Quantcast
Channel: .
Viewing all articles
Browse latest Browse all 346

လင်မယားဝတ္ထု

$
0
0

၃ အောက်တိုဘာ ၂၀၁၄နေ့ထုတ် သည်လေးဒီးစ်ဂျာနယ်မှ ။

လင်မယားဝတ္ထု
(မင်းဒင်)

(တစ်)
ဂရိနတ်ဘုရားပုံပြင်မှာဆိုလားဗျာ။ဟိုးရှေးရှေးတုန်းက လူသားတွေဟာ ခြေလေးချောင်း လက်လေးချောင်းရှိကြသတဲ့ဗျ။ အဲဒီအတီတေ ကာလ၊ရှေးဦးလူသားတွေ လူစွမ်းလူစကောင်းလိုက်ကြပုံများ နတ်ဘုရားတွေကိုတောင်နင်ပဲငဆ၊အံတုဖက်ပြိုင် ရန်ပြုလွန်းလို့၊ နတ် ဘုရားတွေက ဒေါသထွက်ကျိန်စာတိုက်၊နှစ်ခြမ်းခွဲပစ်လိုက်တော့ လူတွေဟာ ခြေနှစ်ချောင်းလက်နှစ်ချောင်းဘဝရောက်ကုန်ရော တဲ့ ဗျာ။ဒါကြောင့် နှစ်ခြမ်းအခွဲခံရတဲ့လူတွေဟာ သူတို့ရဲ့ ကျန်တခြမ်းကိုလိုက်ရှာကြရင်း၊ပြန်ဖူးစာဖက်မိကြပြီး လင်မယားတွေဖြစ်ကုန် တာတဲ့။လင်မယားလည်းဖြစ်ရော ပုလင်းတူဗူးဆို့၊နှစ်ကိုယ့်တစ်စိတ်ဖြစ်ကုန်ကြတာမို့ သိပ်ခင်မင်ရင်းနှီးတဲ့ ပုရိဿနှစ်ယောက်ကိုတောင် “ဒီကောင်နှစ်ယောက်က လင်မယားတွေ”လို့ အရပ်စကားနဲ့ မေးငေါ့တတ်ကြတယ်မဟုတ်လား။

အေးပေါ့ဗျာ။လင်ရယ်မယားရယ်ဖြစ်လာကြမှတော့ အတတ်နိုင်ဆုံးနှစ်ဦးနှစ်ဖက်ပြေလည်အောင်ညှိနှိုင်းပြီးညီညွတ်ရေးရအောင် ကြိုးစား တည်ဆောက်ကြရတာသဘာဝကျပါတယ်။ညီညွတ်ရေးဆိုတာလူ့လောကကြီးမှာတော်တော်အရေးကြီးတယ်ဗျ။ဒါကြောင့်မို့ထင်ပါရဲ့။ကျုပ်နားထောင်ခဲ့ဖူးတဲ့ ကျုပ်တို့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့မိန့်ခွန်းတပိုဒ်ထဲမှာ  “တိုင်းရင်းသားအချင်းချင်း ညီညွတ် ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊အဲဒီညီညွတ်ရေးနှစ်ခုမရှိသမျှ၊တန်းတူညီတူ မဖြစ်သမျှကာလပတ်လုံး ဒီတိုင်းပြည်ကြီးဟာ လွတ်လပ်တယ်ဆိုသော်ငြား ဟိုလူ့လည်းပဲ မြင်ရတဲ့ အခါမျက်နှာချိုသွေးရ ဒီလူ့မြင်ရတဲ့အခါလည်း မျက်နှာချိုသွေးရ၊ဖာသည်လို နိုင်ငံမျိုး ဖြစ်နေမှာပဲ”လို့ခပ်ကြမ်းကြမ်းမိန့်မှာခဲ့ဖူးသဗျ။

အမလေး။ကျုပ်လိုကောင်က နိုင်ငံရေးတရားဟောတော့မယ်လို့များပေါက်ပေါက်ရှာရှာမတွေးလိုက်ပါနဲ့။ကျုပ်စဉ်းစားမိတာက မြောက် များစွာသော ညီညွတ်ရေးတွေထဲမှာလင်မယားစည်းလုံးညီညွတ်ရေးဟာ စိတ်ဝင်စားစရာအကောင်းဆုံးလို့၊ကျုပ်ထင်သဗျ။ ကျုပ် တွေ့ဖူး တဲ့လင်မယားတွေကတော့ အံ့သြစရာကောင်းလောက်အောင်၊အတော့်ကိုညီညွတ်ကြတာကလား။ယုံသော်ရှိမယုံသော်ရှိ ခင်ဗျား နားထောင်ကြည့်ပါအုံးလေ။

(နှစ်)
လင်မယားအကြောင်းစကားစလိုက်တာနဲ့ ကျုပ်စိတ်ထဲမှာဖျတ်ကနဲ၊ပေါ်တာကတော့ ကိုခင်မောင်အေးတို့လင်မယားပဲဗျာ။ ဟုတ်တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းလေးဆယ်ကျော်၊ကျုပ်လူပျိုပေါက်အရွယ်တုန်းကပေါ့။ကိုခင်မောင်အေးဟာ ကျနော့်အကိုနဲ့အသက်ချင်း မတိမ်းမယိမ်း မို့၊ကျုပ်ထက် သုံးနှစ်လောက်ပိုကြီးမယ်။ကျုပ်တို့ခေတ်က လူငယ်တွေဟာ မကျေနပ်ရင်တစ်ယောက်ချင်းစိန်ခေါ်ပြီး ချိန်းပွဲတွေ ထိုးတဲ့ ကြိတ်တတ်တဲ့ ဓလေ့စရိုက်ရှိခဲ့ ကြတာမို့ ကိုခင်မောင်အေးနဲ့ ကျုပ်အကိုတောင် ဝမ်းဘိုင်ဝမ်းဖိုက်တင်ပလေးခဲ့ကြဖူးတာ ကျုပ်မှတ်မိ နေတယ်။ ကိုခင်မောင်အေးဟာ အကိုနဲ့သာရန်ဖက်ဖြစ်ပေမဲ့ ကျုပ်ကိုတော့လမ်းမှာတွေ့တိုင်းပြုံးပြုံးပြုံးပြုံးနဲ့ အတော်ခင်ရှာသားဗျ။ ထားပါလေ။ကျုပ် ပြောချင်တာက ကိုခင်မောင်အေးတို့လင်မယားအကြောင်းမို့ရန်ပွဲကိစ္စ ဒီမှာတင်ရပ်ကြပါစို့ရဲ့။

အတန်းပညာသိပ်မတတ်ရှာတဲ့ ကိုခင်မောင်အေးဟာ သူ့အမေနဲ့အတူလမ်းမတော်ကီလီကုန်စိမ်းဒိုင်ကြီးကိုလိုက်နေရင်း ဆိုက်ကား ဆရာဖြစ်လာ တယ်ဗျ။ကီလီမှာဆိုက်ကားနင်းရင်း ဘယ်လိုဘယ်ပုံဖူးစာဆုံကြတယ်မပြောတတ်ပါဘူးဗျာ။မချိုဆိုတဲ့ အမျိုးသမီးတစ် ယောက်နဲ့ အိမ်ထောင်ကျရောဆိုပါတော့။

ကျုပ်စိတ်ထင်အဲဒီအချိန်မှာ ကိုခင်မောင်အေးဟာ အသက်နှစ်ဆယ်ကျော်ပဲရှိအုံးမယ်ဗျ။ သူ့မိန်းမလို့ ပြောတဲ့ မချိုဟာ တကယ့်ကို လုံးကြီးပေါက်လှ၊အကိုကာလသားများမျက်စိကျလောက်တဲ့ အရပ်အမောင်းနဲ့ ရုပ်ရည်မို့၊ ကျုပ်စိတ်ထဲမတော့ လူပုံချောကိုခင် မောင်အေးနဲ့ နေနဲ့လရွှေနဲ့မြလို့  ထင်မိတာပါပဲ။
မကြာပါဘူးဗျာ။ကျူးကျော်ရပ်ကွက်ထုံးစံအတိုင်း လူသတင်းလူချင်းဆောင်လိုက်တာ မချိုရဲ့ဘဝနောက်ခံဇာတ်ကြောင်းဟာ ရပ်ကွက် ထဲမှာလူပြော အများဆုံးသတင်းဖြစ်လာပါတော့တယ်။သက်သေသက္ကာယခိုင်ခိုင်မာမာမပြနိုင်ကြပေမဲ့ ရပ်ကွက်ထဲမှာ ဟိုးဟိုးကျော်လာ တာကတော့ မချိုအဝှာလုပ်စားတယ်ဆိုပဲဗျ။တခြားသူတော့မပြောတတ်ဘူး။

အဲဒီသတင်းကိုစပြီး ကြားခါစက မဆီမဆိုင်ကျုပ်ခေါင်းထဲမှာ ထူပူသွား တာအမှန်ပဲဗျာ။အင်း၊မချိုရဲ့ဘဝနောက်ကြောင်းဇာတ်လမ်းကို ကိုခင်မောင်အေးသိမှသိပါလေစ။သိသွားလို့ကတော့ ဘယ့်နှယ် လုပ်ခရီး ဆက်ကြမှာပါလိမ့်၊ဘာညာ၊ဘာညာတောင်တွေးမြောက်တွေးနဲ့ လမ်းမှာတွေ့တိုင်းကိုခင်မောင်အေးမျက်နှာကို အကဲခတ်ရတာ ကျုပ်မှာ အမော။
အမယ်။ကိုခင်မောင်အေးမျက်နှာကို အကဲခတ်ရတာ ဘာမှထူးထူးခြားခြားခံစားရပုံမပေါ်ဘူးဗျ။ဒါတင်ဘယ်ကဦးမလဲ။ညနေခြောက်နာရီ ဝန်းကျင်လောက်ဆို မချိုတစ်ယောက်ကော့နေအောင် ဖီးလိမ်းပြင်ဆင်ပြီး လမ်းထဲကနေထွက်မြဲအတိုင်း၊မော့မော့နဲ့ ထွက်တော့ လည်း၊မချိုကိုလိုက်ပို့တဲ့ကိုခင်မောင်အေးကတော့ ခပ်အေးအေးပုံစံပါပဲ။လမ်းထဲကလူတွေကတော့ ထုံးစံအတိုင်း၊ဟိုအလုပ်ဆင်း ဖို့ သွား တာလေ ဆိုတဲ့ မျက်နှာပေးတွေနဲ့မေးငေါ့ကြတာပေါ့ဗျာ။

ဒါတင်ဘယ်ကဦးမလဲ။နောက်တစ်နှစ်ကျော်လောက်ကြာတော့ ကိုခင်မောင်အေးနဲ့မချိုမှာ သားဦးလေးရတော့ ကျုပ်တို့တလမ်းလုံးက ဒီကလေးရဲ့အဖေဟာ ကိုခင်မောင်အေးမှဟုတ်ရဲ့လားဆိုပြီး စူးစမ်းတဲ့မျက်လုံးတွေနဲ့ ကြည့်ကြတာပါပဲ။ကိုခင်မောင်အေးကတော့ တစ်လမ်းလုံးကို ဖုတ်လေတဲ့ငပိရှိတယ်လို့တောင် ထင်ပုံမရပါဘူး။မချိုအလုပ်သွားချိန်ဆို သူ့သားကိုပုခုံးပေါ်တင်ပြီး ကလေးထိန်းဘဝနဲ့ ကျန်ခဲ့လေရဲ့ဗျာ။သင်္ကြန်ရက်တစ်ရက်များ သူတို့သားအမိ၊သားအဖသုံးယောက် ဘယ်ကနေ ရေပက်ခံပြီးပြန်လာကြတယ်မဆိုနိုင်ဘူး။ ရေတွေစိုရင်း ပျော်နေ လိုက်ကြပုံများ ခုထက်ထိ ကျုပ်မျက်စိထဲက မထွက်ပါဘူးဗျာ။ အဲဒါကြောင့်ကျုပ်ပြောခဲ့တာပေါ့။ လင်မယား တွေရဲ့ဘဝအကြောင်းကို စဉ်းစားလိုက်ရင် ကိုခင်မောင်အေးရဲ့မျက်နှာကို ကျုပ်ပြေးပြေးမြင်မိပါတယ်လို့။ဘယ်သူခွဲခွဲတို့မကွဲ အမြဲစည်းလုံး မည်ဆိုတဲ့ဆောင်ပုဒ်ကို တောင်မဆီမဆိုင် သတိရမိသေးဗျာ။ကိုခင်မောင်အေးရဲ့သားလေးတောင် ခုချိန်ဆို အသက်လေးဆယ်ဝန်းကျင် ရှိရော့မယ်ဗျ။ကိုခင်မောင်အေးရဲ့ ကိုယ့်အချစ်နဲ့အရာရာကို အကောင်းအတိုင်းဖြစ်စေမယ်ဆိုတဲ့ ညီညွတ်ရေးမူဝါဒကတော့ လောကမှာ သြောချ လောက်ပါရဲ့။

(သုံး)
ကျုပ်ကြုံတွေ့ခဲ့ရတဲ့ အထူးအဆန်းလင်မယားနောက်တစ်တွဲကတော့ ကိုဝင်းရှိန်နဲ့ မသောင်းရင်တဲ့ဗျ။သူတို့လည်း ကျုပ်တို့လမ်းထဲမှာနေ ခဲ့ကြတာ ပါပဲ။ကိုဝင်းရှိန်က ဗမာ့တပ်မတော်ကနေ ဆေးပင်စင်နဲ့ထွက်လာတဲ့ တပ်ကြပ်ကြီးအငြိမ်းစား၊မသောင်းရင်က ကချင်ဆိုလား၊ ရှမ်းဆိုလား၊ ရှေ့တန်းမှာ ဖူးစာဆုံခဲ့ကြတယ်ထင်ပါရဲ့။သူတို့လင်မယားဟာ တကယ့်နောင်ဂျိန်လင်မယားဗျာ။ ခဏခဏအော်ကြီး ဟစ်ကျယ်စကားများ၊ ရန်ဖြစ်ကြတာကို တစ်အိမ်ကျော်မှာနေခဲ့တဲ့ ကျုပ်ဟာ အမြဲတမ်းလိုလို ကြားကြားနေရတယ်။

လင်မယား နှစ် ယောက် တိုက်ပွဲအရှိန်မြင့်နေချိန်တိုင်းလိုလိုမှာ ကြားရလေ့ရှိတဲ့၊ကိုဝင်းရှိန်ရဲ့ လက်သုံးစကားတစ်ခွန်းရှိလေရဲ့။အဲဒါကတော့ ..၊ “သောင်း ရင်၊ငါလုပ်လိုက်မှာနော်၊ နင်တော်တော့” တဲ့ဗျ။ထူးဆန်းတာက ကိုဝင်းရှိန်ရဲ့ အဲဒီကြိမ်းဝါးသံထွက်လာပြီးမကြာခင် မသောင်းရင်ငြိမ်ကျ သွားတတ်ပဲဗျာ။
ဒီလိုနဲ့တစ်ရက်တော့ ကျုပ်ဟာ ကိုဝင်းရှိန်တို့အိမ်ချင်းကပ်လျက် မကြည်အေးတို့လင်မယားအိမ်ရောက်နေတုန်း၊ကိုဝင်းရှိန်တို့လင်မယား ထုံးစံအတိုင်းတစ်ယောက်တစ်ခွန်းစကားများကြပါလေရော။အပြန်အလှန်အချေအတင်ခွန်းကြီးခွန်းငယ်ဆဲဆိုနေကြရင်း သိပ်မကြာလိုက် ပါဘူး၊ ကိုဝင်းရှိန်ဆီကနေ ကြားနေကျရာဇသံထွက်လာတော့တာပါပဲ။

 “သောင်းရင်၊ငါလုပ်လိုက်မှာနော်၊ နင်တော်တော့”ပေါ့။ထူးခြားချက် ကတော့ ဘေးချင်းကပ်အိမ်မှာ ရောက်နေတဲ့ကျုပ်ဟာ ကိုဝင်းရှိန်တစ်ယောက် သူ့အိမ်ထရံကနေ လက်နက်တစ်စုံတစ်ခုကို လှမ်းဆွဲ လိုက်တဲ့ အသံမျိုးထွက်လာတဲ့အချက်ပဲဗျ။ထိတ်ကနဲဖြစ်သွားတဲ့ကျုပ်ဟာ အိမ်ရှင်မကြည်အေးကို စိုးရိမ်တကြီးလေသံနဲ့ လှမ်းပြော လိုက်မိတယ်။
“မကြည်အေး၊ခင်ဗျးနည်းနည်းပါးပါးဝင်ဆွဲရင် ကောင်းမယ်။ကိုဝင်းရှိန်က စစ်သားလူထွက်မို့ ခြေလွန်လက်လွန်ဖြစ်သွားရင်မကောင်းဘူး” ဆိုတော့ မကြည်အေးကို ကျုပ်ကိုပြန်ရီ(ရယ်)ပြရင်း၊ မင်းက “ကိုဝင်းရှိန် ဘာထဆွဲတယ်ထင်သတုန်း”တဲ့။ကျုပ်က “မသိဘူးလေ” လို့လည်း ဖြေလိုက်ရော မကြည်အေးက ခပ်ပြုံးပြုံးမျက်နှာပေးနဲ့ ..၊ “ကိုဝင်းရှိန်ထဆွဲတာ စစ်တပ်မှာသုံးတဲ့ဓားမြောင်ဟေ့” တဲ့ဗျာ။

ဒီတော့ကျုပ်က၊ “ဟာ၊ဓားမြောင်နဲ့ဆိုပိုဆိုးကုန်တော့မှာလေ။ ခင်ဗျားဘာအူကြောင်ကြောင်လုပ်နေတာတုန်း”ဆိုတော့၊မကြည်အေး ပြန် ဖြေလိုက်တဲ့ အဖြေဟာကျုပ်ကိုငုတ်တုတ်မေ့စေလောက်ပါရဲ့ဗျာ။
“ဟဲ့၊အကောင်၊အူကြောင်ကြောင်ဖြစ်နေတာ ငါမဟုတ်ဘူး။နင်ဖြစ်နေတာ။ကိုဝင်းရှိန်ကြိမ်းနေတဲ့ “ငါလုပ်လိုက်မှာနော်”ဆိုတာ မသောင်း ရင်ကို ဓားနဲ့ထိုးမှာ မဟုတ်ဘူး။သူ့ပေါင်သူ ဓားနဲ့ခပ်ဆတ်ဆတ်ထိုးရင်း မသောင်းရင်ကို အကြပ်ကိုင်တောင်းပန်နေတာဟဲ့”တဲ့ဗျာ။ ကိုဝင်းရှိန်ရဲ့ အနစ်နာခံပြီးငြိမ်းချမ်းရေးတည်ဆောက်ရေးတဲ့ညီညွတ်ရေးမဟာဗျူဟာကတော့ စံနမူနာယူလောက်ပါရဲ့။

(လေး)
နောက်ထပ်ပြောစရာလင်မယားစုံတွဲ တခြားသူဟုတ်ရိုးလားဗျာ။ကျုပ်အဖေ့ရဲ့ညီအရင်း ဦးလေးကိုကျော်နိုင်တို့လင်မယားဗျ။ ဘုန်းကြီး လူထွက်ဦးလေးဦးကျော်နိုင်ဟာ ရဟန်းဘဝကိုစွန့်ခွာပြီး ကျုပ်တို့အိမ်မှာလာနေရင်းကနေ ဒေါ်စောကြည်နဲ့ ဘဝဘဝပေါင်းများစွာက ချခဲ့ဖူးတဲ့ ပန္နက်၊နှက်ခဲ့ဖူးတဲ့သစ္စာကြောင့်ရေစက်ဆုံခဲ့ကြတာဆိုပါတော့။ဦးကျော်နိုင်ဟာ ရဟန်းလူထွက်မို့ နေရာတကာစစ်စီခြွေတာ တတ်၊ဒေါ်စောကြည်ကလက်ဖွာဆိုတော့ မကြာခဏဆိုသလို ငွေရေးကြေးရေးကိစ္စနဲ့ လင်မယားထုံးစံတကျက်ကျက်ပေါ့ဗျာ။
ဒီလိုအချိန်တိုင်းမှာ ဒေါ်စောကြည်စွဲကိုင်တဲ့လက်နက်တော့သူ့ဇာတိ “ခနောင်တိုပြန်မယ်”ဆိုတဲ့ ရာဇသံပဲခင်ဗျ။ ဒေါ်စောကြည်ခနောင် တိုပြန်မယ် ဆို တဲ့ သတိပေးချက်ကိုကြားလေတိုင်း ကျုပ်ဦးလေးကတော့ ချက်ကောင်းကိုထိဟန်တူပါရဲ့။

အားကြီးတဲ့ယောက်ျားသားပီပီ ဘာတစ်ခွန်းမှ ထပ်မဟတော့ပဲ၊အသံတိတ်သွားတော့တာပါပဲ။တခါသားတော့ ဒေါ်စောကြည်တစ်ယောက်၊အိမ်သုံးဈေးဖိုးနဲ့ အထည် လပေး ကြွေးတွေ ဘယ်လို စာရင်းရှုပ်ကုန်တုန်း မပြောတတ်ပါဘူး။ကျုပ်ဦးလေးဟာ ဒေါသအကြီးအကျယ် ထွက်ပြီး ဒေါ်စောကြည်ရဲ့ ခနောင်တိုပြန်မယ်ဆိုတဲ့ ရာဇသံကို ကြိုက်တဲ့လမ်းကကြွဆိုပြီး နတ်မောက်သွေးနဲ့ ရဲရဲဝံ့ဝံ့ကြီးတုန့်ပြန်လိုက်ပါ လေရော။
ဒီလိုနဲ့ တစ်ပတ်ခုနစ်ရက်လောက်ကြာတော့ ဦးလေးကိုကျော်နိုင်က ကျုပ်ကျောင်းအပြန်မှာ၊မခေါ်စဖူးလှမ်းခေါ်သဗျ။ “ငါ့တူကြီး ဦးလေး မျက်သားထဲ မှာစိုက်နေတဲ့ မျက်တောင်မွှေးကို ဖယ်ပေးစမ်းပါ”တဲ့။

အညာသားများ အသက်ကလေးထောက်လာတော့ မျက်ခမ်းစပ်တဲ့ ရောဂါပေါ့ဗျာ။ကျုပ်လည်း ကိုယ့်ဦးလေးသားချင်းဆိုတော့ မငြင်းသာပဲ၊မျက်သားထဲက မျက်တောင်မွှေးအောင်မြင်စွာဖယ်ရှားနိုင်ရေး အတွက် တတ်သမျှမှတ်သမျှ အစွမ်းကုန်အားထုတ်ကြိုးပမ်းပေမဲ့၊စိုးရိမ်စိတ်ကြောင့်လက်တုန်ခြေတုန်ဖြစ်ပြီး မအောင်မြင်ခဲ့ပါဘူး။ ဒီကိစ္စရပ်အပေါ်ဦးလေးကိုကျော်နိုင်ရဲ့ သုံးသပ်ဆင်ခြင်ချက်ကတော့ ကျုပ်တစ်သက်မမေ့စရာ မှတ်သားစရာကောင်းလှပါတယ်။ “အေးကွာ၊ ဒီလိုကိစ္စမျိုးက စောကြည်ရှိမှ” တဲ့ ။ကျုပ်ဦးလေး၊သူ့မိန်းမကို ငြိမ်းချမ်းရေးစားပွဲဝိုင်းကိုပြန်ခေါ်ပြီး ညီညွတ်ရေးတည်ဆောက် ပုံများ ကျုပ်တောင် မဆီမဆိုင် ကြားထဲက တရားခံစာရင်းဝင်ခဲ့ရသေးဗျာ။

စကားကြုံလို့ ကျုပ်နဲ့ လင်မယားလိုနေတဲ့ မိတ်ဆွေတစ်ယောက်အကြောင်းလည်းပြောရအုံးမယ်။သူလည်းဘာထူးတုန်းဗျာ။ ဒီပုပ်ထဲက ဒီပဲပဲဟာ၊အဲ၊သူပြောဖူးတဲ့ထူးခြားချက်တစ်ခုကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်ဝန်းကျင် သူတို့အိမ်ထောင်ကျကာစအချိန်တုန်းက မမေ့နိုင်စရာ အဖြစ်အပျက်လေး တစ်ခုရှိသတဲ့ဗျ။ သူနဲ့သူ့တပည့်တွေကြားမှာ ဝင်မရှုပ်ပါနဲ့လို့ အတန်တန်သတိပေးထားပါလျက်ကယ်နဲ့ တစ်နေ့ ဆရာတပည့်ပြ ဿနာကြားမှာ၊သူ့မိန်းမနားမခံသာအောင် ဝင်ရှုပ်တာနဲ့ သည်းမခံနိုင်တော့တာကြောင့် ခွေးခြေပုလေးတစ်လုံးနဲ့ သူ့ငယ်ထိပ်ကို ခပ်ဆတ်ဆတ် လေး၊ကျွေးလိုက်ဖူးသတဲ့ဗျ။

အမယ်၊သူ့မိန်းမက ခပ်အေးအေးပဲ “ရတယ်၊ရတယ်”ဆိုပြီး နှုတ်က တတွတ်တွတ်ရေရွတ်နေတော့ သူလည်း သနား သလိုလိုဖြစ်သွားပါလေရောတဲ့။ဒါပေမဲ့ဗျာ။ လက်စသတ်တော့၊သူ့မိန်းမပြောနေတဲ့ ရတယ်၊ရတယ်ဆိုတာ သူလိုချင်တဲ့လက်နက်ကိုရှာနေတာ မတွေ့သေးလို့ ခြေဆင်းတီးလုံးအင်ထရိုဝင်နေတာ၊ သတိမထားမိတဲ့ ငမိုက်သားခမျာ၊ ဘိလပ်ရည်ပုလင်းစာမိပြီး သူ့ဂျိုစောင်းမှာ ဖုကြီးထွက်ခဲ့ပါပကော။ နောက်ပိုင်းတော့ သူတို့လင်မယားဟာ လက်နက်ကိုင် လမ်းစဉ်ကိုစွန့်လွှတ်ပြီး ဘယ်ပြဿနာမဆိုစေ့စပ်ဖြေရှင်းရေးမူနဲ့ ညီညွတ်ရေးကိုတည်ဆောက်ခဲ့ရတယ်ဆိုသဗျ။

(ငါး)
အေးပေါ့ဗျာ။လင်ရယ်မယားရယ်ဖြစ်လာကြတော့ အတတ်နိုင်ဆုံးနှစ်ဦးနှစ်ဖက်ပြေလည်အောင်ညှိနှိုင်းပြီးညီညွတ်ရေးရအောင် ကြိုးစား တည်ဆောက်ကြရတယ်ဆိုတာ မင်္ဂလာတစ်ပါးပါပဲ။

ညီညွတ်ရေးဆိုတာလူ့လောကကြီးမှာသိပ်ကိုအရေးကြီးတာမို့ ဘာဘဲဖြစ်ဖြစ်  ညီညွတ်တယ်ဆိုတာ ကောင်းတဲ့လက္ခဏာပါပဲ။နိုင်ငံတစ်နိုင်ငံ၊လူ့အဖွဲ့အစည်းတစ်ရပ်၊အိမ်ထောင်စု တစ်စု၊အေးချမ်း စည်ပင်ဝပြော ရာအကြောင်း မဟုတ်လား။
ဒါပေမဲ့၊အလေးအနက်ပြောစရာတစ်ခုတော့ ကျန်သေးတယ်ဗျ။ညီညွတ်တယ်ဆိုတိုင်း ကောင်းတယ်လို့တော့ ကံသေကံမမဆိုနိုင်ပြန်ဘူး။ အေးလေ၊ ကျုပ်တို့တိုင်းပြည်မှာလုပ်ပိုင်ခွင့်အာဏာရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ငွေရှင်ကြေးရှင်တွေဟာ၊မယုံနိုင်စရာကောင်းလောက်အောင်ကို ညီညွတ် ကြခဲ့ကြကလား။

ဒင်းတို့ညီညွတ်လေ၊ တိုင်းသူပြည် သားတွေဆင်းရဲတွင်းနက်လေပါပဲဗျာ။ဒါကြောင့်မို့ တိုင်းပြည်လက်ညှိုးထိုး ရောင်း စားမဲ့အချောင် သမားစားဖားတွေ၊အာဏာရူးတွေ၊ လင်မယားလိုညီညွတ်နေသရွေ့၊ဘယ်ပါတီတက်တက်၊ဘယ်အစိုးရ တက်တက်၊တစ်တိုင်းပြည်လုံးရေစုန်ဆက်မျောပြီး အဝှာလိုနိုင်ငံမျိုးဖြစ်နေ မှာပဲဆိုတာ၊ အမျိုးသားခေါင်းဆောင်ကြီးရဲ့ လေသံကိုအတု ခိုးပြီး၊ကျုပ်ဒီနေ့ သတိပေးခဲ့ချင်ပါရဲ့။(၂၀၀၁၅)ရွေးကောက်ပွဲကလည်း သိပ်နီး နေပြီဆိုတာ ခင်ဗျားလည်းသိလျက်သားနဲ့။ ဟော၊ပြောရင်း ဆိုရင်း၊ကျုပ်စကားက တောင်ဆိုမြောက်ရောက်သွားပြန်ပါပကောလား။

အစိုးရကိုအကြည်ညိုပျက်စေတဲ့ကိစ္စမျိုးတော့ မဟုတ်လောက် ပါဘူးနော်။ခင်ဗျားကိုကျုပ်ယုံပါတယ်ဗျာ။နေ့ပြောနောက်ကြည့်၊ညပြော အောက်ကြည့်တဲ့ဆရာရေ။ဒီစကားဒီမှာတင်ရပ်ကြပါစို့ရဲ့ ။


Viewing all articles
Browse latest Browse all 346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...