၁၀အောက်တိုဘာ ၂၀၁၄နေ့ထုတ် သည်လေးဒီးစ်ဂျာနယ်မှ။ ။
ထွန်းကြိုင်ပုံပြင်
(မင်းဒင်)
(၁)
လွန်ခဲ့သောစက်တင်ဘာလ။ ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်ကျွန်း ဗြိတိန်စုံတွဲအသတ်ခံရမှု၌ မြန်မာလူငယ်နှစ်ဦးအား လူသတ် တရားခံအဖြစ်စွဲချက်တင်ခဲ့ရာ ထိုင်းရဲတပ်ဖွဲ့၏သံသယဖြစ်ဖွယ်ကိုင်တွယ်ဆောင်ရွက်မှုများကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ဝေဖန်ထောက် ပြသံများဆူညံစွာထွက်ပေါ်လာနေ၏။ထိုင်းရဲတပ်ဖွဲ့၏ကိုင်တွယ်ဆောင်ရွက်မှုအလွဲပေါင်းများစွာအနက် စကားပြန်လက်မှတ်မရှိသူ မြန်မာ ပြည်ပေါက်ဟုဆိုသော ဆူရတ်ဌာနီမြို့မှ စကားပြန်နှစ်ဦးကိုထည့်သွင်းအသုံးပြုခြင်းသည်လည်း အကြောင်းတရပ်အဖြစ်ပါဝင်နေသည်။
စွပ်စွဲခံရသောမြန်မာလူငယ်နှစ်ဦး၊မှုခင်းကျူးလွန်ပုံကို လက်တွေ့သရုပ်ဖော်ပြသစေရာ၌၊ အဆိုပါစကားပြန်နှစ်ဦးသည် လိုသည်ထက်ပို၍ တက်ကြွနေကြပြီး မူမမှန်ကြောင်း စောင့်ကြည့်လေ့လာသူများကိုထောက်ပြလာကြသည်။ယင်းစကားပြန်နှစ်ဦးအနက် တစ်ဦးမှာ ထိုင်းရဲ တပ်ဖွဲ့အမှတ်အသားပါ အင်္ကျီကိုဝတ်ဆင်ထားသည်ကိုပင်တွေ့ရှိရ၏။
ထိုအကြောင်းနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံနယ်စပ်မဲဆောက်မြို့ရှိ ကျနော့်မိတ်ဆွေတစ်ဦးနှင့် တယ်လီဖုန်းမှတဆင့်စကားစပ်မိသည့်အခါ သူက “ထိုင်းနိုင်ငံမှာ ထွန်းကြိုင်တွေအများကြီးပါပဲဗျာ”ဟူသော မှတ်ချက်ကိုပြုခဲ့ရာ၊ကျနော်ကိုယ်တွေ့ကြုံတွေ့နေရသော ကျနော့်လက် တစ်ကမ်းမှထွန်းကြိုင်များ၊ထိုင်းနိုင်ငံဒေသအနှံ့အပြား၌၊တွင်ကျယ်နေကြသောထွန်းကြိုင်တို့၏အကြောင်းခြင်းရာသည်၊ကျနော့်စိတ်အစဉ် တွင်အစီအရီဝင်ရောက်လာခဲ့သည်။
မြန်မာနိုင်ငံကို နယ်ချဲ့ဗြိတိသျှတို့သိမ်းပိုက်အုပ်ချုပ်ခဲ့စဉ်က အင်္ဂလိပ်အလိုတော်ရိ၊ဂျပန်ခေတ်တွင် ကင်ပေတိုင်စကားပြန်၊ စစ်အစိုးရ လက်ထက်များတွင် ထောက်လှမ်းရေးသတင်းပေးတို့ကိုပြန်ပြောင်း သတိရဖွယ်ဖြစ်လေ၏။
(၂)
ကိုယ့်တိုင်းကိုယ့်ပြည်မှာ ရေမကြည်မြက်မနုလေသည့်အတွက် မြန်မာနိုင်ငံအထက်အောက်၊အကြေအညာတဝှမ်းမှ၊များမြောင်လှစွာသော မြန်မာတို့ သည် ယိုးယားတည်းဟူသောထိုင်းမြေသို့ တစ်ဝမ်းတစ်ခါးအလို့ငှာရောက်ရှိခဲ့သည်မှာကာလအားဖြင့် နှစ်ပေါင်းလေးဆယ် ကျော်မျှရှိခဲ့ပြီ။ အထူးသဖြင့်ဗမာပြည်တွင်စစ်အစိုးရအာဏာရယူခဲ့သော(၁၉၈၈)ခုနှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံတနံတလျားမှ ထိုင်း နိုင်ငံသို့ရောက်ရှိလာကြသည့် မြန်မာရွေ့ပြောင်းအလုပ်သမား အရေအတွက်မှာကြောက်ခမန်းလိလိရှိခဲ့သည်။
စာရင်းအတိအကျ ကောက်ယူရနိုင်ခြင်းမရှိသည့်အတွက်ခန့်မှန်းချေအားဖြင့် ဖော်ပြကြသည်မှာ ထိုင်းတနိုင်ငံလုံးတွင်လက်ရှိအနေအထားအားဖြင့် မြန်မာ ရွေ့ပြောင်းအလုပ်သမားဦးရေစုစုပေါင်း သုံးသန်းကျော်ဟုဆိုသည်။
၁၉၈၈မတိုင်မီအချိန်မတိုင်မီကမူ ထိုင်းနိုင်ငံသို့လာရောက်အလုပ်လုပ်ကိုင်ကြသူများမှာ ထိုင်းမြန်မာနယ်စပ်ချင်းထိစပ်နေသည့် ကရင် ပြည်နယ်၊မွန်ပြည်နယ်၊ တနင်္သာရီတိုင်း(ကော့သောင်း၊ရေး၊ဘိတ်၊ထားဝယ်)စသည့်ဒေသတို့မှ အရေအတွက်အနည်းအကျဉ်းမျှသာဖြစ် သော်ငြား၊တစတစ မြန်မာပြည်အထက်အောက်မြို့ရွာတိုင်းမှလိုလို ထိုင်းနိုင်ငံတွင်းသို့ ရွေ့ပြောင်းအလုပ်သမားများအဖြစ်အလုံးအရင်း ရောက်ရှိလာကြ၏။
ရောက်ရှိလာသူအများစုကား လုပ်နိုင်ကိုင်နိုင်အားကောင်းမောင်းသန်အရွယ်များဖြစ်ကြသကဲ့သို့ အများစုကား အခြေခံပညာချို့တဲ့ကြရှာ သည်။
ထို့ကြောင့်ကာလဒေသပရောဂကို မှန်ကန်စွာနားလည်သိရှိသူအလွန်တရာနည်းပါးသည်။မြန်မာပြည်နှင့်နှိုင်းစာလျှင် အတန်ငယ် ဖွံ့ဖြိုးတိုးတက်နေသာ ထိုင်းနိုင်ငံ၏အခြေအနေကို အံ့သြဘနန်းဖြစ်ကြရင်း၊နေရာဒေသအသစ်မှာကျီးကန်းတောင်းမှောက်ဖြစ်ကြရသည်။ ဘာသာစကားမတူညီမှုကြောင့်ယောင်နနဖြစ်ကြရ၏။ထိုင်းပုလိပ်တို့၏နည်းမျိုးစုံ၊ပုဒ်မမျိုးအကြောင်းပြငွေညှစ်မှု၊ထိုင်းအလုပ်ရှင်တို့၏ ဖိနှိပ်ညှင်းပန်းမှုမျိုးစုံကိုခါးစည်းခံကြရသည်။မြန်မာရွေ့ပြောင်းအလုပ်များကြုံတွေ့နေသည့်၊ဒုက္ခမျိုးစုံ၏မြစ်ဖျားခံရာအကြောင်းရင်းများစွာ အနက်၊ထွန်းကြိုင်တို့၏အခန်းကဏ္ဍသည်လည်း ဆက်စပ်ပတ်သက်လျက်ရှိနေသည်။
(၃)
ထွန်းကြိုင်အများစုမှာ ထိုင်းနိုင်ငံသို့ အရောက်စောခဲ့ကြသူများဖြစ်၍ထိုင်းစာ၊ထိုင်းစကားကို အထိုက်အလျောက်ရေးတတ်ပြောတတ်ကြ ၏။ကျောင်းနေပညာရေးအခြေခံဆယ်တန်းခန့်အထိ တတ်မြောက်လေ့ရှိသည်။ဗမာထွန်းကြိုင်တို့သည် ထိုင်းရောက်ဗမာရွေ့ပြောင်း အလုပ်သမားများ၏ စိတ်နေစရိုက်နှင့်အားနည်းချက်မျိုးစုံကို အူမချေးခါးမကျန်သိ နေကြသူများဖြစ်ရာ ထိုင်းသူဌေး၊ထိုင်းပုလိပ်တို့၏ လူယုံများဖြစ်လာကြသည်။မည်သူ့ထံတွင် အလုပ်သမားဘတ်ရှိမရှိ၊ပတ်စပို့ရှိမရှိ၊ ငွေကြေးစုဆောင်းမိခြင်းရှိမရှိ၊မည်သို့လုပ်ကိုင်စား သောက်နေသည်၊စသည့်အချက်အလက်မျိုးစုံကို သိနေကြသူများဖြစ်ရာ ထိုသူတို့ကိုလက်ကတုံးတောင်ဝှေးအဖြစ် အသုံးချခြင်းဖြင့် ထိုင်း ရဲတို့ကို ဝင်ငွေကောင်းစေသည်။ထိုင်းသူဌေးတို့နည်းမျိုးစုံအနိုင်ကျင့်ခွင့်ရကြသည်။
ထိုင်းပုလိပ်များ၊ဗမာရွေ့ပြောင်းအလုပ်သမားတို့ကို နေရာအချိန်မရွေး ဝင်ရောက်စစ်ဆေးသည့်အချိန်များတွင် ထွန်းကြိုင်တယောက်ယောက်ပါလာတတ်သည်ဖြစ်ရာ ငယ်သည့်အမှုကြီး အောင်၊ကြီးသည့်အမှု ကိုယ်ကျိုးနည်းအောင် အမြဲတစေစောင်မကြည့်ရှုတတ်ကြသည်။ “မင်းမှာပတ်စပို့ရှိတာမှန်တယ်။ဝါ့ပါမစ်က သူဌေးနာမည်မတူဘူး၊ပုလိပ်တောင်းတဲ့ငွေမပေးရင် မင်းထောင်ကျမှာ”၊ “မင်းပါ့စပို့နဲ့ဝါ့ပါမစ်က သက်တမ်းကုန်နေပြီ၊သူတို့တောင်းတာ မပေးရင် မင်းကိုဗမာပြည်ပြန်ပို့မှာ၊ပြန်မပို့ခင် အချုပ်ထဲမှာနှစ်လနေရမယ်” “ဘတ်ငါးရာနဲ့ဘယ်ရမလဲ၊အနည်းဆုံးသုံးထောင်တော့ပေးရ မယ်” “မင်းတို့အာစီယံသောက်တာ ရဲကသိနေတယ်၊ဘတ်တစ်သောင်းမပေးရင် မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ်ဆယ်နှစ်အထိ ကျမှာ” စသောခြိမ်းလုံးခြောက်လုံးတို့မှာ ထွန်းကြိုင်တို့၏လက်သုံးစကားများဖြစ်၏။
ထို့အတူထိုင်းအလုပ်ရှင်သူဌေးတို့၊မြန်မာအလုပ်သမားများအား လုပ်အားခမရှင်းပေးနိုင်သည့်ကိစ္စများတွင် “မင်းတို့သူဌေးကို ဘာမှလုပ် လို့ မရဘူး။သူဌေးက ရဲကိုလက်တို့လိုက်ရင် မင်းတို့တဖွဲ့လုံး အချုပ်ထဲရောက်ကုန်မှာ” ဟူသောအကြောင်းပြချက်ဖြင့် ထိုင်းသူဌေးဘက်မှ မားမားမတ်မတ်ရပ်တည်ကြသူများမှာလည်းထွန်းကြိုင်တို့သာဖြစ်သည်။ရာဘာစေးခြစ်ရင်း မစားရက်မသောက်ရက် ခြိုးခြံစုဆောင်း ထားသော ဗမာအလုပ်သမားတို့၏ရွှေထည်ငွေကြေးတို့ ထိုင်းလူဆိုးဓားပြတို့လက်ဝယ်သို့ ရောက်အောင် သတင်းပေး လက်ထောက် ချသူများမှာလည်း အသားထဲကလောက်ထွန်းကြိုင်တို့ဖြစ်၏။ ဗမာထွန်းကြိုင်တို့၏ယုတ်မာရက်စက်မှုများကို မခံစားနိုင် သည့်အဆုံး ဗမာရွေ့ ပြောင်းအလုပ်သမားနာကျည်းချက်များဖြင့် ရက်စက်ပြင်းထန်စွာလက်စားချေသတ်ဖြတ်ခံရမှုများ မကြာခဏ ပေါ်ပေါက်ခဲ့ဖူး လေပြီ။
(၄)
လွန်ခဲ့သောသုံးနှစ်ခန့်က ဖူးခက်မြိ့မရှိကျနော့်ဈေးဆိုင်ကိုထိုင်းပုလိပ်ဝင်မွှေရာ၊ ထိုင်းပုလိပ်တို့သည်မည်သည့်ပစ္စည်းကို အကြောင်းပြ ဖမ်းဆီးရ ကောင်းမှန်းမသိ၊နဝေတိမ်တောင်ဖြစ်နေလျက်ရှိရာ၊ဘေးမှာအဆင်သင့်ပါလာသူတစ်ဦး၏အကူအညီဖြင့် ဦးချိန်တီလျက်ဆား သည် တရားမဝင်ဆေးဝါးစာရင်းဝင်ရတော့သည်။ယုဇနလက်ဖက်သည် ထောင်ဒဏ်ထိုက်သင့်သော၊တရားမဝင်စားသောက်ကုန်ဖြစ် ရတော့၏။ သူ့ကျေးဇူးကြောင့် လက်ဖက်ရည်ဘီယာဖိုးဘတ်ငါးထောင်မျှဖြင့်ပြီးရမည့်ကိစ္စသည်၊ ထိုင်းပုလိပ်တောင်းခံသည့်အတိုင်း ဘတ်သုံးသောင်း ကုန်မှသာ ဆုံးခန်းတိုင်ခဲ့၏။ထိုသူသည် ကျနော်မျက်နှာကိုစေ့စေ့မကြည့်၊ထိုင်းစကားကိုတွင်တွင်ပြောရင်း ထိုင်းလူမျိုး ဟန်ဇွတ်ဖမ်းထားသော်ငြား သူ့လက်ဖျံပေါ်က ဆေးမှင်ကြောင်ရုပ်မှဗမာစာလုံးတို့သည် သူသည်ဗမာထွန်းကြိုင်ဖြစ်ကြောင်း အထင် အရှားဖော်ပြနေသည်။
မကြာသေးမီရက်ပိုင်းကလည်း ဖူးခက်မြို့ပါတောင်ကမ်းခြေတွင် ကျနော့်အလုပ်သမားတစ်ဦး၊ထိုင်းပုလိပ်နှင့်ရင်ဆိုင်ခဲ့ရသော ပြဿ နာတစ်ရပ်တွင်လည်း၊ထွန်းကြိုင်စာရင်းဝင်ဗမာတစ်ဦး၏ကုလားဖန်ထိုးမှုကြောင့်၊ထိုင်းပုလိပ်က ဘတ်ငါးသောင်းအထိတောင်းခံခဲ့ရာ၊ ကိုယ်တိုင်ဝင်ရှင်းမှသာ ဘတ်သုံးသောင်းဖြင့်ဈေးတည့်ပြေငြိမ်းခဲ့ရသည်။
ဗမာထွန်းကြိုင်တို့ကား နှစ်နိုင်ငံအလုပ်သမားတင်ပို့မှုစာချုပ်(MOU) ပွဲစား၊ပတ်စပို့ပွဲစား၊အလုပ်သမားလက်မှတ်(ဘတ်)ပွဲစား၊ ငွေလွှဲ သူ၊အလုပ်ရှင်လူယုံ၊လမ်းဘေးရိုတီရောင်းသူစသည်ဖြင့်အသွင်အမျိုးမျိုးယူကာ၊ယခုလက်ရှိအချိန်တိုင်အောင်လံထူနေကြဆဲဖြစ်၏။ထိုင်းနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးတာဝန်ရှိသူတစ်ဦး၏မှတ်ချက်အရထိုင်းထောင်များထဲတွင် ရောက်ရှိနေသော တရားခံတဝက် နီးပါးသည် လူစားထိုးခံရ သူများ ဖြစ်သည်ဟုဆိုပါသည်။အချို့ပြစ်မှုများတွင် ထိုင်းရောက်မြန်မာရွေ့ပြောင်းအလုပ်သမားများကို အမှုနှင့် လုံးဝဆက်စပ် ပတ်သက်ခြင်း မရှိခြင်းပဲ၊ဓားစားခံအဖြစ်ထိုးကျွေးခံရသည့်လူမသိသူမသိဖြစ်ရပ်တို့များစွာရှိနေမည်မှာသေချာလှသော အချက်ဖြစ်၏။ဗမာရွေ့ပြောင်းအလုပ်သမားများ သတ်ဖြတ်ညှင်းဆဲခံရပြီး လက်သည်မပေါ်၊မည်သည့်တရားရုံးသို့မျှ တင်ပို့တရားစွဲဆို နိုင်မှုမရှိခြင်းတို့တွင်လည်း ဗမာထွန်းကြိုင် တို့၏ပယောဂမကင်းချေ။
ခေတ်ဟောင်းကမူ၊ထွန်းကြိုင်အများစုသည် ဘန်ကောက်မြန်မာသံရုံးနှင့်လည်း အဝင်အထွက်အကျွမ်းတဝင်ရှိတတ်ကြသည်။ခေတ် ပြောင်းစနစ်ပြောင်းနေပြီဆိုသည့် လက်ရှိကာလ၌ထွန်းကြိုင်တို့ ဘန်ကောက်သံရုံးတွင်ဆက်လက်ချိတ်ဆက်ထားနိုင်ထားခြင်းရှိမရှိ၊ စောင့်ကြည့်ရပေဦးမည်။ထွန်းကြိုင်တို့၏အခန်းကဏ္ဍမှေးမှိန်ပျောက်ကွယ်ရေး၊ထိုင်းရောက်ဗမာအလုပ်သမားများ၏ဘဝလုံခြုံစိတ်ချရမှုရှိရေးတို့အတွက် မြန်မာအစိုးရအနေဖြင့် နိုင်ငံရပ်ခြားရောက်မြန်မာအလုပ်သမားများအား ကာကွယ်ပေးနိုင်သည့် အထူးဥပဒေတစ်ရပ် မရှိမဖြစ်လိုအပ်နေပြီဖြစ်ကြောင်း ကော့တောင်ကျွန်းလူသတ်မှုမှ စကားပြန်ဗမာထွန်းကြိုင်တို့က မီးမောင်းထိုးပြနေလေပြီ။
ထိုစကားပြန် ထွန်းကြိုင် နှစ်ဦးအနက်မှတစ်ဦးဆို လျှင် မြန်မာသံရုံးကိုယ်စားလှယ်မြန်မာရှေ့နေကိုပင်ထိုင်းရဲတို့ရှေ့တွင် “ခင်ဗျားဟာ ကျနော်တို့ အကြောင်းမီဒီယာတွေ၊သတင်းဌာနတွေကို တင်နေပြောနေတဲ့သူဆိုတာလား” ဟုပင်ပြောင်ပြောင်တင်းတင်းမေးခွန်းထုတ်သည်အထိ အတင့်ရဲအားစမ်းလာကြသည်။စွပ်စွဲခံရသူမြန်မာလူငယ်တို့ကိုရိုက်နှက်စစ်ဆေးရာတွင် ဗမာထွန်းကြိုင်တို့ပါဝင်သည့်သတင်းများပလူပျံ လျက်ရှိ သည်ကိုထိုင်းရဲတို့အားကိုးဖြင့် တစ်စုံတစ်ရာတုန့်ပြန်လိုဟန်ရှိ၏။အဆိုပါထွန်းကြိုင်တို့သည် မြန်မာပြည်ပေါက်ရန်ကုန်သား များဖြစ်သည်ဟုဆို ခြင်းမှာ မှန်ကန်ပါ၏လော။တိကျစွာဆန်းစစ်သင့်လှသည်။ဗမာထွန်းကြိုင်တို့ နေမဝင်သေးသ၍၊မြန်မာအစိုးရ၏ ကူညီဖေးမမှုမရှိသရွေ့၊ ဗမာရွေ့ပြောင်းအလုပ်သမားတို့၏ဘဝ၊ဒုက္ခပင်လယ်ဝေနေကြရဦးမည်သာဖြစ်ချေသည်။
(၅)
စာရှုသူအနေဖြင့် ဤနေရာသို့ရောက်သည့်တိုင် ထွန်းကြိုင်ဟူသောစကားလုံး၏အဓိပ္ပါယ်ကို နားမရှင်းသေးဆိုငြားအံ့။ထွန်းကြိုင် ဟူသည့် စကားလုံးကို ဗမာစကားလိမ်နည်းအတိုင်း ပြောင်းပြန်အသံထွက်ကြည့်လျှင် အဖြေပေါ်လာပါလိမ့်မည်။