Quantcast
Channel: .
Viewing all articles
Browse latest Browse all 346

ကြက်သားဟင်းသည်ကိုလိုနီအမွေဆိုးဖြစ်၏။

$
0
0

၂၈။နိုဝင်ဘာ ၂၀၁၄ နေ့ထုတ် သည်လေးဒီးစ်ဂျာနယ်မှ။ ။

ကြက်သားဟင်းသည်ကိုလိုနီအမွေဆိုးဖြစ်၏။

(မင်းဒင်)

(တစ်)
ခက်တော့နေပါပြီ။အိပ်တော့မယ်ဆိုပြီး အိပ်ယာထဲဝင်၊မျက်လုံးမှိတ်လိုက်ကာမှ၊ကြံကြံဖန်ဖန် ကြက် သားဟင်းအကြောင်း ခေါင်းထဲရောက်လာနေပြန်ပါပေါ့ကလား။

(နှစ်)
ဟုတ်ပါ့ဗျာ။အခုညဦးပိုင်းကမှ ပူပူနွေးနွေးချက်ပြုတ်ထားခဲ့တဲ့ ကြက်သားဟင်းအိုးဟာ အိမ့်အောက်က မီးဖိုပေါ်မှာ တင်လျက်သားကျန်ရစ်ခဲ့လေရဲ့။ ပူပူလောလောကြီးဖြစ်နေတုန်းမို့ ရေခဲသေတ္တာထဲ သွားထိုး ထည့်ထားလို့လည်းမဖြစ်ပြန်။ပေါင်းအိုးထဲထည့်ချက်ထားတာမို့၊တစ်ဒါဇင်နီးပါးရှိတဲ့ နက်ကျား မျိုးဆက်၊ ကြောင်သားအုပ်မရဲ့ရန်ကတော့ ပူစရာမလိုလှပါဘူး။အဲ..ရဲသူဆိုတဲ့တပည့်ကျော်ကတော့ သိပ်စိတ်ချရ တာမဟုတ်ဘူးဗျ။ ဒီကောင်ညပိုင်းဆိုမူးမူးနေတတ်တော့၊  ဟင်းအိုးကို လွယ်လင့်တကူ ဖွင့်၊ အမြည်းလုပ် ပွဲတော်တည်လိုက်မှဖြင့်ဒုက္ခ။အရေးထဲကျုပ်ကိုကြက်သားဟင်းတစ်အိုးနဲ့ ဥစ္စာ ခြောက်ပြီးငတ်ကြီး ကျနေတဲ့ ကောင်လို့ထင်နေကြရော့မယ်။ဒီတော့ကျုပ်နည်းနည်းရှင်းပြမှဖြစ်မယ်။

ကျုပ်ဟာအိမ်ထောင်ဖက်မရှိတဲ့လူပျိုကြီးမဟုတ်ပေမဲ့၊လောလောဆယ်မှာ၊ အထီးကျန်ဘဝရောက် နေလေတော့ စားရေးသောက်ရေး၊နေရေးထိုင်ရေး၊တယ်ဒုက္ခရောက်သကိုး။အဝတ်လျှော်တဲ့ကိစ္စက ဒိုဘီပင်မင်း ပေးလို့ရပေမဲ့၊အစားအသောက်မှာတော့ပြဿနာရှိတယ်ဗျ။ဟုတ်ပါ့ဗျာ။ဆိုင်မှာဝယ်စား လည်း ဘာမှထွေထူးပြီးမကုန်ကျပေမဲ့ ခက်နေတာက အမြဲတစေလိုလို ထိုင်းအစားအစာ၊ စပ်စပ် ကြီးတွေမစားနိုင်တဲ့ဒုက္ခ။အပြောင်းအလဲ ကိုတောင့်တတဲ့ချဉ်ခြင်းလည်းပါတယ်ဆိုပါတော့။
ရုပ်ကိုအဟာရစောင့်တယ်လို့ဆိုကြတယ်မဟုတ်လား။ကျုပ်လည်း ပါစကတေဇောဓာတ်မီးကို၊ အချိန် မှန်ငြှိမ်းနိုင်ဖို့ အစားအသောက်ကိစ္စကို တတ်သလောက်မှတ်သလောက် ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင် ရတာပေါ့ဗျာ။

ဒီတော့ အိမ်နားက တပတ်မှာနှစ်ရက်ဖွင့်တဲ့ဈေးထဲထွက်၊အသားငါးလေးဝယ်ပြီး နှစ်ရက် သုံးရက်စာချက်ပြုတ်ထားရပေသပေါ့။ နေ့တိုင်းလို မီးဖိုချောင်မဝင်ချင်တာကြောင့် တခါချက် သုံးရက် စာ၊ပိုနေတဲ့ဟင်းကို ရေခဲသေတ္တာထဲမှာ သိမ်း၊စားခါနီးပြန်နွှေးပေါ့ဗျာ။တခါတလေ အသီးအရွက် ချဉ်ခြင်းတပ်ရင် ရယ်ဒီမိတ်ယုဇနလက်ဘက် တစ်ထုတ်ဖောက်ပြီး၊စခန်းသွားလိုက်တာပါပဲ။
ဈေးသွားတယ်ဆိုတာ ပြောတော့သာအလွယ်လေး၊ တကယ်တမ်းသွားကြည့်တော့ အတော်စိတ်ပျက် စရာ အကောင်းသားဗျာ။ကြည့်လေ။ကြက်သားဝယ် မယ်ဆိုရင် ထိုင်းမှာကြက်သားသုံးမျိုးရှိသဗျ။

ကိုင်ဆိုတဲ့ ရိုးရိုးစီပီကြက်။ခိုင်ကိုင်ဆိုတဲ့ အရိုးသိပ်မာတဲ့ ဥစားကြက်၊ကိုင်ဘန်းလို့ခေါ်တဲ့ ရိုးရိုး အိမ်မွေးကြက်။ ကျုပ်ကတော့ ခေတ်မီဆေးဝါးမျိုးစုံနင်းကန် ကျွေးပြီး မွေးထားတဲ့ စီပီကြက်ဟာ ပွစိစိနဲ့ အဆီတွေများ လွန်းတာမို့ တယ်မသတီလှဘူး။ခိုင်ကိုင်ဆိုတဲ့ ဥစားကြက်မျိုးကလည်း သီပေါမင်း ပါတော်မမူခင်က မွေးထားတဲ့ကြက်လားအောက်မေ့ရတယ်။မာလိုက်တဲ့အရိုး၊ကိုက်မိတဲ့သွားတွေသာ ကြွေကုန်မယ်။ဒင်း ကတော့ အရာမယွင်းတဲ့အထိ။ဒါကြောင့် ကျုပ်ဈေး ဝယ်ထွက်တဲ့အခါ ကိုင်ဘန်း အိမ်ကြက်ကိုပဲ ဝယ် တယ်ဆိုပါတော့။အိမ်ကတပည့်ကျော်တွေဝယ်ခိုင်းလို့ကတော့ဗျာ၊ အမောက်နဲ့ ခြေထောက်ကို ကြည့်ပြီး ဒါကြက်ပဲဆိုတဲ့ မဟာရွှေဥာဏ်တော်နဲ့ သောက်တလွဲတွေမှားမှား ဝယ်လာကြတာအကြိမ်ပေါင်း မနည်းတော့ဘူး။ဒါကြောင့် ကျုပ်ကိုယ်တိုင်ပဲဈေးဝယ် ထွက်တယ် ဆိုပါတော့။

 (သုံး)
ကြက်သားဆိုလို့ ငယ်ငယ်တုန်းက အဖြစ်တွေသတိရမိသေးတယ်။ကျုပ်တို့ရွာမှာတော့ အိမ်တိုင်းလိုလို ကြက်သားအုပ်မတွေနဲ့ ကြက်သားကတော့ ပေါပါ့ဗျာ။တယ်ပြီးထူးဆန်းတဲ့အစားအစာတော့မဟုတ်ပါ ဘူး။အဲ ..၊ကျုပ်ငါးနှစ်သားလောက်မှာ၊ကျုပ်တို့မိသားစုရန်ကုန်မြို့ကြီးကိုလည်းပြောင်းလာရော၊ထမင်း ဝိုင်းမှာ ကြက်သားဟင်းကို၊မြင်ရတဲ့အကြိမ်နည်းလာတယ်။ဈေးသည်မိသားစုမို့ အစားအသောက်ချို့ချို့ ငဲ့ငဲ့မဟုတ်ပေမဲ့ ရန်ကုန်ကြက်သားဈေးနဲ့ဆိုရင် တွက်ချေမကိုက်ဘူးထင်ပါရဲ့။

ဒီကြားထဲ ညီအကိုမောင်နှမတွေက တကျိပ်နီးပါးဖြစ်နေပြန်တော့  ကြက်သားဟင်းချက်တဲ့နေ့တွေ မှာဆို ဝေပုံကျရတဲ့ ကြက်သားမှာတောင်ပံနဲ့ ခြေထောက်မပါအောင်၊အမေ့ကို နားပူရတာအမော။ ကျောင်းပိတ်ရက်တွေ ရွာပြန်တဲ့အခါမှာတော့ “ငါ့မြေးတွေလာတယ်ဟေ့။ကြက်တစ်ကောင်လောက် ပစ်ချေဦး”ဆိုတဲ့ ကျုပ်တို့အဖိုး(အမေရဲ့အဖေ)အသံတောင်မဆုံးသေးခင်၊”ဘုန်း၊ဘုန်း၊ဂီး၊ဂီး၊ဂစ်၊ဂစ်” အသံ တွေကြားရတော့တာပဲဗျ။ကျုပ်ဦးလေးကိုမောင်ခွေးရဲ့လက်ချက်ပေါ့။ ကျုပ်အဖိုးရဲ့ကြက်သား ဟင်းအပေါ် မြင်တဲ့ အမြင်က တစ်မျိုးတစ်ဘာသာခင်ဗျာ။ဘာတဲ့၊ “ငါ့မြေးတွေ၊ရင်အုပ်နဲ့ ပေါင်သား တွေရွေးစားကြကွ။ တကယ်တော့ ကြက်သားရဲ့အဆီအနှစ်ဆိုတာ အရိုးမှာကပ်နေတာမို့ အဖိုးကတော့ အရိုးကိုက်ရတာပဲ ကြိုက်တယ်”တဲ့။ ကျုပ်တို့ကလည်း အဖိုးစကားကိုမြေဝယ်မကျနားထောင်ပါတယ်။

တစ်အိုးလုံးပြောင် အောင်စားပြီးချန်ထားခဲ့တာ ခြေထောက်နဲ့တောင်ပံပဲ။ အခုအသက်အရွယ်ရောက်မှ ပြန်စဉ်းစား ကြည့်တော့ ကျုပ်တို့မြိုမကျမှာစိုးလို့ သဘော ထားကြီးကြီးနဲ့ တမင်မှတ်ချက်ပေးတာ ဖြစ်နိုင်တယ်ဗျာ။ နောက်သေချာစဉ်းစားကြည့်ပြန်တော့ သူ့သုံးသပ်ချက်ဟာ လုံးလုံးမှားတယ်လို့ လည်း မဆိုနိုင်ပြန်ဘူး။

 (လေး)
နေဦး။စကားမစပ်ကျုပ်တပည့်ကျော်ရဲသူအကြောင်းပြောရဦးမယ်။အမှန်တော့ လက်ရှိအိမ်မှာ ကျုပ်နဲ့ အတူနေကြတဲ့ကလေးတွေက စုစုပေါင်းသုံးယောက်ဗျ။ကျုပ်နဲ့ဆိုရင်လေးယောက်ဆိုပါတော့။ကျုပ်တူ တော်မောင် ရဲအောင်ကတော့ အရင်ဘဝကကြက်သေလို့လူဝင်စားပြန်ဖြစ်သလားမဆိုနိုင်ဘူး။ကြက် သားဟင်းကိုလုံးဝ၊လုံးဝလှည့်မကြည့်ဘူးဗျာ။ဟင်းမရှိရင် လက်ဘက်သုတ်နဲ့စားတယ်။ကြက်သားဟင်း ဆိုရင်တော့ ဝေရာမဏိပဲ။ခြွင်းချက်တော့ရှိတယ်။ဒံပေါက်ထမင်းထဲက ကြက်သားတုံးကိုတော့ ဘုန်း ပေး တော်မူသဗျာ။ထားပါတော့လေ။နောက်တစ်ယောက် နေလင်းဆိုတဲ့ ကားမောင်းတဲ့ချာတိတ်ဟာ၊ ညဖက်ဆို ကျုပ်အိမ်မှာမအိပ်ပဲ၊သူ့အခန်းသူပြန်အိပ်တယ်။ဒီတော့ အိမ်အောက်ထပ်မှာ ကြက်သား ဟင်းနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်စရာဆိုလို့ ရဲသူတစ်ယောက်ပဲရှိတာပေါ့ဗျာ။

တပည့်ကျော်ရဲသူက ဘိတ်ဇာတိဗျ။မအူမလည်ဘဝမှာတော့ ရနောင်းဖက်ကမ်းကဂိုဒေါင်တစ်ခုမှာ တနှစ်ကျော်လုပ်ခဲ့တာ၊ဂိုဒေါင်ပိုင်ရှင်က ဘတ်ငါးထောင်ပဲရှင်းပေးတာခံရဖူးသတဲ့။ ကျုပ်ဆီရောက်နေ တာတော့ သုံးနှစ်ဝန်းကျင်လောက်ရှိရော့မယ်။ ရောက်စတုန်းက သူပြောတဲ့ဘိတ်သံဝဲဝဲဗမာစကားကို ကျုပ်နားထဲမှာ ဝူးဝူးဝါးဝါးပဲကြားနေတယ်။အခုထက်ထိနှစ်ခါပြန်မေးနေရတုန်းပါပဲ။ ဆရာကောင်း တပည့်ပီသတယ်ထင်ပါရဲ့။လူကသာ ခပ်ထုံထုံ၊အရက်ဘီယာလေးတမြမြ၊ခရုန်ထစ်စီးကရက်လေး လက်ကြားကမချချင်ဘူး။စကားပြောရင်သာလေးလုံးမကွဲတာ ရည်စားနှစ်ယောက်တပြိုင်တည်းထားမိ တယ်ဆိုလား၊မိန်းကလေးနှစ်ယောက်စလုံးက စွန့်သွားလို့၊အကျည်းတန်၏အထီးကျန်အတ္ထုပ္ပတ္တိဖြစ်နေ တာမို့ ညညဆို လောက်ခေါင်(အရက်ဖြူ)တစ်လုံးနဲ့ ဖြေဆည်ရာရှာနေတတ်လေရဲ့။

အေးလေ။အဲဒါကိုပဲ ကျုပ်ပူတာပေါ့၊တပင်တပန်းတကူးတက ကိုယ်တိုင်ဈေးသွားပြီး ချက်ထားရတဲ့ ကြက်သားဟင်း ရဲသူလက်ချက်မိလို့ကတော့ မလိုအပ်ပဲ ဒုက္ခပိုဦးတော့မယ်။ ဒီလိုညဥ့်နက် သန်း ခေါင်အချိန်ကျမှ ဟင်းအိုးကိုရေခဲသေတ္တာထဲသွားပြောင်းထည့်လို့လည်း အရပ်ရပ်နေပြည်တော်ကြား လို့မှမတော်၊ခက်ပါဘိ။

(ငါး)
အိပ်မပျော်လေအတွေးတွေလျှောက်ဆက်လေပဲဗျာ။လူ့လောဘဆိုတာခက်သားကလား။ဦးပုညရေးတဲ့ ရေသည်ပြဇာတ်မှာဆို ထီးနန်းစည်းစိမ်တဝက်ခွဲပေးတာတောင်၊ရေသည်ဘဝတုန်းက မြို့ရိုးကြားမှာ ဝှက်ထားခဲ့တဲ့ တမူးတပဲကို စွန့်လွှတ်ဖို့အာလျမပြတ်နိုင်ဘူးတဲ့ဗျ။ ခုကြည့်လေ။ ဘာမဟုတ် တဲ့ကြက် သားဟင်းနဲ့ကျုပ်မှာ အိပ်ရေးပျက်နေရပြီ။အင်း…၊အဲဒီညက ကျုပ်ဟာအတော့်ကိုညဥ့်နက်မှ   မှေးကနဲ အိပ်ပျော်သွားသဗျ။

နောက်နေ့မနက်မိုးလင်းလို့ အောက်ထပ်ကဗျာကယာဆင်းပြီး ကြက်သားဟင်းအိုးကို စစ်ကြည့် တော့ ဘာမှ ခြေရာလက်ရာမယွင်းပါဘူးဗျာ။ခေါင်းအေးအေးနဲ့ သေချာပြန်စဉ်းစားကြည့်တော့မှ ဖူးခက် လိုမြို့ကြီးမှာ၊ကြက်သားဈေးကပေါလွန်းတဲ့အပြင်၊လုပ်အားခအထိုက်အလျောက်ကောင်းတဲ့၊ မြန်မာ အလုပ်သမားတော်တော်များဟာ ကြက်သား၊ကြက်ကြော်ကို မက်မက်စက်စက် သိပ်မရှိကြလှပါဘူး။ ငါးသေတ္တာနဲ့ကြက်ဥဆို ပိုဆိုးသေး။ကန်ဇွန်းရွက်ထက်ဈေးပေါနေတဲ့ ဒီကြက်သားဟင်းကို တပည့် ကျော်ရဲသူဘယ်မှာလာစားပါ့မတုန်း။ကြက်တစ်ကောင်ချက်ကို တစ်ယောက် တည်းစားချင်တဲ့လောဘ ဇောကပ်နေခဲ့တဲ့အဖြစ်ကိုတွေးမိရင်း၊ကိုယ့်လိပ်ပြာကိုယ်ရှက်မိတာအမှန်ပါပဲ။

(ခြောက်)
ကျုပ်တူတော်မောင်ရဲအောင် ခူးခပ်ပြင်ဆင်ပြီးကျွေးတဲ့ မနက်စာထမင်းဝိုင်းမှာ ကြက်သားဟင်းပန်း ကန်ထဲက အသားတုံးတစ်တုံးကို ဇွန်းခက်ရင်းနဲ့ဖဲ့နေတုန်း၊ ပြီးခဲ့ညက၊ကျုပ်အဖြစ်ကိုတစိမ့်စိမ့်ပြန်တွေး မိတော့၊ကြက်သားဟင်းတစ်ခွက်ကို ကျုပ်လောဘဇောတိုက်မိတာ ဘာဆန်းလို့တုန်းဗျ။ဒီကြက်သား ဟင်းဟာ ကျုပ်ချွေးနည်းစာနဲ့ဝယ်ပြီး ကိုယ်တိုင်အပင်ပန်းခံချက်ပြုတ်ထားတာမို့ပါ။တချို့များ၊ တရား ဝင်ကိုယ်ပိုင်ဥစ္စာပစ္စည်းမဟုတ်ပါပဲလျက်၊ကျုပ်ထက်ပိုပြီးငြိတွယ်နေကြတာတစ်ပုံကြီးပါဗျာ။သူတို့နဲ့နှိုင်းစာရင် ကျုပ်အဖြစ်ကိုကိုယ်ချင်းစာနိုင်ကောင်းပါရဲ့။

အေးလေ။မကြာခင် မြန်မာပြည်မှာ ရွေးကောက်ပွဲတွေကျင်းပကြတော့မယ်။ လက်ရှိနေရာတွေကနေ ဆင်းတဲ့လူဆင်း၊ဖယ်တဲ့ သူဖယ်၊အပြောင်းအလဲတွေကြုံကြရတော့မယ်။  မောင်မင်းကြီးသားတချို့ ကြုံ နေရတဲ့ စိတ်သောကဟာလည်း ကျုပ်ထက်အပုံကြီးသာနိုင်ပါတယ်ဗျာ။

နောက်ဆုံးကြားရတဲ့သတင်းတွေမှာတော့ သူတို့ဆက်ရှိမှ၊ဖြစ်မယ်တဲ့။မြန်မာပြည်ကြီးသာယာဝပြော အောင်ဆက်ပြီးကြိုးစားကြရအုံးမတဲ့ဗျာ။တိုင်းပြည်အပေါ်တယ်လည်းသံယောဇဉ်ကြီးကြရှာသကိုး။သူတို့အလွယ်တကူနေရာ ဖယ်ပေးလို့မရသေးတာဟာ ကိုလိုနီအမွေဆိုး တွေကြောင့်လို့ဆိုကြသဗျ။
အေးဗျာ။ဒီကိုလိုနီအမွေဆိုးကြောင့် ကျုပ်တို့လူကြီးတွေခမျာ၊ မပူသင့်တာပူရ၊ဆင်းချိန်တန်မဆင်းနိုင်၊ ခေတ်ကြီးပြောင်းနေချိန်မှာ ကာလဒေသပယောဂနဲ့ အညီတွေးတောဆင်ခြင်ချိန်မရှိ၊ဖြစ်ကြရရှာသကိုး။

မြန်မာပြည်ကိုနှစ်ပေါင်းများစွာ ဒုက္ခမျိုးစုံပေးနေတဲ့၊ အကောင်အထည်မရှိ၊ဒြပ်မရှိလက်ဆုပ်လက်ကိုင် မပြနိုင်တဲ့၊ကိုလိုနီအမွေဆိုးဟာတော်တော်ကိုဆိုးပါတယ်ဗျာ။သေချာပြန်စဉ်းစားကြည့်ရင် ကြက်သား ဟင်းအပေါ်ကြောင့်ကျတက်မက်မိတဲ့၊ကျုပ်အဖြစ်ဟာ ကိုလိုနီအမွေဆိုးတောင်ဖြစ်ချင်ဖြစ်နေနိုင်သေး သဗျ။ ။

Viewing all articles
Browse latest Browse all 346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...