Quantcast
Channel: .
Viewing all articles
Browse latest Browse all 346

ကော့တောင်ကျွန်းမြေနိမ့်ရာတွင်စိုက်သည့်လှံ(သို့မဟုတ်)မြန်မာတို့အတွက်အမျိုးသားရေးစိန်ခေါ်သံ။

$
0
0



ကာ့တောင်ကျွန်းမြေနိမ့်ရာတွင်စိုက်သည့်လှံ(သို့မဟုတ်)မြန်မာတို့အတွက်အမျိုးသားရေးစိန်ခေါ်သံ။

(မင်းဒင်)

() မြန်မာလူငယ်နှစ်ဦးကျူးလွန်သည်ဟုစွပ်စွဲခံရသည့်ကမ္ဘာကျော်လူသတ်မှု

၂၀၁၄ခုနှစ်၊အောက်တိုဘာလ()ရက်။နံနက်ကိုးနာရီခန့်အချိန်ဖြစ်ပြီး မိုးတဖျောက်ဖျောက်ရွာလျက်ရှိသည်။ ဖူးခက်မြို့၊ဝထစ်နယ်မြေ ရဲစခန်းအတွင်းရှိ ဝန်ထမ်းသက်သာလက်ဖက်ရည်ဆိုင်မှာ ထိုင်းလူမျိုးမိတ်ဆွေ နှစ်ဦး ဖြစ်သော ဖိဥ၊ဖိအေတို့နှင့်  တွေ့ဆုံမိကြသည်။ ကျန်ာတို့သုံးဦးသား လာရင်းကိစ္စကိုမဆွေးနွေးနိုင်သေးပဲ တစ်ယောက်မျက်နှာတယောက်ကြည့်ရင်း အတွေးကိုယ်စီဖြင့်၊နှုတ်ဆိတ် ရှိနေကြသည်။ ဖိ အေကား  ရဲအရာရှိ၍ဖိဥမှာ သြစတြေလျနိုင်ငံတွင် အဆင့်မြင့်ဂီတပညာသင်ယူခဲ့သော အရပ်သား ပညာတတ်တစ် ယောက်ဖြစ်သည်။ သုံး ဦးအကြားမှတိတ်ဆိတ်ငြိမ်သက်ခြင်းကိုကျနော်ကပင် စတင်ဖြိုခွဲလိုက်မိသည်။ လာရင်းကိစ္စနှင့်ပတ်သက်၍ ကားမဟုတ်။
“အေးဗျာ။လက်ရှိအခြေအနေမှာတော့ မှန်တယ်၊မှားတယ်ဆိုတာ ပြောဖို့ခက်နေပါသေးတယ်”
“ကျနော်တို့ထိုင်းနိုင်ငံရဲ့အမြင့်ဆုံးရဲအရာရှိကြီးကတော့ သူရှာဖွေဖော်ထုတ်ထားတဲ့ ဒီအမှုရဲ့လက်သည်တရားခံမှန်ကန်ကြောင်း ရာနှုန်း ပြည့် အာမခံသတဲ့ဗျ”
ကျနော်၏ချင့်ချင့်ချိန်ချိန်စကားအဆုံးတွင် အသံထွက်လာသူမှာ ဖိဥဖြစ်ပြီး သူ့နှုတ်ခမ်းသည်ပြုံးယောင်ယောင်အသွင်ဆောင်နေရာ ခနဲ့ တဲ့တဲ့လေသံဟုပင်ထင်ရ၏။ထို့နောက်ခပ်လေးလေးတုန့်ပြန်သံထွက်သူမှာ ရဲအရာရှိဖိအေဖြစ်သည်။
“အေးဗျာ။ကျနော်တော့ဘာပြောရမှန်းတောင်မသိတော့ပါဘူး”
ထိုသို့လျှင် ကျနော်တို့သုံးဦးသား တိုင်ပင်မထားပါပဲလျက် ပြိုင်ကိုယ်စီ သဘောပေါက် နားလည်နေခဲ့ ပြီးဖြစ်နေသည့်အကြောင်းခြင်းရာ သည်ကား ထိုင်းနိုင်ငံစူရတ်ဌာနီခရိုင်ကော့တောင်ကျွန်းဆီလူသတ်မှုဖြစ်လေ၏။မှန်ပါသည်။ ကော့တောင်ကျွန်းလူသတ်မှုကား ဤရက် ပိုင်းများအတွင်း ထိုင်းနိုင်ငံ တဝှမ်းလုံး၌သာမက အမေရိကတိုက်၊ဥရောပတိုက်နိုင်ငံများနှင့်ကမ္ဘာအနှံ့ သို့တိုင်ကျော်လွန်ပျံ့လွင့် လျက်ရှိ သည့် သတင်းထူးဖြစ်လေသည်။ လွန်ခဲ့သော စက်တင်ဘာလ(၁၅)ရက်နေ့နံနက်(၁း၀၀)ကျော်အချိန်တွင် ကော့တောင်ကျွန်း၏ ပင်လယ်ကမ်းစပ်၌ ဗြိတိသျှနိုင်ငံသား နှစ်ယောက် ရက်စက်စွာအသတ်ခံခဲ့ရပြီး ထိုင်းရဲတို့၏အမှုလက်သည်တရားခံ ဖော်ထုတ်ပုံအဆင့် ဆင့်သည် တစတစရှုပ်ထွေးပွေလီလာခဲ့ရာမှ ထိုသတင်းသည် ကမ္ဘာကျော်လူသတ်မှုစာရင်းဝင်ခဲ့လေတော့သည်။ ထို့ထက်ပို၍ထူးခြား သည်ကား အဆိုပါလက်သည်တရားခံ အရှာရခက်လှသော ရာဇဝတ်မှုကြီးကိုကျူးလွန်ခဲ့ကြသူများမှာ မြန်မာပြည်ဖွားအသက်နှစ် ဆယ်ကျော်လူငယ်နှစ်ဦးဖြစ်နေခြင်းကြောင့်၊ မြန်မာလူမျိုးအားလုံး အိပ်ယာမှလှုပ်နိုးခံရသကဲ့သို့ရှိခြင်းပေတည်း။

(၂)ကျနော်ရောက်ခဲ့ဖူးသည့်ကော့တောင်ကျွန်း

တိုက်တိုက်ဆိုင်ဆိုင်ဟုပင်ဆိုရမည်လောမသိချေ။အဆိုပါ လူသတ်မှုဖြစ်ပွားရာ၊ထိုင်းနိုင်ငံတောင်ပိုင်းကော့တောင်ကျွန်းသို့ လွန်ခဲ့သော နှစ်နှစ်ခန့်က ကျနော် ကိုယ်တိုင်စာပေဟောပြောပွဲတစ်ခုဖိတ်ကြားသဖြင့်၊ရခိုင်လူမျိုးသမိုင်းပညာရှင် ဒေါက်တာအေးချမ်း၊ ရခိုင်သတင်းစာ အယ်ဒီတာဦးဌေးဝင်းတို့နှင့်တူ သုံးညအိပ်လေး ရက်ခရီး ရောက်ရှိခဲ့ဖူးလေသည်။ကော့တောင်ကျွန်းသည် ပင်လယ်ပြင်အတွင်း အထီး တည်းတည်ရှိပြီးကျနော်နေထိုင်ရာဖူးခက်မြို့မှ ကီလိုမီတာ လေးရာကျော်ခန့်ကွာဝေးသည်။ဖူးခက်မှသည်ချွန်ဖွန်မြို့ဆီသို့ ကားဖြင့်တစ် တန်၊ချွန်ဖွန်မှသည် ကော့တောင်ကျွန်းဆီသို့ ဇက်သင်္ဘောဖြင့်တဖုံ၊စုစုပေါင်း ခြောက်နာရီနီးပါးခရီးနှင်ခဲ့ရသည်။
ကော့ဆိုသည်မှာကျွန်း၊တောင်ဆိုသည်မှာ လိပ်ဖြစ်၍ကော့တောင်ကျွန်းကို လိပ်ကျွန်းဟုမြန်မာဘာသာပြန်ဆိုနိုင်ပါသည်။မှတ်ချက်။ ။(စင်စစ် ထိုင်းဘာသာတွင် တဝမ်းပူအသံထွက်မရှိပါ။တိကျစွာအသံထွက်လျှင် ကော့သောင်ဟုသာဖြစ်ရပါမည်။ထိုင်းမြန်မာနယ်စပ်မြို့ ကော့သောင်နှင့်မရောထွေးစေခြင်းငှာ ကော့တောင်ဟုသာရေးသားဖော်ပါပြပါအံ့။)
၁၉၃၃ခုနှစ်ဝန်းကျင်များက ကော့တောင်ကျွန်းသည် ထိုင်းနိုင်ငံတွင်၊တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကျခံရသောနှစ်ကြီးအကျဉ်းသားများအား ချုပ်နှောင် ထိန်းသိမ်းခဲ့သည့် (မြန်မာပြည်မှကိုးကိုးကျွန်းကဲ့သို့သော) အရပ်ဖြစ်သည်ဟုဆိုပါသည်။၁၉၄၇ခုနှစ်နောက်ပိုင်းတွင် ထိုင်းနိုင်ငံ ၌တစ်သက်တစ်ကျွန်းပြစ်ဒဏ်များကို ကျွန်းပို့စီရင်သည့်တရားရေးစနစ်ကိုဖျက်သိမ်းခဲ့ရာ လွတ်ငြိမ်းချမ်းသာခွင့်ရအကျဉ်းသားအချို့ ဆက်လက်အခြေချနေထိုင်ခဲ့သောကြောင့် ကျွန်းရွာကြီးတစ်ရွာအဖြစ်သို့ပြောင်းလဲလာခဲ့သည်။
(၁၉၉၀)ခုနှစ်နောက်ပိုင်းကာလများတွင်မူ ထိုင်းနိုင်ငံတောင်ပိုင်း၊ဖူးခက်ခေါင်လတ်စသည့်ကမ္ဘာကျော်အပန်းဖြေစခန်းများ၊ထင်ရှားစည်ပင် လာသည်၏နောက်ဆက်တွဲအဖြစ်ကော့တောင်ကျွန်းသည်လည်း နိုင်ငံတကာကမ္ဘာလှည့်ခရီးသည်များ အာရုံစားကျက်ကျရာ  နတ်ပြည် တစ်ခုအလားနာမည်ကြီးသည့်ကျွန်းတကျွန်းအဖြစ် စင်ပြိုင်ကျော်ကြားလာခဲ့သည်။
ထိုမှသည် ကော့တောင်ကျွန်းမြေဈေးသည် အဆမတန်ကြောက်ခမန်းလိလိခုန်တက်လာခဲ့ပြန်ရာ “ကျွန်းပေါက်”ဟုခေါ်ဆိုသော ကော့တောင်ကျွန်းရွာခံ၊ဒေသခံတို့မှာနေ့ချင်းညချင်းကြီးပွားချမ်းသာလာကြသည့်နည်းတူ၊ထိုင်းနိုင်ငံဗဟိုအုပ်ချုပ်ရေးအာဏာစက်နှင့်အတန်ငယ်ဝေးကွာ နေသောကြောင့် အစဉ်အဆက်ရွာလူကြီး၊ကျွန်းသူကြီးမျိုးရိုး၏သြဇာအရှိန်အဝါသည်လည်း အထိတ်တလန့်ဖြစ် လောက် အောင်ကြီးမားလာခဲ့ပြန်သည်။
နှစ်အတိအကျမဖော်ပြနိုင်သော်ငြား ကော့တောင်ကျွန်းတွင်တာဝန်ကျသည့် ရဲအရာရှိတစ်ဦးသည် လူအများ၏ရှေ့မှာပင် ကျွန်းသူကြီး ကိုယ်တိုင်သေနတ်ဖြင့် ပစ်သတ်ခံခဲ့ဖူးသည်ဟု ကော့တောင်ကျွန်းရောက်မြန်မာရွေ့ပြောင်းအလုပ်သမားတို့ကဆိုသည်။ကျနော်ရောက်ခဲ့ စဉ်ကာလက ကော့တောင်ကျွန်းရှိမြန်မာအလုပ်သမားအရေအတွက်မှာ ငါးထောင်ခန့်ရှိသည်ဟု ခန့်မှန်းပြီးယခုလက်ရှိအချိန်တွင် ခုနစ် ထောင်ခန့်ရှိပြီဟု ဤအမှုနှင့်ပတ်သက်သည့်သတင်းများတွင်ဖော်ပြထား၏။

(၃) ကံဆိုးရှာကြသည့်ဗြိတိန်သားစုံတွဲ
အံ့ဘနန်းလှပဆန်းကျယ်သောပင်လယ်ရှုခင်း၊ကြီးမားသောကျောက်တုံးကျောက်ဆောင်ကြီးများ၊ရောင်စုံငါးကြီးငယ်များ၊ရှုမငြီးဖွယ်ရေအောက်ရှုခင်းများကို ထိုးဖောက်မြင်နိုင်သည့်ကြည်လင်စိမ်းလဲ့နေသော ပင်လယ်ရေသွင်ပြင်တို့ကြောင့် ကမ္ဘာအနှံ့မှ ရေအောက်ရှုခင်း ကြည့်၊ရေငုတ်သမား( Divers)တို့အပါအဝင် ကမ္ဘာလှည့်ခရီးသည်များအထူးစိတ်ဝင်စားကာ အပန်းဖြေကြသည့် ကော့တောင်ကျွန်း၏ ကမ်းခြေတနေရာ၌ ၂၀၁၄ခုနှစ်စက်တင်ဘာလ(၁၅)ရက်နေ့နံနက်တွင် ရက်ရက်စက်စက်အသတ်ခံထားရသော ဗြိတိသျှလူမျိုးစုံတွဲ ဒေးဗစ်မေလာနှင့် ဟန်နာ ၀ှစ်သာရစ်တို့၏အလောင်းများကို တွေ့မြင်ခဲ့ကြရသည်။
ဗြိတိန်အမျိုးသမီးဟန်နာဝှစ်သာရစ်(၂၃)နှစ်မှာ မတရားပြုကျင့်ခံထားရပြီး၊ရုပ်ပျက်ဆင်းပျက်ဒဏ်ရာများဖြင့်သေဆုံးခဲ့ပြီး အသက်(၂၄)နှစ် အရွယ်ဒေးဗစ်မေလာအမည်ရှိ ဗြိတိန်အမျိုးသားအလောင်း၏မျက်နှာဘေးနှစ်ဖက်တွင် သံလက်သီးနှင့်အလားသဏ္ဍာန်တူသော လက်သီးကြားတွင်အချွန်ညှပ်၍ ထိုးသွင်းခံရသည့်ဒဏ်ရာများကိုတွေ့ကြရသည်။၎င်းတို့နှစ်ဦးသည်နိုက်ကလပ်တစ်ခုတွင် ပျော်မြူးကြရင်း သန်းခေါင်ယံအချိန်ခန့်တွင် ကမ်းခြေသို့ရောက်ရှိသွားကြပြီး အသတ်ခံခဲ့ရခြင်းဖြစ်သည်ဟုသတင်းများကဆိုသည်။

(၄)ထိုင်းရဲတပ်ဖွဲ့၏ကချွတ်ချော်လွဲမှားသောဆောင်ရွက်မှုအဆင့်ဆင့်

လူသတ်မှုဖြစ်ပြီးပြီးချင်း ထိုင်းရဲတပ်ဖွဲ့က ရွှေ့ပြောင်းအလုပ်သမားများအပေါ် သံသယရှိသူများအဖြစ် ပထမဆုံး ပစ်မှတ် ထားခဲ့ကြ သည်။ကော့တောင်ကျွန်းပေါ်ရှိ မြန်မာရွေ့ပြောင်းအလုပ်သမားတို့ကို ဒလမန်းကြမ်းပိုက်စိပ်တိုက်ဖမ်းဆီးကာ လူသတ်တရားခံ စာရင်း သွင်းရန်အားထုတ်ခဲ့ကြသည်။ဤသည်မှာထိုင်းနိုင်ငံတလွှားတွင် မြန်မာရွေ့ပြောင်းအလုပ်သမားအပေါ်ထိုင်းရဲတို့ ပြုမူလေ့ရှိသော လုပ်ရပ်ဖြစ်၍ ဤသို့သောရက်စက် ယုတ်မာသည့်သတ်ဖြတ်မှုမျိုးကိုထိုင်းလူမျိုးလုပ်လေ့မရှိဟုပင်သတင်းထုတ်ပြန်ခဲ့သည်။
သံသယဖြင့်ခေါ်ယူစစ်မေးခံရသည်မြန်မာအလုပ်သမားများကို ရိုက်နှက်ညှင်းပန်းနှိပ်စက်ပြီးနောက် မျိုးရိုးဗီဇ(DNA)စစ်ဆေးမှုပြုလုပ်ခဲ့ ရာ အသတ်ခံရသူတို့၏အလောင်းများပေါ်မှ ဒီအန်အေနှင့်ကိုက်ညီမှုမရှိသောကြောင့် ဖမ်းဆီးထားသည့် မြန်မာအလုပ်သမားများကို ပြန် လွှတ်ပေးခဲ့ရသည်။
ထိုနောက်လူသတ်မှုအတွက် သေဆုံးသူဒေးဗစ်မီလာ၏သူငယ်ချင်း၊ ရှောင်မက်အန်နာကို ဘန်ကောက်မြို့သုဝဏ္ဏဘူမိလေဆိပ်တွင် ဖမ်းဆီးနိုင်ခဲ့ ကြောင်းသတင်းများထွက်ပေါ်လာခဲ့ပြန်ပြီး၊သွေးစွန်းသောဘောင်းဘီကို၎င်း၏ခရီးဆောင်အိတ်အတွင်းမှတွေ့ရသော်လည်း ခိုင်မာသောအထောက်အထားမဟုတ်ဟုဆိုကာ လွှတ်ပေးခဲ့ပြန်သည်။
ထို့နောက်စကော့တလန်လူမျိုးခရီးသွားတစ်ဦးမှ သေဆုံးသူ ဟန်နာကို ထိုင်းအမျိုးသား နှစ်ဦးက ဗလက်ကာယပြုရန် ကြိုးစားနေ သည်မြင်ရပြီးဒေးဗစ်မီလာက ဝင်ရောက်ဟန့်တားဖို့ကြိုးစားခဲ့ကြောင်း၊ထိုသူနှစ်ဦးသည်ကျွန်းပေါ်၌သြဇာကြီးမားသူများဖြစ် ကြောင်းဖေ့စ် ဘွတ်စာမျက်နှာတွင် သတင်း တင်လိုက်သဖြင့်၊ကော့တောင်ကျွန်းအေစီဘားပိုင်ရှင်နှင့် သူ၏မန်နေဂျာတို့အပေါ် သံသယဖြစ်ဖွယ်ရှိ သော်လည်း ထိုင်း ရဲတို့က ထိုအချက်ကိုလည်းပယ်ချခဲ့ပြန်သည်။
 လူပေါင်းနှစ်ရာကျော်ကို ဒိအန်အေစစ်ဆေးခဲ့သော်ငြား၊ပြစ်မှူကျူးလွန်သူကို ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိပဲ၊ဇာတ်သိမ်းခန်းမရောက်နိုင် သည့် ပြဇာတ်ရှည်တစ်ပုဒ်ကဲ့သို့ အီခံနေသော သပွတ်အမှုအပေါ်၊ ထိုင်းနိုင်ငံဆိုင်ရာအင်္ဂလန်သံအမတ်ကြီးကိုယ်တိုင် ဖိအားပေး လာသည့်အခါ၊ထိုင်းအစိုးရသည် ကော့တောင်ကျွန်းမှ ရဲတပ်ဖွဲ့ကိုအစားထိုးလဲလှယ်ပြီးမကြာမီရက်ပိုင်းမှာပင် လူသတ်မှုတရားခံများမှာ မြန်မာလူငယ်နှစ်ဦးဖြစ်ကြောင်း၊၎င်းတို့ကိုယ်တိုင်ဖြောင့်ချက်ပေး ကြောင်း၊ဒီအန်အေစစ်ဆေးမှုတူညီကြောင်း သတင်းထုတ်ပြန်ခဲ့ကာ ဇာတ်လမ်းကိုအဆုံးသတ်ပစ်ရန်ကြိုးပမ်းခဲ့လေသည်။
ဝန်ခံသည်ဆိုသော မြန်မာ နှစ်ဦးက ၊ စက်တင်ဘာလ ၁၄ ရက်နေ့ ညပိုင်းကလိပ်ကျွန်း ကမ်းခြေနားမှာ ဂစ်တာတီး သီချင်းဆိုနေကြစဉ် နိုင်ငံခြားသားစုံတွဲနှစ်ဦး ချစ်တင်းနှောနေသည်ကိုမြင်ပြီး စိတ်မထိန်းနိုင်၍ ပြစ်မှု ကျူးလွန်ခဲ့သည် ဟုထွက်ဆိုထားကြောင်း ထိုင်းရဲက ပြောဆိုသည်။သတိပြုရန်အချက်မှာ တရားခံအဖြစ်စွပ်စွဲခံရသူနှစ်ဦးသည် ပထမအကြိမ်ခေါ်ယူစစ်ဆေးခံခဲ့ရစဉ်က ဒီအန်အေမတူ ညီသောကြောင့် ပြန်လွှတ်ပေးခဲ့သူဖြစ်နေခြင်းပေတည်း။
ဤသို့ဖြင့် မြန်မာရွေ့ပြောင်းအလုပ်သမား ဇော်လင်းနှင့်ဝင်းဇော်ထွန်းတို့သည် သေစေလိုသောရည်ရွယ်ချက်ဖြင့် လူသတ်မှု၊မုဒိန်းမှု၊ ပစ္စည်းခိုးယူမှုနှင့်ထိုင်းနိုင်ငံအတွင်းတရားမဝင်၊ဝင်ရောက်မှုတို့ဖြင့် ဖမ်းဆီးစစ်ဆေးကာ၊ရုံးတင်တရားစွဲဆိုနိုင်ရန် အတွက် ဥပေဒအကြံ ပြုချက်တောင်းခံသည့်အခြေအနေသို့ရောက်ရှိလာခဲ့သည်။


(၅) မထုံတက်တေး၊တုံဏိဘာဝေနေရာမှသည် မြန်မာအစိုးရတစတစပါဝင်သက်သက်လာခဲ့ခြင်း

ကော့တောင်ကျွန်းမှ မြန်မာအလုပ်သမားများကို ပထမဆုံးအကြိမ်စတင်ဖမ်းဆီးစဉ်ကမူ ဘန်ကောက်သံရုံးမြန်မာသံအမတ်ကြီးသည် မြန်မာအလုပ်သမားအရေးကို ဖုတ်ပူမီးတိုက်ဝင်ရောက်ကိုယ်တွယ်ရန်ကိုယ်ပိုင်ဆုံးဖြတ်ချက်တစ်စုံတရာမရှိချေ။  အထက်အမိန့်ကိုစောင့် မျှော်နေတတ်သည့်စစ်ဗိုလ်ဟောင်းတစ်ဦးပီပီ၊ဝတ်ကျေတန်းကျေလေသံဖြင့်“ဝတ္တရားအရဖမ်းဆီးတာစစ်တာဆေးတာလောက်တော့ရှိမှာပေါ့လေ၊ကျနော်တို့စောင့်ကြည့်ခိုင်းထားပါတယ်” ဟူသောမှတ်ချက်ကိုသာပြုခဲ့၏။
ဒုတိယအကြိမ်အဖြစ် အသက်(၂၁)အရွယ် မြန်မာအလုပ်သမားလူငယ်နှစ်ဦးဖြစ်သော  ဇော်လင်း၊မောင်မောင်နှင့်ဝင်းဇော်ထွန်းတို့ကို လူသတ်မှုတရားခံအဖြစ် ထပ်မံဖမ်းဆီးပြီး ယင်းတို့၏ဒီအက်အေသည်သတ်ခံရသူ၏ခန္ဓာကိုယ်မှ ဒီအန်အေနှင့်တူညီကြောင်း သတင်း ထုတ်ပြန်ခဲ့ခြင်းအပေါ်ထိုင်းမီဒီယာများ၊နိုင်ငံတကာရောက်မြန်မာပြည်ဖွားတို့၏ဝေဖန်စူးစမ်းများစတင်ပေါ်ပေါက်လာခဲ့သည်။အလွှာအသီးသီးမှ ဆောကြောမှု များပိုမိုပြင်းထန်လာသည့်အခါတွင်မှ၊ မြန်မာသံရုံးသည်အဆိုပါအမှုအခင်းနှင့်ပတ်သက်၍ ဦးထွန်းအေးခေါင်းဆောင် သည့်၊ထိုင်းရှေ့နေနှစ်ဦး ပါဝင်သော၊အဖွဲ့ဝင်ရှစ်ဦးပါ ကိုယ်စားလှယ်အဖွဲ့တစ်ခုကိုဖွဲ့စည်းခဲ့သည်။၎င်းအဖွဲ့တွင်ပါဝင်သည့်၎င်းအဖွဲ့ တွင်ပါဝင်သည့် ရှေ့နေဦး အောင်မျိုးသန့်၊ထိုင်းနိုင်ငံ ရောက်မြန်မာနိုင်ငံသားများအဖွဲ့မှ ဦးကျော်သောင်း၊ဖန်ငအခြေစိုက်ပညာရေး နှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေး ရှင်းမှ ကိုမင်းဦးတို့ သုံးဦးကို စာရေးသူ သိရှိပြီး ၎င်းတို့သည် ထိုင်းမြန်မာကိစ္စရပ်များကို ရင်းနှီးကျွမ်းဝင် သူများဖြစ်သည့်အလျောက်၊ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားတို့၏ဘဝကို သဘောပေါက်နားလည်စာနာနိုင်သူများဖြစ်သည်။
၎င်းအဖွဲ့သည်အောက်တိုဘာ(၅)ရက်နေ့တွင် တရားခံအဖြစ် စွပ်စွဲခဲ့ရသူလူငယ်နှစ်ဦးနှင့် တွေ့ဆုံနိုင်ခဲ့ရာ စွပ်စွဲခံရသူလူငယ်နှစ်ဦးမှာ မြန်မာပြည်ပေါက်ရန်ကုန်သားဆိုသူ ဗမာစကားပြန်နှင့်ထိုင်းရဲတို့၏ရိုက်နှက်ညှင်းပန်းမှုခံရကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။
ထိုစကားပြန်နှစ်ဦ်းသည် ဘာသာခြားများဖြစ်နေသည့်အတွက် ယင်းအမှုအပေါ်စိတ်ဝင်စားမှုဒီရေတိုးတက်လာသည့်နည်းတူ ခေတ် အမြင်ခေတ်အတွေးရှိ၍သမာသမတ်ကျသော ထိုင်းလူမျိုးများ၊ရာဇဝတ်များကို စနစ်တကျခွဲခြမ်းစိတ်ဖြာလေ့လာထောက်ပြနေသည့် စီအက်အိုင်(Critical Thinking Skeptics Investigation)ကဲ့သို့သော ထိုင်းအခြေစိုက်ဆိုရှယ်နက်ဝပ်မီဒီယာများမှ ဓမ္မဓိဋ္ဌာန်ကျသော စိစစ်မှုများကိုဖော်ထုတ်တင်ပြလာခဲ့ရာမှ တဆင့် ကမ္ဘာကျော်အမှုကြီးအဖြစ်သို့ကူးပြောင်းရောက်ရှိသွားခဲ့သည်။
ပထမပိုင်းတွင်ထိုင်းရဲတပ်ဖွဲ့သည် ဖမ်းဆီးထားသောလူငယ်သုံးဦးအနက်မှ အစိုးရသက်သေအဖြစ်စာရင်းသွင်းထားခံရသည့် အသက် (၂၄)နှစ်အရွယ်မောင်မောင် အမည်ရှိလူငယ်အား သံရုံးကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံခွင့်မပေးပဲ ငြင်းဆန်တင်းခံနေခဲ့သော်ငြား ကမ္ဘာတဝှမ်းမှမီဒီယာတို့၏ဖိအားကြောင့်နောက်ဆုံးတွင်တွေ့ဆုံခွင့်ြ့ပုခဲ့ရသည်။ထိုသို့တွေ့ဆုံရာတွင်ထိုင်းရဲမှူးကြီးသည်ဘာသာပြန်သား
ကြီးခေါ်အောင်ကိုဦးကို သူ၏နံဘေးတွင် ခေါ်ယူထားခဲ့ပြီး သားကြီးက၊စွပ်စွဲခံရသူတို့အားရိုက်နှိပ်ခဲ့ခြင်း အပေါ်မီဒီယာများတွင် ဖွင့်ဟ ခဲ့ခြင်းနှင့်ပတ်သက်၍ မြန်မာကိုယ်စားလှယ် အဖွဲ့မှရှေ့နေဦးအောင်မျိုးသန့်အား မကျေချမ်းသည့်အမူအရာပြကာ မချေမငံစကားဆိုခဲ့ သည်ဟုလည်းဆိုသည်။
 မြန်မာသံရုံးအထူးအဖွဲ့သည် အောက်တိုဘာ (၆) ရက်တွင်ဖမ်းဆီးခံမြန်မာလူငယ်နှစ်ဦးကို စစ်ဆေးမေးမြန်းရာ ၎င်းတို့၏ ထွက်ဆိုချက်များနှင့်ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသော စစ်ဆေး ချက်များမှာ ကွဲလွဲနေပြီးမြန်မာလုပ်သားနှစ်ဦးက ၎င်းတို့အားဥပဒေ အရအကာအကွယ်ပေးရန် မြန်မာအစိုးရထံ  တောင်းဆိုခဲ့သည်။ မြန်မာသံရုံးအထူးအဖွဲ့ သည် အောက်တိုဘာ (၇) ရက်က လည်း မှုခင်းဖြစ်ပွားရာခိုတောင် ကျွန်းရှိ မျက်မြင်သက်သေများဖြစ်သော ဖမ်းဆီးခံ မောင်ဝင်းဇော်ထွန်း၏အစ်ကိုကိုနိုင်နှင့် အခြားမြန်မာ လုပ်သားသုံးဦးအား မေးမြန်းရာဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးသည်တရားခံဖြစ်နိုင်ခြေမရှိ ကြောင်း ပြောဆိုသည်။
အဓိကသက်သေစာရင်းဝင် မောင်မောင့်အနေဖြင့် စွပ်စွဲခံရသူနှစ်ဦးပြစ်မှုကျူးလွန်ခြင်းကို မိမိမတွေ့မြင်မသိရှိပါဟုဖွင့်ဟ ပြောဆို လာချိန်တွင်ကား ၎င်းအမှုအပေါ်စိတ်ဝင်စားမှုဒီရေအမြင့်ဆုံးအမှတ်သို့ရောက်ရှိခဲ့ပြီး မြန်မာအစိုးရ အနေဖြင့် ပြည်ထောင်စု အဆင့် စစ်ဆေးရေးကော်မီရှင်ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးတော့မည်ဖြစ်ကြောင်းကြေညာခဲ့ရသည်။ပြည်ထောင်စု အဆင့်စစ်ဆေးရေး အဖွဲ့ဖွဲ့ စည်းခဲ့ခြင်းသည် သံရုံကိုယ်စားလှယ်အဖွဲ့၏ကြိုးပမ်းအားထုတ်မှုနှင့်ကောင်းစွာချိတ်မိပြီးအထောက်အပံ့ဖြစ်စေခဲ့သည်ကားအမှန်ဖြစ်၏။ ထိုအဖွဲ့၏စွမ်းဆောင်ရည်ကိုအလေးအနက်အသိအမှတ်ပြုမိသည်။

(၆) လူမှုကွန်ယက်မီဒီယာများမှ ပြင်းထန်သော ဝေဖန်တုန့်ပြန်မှုများ

ထိုင်းရဲများ၏ခြေလှမ်းတို့ကိုအသေးစိတ်စောင့်ကြည့်လေ့လာနေကြသည့် မြန်မာအသိုင်းအ၀ိုင်း၊ ထိုင်းလူမှုအသိုင်းအ၀ိုင်း အပါအ၀င် ကမ္ဘာမီဒီယာများကပါ၊ယုံကြည်မှု မရှိပဲ၊  အဆိုပါမြန်မာ နှစ် ဦးမှာ ဓားစာခံ အဖြစ် ထုတ်ပြခံရသည်ဟု ယုံကြည်နေကြသည်။
အဆိုပါ လိပ်ကျွန်းလူသတ်မှု ကိစ္စဖြင့် ကျွန်းပေါ်ရှိမြန်မာအလုပ်သမားများအား ထိုင်းရဲများစစ်ဆေးရာတွင် ရေနွေးပူ လောင်း၍ညှင်း ပန်းနှိပ်စက်မှုများ ရှိခဲ့ကြောင်းလည်း ဒေသခံများကဆိုသည်။ထို့အပြင် ယင်းလူသတ်မှုနှင့် ပတ်သက် ထိုင်းသတင်းစာ ဘန်ကောက်ပို့စ်ကယခင်ဖော်ပြခဲ့သော သတင်း များနှင့် ထိုင်းရဲများ၏ ပြောဆိုမှုကွဲလွဲချက်များရှိနေသည်ကို  နိုင်ငံခြားသတင်းဌာနများက ထောက်ပြကြ သည်။
ထိုသို့ထောက်ပြကြရာတွင် စီအက်အိုင်(CSI LA)အမည်ရှိလူမှုကွန်ယက်စာမျက်နှာသည် အထင်ရှားဆုံး၊လူထုစိတ်ဝင်စားမှုအရဆုံးဖြစ် ၏။ထိုစာမျက်နှာကိုရေးသားတင်ပြနေသူများမှာထိုင်းရဲတပ်ဖွဲ့နှင့်သဘောထားခြင်းမတူညီသည့်၊အင်္ဂလိပ်၊ထိုင်းနှစ်ဘာသာကျွမ်းကျင်သောထိုင်းလူမျိုးများဖြစ်ကြပြီး‘‘ဒီမြန်မာတွေဟာ လူသတ်သမား အစစ်တွေလို့ သင်ထင်ပါသလား’’ ဟူသောစစ်တမ်းတစ်စောင်ကောက်ယူခဲ့ရာ (၉၅) ရာခိုင်နှုန်းကျော်က ‘‘မထင်ဘူး’’ ဟု ဖြေဆိုကြပြီး (၄) ရာခိုင်နှုန်းကျော်က‘‘ထင်တယ်’’ ဟု ဖြေဆိုထားသည်။စွပ်စွဲခံမြန်မာ လူငယ်နှစ်ဦးအနေဖြင့် အဆိုပါလူသတ်မှုကို ကျူးလွန်ခြင်းမှာမဖြစ်နိုင်ကြောင်းအောက်ပါမေးခွန်းများဖြင့် အခိုင်အမာ စောဒကတက် လျက်ရှိကြ၏။
(က) ထိုင်းရဲတပ်ဖွဲ့အနေဖြင့်တရားစွဲဆိုရန်ဥပဒေအကြံပြုချက်မတောင်းခံမီ၊သံသယဖြစ်ခံရသူများကို၊ ရှေ့နေများနှင့်မည်သည့် အတွက်ကြောင့်တွေ့ဆုံ ခွင့်မပေးခဲ့ပါသနည်း။
(ခ) မြန်မာ အလုပ်သမားနှစ်ဦးသရုပ်ပြခဲ့သည့်အတိုင်း ပေါက်ပြားပေါက်ချွန်ဖြင့် ဒေးဗစ်မေလာ အား စတင်တိုက်ခိုက်ခဲ့သည် ဟု သရုပ်ပြ ခဲ့သော်လည်း ဒေးဗစ်မေလာ၏ အလောင်းပေါ်မှဒဏ်ရာနှင့် ပုံစံချင်း အဘယ်ကြောင့်ကိုက်ညီမှုမရှိပါသနည်း။
(ဂ) မုဒိန်းကျင်မှု ရှိ၊မရှိခဲ့ဟူသော ကနဦး မူခင်းတွေ့ရှိ ချက်များ မည်သည့်အတွက်ကြောင့်မှေးမှိန်ပျောက်ကွယ်သွားပါသနည်း။
(ဃ) ရာဇဝတ်မှုကိစ္စတွင်သက်သေခံပစ္စည်းဖြစ်သော အသုံးပြုပြီးသား ကွန်ဒုံကို အဘယ်ကြောင့် စစ်ဆေးရန် မပို့ခဲ့ပါသနည်း၊မုဒိန်းကျင့်သူဟာကွန်ဒုံကိုသုံးပါမည်လော။
(င) လူသတ်မှုကိစ္စနှင့်ပတ်သက်၍ ဗြိတိန်နိုင်ငံကို ပြန်မည့်ဗြိတိန်နိုင်ငံသားရှောင်(Sean) သုဝဏ္ဏဘုမ္မိ လေဆိပ်၌ ဖမ်းမိခဲ့ကြောင်း၊ ၄င်း၏ဆံပင်အရောင်နှင့် သေဆုံးသူ မစ္စဟန်နာ၏ လက်တွင်းမှ ရသည့်ဆံပင်အရောင်တူညီသည့်ဟု ထိုင်းရဲများ၏ ယခင်ထုတ်ပြန်မှုများသည် အဘယ်ကြောင့်အသံတိတ်သွားရပါသနည်း။(သေဆုံးသူ ဒေးဗစ် ဒဏ်ရာရစေခဲ့သောလက်နက်ကိုလည်း သူ၏လည်ပင်းတွင် ဆွဲ ထားခြင်း။ဒဏ်ရာများကို ဆေးထည့်နေသည့်ဓာတ်ပုံအထောက်အထားများရှိနေသည်။)
(စ) ရှောင်၏လက်တွင် ရရှိထားသည့် ဒဏ်ရာ နှင့် သေဆုံးသူ ဒေးဗစ်မီလာ၏ ဒဏ်ရာဟာအဘယ်ကြောင့်ပုံစံတူဖြစ်နေရပါသနည်း။
(ဆ) လိပ်ကျွန်း သူကြီး၏ သားဖြစ်သူကို အဘယ်ကြောင့်ဒီအန်အေမစစ်ဆေးခဲ့တာလဲ။
(ဇ) သံသယဖြစ်သူ တစ်ဦးအဖြစ် ထုတ်ပြခဲ့သော စီစီတီဗီပြကွက်တစ်ခုတွင် နှစ်မိနစ်စာအဘယ်ကြောင့်ဖြတ်တောက်ထားပါသနည်း။
(ဈ)ဒေးဗစ်၏ ခြောက်ပေပတ်ဝန်းကျင် အရပ်နှင့် လူသတ်တရားခံအဖြစ် စွပ်စွဲခံထားသည့် မြန်မာနှစ်ယောက်၏ အရပ် အမောင်းတို့ ကိုနှိုင်းယှဉ်ကြည့်လျှင် စွပ်စွဲခံရသူတို့ပြစ်မှုကျူးလွန်ခြင်းမှာဖြစ်နိုင်ချေရှိမရှိ။(ဒေးဗစ်အလောင်းမှ ရဲက ပြသထားသည့်ဒဏ်ရာများ အားလုံးသည့် ဦးခေါင်းနှင့် ပုခုံးပိုင်းတွင် ဖြစ်နေကြောင်းတွေ့ရှိ ရသည်။)
(ည) သေဆုံးသူ ဟန်နာ၏ လက်ကိုင်ဖုန်းကို မြန်မာတဦး၏ အခန်းအနီးမှ တွေ့သည်ဟုဆိုခဲ့သော်လည်း၊ အဆိုပါ လက်ကိုင်ဖုန်းကို ဟန်နာ၏ သူငယ်ချင်းများကအခင်းဖြစ်ပြီးနောက်တနေ့တွင် ထိုင်းရဲသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်သောကွဲလွဲချက်သည် အဘယ် ကြောင့်ဖြစ်ရပါသနည်း။
(ဋ္ဌ) စကားပြန်လုပ်ပေးသူ နှစ်ဦးဟာဘယ်သူတွေလဲ။ တရားဝင်စကားပြန်လက်မှတ်မရှိပဲဘာကြောင့်အသုံးပြုခဲ့သလဲ။ (ထိုစကားပြန် နှစ်ဦးကိုကမာအမည်ရှိ စကားပြန်မှာထိုင်းရဲတံဆိပ်ကပ်ထားသည့်အပြာရောင်စပို့ရှပ်ကိုဝတ်ဆင်ထားသည်။)
(ဋ) ရှောင်မက် အန်နာ၏ ဖေစ်ဘွခ်တွင် ခြိမ်းခြောက်ခဲ့သည့် ထိုင်း လူမျိုး နှစ်ဦးကို ဓာတ်ပုံရိုက်၍ တင်ခဲ့ပြီး၊ ထိုင်းမာဖီး တွေက ကျနော့်ကို သတ်ဖို့ကြိုးစားနေပါတယ်။ ကျနော့်ကို ကယ်ကြပါဟု ရေးသားခဲ့ခြင်းရဲ့နောက်ဆက်တွဲအဖြေဟာဘာလဲ။
(ဎ) လူသတ်တယ်လို့သံသယရှိခံရသူတွေ အသုံးပြုခဲ့တဲ့လက်နက်အတိအကျသည် မည်သည့်အရာဖြစ်ပါသနည်း။
 (ဏ) စွပ်စွဲခံရသူများပြစ်မှု ကျူးလွန်ပုံကို ပြန်လည် သရုပ်ပြခိုင်းခဲ့ရာတွင် ကွဲလွဲမှားယွင်းမှုများ၊ အထောက်အထား ကွာဟချက်များကိုအထင်အရှားဖော်ပြနေသည်ကို ထိုင်းရဲတပ်ဖွဲ့အနေဖြင့် အဘယ်ကြောင့် မျက်စိမှိတ်ငြင်းဆန်နေကြပါသနည်း။

(၇) ထိုင်းလူထု၊ပညာရှင်များနှင့်နိုင်ငံတကာအဖွဲ့အစည်းများ၏သဘောထားနှင့်အမြင်

ထိုင်းလူမျိုးအများစုသည် စွပ်စွဲခံလူငယ်နှစ်ဦးမှာ ထိုင်းရဲတို့ကဓားစာခံအဖြစ်ထိုးကျွေးခံရသူများဖြစ်ကြောင်းရှုမြင်ကြသည်။ထိုင်းရဲတို့ သည်ငွေကြေးကြွယ်ဝချမ်းသာသည့်ရာဇဝတ်သားတို့ကို အကာအကွယ်ပေးရန်အလို့ငှာ ကျောထောက်နောက်ခံမရှိသော ဆင်းရဲသား တို့ ကိုငွေပေးဝယ်ယူ၍ဓားစာခံအဖြစ် အသုံးချခဲ့သောလုပ်ရပ်မှာ ဒုနှင့်ဒေးဖြစ်ကြောင်း၊ထိုသို့ပြုမူနေသောကြောင့် ထိုင်းရဲတို့နာမည်ပျက် နေသည်မှာ ကာလကြာပြီးဖြစ်ကြောင်းဖွင့်ဟလာကြသည်။အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဆင့်မြင့်အရာရှိတဦးက  တီဗီအင်တာ ဗျူးတခုတွင် အကျဉ်းသားအားလုံးတဝက်လောက်သည် တရားခံအဖြစ် အစားထိုးခံရသော၊ ဓားစာခံတွေဖြစ်ကြောင်းသူ့ယုံကြည်မှုကို ထည့်သွင်းပြောဆိုသွားခဲ့ဖူးသည်။ထိုင်းနိုင်ငံတဝှန်းတွင် အသွင်အမျိုးမျိုးဖြင့်ကာလရှည်ကြာစွာထင်ရာစိုင်းနေသည့် မာဖီးယားတို့၏ အခန်းကဏ္ဍကိုလည်း ထိုင်းလူမျိုးတို့ပြစ်တင်ဆောကြောလာကြသည်။
ထိုင်းရဲတို့သည် အခင်းအမှုဖြစ်နေရာမှသက်သေအထောက်အထားများကိုဖယ်ရှာဖျောက်ဖျက်ကာ လိပ်ကျွန်းရွေ့ပြောင်းအလုပ်သမား တို့အပေါ်မြေနိမ့်ရာလှံစိုက်ခဲ့သည်၊စွပ်စွဲခံရွေ့ပြောင်းအလုပ်သမားတို့အပေါ် မည်သည့်သံသယမျှရှိရန်မလိုဟု အများကယူဆ လျက်ရှိကြ သည်။အချုပ်အားဖြင့်ဆိုလျှင် ထိုင်းရဲတို့အပေါ်လူထုယုံကြည်မှုပျက်ပြားသွားပြီဟုဆိုသည်။ထိုင်းအာဏာပိုင်များသည် မျှသော တရားစီရင်ရေးထက် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား မကျဆင်းစေရေးကိုဇောင်းပေးလုပ်ကိုင်နေသည်ဟုပြစ်တင်ဝေဖန်ကြသည်။
အဆိုပါအမှုဖြစ်ပွားပြီး နှစ်ပတ်ကျော်အကြာ ထိုင်းရဲတပ်ဖွဲ အကြီးအကဲနှင့် ဗြိတိန်သံအမတ်တို့ အောက်တိုဘာ (၂) ရက်နေ့တွေ့ဆုံရာတွင် ပစ္စည်းကိရိယာ ကျွမ်းကျင်သူနှင့် တခြား အကူအညီများ ပေးအပ်ရန်ကမ်းလှမ်းလာခဲ့ပြန်သည်။ထိုင်း(Rights and Liberties Protection Department )မှလည်း မြန်မာ တရားခံ နှစ်ဦးမှာ အဆိုပါပြစ်မှုကို ကျူးလွန်ခဲ့သည်ဟု ယုံကြည်နိုင်ရန်ခက်ခဲနေ သေးကြောင်း၊ လိုအပ်ပါက ကျွမ်းကျင်သည် ရှေ့နေများကိုပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း သည်နေရှင်းသတင်းစာ သို့ ပြောကြား ခဲ့သည်။
ထိုင်းနိုင်ငံ၏ အလုပ်သမား ဆက်ဆံရေးနိုင်ငံတော်စီမံကိန်း အဖွဲ့(SERC) နှင့်ထိုင်းနိုင်ငံ အခြေစိုက်ရွှေ့ပြောင်းအလုပ်သမား များအတွက် အခွင့်အရေးကွန်ရက်(MWRN)တို့ကလည်း သံသ ယတရားခံများကို ရုပ်ပိုင်း ဆိုင်ရာနှိပ်စက်ညှဉ်းပန်းမှုများရှိ သည်ဟူသောသတင်းပို့အစီရင်ခံမှု အများအပြားရှိနေခြင်းကြောင့် အကူအညီပေး ရန်အတွက် ရှေ့နေများ၊ရွှေ့ ပြောင်းတက်ကြွ လှုပ်ရှားသူများ၊ ဘာသာပြန်များပါဝင်သည့် ၎င်း တို့၏လွတ်လပ်သော အဖွဲ့တစ် ဖွဲ့ကို အောက်တိုဘာ ၅ ရက်တွင် Ko Samui အကျဉ်းထောင်နှင့် တရားရုံးသို့ စေလွှတ်မည်ဟု ပြောကြားသည်။
ထိုင်းနိုင်ငံ၏အမြင့်ဆုံးမှုခင်း၊အမျိုးသမီးဆရာဝန်ကြီးဒေါက်တာPornthip  ကလည်း အဆိုပါအမှုတွင် ထိုင်းရဲတို့သည် မှုခင်းဆရာဝန် ကိုအသုံးမပြုခဲ့ခြင်း၊ ရဲတပ်ဖွဲ့တစ်ဦးတည်းသဘောဖြင့်ဆောင်ရွက်ခဲ့ခြင်း၊သေချာရေရာသောစစ်ဆေးချက်မရှိပဲ ဗမာလူငယ်နှစ်ဦးကိုသာ တရားခံအဖြစ်အချိန် တိုအတွင်းထုတ်ပြခဲ့ခြင်း၊ဒီအန်အေစစ်ဆေးရာတွင် သတ်မှတ်ထားသောစည်းကမ်းများနှင့်မကိုက်ညီခြင်းအပါအဝင် အခြားလိုအပ်လစ် ဟာချက်အများအပြားရှိနေခြင်းအပေါ် ထိုင်းရုပ်မြင်သံကြားမှနေ၍ပြင်းထန်စွာဝေဖန်သွားခဲ့သည်။

(၈) ထိုင်းဝန်ကြီးချုပ်အပေါ်ရိုက်ခတ်မှု

ထိုင်းဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးပရာယွတ်ကျန်အိုးချားသည် ၎င်းအမှုနှင့်စပ်လျဉ်း၍ နိုင်ငံခြားသားတွေဟာ ထိုင်းနိုင်ငံကိုလုံခြုံမှုရှိတယ် ထင်ပြီး ဘစ်ကီနီနဲ့လျှောက်သွားနေကြတာကိုး” ဟူသော လက်လွတ်စပယ်မှတ်ချက်ကိုဦးစွာပြုခဲ့သဖြင့်၊အဆောတလျဉ် ပြန်လည် တောင်းပန်ခဲ့ရသည်။ ဤအမှုအပေါ်ထိုင်းရဲများ၏ တွေ့ရှိချက်ကိုအကြွင်း မရှိ ယုံကြည်ကြောင်း၊ ထိုင်းရဲ များတွင် သက်သေအထောက် အထားအတိအကျ ရှိပြီး ၄င်းတို့၏ အမှုကို မြန်ဆန်စွာ ဖော် ထုတ်နိုင်မှုကိုချီးကျူးကြောင်း သတင်းထောက်များ၏ အမေးကို ဖြေဆိုခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြခဲ့သည်။ အဆိုပါ ရဲတပ်ဖွဲ့ကိုဂုဏ်ပြုဆုများပင် ပေးအပ်မည်ဟုပင်သူက ဆိုသည်။
သို့သော်လိပ်ကျွန်းအေစီဘားကလပ်ဘားကလပ်ပိုင်ရှင်၏မိခင်နှင့်ဝန်ကြီးချုပ်၏မိခင်တို့သည်လွန်စွာရင်းနှီးသည့်သတင်းများလည်း၊ဆက်လက်ထွက်ပေါ်လာခဲ့ပြန်သည်။ထူးခြားချက်မှာ လက်ရှိအချိန်သည် စစ်တပ်ဗဟိုပြုထိုင်းအစိုးရအနေဖြင့် ထိုင်းနိုင်ငံ၏ပြုပြင်ပြောင်းလဲကို ဆောင်ရွက် နေချိန်နှင့်တိုက်ဆိုင်လျက်ရှိသဖြင့်ပိုမိုရှုပ်ထွေးလာသလော စဉ်းစားဖွယ်ရာရှိနေသည်။စစ်တပ်ဟူသည် အမိန့်ပေးခြင်းဖြင့် အရာရာကို အကောင်းအတိုင်းဖြစ်စေမည်ဟုခံယူလေ့ရှိသည့်အဖွဲ့အစည်းဖြစ်သည့်အားလျော်စွာ၊ထိုအချက်ကိုသတိပြုမိသော ထိုင်းနိုင်ငံ သားတို့ကမူ ထိုင်းအစိုးရ ကိုပြစ်တင်ဝေဖန်လျက်ရှိ၏။
ဤဆောင်းပါးကိုရေးသားနေချိန်၌ ထိုင်းဝန်ကြီးချုပ်သည် မြန်မာနိုင်ငံသို့ အလည်အပတ်ခရီးအဖြစ်ရောက်ရှိနေသည်။အဆိုပါခရီးစဉ်မစ တင်မီမှာပင် ကော့တောင်ကျွန်းလူသတ်မှုအတွက် စွပ်စွဲခံရသောလူငယ်နှစ်ဦး၏အမှုနှင့်ပတ်သက်၍ ဥပဒေအကြံပေးအဖွဲ့ကို အထောက် အထားမခိုင်လုံသဖြင့် တိကျခိုင်လုံစွာအမှုပြန်လည်တည်ဆောက်ရန်ညွန်ကြားချက်ထွက်ပေါ်လာပြန်ရာ၊သွေးရိုးသားရိုးဟုတ်မဟုတ် ၊ဝန်ကြီးချုပ်၏ခရီးစဉ်နှင့်ချိန်ကိုက်၍ထုတ်ပြန်ခဲ့သော၊သတင်းပေလော၊စဉ်းစားဖွယ်ကောင်းနေပြန်သည်။မြန်မာသမ္မတကြီးကမူ အဆိုပါ အမှုကိစ္စနှင့်စပ်လျဉ်း၍ ထိုင်းဝန်ကြီးအားမေးမြန်းမည်ဆိုပါသည်။ မြန်မာ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် ထိုင်း ဝန်ကြီးချုပ်တွေ့ဆုံပြီးချိန်တွင် အပြစ်ရှိသူကို အပြစ်မပေးမိတာထက် အပြစ်မရှိသူကို အပြစ်မပေးမိရန် လိုသည်ဟူသော ဥပဒေစကား အတိုင်း သေချာစွာ စိစစ်လုပ်ဆောင်ပေးစေလိုကြောင်း၊ပြောဆိုခဲ့သည် ဟုဆိုသည်။

(၉)ထိုင်းရဲတို့စိန်ပြာအမှုပုံရိပ်ဆိုး

ထိုင်းရဲတို့၏ပုံရိပ်ဆိုးကိုဖော်ပြသည့် ကမ္ဘာကျော်ဇာတ်လမ်းတပုဒ်ရှိခဲ့ဖူးသည်။(၁၉၈၉)ခုနှစ်တွင်ဆော်ဒီအာရေဗျနိုင်ငံမှ တော်ဝင်မင်းသား တစ်ပါးထံတွင်အလုပ်လုပ်နေသောထိုင်းလူမျိုးတစ်ဦးသည် ဒေါ်လာသန်းနှစ်ဆယ်ခန့်တန်သော နန်းစဉ်ရတနာတို့ကိုခိုးယူကာ ထိုင်းနိုင်ငံ သို့ပြန်လာခဲ့ရာ တန်ဖိုးမဖြတ်နိုင်သော စိန်ပြာကြီးတစ်လုံးလည်းပါဝင်ခဲ့သည်။
ဆော်ဒီမင်းသား၏တိုင်ကြားချက်ကြောင့် ထိုင်းရဲတို့စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး၊ထိုင်းအလုပ်သမားကိုဖမ်းဆီး၍ နန်းစဉ်ရတနာများကို ပြန်လည်သိမ်းဆည်းကာ ဆော်ဒီနိုင်ငံသို့ပြန်လည်ပို့ဆောင်ခဲ့ရာ ပစ္စည်းတဝက်ကျော်မှာအတုများဖြစ်နေခဲ့သည်။တန်ဖိုးမဖြတ်နိုင်သည့် စိန်ပြာကြီးသည်လည်း ပါမလာတော့ချေ။
ထိုင်းသတင်းစာများတွင် ထိုင်းအရာရှိကြီးများပွဲတက်အခန်းအနားဓာတ်ပုံများ၌ ယခင်ကမတွေ့ဖူးသော စိန်လည်ဆွဲများဝတ်ဆင် ထားသည်ကိုတွေ့ရှိရသည့်အခါ ဆော်ဒီအစိုးရက ဆော်ဒီမင်းမျိုးမင်းနွယ်တစ်ယောက်ကို ဘန်ကောက်သို့စေလွှတ်စုံစမ်းခဲ့ရာ အဆိုပါပုဂ္ဂိုလ်မှာ ပြန်ပေးဆွဲအစဖျောက်ခံခဲ့ရသည်။ထိုအမှုကိုစုံစမ်းနေသော ဆော်ဒီသံရုံးအရာရှိလေးယောက်သည်လည်း ဘန်ကောက်တွင်ပင်သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်။
ထို့ပြင်လက်ဝတ်ရတနာများကိုအတုလုပ်ပေးသော ရတနာဆိုင်ရှင်၊၎င်း၏ဇနီး၊သူ၏သားတို့လည်း အသတ်ခံရသည်။ထိုင်းရဲဗိုလ်ချုပ်ကြီး တစ်ဦးရတနာဆိုင်ပိုင်ရှင်သတ်မှုဖြင့် တရားရုံးအတင်ခံရပြီး သေဒဏ်ချမှတ်ခံရသည်။နောက်ပိုင်းတွင်ထောင်ဒဏ်အနှစ်ငါးဆယ်သို့ ပြောင်းလဲပေးခဲ့သည်။တရားသူကြီးနှစ်ယောက်အလုပ်ထုတ်ခံရပြီး ထိုင်းရဲအရာရှိငါးယောက်ရုံးတင်စစ်ဆေးခံခဲ့ရသော်လည်း (၂၀၀၄) ခုနှစ်တွင်အမှုကိုပလပ်ပေးခဲ့သည်။အဆိုပါအမှုမှာ ယခုတိုင်အဖြေမှန်မပေါ်သေးချေ။

(၁၀) ဆက်ရန်ရှိသေးသည်

နောက်ဆုံးကြားသိရသောသတင်းများအရ င် ၎င်းအမှုအတွက် သံသယ တရားခံ မြန်မာရွှေ့ပြောင်း လုပ်သားနှစ်ဦးအမှုကို  လာမည့် အောက်တိုဘာ ၁၅ ရက်တွင် တရားရုံးတင် နိုင်ရန်အတွက် ထိုင်းနိုင်ငံ၏ တိုင်း ဒေသအမှတ် (၈) အစိုးရဥပဒေ ဌာနက ကြိုးစားနေသည် ဟုဆိုသည်။ထို့ထက်ပို၍ စိတ်ဝင်စားဖွယ်ကောင်းသည်ကား လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ တရားခံဟုသံသယရှိခံရသော၊ မြန်မာ လူမျိုး တရားမ၀င်ရွေ့ပြောင်း အလုပ်သမား နှစ်ဦးကို ချုပ်နှောင်ထားသည့် ကော့စမွေကျွန်း အကျဉ်းထောင် ထောင်ပိုင်ကြီး (ညွှန်ကြား ရေးမှူး) ဆူနင်းလင်စူဝမ်၏ပြောဆိုချက်ဖြစ်၏။
 “တရားခံနှစ်ယောက်ဟာ သူတို့ပြုထားတဲ့ အမှုကိစ္စအတွက် ကြီးစွာနောင်တ ရနေပုံရှိပြီး ဒီနောင်တကြောင့် သူတို့မှာဖိအားတွေ ခံစားနေရပုံရတယ်၊ ဒါကြောင့် သူတို့ကိုယ်သူတို့ သတ်မသေနိုင်အောင် ထောင်အမှုထမ်းတွေက စနစ်တကျနဲ့ ဂရုတစိုက် စောင့်ကြည့် နေရတယ်။ဒီမြန်မာရွေ့ပြောင်းလုပ်သား နှစ်ဦးရဲ့ အကျဉ်းထောင် အိပ်ခန်းတွေကို စီစီတီဗွီတွေနဲ့ (၂၄) နာရီ မနားတမ်းစောင့်ကြည့် နေရတယ်လို့ သိရပါတယ်”ဟု သူကပြောဆိုသည်။အဆိုပါမှတ်ချက်ကြောင့် မြန်မာလူငယ်နှစ်ဦးအကျဉ်းထောင်ထဲတွင် မိမိကိုယ်မိမိ သတ်သေသွားကြသည်ဟူသော သတင်းဆိုးကိုမကြားရပါစေနှင့်၊မြန်မာပြည်မှသွားရောက်တွေ့ဆုံကြမည့်မိဘများနှင့်ချောမောစွာ တွေ့ ဆုံနိုင်ပါစေ ဟုထိုင်းနိုင်ငံ၏အားနည်းများအား၊အထိုက်အလျောက်သိနေသူ၊ စာရေး သူ အနေဖြင့်ဆုတောင်းသည်။

(၁၁)လူမျိုးတိုင်းသည်မိမိတို့၏သမိုင်းခြေရာကိုကောက်ကြစမြဲဖြစ်၏။

အံ့သြဖွယ်ရာကောင်းသည်ကား ကော့တောင်ကျွန်းလူသတ်မှုအရှုပ်တော်ပုံသည် မြန်မာလူထုအတွက် အမျိုးသားရေးစိန်ခေါ်သံတစ်ခု အသွင်ဆောင်ခဲ့ခြင်းဖြစ်၏။ခေတ်အဆက်ဆက်မြန်မာအစိုးရတို့၏ ကိုယ်ကျိုးရှာမှု၊တိုင်းပြည်ဘဏ္ဍအလွဲသုံးစားလုပ်မှု၊စီမံခန့်ခွဲမှုအမှား၊တို့ ကြောင့် လူဦးရေသန်းနှင့်ချီ၍၊ဇာတိမြေကိုစွန့်ခွာကာ၊ထမင်းတစ်လုတ်၊တုတ်တစ်ချက် ကျီးလန့်စာစားရှာဖွေစားသောက်ကြရ သည့်အဖြစ် တို့ကို လူထုအနေဖြင့်ရှေးကထက် ဆင်ခြင်ခံစားလာမိကြသည်။ ထိုင်းနိုင်ငံသည်ရာဇဝင်ထဲတွင်ရန်ဖက်နိုင်ငံဖြစ်ခဲ့သည်ဟူ သမိုင်း ခြေရာကိုပြန်ကောက် လာမိကြသည်။မြန်မာနိုင်ငံ၏သယံဇာတကို မှီခိုယူငင်သုံးစွဲနေသည့် ထိုင်းနိုင်ငံအပေါ်အမြင်မကြည်မလင်ဖြစ် လာကြ၏။
မြန်မာအချို့သည်ဆိုရှယ်နက်ဝပ်မီဒီယာများတွင် ဘုရင့်နောင်နှင့်အလောင်းဘုရားပုံများကိုလွှင့်တင်ကာ၊၎င်းတို့၏မျိုးချစ် စိတ်ကို အဆာဖြေ လာကြသည်။ ဂျပန်နိုင်ငံရောက် မြန်မာများက ဆန္ဒပြကြသည်။ပြည်တွင်းလူ့အခွင့်အရေးလှုပ်ရှားတက်ကြွသူများက ထိုင်း ဝန်ကြီးချုပ်၏ ခရီးစဉ်တွင် ဆန္ဒပြကြသည်။အဖြေ မှန် မထုတ်နိုင် သေးမီစပ်ကြား၊အမှားနှင့်အမှန်ကို ပညာဥာဏ်ဖြင့် မယှဉ်နိုင်သည့်အခါ အမျိုးသားရေး စိတ်ဓာတ်သည် ခုတ်ရာတလွဲ၊ ရှရာတခြား ဖြစ်ကာအန္တရာယ်ကြီးတတ်သည်ကို သတိမူကြစေချင်သည်။
မြန်မာရာဇဝင်ထဲတွင် ထိုင်းနိုင်ငံသည် စစ်ရှုံးနိုင်ငံဖြစ်၏။အကြိမ်ပေါင်းများစွာစစ်အောင်နိုင်ခဲ့သော မြန်မာတို့ လက်ရှိအခြေအနေတွင် ထိုင်းနိုင်ငံဖက်သို့ စားဝတ်နေရေးချို့တဲ့မှုကြောင့်၊သန်းနှင့်ချီ၍ရောက်ရှိလာကြခြင်းအပေါ် ထိုင်းလူမျိုးတို့၊ဝမ်းပန်းတသာ လက်ကမ်း၍ မကြိုသည်မှာ အလွန်သဘာဝကျလှသည်။ဝမ်းနည်းကြေကွဲဒေါသထွက်နေရုံဖြင့်မပြီး၊အကောင်းဆုံးနည်းလမ်းကား၊၊ ကိုယ့်နိုင်ငံကို ရာဇဝင်ထဲမှာထဲကအတိုင်း၊သူ့နိုင်ငံထက် ပိုမိုကောင်းမွန်သာလွန်သောတိုင်းပြည်၊ပြန်ဖြစ်လာအောင် အားလုံးဝိုင်းဝန်းအား ထုတ်ကြ ခြင်းသာ အကောင်းဆုံးထွက်ပေါက်ဖြစ်ပေလိမ့်မည်။မိမိတိုင်းပြည် ဖွတ်ဘိုးအေဘဝကနေ မတက်နိုင်သေးပဲ ၊တဇောက်ကန်းမျိုးချစ်ပုံစံ ထင်ရာစိုင်းနေပါမူ မိအေးနှစ်ခါ နာရုံပဲ ရှိပါလိမ့်မည်။ ကျနော့်ပတ်ဝန်းကျင်တွင် သမိုင်းအမြင် မကြည်လင်သောထိုင်းလူမျိုးများစွာရှိသလို အမြင်ကျယ်သည့်ထိုင်းလူမျိုး များတပုံတပင်ရှိနေသည်။ လူမျိုးရေးအစွဲအမုန်း တရားမထားစေချင်ပဲ၊အမှန်တရားနှင့်တရားမျှတမှု ကိုမြတ်နိုး၊အလေးထားတတ်စေချင်ပါသည်။မည်သို့ပင်ဆိုစေ ဤအမှုသည် မြန်မာနိုင်ငံသားတို့အား အမှန်တရားစာမျက်နှာဘက်သို့ တစိတ်တဝမ်း၊ တစု တစည်းတည်းရှိစေရန် တွန်းပို့လိုက်သကဲ့သို့ ရှိခြင်းကြောင့် အဆိုးထဲကအကောင်းအဖြစ်မှတ်ယူချင်သည်။
နိဂုံးချုပ်အားဖြင့်ဆိုရပါမူ မြေနိမ့်ရာလှံစိုက်သကဲ့သို့ဖြစ်နေသော၊ကော့တောင်ကျွန်းလူသတ်မှုသည် ပြည်ပရောက်မြန်မာအလုပ်သမား များအား ကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဌာန်းရန် အပူတပြင်းလိုအပ်လျက်ရှိကြောင်း ဖော်ညွှန်းလျက်ရှိသည်။ ထို့အတူမြန်မာ အစိုးရသစ်၏ဒီမိုကရေစီအကူးအပြောင်းသည် မြန်မာအမျိုးသားတို့၏ဂုဏ်သိက္ခာကို ပြန်လည်ဆယ်တင်ပေးနိုင်ခြင်းရှိမရှိ ကျယ်လောင် စွာမြည်ဟည်းထွက်ပေါ်လာသည့် အမျိုးသားရေးစိန်ခေါ်သံတစ်ရပ် ဟူ၍လည်းမှတ်ယူနိုင်သည်။




Viewing all articles
Browse latest Browse all 346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...