နရသူလက်သစ်တို့ကိုသာမြင်သည်။
(မင်းဒင်)
(၁)
လူသည်သမိုင်းခြေရာကိုစူးစမ်းတတ်သောသဘောရှိသည်။သမိုင်းအမှန်ကိုသိနိုင်ရန်အလို့ငှာ မှတ်တမ်းမှတ်ရာတို့ကိုလှန်လှောခြင်းမှ သည်၊ တူရွင်းငန်ပြားတို့ဖြင့်တူးဆွကြသည်အထိ စိတ်ဝင်တစားရှိတတ်ကြသည်။ကမ္ဘာဦးမှမျက်မှောက်ကာလတိုင် တောတောင် ရေမြေ၊တိရိစ္ဆာန် တို့၏အကြောင်း ခြင်းရာမှသည်၊လူတို့၏အပြုအမူအတွေးအခေါ်၊ဘာသာတရား၊ အုပ်စိုးသူလူတန်းစားတို့၏ အထုပ္ပတ္တိစသော များမြောင်လှသည့် မှတ်တမ်းတို့ကိုကျောက်၊ပျဉ်ပြား၊အုတ်ပြား၊သတ္တုပြား၊ပေ၊ပုရပိုဒ်၊စသည်တို့အပေါ်တွင် ထု၊ဆစ်၊ ထွင်း၊ခြစ် ရေး၍မှတ်သားခဲ့သမျှသည်၊သမိုင်းချည်းဟုသာဆိုနိုင်၏။ မိမိမသိမမှီလိုက်သော၊လွန်လေပြီးသည့်၊ အတိတ်ကာလ ဆီမှအဖြစ် အပျက်တို့ကို သမိုင်းမှာ ခြေရာခံနိုင်ကြ သည်ဖြစ်၍၊ လူ့သမိုင်းကို လူတို့စိတ်ဝင်တစားရှိကြခြင်းဖြစ်တန်ရာသည်။
ထိုသို့ခြေရာကောက်ကြရင်း ကမ္ဘာဦးကာလများကိုမှန်းဆလာနိုင်သည်။ပျူခေတ်၏သရုပ်သကန်ကိုအတွေးပုံဖော်နိုင်သည်။ အနော်ရထာ မင်းစောကိုသိ လာကြ၏။ကျန်စစ်သားမင်းကြီး၏အကြောင်းကိုစောကြောမိလာ၏။ ငခင်ညို၊အသင်္ခယာစောယွမ်း၊အမတ်ဒိန်၊ လဂွန်းအိမ် တို့နှင့်ရင်းနှီးလာ၏။ဟစ်တလာအကြောင်းကို စူးစမ်းမိကြ၏။မဟတ္တမဂန္ဒီ၊ကနေဒီနှင့် ကဒါဖီတို့မှသည် ဆာအဲလက်ဖာဂူဆန်၊ မန်ချက် စတာယူနိုက်တက်၊ စီးရီးအေ၊ပရီးမီးယားလိဂ်အပြင်၊မကြာသေးမီကျင်းပပြီးစီးခဲ့သည့် ယူဆယ့်ကိုးဘောလုံးပွဲများတိုင်အောင် ခြေရာ ကောက်ကြတော့သည်။ ဤသို့လျှင်ကောက်ယူရရှိ သောသမိုင်းခြေရာမှတ်တမ်းများ၊ဇာတ်ကောင်များထဲမှ၊ တခုနှင့်တခု၊တခေတ်နှင့် တခေတ်၊တစ်ဦးနှင့်တစ်ဦးနှိုင်းယှဉ် ချိန်ထိုးသုံးသပ်တတ်ကြပြန်လေသည်။
လူထဲကလူဖြစ်သောကျနော်သည်၊ဤရက်ပိုင်းများအတွင်း စာအုပ်ဟောင်းတို့ကိုလှန်လှော၍ တောင်ဖတ်မြောက်ဖတ်၊ဖတ်မိရာမှ ပုဂံ နိုင်ငံတော်ကိုအစိုးရခဲ့သောနရသူမင်း၏အကြောင်းကို အမှတ်မထင်ခြေရာကောက်မိလေ၏။
(၂)
ဘုန်းလက်ရုံးအာဏာနှင့်ပြည့်စုံသော၊ သီရိတြိဘဝနာဒိတျာပဝရ ပဏ္ဍိတ၊သုဓမ္မရာဇာ၊မဟာအဓိပတိနရပတိစည်သူအမည်ရှိသော မင်းကြီးသည် မင်းစည်းစိမ်အနှစ်ခုနစ်ဆယ်တိုင်တိုင်သာသနာတော်မြတ်စီးပွား၊သားတော်အစဉ်မြေးတော်အဆက်၊မြစ်တော်အညွန့်တို့၏ အကျိုးစီးပွားကို ဆောင်တော်မူ၍သက်တော် တစ်ရာ့တစ်နှစ်သို့ရောက်သောအခါသည်းထန်စွာနာတော်မူသည်ကို သားတော်နရသူ နန်းက ချ၍ ရွှေဂူဘုရားအတွင်းမှာ ထားလေ၏။မင်းကြီးလည်းသတိရတော်မူသောအခိုက်တွင် ငါ့နန်းမဟုတ်တကား ဟူ၍ မိန့်တော်မူ၏။ ကိုယ်လုပ်တော်လည်း နန်းတော်မဟုတ်၊ကောင်းမှုတော်ဟူ၍နားတော်လျှောက်လေ၏။အသူအတတ်နည်းဟု မေးတော်မူလေ၏။ သားတော်နရသူ အစီအရင်တည်းဟူ၍နားတော်လျှောက်သော်ကြီးစွာသော အမျက်တော်ရှိသည်ဖြစ်၍ ကိုယ်တော်အလုံးမီးခဲသို့ဖြစ်ဘိ၏။
ထိုအခါသားတော်နရသူလည်း မင်းကြီးသည်အနာမှထမြောက်တော်မူချေသော်၊ငါပျက်စီးခြင်းသို့ရောက်ချိမ့်မည်အကြံဖြစ်ဘိ၍၊မင်းကြီးကို အဝတ်ပုဆိုးတို့ဖြင့် ဖိ၍အနိစ္စရောက်တော်မူ၏။အချို့သောရာဇဝင်မှာဘူးစင်အောက်မှာထား၍ ဘူးစင်နှင့်ဖိမိ၍ အနိစ္စရောက်တော်မူသည် ဟူ၍လည်းဆိုသည်။
သက္ကရာဇ်ငါးရာနှစ့်ဆယ့်ကိုးခုသော် ထိုမင်းသားတော် နရသူမင်းဖြစ်တော်မူ၏။မင်းဖြစ်တော်မူသောအကြောင်းကား၊ ခမည်းတော်မင်းကြီး မရှိပြီးဟူ၍သားတော်မင်းရှင်စောကြားလေသော်၊ကြည်းအား၊ရေအားချီမည် ဟူ၍ရုံးစုစည်းဝေးရာတွင် နရသူလည်း ပုဂံတစ်ပြည်လုံး ဘုရားကဲ့သို့ကိုးကွယ်သောသပိတ်သည်သားပံသုကူမဟာထေရ်ကို ဤသို့နားတော်လျှောက်၏။ “နောင်တော်မင်းရှင်စောလည်း ခမည်း တော်မရှိသောအကြောင်းကို ကြားတော်မူလျှင်ရေအား၊ကြည်းအားချီ၍ ခမည်းတော်အရာရွှေထီးရွှေနန်းသိမ်းမည်ဟူ၍ကြားသည်။ဤသို့ အလုံးအရင်းနှင့်ချီသော် ကြာချေတော့မည်ဖြစ်သည်။ကြာ၍လည်းပြည်ထဲအရေးသည်မသင့်ချေ။ကျွန်တော်ရှိလေပြီးသည်ကို ဓားတစင်း မြင်းတစီးနှင့်သာအလျင် ကြွတော်မူ၍ နန်းတက်တော်မူမည့်အကြောင်းကိုနောင်တော်အား ခေါ်တော်မူပါ” ဟုလျှောက်၏။ပံ့သုကူမထေရ် လည်း “ငါခေါ်၍ရောက်သောအခါ မင်းမမြှောက်ပဲ နေဘိမူကား ငါရဟန်းတရားနှင့် မလျော်ရှိလတ္တံ့သည်”ဟူ၍မိန့်တော်မူ၏။နရသူလည်း နောင်တော့်ဓားကိုထမ်း၍နန်းတင်ပါမည်ဟူ၍ သစ္စာကြီးစွာပြု၏။ပံသုကူမဟာထေရ်လည်း ကုလားကျမင်းသစ္စာပြုသည်ကို ယုံကြည်တော် မူ၍ မင်းရှင်စောရှိရာ ကြွတော်မူပြီးလျှင် အကြောင်းမျိုးကိုပြန်တော်မူလေ၏။
မင်းရှင်စောလည်း မဟာထေရ်၏စကားကိုကြားတော်မူလေသော် ယုံတော်မူ၍ ရွှေလှော်ကားတစ်စင်းနှင့်သာ မဟာထေရရ်ကိုတင်၍ စုန်လာတော်မူ၏။လက်ပံဆိပ်သို့ရောက်လျှင် နရသူလည်း သစ္စာပြုသည့်အတိုင်း လှေသို့ဆင်း၍ နောင်တော့်သန်လျက်ကို ထမ်းပြီးသော် နောင်တော်ကိုမ၍ နန်းတင်လေ၏။ဘိသိတ်သွန်းပြီး၍ ထိုညဥ့်တွင် စားတော်ဝယ် ဆေးခပ်ဘိ၍ အနိစ္စရောက်တော်မူလေသည်။
(၃)
စင်စစ်နရသူမင်းသည် ထီးနန်းအရိုက်အရာကို စံထိုက်သူမဟုတ်ပဲ၊မင်းပြောင်းမင်းလွဲဖြစ်အံ့ဆဲဆဲအချိန်တွင်၊ကံအား လျော်စွာနန်း တော်အတွင်း၌ ကျန်နေခဲ့သူဖြစ်သော်ငြား မင်းဧကရာဇ်အရိုက်အရာကို အရယူနိုင်ရေးအတွက် နည်းမျိုးစုံသုံး၍ ယုတ်မာခဲ့သူဖြစ်ကြောင်း မှန်နန်းရာဇဝင်က ဖော်ပြလျက်ရှိသည်။သူသည်မင်းကရာဇ်အဖြစ်ကိုရသောအခါ အဘယ်သို့လျှင်ဆက်၍ပြုမူခဲ့ပါသနည်းဟူသော အချက် ကိုသိလိုစိတ်ဖြင့် သူ့အကြောင်းကို ဆက်၍စေ့ငုစပ်စုမိပြန်သည်။
မင်းရှင်စောအနိစ္စရောက်တော်မူလျှင် နရသူကိုထိုနှစ်တွင်မင်းဖြစ်တော်မူ၏။
ထိုသို့ဆေးခပ်၍အနိစ္စရောက်ကြောင်းကို ပံသုကူမထေရ်ကြား တော်မူသော်၊နန်းတော်သို့သွား၍ “ဟယ်မင်းဆိုးမင်းညစ်….၊သင်သည်သံသရာဝယ်ခံရအံ့သော၊မကောင်းမှုကိုမကြောက်၊ဤစည်းစိမ်ကို ရလျှင် သင်၏ကိုယ်ခန္ဓာသည် မအိုမသေပြီဟူ၍မှတ်သလော။လောကတွင်သင့်ထက် ပျက်သောမင်းကားမရှိ” ဟူ၍မိန့်တော်မူ၏။ နရသူလည်း “အရှင်ဘုရားထံသစ္စာခံသည့်အတိုင်း နောင်တော့်သံလျက်ကိုထမ်း၍နန်းတင်ပါ၏တကား” ဟုဆို၏။သခင်မြတ်လည်း “လူ့ပြည်တွင် သင့် ထက်ဆိုးသွမ်းညစ်ညမ်းသောသူမရှိတော့ပြီ” ဟုမိန့်တော်မူခဲ့၍ သိန်းဃိုကျွန်းသို့ ကြွလေ၏။
နရသူမင်းကား အမျက်မာန်စောင်ပြင်း၏။မှူးမတ်ဗိုလ်ပါအစရှိသော ပြည်သူအပေါင်းတို့ ကြောက်ရွံ့ခန့်ညားကြကုန်၏။မင်းဖြစ်လျှင် ခမည်းတော်အလောင်းစည်သူပေးသော ကြဘန်အမည်ရှိသော သတို့သမီးကိုလည်းကွပ်လေ၏။ကြဘန်သား ဥတ္တရသူနှင့် ဘထွေး၊ စချီမဟာဗိုလ်ကိုလည်း ကွပ်လေ၏။စွမ်းသန်သောရဟန်းတို့ကိုလည်း လူထွက်ရကုန်၏။အချို့သောရဟန်းမြတ်တို့သည် လူပြုရမည်ကို ကြောက်၍သိန်းဃိုကျွန်းသို့ချည်း၊ကြွလေကုန်၏။
မိဖုရားစသောကိုယ်လုပ်မောင်းမတို့လည်းကြောက်ရွံ့ခံညားကုန်သည်ဖြစ်၍ မချစ်မကြိုက်ကြကုန်။မကောင်းသောဆုကိုယူကုန်၏။တိုင်း ကားနိုင်ငံ၌ နေကုန်သောသူအပေါင်းတို့သည် ပူဆာကြကုန်သည်ဖြစ်၍ ရွာပြည်မြို့ပြပျက်စီးကုန်သည်ကားများ၏။ကောင်းမှုတော်ဓမ္မရံ ကိုလုပ်သည်လည်း ကြောက်ရွံ့ခြင်းပြင်းသောကြောင့် စေ့စပ်သေချာလွန်း၍ မပြီးလေ။
(၄)
မှန်နန်းရာဇဝင်ဤနေရာသို့အရောက်တွင် ကျနော့်စိတ်အစဉ်သည် ကျနော်ဖြတ်သန်းကြီးပြင်းခဲ့သော၊နှစ်ကာလများမှ မြန်မာပြည်ကို အုပ်စိုးခဲ့ကြသူများ၏အကြောင်းဆီသို့ရောက်ရှိသွားခဲ့ပြန်သည်။(၁၉၆၂)ခုနှစ်တွင် တောင်သူလယ်သမား၊အလုပ်သမားတို့၏ဘဝကို လောကပါလဗြဟ္မာစိုရ်တရားတို့နှင့်အညီမြှင့်တင်အံ့ဟူသော ဆောင်ပုဒ်ဖြင့် တပ်မတော်မှအာဏာသိမ်းကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ဖြင့်ခရီးဆက်ခဲ့လေ၏။ ဖွံ့ဖြိုးစည်ပင်သောတိုင်းကြီးပြည်ရွာတို့၌ စစ်တပ်သည်အာဏာနှင့်ဝေးရာမှာနေကြသော်ငြား မြန်မာစစ်တပ်သည် အာဏာနိုင်ငံရေးခရီးလမ်းကို နရသူမင်း၏ခြေလှမ်းမျိုးဖြင့်၊ဝင်ရောက်ခဲ့လေသည်။
နိုင်ငံအလုံးကိုတံခါးပိတ်ကာ ပြင်ပကမ္ဘာကြီးနှင့်အဆက်ဖြတ်၏။ အုပ်စိုးသူသာအကုန်သိသည်ဟုအယူရှိကြ၏။ စစ်တပ်ကိုဗဟိုရ်ပြုလျက် စက်သေနတ်တို့ဖြင့်အရာရာကို အကောင်းအတိုင်းဖြစ်စေနိုင်သည်ဟု ယုံကြည်ခဲ့ကြလေရာအာဏာသည်သေနတ်ပြောင်းဝ တွင်တည် ခဲ့လေသည်။ဖီလာဆန့်ကျင်သူတို့၏လေသံကိုနားလေစမျှမကြားလိုကြကုန်။
ကမ္ဘာအလယ်တွင်အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်ခဲ့သည်ကို ထောက်ရှုလျက် ထိုစနစ်မအောင်မြင်ကြောင်း သက်သေပြခဲ့လေ၏။ မြန်မာ့တပ်မတော်၏အာဏာနိုင်ငံရေး ခရီးစဉ်ကိုဆက်လက် စူးစမ်းသော် အာဏာသိမ်းတပ်မတော်အတွင်းမှာပင်၊အပြန်အလှန်နှိပ်ကွပ်မှုများ၊အတွင်းစည်းအာဏာလုပွဲများပေါ်ပေါက်ခဲ့ကြောင်း အောက်ပါဖြစ်ရပ်များတွင် ထင်ရှားစွာမြင်နိုင်၏။
နာမည်ဆိုးဖြင့်ကျော်ကြားလှသည့် အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်ကြီးနေဝင်း၏တန်ခိုးအာဏာသည် (၂၀၀၂)ခုနှစ်ခန့်တွင်နိဌိတံ ခဲ့ပြီဖြစ်ကြောင်း သူ၏မိသားစုများအား နိုင်ငံတော်လုပ်ကြံမှု၊အာဏာသိမ်းရန်ကြံစည်မှုတို့ဖြင့် အားလုံးအထိန်းသိမ်းခံရခြင်း ကိုကြည့်လျှင် မြင်သာသည်။နိုင်ငံရေးလောကမှ ဦးနေဝင်း တရားဝင်အနားယူသွားချိန်တွင် သူ့သားမက်နှင့်သူ့မြေးသုံးဦးမှာ နိုင်ငံတော်လုပ်ကြံမှု ကြောင့် ထောင်သွင်းအကျဉ်းချခံရရုံမျှမက သူနှင့်သူ့သမီးတို့သည်လည်း နေအိမ်အကျယ်ချုပ်ကျ ခံခဲ့ရသည်။ သူမထင် မရှားညှိုး ငယ်စွာကွယ်လွန်သည့်အခါ ကြီးကျယ်ခမ်းနားစွာသဂြိုဟ်ခွင့်ပင်မရခဲ့ပဲ သူ့အရိုးပြာကို ရန်ကုန်မြစ်အတွင်းသို့ မျှောချလိုက်ခြင်း ဖြင့်နိဂုံးတိုင်ခဲ့သည်။
ဦးနေဝင်းခေတ်ပြီးဆုံးသည့်နောက် ထပ်မံပေါ်ထွက်လာသောစစ်ခေါင်းဆောင်ကား (၁၉၈၈)ခုနှစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်
ကြီးစောမောင်ဖြစ်၏။သူသည်လည်း အဆိပ်မိသလော၊ ဦးခေါင်းခွဲစိတ်မှုကြောင့်လော၊ နှလုံးရောဂါ ကြောင့်လော၊ တိတိကျကျ အဖြေ မထုတ်နိုင်သည့်အကြောင်းတခုဖြင့် အာဏာနိုင်ငံရေးခရီးစဉ်တွင် ဖြုတ်ထုတ်သတ်စာရင်းဝင်လျက် မထင်မရှားနိဂုံးချုပ်ခဲ့ပြန်သည်။ထို နည်းတူဒုတိယဗိုလ်ချုပ်ကြီးတင်ဦး၏နောက်ဆုံးခရီးသည်လည်းကောင်း၊အာဏာလက်စောင်းထက်ခဲ့သည့်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်၏ဘဝခရီးသည်လည်းကောင်း၊စစ်ဗိုလ်ချုပ်အချင်းချင်းနေရာလုရင်း ရုပ်ပျက်ဆင်းပျက်ထင်ကျန်နေရစ်ခဲ့သည်။
စစ်တပ်အုပ်စိုးသောကာလများတွင် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ဓာတ်ပုံများကို ငွေစက္ကူများမှဖယ်ရှား၏။ စစ်ဗိုလ်ချုပ်တို့၏ကိုယ်ကျိုးစီးပွား အတွက်တစ်တိုင်းပြည်လုံးကိုလက်ညှိုးထိုးရောင်းစား၏။ တိုင်းတပါးနိုင်ငံလက်ထဲသို့ဝကွပ်အပ်၏။ အာဏာကိုထိပါးသူမှန်သမျှ အစိမ်းအကျက်မရွေး၊ရက်စက်စွာနှိပ်ကွပ်၏။အသိဥာဏ်တစ်ထွာတစ်မိုက်ဖြင့် မစားရဝခမန်းဧရာမ စီမံကိန်းကြီးများကို အကောင်အထည်ဖော်၏။စီမံကိန်းမှန်သမျှ မရေမရာဇာတ်သိမ်းခဲ့၏။ ပညာရှိတို့တိုင်းပြည်မှဝေးရာသို့လွှင့်ကုန်၏။ အယူအဆမတူသူတို့ကို ရန်သူစာရင်း သွင်းကာ ညှင်းပန်းနှိပ်စက်၏။တိုင်းပြည်အလုံးကြိမ်မီး အုံးသကဲ့ရှိ၏။နရသူမင်းလက်ထက်နှင့် ဘာထူးပါသနည်း။
အချုပ်အားဖြင့်ဆိုရသော် မြန်မာ့တပ်မတော်မင်းဆက်တို့၏အာဏာရလျှင်ပြီးရောဟူသည့်တစ်နပ်စားအကြံတို့ကား ပုဂံခေတ်နရသူ မင်း၏ လုပ်ရပ်များကိုသတိရစရာကောင်းလှသည်။အကြပ်စစ်သည်အစရှိသောတပ်မတော်သားတို့ကို မမုန်းသောကျနော်သည် မြန်မာ့တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၏ ရုပ်သွင်ကိုမြင်ရလေတိုင်း ရာဇဝင်ထဲက နရသူမင်း၏အကြောင်းကိုသာ ပြေး၍ သတိရမိသည်ချည်းဖြစ်၏။
(၄)
နရသူခေါ်ကုလားကျမင်း၏နိဂုံးပိုင်းကိုဆက်၍လေ့လာပါဦးအံ့။
ခမည်းတော်လက်ထက်ဆက်လာသော ကုလားမင်းသမီးကြီးကို ထိုမင်း၊မင်းဖြစ်တော်မူလျှင် မပြတ်လုပ်ကျွေးရ၏။တစ်ရံရောအခါ မင်းကြီး ရေအိမ်ဝင်ရာတွင်သန့်သက်ရေ မဆောင်သည်ကို ကုလားမင်းသမီးသိလေသော် ကျင်ကြီးကျင်ငယ်သွားသည်။သံဝါသဖြစ်သည် များ၌သန့်သက်ရေဆောင်ကောင်းလျက်မဆောင်လေသည်ဟူ၍ ရွံ့ရှာသောအားဖြင့်မချည်းမကပ်နေသည်ကို မင်းကြီးအမျက်တော်ရှိ၍ စွဲတော်မူသောသန်လျက်ဖြင့်ခုတ်၍အနိစ္စရောက်တော်မူလေ၏။ခမည်းတော်ကုလားမင်းကြီးကြားလေသော် ကုလားသူရဲကောင်းရှစ်ရာ တွင်ရွေး၍ကုလားသူရဲကောင်းရှစ်ယောက်ရ၏။ကုလားမင်းကြီးက ဤသို့ဆို၏။ ”ဟယ်အချင်းတို့၊သမီးတော်ကိုသတ်သော မင်းရှိရာ၊ ပုဏ္ဏား အယောင်ဆောင်၍ နင်တို့သတ်ချေ။ထိုမင်းသေလျှင် နင်တို့ကိုယ်ကို သန်လျက်နှင့်ထိုး၍သေကြလေ။ နင်တို့သားမယားကို သုံးစွဲစား သောက်လောက်အောင် ငါပေးတော်မူမည်” ဟုဆို၏။
သူရဲကောင်းရှစ်ယောက်တို့သည်သားမယားတို့ကို တသန္တာန်ပတ်လုံးသုံးစွဲစားသောက်လောက်အောင်ပေးတော်မူပါ။ထိုမင်းကိုသေ အောင်သတ်မည်ဟုလျှောက်၏။ပဋိက္ကရားမင်းလည်း ကြီးစွာသောဆုလာဒ်ပေးပြီးလျှင်ထိုသူရဲရှစ်ယောက်တို့ကို ပုဏ္ဏားယောင်ဆောင်စေ ၍ ခရုသင်းကိုခါးဝယ်ပိုက်လျက် သန်လျက်ကိုယ်စီဖြင့်လွှတ်လိုက်၍ ပုဂါရာမသို့လာရ၏။ရောက်လျှင်နန်းတော်သို့သက်၍ မင်းကြီးအား ခရုသင်းနှင့်နေစာမြက်ကမ်းဟန်ပြု၍ ပတ်ပတ်ရံပြီးသော် အမတ်သိဒ္ဓိကာကြီးကိုလက်ညှိုးတန်းတန်းညွန်၍ “ဟယ်၊အမတ်၊အထက်က လည်း၊နင်တို့တံစိုးများစွာစား၍ ငါတို့အရှင့်သားဆုံးပြီ။ယခုလည်းနင်မတားဆီးသောကြောင့် ငါတို့အရှင့်သမီးဆုံးရပြန်သည်” ဟူ၍ဆိုပြီးမှ မင်းကြီးကို သန်လျက်နှင့်ထိုးသည်။အနိစ္စရောက်တော်မူချေ၏။ယင်းသို့မှ အမတ်သိဒ္ဓိကာကိုထိုးမည်လိုက်သည်။မမိ၍ ချင်းတို့ကိုယ်ကို သန်လျက်ဖြင့်ထိုးသည်။ရှစ်ယောက်လုံးသေလေ၏။ယင်းသို့ ကုလားထိုး၍သေသည်ကိုအကြောင်းပြု၍ ထိုမင်းကို နောက်မှ ကုလားကျဟု တွင်၏။ကုလားကျမင်းကား ဟီရိသြတ္တပလည်း မစောင့်၊စကားလည်းမမှန်၊မှူးကြီးမတ်ကြီး၊အတွင်းသူအပြင်သူတို့ကိုလည်း မျက်နှာမ ကြည့်၊ရက်ရောကြမ်းကြုတ်စွာပြုလေ့ရှိ၏။ပြည်သူရွာသားတို့ကိုလည်း နှိပ်စက်ညှင်းပန်း၏။ထိုသို့ပြုလေ့ရှိသောကြောင့် အမှူးအမတ် ပြည်သူလူရဟန်းအပေါင်းတို့သည် မကောင်းသောဆုကိုပြုကုန်၏။အိမ်နိမ့်စံလေးဆယ့်ငါးနှစ်၊စည်းစိမ်လေးနှစ်၊သက်တော်လေးဆယ့်ကိုး နှစ်သော်အနိစ္စရောက်တော်မူ၏။
(၅)
ကိုယ့်သမိုင်းကိုယ်ရေးသည်ဟုဆိုကြသည်။သမိုင်းထဲမှ၊လေးစားမြတ်နိုး၊အားကျဖွယ်၊အထင်ကရပုဂ္ဂိုလ်တို့သည်ဂုဏ်သိက္ခာ၏ကြီးကျယ်မြင့်မြတ်မှုကိုသိကြသည်။တချိန်တွင်ခြေရာအကောက်ခံရမည်ကိုနားလည်ခဲ့ကြသည်ဖြစ်၍၊သူတို့သည်ရာထူးဂုဏ်သိမ်၊စည်းစိမ်ဥစ္စာနှင့်အသက်ကိုပင် စွန့်လွှတ်ခဲ့ကြသည့် ဖြစ်ရပ်နမူနာများစွာရှိသည်။
လက်ရှိကာလမြန်မာနိုင်ငံတွင်ကား၊ထင်တိုင်းကြဲနိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲခဲ့ကြသည်။ဇွတ်အတင်းအဓမ္မအတည်ပြုကာ ပြည်သူလူထုအားလုံးနီးပါးထောက်ခံပါကြောင်းမျက်နှာပြောင်တိုက်၍ အသံကောင်းဟစ်သည်။လွှတ်တော်အသီးသီးတွင် သိက္ခာမဲ့စွာနေ ရာယူလျက်ရှိကြသည်။လတ်တလောသတင်းများတွင်ပင် တိုင်းပြည်မျက်နှာကိုထောက်ထားခြင်းမရှိပဲ၊အာဏာရှင်သက်ဆိုးရှည်စေမည့် ဥပဒေ တို့ကိုကာကွယ်ကာ ပြင်သင့်ပြင်ထိုက်သောဥပဒေများကို အချိန်မီပြင်ဆင်ရန်ငြင်းဆန်လျက်ရှိနေချေ၏။ အာဏာရှင်မျိုးဆက်သစ် တို့ကား အလွတ်သတင်းထောက်တစ်ဦးကို သေနတ်လုသည်ဟူသောအကြောင်းပြချက်ဖြင့် လူမသိသူမသိသတ်ဖြတ်ပစ်ခဲ့သည်အထိ အတင့်ရဲ နေကြဆဲဖြစ်၏။
အကယ်တန္တိ၊ဤဖြစ်ရပ်တို့ကို ပံသုကူမထေရ်မြတ်သာမြင်သည်ဆိုငြားအံ့။လွှတ်တော်တွင်းမှ နရသူမျိုးဆက်သစ်များအား၊ “ဟယ်၊နရ သူလက်သစ်တို့….၊သင်တို့သည်သံသရာဝယ်ခံရအံ့သော၊မကောင်းမှုကိုမကြောက်၊ဤစည်းစိမ်ကို ရလျှင် သင်တို့၏ကိုယ်ခန္ဓာသည် မအိုမသေပြီဟူ၍မှတ်သလော။လောကတွင်သင်တို့ထက် ပျက်သောအုပ်စိုးသူတို့ကားမရှိ၊နရသူ၏မရှုမလှဇာတ်သိမ်းကို ကြည့်လေ” ဟူ၍ပြစ်တင်မောင်းမဲပေလိမ့်မည်။
လူတို့သည် သမိုင်းခြေရာကိုနည်းလမ်းမျိုးစုံဖြင့်တူးဆွရှာဖွေဆန်းစစ်တတ်ကြချေ၏။ကျန်ရစ်သောသမိုင်းမှတ်တမ်းအစောင်စောင်မှ ဖြစ်ရပ်တို့ကို နှိုင်းယှဉ်ချိန်ထိုးလျက်တရား၏မတရား၏၊မှန်၏မမှန်၏၊သင့်၏မသင့်၏၊သမိုင်းမှတ်ကျောက်တင်ကြပေဦးမည်။ဤပုံဤနှယ် ဤခရီးကို ရှေ့သို့ဆက်ကာလှမ်းနေကြပါမူ နောင်နှစ်ကာလများမကြာမီ၊တူရွင်းဖြင့်တူးဖော်ဆန်းစစ်ရန်မလိုအပ်သော ကာလတိုအပိုင်း အခြားတစ်ခုအတွင်း၊မြန်မာ့သမိုင်း၌ မြန်မာစစ်အစိုးရ တရုတ်ကျမင်းဆက်၏ ရာဇဝင်ဆိုးသည် အရုပ်ဆိုးအကျည်းတန်စွာ ထင်ကျန်ခဲ့ မည်မှာအလွန်တရာသေချာလှပေ၏။ကြီးစွာသတိမူသင့်သည့် အချက်တစ်ရပ်ကား ထိုသမိုင်းဆိုးတွင် ကျနော်တို့သည် ဒုက္ခ တောထဲ ၌၊မတရားမှုမှန်သမျှကို၊လည်စင်းခံခဲ့ကြရသည့် ဇာတ်ကောင်များအဖြစ်ပါဝင်နေမည့်အချက်ဖြစ်လေသည်။