကွာ ”
“ ဟေ့ကောင် နိုင်ဝင်း ၊ တယောက်ချင်း တလာစီနော် ၊ပြဿနာက မင်းခေါင်းပေါ် ပုံကျလာမယ်”
“ မင်းအမေလင့်အိမ်မှာ အလှူလုပ်တာ အောက်မေ့နေလား၊ စွတ်မတိုးနဲ့လေကွာ ”
ဆူဆူညံညံအသံများကား အိပ်ဆောင်ဆီမှ ထွက်ပေါ်လာခြင်း ဖြစ်၏။ ဘယ်သို့ဘယ်ပုံ သတင်းရ လေ သည်မသိ၊ ထောင်မှူးအမိန့်အရ အိပ်ဆောင်ပေါ်မှာ အရက်တလာစီနေခြင်းဖြစ်၏။ တလာစီခြင်း ဟူသည်ကား အကျဉ်း စခန်းစည်းကမ်းအရ လက်ဝယ်မထားရသည့် ပစ္စည်းများကို ရှာဖွေသိမ်းဆည်းခြင်း ဖြစ်၏။ အမှန်တော့ ရဲဘက် စခန်းစည်းကမ်းမှာ ထင်သလောက်တင်းကြပ်လှသည်တော့ မဟုတ် ။နေတတ်လျှင် ကျေနပ်စရာဟူသော ထောင်စကားမှာ ရဲဘက်တွင် အထိုက်အလျောက် မှန်ကန်သည်ဟု ဆိုရမည်။ ထောင်ထဲတွင် စက္ကူဘော့ပင်စသော စာရေးကိရိယာများ ကိုင်ဆောင်ခွင့် မရသော်ငြား ရဲဘက်တွင်းကား ယင်းပစ္စည်းတို့အတွက် ပြဿနာမရှိချေ။ ယခုတလာစီရခြင်း အကြောင်းကား အိပ်ဆောင်ပေါ်သို့ အရက်ခိုးသွင်းထားသည်ဟူသောသတင်းရသောကြောင့်ဟု ဆိုသည်။ နေ့လည်ထမင်းစားပြီး ခေတ္တနားချိန်ဖြစ်၍ ရဲဘက်တို့၏ မျက်နှာများကား မသာယာလှ။ ကျနော်လည်း ဆူညံသံနှင့်မျက်စိနောက်သည့် ဒဏ်ကို ရှောင်ကွင်းရန် အလို့ငှာ ကိုသက်ခိုင်၏ တဲရှိရာသို့ မယောင်မလည်နှင့် ထွက်လာခဲ့သည်။ တဲပေါ်တွင် ကိုသက်ခိုင်တယောက် စာအုပ်တအုပ်ကို ထိုင်လျက် ဖတ်နေသည်။ ကိုသက်ခိုင်က ကျနော့်ကို အရီကဲသည့် မျက်နှာပေးဖြင့် ကြိုနေသည်။
“ အာရုံနောက်ရတဲ့ အထဲ ၊ခင်ဗျားက ဘာကြောင့် ရီမလိုလို လုပ်နေရတာတုန်း ”
“ အော်၊ အဆောင်ပေါ်က တလာစီတဲ့အသံ ဒီလောက်ဆူညံနေတော့ ခင်ဗျားလစ်လာရတဲ့ အကြောင်းကို သိနေလို့ပါ၊ နောက်တခုက အရက်အကြောင်း ဆရာသော်တာဆွေ ရေးထားတဲ့ စာ လေးတပိုဒ်ကို ပြေးသတိရလို့ ”
“ လုပ်ပါဦး၊ ဆရာသော်တာဆွေက ဘယ်လိုရေးတာတဲ့တုန်း၊ ခင်ဗျားကတော့ သော်တာဆွေလို နိုင်ငံကျော် အရက်သမားဘိုးအေနဲ့ ရင်းနှီးခဲ့ဖူးသူဆိုတော့ အတွင်းသိတွေ ထင်ပါ့ ”
“ သတိရမိတဲ့စာပိုဒ်လေးက သူနဲ့ရင်းနှီးလို့ သူ့ဆီက ကြားခဲ့ရတာ မဟုတ်ပါဘူး၊ သူရေးတဲ့ စာမှာ ဖတ်ရတာပါ။ ဆရာသော်တာဆွေနဲ့ ဆရာမကြီးဒေါ်ခင်မျိုးချစ် အချီအချ ပြောကြတဲ့ စကားလေးပါ၊ ဘာတဲ့၊ ဟေ့ မောင်သော်တာဆွေ ၊ ခင်ညာတဲ့။ အရိယာများ အရက်သောက်ရင် ရေဖြစ်သတဲ့ မောင်၊ အော် သမျောစရာကြီးနော် ဆိုပဲ၊ အခုလည်း ရဲဘက်တွေကို အရက်တလာစီမဲ့အစား အားလုံး အရိယာဖြစ်အောင် သင်တန်းပေးလိုက်ရင် ကောင်းမလား စဉ်းစားမိလို့ပါ”
“ ကိုယ့်ဆရာ၊ အရိယာပုဂ္ဂိုလ်တွေ အရက်သောက်ရင် ရေဖြစ်တယ်ဆိုတာ တကယ်လားဗျ”
“အော် ခင်ဗျားကလည်း စာကို သေချာမဖတ်ပဲကိုး ၊ရေဖြစ်တယ်လို့ ပြောတာက ဆရာမကြီး ဒေါ်ခင်မျိုးချစ်လေ၊ လူကြီးက နောက်ပါ့မလားဗျာ ၊ တကယ်တော့ ဖြစ်ပျက်ဆိုတာကို သေချာနား ရှင်းရင် အရိယာများ အရက် သောက်ရင် ရေဖြစ်တယ်ဆိုတာ သဘောပေါက်လွယ်ပါ့လိမ့်မယ်၊ တိုတိုပြောရရင်ဗျာ ၊ သောက်ထားတဲ့အရက် ကြောင့် ဖြစ်ပေါ်နေတဲ့ လှိုင်းကို နိမိတ်လုံးပေါ်တင်ပြီး စိုက်ကြည့်နေတဲ့အခါ အရက်ရဲ့တန်ခိုးသတ္တိဟာ ခန္ဓာကိုယ်ထဲမှာ အစွမ်းမပြနိုင်တော့ပဲ ရေလို ဖြစ် သွားတဲ့သဘောပါပဲ ”
“ ဒါဆိုလည်း ခင်ဗျားပြောနေတဲ့ ဖြစ်ပျက်ဆိုတာကို နားရှင်းအောင် ပြောပါအုံး”
“အမှန်တော့ ကျနော်ပြောခဲ့တဲ့ အထဲမှာ ဖြစ်ပျက်ရဲ့အစ ပါသွားခဲ့ပါပြီ။ဘယ်နေရာလည်း ဆိုတာ ခင်ဗျားဘာသာ ရှာကြည့်ပေါ့။ ဒါမှမဟုတ် ကျနော်ပြောတာ ဆက်နားထောင်ပေါ့ ဗျာ။
ကျနော်မေ့နေတာ တခုရှိတယ်။ ကျနော့် ခန္ဓာကိုယ်ကြီး အင်ဂျင်တတုံးလို ထနိုးပြီး အထက်တနေရာ ရောက်ခဲ့တဲ့ နေ့ဟာ ကျနော်လေ့ကျင့်ခန်း ဆင်းခဲ့တာ ခုနှစ်လဝန်းကျင်ရှိချိန်ပဲ။ အစက လေ့ကျင့်ခန်း စလုပ်တဲ့နေ့ ကို မှတ်ခဲ့ပေမဲ့ နောက်တော့ မေ့မေ့လျော့လျော့ ဖြစ်သွားတယ်။ ကျနော့် အလုပ်က နေ့တွေကို မမှတ်နိုင်တော့ဘူး။လေနဲ့ခန္ဓာ ကိုယ်ကိုသာ မှတ်နေခဲ့တာကိုး။စက်နှိုးပြီးမှ သိပ် အံသြလွန်းလို့ငါ လေ့ကျင့်ခဲ့တာ ဘယ်လောက်ကြာပြီ လဲစဉ်းစား တော့မှ ခုနှစ်လဆိုတာ သတိပြု မိပါတော့တယ်။ အေးပေါ့ဗျာ။ ဟ၊ ဒီလိုဆိုတော့ ကျမ်းဂန်တွေမှာ ဖော်ပြထားတာ အမှန်ပါကလား လို့ အဖြေရခဲ့တာပေါ့။ ကျနော့် ဖြစ်ပျက်ကိုဆက်ပါရစေအုံး။
နောက်ပိုင်း ရက်တွေမှာ ကျနော့်နှာသီးဝက လေဟာ ဒုတ်ချောင်းတချောင်းလို မာလာတယ်။ အသက်ရှုလိုက်ရင် တစုံတခုက နှာဝအတွင်းပိုင်း ကိုသိသိသာသာလာတိုးတယ်။ ဘယ်လောက် ပြင်းထန်အောင် မှတ်သလဲ ဆိုရင် နှာသီးဖျားမှာ ပေါ်လာတတ်တယ်လို့ ပြောကြရေးကြတဲ့ အမှုန်တွေ တုန်ခါခြင်းဟာ ကျနော့်ခြေဖဝါးတွေမှာ ဖြစ်လာ တဲ့အထိပဲ။
မြေပြင်မှာ ရပ်နေရင် သတိချပ်လိုက်ရင် ခြေဖဝါးက အမှုန်တွေတုန်ခါတာ ပြင်းလွန်းလို့ ငါရပ်နေတဲ့ နေရာအောက် မှာ လိုဏ်ခေါင်းများရှိလေရော့သလား ခဏခဏ တွေးမိတဲ့အထိဗျ။
ဆက်တိုက်ဖတ်လိုက်မှတ်လိုက်နဲ့ ပွဲကောင်းလိုက်တာ နှာသီးဖျားက ဒုတ်တံလိုအရာဟာ တဖြည်း ဖြည်း ရှည်လာပြီး နှာခေါင်းအတွင်းပိုင်းကို ရောက်သွားတယ်။တဖြည်းဖြည်း ခေါင်းဘက်အတွင်းကို ရောက်လာတော့ နှာဝက ဝင်နေထွက်နေတာဟာ ရေပိုက်ထဲက ရေထွက်နေသလို ခံစားရ တယ်။ ဘယ်နှယ့် နှာခေါင်းထဲကို ရေအလုံးလိုက် ဝင်နေထွက်နေသလဲ စဉ်းစားတာပေါ့။ စာတွေလည်းဖတ်နေပြီ ဆိုတော့ရှာဖတ်တဲ့အခါ တွေ့ပါတယ်။နည်းနည်း မြင့်လာတဲ့ နိမိတ်တမျိုး တော့ဗျာ။တိတိကျကျပြောရရင် အဲဒါဟာ ဥဂ္ဂဟနိမိတ်ပါပဲ ။ဒီနေရာမှာ လိုအပ်မယ်ထင်လို့ ဒီစာပိုဒ်လေးတော့ သည်းခံပြီး ဖတ်လိုက်ပါဗျာ”
ပြောပြောဆိုဆို ကျနော့်ထံ လှမ်းပေးသော စာအုပ်ထူကြီးမှာ သေက္ချတောင် ဆရာတော် အရှင် တိလောက မထေရ် စီရင်အပ်သော ပဏ္ဍိတဝေဒနိယဒီပနီကျမ်း၏ စာမျက်နှာ ၅၀၆ ဖြစ်၍ သူ ဖတ်ခိုင်းသော စာပိုဒ်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
“တပည့်တို့ - အာနာပါန အားထုတ်ပုံတို့၏ လိုရင်းအဓိပ္ပါယ်မှာ ပွတ်ကြိုးဆွဲသောသူ ပွတ်ကြိုးကို ရှည်ရှည် တိုတို နှေးနှေး မြန်မြန်အားဖြင့် အခါကို သိ၍ မိမိအလိုရှိသလို ဆွဲဘိသကဲ့သို့လည်း ကောင်း၊ ဖိုထိုးသောသူ ရှည်ရှည် တိုတို နှေးနှေး ပျော့ပျော့ ပြင်းပြင်းအားဖြင့် အခါကိုသိ၍ မိမိ အလိုရှိသလို ထိုးဘိသကဲ့သို့လည်းကောင်း ၊ ထိုထွက်သက်ဝင်သက်ကိုလည်း ဆိုအပ်ခဲ့ပြီးသည့် အတိုင်း ရှည်ရှည် တိုတို စသည်တို့ဖြင့် အခါကိုသိ၍ မိမိ အလိုရှိသလို ဖြစ်စေ၍ ထွက်စေ ဝင်စေ၍ တစ်…နှစ်… စသည်ဖြင့်လည်း မရေတွက်အပ်၊ မရေတွက်မူ၍ လေသွားရာအရပ်ကိုလည်း အကုန် အဆုံး လိုက်၍ မရှုမူ၍ လွှဖြတ်တိုက်သော ယောက်ျားသည် လွှသွားရာကို လိုက်၍ မရှုဘဲလျက် လွှသွားထိရာ၌သာ စိတ်ကိုထား၍ ကြည့်၍ လွှသွားကို အကုန်ထင်ရှား မြင်ရလေဘိသကဲ့သို့ ထို့အတူ နှာခေါင်းပေါက်၌သာ စိတ်ကို ထား၍ သတိသညာဖြင့် သိ၍ မှတ်မိ၍ သာလျှင် ထွက်စေ၍ ဝင်စေ၍ ထွက်ဝင် ထွက်ဝင် ထွက်ဝင်၍ဟု သိမှတ်လျက် ထို ထွက်ဝင်၍နေသော လေကို ဝါယော ကသိုဏ်း နိမိတ် ယူသကဲ့သို့ စိတ်ထဲ ဥာဏ်ထဲ၌ ထင်မြင်၍ လာအောင် ကြည့်ရှုအပ်၏။ ကြည့်ရှုရာ ၏။ ကြည့်ရှု၍ နိမိတ်ယူရာ၏။ တပည့်တို့- ဤအာနာပါန နိမိတ်ရအောင် ကြည့်ရှုအားထုတ်ပုံသည် နားမလည်၍ နေရာမကျ မလုပ်တတ်သော သူတို့မှာ အလွန်ခက်၏။ နားလည်၍ နေရာတကျ လုပ် တတ်သောသူမှာ အလွန်လွယ်၏။
တပည့်တို့- ဤကဲ့သို့ ကြည့်ရှုဖန် များလာသောအခါ နှာခေါင်းပေါက်၌ သွယ်တန်း၍နေသော ကြိုး ကလေးကဲ့သို့လည်းကောင်း၊ တုတ်တံကလေးကဲ့သို့ သော်လည်းကောင်း၊ ကြယ်ရောင်ကဲ့သို့ သော်လည်းကောင်း၊ ပြွန်တံပေါက်၌ ထွက်ဝင်၍နေသော ရေစိုင်လုံးကဲ့သို့သော်လည်းကောင်း၊ ဤသို့ စသည်ဖြင့် မိမိတို့ သညာအားလျော်စွာ လှုပ်ရှားလျက် အာနာပါန ဥဂ္ဂဟနိမိတ် ထင်လာ၏။ တပည့်တို့- ဤထွက်သက်ဝင်သက်ဆိုတာ စိတ္တဇလေဓာတ်တည်း။ အောက် အဘိဓမ္မာ သုညတနည်း၌ ဟောပြခဲ့သော လေဓာတ်၏ သဘောကို သိ၍ထားကြ။ ဤကဲ့သို့ လေဓာတ်သဘောကို သိသောသူအား ဤအာနာပါနနိမိတ်သည် အခိုးကဲ့သို့ သော်လည်းကောင်း၊ ရေကဲ့သို့ သော်လည်း ကောင်း ၊ထင်၏။ လျင်မြန်စွာလည်း ထင်လွယ်ရလွယ်၏။ တပည့်တို့- ဤသို့ ဥဂ္ဂဟနိမိတ်ရပြီးသော အခါ ထွက်သက်ဝင်သက်တို့ကို ကြောင့်ကြ မစိုက်မူ၍ မကြည့်ရှု မူ၍ ဤ စိတ်ထဲ၌ ဥာဏ်ထဲ၌ ထင်မြင်၍ ရရှိ၍နေသော ဥဂ္ဂဟနိမိတ်ကိုသာ အဖန်ဖန် ကြည့်ရှု၍ နေရာ၏။ ဤသို့ ကြည့်ရှုဖန်များ သောအခါ အလွန်ချောမွေ့ နှစ်သက်ဖွယ် ဖြစ်လျက် ငြိမ်သက်စွာ ပဋိဘာဂနိမိတ် ဖြစ်၍ ထင်၏။ ထို အာနာပါန ပဋိဘာကနိမိတ်ကို အဖန်ဖန် အားထုတ်ကြည့်ရှုသောအခါ ဈာန်အဂါင်္ငါးပါးနှင့် ပြည့်စုံသော ပထမဈာန် အပ္ပနာဇောဝီထိ ကျလာ၏။ ပထမဈာန်ကိုရ၏။ ဤ ပဋိ့ဘာဂနိမိတ်ကိုပင် ကြည့်ရှု၍ ကသိုဏ်း၌ ဆိုခဲ့ပြီးသော နည်းအတိုင်း အထက်ဈာန်တို့ကိုလည်း တက်အပ်၏။ ဖြစ်စေအပ်၏။ ဤအာနာပါန ကမ္မဋ္ဌာန်းသည် ပဉ္စမဈာန်ကျအောင် ဈာန်ငါးပါးစလုံးကိုပင် ဖြစ်စေနိုင်၏။ ”
ကိုသက်ခိုင် ဖတ်စေသော စာတို့၏ အဆုံးတွင် ကျနော်က ….
“အမှန်အတိုင်း ပြောရရင်ဖြင့် မင်းဖွယ်စိုးဖွယ်မို့သာ စားကြည့်မိတယ်၊ အရသာကတော့ ခပ်ဖွယ်ဖွယ်ပါပဲ ဆိုသလို ဖြစ်နေပြီဗျ၊ ခင်ဗျား ဆရာတော်ရဲ့ စာတွေကို ကျနော်နားမလည်တာ အမှန်ပဲ”
“ ဒါလည်း ရှင်းရှင်းလေးပါဗျာ၊ ခင်ဗျားက ဒီအလုပ်ကို လုပ်ဖူးတဲ့သူမှ မဟုတ်တာ၊ တကယ်တမ်း လုပ်လာတဲ့အခါ နားလည်ဖို့ မခဲယဉ်းလှပါဘူး”
“ ဒါနဲ့ ခင်ဗျားက ဘယ်အဆင့် ရောက်ခဲ့တုန်းဗျ၊ ခင်ဗျား ဖတ်ခိုင်းတဲ့ စာထဲမှာ ဈာန်အဆင့်ဆင့် အကြောင်းတွေ ပါနေသလားလို့ ”
“ မလောပါနဲ့လေ၊ စာတွေပေတွေ လိုအပ်တယ်ဆိုတာ မှန်သော်ငြား တယောက်နဲ့တယောက် တွေ့မြင်ပုံချင်း ခြားနားတတ်ပါတယ်၊ ကျနော့်ကိုယ်တွေ့ကိုသာ ဆက်ပြီး နားထောင်စေချင်ပါတယ်”
ဟုဆိုလျက် ကိုသက်ခိုင်က စကားဆက်ပြန်ပါသည်။
“နောက်ထူးခြားတာက ကျနော်ဟာ လေ့ကျင့်ခန်း ဆင်းတော့မယ်ဆိုရင် တန်းဖြုတ်မဲ့ အချိန်ကို စိတ်က ဆုံးဖြတ် လိုက်ရုံပဲဗျ။ ထိုင်ပြီး တမီးနစ် မပြည့်ခင် ကိုယ်ခန္ဓာက ကျောက်တုံးကြီး ချထား သလို ဖြစ်သွားတယ်။ ငါးမိနစ်နဲ့ ဆယ်မိနစ်ဝန်းကျင်မှာ လောကကြီးနဲ့ အဆက်ပြတ်ပြီး နာရီချိန်မှတ် စက်အော်သံကြားရင် ထလိုက်ရုံပဲ။ တော်တော်တော့ဇိမ်ကျတဲ့အလုပ်ဗျ။ဘာမှကို မပင်ပန်းတော့ဘူး။ တနာရီလား ။နှစ်နာရီလား။ တနေကုန်လား လာခဲ့။ ဘာမှ အပန်းမကြီးတော့ဘူး။ နှာဝကလေလား ။နှာဝတင် မကတော့ဘူးဗျ။ နှာခေါင်း အတွင်းပိုင်းထဲကို ထောက်လှမ်းရေးစက် ကလေး တလုံးထည့်ထားသလိုကို ဖြစ်နေပြီ။ သိနေလွန်းလို့ မှတ်စရာဂိာုမလိုတော့ဘူး။ သိသလား မမေးနဲ့။ဟေ့ဆိုပြီး မှတ်လိုက်တာနဲ့။အဲဒီ နေရာလေးက ကျနော်တို့ ထောင်ထဲ လူစစ်တဲ့ အချိန်မှာ အော်သလိုပေါ့။ ရှိ….တဲ့။ရီစရာ ပြောတာပါဗျာ။ အဲဒါ ဖြစ်ပျက်ကို လိုက်ရှာမဲ့စက် ကလေးပဲပေါ့ ဗျာ။
နောက်ပိုင်းမှာ ကျနော်ဟာ အဲဒီ နှာသီးဖျားက လေအဝန်း၊ရေအဝန်းလို အရာကိုသေချာ စပ်စုတော့ ဒါဟာ တွန်းအားတခုကြောင့်ဖြစ်နေတဲ့အလှုပ်သဘော လို့သိလာတယ်ဗျ။အစတော့ လှုပ်နေတာကို ငြိမ်အောင် ထိန်းနေရ တယ်။ စိတ်ကူးတွေ တောင်ရောက်မြောက်ရောက် ဖြစ်ရင် ပိုလှုပ်တယ်။
ဒီတော့ ကျနော်လည်း ဖတ်ထားတဲ့ထဲက မှတ်မိသလောက် မျှတပြီးမှန်ကန်တဲ့ အချက်ရှစ်ချက်ကို နားလည် သလောက် စိတ်ထဲက တွေးတယ်။ ဘာတဲ့ဗျာ။ မျှတမှန်ကန်တဲ့အပြော။ အလုပ်၊ အသက် မွေးမှု၊ အယူအဆ၊ ကြံစည်မှု ၊ အားထုတ်မှု။သတိထားမှု ၊ တည်ငြိမ်မှုတွေပေါ့။ ထူးဆန်းတယ်ဗျ။
ဘာမှ ကြီးကြီးကျယ်ကျယ်နားမလည်ပေမဲ့ လေအဝန်းဟာ ထင်တာထက် မြန်မြန် ငြိမ်သွားတတ်တယ်။ ကျနော် ခံယူချက်က နားလည်သလောက်ပဲ လုပ်မယ်။ကြီးကြီး ကျယ်ကျယ်တွေ မမှီတာတွေကို ဆက်မတွေးဘူး။သိမှ မသိတာ ဗျာ။ကိုယ်သိသလောက်ပေါ့။ မျှတမှန်ကန်တဲ့ အချက်ရှစ် ချက်ဆိုတာ ပါဠိလို မဂ္ဂင်ရှစ်ပါးကို ပြောနေတာ ဗျ။
လယ်တီဆရာတော်ဘုရားကြီးရဲ့ မဂ္ဂင်္ဂဒီပနီမှာ
၁။ သမ္မာဒိဋ္ဌိ၊ ဖြူစင်ဖြောင့်မတ် ကောင်းမြတ်သော ဥာဏ်အမြင် ။
၂။ သမ္မသင်္ကပ္ပ၊ ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော အကြံအစည် ။
၃။ သမ္မာဝါစာ၊ ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော ဝစီကံမှု။
၎။ သမ္မာကမ္မန္တ၊ ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော ကာယကံအမှု ။
၅။ သမ္မာအာဇီဝ၊ ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သောအသက်မွေးမှု ။
၆။ သမ္မာဝါယာမ၊ ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော လုံ့လဝီရိယမှု၊
၇။ သမ္မာသတိ ၊ ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော မမေ့မလျော့မှု။
၈။ သမာသမာဓိ ၊ ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော စိတ်တည်ကြည်မှု ။ လို့ ဖော်ပြထားသဗျ။ အလွတ်ရလို့ သိပ်အထင်ကြီးမနေနဲ့အုံး၊ စာတွေကိုသေချာကြည့် ခင်ဗျား အလွတ်ကျက်စရာဆိုလို့ စကားလုံး ရှစ်လုံးပဲပါတာ။ ကျန်တာတွေက အနက်တွေထပ်နေတာ။
……………………………
တဖြည်းဖြည်း ကျနော်ဟာ ခန္ဓာကိုယ်အတွင်းပိုင်းကို ထောက်လှမ်းလာနိုင်တယ်။ဘယ်လို လုပ်သလဲ ဟုတ်လား။ ဒုတ်ချောင်းလိုလို ရေစိုင်လုံး လိုလိုမှာ အဆံနဲ့တူတဲ့ ဗဟိုရှိတယ်ဗျ။ တဖြည်းဖြည်း ငြိမ်သက်လာတာနဲ့အမျှ အဲဒီ ဗဟိုကို ရောက်လာတယ်။ဗဟိုကို ရောက်ချိန်မှာ အဲဒီ စက်ကလေးကို တောင်ရွေ့မြောက်ရွေ့လုပ်လို့ရတယ်။ ငယ်ထိပ်၊နောက်စေ့၊ ခေါင်းဘေး ဖက်ခြမ်း တွေ၊ပါးပြင်တွေ ပုခုံး၊လက်မောင်း တကိုယ်လုံးဆိုပါတော့ဗျာ။အဲဒီမှာ ဘာတွေ့ သလဲ သိသလား။
သတိချပ်လိုက်တဲ့နေရာတိုင်းမှာ အပ်နဲ့ထိုးသလိုလို ။စူးတခုခုနဲ့ဆွလိုက်သလိုလို ဖြစ်နေတယ်ဗျာ။ တခါတခါများ သတိကပ်တဲ့အချိန်ကို ကျနော်တောင် သတိမထားမိဘူး။ရုတ်တရက် ကျနော့်ပါးပြင်ဟာ အမှုန်တွေ ဖြစ်ပြီး ကြွေကျကုန်လို့။ ဟ၊ ငါ့ပါးတော့ သွားပါပြီ။ဘယ်နှယ့် ပါးမှာ အသားတွေ မရှိတော့ပါလား ဆိုပြီး ပါးကို ယောင်ပြီး စမ်းမိတာတွေလည်း ဖြစ်လာတယ်။
တရက်ပေါ့ဗျာ။ ထိုင်ပြီး ဆယ်မိနစ်လောက်ကြာတော့ ကျနော်ဟာ ထုံးစံအတိုင်း လောကကြီးနဲ့ အဆက်အသွယ် ပြတ်နေတဲ့အချိန် ကျနော့်ရှေ့မှာ ကျုပ်ခန္ဓာကိုယ် အချိုးအစားအတိုင်း တသွေမတိမ်းတူတဲ့ အရိုးစုကြီးဟာ ကျနော် ထိုင်သလိုပုံစံ တပ္ပလင်ခွေထိုင်နေတယ်။သေချာ ကြည့်လေ ဒါဟာ ကျနော်ပဲလို့ သိသာလေပဲ။ အသားတစက်မှ မပါတဲ့ အရိုးစုကြီး ဗျာ။အရိုး တွေက နီညိုရောင် ရင့်ရင့်နဲ့။သူဘာလုပ်နေသလဲ ဟုတ်လား။သူက ကျနော်ထိုင်သလို ထိုင်ပြီး ပါးစပ်ကနေ တတွတ် တွတ် ဘာရွတ်မှန်း မသိရွတ်နေတယ်။ရွတ်တာမှ မြန်မြန်ကြီးကို ရွတ်နေတာ ဗျား။ ဒီနေရာမှာ ကျနော်နဲ့ခင်မင်ဖူးတဲ့ နီတွတ်ကျော်ဆိုတဲ့ လူငယ်တယောက်ပြောပြဖူးတဲ့ စိတ်ကငြိမ်နေတဲ့အခါ ရုပ်ကအလုပ်ရှုပ်နေတယ်။ ရုပ်ကငြိမ်နေတော့ စိတ်က အလုပ်ရှုပ်နေတယ် ဆိုတဲ့ စကားတခုကိုပြေး သတိရမိတယ်ဗျာ။
ကျနော်ဟာ မှတ်တယ်ဆိုတဲ့ အလုပ်ကို ဘယ်ပုံစံနဲ့မဆို မှတ်နိုင်နေတယ်။ သွားနေနေ။စားနေနေ လှဲနေနေ၊ထိုင်နေနေ ။အိပ်နေနေ ဘယ်အနေအထားမှာ မဆိုမှတ်နိုင်လာတယ်။တနေ့ ကျနော် ဘေးတစောင်း လှဲနေရင်း မှတ်နေတုန်း ဗြုန်းဆို ကျနော်ဟာ တခြားဘက်ကိုစောင်း သွားတယ် လို့ ရုတ်ကနဲ ထင်လိုက်တယ်။ ငါ လည်းမစောင်းဘဲ နဲ့ ။ဘယ်လို ဖြစ်တာလဲ ဟ ။သေချာထပ်ပြီး ဂရုစိုက်လေ ကျနော်ရဲ့ တခြားသော ခန္ဓာကိုယ်တခု ဟာ ဘေးဘက်ကို လှည့်လှည့်နေတယ်။အော် ငါ့စိတ်ကူးတာတောင် ငါမသိသေးဘူး။သူက လှည့်နေတာ အရင်ပါ လား။နောက်တခါ ရှိသေးဗျာ။ ထိုင်လို့ မကြာခင် ကျနော့်မျက်နှာတည့်တည့်ကို လက်နှိပ်ဓာတ်မီးလို အလင်းတန်း တခုနဲ့ထိုး လိုက်သလို ဝင်းကနဲဝင်းကနဲ လာလာ ပေါ်နေတယ်။ အလင်းအမှုန်အမွှားလေးတွေက ထိုင်ခါစမှာ ပေါ်ဘူးပေါင်းများပါပြီ။ ဒီတခါ က ခပ်ကြီးကြီး ဗျ။
နောက်တခု ဒီအမှုန်တွေဟာ အချိန်တိုင်းလိုလို မတည်မြဲဘူးဗျ။ပြောင်းလဲနေတယ်။ ဘယ်လို ပြောင်းလဲသလဲ ဟုတ်လား။ခဏခဏ ကိစ္စချောပြီး အသစ်ပြန်ဖြစ်နေတာ။ အမြဲပြောင်းလဲနေတာနဲ့ ကိစ္စချောနေတာကို ကျနော်နဲ့ ဆိုင်သလား သေချာစပ်စုတာပေါ့။ စပ်စုသမှ ကျနော်ဟာ အသက် လုံးဝမရှူတဲ့အခြေအနေ ရောက်အောင် လေ့ကျင့်ပြီးစူးစမ်းတာ၊ ဟုတ်လိုက်သမှဗျာ။ ကျနော် အသက်မရှူလည်း သူဘာသူ အမြဲပြောင်းအမြဲ ကိစ္စတုံး နေတာ။အမြဲပြောင်းနေတယ်။ ပျက်စီးသွားတယ်။ အဲဒီ နှစ်ခုကို ထိန်းချုပ်ပြုပြင်လို့ မရဘူး။ ဟုတ်ပါတယ် ဗျာ။ ခင်ဗျားတို့၊ ကျနော်တို့အမြဲ ပြောပြောနေတဲ့ အနိစ္စ၊ဒုက္ခ၊အနတ္ထ၊ ဆိုတာ အဲဒါပါပဲ။
………….
ဒီလို အမှုန်တွေ၊ ကြွေကြွေကျနေတဲ့ကျနော့်ခန္ဓာကိုယ်က အလင်းတွေ အမှုန်တွေ၊စူးနဲ့ အပ်နဲ့ထိုး သလို တွေ၊ နေရာအနှံ့မှာ လှိုင်းထလှုပ်ရှားနေတာတွေ တွေ့ဖန်များလာ။ လေ့လာဖတ်ရှုမိတဲ့စာတွေလည်း အထိုက်အလျောက် ရှိလာပြီးတဲ့နောက် တနေ့မှာတော့ ကျနော်ဟာ လေ့ကျင့်ခန်း ဆင်းနေရင်း ငါဟာ အမှုန်တွေနဲ့ ဖွဲ့ထားတာ ပါကလား၊အလင်းလိုဟာမျိုးလည်း ပါသေး၊ နောက် လေဖိအားလို ၊ဒါတွေကိုဆွဲစိ ပေါင်းစပ်ထားတဲ့ အရာ။ အားလုံး ကို အသိဥာဏ်တခုနဲ့ဆက်ကာ ဆက်ကာ ဆင်ခြင်မိလာပါတယ်။ငါသာ မဟုတ်၊ ကျနော်လို ဘဝတူရဲဘက် တွေ၊ ထောင်ဝန်ထမ်းတွေ။ တခြား သူတွေ ဒီလိုပဲ ဖွဲ့ထားကြတာပါကလား။အားလုံး၊ အားလုံး။ ကုန်ကုန်ပြော ရင်ဗျာ။ ဘေးမှာ တဝီဝီ အော်ပြီး ပျံနေတဲ့ ခြင်တွေ။ ချောင်ကြို ချောင်ကြား လျှောက်သွားနေတဲ့ ကြွက်တွေ အားလုံးဟာ အဲဒီလို ဖွဲ့ထားတာတွေကလည်း ရုတ်တရက် ဖြစ်လာ။ ချက်ချင်းပျောက်သွား၊ နောက် အသစ်တခု ပေါ်လာ။ ဆက်တိုက်ဆက်တိုက် ဖြစ်နေတာပါကလား။
ဒါတွေ ဆက်တိုက်ဖြစ်လာဘို့ မူလစွမ်း အင်တမျိုး၊ ရာသီဥတု၊စားထားတဲ့ အစာ။စိတ်လို့ ခေါ်တဲ့ ထောက်လှမ်းရ ခက်တဲ့အရာတွေ ပံ့ပိုးလို့ဖြစ်နေတာပါကလားဆိုတာ တန်းစီပြီး ကျနော့်အသိ ဥာဏ်မှာ ထင်လာပါတော့တယ်။ သိပ်လည်း နားရှုပ်မသွားပါနဲ့ဗျာ၊ ဒါတွေကို စာစကားနဲ့ပြောရင် ရုပ် နာမ်ရဲ့သဘော ဓာတ်ကြီးလေးပါးရဲ့သဘောကို တစတစ သိမြင်လာခြင်းပါပဲ။
………………………..
ဒါတင်မရပ်သေးပါဘူး။ ကျနော်ရဲ့ ဆင်ခြင်တွေးတောမှုဟာ ဒီအမှုန်တွေ အလင်းတွေ စတင် ဖြစ်ပေါ်လာရာ နေရာ တခုဆီကို ရုတ်ခြည်းပြေးသွားပြန်ပါတယ်။ ဘာမှ မရှိတဲ့၊နေရာ အခြေအနေတခုမှာ ရုတ်တရက် ပေါက်ကွဲမှုလိုလို၊ ဧရာမ ဖြစ်ပွားပေါ်ပေါက်မှုကြီးတခုလိုလိုကနေ ဆင့်ကဲ ဆင့်ကဲ ရွေ့လျားပြောင်းလဲ လာတာတွေ၊ တစတစ အချိန်ကာလတွေ၊ကို ဖြတ်သန်းပြီး အမှုန် အလင်းအပူချိန်ဖွဲ့စည်းမှု အမျိုးမျိုးရှိတဲ့ အခြေအနေ အမျိုးတွေကို ကျနော့်စိတ်ကျနော့် ဥာဏ်မှာ ထင်လာပါလေရော။
ဒီကတဆင့် အမှုန်တွေလို မြင်ခဲ့ရတဲ့ ရုက္ခစိုးကအစ ဗြဟ္မာ။အသူရကာယ်။တစ္ဆေ။နတ်ပြည် ဆိုတာ တွေဟာဘယ်ကဘယ်လို ဆက်စပ်မိမှန်း မသိတော့ပါဘူး။ နေရာဒေသသုံးဆယ့် တခု ။သုံးဆယ့် တဘုံဆိုတာပါ ဥာဏ်မှာ တရေးရေးထင်လာပါတော့တယ်။ အမှန်တော့ ကျနော်ဟာ လောကကြီး ဖြစ်တည်လာပုံ၊ ဖြစ်တည်နေပုံရဲ့သဘောကို အထိုက်အလျောက် စောကြောသိမြင်လာခြင်းပါပဲ။
ဒါတွေဟာ စံနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားမှုကြီးပါကလား။ ဘဝပေါင်းများစွာတို့ ကောင်းသောအမှုတို့ မကောင်းသောအမှုတို့ဟာ စိတ်နဲ့ကိုယ် အပြုအမူတွေကတဆင့် စွမ်းအင် သက်ရောက်မှုတွေ ရှိနေပါကလား ဒီထက်ရှုပ်ထွေးနက်နဲတဲ့ ကျနော်နားမလည်တဲ့ရုပ်တွေနာမ်တွေရဲ့ သဘော။ဆက်စပ် ဖြစ်စဉ်တွေလည်း အများကြီး ရှိသေး။ သူ့နည်းလမ်းအတိုင်း လုပ်ကြည့်တော့ တကယ်ပဲ တွေ့ သိလာတယ်။
မြတ်စွာဘုရား ။ဟုတ်ပါ့ဗျာ။ ဒီစံနစ်တကျ ဖြစ်စဉ်ကြီးကို ရှာဖွေဖေါ်ထုတ်ခဲ့တာ အခု ကျနော်တို့ ကိုးကွယ်နေ တဲ့ဂေါတမဗုဒ္ဓပေါ့။ခုနှစ်လ လေ့ကျင့်တဲ့သူက ဒီလောက်သိရင် မရေတွက်နိုင်တာ လေးကြိမ်၊နောက် ကမ္ဘာတသိန်း ဆိုတဲ့အချိန် ရှာဖွေလေ့ကျင့်တဲ့သူ ဘယ်လောက်များ သိလေမလဲ။
ဆိုချင်သလိုသာ ဆိုတော့ဗျာ။ ကျနော်ဟာ ဘုရားဆိုတာ ဘယ်လိုမှ စာနဲ့ရေးမပြောတတ်လောက်အောင် အထင် ကြီး လေးစားလာပါတော့တယ်။အလေးအမြတ်ထား ရမဲ့အရာအဖြစ် မြင်လာပါ တော့တယ်။
…………………..
ဒါတင် ဘယ်ကမလဲဗျ။ ဒါတွေကို မှတ်တမ်းမှတ်ရာပြုထား ချက်တွေ။မပျောက်မပျက်အောင် ကျနော်တို့လို ကိုယ့်ကိုယ်ကို လူလည်ထင်ပြီး တကယ်တမ်းကျတော့ စမ်းတဝါးဝါးဖြစ်နေတဲ့ ကောင်တွေ သိလာအောင် နည်းမျိုးစုံ အပင်ပန်းခံ ဖြန့်ဝေဟောပြောသွန်သင် ဆုံးမနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ တန်ဖိုးကိုပါ ဆက်တိုက်သိလာတော့ တာပေါ့။ တယ်လည်း အရေးကြီးပါလား။နည်းစံနစ်ကို သိရင် အထက်ကိုလည်း တက်နိုင်တယ်။ မသိရင် ယောင်ချာချာ နဲ့နေလို့ထိုင်လို့ ဘယ်လိုမှ မအေးချမ်းတဲ့နေရာတွေကို ရောက်နိုင်တယ်ပေါ့ဗျာ။လွယ်လွယ်ပြောရင် ငရဲကျတယ်ဆို ပါတော့။
အေးဗျာ။ ကျနော် စာစကားတွေကို ရှောင်လွှဲပြီး တမင်ပြောနေတာတော့မဟုတ်ရပါဘူး။ ကျနော် တွေ့မြင်ခဲ့သလို ပြောပြနေတာပါ။အဲဒီလို အသိဥာဏ် အစဉ်အတန်းတွေ ပေါ်လာတဲ့ အချိန်မှာပဲ ကျနော်ဟာ တန်ဖိုးကြီးလွန်းလို့ ရတနာသုံးပါးလို့ခေါ်တဲ့ ဘုရား၊တရား၊သံဃာ ဆိုတာကို မြတ်နိုး လေးစားခဲ့တော့တာပါပဲ။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ဓမ္မံသရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ ပေါ့။ရင်ထဲက ဂစ္ဆာမိနော်။စာထဲက ဂစ္ဆာမိ မဟုတ်ဘူး။ ကျနော်ဟာ ဒေါင်ဒေါင်မြည် ဗုဒ္ဓဘာသာဝင်တယောက် ဖြစ်ခဲ့ပါပြီ။
ရတနာသုံးပါးကို လေးစားယုံကြည်စရာလို့ ကျနော်ကပြောရတာ စကားလုံးရှာရ ခက်တယ် ဗျာ။ ကျနော်လိုလူက ဒါကို ပြောတော့ မူလတန်ဖိုးပျက်မှာတောင် စိုးရိမ်တယ်။ယောမင်းကြီး ဦးဖိုးလှိုင် ရေးတဲ့ကျမ်းတွေကို စာမဖတ်တတ် တဲ့ သူ့မြင်းထိန်းငတာက ကောင်းလှချည့်ရဲ့ဆိုပြီး အရပ်ထဲ လျှောက်ပြောတော့ ယောမင်းကြီးကြားတော့ ငတာ့ကို ခေါ်ပြီး ရော့၊ ငတာ၊ ပုဆိုးနှစ်ထည်ယူလိုက်။ နောက်ကို လျှောက်မပြောနဲ့ တားတာတောင် သတိရသဗျာ။
………………….
ခင်ဗျား လည်းလုပ်ကြည့်ချင်တယ် ဟုတ်လား။ လုပ်ကောင်းတဲ့အရာပဲဗျ။သို့သော် ကျနော် လုပ်သလို တသွေမတိမ်း လိုက်မလုပ်ပါနဲ့။ ကျနော်ပြောတာ အကုန်မယုံပါနဲ့။ကိုယ်ပိုင်ဥာဏ်ကို သုံးပါ။ ဇွတ်လုပ်တာ၊ ခပ်ပျော့ပျော့လုပ်တာ မျိုးတွေ မလုပ်ပါနဲ့။ တိတိကျကျ ပြောရရင် အစွန်းတရား နှစ်ပါးကို ရှောင်ပါ။ထင်ရာကို ကောက်ချက် မဆွဲပါနဲ့။ ကျမ်းဂန်နဲ့တိုက်ဆိုင်ဘို့လိုတဲ့ နေရာမှာ တိုက်ဆိုင်ပါ။ သို့သော် တလုံးမကျန် အတည် မယူပါနဲ့။ ဒီနည်း စံနစ်ဟာ ထိန်းချုပ်မှု ။တည်ငြိမ်မှု ။တွေးခေါ်မျှော်မြင်မှုတွေနဲ့ အခြေခံထားတာပါ။အခုလောက်ဆို ခင်ဗျားလည်း ဖြစ်ပျက်ကို ရိပ်မိလောက်ပါပြီ။ ဒါပေမဲ့ ကျန်သေးတယ်ဗျ။နားထင်ကို တူနဲ့ထုသလို ရှင်းသွားအောင် ဒီမှာ ကျနော်တို့ ခင်ဗျားတို့ ခန္ဓာကိုယ် တည်ဆောက်ထားတဲ့ အမှုန်တွေအကြောင်း ရေးထားတာလေးကို ဖတ်ပါအုံး။ လိုလို့ပြောတာပါ။ ဗုဒ္ဓဘာသာဝင် တော်တော်များများဟာ ကိုယ်ကိုးကွယ်တဲ့ ဘုရားကို ဂုဏ်တင်လိုစိတ်နဲ့ ဂေါတမဗုဒ္ဓဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်ကတည်းက အက်တမ်ကို ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့တာကွ၊ ဘာညာ ဆိုပြီး လေတလုံးမိုးတလုံး ပြောသံတွေ ခင်ဗျားလည်း ကြားဖူးမှာပါ။ ဒါပေမဲ့ ဘယ်လိုခွဲခြမ်းစိတ်ဖြာထားသတုန်း မေးရင် တော့ ဖြေနိုင်သူရှားအံ့ထင်ပါရဲ့။
ဟုတ်တယ်။ သေက္ချတောင်ဆရာတော် အရှင်တိလောက မထေရ်ရဲ့ ပဏ္ဍိတဝေဒနိယကျမ်းပညာရှိ ရဲ့ခံစားချက်(သုံးဆောင်ခံစားရန်)လို့ ခေါ်မလား။စာမျက်နှာ ၁၃၃ ကို လှန်လိုက်။
…………………………
တပည့်တို့။ ပရမတ္ထရုပ်ကလာပ်ကား သူဘာသာသူ ဖွဲ့စည်း၍ နေသော သယံဇာတ ချည်းသာ။ ဤသမူဟ ရုပ်ကလာပ်သည်ကား သူဘာသာ ဖွဲ့စည်း၍ဖြစ်နေသော သယံဇာတ ရုပ်ကလာပ် လည်းရှိ၏။ သူတပါးတို့ဖွဲ့စည်း အပ်သော ပရံကတကလာပ်လည်း ရှိ၏။
လူတကောင်သည် သူ့ဘာသာသူ ဖွဲ့စည်း၍ ဖြစ်နေသော သယံဇာတရုပ်ကလာပ် တခုမည်၏။ ပရမတ္ထ ရုပ်ကလာပ်ပေါင်း သိန်းသန်းကုဋေလောက် သမူဟကလာပ် ဖွဲ့စည်းပေါင်းစုမိလျှင် ပရမာ အနုမြူလောက်ကြီးသော အထည်ဝတ္ထု ရုပ်ကလာပ်ခဲကလေး တစ်ခုဖြစ်၏။
ပရမတ္ထ ရုပ်ကလာပ်၏ အထည်ဝတ္ထုအကြီးပမာဏကိုကား ဤသို့သိရမည်။ဦးခေါင်းက သန်းတကောင်ကို ခုနှစ်စိတ်စိတ် ၍ တစ်စိတ်စာသည် လိက္ခာ မည်သောပိုးတစ်ကောင်။
၁။ (ဤ ပိုးကား လူတို့၏ ကိုယ်၌ ခို၍ ဖြစ်နေသောပိုးတည်း။ဝဲနာ ယားနာတို့ကို ဖြစ်စေတတ်၏။)ဤ လိက္ခာပိုး တစ်ကောင်ကို သုံးဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်စာသည် ရထေရေဏုမြူ တစ်ခု။
၂။(လှည်းရထား မောင်းသောအခါ ထသော ဖုန်မှုန်ကလေး တွေကို ရထေရဏုမြူ ခေါ်သည်။ ဤ ရထေရေဏုမြူ တစ်လုံးကို သုံးဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်စာသည် တဇ္ဇာရီမြူ တစ်ခု။
၃။(တဇ္ဖာရီမြူကိုကား လူအိုများ မမြင်ရ။လူပျိုရွယ်များမှသာလျှင် မြင်ရ၏)။ဤ တဇ္ဖာရီမြူ တလုံးကို သုံးဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ် စာသည် အဏုမြူတစ်ခု။
၎။(နံနက် ညချမ်းအချိန်အခါ ၌ နံရံပေါက် စသည်မှ ဝင်သော နေရောင် အတွင်း၌ ထင်မြင်ရသော အမှုန်နု ကလေးတွေကို အဏုမြူခေါ်သည်။နေရောင်နှင့် အခန့်သင့်သော်လည်းကောင်း၊ ရောဂါကင်းသော ကလေးငယ်များ သည်လည်းကောင်း ၊အလွန်ကြည်လှစွာသော၊ ဘိလပ်တိုင်းဖြစ် မျက်မှန်ကောင်းကောင်း တပ်၍လူပျိုလူရွယ်များ သည်လည်းကောင်း မြင်ရသေး၏။) အဏုမြူတစ်လုံးကို သုံးဆယ့်ခြောက်စိတ်စိတ်၍ တစိတ်စာသည် ပရမာဏုမြူ တစ်ခုမည်၏။
၅။(ဤ ပရမာဏုမြူကိုကား လူများ မျက်စိဖြင့် ကောင်းစွာ မမြင်ကောင်းပြီ။တန်ခိုးကြီးသော နတ်၊ ဗြဟ္မာများ မျက်စိမှ သာလျှင် မြင်နိုင်ကောင်းတော့သည်။)
ဤ ပရမာဏုမြူထက် အဆတစ်သိန်း တစ်သန်း တစ်ကုဋေမျှလောက် သာလွန် အင်မတန် သိမ်မွေ့သော ပရမတ္ထ ရုပ်ကလာပ် တခုကိုကား ပကတိ မံသမျက်စိနှင့်ကြည့်၍ ဘယ်သူမှ မမြင်ကောင်းပြီ။ မမြင်နိုင်ပြီ။ အလွန် တည်ကြည်လှသော သမာဓိ မျက်မှန်တပ်၍ အလွန်တည်ကြည်လှစွာသော ဥာဏ်မျက်စိနှင့် ကြည့်မှသာလျှင် မြင်နိုင်တော့သည်။
(အနည်းငယ်ချုံ့ ထားသည်။ မူရင်းသတ်ပုံအတိုင်း။ )
………..
ဟား။ ခင်ဗျားလည်း ကျမ်းနဲ့ စိမ်းတော့ သန်းတဲ့ကိန်း ဆိုက်သွားပြီ။ကဲပါ။ အိပ်ချင်ပြေသွားအောင် ကျနော့်ဧည့်သည် လိပ်မလေးအကြောင်း ပြောပြမယ်ဗျ။ဟုတ်တယ်။ လူယောင်ဆောင်ပြီး လာလည်တဲ့ လိပ်မလေး။ဒီလိုဗျ။
ကျနော်ဟာ အထိုက်အလျောက် လမ်းမှန်ကိုတွေ့တဲ့ အချိန်မှာ သမထအားကောင်းလွန်းလို့ တနည်းအားဖြင့် ဇိမ်ကျ တဲ့ဒါဏ်ကို မခံနိုင်လို့ စိတ်လွတ်သွားတဲ့ အချိန်တွေရှိတယ်။ဒါလည်း သတိထားသင့်တဲ့ အချက်ပဲ။
ကျနော်ဟာ စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်းလာတယ်။ လောကကြီးကို ရဲရဲဝံ့ဝံ့ရင်ဆိုင် တတ်လာတယ်။ ကျန်းမာလိုက်ပုံများ ကျနော်ဟာ ရှိရင်းစွဲ အသက်ထက် ၁၀နှစ်လောက် ပြန် နုပျိုလာ တယ်။ခင်ဗျား ကျနော့်ကို ၄၀ ဝန်းကျင်ထင်နေတာ၊ကျနော့်အသက် အခု ငါးဆယ်ပြည့်နေပြီ။ ပုထုဇဉ် ဘဝက မကျော်သေးတာကြောင့် ကာမဂုဏ် စိတ်ပြင်းထန်စွာ ထ ပေါ်တတ်တဲ့ အချိန်တွေနဲ့ ကြုံခဲ့တယ်။ ကျနော့်အဖြစ်ကို ကျနော်ပြောတာ တခြား တရားသမား တွေကို မဆိုလိုဘူး။
အဲဒီမှာ လိပ်မလေးနဲ့တွေ့တာပေါ့ဗျာ။လူယောင်ဆောင်လာတယ် ဆိုပါတော့။ ဒီကိစ္စမှာလည်း ခင်ဗျားကို ကျနော်နားလည်ထားတဲ့ သုံးဆယ့်တဘုံဆိုတာ ရှင်းပြချင်သေးတယ်။နတ်ပြည်တို့ငရဲတို့ဆိုတာ အမေရိက တိုက်ကြီးလို လက်ညှိုးထိုးပြလို့မရတော့ ခင်ဗျားလည်း ယုံဘို့ခက်မယ်။ အလွယ်ဆုံးနည်းနဲ့ ကျနော်ရှင်းပြမယ်။
ဟိုမှာကြည့်လိုက်။ ထရံကြားကနေ နေရောင်ဝင်လာတယ်။ အဲဒီနေရောင်အောက်မှာ အမှုန်တွေ တွေ့ရတယ်။ မြင်တယ်နော်။ အဲဒီ အမှုန်တွေဟာ ခင်ဗျားနဲ့ကျနော့်ရဲ့ဘေးမှာလည်း ရှိတယ်။ ဒါပေမဲ့ ဒီနေရာမှာ နေရောင်မရှိတော့ မမြင်ရဘူး။ထို့နည်းလည်းကောင်းပဲ။ ခင်ဗျားတို့ကျနော်တို့မှာ သမာဓိ အလင်းနဲ့ဥာဏ်အရောင်မရှိလို့ မမြင်ရတာ။ ဒါဟာ ကျနော်ရဲ့ စာတွေ့လက်တွေ့အယူအဆ ။ခင်ဗျား လက်ခံတာ ငြင်းပယ်တာ ခင်ဗျားအလုပ်။သို့သော် ဥာဏ် အလင်းရောင် မရသေးပဲ မရှိဘူးလို့ တော့ ဇွတ်မငြင်းစေချင်ဘူး။ကဲ ၊လိပ်မလေးပုံပြင် စ ရအောင်။
တကယ့် လူရွယ်တယောက်လို သန်စွမ်းမှုတွေ ဖြစ်လာပြီး စိတ်က ကာမဂုဏ်ဘက်ကို ညွှတ်ခဲ့တဲ့တနေ့ပေါ့ဗျာ။ လုပ်နေကျ လေ့ကျင့်နေခန်းကတော့ မပျက်ပါဘူး။ ဒီစိတ်ပေါ်တယ်ဆိုတာလည်း သူများမသိရင်သာရှိမယ်။ ကိုယ့်ကိုယ်ကိုတော့ သိတယ်။ကိုယ့်ဇနီးမယားနဲ့အတူ ရှိနေရင်လည်း ဒီကိစ္စ မပေါ်လောက်ဘူး။ရဲဘက်ဆိုတာ ခင်ဗျားသိတဲ့အတိုင်း အလိုရှိချိန် ဖြစ်နိုင်တဲ့ ကိစ္စ မဟုတ်ဘူး။
အဲဒီည အိပ်ရာအဝင်၊ ကျနော့်မှာ ကာမဂုဏ်စိတ်ပြင်းပြနေတော့ ကာမဂုဏ်ညစ်ညူးကြောင်းတွေ တတ်သလောက် မှတ်သလောက် မှတ်ပြီးဖြေတာပေါ့။ကိုယ့်ကိုကိုယ်လည်း ပြေလောက်ပြီထင်တာပေါ့။ဒါပေမဲ့ဗျာ။
ကျနော် အိပ်တဝက်နိုးတဝက် အချိန် ဆိုရမလား။တကယ်ဆို မအိပ်တဲ့ဘက်က ပိုများတယ်ဗျ။ ရုတ်တရက်ဆိုသလို ကျနော့်ဘေးကို အသက်နှစ်ဆယ်ဝန်းကျင် မိန်းကလေးတယောက် ရောက်လာတယ်။ အဲဒီညက အပြင်မှာ လေတဟူးဟူး တိုက်နေတော့ ကျနော်စောင်ခြုံထားတာ။ သူက စောင်ထဲဝင်ပါရစေ ခွင့်တောင်းနေတယ်။ ကျနော့်မှာ ဟိုစိတ်ဒီစိတ်ထက် အံသြနေလို့ ဘာပြန်ပြောရမှန်း မသိဘူး။သမာဓိလည်း အထိုက်အလျောက်ရှိနေတော့ ခွပ်လိုက်ကြဟေ့ သူငယ်ချင်းလို့လည်း မပြောဖြစ်ဘူး။အဲဒီ စိတ်လည်း ပျောက်နေတာ အမှန်ပါ။
ကျနော်က အူကြောင်ကြောင်လုပ်နေလေလေ။ သူက စောင်ထဲကို ဝင်ပါရစေ။ထပ်ချည်းတလဲလဲ ပြောနေတယ်။ နောက်ဆုံးကျနော်လည်း ဝင်ချင်လည်းဝင်နေပေါ့ဆိုပြီး သဘောတူလိုက်တယ်။ သူ ကျနော့်ဘေးမှာ အိပ်ပေ့စေပေါ့။ တကယ်ပါ ကျနော်မလိမ်ပါဘူး။
ဒါတင်မပြီးသေးဘူးဗျာ။ သူက သူ့ဘက်ကိုတိုးတဲ့။သူ့ကိုဖက်ထားတဲ့။ကျနော်လည်းနားငြီး အေးရော ဆိုပြီး ဘယ် ဘက်လက်နဲ့ဖက်ထားလိုက်တယ်။ သူက နောက်တမျိုးထပ်တိုး လာပြန်တယ်။ သူ့ခါးပေါ်ကို ကျနော့်ခြေထောက် တင်ထားတဲ့။ကဲ ။တင်ရုံတင်တော့ ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး သူ့ခါးပေါ်လည်းကျနော့်ခြေထောက် တင်လိုက် ရော၊ ကျနော့်ခြေထောက်က အထိအတွေ့ဟာ မာကြောကြော ဖြစ်နေပါတယ်လို့။ ထင်မိတာကြောင့် စောင်ကြား ကနေ အဲဒီမိန်းကလေးရဲ့ အောက်ပိုင်းကို ကြည့်လိုက်တော့ လားလား ။ကျနော်ဟာ လိပ်ခွံကြီးတခုကို ခြေတင်ထား နေပါလား။ ကျနော်လည်း လန့်နိုးလာရော ဆိုပါတော့ဗျာ။
……………………….
အားမကျနဲ့၊ ဒါဟာ ဝိပဿနာညစ်ညူးကြောင်းနဲ့သမထလမ်းလွဲတွေဗျ။ဒါတင်မကဘူး။ ဝိဥာည်လောကက မိန်းမ တွေ လည်းလာတာပဲ။လာလွန်းလို့တခါတခါ လန့့််တောင်လာတယ်။ သူလာပုံက တမျိုးဗျာ။
သူတို့လာတော့မယ်ဆိုရင် ကျနော်က လုံးလုံး အိပ်မပျော်သေးဘူး။ အကောင်းကြီး ရှိနေသေးတာ။ အိပ်ရာထဲတော့ ရောက်နေပြီ။သူလာခါနီးရင် ကျနော်ဟာ ဓာတ်ကြိုးအားခပ်ပျော့ပျော့ကို ကိုင်မိသလို ဖြစ်လာတယ်။ သူအနား ရောက်လာပြီး လူချင်းထိတာနဲ့ ကျနော့်ငယ်ထိပ် တည့်တည့်ကို အပြင်းစားဓာတ်လိုက်သလို ဖြစ်လာတယ်။ သူက ကျနော့်ငယ်ထိပ်ကနေ ကျနော့် ခေါင်းကတဆင့် ခန္ဓာကိုယ်ထဲ ဝင်တာဗျ။ အထဲရောက်တာနဲ့သူထင်တာ သူလုပ် တော့တာပဲ။ ကျနော်က အော်လည်း မအော်နိုင် အညှို့ခံရသလို ဖြစ်ပြီး သတိလွတ်သွားတာပဲ။လွတ်သွားတဲ့ အချိန် မှာ ကျနော်ဟာ သူနဲ့တသဘောတည်း ဖြစ်နေတယ်။ ဘယ်လောက်ကြာမှန်းတော့ မသိဘူး။ သူလည်း ထွက်သွား ရော။ ကျနော်လည်း လန့် ထိုင်မိတော့တာပဲ။
မိန်းမတွေချည်း မဟုတ်ဘူးဗျ။ ယောက်ျားဧည့်သည်လည်းရှိတယ်။ ကိုယ်တော်တွေကတော့ ကျနော့်ကို ဘာမကျေ နပ်သလဲ မသိဘူး။ လာတာနဲ့ ကျနော့်ကို ပညာပေးတော့တာပဲ။ ဟုတ်တယ် ။ကျနော့်ကို တခုခု ပြောတယ်။ ကျနော်က အူကြောင်ကြောင် ဘာပြန်ပြောရမှန်း မသိပဲ နေတာနဲ့ ကျနော့်လည်ပင်းကို ညှစ်တော့တာပဲ။ ထုံးစံ အတိုင်းအော်လို့မရ ။ ရုန်းလို့မရနဲ့။ အချိန်အတော်ကြာ ရုန်းမှလွတ်တယ်။ တခါလည်းမဟုတ်။ နှစ်ခါလည်း မဟုတ်တော့ ကျနော်လည်း စိတ်ရှုပ်လာတယ်။ ဘယ့်နှယ့်၊ငါ သူတော်ကောင်း အလုပ်လုပ်နေတာ ဒါတွေ ဘာလို့ အကြိမ်ပေါင်းများစွာ လာနေရပါလိမ့်ပေါ့။နောက်တော့ နည်းတွေ့သွားတယ်။ ဘယ်နည်းလဲဟုတ်လား။ မင်းကွန်း၊ တိပိဋကဓရ၊ ဆရာတော်ဘုရားကြီး ဦးဝိစိတ္တသာရာဘိဝံသရဲ့အရပ်ဆယ်မျက်နှာ မေတ္တာဘာဝနာပွားနည်းပေါ့။ ဘယ်လိုသိလဲဟုတ်လား ။ တရားတွေနာ၊စာတွေ ဖတ်လို့သိတာပေါ့။အေးလေဗျာ။ ဗုဒ္ဓဘာသာဝင်တိုင်းလိုလို သိနေတဲ့ အရှေ့အရပ်၌ရှိသော အနန္တစင်္ကြဝဠာ… အစချီတဲ့ မေတ္တာပို့နည်းပါပဲ။
……………………………..
ခင်ဗျား ကြည့်ရတာ သူတို့ဘာလို့လာသလဲလို့ သိချင်ပုံရတယ်။ လွယ်ပါတယ်ဗျာ။ ကျနော်လေ့ကျင့်နေတဲ့ စိတ်နဲ့ရုပ် ရဲ့အမှုန်တွေအနေအထားဟာ သူတို့ဆက်သွယ်ကူးလူးလို့ရတဲ့ အခြေအနေ ဖြစ်နေလို့ဗျ။သူတို့ရဲ့ ဖွဲ့စည်းပုံ ကလည်း အမှုန်နဲ့မကင်းဘူး။ ယုံချင်မှ ယုံနော်။ ကျနော့်အယူအဆ ပြောတာ။နောက်တခုက ခင်ဗျားလည်း ကျနော်လုပ်တဲ့ လေ့ကျင့်ခန်းမျိုးလုပ်ခဲ့လို့ ဒါမျိုးကြုံရင် ရှောင်ရန် ဆောင်ရန်အနေနဲ့ ပြောနေတာ။
……………………
ကဲ လိုရင်းဆက်ရအောင် ။လေ့ကျင့်တဲ့အချိန်ရော စာဖတ်တာကော အထိုက်အလျောက် များလာတဲ့အခါ အမှုန်တွေ လှုပ်ရတဲ့ အကြောင်းကို ကျနော်သိလာတယ်။ ကျနော်တို့ ခန္ဓာကိုယ်ဟာ တကယ့်ကို စက်ကြီးဗျ။အာရုံခံ ကိရိယာ ပေါင်းစုံတတ်ထားတဲ့စက်ကြီး။
အရာဝတ္ထုတွေကို မြင်ကွင်းတွေကို မြင်နိုင်တဲ့ဗွီဒီယို ကင်မရာနဲ့တူတဲ့မျက်လုံး။ အသံဖမ်း စက်နဲ့တူတဲ့နား။အနံ့ခံ စက်နဲ့တူတဲ့ နှာခေါင်း ။အရသာကို ခံစားဖော်ပြနိုင်တဲ့လျှာ။ထိ လိုက်တာနဲ့ ထ ထအော်တဲ့ စက်နဲ့တူတဲ့ ခန္ဓာကိုယ်။ ဘာမဆို လက်ခံတွေးတောနိုင်တဲ့စိတ်၊ ဒါတွေဟာ အားလုံး စက်တွေလို အမြဲအလုပ်လုပ်နေကြတာဗျ။
ကျနော့်ကိုယ်တွေ့လေ။ ကျနော်ကြိုက်တဲ့ တွံတေးသိန်းတန် သီချင်းသံကြားရင် ကျနော်မှတ်နေတဲ့ လှိုင်းက ငြိမ်နေ တယ်။ ထောင်ဝါဒါလာတဲ့ အသံကြားရင် လှိုင်းက ပြင်းထန်လာတယ်။ တခြား အာရုံခံ ကိရိယာတွေလည်း ထို့နည်း လည်းကောင်းပဲ။စိတ်ထဲမှာ အေးချမ်းတာတွေးတဲ့အခါ ငြိမ်တယ်။ စိတ်တို စရာတွေးမိရင် ဝုန်းဒိုင်းကြဲတယ်။ မျက်စိ၊ နား၊ လျှာ၊ကိုယ်၊စိတ် အားလုံး ဒီသဘောပါပဲ။
သေချာစဉ်းစားကြည့်တော့ သူ့ဘာသာ မြင်နေကြားနေတာ ကျနော်တို့နဲ့မဆိုင်ဘူးဗျ။ ကျနော့်ရဲ့ အမှုန်တွေအပေါ် သုတေသန ပြုချက်အရ သူ့ဘာသာ သူ့အလုပ်သူ လုပ်နေတာ ။ကျနော်တို့က ငါနဲ့ဆိုင်တယ်၊ ငါလုပ်တယ်၊ ငါကြား တယ်လို့ တလွဲယူလို့ နောက်ဆက်တွဲ ပြဿနာတွေ ရှုပ်ကုန် တာ။
ခင်ဗျားနားရှုပ်သွားပြီ ထင်တယ်။ လွယ်လွယ်လေးပါဗျာ။ ကိုယ်ခန္ဓာကို တကယ်တမ်း ဖွဲ့စည်းထားတဲ့ အမှုန်တွေဟာ အမြဲတည်တန့်နေတာ မှမဟုတ်တာ။ ရုတ်တရက်ဖြစ်လာ ရုတ်ချည်း ပျောက်သွားတာ မဟုတ်လား။ ဘယ်မှာလာပြီး အိုင်အမ် ဆရာကြီးဆိုပြီး ပြောလို့ ဖြစ်ပါ့မလဲ။ တခုတော့ ရှိတယ်။ အခု ခင်ဗျားသိလည်း ကြားလို့သိတာပဲ ဖြစ်မယ်။ ဖတ်လို့သိတာလည်း ရှိမယ်။ ဂဃနဏ သိဘို့က ဝိပဿနာဥာဏ်၊ဘာဝနာမယဥာဏ် ဆိုတာလိုတယ်။ ထိုးထွင်းသိခြင်း ဆိုပါစို့။ ဒီထက်ဆက်ပြီး ကျနော်လည်း ဆက်မရှင်းတတ်တော့ဘူး။ ထိုးထွင်းသိချင်ရင် ထိုးထွင်း သိနိုင်တဲ့ လေ့ကျင့်ခန်းကို လုပ်ပါလို့ သာပြောပါရစေ။
ကိုယ်တိုင်လုပ်ကြည့်တော့ခင်ဗျားကိုယ်ခန္ဓာ ဖွဲ့စည်းပုံနဲ့ အလုပ်လုပ်ပုံကို သိလာမယ်။ ကျနော်လည်း ဒီနည်းနဲ့ သိခဲ့တာပဲ။တော်တော်ကို အလုပ်ရှုပ်တဲ့ ခန္ဓာဗျ။မမွေးခင်ကတည်းက ရှုပ်လာလိုက်တာ သေတဲ့အထိ ရှုပ်တုန်းပဲ၊ မြင်လည်း ဝုန်းကနဲ ဖြစ်။ကြားလည်းဝုန်းကနဲဖြစ် ။တွေးလည်း ဝုန်းကနဲ ဖြစ်။အချိန်တိုင်း နေရာတိုင်း တဝုန်းဝုန်း ဖြစ်။ တဝုန်းဝုန်းဖြစ်တာ ငါနဲ့ ဆိုင်တယ်လို့ တွေးလေ။ ပိုဝုန်းဒိုင်းကြဲလေ ။
ကြဲလေ မကျေနပ်လို့ငါကွလို့ထပ်တွေးလေ ။ဆိုးသထက်ဆိုးလေ။ တော်တော်ကြီးတဲ့ ဒုက္ခပါလား။ အေးပေါ့ဗျာ။ ဒုက္ခဆိုတာ အမြဲရှိတယ်ဆိုတာ ရေးတေးတေး ဖြစ်လာတာပေါ့။အဲဒီ ဝုန်းဒိုင်းကြဲတာတွေ အားလုံးဟာ ကိုယ်က တနည်းနည်းနဲ့ ပါတ်သက်လို့ ဖြစ်တာဗျ။
ကဲ ခင်ဗျား ထပ်ပြီးသန်းနေပြီ။ နားလိုက်ရအောင် ကျနော်ကလည်း ခွဲခါနီး အဆုံးသတ်သွားချင်လို့ဗျို့။ ဘယ်တော့ခွဲ မှာလဲဟုတ်လား ။မသိချင်ပါနဲ့ကျနော်လည်း မသိဘူး။သို့သော် ဆုံးခန်းတိုင်အောင်တော့ ကျနော်သိသမျှ ပြော ခဲ့မယ်။မကြာတော့ပါဘူးဗျ။ နောက်တရက် နှစ်ရက်ပေါ့။
ခင်ဗျားကို ကျနော်အားနာလာပြီဗျာ။ဟုတ်တယ် ။ကျနော်လေကြောရှည်နေတာကို သည်းခံနားထောင်နေလို့ ။ဒါပေ မဲ့ဗျာ။ ခင်ဗျား အကျိုးမယုတ်စေရဘူးဆိုတာ ကျနော်ရဲရဲ ကြီးအာမခံတယ် ။လူ့လောကကြီးထဲကို ရောက်လာပြီး ဒီ နည်းစံနစ်ကြီးကို မသိခဲ့ဘူးဆိုရင် ရခဲလှတဲ့ လူ့ဘဝဟာ အချည်းအနှီးပဲဗျ။
တကယ့်ကို စံနစ်ကျတဲ့ ဖြစ်စဉ်ကြီးပါဗျာ။ကျနော်လည်း အစက မသိဘူး။စောစောကပြောတဲ့ လောကကြီးဟာ နေရာတကာမှာ အထုပ်ရှုပ်ကြီးတို့။အာရုံခံ ကိရိယာတွေရဲ့ ကွင်းဆက်တို့ဆိုတာ ကျနော်လည်း တဖြည်းဖြည်းချင်း၊ ဆက်၊ဆက် သဘောပေါက်လာတယ်။အဲဒါကမိုးကုတ် ဆရာတော်ကြီးရဲ့ ကျေးဇူးဗျ။အင်း ခင်ဗျားတို့ပြောနေကျ စကားအတိုင်းဆိုရင် ရေစက်ပေါ့။ ကဲပါ။ ရေစက် ဖြစ်ဖြစ် တုံကင်ဖြစ်ဖြစ် ကျနော်နဲ့ မိုးကုတ်တရားတော် ရေစက်ဆုံပုံ လေးနားထောင်ပါအုံး။ နည်းနည်းတော့ ရီစရာကောင်းသလိုပဲ။ ဒီနေ့အတွက်တော့ နားလိုက်ကြအုံးစို့ဗျာ။
(ဆက်လက်ဖော်ပြပါမည်)
ရုပ်ပုံ။ ။ ဂူဂဲလ်