“အိုဘားမား၊မြန်မာထိပ်သီးများနှင့်၊တရားမျှတ၍လွတ်လပ်သော(၂၀၁၅)ဆီသို့”
(မင်းဒင်)
(၁) ပန်းစပယ်နန်းအလယ်မပေါ်ခိုက်ဟာမို့
“နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ(၁)တွင် လာမည့် နိုဝင်ဘာ (၁၁ )နှင့် (၁၂) ရက်များ၌ ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အမေရိကန်သမ္မတအိုဘားမားတက်ရောက်မည်” ဟူသောသတင်းအပေါ်၊မြန်မာလူထု၏ ခံစားချက်ကို အလင်္ကာဆင်၍စကားဆိုရလျှင်၊ကမ္ဘာဦးလူတို့နေလကိုမျှော်တကြသည့်အဖြစ်ကိုပင်သတိရစရာကောင်းသေးတော့၏။
ထူးမခြားနားစစ်ဝါဒီဇာတ်မျောရှည်ကြီးဖြင့် မတိုးသာမဆုတ်သာ၊အီခံနေသော မြန်မာ့နိုင်ငံရေးသည် “အိုဘားမားမြန်မာပြည်လာဦး မည်”ဟူသော သတင်းကြောင့် လှုတ်ခတ်ဆူညံသွားရပြန်လေပြီ။
(၂၀၁၂)ခုနှစ်၊ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင်၊ပထမဆုံးအကြိမ်အဖြစ် အမေရိကန် သမ္မတဘားရက်အိုဘားမား၏ခရီးစဉ်သည်၊ မြန်မာ့နိုင်ငံရေးရှေ့ခရီးအတွက် များမြောင်လှသောနောက်ဆက်တွဲရလာဒ်တို့ကို ဖြစ်ပေါ်စေခဲ့၏။ထိုရလာဒ်တို့သည် မြန်မာ့အတိုက် အခံတို့ထက် စစ်ဝါဒီမျိုးဆက်မြန်မာအစိုးရကိုသာ အကျိုးများစေခဲ့သည်ဖြစ်ရာ၊ အိုဘားမား၏ ဒုတိယမ္ပိ ခရီးစဉ် အပေါ်၊စနစ်ဆိုးဒုက္ခ တောထဲမှ မလွတ်မြောက်နိုင်သေးသည့်၊မြန်မာလူထုအဖို့၊ မျှော်လင့်ချက်ကြီး ရပြန်လေသည်။
သည်တကြိမ်တွင်လည်း အိုဘားမားရောက်မလာမီမှာပင် စိတ်လှုပ်ရှားဖွယ်၊မြန်မာ့နိုင်ငံရေးအလှုပ်အခတ်ဖြစ်ရပ်တို့တသီတတန်းကြီး ဖြစ်ပေါ်နေသည်ကို တွေ့မြင်ရပြန်သည်။ မြန်မာ့ဒီမိုကရေစီရေးအရွေ့သည်၊ကျေနပ်အားရစရာမရှိဟု အိုဘားမားက သတိပေးလာသည်။ သမ္မတနှင့်ဒေါ်အောင်ဆန်းစုကြည်ထံ တယ်လီဖုန်းဖြင့်တိုက်ရိုက်ဆက်သွယ်၏။မည်သူမည်သို့ရွေးချယ်သည်ဟုရေရေရာရာ မဖော်ပြနိုင် သည့်၊မြန်မာ့နိုင်ငံရေးထိပ်သီး(၁၄)ဦးတို့ ၊နေပြည်တော်ရှိသမ္မတအိမ်တော်တွင် တွေ့ဆုံဆွေးနွေးကြသည်။မြန်မာပြည်သို့အိုဘားမား ရောက်ရှိမည့်ရက်ပိုင်းအတွင်းမှာပင်၊တရုတ်သမ္မတဇီကျန်ပင်းနှင့် မြန်မာသမ္မတတို့၊တရုပ်နိုင်ငံတွင်၊အချိန်ကိုက် တွေ့ဆုံရန်ရှိသည် ဟုလည်း သတင်းများက ဆိုသည်။ထိုမျှမက လာမည့်ဒီဇင်ဘာအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည် သည်လည်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ အလည်အပတ်ခရီးသွားရောက်မည်ဟုဆိုပြန်၏။
ထိုမျှလောက်လှုပ်လှုပ်ရွရွဖြစ်ရသည့် မူလဘူတအကြောင်းရင်းခံကားအဘယ်အရာပေနည်း။
ကမ္ဘာ့အင်အားအကြီးဆုံးနံပတ်တစ်နိုင်ငံစာရင်းဝင်သောအမေရိကန်နိုင်ငံ၏ခေါင်းဆောင်ကြီး မည်သည့်နိုင်ငံသို့မဆို ခရီးနှင်သည် ဖြစ်စေ၊ကမ္ဘာနှင့်အဝှမ်းစိတ်ဝင်စားမှုရှိကြသည်ချည်းဖြစ်သော်ငြား၊ မြန်မာပြည် ခရီးစဉ်အား ထို့ထက်ပို၍အာရုံစိုက်လျက်ရှိကြခြင်း၏ အကြောင်းရင်းကား မြန်မာစစ်ဗိုလ်ချုပ်တို့အနေဖြင့်၊ နှစ်ပေါင်းငါးဆယ်နီးပါးမျှ အမေရိကန်အား “အနောက်အုပ်စု အင်အားကြီးနိုင်ငံ တစ်ခု”ဟူ၍ စောင်းပါးရိပ်ခြည်အမည်တပ်ကာ အစဉ်မပြတ်ရန်သူစာရင်းသွင်းခဲ့ရာမှ မြစ်ဖျားခံလေ၏။ ထိုမှသည် လွန်ခဲ့သောလေးနှစ် မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်သို့အကူးအပြောင်းတွင် အမေရိကန်ပါဝင်ပတ်သက်ခဲ့ပြန်သော်ငြား ဒီမိုကရေစီခရီးသည်ကျေနပ် ဖွယ်ရာအရွေ့မပြခဲ့ချေ။ ဤခရီးစဉ်သည် အမေရိကန်နိုင်ငံ၏မြန်မာနိုင်ငံဒီမိုကရေစီအရွေ့အပေါ် ဒုတိယအကြိမ်မြောက်အားစိုက်မှုဟု လည်းဆိုနိုင်သည်။
မြန်မာ့မြေနန်းမဟီဝယ်၊ဒီမိုကရေစီစံပယ်ပင်သည်၊၊အဘယ်ကြောင့်လွယ်လင့်တကူမရှင်သန်နိုင်ရပါသနည်းဟူသောအချက်သည် စိတ်ဝင်စားဖွယ်ကောင်းလှသည်ဖြစ်ရာ နောက်ခံသမိုင်းရာဇဝင်တို့နှင့်ချိန်ထိုးသုံးသပ်လိုသည်။
(၂) အတိတ်သမိုင်းဆီမှလွမ်းစရာ့၊ မြန်မာတို့ဂုဏ်တေဇာ
တိုင်းပြည်နှင့်လူမျိုးတိုင်းလိုလို ကိုယ့်လူမျိုးကိုယ့်သမိုင်းအတွက် နည်းမျိုးစုံဖြင့်ဇန်းတင်ကြသည်ချည်းဖြစ်၏။ချဲ့ကားသည်လည်းရှိ၏။အ မှန်တကယ်ရှိခဲ့သလောက်မဖော်ထုတ်နိုင်သည်လည်းရှိ၏။ပျူခေတ်ကတည်းကပင် လက်အောက်ခံနိုင်ငံများကို သိမ်းကျုံးစုရုံးကာ အင်ပါယာကြီးအဆင့်အထိ တန်ခိုးကြီးမားခဲ့သောမြန်မာ့သမိုင်းကား မည်သည့်နည်းနှင့်မျှ နိမ့်ပါးသေးသိမ်သည်ဟုမဆိုနိုင်ချေ။ ပဒေသရာဇ်နိုင်ငံများ အဆင့်၊မြန်မာဘုရင်တို့၏လက်ထက်တွင်လည်း အာရှတိုက်တလွှားတန်ခိုးရှိန်စော်ကြီးခဲ့သည်မှာ ကုန်းဘောင်ဆက် တိုင်အောင်ဖြစ်၏။
ကုန်းဘောင်ခေတ်၊ ဘကြီးတော်(စစ်ကိုင်းမင်း)လက်ထက် ၊ခရစ်နှစ် (၁၈၂၄)ခုနှစ်တွင်၊ရှင်မဖြူကျွန်းကိစ္စနှင့်ပတ်သက်၍ ပထမအင်္ဂလိပ် မြန်မာစစ်ပွဲစတင်ဖြစ်ပွားကာ၊မြန်မာပြည်အောက်ပိုင်းကိုဆုံးရှုံးလက်လွတ်ခဲ့ရသည်။ထိုအချိန်တွင် မြန်မာနိုင်ငံသည်ကမ္ဘာကြီးနှင့် အဆက် အသွယ်ပြတ်တောက်သွားခဲ့ပြီး၊(၁၈၃၀)ခုနှစ်၊ အင်္ဂလန်၌ပေါ်ပေါက်လာခဲ့သည့်၊စက်မှုတော်လှန်ရေးကိုမျက်ခြေပြတ်ကာ၊ဖွံ့ဖြိုးမှုတွင် နောက်ကျကျန်ရစ်ခဲ့ရသည်။
အင်္ဂလိပ်တို့နှင့်နှစ်ကြိမ်တိုင်တိုင်စစ်မက်ဖြစ်ပွားခဲ့ပြီး၊တိုင်းပြည်တဝက်ကျော်လက်လွှတ်ထားရသည့်၊မင်းတုန်းမင်းလက်ထက်(၁၈၅၂-၁၈၇၈)မှာပင် ကင်းဝန်မင်းကြီးဦးဆောင်သောမြန်မာသံအဖွဲ့သည် ပြင်သစ်တို့နှင့်မဟာမိတ်ဖွဲ့လျက်၊ပါရီမြို့တိုင်ခရီးဆန့်ကာ စက်မှုတော် လှန်ရေးကို အမှီလိုက်နိုင်ရန်ကြိုးပမ်းခဲ့သော်ငြား၊မြင်ကွန်းမြင်းခုံတိုင်အရေးတွင်ကနောင်မင်းသားကြီးကံကုန်ရသည်မှ လုံးဝအဆက်ပြတ် နောက်ကျကျန်ရစ်တော့သည်။အာရှတိုက်တွင်ဂျပန်နိုင်ငံသည်ကား၊မီဂျီခေတ်(၁၈၆၈-၁၉၁၂)ပြုပြင်ပြောင်းလဲရေးဖြင့် စက်မှုတော်လှန် ရေးကိုမျက်ခြေမပြတ်ခဲ့သောကြောင့် အာရှတိုက်၏တစ်ခုတည်းသော ကမ္ဘာထိပ်တန်းစာရင်းဝင်နိုင်ငံဖြစ်လာခဲ့လေသည်။
လွတ်လပ်ရေးတိုက်ပွဲအဆင့်ဆင့်ကိုကျော်ဖြတ်ပြီး(၁၉၄၈)ခုနှစ်တွင်၊လွတ်လပ်ရေးရရှိရာ၊အင်္ဂလိပ်တို့ကျင့်သုံးခဲ့သော စီးပွားရေး၊ ရေခံ မြေခံကို အမွေဆက်ခံ၍၊ဒီမိုကရေစီစနစ်ဖြင့် ခေတ်မီနိုင်ငံအဖြစ်သို့ဦးတည်ခဲ့ပြန်သော်လည်း စစ်တပ်၏အာဏာသိမ်းမှုကြောင့် (၁၉၆၂) ခုနှစ်တွင် မြန်မာ့ဒီမိုကရေစီအရေးသည်လှေလှော်ရင်းတက်ကျိုးခဲ့ရပြန်သည်။
အနှစ်ချုပ်ဆိုရပါမူ မြန်မာပြည်သည်ဖွံ့ဖြိုးတိုးတက်မှုတွင် ဓားမနောက်ပိတ်ခွေးဘဝရောက်ခဲ့ရခြင်းမှာ စက်မှုတော်လှန်ရေးကိုမျက်ခြေ ပြတ်ကျန်ရစ်ခြင်းနှင့်ဒီမိုကရေစီစနစ်မဖွံ့ဖြိုးခဲ့ခြင်းကြောင့်ဖြစ်လေရာ ဒီမိုကရေစီဆိတ်သုဉ်းခဲ့ခြင်း၏အဓိကလက်သည်တရားခံမှာ ဆင်ခြင်တုံတရားကင်းမဲ့သော မြန်မာစစ်ခေါင်းဆောင်များကြောင့်ဖြစ်ကြောင်းသမိုင်းတွင်မြင်သာလျက်ရှိသည်။
(၃) မြန်မာတပြည်လုံးသရောကြီးခိုင်းခဲ့သော နဝတ၊နအဖခေတ်
တပ်မတော်အစိုးရအဆက်ဆက်သည် အာဏာ၊လက်နက်တို့ဖြင့်၊တိုင်းပြည်၏အနာဂတ်အပါအဝင် အရာရာကိုအကောင်း အတိုင်း ဖြစ်စေမည်ဟုမျှော်လင့်ယုံကြည်ခဲ့ကြသည်။စစ်ဗိုလ်တို့သည် တရားဥပဒေ၏အထက်တွင် အမြိန့်သားနေရာယူခဲ့ကြကာ၊ပဒေသရာဇ် ခေတ်နယ်ပိုင်နယ်စားများကဲ့သို့၊ရုံးတစ်ရုံးဓားတစ်စင်းလုပ်ပိုင်ခွင့်ရခဲ့ကြသည်။
ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သောမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ယုံကြည်ချက်မှာ မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်စနစ်ဖြင့် ဗြဟ္မစိုရ်တရားထွန်းကားသည့်၊ သာယာဝပြောသောလူ့ဘောင်သစ်ကြီးဆီသို့ချီတက်ရေးဟုဆို၏။(၁၉၈၈)ခုနှစ်သို့တိုင်သော် တစ်ကမ္ဘာ လုံးတွင် အမွဲတေဆုံးစာရင်းဝင်လျက် လူထုအုံကြွမှုကြီးဖြင့် မဆလခေတ်ဇာတ်သိမ်းခဲ့ရာ၊မြန်မာ့တပ်မတော်ကပင် နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့အမည်ဖြင့် ခေတ်မီဖွံ့ဖြိုးတိုး တက်သော နိုင်ငံတော်သစ်ကြီးဆီသို့ ချီတက်ကြပြန်သည်။ထိုမှသည် နိုင်ငံတော်အေးချမ်း သာယာရေးကောင်စီဟူ၍ အမည်သာပြောင်း လူမပြောင်းသည့်ကိုသာဆိုးတို့ခေတ်ဆီသို့ ရောက်လာတော့သည်။
ယင်းအဖွဲ့တို့သည် တိုင်းပြည်လူစဉ်မီရေးကို လုံးလုံးမစွမ်းဆောင်နိုင်သော်ငြား ကိုယ်ကျိုးရှာမှုအရာတွင် မဆလဗိုလ်ချုပ်များက အဘပြန်ခေါ် ရလောက်အောင် ထူးချွန်ထက်မြက်ခဲ့ကြ၏။လူမဆန်စွာဖိနှိပ်ရာတွင် နယ်ချဲ့အင်္ဂလိပ်နှင့်ဖက်ဆစ်ဝါဒီဂျပန်တို့ ကပင်သြချ ရလောက်အောင် လက်သံပြောင်ခဲ့ကြသည်။သူတို့ကိုင်စွဲသောမူမှာ အာဏာလက်မလွတ်ရေးမူဖြစ်၍၊၎င်းတို့အာဏာရနေစဉ်အတွင်း၊ အတိုက်အခံခေါင်းဆောင်ဒေါ် အောင်ဆန်းစုကြည်ကို နည်းမျိုးစုံသုံး၍ ဖိနှိပ်ခြင်းဖြင့် ကုန်ဆုံးခဲ့သည်။ စစ်မှုထမ်းအဆင့်ဆင့် တို့သည်၊ အရပ်ဖက်ရုံးဌာနအသီးသီးသို့ မိုးကျ ရွှေကိုယ်များအဖြစ်ရောက်ရှိလာကြကာ၊ထင်တိုင်းကြဲနိုင်ခဲ့ပြီး ယင်းတို့သည် နိုင်ငံတော်ကို ကိုယ်စားပြုသည်ဟုဆိုကာ ယင်းတို့နှင့် ဆန့် ကျင်ဖက်အမြင်ရှိသူတို့သည် နိုင်ငံတော်ကို သစ္စာဖောက်ဖျက်ပုန်ကန်သူများဟု သတ်မှတ် ခဲ့ကြသည်။
သူတို့သည်အမှန်တရားကိုရင်ဆိုင်ရန် ကြောက်ရွံ့၍စစ်ဗိုလ်တို့သည်တိုင်းပြည်ကို၊စည်ပင်ဖွံ့ဖြိုးအောင်ထူထောင်နိုင်သည် ဟူသော အယူအဆကို သက်သေပြနိုင်ရန်ကြိုးစားခဲ့ကြ၏။စစ်ဗိုလ်သည်အရာအားလုံးအကုန်တတ်၏ဟူသော အယူအစွဲပြင်းထန်ခဲ့သည်။
နိုင်ငံတော်စီမံကိန်းများအားနီးစပ်ရာလုပ်ငန်းရှင်များသို့လက်သိပ်ထိုးခွဲဝေပေးကာ၊ထိုလုပ်ငန်းများ၏အကျိုးအမြတ်ကို ပြောင်ပြောင်တင်း တင်း ဝေစားမျှစား လုပ်ခဲ့ကြရာမြန်မာပြည်တွင်ခေတ်ပျက်သူဌေး(ခရိုနီ)များပေါ်ပေါက်လာစေခဲ့သည်။တချိန်တည်းမှာပင် ပြည်သူလူထု အများစုမှာ ဆင်းရဲတွင်းနက်သထက်နက်ခဲ့ကြသည်။စစ်ဗိုလ်ချုပ်များကို မျက်နှာချိုသွေးခေါ်ဝေါ်သည့် အဘ၊အဘကြီးဟူသော အသုံးအ နှုံးခေတ်စားတွင်ကျယ်ခဲ့ရာ ထိုခေတ်ကို အဘတို့ခေတ်ဟုသမုတ်နိုင်၏။
(၄) ရေစုန်မျောခဲ့လေသော တို့တိုင်းတို့ပြည်
နဝတ၊နအဖအစိုးရတို့တိုင်းပြည်သို့ပေးအပ်သောမူလကတိကဝတ်မှာ ပါတီစုံဒီမိုကရေစီစနစ်ဆီသို့ ကူးပြောင်းနိုင်ရန်၊ ပန်းခင်းသော လမ်းကိုဖန်တီးပေးရန်ဟုဆိုပါ၏။ သို့သော်၊ယင်းတို့၏ကတိပျက်ကွက်မှုအပေါ်၊မြန်မာလူထုက “စစ်တပ်ဟာ (၁၉၈၈)က ပြောတဲ့ “ပစ်ရင် မိုးပေါ်ထောင်မပစ်ဘူး”ဆိုတာ တစ်ခုတည်းပဲ၊ပြောထားတဲ့ စကားအတိုင်း ကတိတည်တယ်။ တကယ်လုပ်တယ်။ ကျန်တာတွေက တော့၊ အကုန်လိမ်နေတာကြီးပဲ” ဟူ၍ပင်၊ ရယ်သွမ်းသွေးပြက်လုံးထုတ်ခဲ့ကြသည်။
အဘတို့ခေတ်တွင် နိုင်ငံရေးအတိုက်အခံတို့ကိုဘိန်းပစ်ဖမ်းခြင်း၊တွေ့ရာပုဒ်မတပ်ခြင်းတို့အပါအဝင် ထောင်ဒဏ်နှစ်တစ်ရာကျော်ချ မှတ်သည်အထိ၊ကမ်းကုန်အောင်ဥပဒေမဲ့ပြုမူခဲ့ရာ၊ အဘတို့၏ဖိနှိပ်ရက်စက်မှုကို တကမ္ဘာလုံးထိတ်လန့်တုန်လှုပ်ခဲ့ကြရသည်။တရားရုံး ၏ဆင်ခြင်တုံတရားကို မျက်ကွယ်ပြုခဲ့သောကြောင့်၊မြန်မာပြည်တရားရုံးအဆင့်ဆင့်သည် စစ်ဗိုလ်တို့တို့၏ညွန်ကြားချက်အ တိုင်းဆုံးဖြတ် ခဲ့ရသောခေတ်ကာလဖြစ်သည်။လက်တွေ့နှင့်ကင်းကွာသောဝါဒဖြန့်ဆိုင်းဘုတ်၊ကြွေးကြော်သံမျိုးစုံအပြင်၊၊ရုပ်ရှင်၊ဂီတနှင့် စာပေ အနု ပညာရှင်တို့ကိုလည်း၊ဝါဒဖြန့်ရာတွင် အတင်းအကြပ်ခိုင်းစေခဲ့ကြ၏။ အုံကြွတော်လှန်မှုမှန်သမျှ လက်နက်အားကိုးဖြင့် ရက်ရက်စက်စက် ပစ်ခတ်နှိမ်နှင်းခဲ့ကြ၏။ထို့မျှမက စစ်ဗိုလ်ချုပ်အချင်းချင်းအကြား အာဏာအားပြိုင်မှုများ၊ဖြုတ်ထုတ်သတ်ဖြစ်စဉ်များ ၊အများအပြားပေါ် ပေါက်ခဲ့သည်။ခေတ်နောက်ပြန်ဆွဲနေသည့် စစ်ဗိုလ်ချုပ်တို့သည် တပ်မတော်၏အစဉ်အလာကောင်းဖြစ်သော အထက်အောက်အမိန့်နာ ခံတတ်မှုကို တလွဲအသုံးချကာ တိုင်းပြည်ကိုပျက်စီးခြင်းငါးပါးဆိုက်စေခဲ့၏။စစ်ဖက်ဆိုင်ရာဆေးတက္ကသိုလ်၊အင်ဂျင်နီယာတက္ကသိုလ် တို့ ကိုသီးခြားဖွင့်လှစ်လျက် ကမ္ဘာတည်သရွေ့စစ်ဝါဒကြီးစိုးစေမည့် အစီအမံများဖြင့် မြန်မာ့တပ်မတော်ကို မြန်မာလူထုနှင့်ပို၍ဝေးကွာစေခဲ့ ပြန်သည်။
မြန်မာနိုင်ငံအတွက်မည်သို့မျှအကျိုးမပြုနိုင်သည့်၊ပြိုကွဲနေသောဆိုဗီယက်အင်ပါယာကြီးမှ ချွတ်ခြုံကျကျန်ရစ်သော၊ရုရှနိုင်ငံနှင့် အရည်မရ၊အဖတ်မရ၊စစ်ရေးဆက်ဆံမှုကိုတိုးမြှင့်ခဲ့သည်။တကမ္ဘာလုံးက ဝိုင်းကျဉ်ထားသည့် မြောက်ကိုးရီးယားကဲ့သို့ နိုင်ငံမျိုးနှင့် ရွှေလမ်းငွေလမ်းဖောက်ကာ၊ အာဏာတည်မြဲရေး ရည်ရွယ်ချက်ဖြင့် နျူးကလီးယားအိပ်မက်ကိုမက်ခဲ့ ကြသည်အထိ၊ ခြေလှမ်းကျဲ ခဲ့ကြသည်။နဝတ၊နအဖခေတ်သည် တရုတ်ပြည်၏စီးပွားရေးပြု ပြင်ပြောင်းလဲရေးမူဝါဒစတင်ကျင့်သုံးချိန်နှင့် ကံဆိုးစွာတိုက်ဆိုင်နေခဲ့ရာ၊ တရုတ်စီးပွားရေးလုပ်ငန်းများသည် မြန်မာ့မြေပေါ်ဝယ် အခွင့်ထူးခံဘဝဖြင့်၊နေရာရတွင်ကျယ်လာခဲ့ကြသည်။အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံသည်ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌၊ဗီတိုအာ ဏာဖြင့် မြန်မာစစ်အာဏာရှင်များကို အကာအကွယ်ပေးခဲ့ကြသည်။
ထို့ကြောင့်နဝတ၊နအဖလက်ထက်တွင် မြန်မာနိုင်ငံသည်အစားထိုးပြုပြင်၍မရသောအောက်ပါဆုံးရှုံးမှုတို့ကိုဖြစ်ပေါ်စေခဲ့သည်။
(က) မြန်မာတပြည်လုံး၏စီးပွားရေးစီမံကိန်း(၈၀)ရာခိုင်နှုန်းသည် တရုတ်တို့၏လက်ဝယ်သို့ရောက်ရှိကာ တိုင်းပြည်သည် တရား မဝင်တရုတ်သြဇာခံနိုင်ငံအဖြစ်သို့ရောက်ရှိခဲ့ရသည်။
(ခ) စစ်ဗိုလ်ချုပ်တို့၏ကိုယ်ကျိုးရှာမှုကြောင့်၊သစ်တောများအပါအဝင်၊ရေပေါ်ရေအောက်၊မြေပေါ်မြေအောက်၊ရှိရှိသမျှ တိုင်းပြည်၏ သယံဇာတတို့၊ တက်တက်စင်ပြုတ်ပြုတ်ပြုန်းပြုန်းခဲ့သည်။
(ဂ) စစ်ဖက်၊အရပ်ဖက်၊ဌာနဆိုင်ရာဝန်ထမ်းအသီးသီးအပါအဝင် မြန်မာပြည်သူတစ်ရပ်လုံး၏ စာရိတ္တကိုယ်ကျင့်တရားကို စနစ်တကျ ဖျက်ဆီးခြင်းခံခဲ့ရသည်။စစ်ဝါဒီစနစ်ဆိုးအောက်မှနေ၍ ဘယ်သောအခါမှမလွတ်မြောက်နိုင်၊အလိုက်သင့်အလျားသင့်ကျရာဘဝမှာ ဖြစ်သည့်နည်းနဲ့ နေလိုက်ကြခြင်းသည်သာအကောင်းဆုံးဟူသော စိတ်ရောဂါနှင့်အကြောက်တရားကို စွဲကပ်စေခဲ့သည်။
(ဃ) လက်တဆုတ်စာလူတစ်စုမှလွဲ၍၊တိုင်းပြည်နှင့်အဝှမ်းအဖက်ဖက်မှချွတ်ခြုံကျလျက်၊အမျိုးသားရေးဂုဏ်သိက္ခာတပြားသားမှ မကျန် အောင်ကျဆင်းခဲ့ပြီး၊နိုင်ငံတစ်ခု၏ဥပဓိရုပ်ပျက်ယွင်းခဲ့ရသည်။
ဤသို့လျှင် မြန်မာပြည်သည် မဆလခေတ်တွင် နူနာရောဂါရခဲ့သည့်အဆင့်မှ နဝတ၊နအဖခေတ်တို့တွင် ဝဲစွဲသည့်အဆင့်သို့ရောက်ရှိကာ မြန်မာလူထုမှာ လဲရာသူခိုးထောင်းခံခဲ့ကြရသည်။တပြိုင်တည်းမှာပင် ကမ္ဘာ့အဆင့်မီသူကြွယ်စာရင်းဝင်ဖြစ်ကုန်ကြသော စစ်ဗိုလ်ချုပ်တို့ မှာ ဓနဥစ္စာထုပ်ကြီးများကိုယ်စီပိုက်ရင်း၊လူစာရင်းမှအဖျက်ခံရကာ၊၊ဘဝလမ်းဆုံးတိုင်ကုန်ကြတော့သည်။
(၅) သြ..၊ဗိုလ်ချုပ်မှူကြီးဟောင်းက သိပ်တော်သတဲ့လား။
ပြည်တွင်းပြည်ပမှ အချို့သောနိုင်ငံရေးစိတ်ဝင်စားသူတို့သည် ပင်စင်စားဗိုလ်ချုပ်မှူးကြီး၏ဥာဏ်ရည်ဥာဏ်သွေးကို ဂုဏ်တင် ၍ပြောဆိုနေမှုများအပေါ် စာရေးသူအနေဖြင့် အောက်ပါအတိုင်းဆန်းစစ်ချက်ထုတ်လိုသည်။
(၁၉၈၈)ခုနှစ်အာဏာသိမ်းစစ်အစိုးရသည် အာဏာရလျှင်ရချင်း၊တည်ဆောက်ပြုပြင်မြန်ပြည်တခွင်ဟူသောခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ တဝှမ်းလုံး၊ ထုံးသုတ်သည့်စီမံချက်ကို စတင်အကောင်အထည်ဖော်ခဲ့လေ၏။ရှိသမျှသယံဇာတကို သူခိုးဈေးဖြင့် မသူတော်မိတ်ဖက် နိုင်ငံများသို့စတင်ခိုးထုတ်ရင်း၊စစ်တပ်၏အဆင့်အသီးသီးမှာ အာဏာ၏အရသာကို အငမ်းမရမြည်းစမ်းခွင့်ရခဲ့ကြသည်။အရည်အသွေး တစ်ပြားသားမှမရှိ၊ အဆင့်မမီသည့် လမ်းသစ်များ၊အဆောက်အဦးသစ်ကြီးများကို ရင်သပ်ရှုမောဖြစ်ကာ၊မမြင်ဖူးမူးမြစ်ထင်လျက်၊ ကိုယ့်ကိုယ်ကို အဟုတ်ကြီး ထင်မှတ်၍သွေးနားထင်ရောက်ကုန်ကြသည်။သတိပြုရန်ကောင်းသော အချက်မှာ ထိုစီမံကိန်းတို့သည် စစ်တပ်အသိုင်းအဝိုင်းနှင့်နီး စပ်သည့်၊လက်တစ်ဆုပ်စာလူတန်းစားအတွက် ရွှေမိုးငွေမိုးရွာသကဲ့သို့ဖြစ်နေခဲ့ရာ၊ အခြေခံစားဝတ်နေ ရေးအတွက် ပါဝင်ဆက်စပ် ပတ်သက်လုပ်ကိုင်ခဲ့ကြရသည့် ပြည်သူလူထုအချို့ကိုပင်၊နဝေတိမ်တောင်ဖြစ်အောင် ဆွဲဆောင်နိုင်ခဲ့ကြ သည်။
စာရေးသူသိကျွမ်းခဲ့သော တပ်မမှူးဗိုလ်မှူးကြီးတစ်ဦးမှာ (၁၉၈၈)အာဏာသိမ်းချိန်က ရောင်စုံတီဗီပင်မရှိသည့်အခြေအနေ မှ သည် (၁၉၉၀)ခုနှစ်တွင် မိုးမခရိပ်သာ၌ဟီးထနေသော ခေတ်မီစံအိမ်ကြီးကိုဆောက်နိုင်ခဲ့သည်မှာ မျက်မြင်ကိုယ်တွေ့ဖြစ်၏။
အတိုက်အခံတို့၏အင်အား၊စစ်တပ်အပေါ်ပြည်သူလူထုထောက်ခံမှု ပကတိအခြေအနေတို့ကို မှန်ကန်စွာ ဆင်ခြင်သုံးသပ်နိုင်ခြင်းမရှိပဲ (၁၉၉၀)ပြည့်နှစ်တွင် ပါတီစုံရွေးကောက်ပွဲကျင်းပပေးခဲ့လေရာ၊အထင်နှင့်အမြင်ပါစင်အောင်လွှဲခဲ့ပြီး၊အတိုက်အခံအန်အယ်ဒီ ပါတီသည်၊ ယုံနိုင်စရာမရှိအောင် တောင်ပြိုကမ်းပြိုအောင်ပွဲခံခဲ့လေ၏။
ဤတွင် စစ်အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်ဖြစ်သော ရဝတ၊ မဝတ၊ခဝတ၊ တဝတနှင့် နဝတနေရာအသီးသီးအဆင့်အသီးသီးတွင် နေရာယူထားကြသူများမှာ တည်ဆောက်ပြုပြင်မြန်ပြည်တခွင် စီမံကိန်းကြီးများနှင့်တည့်တည့် တိုးကာ၊လာတ်ပေးလာဘ်ယူစနစ်၏ ချိုမြိန်မှု အာဏာအရသာ စည်းစိမ်၏အရသာကို စတင်တွေ့ရှိ နေကြပြီး၊ရုံးတစ်ရုံးဓားတစ်စင်းအာဏာကို မက်မောစပြုနေကြချိန်ဖြစ် လေရာ၊အာဏာလွဲပြောင်းရေးကိုလေသံမျှပင်မကြားချင်ကြတော့ချေ။ စစ်တပ်ဆက်၍မိုးကောင်းခြင်းဖြင့် မိမိတို့အကျိုးဖြစ်ထွန်းမည့် လမ်းစကို တွေ့ရှိကုန်ကြပြီဖြစ်၏။
ထိုသို့ဖြင့် စစ်တန်းလျားသို့ပြန်သွားမည်ဟုစကားကျွံမိသော မူလလက်ဟောင်းဗိုလ်ချုပ်မှူးကြီးသည် ဖြုတ်ထုတ်သတ်စာရင်းတွင်ဝင်ကာ၊ မထင်မရှားပျောက်ကွယ်သွားခဲ့ရပြီး၊နောက်တက်လာသော မောင်ပုလဲဗိုလ်ချုပ်မှူးကြီး၏ သြဇာအာဏာစက်အောက်ဝယ် တညီတညွတ် တည်းသွေးစည်မိလျက်သားဖြစ်ကုန်လေတော့သည်။ရွေးကောက်ပွဲကျင်းပပေးခဲ့ခြင်းသည်အာဏာလွှဲပြောင်းပေးရန်မဟုတ်ဟု စစ်ဗိုလ် ချုပ်အားလုံး တလေသံတည်းထွက်လာကြတော့၏။
ဗိုလ်ချုပ်မှူးကြီးအသစ်သည် မိမိတို့ဘဝ၊မိမိတို့ကမ္ဘာ၏ကျေးဇူးရှင်ကြီးအဖြစ်သို့ ဒုတ်ဒုတ်ထိရောက်ခဲ့၏။ ဗိုလ်ချုပ်မှူးကြီး၏သြဇာ သည် သူတို့၏စည်းစိမ်၊ဘဝလုံခြုံရေးနှင့်တိုက်ရိုက်နွယ်မှုရှိလာ၏။ ရာထူးအတက်မြန်လျက်၊ ကြီးပွား သည်ထက်ကြီးပွားလာကြသော စစ်ဗိုလ် ချုပ်တို့မှာ ဗိုလ်ချုပ်မှူးကြီးနှင့်ကျွန်ရင်းသခင်ရင်းဖြစ်လာကုန်ကြတော့သည်။ ထိုမှသည် နောက်တော်ပါဗိုလ်ချုပ်တို့သည်၊ ဗိုလ်ချုပ်မှူးကြီး လက်ညှိုးညွှန်သမျှ ရေဖြစ်စေမည့်၊၊ဘောင်းတော်ညိမ့်စိတ်တော်သိသူများဖြစ်လာကြ၏။ ဘက်တဘက်တည်းမှာလက်မရွံ့တို့၊ အခိုင်အမာ စုစည်းမိလာ၏။ စစ်ဗိုလ်ချုပ်တို့အစွယ်ပေါက်ကုန်ကြကာ၊ဘယ်သူခွဲခွဲတို့မကွဲသော စည်းလုံးမှုဖြစ်လာ၏။
ဤသို့လျှင် ဗိုလ်ချုပ်မှူးကြီး၏သြဇာအာဏာစက်သည်ခိုင်မြဲသထက် ခိုင်မြဲလာသည်ကို၊ အမှန်ကိုမမြင်နိုင်သည့်အကဲခတ်သမားများအဖို့ ပင်စင်စား ဗိုလ်ချုပ်မှူးကြီးအား လူတော်စာရင်းသွင်းသည့်အခြေ သို့ဆိုက်လာခဲ့လေတော့သည်။စားဖားတို့ညီညွတ်ရေးဟူသော ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းကို သတိရစရာကောင်းလှချေသည်။စင်စစ်ဗိုလ်ချုပ်မှူးကြီးတော်ခြင်းမဟုတ်၊ စားဖားများညီညွတ်သဖြင့်၊ မသူတော်တို့အင်အားကောင်းကာ၊အာဏာကိုရေရှည်ချုပ်ကိုင်နိုင်ခဲ့ပြီး၊မြန်မာပြည်ကို ကပ်ကြီးသုံးပါးဆိုက်စေခဲ့ခြင်းသာဖြစ်လေ၏။
(၆) မထူးဇာတ်ခင်းရန်၊လက်တစ်လုံးအလိုမှသည်
နောက်ဆုံးတွင်ကား၊မြန်မာစစ်အစိုးရသည် ၎င်းတို့ရင်ဆိုင်ကြုံတွေ့နေရသော၊အထွေထွေအကြပ်အတည်းကိုဖြေရှင်းရန်၊ နျူးကလီးယား စီမံကိန်းကိုစွဲကိုင်လျက်၊ကမ္ဘာကြီးကိုအံတုခြိမ်းခြောက်နေသော မြောက်ကိုးရီးယား၏လမ်းစဉ်ကိုရွေးချယ်ရန်သာ၊ ရှိတော့သည့် လမ်း ကျဉ်းသို့ရောက်ရှိသွားခဲ့သည်။ထိုရွေးလမ်းမှာလည်း၊ စစ်ဗိုလ်ချုပ်တို့၊မသမာသောနည်းလမ်းမျိုးစုံဖြင့် ရှာဖွေစုဆောင်းထားသမျှ ကမ္ဘာ အနှံ့အပြားမှဘဏ်များရှိစည်းစိမ်ဥစ္စာအားလုံး၊ဆုံးရှုံးကုန်ရမည့်အရေးဖြစ်လေရာ၊ထိုရွေးလမ်းကို စွန့်လွှတ်၍၊ ဒီမိုကရေစီ လမ်းကြောင်း ပေါ်သို့တက်ပြီဟု ကြေညာခြင်းဖြင့် ထွက်ပေါက်ရှာခဲ့ကြ၏။စိတ်ကြိုက်ပုဂ္ဂိုလ်များပါဝင်သော၊ကမ္ဘာအချိန်အကြာဆုံး ညောင်နှစ်ပင် ညီလာခံအား၊ ဗြုန်းစားကြီးတက်သုတ်ရိုက်ဆုံးခန်းတိုင်စေကာ၊ယင်းတို့သဘောကျရေးဆွဲထားသည့်ဖွဲ့စည်းပုံအခြေခံဥပဒေ ကို(၂၀၀၈) ခုနှစ်တွင်ဇွတ်အတင်းအဓမ္မအတည်ပြုခဲ့လေတော့သည်။နောက်ဆက်တွဲအဖြစ်(၂၀၁၀)ခုနှစ်တွင် အမည်ခံရွေးကောက်ပွဲကျင်း ပခဲ့ပြီး၊ မဲလိမ်မဲခိုး၊နောက်တိုးမဲ၊ကြိုတင်မဲများကိုအသုံးပြုလျက်၊စစ်တပ်ကျောထောက်နောက်ခံကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုအနိုင်ရစေကာ(၂၀၁၁)တွင် ဒီမိုကရေစီလွှတ်တော်ပေါ်ပေါက်လာစေခဲ့သည်။
ထိုကာလကိုပြန်လည်သုံးသပ်ပါက တွင်းဆုံးကျမြန်မာပြည်၏လွှတ်တော်သည် မည်သည့်အရွေ့ကိုမျှ၊ပြနိုင်ခြင်းမရှိပဲ၊ တရုတ်လက်ထိုး အပ်ရမည့်၊ကြွေးဆုံး တိုင်းပြည်၊နိုင်ငံတကာကြွေးမြီ ဗလပွနှင့်၊အစည်းအဝေးခန်းမထဲ တွင်ငုတ်တုတ်ထိုင်နေရန်သာရှိသည့်၊ မရှူနိုင် မကယ်နိုင်အခြေအနေကိုသုံးသပ်နိုင်သည်။မြန်မာစစ်အစိုးရ၏ဒီမိုကရေစီအကူးအပြောင်းကို ကိုယ့်ကျင့်သိက္ခာတရားအလေးထားသည့် အဆင့်အထိ တိုးတက်ခေတ်မီနေကြသော၊မည်သည့်နိုင်ငံကမျှ အယုံအကြည်မရှိခဲ့ကြချေ။ အကယ်၍သာနအဖအစိုးရ၏အတွင်းရေး အမှန်ကို စနစ်တကျသုံးသပ်နိုင်ခဲ့ပါမူ၊မြန်မာပြည်သည်တွင်းဆုံးကျနေခဲ့ပြီဖြစ်ကြောင်း ထင်ရှားစွာမြင်နိုင်သည်။
ထိုအခြေအနေတွင် မြန်မာစစ်ဗိုလ်ချုပ်တို့သည် အဘယ်ကြောင့် တရုတ်နိုင်ငံ၏အကူအညီကို မရယူခဲ့ပါသနည်းဟုစောဒကတက်မေးခွန်း ထုတ်ဖွယ်ရှိသည်။ကွန်မြူနီစနစ်ကိုကျင့်သုံး၍ တရုတ်လူထုကိုပင် လူတန်းစေ့အောင်ဖန်တီးမပေးနိုင်သော တရုတ်အစိုးရသည် မြန်မာ ပြည်ကို ဖွံ့ဖြိုးတိုးတက်စေမည့် ကူညီထောက်ပံ့မှုမျိုးအတွက် စေတနာဗလာနတ္ထိ၊အရည်အချင်းလည်းမရှိ၊ပေါ်လစီမူဝါဒလည်းမရှိချေ။ တရုတ်ကျင့်သုံးသော မူဝါဒမှာ လူမိုက်အားပေး၊သူခိုးလက်ခံစနစ်သာဖြစ်သည်ကို မြောက်ကိုးရီးယားနှင့် မြန်မာနိုင်ငံဖြစ်ရပ်တို့က ခိုင်မာစွာသက်သေပြလျက်ရှိသည်။
ကမ္ဘာပေါ်တွင် တရုတ်အားကိုဖြင့်လူတလုံးသူတလုံးဖြစ်နေသောနိုင်ငံဟူသည်မရှိချေ။
လူ့သမိုင်းသည်တခါတရံတွင်လူမိုက်တို့ကိုအားပေးအားမြောက်ပြုတတ်ပြန်လေ၏။အဆိုပါမြန်မာစစ်ဗိုလ်ချုပ်တို့ အခက်ကြီးကြုံ၊ ရတက် မီးပုံပွားနေစဉ်တွင်ပင် အမေရိကန်နိုင်ငံသည်၊၊အာရှပစိဖိတ်ဒေသတွင်းဆီသို့ မဟာဗျူဟာမြောက်ခြေလှမ်းများဖြင့် ဝင်ရောက်လာ ခဲ့ချိန်နှင့်ထူးခြားစွာတိုက်ဆိုင်နေခဲ့ပြန်ရာ၊ဤသည်ပင် စစ်အစိုးရအားလူမိုက်ကံကောင်းစေသည့်အချက်ဖြစ်နေပြန်လေသည်။
(၇) ဘယ်ခြောက်ကာ၊ညာလှမ်းလာသည့်အမေရိကန်
အမေရိကန်၏မဟာဂရုဏာတော်ကြောင့် ကမ္ဘာကုန်သွယ်ရေးအဖွဲ့(WTO)သို့ ဝင်ရောက်ခွင့်ရခဲ့သောတရုတ်နိုင်ငံသည်၊ အနောက်နိုင်ငံ ရောက်တရုတ်အမျိုးသားများထံမှ၊အနောက်အုပ်၏ခေတ်မီနည်းပညာတို့ကို တရားဝင်ရော၊တရားမဝင်နည်းလမ်းများဖြင့်ပါ ရရှိလာခဲ့ပြီး အလျှံပယ်နေသည့်လူ့လုပ်အားအရင်းအမြစ်တို့ကို အသုံးပြုလျက်၊ကွယ်လွန်သူတရုတ်ခေါင်းဆောင်ကြီးတိန့်ရှောက်ဖိန်၏ “ချမ်းသာခြင်း သည်တင့်တယ်၏” ဟူသော အဆိုအမိန့်အတိုင်း မြေဝယ်မကျနာယူလုပ်ဆောင်ခဲ့ကြသည်။ကိုယ့်ကျင့်တရားမပါရှိသော တရုတ်ပြည်၏ စီးပွားရေးချဲ့ထွင်မှုသည် ကမ္ဘာတဝှမ်းလုံးသို့ နှစ်တိုတိုအတွင်း ကြောက်ခမန်းလိလိပျံ့နှံ့သက်ရောက်လာခဲ့သည်။
ထို့နောက်တဆင့်တက်၍ အာရှဒေသတွင် တရုတ်တို့စစ်အင်အားဖြင့်ဖြန့်ကျက်စိုးမိုးရန်အထိ ခြေလှမ်းကျဲလာသောအခါ ဆရာရင်းဖြစ် သူအမေရိကန်နှင့်ပြန်၍ထိပ်တိုက်တိုးခဲ့သည်။ထိုအချိန်တွင် အမေရိကန်အပါအဝင်အနောက်အုပ်စု၏စီးပွားရေးမူဝါဒသည် ကမ္ဘာ့အရှေ့ ဘက်ခြမ်းဆီသို့ပြန်လည်ဦးတည်လာနေချိန်ဖြစ်ရာ၊အာရှပစိဖိတ်ဒေသအပေါ် မဟာဗျူဟာမြောက်စိုးမိုးထားနိုင်ရေးအတွက် စီမံချက်ရေး ဆွဲရာမှ၊ မြန်မာနိုင်ငံသည်စစ်ရေးနိုင်ငံရေးပထဝီဝင်တွင်အချက်အချာနေရာပါဝင်လာခဲ့လေတော့သည်။ထို့ကြောင့်ပင် အမေရိကန် အစိုးရသည် မြန်မာ စစ်ဗိုလ်ချပ်အချို့နှင့်အပေးအယူသဘော၊ညှိနှိုင်းခဲ့ကြဟန်ရှိကာ၊မြန်မာ့ဒီမိုကရေစီရေးကို နည်းလမ်းပေါင်းစုံဖြင့် တွန်းအားပေးလာခဲ့သည်။နည်းပညာများ၊နိုင်ငံတကာရင်းနှီးမြှုပ်နှံများအတွက် အစကနဦးခြေလှမ်းများပျိုးခဲ့သည်။ ပြည်တွင်းမီဒီယာ လွတ်လပ်ခွင့်ကို အတိုင်းအတာတစ်ရပ်အထိ ပွင့်လင်းစေခဲ့သည်။
အမေရိကန်၏ကျေးဇူးတော်ကြောင့် များမြောင်လှစွာသော နိုင်ငံတကာကြွေးမြီတို့ကို ပြန်လည်ပေးဆပ်ရန် မလိုတော့ပဲ လက်ရှိမြန်မာ အစိုးရကိုအသက်ရှူချောင်စေခဲ့သည်။တားဆီးပိတ်ဆို့မှုများကိုဖယ်ရှားကာ ဥခွံအတွင်းမှစစ်ဗိုလ်ချုပ်တို့အား ကမ္ဘာအနှံ့သို့လည်ပတ် သိမြင်ခွင့်ပေးခဲ့သည်။ပြည်တွင်းလက်နက်ကိုင်များနှင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်နိုင်ရန် ငွေကြေးပုံအောထောက်ပံ့ခဲ့သည်။ အန်ဂျီအို အဖွဲ့အစည်းများမှငွေကြေးများကိုပြည်တွင်းသို့တိုက်ရိုက်စီးဆင်းစေခြင်းဖြင့် ပြည်ပရောက်မြန်မာအတိုက်အခံတို့ကို ပြည်တွင်း သို့ပြန်လည်ဝင်ရောက်ရန်ပညာသား ပါပါကျုံးသွင်းပေးခဲ့သည်။
တချိန်တည်းမှာပင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်တွင်းသို့ရောက်ရှိစေခဲ့သည်။လူထုထောက်ခံမှုအင်အားကြီးမားသော ရှစ်ဆယ့် ရှစ်မျိုးဆက်ကို ဂျော့ဆိုးရော့ကဲ့သို့ ဧရာမထိပ်သီးအလှူရှင်ကြီးနှင့်ချိတ်ဆက်ပေးခြင်းဖြင့် လူထုအုံကြွမှုဖြစ်ပေါ်မလာရန်၊ ကာကွယ် ထားနိုင်ခဲ့ သည်။
မြစ်ဆုံစီမံကိန်းကို သမ္မတကြီးဦးသိန်းစိန်၏ စီမံကြံဆချက်ဖြင့်၊ရပ်ဆိုင်းခဲ့ခြင်းသာမှန်ကန်ခဲ့လျှင် သမ္မတကြီးအား မင်းရဲကျော်စွာ၊ တပင်ရွှေထီးတို့ကဲ့သို့ ရာဇဝင်လူစွမ်းကောင်းစာရင်းတွင်မော်ကွန်းထိုးရပေလိမ့်မည်။သို့သော်မြစ်ဆုံစီမံကိန်းသည် တရုတ်တို့၏ မြန်မာပြည်ဝါးမြိုရေးမဟာ ဗျူဟာ မြောက်အစီအမံကြီးဖြစ်လေရာ၊တရုတ်သြဇာခံမြန်မာဗိုလ်ချုပ်တို့က ရပ်ဆိုင်းပစ်ခဲ့သည်ဆိုလျှင် ယုံတမ်းစကား၊အိပ်ယာဝင်ပုံပြင်သာဖြစ် ပေလိမ့်မည်။မြစ်ဆုံရပ်ဆိုင်းရေးတွင် အမေရိကန်သည် မြန်မာနိုင်ငံ၏ကျောထောက် နောက်ခံ အဖြစ်အခိုင်အမာရပ်တည်၍မီးစိမ်းပြခဲ့သည်မှာ ယုံမှားဖွယ်မရှိချေ။
(၈) သယ်..၊ငါဟဲ့ယောက်ျား သိကြားဘီလူးအမည်ထူးနှင့်
လက်ရှိမြန်မာ့ဒီမိုကရေစီလွှတ်တော်နှင့်အစိုးရအဖွဲ့၏ ကမောက်ကမအပြုအမူနှင့်ခြေလှမ်းများမှာ၊ သင်္ဂဇာဆရာတော်၏ တရားတော်မှ ဥပမာပြပုံပြင်တပုဒ်ကို ပြေး၍သတိရချင်စရာ ကောင်းလှပေ၏။
ထန်းတောရွာကဇာတ်ဆရာမောင်ဟိန်းသည် အုပ်ထိန်းသူ အကြီး ဦးစီးနာယကနည်းပေးလျက် ရုပ်သေးကပြီး အသက်မွေးသတတ်။ တစ်ညသောအခါ ရွာတစ်ရွာတွင် ရုပ်သေးပြရာ ၀ိဇယမင်းသားဇာတ်ထုပ်ကိုခင်းသည်တွင် ယခင်ဇာတ်ဆရာမောင်ဟိန်းသည်လည်း ခပ်သိမ်းသောအခန်း လူကြမ်းအကွက်ကို သေတ္တာမှောက်နားလည်၏ ။ ထိုဇာတ်ဆရာမောင်ဟိန်းသည် မှေးစက်အိပ်ပျော် သန်းခေါင် ကျော်လျှင် အဖော်တပည့်ရင်းတို့က ဘီလူးမင်းကြီးထွက်ခန်းကျလာပြီ ။ ထပါဆရာကြီး ကြာတော့ပြီးရော့မည်ဟု နှိုးလေ သည်။
ထိုအခါဇာတ်ဆရာမောင်ဟိန်းသည် မှိန်းစက်ရာကအနှိုးတွင် ဇ၀ိုးဇ၀ါး စိတ်အမှတ်မှားပြီးလျှင် သိကြားရုပ်ကို ဘီလူးရုပ်ထင်ရွေ့ အလျင်ဖြုတ်လျက် ရုတ်တရက်ထွက်လာရာ လက်မှာသိကြားရုပ်ကို ကိုင်ဆွဲ၍ “ငါ ဟဲ့ယောက်ျား ယက္ခဒီပ အစိုးရငယ်သည်” ဤကဲ့သို့ မောင်ဟိန်းဘီလူးကြိမ်းသည်တွင် ပွဲသဘင်ရှုသူရပ်ရွာလူ များက သိကြားရုပ်ကိုမြင်သဖြင့် “ဟင့်အင်.. ဆိုတာကဘီလူးစကား သိကြားကို ကိုင်စွဲ၍ဆရာဟိန်းလွဲပြီ”ဟု ပြောကြသောအခါ ဇာတ်ဆရာက အရုပ်ကို ငဲ့ကြည့်လျှင် သိကြားရုပ်မှန်းသိ၍ “သယ် ငါဟဲ့ယောက်ျား သိကြား ဘီလူးအမည်ထူးနှင့်”စသည်ဖြင့် ရုပ်ဆောင်၍ တော်ရော်အောင် ပြောရသတဲ့၊
ဤအတူ ယခုဦးပဉ္ဖင်းကြီးမှာလည်း ရှေးလူဖြစ်စဉ်အခါကကဲ့သို့ချည်း မှတ်လျက် ဇာတ်ဆရာ မောင်ဟိန်းလို ဘီလူးကြိမ်းတဲ့ဟန်ရှိ သည်ဟု မိန့်တော်မူသောအခါ အပါးတော်မှာရှိကြသော ရဟန်းပရိတ်သတ်တို့သည် အထပ်ထပ် ရယ်မော၍ တသောသောနေကြလေ ကုန်သတည်း။(သင်္ဂဇာဆရာတော်၏ဥပမာ သမူဟ ဂီရက္ကမကျမ်း)
ကျနော်မြင်ဖူးသမျှ အစိုးရအဖွဲ့ဝင်နှင့်လွှတ်တော်အမတ်အများစုမှာ ခင်းနေသောဇာတ်ကို မသိပဲ၊ရရာအရုပ်ဆွဲထုတ်လာကာ ကိုယ့်ကိုယ် ကို ဘီလူးမှန်းမသိ၊သိကြားမှန်းမသိကြသူများဖြစ်ကြလေသည်။
စစ်ဗိုလ်အမတ်တို့မှာ လွှတ်တော်အတွင်းတွင် ငုတ်တုပ်တိုင်နှုတ်ဆွံ့ကြကုန်၏။အကြံပေးအမတ်၊လွှတ်တော်အမတ်များနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့သည် မီးပျက်လျှင်ဖယောင်းတိုင်ထွန်းကြ၊ထမင်းတစ်နပ်လျှော့စားကြ၊တရုတ်ကိုကြောက်လို့ပါ၊တနေ့စာအတွက် နှစ်ထောင့်ငါး ရာကျပ်ဆိုလုံလောက်ပြီ၊နယ်လှည့်ပါးရိုက်မည်၊တပြည်လုံးနွားနို့သောက်ကြ…၊ဟူသော ပြက်လုံးသာသာ မိန့်မှာချက်များပေါ်ထွက်လာ သည်မှာ ထွက်ဟေ့ထွက်ဟေ့ဆို၍သာထွက်လာကြရသည် ဘာဇာတ်ကနေမှန်းမသိသည့် ဇာတ်သမားတို့နှင့်တူလှချေ၏။
စစ်ဗိုလ်ချုပ်တို့တန်းခိုးထွားခဲ့သည့်ခေတ်ကို တမ်းတနေဆဲဖြစ်သည့်၊အစိုးရအဖွဲ့ဝင်အများစုမှာအတွေးအမြင်ကျဉ်းမြောင်းကြသူများပီပီ အခွင့်အရေးမှန်သမျှ လက်တစ်လုံးခြားနည်းဖြင့် လက်ကုန်နှိုက်ရန် ကြိုးပမ်းနေကြဆဲ ဖြစ်သည်ကိုရန်ကုန်တဖက်ကမ်းမြို့သစ်စီမံကိန်းက သက်သေပြလျက်ရှိသည်။အချို့မှာ ဒီမိုကရေစီ ဘက်တော်သားဟန်ဆောင်ကာ လူမှုမီဒီယာကွန်ယက်များပေါ်တွင်၊တောင်မရောက် မြောက်မရောက် ဒီမိုကရေစီလေ သံပစ်လာကြသည်။
ဘာသာရေး၊လူမျိုးရေးအဓိကရုဏ်းများဖန်တီးကာ၊ရှုပ်ထွေးသော ပီအာစံနစ်ဖြင့် အာဏာတည်မြဲရေးအတွက် အောက်လမ်းနည်းများကို ထုတ်သုံးရန်အားထုတ်လာကြသည်။ကြားဖြတ်ရွေးကောက်ပွဲကိုဖျက်သည်၊ပြင်ဆင်သင့်သည့်ဥပဒေများကို မျက်ကွယ်ပြုသည်။ဒီမိုကရေ စီ အကူးအပြောင်းကာလတွင် လယ်ယာမြေတို့ကို၊ စစ်အစိုးရလက်ထက်က အထောက်အထားများကိုအသုံးပြုကာ၊ ဥပဒေနှင့်မညီပဲဇွတ် အတင်းအဓမ္မသိမ်းပိုက်နေသည့်လုပ်ရပ်တို့ကို ဦးသိန်းစိန်အစိုးရပင်လက်ပိုက် ကြည့်နေရသည်အထိဖြစ်လာခဲ့ရာ၊မြန်မာနိုင်ငံ၏ ဒီမိုက ရေစီအကူးအပြောင်းသည် ထူးမခြားနားပတ်ပျိုးဖြင့် လေးနှစ်ဝန်းကျင်သို့တိုင်ခဲ့သည်။ထိုသို့ဖြင့် လာမည့်နိုဝင်ဘာလ(၁၁)ရက်နေ့၌ အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် မြန်မာနိုင်ငံနေပြည်တော်တွင်ကျင်းပမည့် အေပက်အစည်းအဝေးသို့တက်ရောက်မည် ဟူသောသတင်းထွက်ပေါ်လာခဲ့သည်။
(၉) လက်ရည်တစ်ပြင်တည်း၊နှီးဒေါင်းလန်းကြီးတွေနဲ့ ဝိုင်းဖွဲ့ကာစားကြသည်မောင်
ယခုနှစ်အောက်တိုဘာ(၃၁)ရက်တွင် နေပြည်တော်ရှိသမ္မအိမ်တော်၌ သမ္မတကြီး၊ဒေါ်အောင်ဆန်းစုကြည်၊ဗိုလ်ချုပ်မှူးကြီးမင်း အောင် လှိုင်အပါ အဝင်မြန်မာ့ထိပ်သီးခေါင်းဆောင်များဟုဆိုသော ပုဂ္ဂိုလ်ဆယ့်လေးဦးတွေ့ဆုံခဲ့ကြခြင်းမှာလည်း အမေရိကန်သမ္မတ၏မြန်မာ နိုင်ငံခရီးစဉ် နှင့်ချိန်ကိုက်၍ဖြစ်ပေါ်လာခြင်းဖြစ်ရာ၊အဆိုပါဆွေးနွေးပွဲကိုဖန်တီးခဲ့သူမှာ အမေရိကန်ပင်ဖြစ်ဟန်ရှိ၏။မြန်မာ အစိုးရ အဖွဲ့ခေါင်းဆောင်ဖြစ်သော သမ္မတသည်ကာကွယ်ရေးဦးချုပ်ကိုသြဇာညောင်းဟန်မတူချေ။ထို့ကြောင့် ထိုဆွေးနွေးပွဲတွင်အဓိက အခရာ ကျသူနှစ်ဦးမှာ ဒေါ်အောင်ဆန်းစုကြည်နှင့်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သာဖြစ်၏။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး နှင့်စစ်ဗိုလ် အမတ်တမတ်သားလျှော့ချရေးတို့တွင် ဗိုလ်ချုပိမင်းအောင်လှိုင်၏သဘောထားပျော့ပြောင်းမှုနှင့်ဆင်ခြင်တုံတရားသည် မြန်မာ့ဒီမို ကရေစီရှေ့ခရီးတွင် အလွန်တရာ အရေးပါနေသည်။ဆွေးနွေးပွဲရလာဒ်သည် (၂၀၁၅)ရွေးကောက်ပွဲအတွက် အတိတ်စိမ်း ဖြစ်၍၊မြန်မာ့ တပ်မတော်အနေဖြင့် အကောင်းဖက်သို့ သဘောထားပြောင်းရန် အချက်ပေးလိုက်သည့်၊အမေရိကန်၏ ခေါင်းလောင်းထိုး သံပင်ဖြစ် လေသည်။
သမ္မတကြီးဦးသိန်းစိန်သည် သဘောထားတင်းမာသူစာရင်းတွင်မပါဝင်ချေ။စာရေးသူတွေ့မြင်ရသမျှ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်၏ သွင်ပြင်ရုပ်ဟန်မှာ ခင်မင်နှစ်လိုဖွယ်ကောင်းသည်။ကောက်ကျစ်စဉ်းလဲသည့် ရုပ်လက္ခဏာမဟုတ်။ သူ့အရယ်အပြုံးတွင် ဟန်ဆောင်မှု ကိုမတွေ့ရပဲ၊ပွင့်လင်းရိုးသားမှုကိုဆောင်နေသည်။သို့သော် နောက်ကွယ်တွင် ရှိနေသော ဆရာသမားဟောင်း၏ လမ်းညွန် စေစားမှုရှိနေ နိုင်သည်ဖြစ်ရာ သူ၏ကိုယ်ပိုင်ဆင်ခြင်တုံတရားကို စောင့်ကြည့်လေ့လာရပေဦးမည်။
ဆွေးနွေးပွဲတွင်ပါဝင်ခဲ့သူ ရှမ်းခေါင်းဆောင်ဦးခွန်ထွန်းဦးကမူ ဆွေးနွေးပွဲမဟုတ်၊မိတ်ဆုံထမင်းစားပွဲမျှသာဖြစ်သည်ဟုဆိုသည်။ ရခိုင် ခေါင်းဆောင် ဒေါက်တာအေးမောင်ကလည်း တိုင်းရင်းသားပေါင်းစုံကိုယ်စားလှယ်များပါဝင်ခွင့်မရသည့်အတွက် သမ္မတတွင်တာဝန်ရှိ ကြောင်း ဖွင့်ဟပြောဆိုသည်။
အားမနာတမ်းဆိုရလျှင်ဤဆွေးနွေးပွဲတွင် လူပိုများပါနေသည်။အစိုးရအဖွဲ့တာဝန်ရှိသူတို့သည် ဒေါ်အောင်ဆန်းစုကြည်၏လေးပွင့်ဆိုင် တွေ့ဆုံရန် ကမ်းလှမ်းမှုကို မြွေမသေတုတ်မကျိုးသည့်နည်းဖြင့်တုန့်ပြန်ခဲ့ခြင်းသာဖြစ်သည်။ထိုဆွေးနွေးပွဲအပြီး ကျေနပ်ဖွယ်အဖြေ တစ်စုံတစ်ရာပေါ် ထွက်မလာသည့်အခါ အမေရိကန်သည်တောင်သာအမတ်မင်းကို အမည်ပျက်စာရင်းသွင်းကာ၊သတိပေးမီးကျည်ကို ပစ်ဖောက်ခဲ့သည်။ အဆိုပါဖြစ်ရပ်အပေါ် နာမည်ကြီးလွတ်တော်အမတ်တစ်ဦးကမူ ကြံခိုင်ရေးပါတီကိုထိုးနှက်ရန်၊ အန်အယ်လ်ဒီနှင့် အမေရိကန်တို့၏ပူးတွဲလုပ်ရပ်ဟု ပေါ့ပေါ့တန်တန် လက်လွတ်စပယ်စကား၊ဆိုခဲ့သည်။
(၁၀) သမ္မတကြီးရယ်၊စိုးရိမ်မိတယ်
(၂၀၁၂)ခုနှစ်တွင် သမ္မတအိုဘားမား၊မြန်မာနိုင်ငံသို့အလည်အပတ်ရောက်ရှိခဲ့စဉ်က၊သမ္မတဦးသိန်းစိန်နှင့် ရန်ကုန်မြို့၊ပြည်သူ့ရင်ပြင်အနီး ရန်ကုန်တိုင်းလွှတ်တော်၌တွေ့ဆုံခဲ့ရာ ၊ထိုနေ့ကပြည်လမ်းနှင့်အလုံလမ်းဆုံရာမီးပွိုင့်တွင် ဗျိုင်းလေးကောင်ကို၊ခြေထောက်အား ကြိုးတုပ်ကာ နေရာချထားသည်ကိုတွေ့မြင်ကြရသည်ဟုဆိုပါသည်။ မြန်မာအစိုးရသည်၊အကြပ်အတည်းကြုံလေတိုင်း၊ကြံရာမရဖြစ်ကာ၊ လက်စွဲတော်ဂိုဏ်းဆရာယောင်များနှင့်ယတြာချေခြင်း၊ အကျဉ်းထောင်များမှလူများကိုလွှတ်ပြလိုက်၊ အတိုက်အခံများကိုဖိတ်ခေါ်ကာ၊ ဝိုင်းဖွဲ့ထမင်းစားပြလိုက်လုပ်လေ့ရှိ၏။
ဤသို့သော ခပ်တိမ်တိမ်အတွေးအခေါ်ဖြင့်သာ ယခုတကြိမ်လာရောက်မည့် အိုဘားမားကိုကြိုဆိုခဲ့ပါမူ၊သမ္မတကြီး၏ရှေ့ရေးသည် အလွန်တရာစိုးရိမ်ဖွယ်ဖြစ်ပေလိမ့်မည်။မကြာမတင်မီကာလ(၂၀၁၅)ခုနှစ်တွင် ဒုတိယအကြိမ်မြောက်ရွေးကောက်ပွဲကျင်းပရမည်ဖြစ်၍ စိန်ခေါ်မှုမျိုးစုံသည် သမ္မတကြီးအားအသင့်စောင့်ကြိုလျက်ရှိရာ၊ဤအမေရိကန်သမ္မတ၏ခရီးစဉ်တွင် မြန်မာနိုင်ငံ၏ရှေ့ရေးအစီအမံများ ကို အဆင်သင့် ချပြဆွေးနွေးနိုင်ရန် အဘက်ဘက်မှတွက်ချက်စီမံထားမှသာ၊တော်ကာကျမည်ဖြစ်၏။
(၂၀၁၅)ခုနှစ်ရွေးကောက်ပွဲမတိုင်မီ သမ္မတကြီးသည် အောက်ပါစစ်မျက်နှာများကိုရင်ဆိုင်ရပေလိမ့်မည်။
(က) အကယ်၍တရားမျှတသော ရွေးကောက်ပွဲမဖြစ်ခဲ့ပါမူ၊အစကောင်းခဲ့သော အနောက်နိုင်ငံများနှင့်ဆက်ဆံရေးသည် စလယ်ဝင်၊ ဖင်မမဲခင်က ကွဲကြရမည့်ကိန်းဖြစ်၏။အမေရိကန်အပါအဝင် အနောက်နိုင်ငံအုပ်စုသည် ၎င်းတို့၏ခြေလှမ်းတိုင်းအတွက် အသေးစိတ် တွက်ချက်စီမံပြင်ဆင်ထားလေ့ရှိသည်။အနှစ်ငါးဆယ်စာခန့် ကမ္ဘာကြီး၏ရှေ့ရေးကို ကြိုတင်တွက်ဆထားပြီးဖြစ်၏။ထို့ကြောင့် မြန်မာအ စိုးရအနေဖြင့်လက်တစ်လုံးခြားကလေးကွက်များဖြင့် အမေရိကန်သမ္မတအားရင်ဆိုင်မည့်အကြံကို ယခုကပင်လက်လျော့ထားသင့်သည်။ အမေရိကန်တို့၏ရှေ့ရေးအလားအလာပိုင်းဖြတ်နိုင်မှုနှင့်ဆင်ခြင်တုံတရားကိုမှန်ကန်စွာသုံးသပ်နိုင်ရန်လိုသည်။ခိုင်မာသောဒီမိုကရေစီအုတ်မြစ်ကိုချနိုင်မှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော အနောက်နိုင်ငံကြီးများ၏ယုံကြည်မှုကိုရရှိပေလိမ့်မည်။
(ခ) နည်းပညာနှင့်ဓနဥစ္စာအရာတွင် အမေရိကန်ကိုလိုက်မမီသောတရုတ်ပြည်သည် အမေရိကန်၏အာရှပစိဖိတ်ဒေသမဟာဗျူဟာကို ဟန့်တားနိုင်ရန်အလို့ငှာ၊တရုတ်ထရိုဂျင် မြန်မာစစ်ဗိုလ်ချုပ်အချို့အား၊ အသုံးချမည့်အကြံအစည်ကိုလည်း ကြိုတင်တွက်ဆထားရပေ လိမ့်မည်။ တဖက်တွင်လည်း မြန်မာစစ်ဗိုလ်ချုပ်တို့ကို အယုံအကြည်လျော့နည်းလာသော တရုတ်အစိုးရသည်၊ဒေါ်အောင်ဆန်း စုကြည်ကို ပင် တရုတ်ြပည်သို့ဖိတ်ခေါ်လျက်၊အနုနည်းဖြင့် ကျားပိန်တွယ်၊တွယ်မည့်ခြေလှမ်းကို လည်းအထူးသတိချပ်သင့်သည်။
သမ္မတကြီးအနေဖြင့်အေပက်အစည်းအဝေးမတိုင်မီတစ်ရက်အလို၊တရုတ်ပြည်တွင်၊တရုတ် သမ္မတကျန်ဇီမင်းနှင့်တွေ့ဆုံသည့် အခါ အလွန်တရာလိမ္မာပါးနပ်ရန်လိုသည်။
(ဂ) တရားမျှတ၍ကမ္ဘာကလက်ခံသော ရွေးကောက်ပွဲဖြစ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်၍မဖြစ်၊ဖြစ်သည့်နည်းနှင့်ပြင်ဆင် နိုင်ရန်၊အားထုတ်ခြင်းသည်သာနည်းလမ်းအမှန်ဖြစ်၏။ပီအာစနစ်သည် နိုင်ငံရေး အကောက်ကြံမှုဟု လူထုကယူဆကြသည်ဖြစ်ရာ ပီအာ လမ်းကြောင်းကို ရှေ့ဆက်မတိုးစေပဲ ရပ်တန်းကရပ်နိုင်ရန် အားထုတ်သင့်သည်။
(ဃ) သတင်းမီဒီယာလွတ်လပ်ခွင့်အထိုက်အလျောက်ရရှိခဲ့သည့်အချိန်ကာလအတွင်း စစ်ဗိုလ်ချုပ်အဟောင်းအသစ်တို့၏ငယ်ကျိုးငယ် နာများ၊ကိုယ်ကျိုးရှာမှုများ၊စာရိတ္တချွတ်ယွင်းမှုများကို ပြည်သူလူထုအနေဖြင့် အိပ်သွန်ဖာမှောက်နီးပါးသိခွင့်ရခဲ့ပြီးဖြစ်ရာ ၊လက်ရှိအစိုးရ ၏အမြီးအမောက်မတည့်သောလုပ်ရပ်များအပေါ် မခံမရပ်နိုင်ဖြစ်လာသည့်အခါ ဆန္ဒပြပွဲများလမ်းမများပေါ်တွင်မြင်လာရနိုင်သည်။ ထို့ ထက်ပိုဆိုးလျှင် တပြည်လုံးအုံကြွမှုနှင့်ရင်ဆိုင်ရနိုင်သည်။ယခုအခြေအနေသည် တပ်မတော်မှအောင်မြင်စွာအာဏာသိမ်းရန်လွယ်ကူ သောအချိန်မဟုတ်ချေ။
(င) အနောက်နိုင်ငံများ၏ရေရှည်ယုံကြည်ကိုးစားမှုရရှိရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အချိန်မီအောင်မြင်စွာအဆုံးသတ်နိုင်ရန်လိုသည်။ ငြိမ်းချမ်းရေးအောင်မြင်စွာတည်ဆောက်နိုင်ရန်စစ်တပ်နှင့်အစိုးရလွဲချော်နေသော အချိတ်အဆက်ကို အချိန်မီပြန်လည်တည့်မတ်ရန် အရေးတကြီးလိုအပ်သည်။
(၁၁) ငါတို့လူမျိုးတန်ခိုးရှိဖို့
အမေရိကန်သမ္မတအိုဘားမား၏ခရီးစဉ်နှင့်၊အမေရိကန်တို့၏အာရှပစိဖိတ်ဆိုင်ရာမဟာဗျူဟာသည် မြန်မာပြည်ကို ကယ်တင်ရန် မဟုတ်ပါ။အမျိုးသားလွတ်မြောက်ရေး၊ဒီမိုကရေစီရေးဟူသည် မျှော်မှန်းသလောက်လွယ်ကူသည်မဟုတ်ရာ၊ကမ္ဘာကြီး၏အရွေ့၊ဒေသ တွင်းပြောင်းလဲမှုတို့အပေါ် အခွင့်ကောင်းယူ၍ အားစိုက်ရုန်းကန်ရသည်ချည်းဖြစ်ပါ၏။အရင်းရှင်စနစ်ဆိုလေတိုင်း ကြောက်ရွံ့ထိတ်လန့် ဖွယ်ဟုယူဆရန်မဟုတ်ပဲ၊ဒီမိုကရေစီစနစ်နှင့်ကိုက်ညီအောင် ဖန်တီးနိုင်ရန်သာ လိုရင်းအချက်ဖြစ်သည်။
လတ်တလောအခြေအနေတွင် မြန်မာအစိုးရအနေဖြင့်အမေရိကန်၊အနောက်ဥရောပအဖွဲ့ဝင်နိုင်ငံများနှင့် ကျယ်ပြန့်သော၊ စီးပွားရေး စစ်ရေးပူးပေါင်း ဆောင်ရွက်မှုပြုနိုင်ခြင်းသာလျှင် မြန်မာ့ဒီမိုကရေစီ၏တစ်ခုတည်းသောထွက်ရပ်လမ်းဟုကျနော်မြင်သည်။မကြာမီ ကျင်းပတော့မည့်(APEC)အစည်းအဝေးသို့ အိုဘားမားလာရောက်သည့်အခါ မြန်မာပြည်ပြန်လည်ထူထောင်ရေးအတွက် လိုအပ်သော သဘောတူညီချက်များရနိုင်ရန်၊မြန်မာခေါင်းဆောင်တို့အနေဖြင့် အသိဥာဏ်ဆင်ခြင်တုံတရားမြင့်မားရန်အထူးအရေးကြီးလျက်ရှိ၏။
မြန်မာ့ဒီမိုကရေစီရေးအတွက်ဦးဆောင်နေကြသည့်အတိုက်အခံအင်အားစုများအနေဖြင့်၊ထိပ်သီးဆွေးနွေးပွဲ၊အကောင်းဖက်သို့ ချည်းနိုင် ရန် အကောင်းဆုံးအနေအထားဖြင့် ဝန်းရံပံ့ပိုးသင့်သည်ဟုယူဆပါသည်။ နိုင်ငံရေးတွင် ကြိုတင်တွက်ဆမှုမရှိပဲ၊ အကြောင်း တစ်စုံ တစ်ခုပေါ်လာမှ ၊ခေါင်းစဉ်တပ်၍အသံကုန်ထအော်၊ဆန္ဒပြကြခြင်းကား ဆန်စင်ရာကျည်ပွေ့လိုက်ခြင်းသာဖြစ်လေရာ၊ မြန်မာ့ဒီမိုကရေစီ အရေးသည်၊သည်လိုပုံနှင့် မိုးကြီးချုပ်ပေလိမ့်မည်။
လွန်ခဲ့သောနှစ်နှစ်ခန့်က ကမ္ဘောဒီးယားအန်ကောဝပ်ကျောင်းတည်ရှိရာ ဆီယန်ရစ်မြို့သို့၊စာရေးသူရောက်ရှိခဲ့ရာတွင်၊ယင်းမြို့၏အနီးတ ဝိုက်တွင် နိုင်ငံတကာအဆင့်ဓာတ်ဆီဆိုင်များ၊ငွေထုတ်စက်များ၊ကုန်တိုက်ကြီးများနှင့်ဟိုတယ်ကြီးများဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်လျက် ရှိကြောင်းတွေ့ရှိခဲ့ရသည်။ကမ္ဘောဒီးယားတနိုင်ငံလုံးဒီပုံအတိုင်းပြောင်းလဲနေပြီလားဟု ကျနော်တည်းခိုသော ဟိုတယ်ပိုင်ရှင် ကမ္ဘောဒီး ယားလူမျိုးကို စပ်စုမေးမြန်းကြည့်ရာသူက ပြုံးရယ်လျက် တိုးတက်ဖွံ့ဖြိုးမှုနယ်နမိတ်သည် ခြောက်ကီလိုမီတာသာရှိသဖြင့် ခြောက်ကီလို မီတာဒီမိုကရေစီပါဟုဆိုလေသည်။
လက်ရှိကာလတွင် မြန်မာ့ဒီမိုကရေစီအင်အားစုများသည် အမြင်ကျယ်ကျယ်ဖြင့် ဆုတ်တက်လှုပ်ရှားကစားနိုင်ခြင်းမရှိပါမူ မြန်မာ နိုင်ငံသည် ခြောက်ကီလိုမီတာဒီမိုကရေစီဘဝဖြင့်သာဇာတ်သိမ်းပေလိမ့်မည်။
ကျနော်ညွန်းခဲ့သော အတိုက်အခံနှင့်ဒီမိုကရေစီအင်အားစုများဆိုရာ၌ အစိုးရနှင့်အမြင်မတူကြသူများကိုသာ၊ဆိုလိုသည်မဟုတ်ပါ။ ကမ္ဘာ့အလယ်တွင်၊မြန်မာ့ဂုဏ်ကိုထယ်ဝါစေလိုသော၊ရဟန်းရှင်လူပြည်သူအပေါင်းနှင့်အစိုးရအဖွဲ့အတွင်းမှ အမြင်မှန်သူများ၊မြန်မာပြည် ကိုကောင်းစားစေလိုသူများအားလုံးပါဝင်ပါသည်။
(၁၂) ဒေါင်းမြန်မာတခွင်၊တကောင်းရာဇဝင်ဆက်ချင်သည်
ဤဆောင်းပါးရှည်ကြီးကို (၂၀၁၅)အတွက် ပြိုမှာလေလားမိုးရဲ့ဟူသော စိုးရိမ်စိတ်အတိဖြင့်ကျနော်ရေးသည်။ကျနော့်နားဝယ် တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ၊များလူခပ်သိမ်းငြိမ်းချမ်းစေဖို့အစချီသည့်နိုင်ငံတော်သီချင်းကိုကြားယောင်လျက်ရှိ၏။တိုင်းပြည်ကိုလက်ညှိုးထိုး
ရောင်းစားခဲ့ကြသူများအား ရန်ငြိုးသိုပြစ်ဒဏ်ခတ်ရေးထက် ၊အမှန်တကယ်သာယာဝပြောသောနိုင်ငံတော်သစ်ကြီးဆီသို့ စစ်မှန်သောဒီမို ကရေစီနည်းလမ်းဖြင့် အရောက်လှမ်းနိုင်ရန်သာ ရည်သန်ပါသည်။မည်သည့်လူမျိုးမဆို၊ကိုယ့်တိုင်းပြည်ကိုယ်ချစ်မြတ်နိုးစမြဲဖြစ်ရာ၊ မြန်မာနိုင်ငံသားမှန်သမျှ မြန်မာနိုင်ငံတော်ကိုချစ်ကြသူချည်းများဟုသာ ကျနော်မှတ်ယူလိုပါ၏။ရာဇဝင်ထွန်းပြောင်သော တိုင်းပြည်နှင့် လူမျိုးတို့၏ဘဝပြန်လည်ဂုဏ်တင့်နိုင်ရေးအတွက် ဆန္ဒမွန်ရည်လျက်၊ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ လေးချိုးတပိုဒ်ဖြင့်ဆောင်းပါးကို အဆုံးသတ် လိုပါသည်။
“ရန်ခပင်းကိုတဲ့မောင်းကာနှင်၊ဒေါင်းမြန်မာတခွင်မတော့ အထက်ယခင်သဘော၊(အို-ကွယ်)တကောင်းရာဇဝင်ကိုတဲ့ ဆက်ချင် သကော”
……………………။………………………