“ထလမုသူရဲကောင်း”
(မင်းဒင်)
(တစ်)
ကျနော့်ဟောပြောချက်ကို နိဂုံးချုပ်၍ စင်မြင့်ပေါ်မှ ကျနော်ဆင်းလာသောအခါ ပရိသတ်၏လက်ခုပ်သံတို့သည် ကျနော့်နောက်မှာ ကျန်ရစ်ခဲ့၏။ ကျနော်သည်စင်မြင့်ပေါ်၌ဟောရပြောရသည့်အလုပ်နှင့်ကျွမ်းဝင်လှသူမဟုတ်ပါ။သို့သော် ဟောပြောခြင်းပညာရပ် တွင်၊မြန်မာ့ ထိပ်သီး စာရင်းဝင်များဖြစ်ကြသည့်၊ အကိုကြီးမောင်စိန်ဝင်း(ပုတီးကုန်း)၊ ကိုအော်ပီကျယ်နှင့် ကိုသာချိုတို့၏ လမ်းညွှန် အားပေးမှုများကြောင့် ကျနော့်ဟောပြောမှုသည် ကောင်းလှသည်ဟုမဆိုနိုင်သည့်တိုင် ကျေနပ်ဖွယ် အဆင့်တော့ရှိခဲ့တန်ရာသည်။ ဘဝဟူသည် အခက်အခဲ မျိုးစုံကျော်ဖြတ်ရသည့် ခရီးရှည်ကြီးတစ်ခုဖြစ်ကြောင်း၊မည်သည့်အခါမျှ စိတ်ပျက်အား ငယ်ခြင်းမဖြစ်ပဲ၊ လောကဓံကို အံတု ရင်ဆိုင်ခြင်းသည်သာ၊နည်းလမ်းမှန်ဖြစ်ကြောင်း အမေရိကန်လင်းယုန်ငှက်တို့၏ပုံပြင်နှင့် မျိုးနွယ်ဆက်အသစ်တို့ အတွက် သိန်းသန်းချီ၍ ပင်လယ် တွင်းသို့ခုန်ဆင်းကြကာ အသက်ကိုစတေးစွန့်လွှတ်ခဲ့သည့် ကြွက်အုပ်ကြီးအကြောင်း စသည်တို့ကို “တရွာလုံးက မင်းအပြန်အလာကိုမျှော်လင့်နေကြတယ်”ဟူသောခေါင်းစဉ်ဖြင့်၊ကျနော်အတတ်နိုင်ဆုံး၊အကောင်းဆုံးဖြစ်အောင် အားထုတ် ဟောပြောခဲ့ပြီးဖြစ်၍ ကျေနပ်အားရစိတ်ဖြင့် စင်ပေါ်မှဆင်းလာပြီး ပရိသတ်၏ဘေးမှ ၊လျှောက်လမ်းအတိုင်း ခေါင်းကိုအသာ ငုံ့ရင်း၊ လျှောက်လာခဲ့ချိန်တွင် အသက်လေးဆယ်ကျော်အရွယ်ရှိ လူမိုက်ရုပ်နှင့် ပုဂ္ဂိုလ်တစ်ဦးသည် ရှေ့ မှတည့် တည့်ရပ်ကာ ကျနော်ကို ဆီးကြိုနေခဲ့သည်။သူသည်ကတုံးပြောင် နှင့်ဖြစ်၏။ထိုင်းသူကောင်းမျိုးရိုး၊ အထက်တန်းလွှာ တို့ဝတ်ဆင်လေ့ရှိသော ရွှေချည် ဖောက် ထားသည့် လက်စက အင်္ကျီနှင့်ဘောင်းဘီရှည်တို့ဝတ်ဆင်ထားပြီး အသား အရောင်မှာ အညိုဖက်သို့လုနေသည်။
ကျနော့်ငယ်စဉ်ဘဝသည် လူဆိုးလူမိုက်တို့ကြီးစိုးရာ၊မက္ခရာနယ်မြေတွင်လူလားမြောက် ကြီးပြင်းခဲ့သည်ဖြစ်သောကြောင့် ရန်ပွဲနှင့် မစိမ်းသဖြင့်၊ကြောက်ရွံ့စိတ်မဖြစ်ပေါ် သော်ငြား၊ယခုလို အခြေအနေအခါမျိုးတွင် မည်သည့်ပြဿနာမျိုးမှ မကြုံတွေ့လိုသည်ကား အမှန်ဖြစ်၏။ထို့ကြောင့် အေးဆေးတည်ငြိမ် သောမျက်နှာထားဖြင့်ပင် ကျနော်သူ့ကိုရင်ဆိုင်လိုက်ပါသည်။သည်လိုအဖြစ်မျိုးနှင့် ခပ်ဆင်ဆင် ကျနော်နေထိုင်ရာ၊ဖူးခက်စာပေဟောပြောပွဲတွင်လည်း ကြုံတွေ့ခဲ့ပြီးဖြစ်၏။
(နှစ်)
မှန်ပါသည်။လွန်ခဲ့သော နှစ်ရက်က ကျနော်နေထိုင်ရာ၊ဖူးခက်မြို့တွင် ဒုတိယအကြိမ်မြောက် စာပေဟောပြောပွဲကျင်းပခဲ့ရာ၊ ဟော ပြောခဲ့ကြသည့် ပုဂ္ဂိုလ်များမှာမောင်စိန်ဝင်း ပုတီးကုန်း၊မောင်သာချို၊ကိုအော်ပီကျယ်၊ ဗိုလ်ကြီးဟောင်းနေမျိုးဇင်နှင့်ကျနော်ဖြစ်၏။ ဖူးခက်တွင်ပြုလုပ်ခဲ့သည့် စာပေဟောပြောပွဲတို့တွင် ကျနော်ပါဝင်လေ့မရှိသော်ငြား ၊သည်တကြိမ်တွင်မူ ဖူးခက်နယ်ခံ၊မိတ်ဆွေအချို့၏ တိုက်တွန်းမှုကြောင့် ဟောပြောသူစာရင်းတွင် ကျနော်ပါဝင်လာရသည်။ထို့အတူ ဖူးခက်ရှိ မြန်မာရွေ့ပြောင်းအလုပ်သမားတို့၏ဘဝကို လေ့လာရန်ဖိတ်ခေါ်ထားခဲ့သည့် ကိုနေမျိုးဇင်သည်လည်း ဟောပြောသူစာရင်းတွင်ပါဝင်လာရပြန်သည်။သူကိုယ်တိုင်ကလည်း သူသည် စာပေနှင့်ပတ်သက်၍ အတွေ့အကြုံအားနည်းသောကြောင့်၊စာပေသြဇာရှိနာမည်ကြီးပုဂ္ဂိုလ်များ(ကျနော်မပါဝင်ပါ)နှင့်အတူမဟောပြောလို ပါကြောင်း မေတ္တာရပ်ခံခဲ့ပါသည်။သို့သော် စီစဉ်ထားပြီးသော ပွဲဖြစ်၍ နောက်ဆုတ်ရန်မဖြစ်နိုင်တော့သည့်အဆုံး စင်မြင့်ပေါ်သို့ သူ ရောက်ခဲ့သည်။
ဤနေရာတွင် ကိုနေမျိုးဇင်အပေါ်ကျနော့်သဘောထားကို အနည်းငယ်ပြောလိုပါသည်။သူသည်ပုထုဇဉ်သာဖြစ်၍ သူ့ဘဝတွင်၊အမှန် အမှား၊ကောင်းခြင်းဆိုးခြင်းတို့ကို ဒွန်တွဲကျော်ဖြတ်ခဲ့မည်မှာ အငြင်းပွားဖွယ်ကိစ္စရပ်မဟုတ်ဟု ကျနော်မြင်သည်၊သူနှင့်လူချင်းမဆုံတွေ့မီ တွင် ကျနော်ကြားသိပြီးရသလောက်၊နိုင်ငံရေးအံတုမှု၊ကျေးလက်ပြည်သူများအတွက် ပရဟိတလုပ်ငန်းများကို သူတတ်နိုင်သည့်ဘက်မှ အားထုတ်ဆောင်ရွက်နေသူတစ်ဦးဖြစ်၍လက်ရှိကာလ၊ ခေတ်သစ်တစ်ခုဆီသို့ ရုန်းကန်ခရီးနှင်နေရသည့် မြန်မာပြည်အဖို့ သူလို လူမျိုးမလွဲမသွေလိုအပ်သည်ဟု ကျနော်ရိုးသားစွာယူဆပါသည်။သူနှင့်လူချင်းကိုယ်တိုင်ဆုံရသည့်အခါတွင်လည်း ကျနော်အကဲခတ် မိသလောက်သူသည် သူ့အပေါ်အမြင်မကြည်လင်သည့်၊အချို့သောပုဂ္ဂိုလ်တို့ မီဒီယာစာမျက်နှာများတွင်ထိုးနှက်တိုက်ခိုက်နေသကဲ့သို့၊ ကိုယ်ကျိုးရှာသမားတစ်ဦး၏ စရိုက်သွင်ပြင်ကို မူမတွေ့ခဲ့ရချေ။သူ့အသက်အရွယ်နှင့်၊အတွေ့အကြုံအရ၊အားနည်းချို့ယွင်းချက်တချို့ ရှိကောင်းရှိနိုင်သည်ကိုလည်း ကျနော်မငြင်းလိုပဲ၊သူ့တွင်တာဝန်ယူလိုစိတ်ကြီးမားနေသည်ကို သတိချပ်မိသည်။
သူ့ဟောပြောချက်အပြီးတွင် သူ့ကို ပုဂ္ဂိုလ်ရေးထိုးနှက်သူတစ်ဦးနှင့် သူရင်ဆိုင်ခဲ့ရသည်။ထိုးနှက်သည့်အကြောင်းအရာကို အကျယ်တဝင့် မရှင်းလိုတော့၊ထိုလူငယ်က၊သူ့ကိုယ်သူခေတ်ပညာတတ်တစ်ဦးဟုဆိုလျက် ပုဂ္ဂိုလ်ရေးဇောင်းပေးသည့် မေးခွန်းများဖြင့်သာ တိုက်ခိုက်ခဲ့ ခြင်း ဖြစ်၏။ ထိုအနေအခြေကို ကိုနေမျိုးဇင် အကောင်းဆုံးတုန့်ပြန်ဖြေရှင်းသွားနိုင်ခဲ့ပါသည်။
ယခု ဖန်ငခရိုင်၊ထလမုကျေးရွာက ဟောပြောပွဲအပြီးတွင်လည်း ကျနော့်ရှေ့တွင် နယ်ခံလူမိုက်တစ်ဦးနှင့်ကျနော်ထိပ်တိုက်၊ ရင်ဆိုင် တိုးနေလေပြန်လေပြီ။
(သုံး)
ထလမုစာပေဟောပြောပွဲကို ထလမုဘုန်းတော်ကြီးကျောင်းမှာ ဆရာတော် ဦးတေဇိန္ဒမှ ကမကထပြု၍ကျင်းပခဲ့ပြီး၊ဖန်ငခရိုင် မြန်မာ့ပညာရေး ဖောင်ဒေးရှင်းမှာ ပံ့ပိုးကူညီခဲ့ပါသည်။ဖူးခက်မှ ကီလိုမီတာတစ်ရာ့ငါးဆယ်ခန့်ကွာဝေးသော၊ထလမုကျေးရွာသည် ရေလုပ်ငန်းကိုအဓိက ထားပြီး အသက်မွေးဝမ်းကျောင်းသောဒေသဖြစ်၍ ၊များစွာသောမြန်မာရွေ့ပြောင်းလုပ်သားတို့၊ ငါးဖမ်းစက် လှေများတွင်အလုပ်၊လုပ်ကိုင်လျက်ရှိ၏။ လုပ်ငန်းသဘာဝ၏နောက်ဆက်ဆွဲအဖြစ်၊ထိုကျေးရွာတဝိုက်တွင် လက်ရဲဇက်ရဲသတ်ဖြတ် မှုများ၊အပြန်အလှန်လက်စားချေမှုများ၊ မကြာခဏဖြစ်ပေါ်လေ့ရှိသောကြောင့်နာမည်ဆိုးဖြင့်ကျော်ကြားရာအရပ်ဒေသဖြစ်၏။
ကျနော့်ရှေ့မှာရှိနေသူထံမှ စကားသံတခွန်းစတင်ထွက်ပေါ်လာသည်။
“ကိုမင်းဒင်၊ မကွေးဖက်ကဆို၊ ကျနော်က မြို့လုလင်ကဗျ” ဟူ၏။ သြော်၊ဟူသော၊အာမေဋိတ်ကို စိတ်တွင်းမှရေရွတ်ရင်း သူ့မျက်နှာကို ပြုံးရွှင်သောအကြည့်ဖြင့် ကျနော်တုန့်ပြန်လိုက်မိသည်။
ကျနော့်မွေးရပ်မြေဇနပုဒ်နှင့် ခဲတပစ်သာသာ၊ရွာမှ ရပ်ဆွေရပ်မျိုးတစ်ယောက်ကို လူမိုက်တို့ကြီးစိုးရာအရပ်တွင်ကျနော်ကြုံတွေ့ နေရပြီကော။မြို့လုလင်ဘူတာသည် ကျနော့်ဇာတိနှင့်အနီးဆုံးမီးရထားဘူတာ သားမြားမှ ၊နှစ်ဘူတာသာခြား၏။ တစ်နယ်သားဖြစ်မှန်း လည်းသိ၊အရွယ်ချင်းလည်း ကွာသည်မို့ ကျနော့်သူ့ကို တရင်းတနှီးပင် စကားပြန်လိုက်မိသည်။
“မင်း၊ဒီရောက်နေတာ ကြာပြီလား”
“ဆယ့်ရှစ်နှစ်လောက်ရှိပြီဆရာ”
“ဆရာတွေဘာတွေလုပ်မနေနဲ့။အကိုဆိုရပြီ၊မင်းမှိုက်ပင်ကိုရောက်ဖူးလား”
“ရောက်ဖူးတာပေါ့ဆရာ။ကျုပ်တို့ရွာနဲ့ ဘာဝေးတာမှတ်လို့။ကျုပ်မိဘများအိမ်က မြိ့လုလင်သူကြီးဦးမင်းရောင်အိမ်ဝင်းနဲ့ ကပ်ရက် (လျက်)ဗျ”
သူ့နာမည်ရင်းမှာ ဝင်းဦးနိုင်ဟုဆိုသည်။ထလမုမှာတော့ သူ့ကိုအယောင်(ကိုရှည်ကြီး)ဟုသာခေါ်ကြသည်ဆိုပါ၏။ မိတ်ဆွေအဖော် အပေါင်းငတ်သဖြင့်၊ရွာကိုလွမ်းနေသော ကျနော်သည် အယောင်နှင့်၊ရပ်အကြောင်းရွာအကြောင်းစကားလက်ဆုံကျနေချိန်တွင် ကိုအော်ပီကျယ်၏သောလုံးများကြောင့် ပရိသတ် သည် တဝါးဝါးပွဲကျလျက်ရှိ၏။ကျနော်သည်အယောင်ကိုလက်တို့လျက် ဟောပြောပွဲ ကျင်းပရာ၊ဘုန်းတော်ကြီးကျောင်း၊အေပေါ်ထပ် ခန်းမကြီးမှ အောက်ထပ်သို့ဆင်းခဲ့ကြသည်။ အယောင့်မျက်နှာတွင် ကျနော့်ကို အထင်ကြီးလေးစားစိတ်၊တနယ်သားချင်းမမျှော်လင့်ပဲ ဆုံတွေ့ရသည့်အတွက် ရွှင်မြူးအားရစိတ်တို့ သိသာပေါ်လွင်လျက်ရှိရာ “ဟေ့ကောင်၊အယောင်၊ငါ့ကို စွတ်အထင်မကြီးနေနဲ့ ၊ငါတို့အမေ လည်းစာမတတ်ဘူးဟ”ဆိုသော ဖြေလျော့ စကားဆိုရသည်အထိ။
ထိုညက သူ့ပုခုံးကိုကျနော်ဖက်ရင်း၊စကားလက်ဆုံကျကာ၊သူ့ဘဝသူ့အကြောင်းကို ကျနော်သိခွင့်ရခဲ့၏။ ပွဲစီစဉ်သူများခေါ်ဆောင်ရာ သို့လိုက်ပါရင်း အယောင့် အကြောင်းမျိုးစုံကိုသိခဲ့ရသည်။သူ ဦးဆောင်နေသည့် ရွှေမြန်မာလူမှုရေးကော်မီတီရုံးသို့လည်း ကျနော် ရောက်ခဲ့သည်။နယ်ခံမိတ်ဆွေတို့ တညီတညွတ်တည်း ပြောဆိုချက်များအရ ထလမုကျေးရွာတွင် အယောင့်ဟေ့ ဆိုလျှင် ထိုင်းသူဌေး၊ထိုင်းပုလိပ်၊ထိုင်းနယ်ခံလူမိုက်များပါ၊ဖိန့်ဖိန့်တုန်အောင်ကြောက်ရသည်ဟူ၏။
(လေး)
နတ်မောက်သားအယောင်သည် အခြားသောမြန်မာရွေ့ပြောင်းအလုပ်သမားတို့နည်းတူ တဝမ်းတခါးအလို့ငှာ ထိုင်းနိုင်ငံသို့ရောက်ရှိခဲ့ ကာ ရနောင်း၊ချွန်ဖွန်၊ မြို့များတွင် နှစ်အနည်းငယ်လုပ်ကိုင်ခဲ့ပြီး ထလမုသို့ငါးဖမ်းလှေလုပ်သားဘဝဖြင့်ရောက်ရှိလာခဲ့သူဖြစ်၏။ သူရောက်ခါစ ကာလများက ထလမုသည်၊စရိုက်ကြမ်းသောအရပ်ဖြစ်၍ ထိုင်းက မြန်မာကိုသတ်၊မြန်မာအချင်းချင်းသတ်စသည့် တခြိမ်းခြိမ်းသတ်နေကြချိန်ဖြစ်ရာ၊ တချို့လူသေအလောင်းတို့မှာ ထလမု အမှိုက်ပုံဝင်းကြီးအတွင်းတွင် တရံမလတ်တွေ့မြင် နေခဲ့ကြရသည်ဟုဆို၏။ကောက်ယူသဂြိုဟ်သူ မဲ့နေသော တချို့အလောင်းတို့မှာ ခွေးစားခံရသောကြောင့် မြင်မကောင်းရှုမကောင်း၊ ရုပ်ပျက်ဆင်းပျက်ရှိနေခဲ့ရာ၊ထလမုမှ အချို့သော ခွေးတို့မှာ လူသားပင်ကြိုက်နေကြပြီဟုဆို၏။
ဇာတိနတ်မောက်၊မကွေးခရိုင်အညာသားအယောင်သည် မည်သူမျှမလုပ်လိုသော၊ထိုအလောင်းတို့ကို ကောင်းမွန်စွာသဂြိုဟ်ခွင့်ရရေး အတွက် ပင်ကိုယ်လူမှုရေးအသိစိတ်ဓာတ်ြဖင့် တစ်ကိုယ်တော်၊စတင်တာဝန်ယူရှင်းလင်းပေးခဲ့သည်။မြန်မာရွေ့ပြောင်းအလုပ်သမားတို့ ၏နာရေးကိစ္စကို ဆောင်ရွက်မှုဖြင့် ထိုင်းသူဌေး၊ထိုင်းပုလိပ်၊ထိုင်းလူမိုက်များ၏ အမြင်မကြည်လင်မှုကြောင့် ဖြစ်ပေါ်လာသည့်နောက် ဆက်တွဲ ပြသနာ ထိတ်တိုက်ရင်ဆိုင်မှုများကို အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရာ၊ သူ့ဦးခေါင်းမှာ ချုပ်ရိုးဟောင်းပေါ်နေသည့် ဒဏ်ရာကို ကျနော် မြင်ခဲ့ရသည်။
နောက်ဆုံးတွင်မူ ဖြူစင်ရိုးသားသည့် သူ့ပင်ကိုယ်စိတ်ကြောင့် နယ်ခံထိုင်းလူမျိုး၊ ထိုင်းပုလိပ်တို့အမြင်ပြောင်းလာသည်။ အယောင်၏ မဟုတ်မခံစိတ်၊ကိုယ် ကျိုးမဖက်သည့်စိတ်ထား၊စွန့်လွှတ်အနစ်နာခံသည့်လုပ်ရပ်များကြောင့် ယုံကြည်မှုရှိလာကြ၏။မြန်မာလူမျိုး၏ နာရေးနောက်ဆုံးခရီး အတွက်ထလမုဘုန်းတော်ကြီးကျောင်းတိုက်ရှိ မီးသဂြိုဟ်စက်ကို ဦးဆောင်စီမံခန့်ခွဲသူ အဖြစ်ရောက်ရှိ စေခဲ့သည်။ထိုမှသည် အယောင် သည် ထလမုကျောင်းဝင်းကြီးအတွင်းတွင် မြန်မာအလုပ်သမားတို့ သာရေးနာရေးကိစ္စရပ်များ၊ ရာသီ အလိုက်ပွဲတော်အခန်းအနားများ၊ စုဝေးကျင်းပ နိုင်အောင် ထိုင်းဘတ်လေး ငါးသိန်းတန် ကျောင်းဆောင်နှင့်ခန်းမတို့ကို ဦးဆောင် တည်ဆောက်နိုင်ခဲ့လေပြီ။ယခုကျင်းပပြီးစီးခဲ့သော ဟောပြောပွဲအောင်မြင်ရေးအတွက် အယောင်၏အခန်းကဏ္ဍသည်အထူးအရေး ပါခဲ့၏။
သူ့ရုံးခန်းတွင် သူတာဝန်ယူသဂြိုဟ်ခဲ့သော အလောင်းပေါင်းကိုးဆယ်ကျော်၏ဓာတ်ပုံတို့ကိုမြင်ခဲ့ရသည်။ထိုမှတ်တမ်းသည် လွန်ခဲ့သော ငါးနှစ်တာကာလ အတွက်ဟုဆိုပါသည်။အဆိုပါသေဆုံးခဲ့ရသူတို့ထဲတွင် သာမန်မမာမကျန်းရောဂါဖြင့်သေဆုံးခဲ့ရသူငါးဦးမျှသာဖြစ်၍ ကျန်သူတို့မှာ အသတ်ခံရသူအများစုဟုသိရ၏။ယခုနှစ်ကာလများတွင်မူ ထလမုတွင် မြန်မာတို့အသတ်ခံရမှုသိသိသာသာ လျော့ကျ လာခဲ့ပြီဟုလည်း ဆိုပါသည်။
(ငါး)
စင်စစ်အယောင်သည် ထိုင်းငါးဖမ်းလှေလိုက်သည့် မြန်မာငါးဖမ်းလှေလုပ်သားတစ်ဦးအဖြစ် ပတ်စပို့ကိုင်ဆောင်ထားသူဖြစ်သော်ငြား သူ အမှန်တကယ်လုပ်ကိုင်နေသည့်အလုပ်မှာ မြန်မာဝေါဟာရဖြင့် သုဘရာဇာဟုဆိုနိုင်ပါသည်။သို့သော် ကျနော်စိတ်အစဉ်တွင် သူ့ကို ထလမုမှ ကိုကျော်သူဟူ၍ တင်စားထင်မြင်ခံစားရသည်။အယောင်နှင့်ကျနော်မွေးရာဇာတိတူ၍၊တနယ်တည်းသားဖြစ်ရခြင်းးအတွက် ဘယ်သောအခါမျှ ရှက်ရွံ့သေးသိမ်စိတ်ဖြစ်ပေါ်မည်မဟုတ်ပဲ၊သူ့စိတ်ထား၊သူလုပ်ရပ်အတွက် ကျနော်ဂုဏ်ယူဝမ်းမြောက်စိတ်သာဖြစ်ပေါ် ခဲ့ပါသည်။
“လူမိုက်တွေမှိုလိုပေါက်နေတဲ့နေရာမှာ ဒီဘဝမျိုးနဲ့ နေရတာ လုံခြံမှုတော့ဘယ်ရှိပါ့မလဲဆရာ။သူမိုက်၊ကိုယ်မိုက်၊သူကြမ်းရင် ကိုယ်က သူ့ထက်ပိုကြမ်းပြရ တာလည်းရှိတာပေါ့ဆရာ။ ကိုယ့်လုပ်ရပ်မှန်ဖို့တော့ အရေးကြီးတာပေါ့။ကျနော်က မီးသဂြိုဟ်စက်မှာလုပ်ပြီး လည်ပင်းမှာ ဘုရားရုပ်တွေ၊ ဘုန်းတော်ကြီးပုံကြုပ်လေးတွေ၊ဆွဲထားတော့ ထိုင်းလူမိုက်တွေက ကျနော့်ကိုလန့်ကြတယ်။ ကျနော်ဆွဲထားတဲ့အဆောင် တွေထဲမှာ ကျနော်ယုံကြည်တဲ့အဆောင်က တစ်ခုတည်း ပါဆရာ၊အဲဒါက ဗုဒ္ဓဆင်းတုတော်ပါပဲ”
သူ့စိတ်ဖိစီးမှုသက်သာရာရလိုရငြားကျနော်က သူ့ကို ပြုံးလျက်ကြည့်ရင်း ကိုယ်ရေးကိုယ်တာပေါ့ပေါ့ပါးပါးအကြောင်းအရာဆီသို့ဦးတည် လိုက်သည်။
“ဒါနဲ့အယောင်၊မင်းအိမ်ထောင်မကျသေးဘူးဆို၊လေးဆယ်တောင်ကျော်နေမှ အိမ်ထောင်ပြုတော့လေ”
“ဟာ၊ဆရာကလည်း ဒီအလုပ်ကြီးနဲ့ ဘယ်မိန်းမက ကျနော့်ကိုယူမှာတုန်း။ဒီအလုပ်က ညဥ့်နက်သန်းခေါင်အချိန်မရွေး၊အိပ်ချိန်စားချိန် မမှန် လျှောက်လုပ်နေရတဲ့အလုပ်ဆိုတော့ မိန်းမယူလို့မဖြစ်ပါဘူးဆရာ”
“ပိုက်ဆံကော စုမိရဲ့လား”
“အမေ့ကိုလှမ်းထောက်ပံ့တာပေါ့ဆရာ။နှစ်လတစ်ကြိမ်၊သုံးလတစ်ကြိမ်တော့ငွေပို့ဖြစ်ပါတယ်”
ကျနော်နှင့်အယောင်စကားဖောင်ဖွဲ့၍မကုန်နိုင်ခဲ့။ အယောင့်အား ကျနော်ရေးခဲ့သည့် ရွှေပင်တမ်းချင်းများစုစည်းမှု စာအုပ်တစ်အုပ် ကိုလက်ဆောင်ပေးခဲ့စဉ် သူ့လက်ထဲမှာ မင်းဒင်ရဲ့သက်ခိုင် စာအုပ်အထူကြီးကိုကိုင်ထားသည်ကိုလည်းမြင်ခဲ့ရသည်။သို့သော် သူသည် စာကိုဂျောင်းဂျောင်းပြေးဖတ်နိုင်ဟန် မတူချေ။သူရုံးခန်းမှာတွဲလျက်ဖွင့်ထားသည့်စာကြည့်တိုက်အတွက် သူရည်ရွယ်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ၊ထလမုကျေးရွာမှဖူးခက်သို့အပြန်ခရီးတွင် အယောင်ခေါ်ဝင်းနိုင်ဦး၏ရုပ်သွင်သည် ကျနော့်စိတ်အစဉ်၌ ထပ်ချပ်လိုက်ပါ လာခဲ့၏။ကျနော့်နယ်သား၊ပရဟိတသမား၊ထလမုသူရဲကောင်း အယောင်ခေါ်ဝင်းနိုင်ဦးကို ကျနော်အလွယ်တကူ မေ့ပျောက်နိုင်မည်မဟုတ်သည်မှာ သေချာလှသော၊အချက်ဖြစ်ပါ၏။