၂၀။သြဂုတ်။၂၀၁၄နေ့ထုတ် ဆဲဗင်းဒေး အပတ်စဉ်ဂျာနယ်။မင်းဒင်ရဲ့သက်ခိုင်(၂)။
အခန်း(၄၈)။
“ပန်းချီထိန်လင်းသန်းကြွယ်သူဌေးဖြစ်ခဲ့စဉ်က”
အေဘီမြောက်ပိုင်း(ပါဂျောင်)လူသတ်မှုနှင့်ပတ်သက်၍မူ အဆိုပါကိစ္စရပ်တွင် အကျဉ်းသားအဖြစ် ကိုယ်တွေ့ကြုံခဲ့ရသော အေဘီရဲဘော် ဟောင်း ပန်းချီထိန်လင်း(၂၀၀၂-၂၀၀၆ခုနှစ်ကာလများအတွင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မစ္စဘက်ကီဘိုးမန်းMs. VICKY BOWMAN-၏ခင်ပွန်း) ကိုယ်တိုင်ရေးသားခဲ့သော၊ (ကျနော်သန်းကြွယ်သူဌေးဖြစ်ခဲ့စဉ်က) နှင့် (လူကက် ဆက်)အမည်ရှိ ဆောင်းပါးနှစ်ပုဒ်ဖြစ်လေရာ စာရေးသူထံခွင့်ပြုချက်တောင်းခံလျက်၊မူရင်းအတိုင်း အောက်တွင် ဆက်လက်ဖော်ပြ အပ်ပါသည်။
ကျနော်သန်းကြွယ်သူဌေးဖြစ်ခဲ့စဉ်က
(ပန်းချီထိန်လင်း)
များသောအားဖြင့် ဒီလိုခေါင်းစဉ်မျိုးဟာ ကျဖမ်းစကားပြောပြိုင်ပွဲတွေမှာ မဲပေါက်တတ်တဲ့ ခေါင်းစဉ်မျိုးပါ။ဟုတ်တာ မဟုတ် တာအပထား စိတ်ထဲရှိတာလျောက်ပြီး အချိန်မစေ့မချင်း ပြောရတော့တာပေါ့။ဒါပေမယ့် အခုကတော့ စိတ်ကူးတည့်ရာမဟုတ်ဘဲ တကယ်ကို သန်းကြွယ်သူဌေးဖြစ်ခဲ့တုန်းက အကြောင်းကိုပြောမလို့ပါ။
ပန်းချီထိန်လင်းတစ်ယောက် သန်းကြွယ်သူဌေးဖြစ်ခဲ့တုန်းက ဘဝဆိုတော့ သစ်ကုန်ကူးတဲ့အကြောင်းပဲ ပြောပြမှာလား ကျောက်အောင် ခဲ့တာပဲ ဖတ်ရမလားလို့ စာဖတ်သူက တွေးကောင်းတွေးမိနိုင်ပေမယ့် ကျွန်တော့်အကြောင်းသိကြတဲ့ အများစုကတော့ ပေါက်တတ်ကရ၊ ကမောက်ကမတွေ ဖြစ်ခဲ့တဲ့အထဲက တစ်ခုခုကို ဘာလုပ်ဇာတ်ခင်းလာဦးမလဲမသိဘူးလို့ ကြိုတင်တွေးနေလောက်ပါပြီ။
ဟုတ်ပါတယ် ခုပြောပြမယ့် အကြောင်းကတော့ ပိုက်ဆံသန်းချီချမ်းသာတဲ့ သန်းကြွယ်သူဌေးတစ်ယောက် ဘ၀မဟုတ်ပဲ ကိုယ့်ချစ်ဦးခေါင်းမှာ သန်းလေးတွေဝေဆိုတဲ့ နောက်တီးနောက်တောက်သီချင်းလို သန်းဂျီးမတွေ ကြွယ်ဝခဲ့တဲ့ တစ်ခါက ဘ၀လေးတစ်ခုကို ရေးပြမလို့ပါ ခင်ဗျ။ကျွန်တော်ကိုယ်က သန်းတွေအကြောင်းမပြောခင် သန်းရှာခြင်း ယဉ်ကျေးမှုအကြောင်း ပထမပွားချင်ပါသဗျ။
လွန်ခဲ့တဲ့ ခြောက်လလောက်က စာရေးဆရာမ ခက်မာရေးတဲ့ အက်ဆေးလေးတစ်ခုမှာ ခေါင်းမှာတွယ်တဲ့ သန်းတွေအကြောင်း ဖတ်ခဲ့ရ ကတည်းက ဒီစာလေးကို ရေးချင်ခဲ့တာပါ။ ပြောရရင်တော့ သူရဲ့သန်းတွေအကြောင်းဖတ်ရင်း ကိုယ်ပါ ယားလာတယ် ဆိုပါတော့ဗျာ။
ကမ္ဘာကသိတဲ့ မြန်မာပန်းချီဆရာကြီး ပေါ်ဦးသက်ရဲ့ ရေဆေးကာတွန်းပန်းချီကားလေးတွေထဲမှာ ရှေ့နောက်တန်းစီပြီး သန်းထိုင်ရှာ နေတဲ့ မိန်းမတွေကို မကြာခဏ ဆွဲပြခဲ့ဘူးတာ အမှတ်ရသဗျ။ ကျွန်တော်တို့ ငယ်ငယ် ရုပ်ရှင်ဇာတ်ကားတွေထဲက အတင်းပြောတဲ့ ဇာတ်ဝင်ခန်းတွေမှာ မိန်းမတွေ (တချို့လည်း ရင်ရှားနဲ့)တန်းစီပြီး သန်းရှာကြ၊ သန်းတုပ်ကြရင်း၊အတင်းပါတုပ်ကြတဲ့ ပြကွက်မျိုး တွေလည်း မကြာခဏ ကြည့်ခဲ့ဘူးကြပါလိမ့်မယ်။
ငယ်ငယ်က ရွာမှာ နေ့လည်၊ နေ့ခင်းဆိုရင် အရိပ်ကောင်းတဲ့ မန်ကျဉ်းပင်ကြီးအောက်မှာ မိန်းမကြီးတွေဟာ သူတို့ ဘီးဆံထုံးတွေ ဖြေချပြီး ဆံပင်ဖါးယားကြီးတွေနဲ့ တန်းစီထိုင်ပြီး တစ်ယောက်ခေါင်းကို တစ်ယောက်ဖွပြီး သန်းရှာ သန်းတုပ်နေကြတာ အမြဲတွေ့ ရပါတယ်။သန်းတုတ် သန်းရှာကောင်းတဲ့သူဟာ ရွာမှာ တော်တော်လေး ပေါ်ပြူလာ ဖြစ်တယ်ခင်ဗျ။နောက်ပြီး သန်းရှာကောင်းတဲ့သူ ဆိုရင် ရွာထဲမှာ ဟိုလူကခေါ်ရှာခိုင်း ဒီလူကခေါ်ရှာခိုင်းရင်းနဲ့ လူတကာနဲ့ ဆက်ဆံရတာမို့ သတင်းကလည်း သူ့ဆီမှာ စုံတတ်သဗျ။ ဒါကြောင့် တချို့ က သန်းရှာတဲ့ နေရာကို သန်းမရှိပေမယ့် သတင်းစုံ အတင်းစုံကြားချင်လို့ လာကြတာလဲ ရှိသဗျ။ အခုခေတ် သတင်း သိချင်လို့ အွန်လိုင်းပေါ် တက်ကြသလိုပေါ့ခင်ဗျာ။
အဲဒီထဲမှာမှ စောစောက သန်းရှာကောင်းတဲ့ သူတွေကျတော့ ခုခေတ် သတင်းပေါင်း ချုပ် ဘလော့ဂ်ဂါ ဒေါက်တာလွဏ်းဆွေတို့လို သိချင်တာအားလုံး ရှိတတ်တာမို့ သူရှိတဲ့ သန်းရှာဝိုင်းမှာ မိန်းမတန်းက ပိုရှည်တတ်ပါ တယ်။
အရင်ခေတ်တွေက အိမ်မှာ လူတစ်ယောက် အလုပ်လုပ်ရင် မိသားစုတစ်စုလုံး ထိုင်စားလို့ရနေတဲ့ခေတ်ကိုး။ ခုခေတ်မှာတော့ ရွာတွေမှာ သန်းတုပ်သန်းရှာတဲ့ဓလေ့ မရှိသလောက် ဖြစ်သွားပါပြီ။ ခက်တာက မြန်မာ့ရိုးရာ သန်းရှာ၊ သန်းတုပ်တဲ့ဓလေ့ မပျောက်ပျက်အောင် သက်ဆိုင်ရာတွေက ထိမ်းသိမ်းကြပါဘို့ ခုခေတ်စားနေတဲ့ ဖေ့ဘွတ်တို့၊ တွတ်တာတို့ (တွတ်တီး၊ တွတ်တာ) ပေါ်ကနေ အော်ဂနိုက်ဇ် လုပ်ကြည့်ဘို့ စဉ်းစားသေးသဗျ။ နောက်တော့ ကိုယ့်ဖေ့ဘွတ် စာမျက်နှာမှာ ဒီလိုအရေးမပါတဲ့ စိတ်ကူးမျိုး ရေးရကောင်းလားဆိုပြီး ပွက်လောထသွားနိုင်တာမို့ လက်လျော့လိုက်ပါတယ်။
သေချာမှတ်မိတာက ကျွန်တော် စတုတ္ထတန်းနှစ်က ကျွန်တော့်ရှေ့ခုံမှာထိုင်တဲ့ ဌေးရီဆိုတဲ့ ကျွန်တော့်သူငယ်ချင်းခေါင်းမှာ သန်းတွေ သန်းနဲ့ချီပြီး ရှိနေတယ်လို့ ထင်ရလောက်အောင် တရွရွနဲ့ပြေးလွား ရွေ့ရှားနေသဗျ။သူ့ခေါင်းကိုကြည့်ရင် တစိစိနဲ့ စိတ်ထဲမှာ ယားလာ အောင် များလှပေမယ့် ကျွန်တော်တို့သူငယ်ချင်း ဌေးရီကတော့ သူ့ခေါင်းမှာ သန်းတွေကို ရှိတယ်လို့ အမှုမထားပါဘူး။ဒါကြောင့် နောင်အခါ သန်းထူတဲ့ခေါင်း မယားဆိုတဲ့ စကားပုံကို ကြားဘူးတဲ့အခါ ငယ်ငယ်က သူငယ်ချင်းသန်းကြွယ်သူဌေး ဌေးရီမျက်နှာကို ပြန်သတိရမိပြီး ဟုတ်ပါပေတယ်၊ မှန်ပါပေတယ်လို့ လက်ခံရပါတယ်။
နောင် ကျွန်တော် အလယ်တန်း ကျောင်းသားဘ၀လောက် ရောက်တဲ့အချိန်မှာတော့ ကျွန်တော့်ဆံပင်ထဲမှာ သန်းများခိုအောင်း နေသည်ကို သိရှိခဲ့ရပြီး ကျောင်းအားရက်တွေမှာ အမေရဲ့ညွန်ကြားချက်နဲ့ ဘီးစိပ်တိုက်ရပါတော့တယ်။ပထမ ဗလာစာအုပ်(သို့) သတင်း စာ အလယ်စာမျက်နှာကို ဖြန့်ချထား ပြီးတော့မှ ခေါင်းကိုငုံ့ပြီး ၀ါးဘီးစိပ်နဲ့ တိုက်ချရပါတယ်။အဲဒီမှာ သန်းသကောင့်သားတွေ ခမျာ ဆံကြားမှာ မနေသာဘဲ သတင်းစာပေါ်ကို တဖေါက်ဖေါက် ပြုတ်ကျ လာရပါတော့တယ်။နောက်တော့ ကျွန်တော့်ညီမနဲ့ ကျွန်တော် တို့ဟာ ဘယ်သူ့ခေါင်းက ဘယ်လောက် ရတယ်ဆိုတာကို ပြိုင်ပွဲလုပ်ကြပါတယ်။ ပြီးတဲ့အခါမှာတော့ လက်မနဲ့လိုက်တုပ်တော့တာပေါ့ ခင်ဗျာ။
သန်းတုပ်တဲ့အခါ တဖေါက်ဖေါက်နဲ့မြည်တဲ့ အသံကြောင့် ပိုပိုပြီး တုပ်ချင်လာတတ်သဗျ။အဲဒီနေ့မျိုးဟာ ကျွန်တော်တို့ ခေါင်းပေါ်က သန်းတွေအတွက်ကတော့ ကမ္ဘာပျက်တဲ့နေ့ပေါ့ခင်ဗျာ။နောက် ရွာဘုရားတန်ဆောင်းတစ်ခုမှာ သန်းတုတ်သူများ ခံစားရ သော ငရဲဆိုတဲ့ ပန်းချီကားတွေ့လိုက်တော့ နည်းနည်းတော့ ဖျားသွားသဗျ။အဲဒီနောက်ပိုင်းမှာတော့ ကျလာတဲ့ သန်းတွေကို အိမ်ပြင် ဘက်သွားခါချဖြစ်ပါတယ်။
အဲဒီလို ဘီးစိပ်တိုက်လို့ သန်းမကြီးတွေကျလာရင် အားရ၀မ်းသာနဲ့ အဖွါးလုပ်တဲ့လူကို ပြတော့ ဂျပန်ခေတ်က ဆပ်ပြာတွေပြတ်လတ်ပြီး လူတွေကိုယ်မှာ သန်းဂျီးမတွေ တွယ်ကပ်တဲ့အကြောင်းတွေကို အဖွားက လွမ်းလွမ်းမောမော ပြောပြတတ်ပါတယ်။
အဲဒီလို ဂျပန်ခေတ် အကြောင်းပြောပြီဆို ကျွန်တော်ဆိုတဲ့ကောင်က အဲဒီခေတ်မျိုးမရှိတော့လို့ ၀မ်းသာရမယ့်အစား အဲဒီခေတ်ကို မမှီလိုက်တာပဲ နာသလို လို တွေးမိခဲ့သဗျ။အဲဒီလို တွေးခဲ့ဘူးလို့လား မသိပါဘူးဗျာ၊ အဲဒီသန်းဂျီးမဆိုတာကြီးနဲ့ ဘ၀တကွေ့မှာ တည့်တည့်ကြီးကို သွားကြုံမိ ပါတော့တယ်။
နေရာက ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ် (KIA) ဌာနချူပ် လိုင်စင်နဲ့ ကပ်လျက်မှာ ABSDF (NB) ပါဂျောင်စခန်းရဲ့ အကျဉ်းစခန်း တစ်ခုမှာ ကျွန်တော်အပါအ၀င် လူ ၇၀ လောက်ဟာ စစ်အစိုးရက လွတ်လိုက်တဲ့ သူလျှိုတွေဆိုပြီး စွပ်စွဲကာ ဖမ်းဆီးနှိပ်စက်၊ညှင်းဆဲမှု တွေနဲ့ ကြုံနေရချိန်မှာ ကိုရွှေသန်းဂျီးမနဲ့ လာဆုံတွေ့ရပါတော့တယ်။ ကျွန်တော်တို့ကို ဖမ်းဆီးထားတဲ့ ထောင်ဆိုတဲ့အဆောက်အဦးက တကယ်တော့ သာမန်မြေစိုက် ယင်ပေါင်ကြမ်း (ကတ္တရာပြားတွေ) မိုးပြီး ၀ါးခြမ်းသေးသေးလေးတွေနဲ့ ကာထားတဲ့ တဲကြီးဗျ။
ဒါကြောင့်မို့ ကျွန်တော်တို့ကို ညပဲဖြစ်ဖြစ် နေ့ပဲဖြစ်ဖြစ် ထိပ်တုံးရှည်ကြီးတွေထဲခြေ ၂ ဖက်လုံးကို ထည့်ခတ်ထားပါတယ် (သို့မဟုတ်) သံကြိုးကြီးတွေနဲ့ ခြေကျင်းဝတ်ကို ခတ်ထားပါတယ်။
ညဘက် လှဲချ မအိပ်ခင်မှာတော့ လက်တွေကို လက်ကောက်ဝတ်ကနေ ကြိုးနဲ့ ပူးတုပ်ထားပါတယ်။ပြီးတော့ မျက်နှာကို ပိတ်စနဲ့တင်းကြပ်နေအောင် စည်းပြီးမှ အိပ်ကြရပါတယ်။အိပ်ယာကတော့ မြေကြီးပေါ်မှာ ကတ္တာရာပြားစတွေခင်းထားတဲ့ ဘူမိကဗ္ဗလာ မြေမွေ့ယာပါ။မအိပ်ခင်မှာ လုံခြုံရေးအဖွဲ့ (သို့) ကျွန်တော်တို့ကို ဖမ်းဆီးထားတဲ့အဖွဲ့ရဲ့ ခေါင်းဆောင်ပုဂ္ဂိုလ်တွေကို သီချင်းတွေ၊ဘာတွေနဲ့ ဖျော်ဖြေတင်ဆက်ရသေးသဗျ။ခိုင်းရင်ပေါ့လေ။ ပြီးလို့ အိပ်ချိန် လှဲချပြီးပြီဆိုရင်တော့ လူးလွန့်၊လှုပ်ရှားခွင့် မရှိတော့ပါဘူး။
ညလယ်ကောင်မှာ ဆီးသွားဘို့ နိုးတဲ့အချိန်မှာ လှဲချနေရာက ထ၊ခြေရင်းမှာချထားတဲ့ ဂလူးကို့စ်ပုလင်းလွတ်တွေထဲကို သေသေချာ ချာချိန်ပြီး ရှူရှူးပေါက်ထည့်ရပါတယ်။ ပြီးပြန်အိပ်ပေါ့ဗျာ။အဲ အိပ်ချိန်မှာ လူးလွန့်တာများတဲ့သူတွေကိုတော့ မနက်လင်းချိန် တန်းစီချိန် ဆီးပုလင်းတွေ သွန်ပြီးတာနဲ့ နာမည်တွေခေါ်လိုက် ပြီးရင် မြေကြီးပေါ်ဝမ်းယားတိုး ပေးထားရပါတယ်။အဲဒီမှာ ထောင်မှုးဆိုတဲ့လူ ဒါမှ မဟုတ် အရိုက်အနှက် အင်မတန်ကြမ်းပါပေတယ်လို့ နာမည်ကောင်းထွက်ချင်တဲ့ လုံခြုံရေးတာဝန်ကျပုဂ္ဂိုလ်တွေရဲ့ မနက်ခင်း သွေးပူ လေ့ကျင်ခန်းစပါတယ်။
သုံးလက်မ ပတ်လည်နီးပါးတုတ်တဲ့ လက်ကိုင်တုတ်ရှည်ကြီးဟာ ကျွန်တော်တို့ရဲ့ကျော(သို့) ခါးရိုးပေါ်ကို စုံကိုင် ရိုက်ချလိုက်သူရဲ့ စေစားရာအတိုင်း အလည်အပတ်ကျရောက် လာပါတော့တယ်။
သို့ပေမယ့် သို့ကလို ကျရောက်လာတဲ့ တုတ်ချက်တွေဟာ ကျွန်တော်တို့အဖို့တော့ ထမင်းစား၊ရေသောက်လိုပါပဲ။
အဲဒီမတိုင်ခင်က စစ် ကြောရေးလို့ခေါ်တဲ့ငရဲခန်းမှာ ကျွန်တော်တို့ကို ဖမ်းဆီးစစ်ဆေးတဲ့ ကျောင်းသားတပ်ဖွဲ့ထောက်လှမ်းရေးရဲ့ တုတ်ချက်၊ဓါးချက်တွေ၊မီးရှို့ ချက်တွေ၊လျပ်စစ်တို့ချက်တွေ၊ရေနှစ်ချက်တွေနဲ့ ယှဉ်တဲ့အခါ ကလေးကစားသလို ဖြစ်နေပါတယ်။ဒီငရဲခန်းရဲ့ ညှင်းပန်းမှုနဲ့ ရှေ့မှာ ဘ၀ ဆုံးပါးသွားတဲ့ ကိုတင်မောင်အေး(ကသာ) နိုင်ငံရေးတာဝန်ခံ ပီကင်းပြန် ဦးစိန်၊ စမ်းချောင်းက ကိုပြည့်စိုးနိုင်၊ ကိုစိုးကြီးတို့လို တုတ်ချက်နဲ့ အသက်ထွက်မခံလိုလို့ တော်လှန်ရေးသမားဘ၀ကနေ မဆလလွတ်လိုက်တဲ့ စစ်ထောက်လှမ်းရေးတွေပါလို့ ရင်နာနာထွက်ဆိုပြီး အသက်ကိုဆက်မွေးဘို့ ကြိုးစားနေတဲ့ ဒီဇာတ်ထုပ်မှာတော့ ဒီလိုကျရောက်လာတဲ့ တုတ်ချက်တွေဟာ သိပ်အဆန်း မဟုတ်တော့ပါဘူး။
ကျွန်တော်တို့လို အသက်ကိုမွေးပေမယ့် မိမိတို့ကိုယ်လက်အင်္ဂါတချို့ကို ပေးလိုက်ရသူတွေလည်းရှိတာမို့ ကျွန်တော်တို့ ထောင်အိပ်ခန်း ဟာ ဈေးက အမဲသားတန်းထက်တော့ပိုပြီး သွေးညှီနံ့ လွှမ်းပါတယ်။လက်ကောက်ဝတ်က ဖြတ်ထားခံရတဲ့ ယူဂျီတာဝန်ခံ ကိုချိုကြီး (နောက်တော့ ခေါင်းပါဖြတ်ပေးလိုက်ရ)၊လက်ချောင်းတွေ ခုတ်ထားခံရတဲ့ ကိုအောင်ဖိုးတို့၊ခြေထောက်ထဲကို ဖနောင့်ကနေ သံချောင်းကို မီးဖုတ်ပြီး ရှိုသွင်းခံထားရတဲ့ ကျောင်းသားခေါင်းဆောင်ကိုထွန်းအောင်ကျော်တို့ဆီက သွေးညှီနံ့တွေအပြင် ရံဖန်ရံခါ အကွဲအပြဲ အဖြတ် အတောက်တွေကြားမှာ ကျွန်တော်ကိုယ်တိုင်လည်း ခေါင်းကိုမကြာခဏ အစိမ်းချုပ် ချုပ်ခံရတတ်တာမို့ ကိုယ်ပေါ်က အ၀တ်တွေမှာ သွေးနံ့စွဲနေတာ အဆန်းမဟုတ်တော့ပါ။
ခက်တာက သွေးပေလို့မို့လည်း အင်္ကျီကိုလဲမပစ်သာပါဘူး။လဲစရာလည်း မပေးပါဘူး။အဲဒီ ပါဂျောင်ဒေသဆိုတာက တရုတ်မြန်မာနယ် စပ် ကေအိုင်အေဌာနချုပ် လိုင်စင်စခန်းနဲ့ တစ်ဆက်တည်း အမြင့်ပေခုနှစ်ထောင်ကျော်ရှိတာမို့ ဆောင်းမှာ အရိုးကွဲအောင် အေးစက်ပါ တယ်။ဒါကြောင့်မို့ စောင်မရှိပဲ (တစ်ခါတစ်ရံ စောင်ပါးလေးတစ်ထည် ၂ယောက်မျှ) မြေပေါ်လှဲအိပ်ရတဲ့ ကျွန်တော်တို့အဖို့ သွေးဘယ်လို ရွဲနေပေမယ့် အဲဒီအင်္ကျီကို မပစ်နိုင်ပါဘူး။
အနည်းဆုံး လေးထပ်လောက် ထပ်ဝတ်ထားတာတောင် အဆောက်အဦး ထရံကြဲကြဲကြားက တိုက်လာတဲ့ တောင်ပေါ်ဆောင်းလေကြောင့် ရိုက်ထားတဲ့ဒဏ်တွေက အရိုးကွဲအောင် အေးမြလှပါတယ်။
နောက်ပြီးတော့ စပြီး ဖမ်းဆီးနှိပ်စက်ပြီး ချုပ်ထားကတည်းက တစ်ခါမှ ရေချိုးခွင့်လည်း မပေးသလို၊ကျွန်တော်တို့ဘက်ကလည်း ထပ်အသားနာခံပြီး ရေချိုးခွင့်တောင်းဆိုဘို့ဆိုတာ စိတ်ကူးထဲတောင် မရှိပါဘူး။
ဒါကြောင့် အ၀တ်အစားတွေမှာ သွေးတွေကခြောက်ပြီး ချပ်ခေါက်ကြီးဖြစ်တဲ့နေရာ၊ဆီးနံ၊သွေးနံ့နဲ့ဖုန်မှုန့်တို့ လိမ်းကျံနေခဲ့တာ လနဲ့ချီပြီး ကြာလာတာတဲ့နောက် ကျွန်တော်တို့ကိုယ်ပေါ်မှာ ဘယ် အချိန်က စတင်ပေါက်ဖွားခဲ့တယ်လို့ မသိနိုင်တဲ့ သန်းဂျီးမလို့ခေါ်တဲ့ ကိုယ်သန်းတွေနဲ့ အဆွေခင်ပွန်း ဖွဲ့မိကြပါတော့တယ်။
အမှန်တော့ ကျွန်တော်တို့ကိုယ်မှာ ခုလို ကိုယ်သန်းတွေရှိနေတာကို ဘယ်အချိန်ကစ သတိထားမိ၊ ဘယ်သူကစ သတိထားမိတယ်ဆို တာ မှတ်မှတ်သားသား ရှိသင့်ပါလျက် မရှိတာကတော့ အဲဒီအချိန်က ဘယ်အချိန်ခေါ်ပြီး ရိုက်စစ်ဦးမလဲ။လျှော့ခ်တိုက်ပြီး အစစ်ခံရဦးမ လဲ။မီးမြိုက်ခံရဦးမလဲဆိုတာကို နေ့နေ့ညည လန့်နေရလို့ပါ။အစစ်မခံရတဲ့ အချိန်တွေမှာလဲ သူတို့ခိုင်းတဲ့ အလုပ်ကြမ်းတွေကို ကျွဲလို နွားလိုလုပ်ရတဲ့ ကျွန်တစ်ပိုင်းဖြစ်နေတာမို့ သတိမထားမိကြတာပါ။
အဲ နောက်တော့ တစ်ယောက်သောသူကစပြီး သူ့ကိုယ်ပေါ်မှာ သန်းတွေရှိနေတယ်လို့ စကြေညာလိုက်ပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့တွေ အလုပ်နားတဲ့အချိန် အင်္ကျီတွေကို တစ်လွာချင်းချွတ်ပြီး သေချာစစ်ကြည့်သောအခါမှာတော့ အင်္ကျီရဲ့ချူပ်ရိုးကြောင်း တွေကြားမှ ခိုအောင်းနေတဲ့ (အထူးသဖြင့် ဂျိုင်းနဲ့ လက်ပြင်အဆက် ချုပ်ရိုးတွေကြား) သန်းဖြူဖြူကြီးတွေကို တွေ့ရပါတယ်။
လူ့စိတ်ဟာ တော်တော်တော့ ဆန်းတယ်ခင်ဗျ။ဒီ ကိုယ်သန်းကြီးတွေကို စတွေ့တော့ ဒါဟာအင်မတန် လန့်စရာကောင်းတဲ့ကိစ္စကို အန္တရာယ်လို့ မမြင်ဘဲ ငါ့အမေကြီး(အဖွား)ပြောတဲ့ ဂျပန်ခေတ်လို ခေတ်ပျက်ကာလမျိုးမှာမှ ကြုံရတဲ့ သန်းဂျီးမကြီးတွေကိုယ်တိုင် ငါ့ခန္ဓာကိုယ်ပေါ်မှာ ကိုယ်ကပ်နေပါပေါ့လားဆိုပြီး ကြိတ်ဝမ်းသာမိနေသေးဗျ။ဒါပေမယ့် ကြာကြာမစောင့်လိုက်ရပါဘူး ညလည်းရောက် ရော သတ္တိပြတော့တယ်ဗျာ။
ခက်တာက ညဘက် မခံမရပ်နိုင်အောင် ဒင်းတို့ကကိုက်ပေမဲ့ စောစောကပြောခဲ့သလို လက်ပြန်ကြိုးက တုပ်ထားတဲ့အပြင် နည်းနည်းလေး လှုပ်ချင်လွန့်ပြီဆိုရင် ခွင့်ပြုချက် အရင်တောင်းရတာမို့ စိုင်းထီးဆိုင်သီချင်းအလိုက်နဲ့ ပြောရရင် ယားတော့ယားတာပေါ့ ဒါပေမယ့် မကုတ်နဲ့လို့ပဲ ဆိုသလို ဖြစ်နေတာပေါ့ဗျာ။
အမှန်တော့ ညည ကျွန်တော်တို့ အကျဉ်းစံရဲဘော်တချို့ဟာ ခွင့်ပြုချက်မတောင်းဘဲ လူးတယ်၊လွန့်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မနက်မနက် တုတ်ချက်ထိခံနေရတာ တော်တ်ာကြာနေပါပြီ။အရိုက်သာခံနေရတယ် ကိုယ့်ဖာသာ လူးမိလွန့်မိသလားမသိရဘဲ အသလွတ်အနွာခံနေ ရတာက တော်တော်ကြာနေပြီ ခင်ဗျ။ မနက်ကျ စာရင်းကထွက်လာပြီ၊ လူးတယ်လွန့်တယ်တဲ့။နောက်မှ အဖြေကပေါ်တော့တာကိုးဗျ။ ဒီကောင်ကြီးတွေ အင်္ကျီအတွင်းထဲမှာ ကိုက်နေတာဆိုတော့ လူးတော့တာပေါ့ဗျာ။လွန့်တော့တာပေါ့ဗျာ။
လူစိတ်ဟာ အင်မတန်ဆန်းသဗျ။ပထမဆုံး ကျွန်တော်တို့ကိုယ်ပေါ်မှာ ဒီကိုယ်သန်းကြီးတွေ ရှိနေတယ်ဆိုတာ စသိတဲ့ညကိုမှာတော့ ညအိပ်ဘို့ ခေါင်းချပြီး မိနစ်အတွင်းမှာပဲ အင်္ကျီအထပ်ထပ်အတွင်းက ကိုယ်ခန္ဓာမှာ မကြုံစဖူး ထူးထူးခြားခြား ယားလာပါတော့တယ်။ သန်းဂျီးမတပ်ဖွဲ့ဟာ တစ်ညတာ စစ်ဆင်ရေးစတင်ဘို့အတွက် တပ်ချီ၊တပ်ပြောင်းတွေ လုပ်နေပုံရပါတယ်ဗျ။သိတဲ့အတိုင်း ခြေထောက် ၂ချောင်းကလည်း သံကြိုးကွင်းထဲမှာ။
လက်၂ဖက်ကို ကျောနောက်ပို့ပြီး လက်ကောက်ဝတ်ကနေ ပူးတုပ်ထားတာမို့ လှဲချလိုက်ပြီဆိုတာနဲ့ လူက ပုံစံအရကို မလူးမလွန့်နိုင်တော့ပါဘူး။ငယ်ငယ်က ဘူတာရုံမှာ ခြေလေးချောင်းလုံးကို ပူးတုပ်ထားတဲ့ဝက်တွေ ပုံစံပါပဲဗျာ။မျက်စေ့ ကိုလည်း ပိတ်စနဲ့အမြဲတင်းနေအောင် ချည်ထားတာဆိုတော့ နားကိုအမြဲစွင့်ထားတဲ့အလေ့က ရှိနေသဗျ။ဘယ်သူ့ ခေါ်ထုတ်သွားပြီ လဲ။ဘယ်သူ ၀င်လာပြန်ပြီလဲ စသည်ဖြင့်ပေါ့။ညဘက်တွေမှာခေါ်ပြီး စစ်ဆေးတာကိုးဗျ။ဘယ်သူတော့ဖြင့်စစ်ရင်း လက်လွန်သွားလို့ ပြန်မလာနိုင်တော့ဘူး စသည်ဖြင့်ပေါ့ … ဆိုတော့ နားကတော့ စွပ်စွင့်ထားရတယ်။
ဘ၀က။
ပြောရင်တော့ ပိုလွန်းတယ် ပြောကြမှာပဲ။ တကယ်ပါဗျာ နောက်အာရုံစိုက်ထားတဲ့ အချိန်ဆိုရင် အဲဒီ ကိုရွှေသန်းဂျီးမတပ်ဖွဲ့ အထဲမှာ ပြေးလွားလှုပ်ရှားတဲ့အသံကို နားထဲမှာ တစ်ခါတစ်ခါ ကြားရသဗျ။အရေပြားပေါ်မှာ ပြေးနေရင်လည်း သိနေသဗျ။ ကိုက်တာကတော့ မပြောပါနဲ့တော့ဗျာ။
သူတို့တွေကလည်း သိပုံရတယ်ဗျ။ ခု ငါတို့သွေးစုတ်နေတဲ့ လဒတွေဟာ ငါတို့ကို ဘာမှမတုံ့ပြန်နိုင်တဲ့ကောင်တွေလို့ ကောင်းကောင်း သိနေပုံရတယ်ဗျ။
အဲဒီတော့ ညရောက်တာနဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်ကြီးဟာ သူတို့အတွက် အကောင်းဆုံး ပျော်ပွဲစားရုံကြီးတွေ ဖြစ် သွားတော့တာမို့ တစ်ညလုံး စိတ်ကြိုက် ပွဲတော်တည်ကြပါတော့တယ်။ကျွန်တော်တို့ သန်းတွေကပ်နေတာ စသိတဲ့ညကတော့ ဘာပြော ကောင်းမလဲဗျာ။အရင်ကနဲ့ မတူအောင်ယား။မတူအောင် နာတော့တာကိုး။အဲဒီတော့ လက်ပြန်ကြိုးတုပ်ထားတော့ ဘာမှလုပ်မရပေမဲ့ နည်းနည်းလေး သက်သာလို၊သက်သာငြား လူးကြည့်၊လွန့်ကြည့်ချင်တဲ့စိတ်က ဘယ်လိုမှ တားမရဘူး ခင်ဗျ။
ယားနေတာကို အာရုံစိုက်ပြီး မြေကြီးနဲ့ကြိတ်သတ်ဖို့ လုပ်ကြည့်တာပေါ့ဗျ။ဘာပြောကောင်းမလဲဗျာ။တစ်ညလုံးဟာ တစ်ယောက်ပြီး တစ် ယောက် နည်းနည်းလှုပ်ပါရစေဗျဆိုတာချည်း ဖြစ်ကုန်တာပေါ့။ခက်တာက အကုန်လုံးက ကုပ်ချင်၊လှုပ်ချင်တဲ့လူတွေချည်း ဖြစ်နေသလို ကုပ်ဖို့အရေး ခွင့်ပြုချက်ရဘို့ကလည်း အလွန်အရေးကြီးတာကိုး ဗျ။ကျွန်တော် နည်းနည်းလှုပ်ပါရစေဗျလို့ ပြောပေမယ့် လှုပ်လို့ခွင့်ပြု ချက်ကျဘို့ စောင့်ရတာက တစ်ခါတစ်ခါ တစ်ကမ္ဘာလောက် ကြာနေသလိုပဲ။ကိုယ့်အလှည့်တောင် မရောက်သေးဘူး နောက်က တစ် ယောက်က ကျွန်တော်လည်း ကုပ်ပါရစေ ဖြစ်လာပြန်ရော။
သိတဲ့အတိုင်းဗျာ တာဝန်ကျတဲ့ အစောင့်ဆိုတာကလည်း အမျိုးမျိုးကိုး။ အဲဒီတော့ နောက်ဆုံးရလဒ်ကတော့ မနက်လင်းလို့ ကွင်းထဲမှာလည်းတန်းစီရော ဘာမှပြောမနေနဲ့ အစောင့်ကျတဲ့ လူအားလုံးက တုတ်ကိုယ်စီနဲ့ စောင့်နေတော့တာပေါ့။ညက လှုပ်တဲ့လူ၊မလှုပ်တဲ့လူ ခွဲမနေတော့ဘူးလေ။ အားလုံးမြေကြီးပေါ် ၀မ်းယားမှောက်ထားစေ ဆိုတာမျိုးနဲ့ အ၀စားရတော့တာပေါ့ ဗျ။
အဲဒီ နောက်ပိုင်းမှာတော့ ကျွန်တော်တို့ဘ၀မှာ ကျွန်တ်ာတို့ကို ဖမ်းထားပြီး မကြာခဏ အကြီးအကျယ် နှိပ်စက်နေတဲ့ ငရဲသားတွေရဲ့ ရန်ထက်၊နောက် ရန်သူတော်အသစ် သန်းဂျီးမတွေကိုပိုပြီး ထိန့်လန့်လာပါတော့တယ်။ညတိုင်း ဘယ်လိုအချိန်မှာ လူးခွင့်တောင်းရပါ့ မလဲ ဆိုတာမျိုးကိုချည်း ချောင်းနေရတာကိုး။သန်းဂျီးမတွေကလည်း လည်တယ်ဗျ။ညဆို သူတို့ပုန်းအောင်းနေတဲ့ နေရာကနေ လက်မောင်းတလျောက် ဆင်းလာပြီး လက်ပြန်ကြိုးတုပ်ထားတဲ့ လက်ကောက်ဝတ်က ကြိုးချည်ထားတဲ့ နေရာတစ်ဝိုက်ကို ဆင်းလာပြီး ကိုက်တတ်သဗျ။တိုတိုပြောရရင်တော့ ညမလှုပ်ပဲလည်းမနေနိုင်၊မနက်ကျတော့မှ ရိုက်ပါစေတော့ဆိုပြီး လှုပ်ရာက အရိုက်ခံရတာ ကြာလာတော့ ဒီသန်းဂျီးမတွေရန်က လွတ်ဘို့အရေးဟာ တို့တာဝန် အရေးတစ်ပါး ဖြစ်လာတော့တာပေါ့ ဗျာ။
ပထမဆုံး စစ်ဆင်ရေးကတော့ အပြင်မှာအလုပ်တွေ ထွက်လုပ်ရာကအပြန် ထောင်ရှေ့ကွင်းထဲ ခဏထိုင် လူရေတွက်ချိန်မှာ ခွင့်တောင်း ပြီး အင်္ကျီအထပ်ထပ်ကိုချွတ်ပြီး အောက်ဆုံးထပ်ကိုထားပြီး ကျန်အထပ်တွေကိုပြန်ဝတ်ပြီး(ပြန်မ၀တ်လို့ကလည်း မဖြစ်ဘူး တစ်ခါ တစ်လေဆို ရေခဲအောင်အေးတဲ့နေရာကိုး)တော့ ရတဲ့အချိန်အတွင်းမှာ အဲဒီအင်္ကျီရဲ့ချူပ်ရိုးကြောင်းတွေအတိုင်း ခိုအောင်းနေတဲ့ ရန်သူ တော်သန်းဂျီးမတွေကို လက်စားချေကြပါတော့တယ်။
ကျွန်တော်တို့ရဲ့အင်္ကျီတွေက စစ်ရောင်တွေမို့ စစ်စိမ်းရောင်အင်္ကျီချုပ်ရိုးကြားမှာ ခိုနေတဲ့ဒင်းတို့ကိုရှာရတာ ဘယ်ခက်လိမ့်မလဲဗျာ။ ဒီဖြူဖြူဖွေးဖွေး ဆန့်စေ့ကြီးတွေလို ကပ်နေတဲ့ဟာ။အမယ် တကယ်လိုက်ရှာပြီး ရှင်းနေပြီဆိုတာသိတော့ ဒင်းတို့ကလည်း ပြေးချင်တယ် ဗျ။ဒါပေမယ့် ဘယ်ရလိမ့်မလဲဗျာ ညပေါင်းများစွာ အညှိုးကြီးညှိုးထားတဲ့ ကျွန်တော်တို့လက်က လွတ်အောင်မပြေးနိုင်ကြပါဘူး။အတုံး အရုံးပေါ့ဗျာ။ ဒါပေမယ့် ခက်တာက သူတို့ကို ကုန်စင်သွားအောင်ရှာဘို့ ကျွန်တော်တို့မှာက လုံလောက်တဲ့အချိန် မရှိတာပဲဗျ။ ပြီးတော့ နေ့စဉ်ကလည်း မရှာနိုင်တာတော့ အရင်လိုပဲ နေ့ကျအစောင့်နဲ့စစ်ကြောရေးပြုသမျှနုကြရပြီး ညညမှာတော့ ဒင်းတို့ပြုသမျှ နုရတဲ့ဘ၀ မှာပဲ စင်းခံခဲ့ရသဗျ။
အဲဒီလို စင်းခံနေရတဲ့ဘ၀ကနေ တစ်ယောက်သောသူက သူ့အတွေအကြုံတစ်ခု ဝေငှလာသဗျ။အဲဒါကတော့ ညအိပ်ယာဝင်ခါနီး လက်ပြန်ကြိုးချည်ကာနီးမှာ အတွင်းဆုံးက အင်္ကျီကိုချွတ်ပြီး အပေါ်ဆုံးကိုပြောင်းပြီး ၀တ်တဲ့နည်း ခင်ဗျ။များသောအားဖြင့် ဒီသန်းဂျီးမ တွေက အောက်ဆုံးကအင်္ကျီမှာ တွယ်ကပ်နေတတ်ထာဆိုတော့ ဒီဟာကို အပေါ်ဆုံးထပ်ကို ပြောင်းဝတ်လိုက်ပြီးတော့ မျက်စိလည် အောင် လုပ်တဲ့စိတ်ကူးဖြစ်ပါတယ်။
တကယ်တမ်း လုပ်ကြည့်တဲ့အခါ ဟုတ်သဗျ။ ညဦးပိုင်းမှာတော့ နည်းနည်းသက်သာသလိုလို ဖြစ်ပြီး နောက်ပိုင်းမှာတော့ အတိုးချပြီး အပြတ်အသတ် နွှာပါတော့တယ်။ငါတို့ကို မလိမ့်တပတ်နဲ့ လုပ်တဲ့ကောင်တွေဆိုပြီး တကယ်နွှာတဲ့အခါ တော်တော်ခံစားရသဗျ။ဒီတော့ နေနှင့်ဦးပေါ့ကွာဆိုပြီး ကြိတ်ပြီး ကြိမ်းဝါးနေခဲ့ရတာပေါ့ ခင်ဗျာ။
ဒီလိုနဲ့ ဆောင်းတွင်းကြီး တစ်တွင်းလုံးမှာ ရေခဲတွေလွှမ်းတဲ့ဆောင်း၊အရိုက်ကြမ်း အဖြတ်အတောက်ကြမ်းတဲ့ စစ်ကြောရေးနဲ့ သွေးအစုပ် ကြမ်းတဲ့ သန်းဂျီးမတို့နဲ့လုံးထွေးရင်း ရက်စက်အမှုအပေါင်း သရဖူဆောင်းတော့သည်ဆိုသလိုပဲ ကျွန်တော်တို့ထဲက ရဲဘော်တချို့ မကြွေ သင့်ဘဲ၊ ကြွေလွင့်ခဲ့ရပြီး ဆောင်းအလွန် နှင်းခဲပျော်ချိန် ရောက်လာပါတယ်။
ကျွန်တော်တို့တွေလည်း ငရဲမှာ နည်းနည်း အသားကျလာပါတယ်။တစ်ရက်မှာတော့ ကျွန်တော်တို့ အကျဉ်းသားတွေထဲမှာ တန်းစီး တာဝန်ယူထားရတဲ့ ကသာက ကိုမြင့်သိန်းက အရဲ့စွန့်ပြီး အထူးအရေးကြီးတဲ့ စီမံကိန်းတစ်ခုကို လုံခြုံရေးယူထားတဲ့ တာဝန်ခံက တစ်ဆင့် တင်ပြလိုက်ပါသဗျ။
အဲဒါကတော့ ခုလို နှင်းတွေပျော်လို့ ထောင်ကုန်းကဆင်းတဲ့ တောင်ကြားစမ်းချောင်းလေး ပေါ်လာတဲ့နေရာမှာ ကျွန်တော်တို့ကို ရေချိုး ခွင့်ပြုဘို့နဲ့ အ၀တ်တွေကိုလည်း ရေနွေးနဲ့စိမ်ပြီး ပြုတ်လျော်ခွင့်ပေးဘို့ ဖြစ်ပါတယ်။
အဲဒီချိန်က ကျွန်တ်ာတို့အားလုံး ရေမချိုးရတာ လေးလကျော်နေပါပြီ။နောက်ဆုံးတော့ အစောင့်အကြပ် စုံလင်စွာနဲ့ သဘောတူညီချက် များစွာနဲ့ ရေချပွဲအခမ်းအနား လုပ်ဖြစ်ပါတော့တယ်။အချိန်က မနက် ၁၀ နာရီလောက် နေထွက်ချိန်လောက်မှာ စဖြစ်ပါတယ်။
ကျွန်တော် တို့ ထောင်ကုန်းနဲ့အာသံကုန်းနှစ်ခုကြားမှာ နှင်းပျော်ချိန်ဆို ခြေကျင်းဝတ်လောက်နက်ပြီး လေးပေလောက်ကျယ်တဲ့ စမ်းချောင်းလေး ရှိသဗျ။အာသံကုန်းလို့ ခေါ်ရတာကတော့ ကေအိုင်အေတပ်မှာ စစ်သင်တန်းလာယူတဲ့ အိန္ဒိယနိုင်ငံ အာသံပြည်ကလာတဲ့ သူပုန်တွေထဲ က စစ်စည်းကမ်းမလိုက်နာတဲ့ စစ်သားတချို့ကို ခေါင်းဖြတ်သတ်ခဲ့ဘူးတဲ့ ကုန်းဖြစ်လို့ပါ။
နောင် အဲဒီတောင်ကုန်းပေါ်မှာပဲ ၁၉၉၂ ဖေဖေါ်ဝါရီလ ၁၂ ရက် ညနေလေးနာရီလောက်မှာ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင် ကျော်အပါအ၀င် တော်လှန်ရေးကျောင်းသားခေါင်းဆောင် ရဲဘော်၁၅ ဦးကို တစ်ချိန်တည်း အမိန့်ထုတ် ခေါင်းဖြတ်သတ်ခံခဲ့ရတာ လည်း အဲဒီကုန်းပေါ်မှာ ဖြစ်ခဲ့တာပါ။
ပထမဦးစွာ ကျွန်တော်တို့က
အဲဒီစမ်းချောင်းလေးကို လူတစ်ယောက်လှဲပြီး စိမ်လို့ရအောင် ပြုပြင်ရပါတယ်။တစ်ဖွဲ့ကတော့ မိုးဗြဲဒယ်ကြီး တစ်လုံးထဲ ရေဖြည့်ပြီးတော့ ကျောက်တုံးသုံးတုံးကို ဖိုခနောက်ဆိုင်ပြီး ထင်းမီးဖိုကြီးတစ်ခု တည်ပါတယ်။အဲဒီမိုးဗြဲဒယ်ကြီး ပွက်လာတာ ကို ကြည့်ပြီး ကျွန်တ်ာတို့အားလုံးဟာ တော်တော် စိတ်လှုပ်ရှားနေကြပါတယ်။ရေတွေ ကျွက်ကျွက်ဆူလာတဲ့အခါမှာ ကျွန်တော်တို့ရဲ့ သန်းနှိမ်နင်းရေး စီမံကိန်းကြီးကို စတင်ပါတော့တယ်။