၁၉။သြဂုတ်။ ၂၀၁၄ နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာမှ ။ ။
“အညံ့တကာ့ ထိပ်ခေါင်ဒင်”
(မင်းဒင်)
“အမလေး၊ကြားလို့မှကောင်းကြသေးရဲ့လား အရပ်ကတို့ရယ်။အမလေးဟဲ့လေး၊ဟဲ့လေး၊ ကိုယ့်အဝှာကိုသာ၊ကိုယ့်ဖာသာ ထုထုပြီး သေ လိုက်ချင်ပါရဲ့။အောင်မလေး၊လေး ၊လေး ၊ဒင်းတို့မို့လို့ ပြောထွက်ပလေရဲ့။သူခိုးတွေနဲ့ သူခိုးလက်ခံတွေ၊ သူတော်ချင်းချင်း သတင်းလွေ့ လွေ့ ပေါင်းဖက်တွေ့ကုန်ကြပါပကော။မကယ်နိုင်ကြတော့ဘူးလားဗျာတို့”
“မထိတ်သာမလန့်သာ ဆြာရယ်၊ဘယ်ဟာကို ထုမှာတုန်း”
“ရင်ဘတ်ဟေ့၊ရင်ဘတ်ဟ”
“စိတ်ကိုထိန်းပါ ဆြာ၊ဘယ်သူများ ဆုံးပါးသွားလို့ပါလိမ့်”
“နင့်အမေကလွှား၊ဘယ်သူဆုံးရမှာတုန်းဟ၊ယူကျုံးမရဖြစ်လွန်းလို့ဟေ့၊ပြောရင်းငိုချင်လာပြန်ပြီ၊ အီး၊ဟီး၊ဟီး”
“ဆြာပြောနေကျ သဗ္ဗေသတ္တာကမ္မသကာဆိုတဲ့ တရားလေးနဲ့ထိန်းပါဆြာ”
“ဘာတရားမှလာမချနဲ့လဟ။ဒီသတင်းမျိုးတွေသာ ဆက်တိုက်ကြားနေရရင် ရင်နာလွန်းလို့ ချက်ချင်းတောင်အသက်ထွက်သွားမယ် ထင်ပါရဲ့”
ယိုးဒယားပြည်၊ဖူးခက်မြို့၊အန်မခန်အရပ်ရှိ၊ အိမ်အိုကြီး၏အပေါ်ထပ်ဆီမှ အကာလညအခါသမယ၊ညကြီးအချိန်မတော်၊ ဆြာဒင်တစ် ယောက် ရင်ဘတ်ကို၊ စည်တော်ရွမ်းသကဲ့သို့ တဘုန်းဘုန်းထုရင်း၊ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား နှပ်ချေးတရွှဲရွှဲငိုပွဲဆင်နေရာမှ ထွက်ပေါ် လာသည့် အမင်္ဂလာအသံကြီးကြောင့် အိမ်အောက်ထပ်ရှိ ချစ်လှစွာသော တပည့်ကျော်တို့မှာ၊အလန့်တကြား ဝုန်းဝုန်းဒိုင်းဒိုင်း ပြေးတက် လာကြကာ၊ ဆြာဒင့်ဘေးတွင်ဝိုင်းအုံလျက် ဂရုဏာသက်သောမျက်ဝန်းများဖြင့်ကြည့်လျက် စိုးရိမ်တကြီး မေးမြန်း၊အားပေးနေကြရှာ ခြင်းဖြစ်ပါ၏။
“ကဲပါ၊ဆြာဒင်ရယ် နှပ်ချေးတွေကိုကုန်အောင်ညှစ်ပြီး ဖြစ်ကြောင်းကုန်စင်ကို နတ်သံနှောပါအုံးဗျာ၊ဆြာ့တပည့်တွေပါ ဝိုင်းပြီးငိုသင့်ငိုရ တာပေါ့ဆြာ၊ရော့ ဒီမှာတစ်ရှူး”
ဆြာဒင့်တစ်ယောက် နှာခေါင်းဝမှပါးစပ်ဆီသို့တိုင်၊စီးကျလာသည့် ငံကျိကျိအရသာရှိသော နှာရည်တို့ကို တပည့်ကျော်ကမ်းလာသော တစ်ရှူးစဖြင့် သုတ်သင်ဖယ်ရှား ညှစ်ထုတ်ပြီးသကာလ ရှိုက်ကြီးတစ်ငင်ငိုကြွေးရခြင်း၏ဇစ်မြစ်ကို ရင်ဖွင့်လေရာ၊နံဘေးတွင် ဝိုင်းအုံ စုပြုံရောက်ရှိနေကြသော တပည့်ကျော်တစ်သိုက်မှာ အသက်ရှူရန်ပင်မေ့လျော့ကာ ငံ့လင့်ကြကုန်လေ၏။
(၂)
“အခုလေးတင်အိပ်ယာဝင်ခါနီးဖတ်လိုက်မိတဲ့သတင်းတစ်ပုဒ်မှာ တို့သမ္မတကြီးက စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ စီးပွားရေးဇုန် တည် ဆောက်ရေးလုပ်ငန်းတွေမှာ တရုတ်ဆီကနေ ငွေတွေထပ်ချေးအုံးမတဲ့မောင်တို့။တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့နေပြည်တော်မှာ တွေ့တုန်းက ပြောသတဲ့ဟ။အမယ်၊သူက တရုတ်နိုင်ငံရဲ့ထောက်ခံမှုကို ကျေးဇူးတင်သတဲ့။ မြန်မာ့ဖွံ့ဖြိုးရေးလုပ်ငန်းမှာ တရုတ်ကူညီနိုင်ဖို့ မျှော်လင့်ကြောင်းပြောတဲ့အပြင် နှစ်နိုင်ငံနယ်စပ်မှာ စီးပွားရေးပူးပေါင်းမှုတွေလုပ်ဖို့ပါလောကွတ်ချော်လိုက်သေးသတဲ့ကွာ”
တပည့်ကျော်တို့ကား ဆြာဒင့်ရှင်းလင်းချက်ကို ဘာမှမဆန်းသလို၊ကြောင်အမ်းအမ်းမျက်နှာပေးကိုယ်စီဖြင့် တည်ငြိမ်စွာတုန့်ပြန်ကြ လေရာ၊ ဆြာဒင်မှာ အကြောင်းခြင်းရာအပြည့်အစုံကို သင်းတို့ခြုံငုံနားလည်နိုင်စေရန်အလို့ငှာ ဆက်၍ရှင်းရပြန်သည်။
“ရွှေကိုယ်တော်Wang Yi ကလည်း တရုတ်အစိုးရအနေနဲ့ စီးပွားရေးသမားတွေကို မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံဖို့ တိုက်တွန်းအုံးမှာတဲ့။ မြန်မာနိုင်ငံသားတွေ အလုပ်အကိုင်ရရှိရေးနဲ့ ဘဝတိုးတက်ရေးတွေကို လုပ်ဆောင်ပေးမယ်ဆိုပဲ။မြစ်ဆုံနဲ့ ကျောက်ဖြူကူမင်း ဓာတ်ငွေ့ ပိုက်လိုင်းကိစ္စတွေမှာတင် ဆွေမျိုးပေါက်ဖော်ဇာတ်တော်ကြီးကိုနိဌိတံသင့်ပါပြီကွာ။တစ်တုံးလည်းမက၊နှစ်တုံးလည်းမက၊ အခုထက်ထိ မြိန်ရည်ယှက်ရည်စားနေလိုက်ကြတာ၊ဘယ်နှစ်ပန်းကန်ကုန်မှ သိကြမှာလဲကွယ်တို့၊နှာစေးပြီး အနံ့မခံနိုင်ကြတော့ဘူးထင်ပါရဲ့”
“ဒီကိစ္စနဲ့ပတ်သက်လို့ ဟုတ်တော့ဟုတ်ပေမဲ့ အခြားတဖက်ကကြည့်ရင် မဟုတ်သေးဘူးဆြာဒင်ရဲ့၊ကမ္ဘာ့စီးပွားရေးမျက်နှာစာမှာ စိနတွေ တွင်ကျယ်လာတဲ့အချက်ကို ဆြာဒင်မမေ့သင့်ဘူး”
ဆြာဒင့်စကားအဆုံးတွင် ကပ္ပလီငယ်သည်မျက်မှောင်ကို အစွမ်းကုန်ကျုံ့လိုက်ရင်း လေးနက်စွာတွေးခေါ်နေသော ဒီသာပါမောက္ခ အိုက်တင်ဖြင့် ဆြာ့ကို နှစ်သိမ့်ရန်အားထုတ်လာလေရာ ထိုရုတ်ခြည်းခဏတွင်ပင် ကပ္ပလီငယ်၏တွေးခေါ်မျှော်မြင်မှုကိုဖော်ကျူးသည့် မကြာမတင်က ဖြစ်ရပ် တစ်ခုကိုပြေး၍ သတိရမိလေ၏။
မိုးရွာသောနေ့တစ်နေ့တွင်ဖြစ်လေသည်။ကပ္ပလီသည် ဆြာဒင့်ခြံတွင်းမှ ရေမလောင်းသည်မှာ ကြာပြီဖြစ်သည့် သစ်ပင်များရှိရာသို့ ရေအပြည့်ပါသည့်ဘာလီပုံးတစ်ပုံးကိုဆွဲ၍၊အပြေးလောင်းတော့မည့်ဟန်၊တာဝန်သိသူကြီးဂိုက်ဖမ်းနေသဖြင့်ဆြာဒင်သတိပေးခဲ့ရဖူးလေသည်။
“အမောင်၊ဘဇာလုပ်ပါအံ့နည်း”
“သစ်ပင်တွေရေလောင်းမလို့လေဆြာ”
“နင့်အမေကလွှား၊မိုးရွာနေတာ မသိလေရော့သလား”
“ဆောရီးပါဆြာ။ ထီးကလေးမစပါအုံးခင်ဗျ။တပည့်က ထီးဆိုအမြဲမေ့တတ်လို့ပါ”
“သြော်၊သြော်၊ထီးမေ့တာတော်သေးတာပေါ့မောင်ရယ်”
စိနတို့၏ခြေလှမ်းကို ဆြာဒင်မမေ့စေရန် သတိပေးလေသော၊တပည့်ကျော်ကပ္ပလီကား အနှီသို့လျှင်လူစားဖြစ်ပါချေသည်။
(၃)
“ဒီကိစ္စအပေါ် ဆြာဒင်ငိုကြီးချက်မလုပ်ဖို့တော့ မလိုလောက်ဘူးထင်တယ်။ဗမာပြည်တင်ဖူးခဲ့တဲ့ ကြွေးမြီတွေရဲ့ရာဇဝင်ကို ပြန်ကြည့်မယ် ဆိုရင် တစ်ခါမှ ပြန်ဆပ်ခဲ့ရိုးထုံးစံမှ မရှိခဲ့တာ၊သူ့ဖာသာသူ တစ်နှစ်လေးကျပ်တိုးမကလို့ ဘယ်လောက်တိုးယူယူ၊မှုစရာမလိုပါဘူး ဆြာ၊ ကြွေးတင်ရှင်ဘုရင်ဆပ်ဆိုတဲ့ စကားပုံတောင် ရှိသေးဆြာဒင်ရယ်၊ဒီကိစ္စဟာ အမေရိကန်နဲ့တရုတ်မဟာဗျူဟာအားစမ်းပွဲအပေါ် လှေနံ နှစ်ဖက်နင်းထားတဲ့အကွက်ခင်ဗျ။တစ်ဖက်က မပေးပဲနေလို့မရအောင် အခြားတစ်ဖက်ကနေ များများယူပြရမယ်မဟုတ်လား။ လန့်ပြီး ပေးကြမယ်၊ စိုးရိမ်ပြီး ပေးကြမယ်။တောင်းနည်းတစ်ထောင် ဆိုပါတော့၊ဆြာမငိုပါလေနဲ့”
ဆြာ့သောကကိုဖြေဆည်ရာရလိုရငြား ဆက်လက်အားထုတ်လာသူကား တပည့်ကျော်လေမင်းသားပေတည်း။
“ခက်ပါဘိငါ့တပည့်ရယ်၊ ငွေချေးပြီဆိုကတည်းက တခြားသောအခွင့်အရေးတွေတွဲပြီးတောင်းတတ်တာမောင်ရဲ့၊ပြန်မဆပ်ရင်လည်း၊တရုတ်တွေကဒူးနှံ့နေလို့ရ အောင် ကြိုတင်အကွက်ချပြီးသားဆိုတာ နင်မသိလေရော့သလား၊
တရုတ်လုပ်ကလေးကစားစရာ၊ တရုတ်ပစ္စည်းအတု၊ တရုတ် စက်ရုံ ဟောင်း၊တရုတ်ဆေးအတုတွေနဲ့ တပြည်လုံးကာလနာတိုက်နေတာ မမြင်မကြားလေရော့သလား၊တရုတ်စက်၊တစ်ရက်စုတ်ဆိုတဲ့ ဆိုရိုး တောင်ပေါ်နေပြီ။ရပ်မဲ့ရပ်ရင် အမေရိကန်ဘက်ကိုခြေစုံရပ်လိုက်ပါတော့။လှေနံနှစ်ဖက်နင်းရင်ဘာဖြစ်တတ်သတုန်းဆိုတာ တွေးကြည့် လိုက်တာနဲ့သိသာပါတယ်”
ဟူသော စကားလုံးတို့သည် ဆြာဒင့်နှုတ်ဖျားတွင် ခိုသီလာသော်ငြား တပည့်ကျော်၏ ဆင်ခြင်တုံတရား ဆိုင်ရာအပြုအမူတစ်ခုကို ပြန်ပြောင်းသတိရမိပြန်လေရာ ဆြာဒင်မှာ နှုတ်ဆိတ်နေခဲ့မိပြန်ချေသည်။
“ထူးဆန်းပါပေ့၊လေမင်းသားရယ်၊နင်ငှက်ပျောသီးစားနေတာ အခွံလည်းမနွှာပါကလား”
"သြော်၊ဆြာရယ်၊ဘာနွှာစရာလိုလို့တုန်း၊အထဲမှာ ဘာပါတယ်ဆိုတာ တပည့်သိပြီးသားပဲဥစ္စာ”
ထိုစဉ်ကလည်း တွေးတတ်လွန်းသောတပည့်ကျော်ကို တစ်စုံတရာခွန်းတုံ့ပြန်မနေတော့ပဲ၊ နောင်ကာလတစ်ချိန်တစ်ခါတွင် ဒူးရင်းသီး ကိုဒင်းစားသည့်အခါ အထဲမှာ ဘာပါ သည်ကို သိပြီးသားမို့ အလုံးလိုက်ကိုက်မစားမိစေရန်သာ ဆုတောင်းခဲ့ရချေ၏။
(၄)
“ဒီလိုရှိပါတယ်ဆြာ၊ တပည့်တို့က တရုတ်ကိုကြောက်ရတော့ သိပ်ပြတ်ပြတ်တောင်းတောင်းကြီးလုပ်လို့ မတော်ဘူးလေ။ အရင့် အရင်လူကြီးတွေ တရုတ်နဲ့ပူးပေါင်းပြီး လုပ်ထားကိုင်ထားခဲ့တဲ့ စီမံကိန်းတွေက အများကြီးရှိနေသေးတယ်မဟုတ်လား။လက်ရှိအစိုးရမင်း တွေလည်း မီးစင်ကြည့်ကနေတယ်ထင်ပါရဲ့။စိုတဲ့လက်မခြောက်စေနဲ့ဆိုတဲ့ ဆိုရိုးစကားတောင် ရှိသေးတာပဲ၊အငိုမစောပါနဲ့ ဆြာရယ်”
နှိုင်းနှိုင်းချိန်ချိန်သုခမိန်လေသံဖြင့် ပြေရာပြေကြောင်း ဆြာ့ကိုနောက်ဆုံးချွေးသိပ်လာသူကား ဖေကြည်ခေါ်အာရုံဖြစ်ချေသည်။ဆြာဒင် သည် တပည့်ကျော်၏မျက်နှာကို အဓိပ္ပါယ်ပါပါစေ့စေ့စိုက်ကြည့်နေမိ၏။
”အေးပေါ့ကွာ။ကောင်းတာတစ်ယောက်၊ညောင်းတာတစ်ယောက်ပေါ့။ သွားလေသူကြီးတွေက ထင်ရာစိုင်းခဲ့ကြတာကို နောက်လူတွေက အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ လိုက်ပြီးဖာကြထေးကြပေါ့။ တစ်တိုင်းပြည်လုံးလည်း အခွံပဲကျန်ပါတော့တယ်။ သင်္ဘောပျက် တာကိုဆန်ဆေးပလုံးနဲ့လိုက်ဆယ်နေသလိုပဲကွာ။တစ်တိုင်းတစ်ပြည်လုံးမှာ တရုတ်မုန်းတီးရေးစိတ်တွေ ဖွဲမီးလို တစ်ငွေ့ငွေ့ လှိုက် လောင်နေပြီ ဆိုတာလည်း သတိချပ်ကြပါအုံး။လက်ရှိအစိုးရဟာ တိုင်းပြည်နဲ့လူထုကောင်းစားရေးအတွက်တက်လာခဲ့တဲ့အစိုးရမှ ဟုတ်ပါလေစကွာ”
ဟူသော စကားတို့သည် နှုတ်ဖျားမှပွင့်အံ့လုနီးနီးဖြစ်ခဲ့သော်ငြား လွန်ခဲ့သောလ အနည်းငယ်က ဖေကြည်ငယ်၏ ရွှေဥာဏ်တော်စူး ရောက်ပုံကို ကိုယ်တိုင်ကြုံဖူးသူ ဆြာဒင်အဖို့ တစ်စုံတစ်ရာခွန်းတုန့်မပြန်ဖြစ်ပါချေ။
“ကွန်ပြူတာနဲ့အွန်လိုင်းတက်တာများသွားလို့လားမသိဘူးဆြာဒင်။ကျနော့်အမြင်တွေဝါးနေတယ်။ကျနော်ဖူးခက်ဆေးရုံကြီးက မျက်စိ အထူးကုဆရာဝန်ကို သွားပြတော့ တပည့်မျက်စိဟာအားနည်းနေသတဲ့။အစိမ်းရောင်ရှိတဲ့ မြင်ကွင်းတွေကိုပဲ အမြဲတမ်းကြည့်ပေးရမတဲ့။ ဆြာ့တပည့်က ဆြာ့အိမ်မှာအနေများလေတော့ ဆြာဒင့်အိမ်တစ်အိမ်လုံး အတွင်းအပြင် အစိမ်းရောင်ဆေးတွေသုတ်ပေးပါလားဆြာ”
ထိုစကားကို ဆြာဒင်ကြားရစဉ်ကလည်း “အစိမ်းရောင်မျက်မှန်တစ်လက်ဝယ်တတ်လိုက်ရင် ကိစ္စမပြတ်ပေဘူးလား ငဖေကြည်ရယ်၊ နင်ပြောသလိုဆိုနင့်မိန်းခန္ဓာကိုယ်တောင် ဆေးစိမ်းရည်စိမ်ရမလိုပါကလား”ဟူသောစကားတို့ကို ရင်မှာမျိုသိပ်တိတ်တိတ်သာ နေခဲ့ဖူး လေသည်မဟုတ်ချေလော။
(၅)
ထိုထိုသော တပည့်ကျော်တို့၏ ထင်မြင်ယူဆချက်အသီးသီးကို ကြားရပြီးသည့် တခဏတွင် ဆြာဒင်သည် ရုတ်ခြည်းပင် ဥာဏ်အလင်း ရခဲ့ချေ၏။လွဲမှားမှု၏သော့ချက်ကို ဆြာဒင် ထင်ရှားစွာသိမြင်ခဲ့လေပြီ။ထို့ကြောင့်ပင် ပါးပြင်က သွေ့ခြောက်ခါစမျက်ရည်စများကို လက်ဖမိုးဖြင့် အပြီးတိုင် ဖယ်ရှားပြီးနောက် အေးချမ်းငြိမ်သက်သည့် စကားသံတို့သည် ဆြာဒင့်နှုတ်မှ တစ်လုံးချင်း ထွက်ပေါ်လာခဲ့ချေ သည်တကား။
“သူ့ထက်တုံးတာတောင်သူ့လောက်မတုံးပါဘူးမောင်တို့ရာ၊ ညံ့ချက်ကတော့ ကမ်းကုန်ပါတယ်၊စပတ်ကလင်ကိုအညက်ခဲနဲ့တွဲသောက်တဲ့ အရူးပါကွာ၊ကမ္ဘာပေါ်မှာ ဘယ်လိုလူမျိုးမှ တုနှိုင်းမမီတဲ့၊ဗာလနံလူမိုက်ကြီးပါပဲ”
“ဗျာ၊ဆြာဒင် ကျနော်တို့သမ္မတကြီးကိုများ ရည်ညွန်းလိုက်လေသလားခင်ဗျာ”
“လေသံပျော့လေးနဲ့ ရိုက်ချက်ပြင်းလှချည့်လား၊နံရံမှာနားတွေရှိသတဲ့ဆြာ”
“ဆြာဒင်၊နေ့ပြောနောက်ကြည့်၊ညပြောအောက်ကြည့်တဲ့နော်။ဆြာဒင့်ပြောပုံက အစိုးရကို အကြည်ညိုပျက်စေတဲ့ပုဒ်မနဲ့ ပြစ်မှုမြောက် နိုင်တယ်နော်”
သတ္တိသွေးစွေးစွေးနီ၊ရဲရဲတောက်ကြလေသည့် တပည့်ကျော်တို့ကား ဘေးဘီရှေ့နောက်နှင့် အိမ်အောက်ပါမကျန် တစ်စုံတစ်ခုကိုရှာ ဖွေကြလေဟန် ကျီးကန်းတောင်းမှောက် မျက်စိကစားကြရင်းပြူးတူးပြဲတဲ အမူအယာဖြင့် စိုးရိမ်တကြီး ဖြစ်ကုန်ကြပါ၏။ သို့သော်ဆြာဒင် သည် တပည့်တို့သောကကင်းဝေးစေဖို့အရေး၊သူ့ရင်ဘတ်ကို လက်ဖဝါးဖြင့် အသာအယာပုတ်လျက် လေသံခပ်အေးအေးဖြင့်ပင် ဖြေရှင်း ချက်ပေးခဲ့ရပြန်ချေသည်တမုံ့။
“အမလေး၊လေး၊ကြံကြီးစည်ရာမောင်တို့ရယ်။အဲသလို အဓိပ္ပါယ်ရတဲ့ပေါက်ပေါက်ရှာရှာစကားတွေ ဆြာဒင်ဘယ့်နှယ်လုပ်ပြောရဲမှာတုန်း။ ညံ့လွန်းတယ်ဆိုတာ ဟောဒီက၊ငဒင်ကိုပြောတာပါဟ။လူကြီးမင်းတို့တွေးတဲ့ရှုထောင့်၊ ဘယ်သူသေသေ၊ငတေမာဖို့အဓိကဆိုတဲ့ ရှုထောင့် တွေကနေမတွေးတတ်တဲ့ကောင်၊သောက်တလွဲတွေချည်းတွေးတတ်တဲ့သူတွေကို မှီအောင်လိုက်မတွေးနိုင်တဲ့ အညံ့တကာ့ ထိပ်ခေါင်တင် ဟောဒီ၊ဟောဒီ၊ငနုံမောင်မောင်ဒင်ကို ပြောတာပါခင်ဗျာ”
(၆)
ဆြာဒင့်ရှင်းလင်းချက်ကိုကျေနပ်အားရဟန်ရှိကြလေသည့်တပည့်ကျော်တို့ကား သက်ပြင်းဟင်းကနဲကိုယ်စီချရင်း ပြုံးဖြဲဖြဲမျက်နှာကိုယ် စီဖြင့် ဆြာဒင့်ကိုတစ်ယောက်တည်းထားရစ်ကာ အိမ်အောက်ထပ်ဆီသို့ ဆင်းသွားကြချိန်သည်၊သက်ကြီးခေါင်းချချိန်တိုင်ခဲ့ပြီမို့ ဆြာဒင်တစ်ယောက် အိပ်စက် အနားယူရန် ကုတင်ထက်တွင်လဲလျောင်းလိုက်စဉ်တခဏ၌ ဆြာဒင့်နားထဲတွင် ထူးဆန်းသော ငိုချင်းချ သံကို ထပ်မံကြားရပြန်လေသည်။
တုန်လှုပ်အံ့သြသောစိတ်ဖြင့် ငိုသံလာရာအရပ်ကို ဂရုပြုစေ့ငုမိသည်တွင်ကား ထိုငိုသံ၏မြစ်ဖျားခံရာ သည် ဆြာဒင့်ရင်တွင်းမှ ဖြစ်နေပြန်ချေသည်တကား။
“အမလေး၊ကြားလို့မှကောင်းကြသေးရဲ့လား အရပ်ကတို့ရယ်။အမလေးဟဲ့လေး၊ဟဲ့လေး၊ ကိုယ့်အဝှာကိုသာ၊ကိုယ့်ဖာသာ ထုထုပြီး သေ လိုက်ချင်ပါရဲ့။အောင်မလေး၊လေး ၊လေး ၊ဒင်းတို့မို့လို့ ပြောထွက်ပလေရဲ့။သူခိုးတွေနဲ့ သူခိုးလက်ခံတွေ၊ သူတော်ချင်းချင်း သတင်းလွေ့ လွေ့ ပေါင်းဖက်တွေ့ကုန်ကြပါပကော။မကယ်နိုင်ကြတော့ဘူးလားဗျာတို့”