၁၀။၀၃။၂၀၁၅ နေ့ထုတ်ဆဲဗင်းဒေးသတင်းစာ။ ။
လွှတ်တော်ကြားနာပွဲရောက်၊တဇောက်ကန်းပါတီဥက္ကဋ္ဌကြီးကျွန်ုပ်။
(မင်းဒင်)
(တစ်)
ကြေးမုံပြင်တွင် ထပ်ဟပ် လျက်ရှိသော ခံ့ညားလှသည့် ကျွန်ုပ်၏ ဥပဓိရုပ်သွင်ကား ရှုလေလေတိုင်း ရှုလိုက်တိုင်းပင် ပြစ်မျိုးမှဲ့မထင် တင့်တယ်လှပေစွ။ မီးကြွေတိုက်ထားသည့် နံ့သာရောင်ပိုးသားတိုက်ပုံမှာ ကျွန်ုပ်၏ ပြာနှမ်းနှမ်း အသားအရေနှင့် လွန်စွာ လိုက်ဖက်ရုံမျှမက၊ကျွန်ုပ်၏ဖြူစင်သော အဇ္ဈိတ္တအတွင်းစိတ်သဏ္ဌာန်ကို ပို၍ပီပြင်အောင် ထင်ဟပ် ဖော်ပြလျက်ရှိလေ သည်။ ကျွန်ုပ်၏ခါးတွင် ဝတ်ဆင်ထားသည့် အရောင်လက်၍ခေါက်ရိုးမကျိုးသေးသော အမျိုး သမီးဝတ် ချိတ်ထဘီနှင့် ဆင်တူ ယိုးမှား အသစ်စက်စက်ပိုးပုဆိုးသည်လည်းကျွန်ုပ်၏အရွယ်တင်နုပျိုမှုကို အထောက်အပံ့ပြုလျက် ရှိပြန်၏။
ပုဆိုးနှင့် တိုက်ပုံဝတ်ဆင်ပြီး နောက်စက္ကူဘူးငယ်အတွင်းမှ မောင့်ကျက်သရေခေါင်းပေါင်းကိုထုတ်လျက် ကျွန်ုပ်၏ ဦးခေါင်း ထက်ဝယ် အသာအယာဆောင်း လိုက်ပြီးသည့်အချိန်တွင်ကား တည်ကြည်ပြတ်သားမှုကို အစွမ်း ကုန်ပံ့ပိုးလိုက်သကဲ့သို့ရှိလေသ ဖြင့် ကျွန်ုပ်၏ ဂုဏ်သရေသည် ပြည့်စုံခြင်းသို့ ရောက်ခဲ့လေပြီ။မှန်သားပြင်ထက်ဝယ် လူကြီး၊လူ ကောင်း ကြန်အင်လက္ခဏာအပြည့်ဖြင့် တင့်တယ်ချင်တိုင်း တင့်တယ်နေသည့် ကျွန်ုပ်ကိုယ် ကျွန်ုပ်ရှုမဝ၊ ကြည့်မဆုံး အကျေနပ်ကြီး ကျေနပ်နေရင်း တစ်ကိုယ်တည်းကျိတ်ပြုံးပြုံးမိနေသောကြောင့် လက်စွဲတော်တပည့်ကျော်များ အခန်းတွင်းသို့ ဝင်လာသည်ကိုပင် ရုတ်ခြည်းသတိမမူခဲ့ချေ။
‘‘ဟာ . . . ဒီလိုဆိုတော့ ဆြာ့ဥပဓိရုပ်ဟာ တောအရက်ကို ကန် သင်းရိုးမှာ ထိုင်သောက်နေတဲ့ပုံနဲ့ လုံးလုံးမတူတော့ပါကလား။ ခံ့ ချက်ဗျာ၊ ခံ့ချက်’’
‘‘တောင်းမှာအကွပ်၊ လူမှာ အဝတ်ဆိုတာ သိပ်မှန်တယ်ဆြာ၊ဒီပုံနဲ့ဆိုဆြာ့ကို ဘယ်သူကမှ ကလေကချေလို့ မပြောနိုင်ကြတော့ဘူးပေါ့’’
‘‘ငတို့ဆြာကို သည်လိုပုံနဲ့ ရုတ်တရက် မြင်လိုက်ရတော့ ဒေါင်းယောင်ဆောင်သော ကျီး ဆိုတဲ့စကားပုံကိုတောင် ပြေးသတိရ မိတဲ့အထိ’’
(နှစ်)
မကြုံစဖူး ထူးခြားစွာ ကျွန်ုပ် ဝတ်ဆင်ထားသည့် မြန်မာလူကြီး လူကောင်း အဝတ်အစားတို့ ကြောင့် တပည့်ကျော်တို့ အနေဖြင့်အလွန်အမင်းအံ့အားသင့်သွား ကြဟန်ရှိ၏။ သင်းတို့၏အောက်ကလိအာမှတ်ချက်စကားတို့မှာမနာလို မရှုစိမ့်သည့် လေသံအနည်းငယ် စွက်နေသည်ကို သတိပြုမိသော်ငြား သစ်ပင်ကြီးလျှင် လေညှင်းသည်ဟူသောဆိုရိုးစကားကို နှလုံးသွင်းလျက်မသိကျိုးကျွန်ပြုရင်း ရယ်ကျဲကျဲမျက်နှာပေးဖြင့်သာ တုံ့ပြန်လိုက် ရချေသည်။
‘‘နဂိုရှိတော့လည်း နဂိုင်း ထွက်ပေသပေါ့ မောင်တို့ရာ။ ကဲ မောင်တို့လည်း တစ်ပါတည်းလိုက်ကြရမှာမို့ အထုပ်အပိုးပြင်ကြလကွဲ့’’
လေမင်းသားနှင့် ဖေကြည်ကား ဆြာ့စကားကိုမြေဝယ်မကျနားထောင်ရင်း အဝတ်အစား အိတ်ကိုယ်စီ တက်သုတ်ရိုက်ပြင် ဆင်နေကြချိန်တွင် အမြဲတစေ အတွန့်တက်ရမှ စားဝင်အိပ်ပျော် လေ့ရှိသည့် ကပ္ပလီငယ်ကား အလွန်မြင်ပြင်းကတ်ဖွယ်ကောင်း လှ၏။
‘‘ဟမ်၊ ဆြာ့ဥစ္စာဖုတ်ပူမီးတိုက်ကြီးပါကလား။ ဘယ်အရပ် ဒေသကိုများကြွချီတော်မူမှာပါ လိမ့်ဆြာ’’
‘‘နေပြည်တော်၊ ပြည်ထောင်စု လွှတ်တော်မှာကျင်းပမယ့် ပညာ ရေး ဥပဒေကြားနာပွဲကိုဆိုပါ တော့ မောင်ကပ္ပလီရယ်’’
‘‘ဗျာ၊ ဆြာ့လိုဂျာဒူးဝါလား က လွှတ်တော်ကြားနာပွဲနဲ့ ဘယ်လိုများပတ်သက်ရပြန်တာပါ လိမ့်’’
‘‘မဗျာနဲ့ မောင်။ မင်းတို့ဆြာ လည်း အထူးဖိတ်ကြားခြင်းခံရတဲ့ ပါတီကိုယ်စားလှယ်အဖြစ် တက် ရောက်ရမှာကွဲ့’’
‘‘အာဝါလားကို အထူးဖိတ်ကြားတဲ့ လွှတ်တော်လည်းရှိသေး တာကိုး။ ဘယ့်နှယ့်လုပ် အထူး ဖိတ်ကြားခြင်းခံရတာပါလိမ့်’’
‘‘မိကျောင်းသားနှယ်၊ လျှာရှည်ချက်ကွာ။ လေယာဉ်ချိန် သိပ်နီးနေပြီ။ နင့်အထုပ် နင်ပြင် ချေတော့’’
သူတစ်ထူး၏ အောင်မြင်မှုကို ပြက်ရယ်ပြုလိုကြသည့် လောကတံထွာ လူ့ဓမ္မတာအတိုင်း ပုဂ္ဂိုလ်ရေးထိုးနှက်တိုက်ခိုက်ရာ ရောက်သည့် ပေါက်ပေါက်ရှာရှာ မထော်မနှမ်း မေးခွန်းများဖြင့် အချိန်ဖြုန်းနေသော တပည့်ကို ကျွန်ုပ်ခပ်ငေါက်ငေါက်လေသံ ဖြင့် စကားဖြတ်လိုက်ရ၏။
ဤသို့လျှင် မြန်မာဝတ်စုံ အခံ့သားအဆင်သင့်ဝတ်ဆင် ထားသည့် ကျွန်ုပ်သည် တပည့်သုံးဦးနှင့်အတူ ဖူးခက်မှသည်ဘန် ကောက်၊ ဘန်ကောက်မှသည် ရန် ကုန်၊ ရန်ကုန်မှသည် နေပြည် တော်သို့ နောက်ဆုံးပေါ် အကောင်းဆုံး လေယာဉ်အမျိုးအ စား ဘိုးရင်းဂျက်လေယာဉ်ပျံကြီး များဖြင့် အဆင့်ဆင့်ခရီးနှင်လာ ကြသည်၌ နောက်ဆုံးတွင်ကား ကြားနာပွဲကျင်းပရာ လွှတ်တော်အစည်းအဝေးခန်းမဆောင်ကြီးအတွင်းသို့ ဒုတ်ဒုတ်ထိရောက်ရှိခဲ့ကြလေသည်တမုံ့။
(သုံး)
အစည်းအဝေးခန်းမတွင်းသို့ ရောက်ရှိနေကြသည့် အတိုက်အခံကိုယ်စားလှယ်အချို့အနေဖြင့် ကျွန်ုပ်အား အဖက်မတန်လေဟန် စကားဟဟ မဆို ကြသော်ငြား အာဏာရပါတီမှ သူဌေးမင်းတစ်ဖြစ်လဲ လွှတ်တော် အမတ်များနှင့် စစ်ဗိုလ်အမတ် များမှာမူ ဝမ်းသာအယ်လဲ ဖက်လဲပျူငှာကြိုဆိုကြပါ၏။
အခမ်းအနားအစီအစဉ်အရ ကျွန်ုပ်ဆွေးနွေးရမည့်အလှည့်သို့ကျရောက်သည်နှင့် အသင့်ယူဆောင်လာသော မှတ်တမ်းဖိုင် အတွင်းမှ ကျွန်ုပ်ကြိုတင်ရေးသား ထားသည့် ပညာရေးစနစ်ပြုပြင် ပြောင်းလဲခြင်းနှင့် စပ်လျဉ်းသည် များကို အားတက်သရောတည် ငြိမ်လေးနက်စွာ တင်ပြရလေ သည်။
‘‘လူကြီးမင်းများခင်ဗျာ၊ ကျွန်ုပ်ဟာ တဇောက်ကန်းပါတီ ရဲ့ ပဓာနနာယကဥက္ကဋ္ဌကြီး နေမျိုးဒင်ဖြစ်ပါတယ်။ ကျွန်ုပ်အနေနဲ့ ဆန္ဒပြကျောင်းသားတွေတောင်း ဆိုတဲ့အချက် (၁၁) ချက်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ဦးစွာပထမအတိအလင်း ပြောကြားလိုပါတယ်။ ဒီကျောင်းနွား၊ အဲ . . အဲ. . .အဲဒီကျောင်း သားတွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက်အမြန်ဆုံးအရေးယူဖို့ကိုလည်း မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။
‘‘နောက်တစ်ချက်က ဥပဒေမဲ့ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို ထောက်ခံစုဝေးနေကြတဲ့ လူစုလူဝေးကြီးကိုလည်း မိမိတို့ ကျေးရွာရပ်ကွက်အသီးသီးမှာ ရှိနေကြတဲ့ ကလေကဝများကို စုစည်းပြီး မှတ်လောက်သားလောက်ရှိအောင် ကျောင်းမှန်းကန်မှန်းသိအောင် ကြုံရာလက်နက်ကိုင် စွဲပြီး ရိုက်နှက်နှိမ်နင်းသင့်ပါတယ်ခင်ဗျာ။ ကိုလိုနီခေတ်တုန်းကဆို ရင်လည်း တက္ကသိုလ်ပညာရေးဥပဒေကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့သူ တွေကို လုပ်ထုံးလုပ်နည်းများ နှင့် အညီနံပါတ်တုတ်နဲ့ မသေမချင်းရိုက်သတ်နိုင်တဲ့ နမူနာတွေအခိုင် အမာတွေ ရှိထားပါတယ်။
‘‘တကယ်လို့များ အဲသလိုဖြို ခွင်းရာမှာ လူအင်အားလိုတယ်ဆို ရင် တိုင်းပြည်ကောင်းစားရေးကို ရှေးရှုပြီး ကျွန်ုပ်ကိုယ်တိုင် ရပ်မိရပ်ဖတစ်ဦးအနေနဲ့ နေရာဒေသ မရွေး စွမ်းစွမ်းတမံပါဝင်ရိုက်နှက် နှိမ်နင်းရန် အသင့်ရှိပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါ တယ်ခင်ဗျား’’
(လေး)
ကျွန်ုပ်၏ ဆွေးနွေးချက် အဆုံးတွင် အစိုးရအဖွဲ့ဝင်ကိုယ်စားလှယ်အများစုသည် လက်ခုပ် သံ တဖြောင်းဖြောင်းသာမက လက်ခေါက်မှုတ်သံတရွှီရွှီဖြင့် ဝမ်းစမိုးရောသောသောညံလျက်အခိုင်အမာထောက်ခံအားပေးကြသည်၏ နောက်အစည်းအဝေးပြီး ဆုံးချိန်တွင် ခန်းမထောင့်တစ်နေ ရာ၌ မျက်စိပျက်မျက်နှာပျက်ရှိနေကြသော တပည့်ကျော်တို့ကို ကျွန်ုပ်တွေ့မြင်ရသဖြင့် အကျိုး အကြောင်းမေးမြန်းရပြန်သည်။
‘‘ဟဲ့ . . . ငဖေကြည်၊မျက် နှာမကောင်းလှပါကလား။ ဘာ များဖြစ်ကြပြန်သတုံး’’
‘‘ဘာတွေလျှောက်ပြောနေ တာတုံးဆြာရယ်။ ဆြာ့အနေနဲ့သားသမီးချင်းကိုယ်ချင်းစာစိတ် တော့ထားသင့်ပါတယ်’’
‘‘ဟေ့ကောင် လေမင်းသားနင်ကကောမအီမသာမျက်နှာပေးနဲ့ဘာသဘောလဲဟ’’
‘‘ဘာမှပြောချင်စိတ်မရှိတော့ပါဘူး။ ဆြာ့တပည့်လို့ အပြောခံရမယ့်အစား ဒီလွှတ် တော်ထဲမှာတင် လဲသေသွားတာက ကောင်းပါလိမ့်မယ်ဆြာ’’
‘‘ကဲပါလေ... ဟိုကောင်ကပ္ပလီ၊ မင်းကကော ဘာဝေဖန် ချင်သေးတုံး။ ပြောစရာရှိဗြောင် ပြောနော်’’
‘‘မပြောရဲပါဘူး ဆြာရယ်။ ဆြာ့ပါတီနာမည်ကို ကြားက တည်းက ဆြာလက်စောင်းထက် မှန်းရိပ်မိနေပါပြီ။ ဒါပေမဲ့ ဆြာ၊ဆြာပါတီထောင်လိုက်တာကို အန္တေဝါသိကတပည့်စာရင်းဝင် တွေတောင် မသိလိုက်တာကို တော့ ရှင်းပြစေချင်ပါတယ်’’
‘‘သြော် . . . ဒါလား။ တကယ်တော့ ဒီပါတီဖွဲ့စည်းထားတာဟာ အတော့်ကို ကြာပြီကွဲ့။ နိုင်ငံရေး ပါတီတွေ စဖွဲ့ခွင့်ပြုကတည်းကဆိုပါတော့ကွယ်’’
‘‘ဟုတ်ကဲ့။ ဒါနဲ့ဆြာ၊ တဇောက်ကန်းပါတီဆိုတော့ စိတ် ဝင်စားတဲ့ သူရှိပါ့မလားခင်ဗျာ’’
‘‘တုံးပါဘိ ငါ့တပည့်ရယ်၊ နားမလည်ရင် နားမလည်သလို အသာနေစမ်းပါလဟ။ လောကကြီးမှာလူတော်များသလား၊လူညံ့များသလား ဖြေကြည့်လေ။ လူ့အန္ဓ၊ ဗာလနံတွေပေါလှတဲ့တို့တိုင်းပြည်ကြီးမှာ ပါတီဝင်ဦးရေများဖို့ တယ်ပြီးမခဲယဉ်းလှပါ ဘူး။ အရိုးအရင်းလေးပစ်ပေးလိုက်ရုံပါပဲလေ။ ဒေဝဒတ်တောင်နောက်လိုက်ရှိသေးတာ။ လူနပ် ချမ်းသာသတဲ့ဟ’’
ကျွန်ုပ်၏ ချက်ကျပိုင်နိုင်လှ သော အဖြေကြောင့် ကပ္ပလီငယ်မှိုင်တွေတွေခပ်ငေးငေးဖြစ်သွား ချိန်တွင် လေမင်းသား၏ မဝံ့မရဲ လေသံထွက်ပေါ်လာပြန်သည်။
‘‘ဆြာလို မဟာပညာကျော် ဂုရုစာရင်းဝင် ခေတ်ပညာတတ် တစ်ယောက်က သည်လိုမျိုးပါတီထောင်တာကတော့ အကြောင်း တစ်ခုခုရှိကိုရှိရမယ်။ ဟိုးလွန်ခဲ့တဲ့နှစ်တုန်းက ဆြာသမားနဲ့ တေကမ္ဘာကုမ္ပဏီဆိုလား၊ အပြန်အလှန်နပန်းချတော့မလို လေသံတွေ ပျောက်သွားပြီး ဆြာလည်း ဟန်ကျပန်ကျလူတစ်လုံး၊ သူတစ်လုံးဖြစ်လာသလိုထင်မိတယ်’’
(ငါး)
ဖျင်းလှ၊ အလှသော တပည့် လေမင်းသား၏ နားရွက်ကိုခပ်နာ နာလိမ်ဆွဲလိုက်ရင်း ကျွန်ုပ်စိတ် ရှည်ရှည်ထားကာ ရှင်းပြရပြန်ချေ သည်။
‘‘ရန်သူကို မိတ်ဆွေဖြစ် အောင်လုပ်နိုင်တာ ပညာရှိကွ တပည့်ရ။ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီဆိုသလို သူတို့ဘက်ကသိတတ် ဖို့လည်း လိုတာပေါ့လေ။ ခွင်လို့ ခေါ်သဟ၊ခွင်၊ခွင်၊ခွင်’’
‘‘အလိုလေး၊ လေးစားစရာ ကောင်းလိုက်ပါဘိတော့ တဇောက်ကန်း ပါတီဥက္ကဋ္ဌကြီးရယ်။ ဒါနဲ့ပါတီရဲ့ရှေ့လုပ်ငန်းစဉ်လေးတွေက ဘာများပါလိမ့်ဆြာရယ်’’
‘‘ဟိုးခေတ်ဟိုးတစ်ခါတုန်းက ငတို့နိုင်ငံမှာ မြင်းပြိုင်ပွဲတွေ လုပ်ခဲ့ဖူးတာ မောင်ရင်ကြားဖူးမှာပါ။ ကျိုက္ကဆံကွင်းကြီးဟာ တရား ဝင်မြင်းပွဲတွေ ကျင်းပခဲ့တဲ့နေရာ ပေါ့။ အဲဒီမြင်းပြိုင်ပွဲမှာ ပထမဆု သေချာပေါက်ရနိုင်တဲ့မြင်းကို နည်းလမ်းမျိုးစုံ၊ မရရတဲ့နည်းနဲ့ဝင်ဖျက်ရတဲ့မြင်းကို ဖျက်မြင်းလို့ ခေါ်သဟ။ အခုငတို့တဇောက်ကန်းပါတီဟာလည်း လာမယ့် ရွေးကောက်ပွဲမှာ ဘာဆုမှမချိတ်နိုင်ပေမဲ့ အနိုင်ရမယ့်ပါတီကို မဖြစ် ဖြစ်တဲ့နည်းနဲ့ နှောင့်ယှက်ဖျက်ဆီး ဖို့ ရည်ရွယ်တာပေါ့လဟ။ ဒါတင် ဘယ်ကဦးမလဲ။ ရွေးကောက်ပွဲ မတိုင်မီ အစိုးရကိုမကျေနပ်လို့အခါအားလျော်စွာပေါ်လာတတ်တဲ့ လူထုဆန္ဒပြပွဲတွေကိုနှိမ်နင်း ရာမှာ တို့ပါတီအနေနဲ့အာဏာရှင် လက်ကိုင်တုတ်ပါတီအနေနဲ့ အရန်အင်အားအဖြစ် တစ်တပ် တစ်အားပါဝင်နိုင်တယ်လေ။ဒီခေတ်ဒီကာလကြီးမှာ ဖြတ်လမ်းကနေ ချမ်းသာချင်ရင် ထင်တိုင်း ကြဲနိုင်တဲ့အစိုးရနဲ့ ငွေရှင်ကြေးရှင် တွေဘက်ကနေ ခပ်တည်တည် နေရတယ်ဟငမိုက်သားတွေရ’’
‘‘သြော် . . .သြော် . . . တယ် လည်း ရည်ရွယ်ချက်ကြီးတဲ့ ဖျက် မြင်းဥက္ကဋ္ဌကြီးပေပဲကိုး’’
တအံ့တသြရေရွတ်သံနှင့် အတူ လေမင်းသားတစ်ကောင် အသံတိတ်နှုတ်ဆိတ်သွားချိန်တွင်နောက်ဆုံးမေးခွန်းထုတ်လာသူကား မအူမလည်တပည့်ဖေ ကြည်တည်း။
‘‘ဒါနဲ့ ဆြာ့တဇောက်ကန်း ပါတီကြီးရဲ့ ဖွဲ့စည်းပုံအရ အမာခံအီးစီအမှုဆောင်တွေက ဘယ်သူတွေများပါလိမ့်ဆြာ’’
‘‘မောင်ရင်တို့ဟာ ငတုံးစာရင်းဝင်မယ်ဆိုရင်လည်း ပျော် ပျော်ကြီးဝင်ထိုက်ပါပေရဲ့။ ပါတီအမာခံတွေဟာ ဘယ်သူတွေရှိရ မတုံး။ နင်က ဒုဥက္ကဋ္ဌ၊ကပ္ပလီက အထွေထွေအတွင်းရေးမှူး၊ လေမင်းသားက စည်းရုံးရေးမှူးပေါ့လဟ’’
‘‘ဗျာ’’
တပည့်ကျော်တစ်သိုက်ဗျာသံပြိုင်တူပြုလျက် ပြူးကြောင် ကြောင်မျက်နှာများဖြင့် မှင်တက် မိသွားကြချိန်တွင် နာမည်ကျော်လုပ်ငန်းရှင် သူဌေးကြီးတစ်ဦးက လက်ဆောင်ပေးထားသည့်မိကျောင်းသားရေအစစ်လက် ကိုင်အိတ်ကြီးကို ပွေ့ထားသည့် ကျွန်ုပ်သည် သင်းတို့အား သနား ကရုဏာသက်စွာ ကြည့်နေမိရင်းတဟဲဟဲသာ ရယ်သွမ်းသွေးနေမိ တော့သည်။