၂ဇန်နဝါရီ ၂၀၁၅နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာမှ ။
မင်းကောင်းမင်းမြတ်သို့ကျွန်ုပ်ပို့သသောမေတ္တာ။
(မင်းဒင်)
(တစ်)
ငယ်သံပါအောင် အော်ဟစ် နေကြသံများနှင့် သေလုမြောပါး မချိမဆံ့ ညည်းညူနေသံတို့ကြောင့် ကျွန်ုပ်ဆတ်ခနဲသတိပြန် ကပ်လာနိုင်ခဲ့လေပြီ။ ဖျတ်ခနဲဖွင့်လိုက်သောမျက်လုံးတွင်းသို့စူးရှသောအလင်းတန်းတို့ ဝင်ရောက်လာလေရာကျိန်းစပ်သော ဒဏ်ကိုမခံနိုင်လွန်းသဖြင့် မျက်မှောင်ကို ရုတ်ခြည်းကြုတ်လိုက်ရ၏။ အလင်းရောင်တို့၏ အဆုံးတွင်အလျှံတ ညီးညီး၊ တဝင်းဝင်း၊ တပြောင်ပြောင်ဖြစ်နေသော မီးပုံကြီးတို့ကိုမြင်နေရသည်။ ထူးခြားသည်ကား ယင်းတို့၏အပူရှိန်ကြောင့် ပူလောင်သော ဝေဒနာကိုကားကျွန်ုပ်မခံစားရသေးချေ။
ကျွန်ုပ်ရောက်ရှိနေသော ခန်းမကျယ်ကြီး၏အဆင်အပြင် မှာ မြင်နေကျအခန်းဖွဲ့စည်းပုံတို့ နှင့် သိသာစွာခြားနားလွန်းလှ သည်။ ဤအခန်းဒီဇိုင်းနှင့်ဆင် ဆင်တူသည့်ပုံစံမျိုးကို ကျွန်ုပ်၏ တစ်သက် ဓာတ်ပုံနှင့်စိတ်ကူးပန်း ချီများတွင်မျှ မမြင်၊ မတွေ့ဖူးခဲ့ သည်မှာသေချာလှ၏။ ဤအရပ် သည်ကား အဘယ်အရပ်ပေနည်း။တစ်ရံတစ်ဆစ်မျှ မရောက်ဖူး၊ စိမ်းလွန်းလှသော အရပ်ဖြစ်၍ ကျွန်ုပ်သည် အလိုလိုနေရင်း အား ငယ်စိတ်ဝင်လာမိပြန်သည်။
ကျွန်ုပ်မှတ်မိသမျှ လွန်ခဲ့ သောညက အိပ်ရာမဝင်မီ အ ချိန်အတန်လွန်မှ ရေချိုးမိခဲ့၏။ ပထမရေတစ်ခွက်စာ ကျွန်ုပ်၏ ခန္ဓာကိုယ်နှင့်ထိစဉ်မှာပင် ကြက် သီးဖြန်းခနဲထလာခဲ့ပြီး ဦးခေါင်း တွင်းမှ မိုက်ခနဲခံစားရသဖြင့် နောက်ထပ် ရေလေးငါးခွက် အ မြန်လောင်းလျက် ရေချိုးခြင်း ကို လက်စသတ်ကာ အိပ်ရာဝင် ခဲ့သည်။ စောင်ထူထူခြုံထားလျက် ကပင် တစ်ကိုယ်လုံးချမ်းစိမ့်စိမ့် ဖြစ်လာခဲ့ပြီး တဂတ်ဂတ်မေးချင်း ရိုက်သံကို ကျွန်ုပ်ကိုယ်တိုင်ပြန် ကြားနေရသည်။ ‘ငါအဖျားတက် နေပြီကော’ဟူသောအတွေးမဆုံး မီမှာပင် ကျွန်ုပ်သည် လောကကြီးနှင့်လုံးဝအဆက်အသွယ်ပြတ် သွားခဲ့လေ၏။
ထိုအခြေအနေမှသည် ဤ အရပ်ဒေသသို့ အဘယ်မည်သော အကြောင်းကြောင့် ကျွန်ုပ်ရောက် ရှိနေခဲ့ပါသနည်း။ လက်ရင်း တပည့်များဖြစ်ကြသည့် ကပ္ပလီ၊ ဖေကြည်နှင့်လေမင်းသားတို့ကို တွေ့လိုတွေ့ငြား ဘေးဘီဝဲယာ ကို တောင်တောင်အီအီလျှောက် ကြည့်မိပြန်သည်။ အရိပ်အယောင်မျှမမြင်လေ။
(နှစ်)
ကျွန်ုပ်ယောင်ချာချာရပ်နေ မိသည့်နေရာနှင့်မလှမ်းမကမ်း တွင် လူတန်းရှည်ကြီးကို မျက်စိ တစ်ဆုံးမြင်တွေ့နေရ၏။ ထိုလူ တန်းရှည်ကြီး၏ ထိပ်ဆုံးတွင် ကိုယ်ယောင်ကိုယ်ဝါ တောက် ပြောင်လှသည့် တာဝန်ရှိပုဂ္ဂိုလ် ကြီးတစ်ဦးသည် တန်းစီနေသူများ ကို တစ်ဦးချင်းရွေးထုတ်စိစစ် လျက်နေဟန်ရှိ၏။ သေချာစေ့ငု သည့်အခါ သူသည် လူတိုင်းကို စစ်ဆေးနေသည်မဟုတ်။ အချို့သောသူများကိုသာ မေးခွန်းပုစ္ဆာအချို့မေးမြန်း၏။ မေးခွန်းတို့ ကား ပုံစံတူဖြစ်၏။ အမေးအဖြေ တွင်အသုံးပြုသောဘာသာစကား မှာ အသစ်အဆန်းဖြစ်လင့်ကစား ထူးဆန်းစွာပင် ကျွန်ုပ်နားလည် သဘောပေါက်လျက်ရှိချေသည်။ ထိပ်ဆုံးတွင်မေးမြန်းစစ်ဆေးမှုခံ ယူနေသောပုဂ္ဂိုလ်ကြီးကို ကျွန်ုပ် ကောင်းစွာမှတ်မိလျက်ရှိသည်။ သူသည် မြန်မာ့တပ်မတော်မှ ထိပ်တန်းအရာရှိကြီးဖြစ်ခဲ့သည်။ ကျွန်ုပ်သည် ၎င်းတို့၏အမေး အဖြေကို ခပ်မဆိတ်နားစွင့်နေမိ၏။
‘‘လူ့ပြည်မှာနေတုန်း ကျင် ကြီးကျင်ငယ်ကိုပင်မသုတ်သင် နိုင်ဘဲ ကျင်ကြီးကျင်ငယ်ထဲတွင် လူးလှိမ့်နေရရှာသော ကလေး တွေကိုတွေ့ဖူးခဲ့သလား’’
‘‘ရက်စ်’’
‘‘အဲဒီကလေးတွေကိုကြည့် ပြီး ငါဟာ ဒီလိုကလေးဖြစ်ဖို့ရာ နောင်အခါ ပဋိသန္ဓေနေရဦးမယ်။ ထိုသဘောကို မလွန်မြောက်နိုင် သေးပါတကား။ ယခုအချိန်ကပင် ကိုယ်နှုတ်စိတ်တွေကိုစောင့်စည်း လျက် ကောင်းကောင်းကြီးနေမှ တော်ကာကျမယ်လို့အကြံအစည် မဖြစ်ခဲ့ဘူးလား’’
‘‘နိုး၊ ဟင့်အင်း’’
‘‘ဒါဖြင့် မင်းဘာသိတာရှိ သတုံး’’
‘‘ဒို့တာဝန်အရေးသုံးပါးကို သိပါတယ်။ တပ်မတော်သာအမိ၊ တပ်မတော်သာအဖပါ’’
‘‘ဒါဖြင့် ဟော ဟိုကလှေ ကားပေါ်တက်ပြီး အထက်ကိုကြွ ပေရော့’’
(သုံး)
နောက်ထပ်စစ်ဆေးခံရ သည့်ပုဂ္ဂိုလ်တစ်ဦးသည်လည်း ကျွန်ုပ်နှင့်မျက်နှာသိဖြစ်နေပြန် သည်။ သူကား အစိမ်းရောင်ပါတီ ကြီးမှ အမာခံတစ်ဦးအဖြစ် ထင် ရှားကျော်ကြားခဲ့သူဖြစ်၏။
‘‘လူ့ပြည်မှာနေတုန်း ကိုယ့် ခန္ဓာကိုယ်ကိုတောင် ကောင်း ကောင်းမသယ်နိုင်တော့တဲ့ တုန်ချည့်ချည့်လူအိုတွေကို တွေ့ခဲ့ဖူး သလား’’
‘‘ခဏခဏတွေ့ဖူးပါတယ် ခင်ဗျာ’’
‘‘ဒါဆို ငါလည်းတစ်ချိန်မှာ သူ့အလိုလို အိုရမယ်ဆိုတာ မ တွေးမိခဲ့ဘူးလား’’
‘‘အဲသလိုတော့မတွေးမိဘူး ခင်ဗျ။ ကျွန်တော့်အဘကြီးက တုန်ချည့်ချည့်သာဖြစ်နေတာ၊ စာဖတ်နေရင်း တန်ခိုးထွားနေဆဲမို့ တစ်ချိန်မှာ သူ့လိုဖြစ်အောင် ကြိုးစားမယ်လို့ သဘောပိုက်မိပါ တယ်’’
‘‘ဒါနဲ့ နေပါဦး၊ လူ့ပြည်မှာ နေခဲ့စဉ်တုန်းက ကျုပ်ကိုရည်စူး ပြီး အမျှအတန်းပေးဝေတာလေး များလုပ်ခဲ့ဖူးသေးလား’’
‘‘အမျှတော့မဝေဖူးဘူးခင်ဗျ။ ကျွန်တော့်အဘတွေနဲ့ ဝေစားမျှ စားတော့ အမြဲမပြတ်လုပ်ခဲ့ပါ တယ်’’
‘‘ဒါဖြင့် ဟောဟိုလှေကား ပေါ်တက်ပြီး အထက်ကိုကြွပေ ရော့’’
တာဝန်ရှိပုဂ္ဂိုလ်ကြီးညွှန်ပြ သည့်နေရာသို့ ကျွန်ုပ်လှမ်း၍ ကြည့်မိသည့်အခါ ကုန်တိုက်ကြီး များတွင်တပ်ဆင်အသုံးပြုသော ရွေ့လျားစက်လှေကား (Esca la-tor)နှင့်ဆင်တူသည့် စက်ယန္တရားကြီးတစ်ခုသည် ညင်သာလှသော အရှိန်ဖြင့် အထက်အရပ်ဆီသို့ တရွေ့ရွေ့တက်လျက်ရှိ၏။
ကျွန်ုပ်သည် အပြန်အလှန် အမေးအဖြေတို့ကိုနားစိုက်ထောင်နေရင်း ရုတ်တရက် ရင်ဘတ်ကို ယောင်ယမ်းဖိလိုက်မိကာ မိခင် နှင့်ဘုရားကိုတစ်ပြိုင်တည်း‘တ’ မိလေတော့သည်။
‘‘အမလေး ဘုရား၊ ဘုရား ငါရောက်နေတာ ငရဲပြည်ပါ က လား။ စစ်နေဆေးနေတဲ့အရာ ရှိဟာ မဟုတ်မှလွဲရော ယမမင်း ဆိုတာဖြစ်ရမယ်’’
ထိုခဏအတွင်းမှာပင် ကျွန်ုပ်၏ခေါင်းထဲသို့ ဗုဒ္ဓစာပေကျမ်းဂန် များတွင်ဖော်ပြသည့်ယမမင်း၊ ငရဲပြည်တို့နှင့် ပတ်သက်သော အကြောင်းခြင်းရာများ ဆက်တိုက် ဆိုသလို ဝင်ရောက်လာခဲ့ လေသည်။ ယမမင်းများ၏ဇာတိ မှာ စတုမဟာရာဇ်နတ်ဘုံမှဖြစ် သည်ဟုဆိုပါ၏။ ‘မဟိဒ္ဓိကပြိတ္တာ’ မျိုးဖြစ်သည်။ မသန့်စင်သည့် ကုသိုလ်ကံ(မိဿက ကုသိုလ်ကံ) ကြောင့် ငရဲမင်းကြီးဖြစ်လာရ၏။ ငရဲတစ်ထပ်စီတွင် ယမမင်းလေး ဦးစီရှိသည်။ ငရဲကြီးရှစ်ထပ်တွင် ငရဲမင်းကြီးစုစုပေါင်း ၃၂ ယောက်ရှိသည်။ ငရဲငယ် ၁၂၈ ခုတွင် ငရဲမင်းကြီး(ယမမင်း)များမရှိချေ။ ‘ဝေမာနိက ပြိတ္တာ’များကိုအုပ်ချုပ် ရသောမင်းဖြစ်သည်။ ငရဲမင်းကြီး က အပြစ်နည်းနည်းနှင့်ရောက် လာသောငရဲသားများကို စစ်ဆေး သောအခါ ဒေဝဒူတငါးပါးကိုပမာ ထားပြီး ငါးကြိမ်တိုင်စစ်မေးရ၏။ ဒေဝဒူတ(သေမင်းတမန်)ငါးပါး ဆိုသည်မှာ ကလေး၊ သူအို၊ သူနာ၊ သူသေ၊ အကျဉ်းသမား ထို ငါးဦးကိုပမာပြုခြင်း ဖြစ်သည်ဟု ဖော်ပြလေသည်တစ်မုံ့။
(လေး)
ယောင်တီးယောင်နဖြင့် ငရဲ ပြည်သို့ရောက်ရှိနေရသည့်ကျွန်ုပ် အဖို့ သည်းဆုတ်အေးမျှ ကြောက် ရွံ့တုန်လှုပ်လျက်ရှိသည်ကား အမှန်ပင်ဖြစ်ပါ၏။ သို့သော် ယမ မင်းကြီးမေးမြန်းပုံဆုံးဖြတ်ချက် ချပုံကိုမူ ကျွန်ုပ်အနေဖြင့် လုံးလုံး မကျေနပ်နိုင်သည်ဖြစ်ရာ မဟုတ် မခံလိုသောကျွန်ုပ်၏ ပင်ကိုစိတ် အခံသည် ရင်တွင်းမှာလူးလွန့် လာ၏။ သို့သော် နယ်စိမ်းပယ် စိမ်းတွင် ယမမင်းကဲ့သို့သော ပုဂ္ဂိုလ်ကြီးမျိုး၏လုပ်ရပ်အပေါ် မခံချင်စိတ်ကို ရှေ့တန်းတင်ဆုံး ဖြတ်လျှင် မသင့်လျော်ချေဟု နှလုံးသွင်းမိသဖြင့် အသာငြိမ် လျက် ၎င်း၏လုပ်ဟန်ကိုဆက် လက်လေ့လာနေမိ၏။ ထူးမခြား နားပါပေ။ ထိုမျှမက အချို့သော အစိမ်းဝတ်အဆင့်မြင့်အရာရှိများ၊အစိမ်းရောင်ပါတီ လူထုအော့ ကြောလန်များအား တစ်ခွန်းတစ် ပါဒမျှစစ်ဆေးခြင်းမရှိ။ ဖော်ပြခဲ့ သည့်နည်းလမ်းအတိုင်းပင် ရွေ့လျားစက်လှေကား သို့သာစေလွှတ်လျက် အထက်သို့တက်စေ၏။ လူ့ဗာလနံများကား ရွေ့လျားစက်လှေကားကို အငြိမ့်သားစီးနင်းကာ ဘဝင်လေဟပ်သောအမူ အရာကိုယ်စီဖြင့် ငရဲပြည်တွင်ပင် ဒင်းတို့ခေတ်မကုန်သေးဟူသော အချိုးမျိုး ချိုးနေသည်ဟုသာ ကျွန်ုပ်ထင်မြင်မိတော့သည်။ မတရားမှုကိုဆက်လက်၍ လက်ပိုက် ကြည့်နေခြင်းငှာ မစွမ်းသာတော့ချေ။ ကျွန်ုပ်သည် ယမမင်းကြီးရှိရာသို့ ခပ်သွက်သွက်လျှောက်သွားကာ ထီမထင်သော လေသံဖြင့် ရင်ဆိုင်လိုက်ရချေတော့သည်။
ကျွန်ုပ်။ ။ ‘‘နေပါဦးဗျ။ ခင်ဗျားဟာယမမင်းကြီးဆိုတာမလွဲလောက် ပါဘူး။ သို့ပေတည့် ခင်ဗျားလုပ်ပုံကိုင်ပုံဟာဖြင့် တရားနည်းလမ်းမကျဘူးထင်မိတယ်။ ဘယ်နှယ့်ဗျာ ယမမင်းဟာ မင်းကောင်းမင်းမြတ်တွေလို့ ကျုပ်ကြားနာဖူးပါတယ်။ ဒါပေမဲ့ အခုခင်ဗျားလုပ်နေပုံတော့တခြားစီပါကလား’’ယမမင်းသည် အံ့သြတွေ ဝေသည့်အမူအရာဖြင့် ကျွန်ုပ်ကို စူးစူးရဲရဲပြန်ကြည့်ရင်း တုံ့ပြန် စကားဆို၏။
ယမမင်း။ ။‘‘အောင်မာ ရာရာစစ ငရဲပြည်ကိုရောက်လာတဲ့ငမိုက် သားကများ ငါလိုယမမင်းကို ဝေဖန်ရတယ်လို့။ ဆိုပါဦးဟ၊ ငါ က ဘာများအမှားအယွင်း လုပ်မိသတုံး’’
ကျွန်ုပ်။ ။‘‘စိတ်တော့မရှိနဲ့ဗျာ။ အခု ခင်ဗျားစက်လှေကားပေါ်တင်ပြီး အထက်ဘဝဂ်ကိုပို့နေတဲ့သူတွေ ဟာ လူ့ပြည်မှာတုန်းက မြန်မာ တစ်ပြည်လုံးကို ဒုက္ခလှလှပေးခဲ့ တဲ့သူတွေချည်းပဲဗျ။ သူတို့ အကြောင်း ကျုပ်အကုန်သိတယ်’’
ယမမင်း။ ။‘‘သြော် . . . ဒါလား၊ ဒါဆိုရင်ဖြင့် ငါတုံးတာမဟုတ် ဘူး။ နင်တုံးတာဟကောင်ရ၊ အခု စက်လှေကားနဲ့တက်ခိုင်းတာဟာ အထက်ဘဝဂ်ဆီကိုပို့တယ်လို့ ထင်တာများ အံ့ပါဘိတော့။ ဒင်း တို့ကိုပို့နေတာ ဆီပူနဲ့ကြွပ်ကြွပ် နေအောင်ကြော်မယ့်ငရဲအိုးနှုတ် ခမ်းဝဆီကိုဟ၊ ဆီပူအိုးကကြီး လွန်း၊ မြင့်လွန်းလို့ စက်လှေကား တပ်ထားရတာ။ ငရဲရောက်နေ တာတောင် အသိဉာဏ်မရှိတဲ့ ကောင်’’
ကျွန်ုပ်။ ။‘‘ဗျာ...ဒါဖြင့် ဟို ဟို မစစ် ဆေး၊ မမေးမြန်းဘဲ စက်လှေကား ပေါ် တန်းတက်ခိုင်းနေတာက ကောဗျာ’’
ယမမင်း။ ။‘‘မသေမချင်းမှတ် ငတုံးရ၊ ပဉ္စာနန္တရိယကံကျူးလွန် တဲ့သူ၊ စေတီပုထိုးဖျက်သူ၊ မိစ္ဆာ ဒိဋ္ဌိအယူရှိသူတွေကို စစ်ဆေး စရာမလိုဘူးကွ။ အပြစ်ကြီးလွန်း လို့ ငရဲကိုတန်းချပစ်ရတယ်။ နင် တွေ့တဲ့အစိမ်းဝတ်တွေဟာ အဲဒီ စာရင်းမှာအကျုံးဝင်တယ်။ ရှင်း ရတာလက်ပေါက်ကတ်ချက်ကွာ’’
ကျွန်ုပ်။ ။ ‘‘သြော် . . . သြော်’’
ယမမင်း။ ။‘‘မသြော်နဲ့ နင်ဘာ ကောင်တုံး၊ မှန်းစမ်းနင့်ရုပ်နဲ့ငါ့ ကွန်ပျူတာထဲကငရဲသားစာရင်း လက်ခံဖိုင်နဲ့တိုက်ကြည့်လိုက် မယ်...မှန်း’’
(ငါး)
နတ်မောက်သွေးနီလှပြီဟူ ၍ လူစွာလုပ်မိသောကျွန်ုပ်သည် ယမမင်းရှေ့တွင်မှောက်လျက်လဲ ခဲ့ချေပြီတကား။ ယမမင်းသည် ကွန်ပျူတာနှင့်အတန်ကြာအလုပ် ရှုပ်လျက်ရှိ၏။ ခဏအကြာအံ့သြ စူးစမ်းသောအကြည့်ဖြင့်မေးလာ ၏။
‘‘အင်း မောင်ရင့်နာမည်ကို ဒီလက်ခံစာရင်းမှာ မတွေ့မိပါ ကလား။ နာမည်သေချာပြောပါ ဦးဟ’’
ကျွန်ုပ်လည်း အမည်ရင်းနှင့် တကွ မွေးရပ်ဇာတိ၊ မှတ်ပုံတင် အမှတ်နှင့် ငယ်စဉ်ကထားခဲ့ဖူး သောရည်းစားစာရင်းပါမကျန် ပြည့်စုံစွာတင်ပြပြီးသည်၏နောက်တွင်ကား ယမမင်း၏မျက်နှာဝယ် အပြုံးရိပ်သန်းလာ၏။ ခင်မင် လေးစားဟန်ဖြင့် ချိုသာစွာစကား ဆို၏။
‘‘သြော် . . လက်စသတ်တော့ ဖူးခက်ဆြာဒင်ဆိုတာ မောင်ရင် ကိုး။ မောင်ရင့်ကောင်းကြောင်း တွေကြားပါ့ဗျား။ အမှန်က မောင် ရင်ဟာ ဒီနေရာကိုမျက်စိလည် လမ်းမှားပြီးရောက်လာဟန်တူ သကွဲ့။ ကိုယ့်လက်အောက်က မန်နေဂျာတွေလည်း ပေါ့လျော့ တာဖြစ်နိုင်သေးသကွဲ့။ ကဲ ကဲ... ငရဲပြည်မှာကြာကြာမနေချင်ပါနဲ့ မောင်ရယ်။ ချက်ချင်းသာပြန်ပေ ရော့။ ကျုပ်ကို ညတိုင်းမေတ္တာပို့ ဖို့လည်းမမေ့လေနဲ့ဦးမောင်’’
ကျွန်ုပ်ကား ကြောက်လန့် ခြင်း၊ ဒေါသဖြစ်ခြင်း၊ အံ့သြဝမ်း သာခြင်း စသောပြင်းထန်လှသည့် ခံစားမှုပေါင်းစုံကို တစ်ချိန်တည်း ကြုံတွေ့ရသည်ဖြစ်ရာ စကြဝဠာ တစ်တိုက်လုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်ကုန်ပြီဟုသာ ထင်မိတော့ သည်။ သက်ပြင်းကြီးတစ်ချက်ကို အသံကျယ်ကြီးထွက်အောင် လေးပင်စွာချလိုက်ရင်း ‘‘အမလေး ကံကြီးပေလို့တော်ပါသေးရဲ့ ဘုရား ဘုရား’’
‘‘ဟော . . . ငတို့ဆြာ၊ ဘုရား တရင်းသတိပြန်လည်လာပြီကွ ဆြာ ဆြာ ဆြာ’’
တပည့်ကျော်ဖေကြည်၏ ဝမ်းသာအားရအော်သံကိုကြားရ သည်နှင့်တစ်ချိန်တည်းမှာပင် ကျွန်ုပ်ကောင်းစွာသတိပြန်လည် လာခဲ့လေပြီ။ ကျွန်ုပ်လဲလျောင်း လျက်ရှိရာခုတင်ဘေးတွင် စိုးရိမ်တကြီးဖြစ်နေသည့်မျက်နှာကိုယ် စီဖြင့်ရှိနေသော တပည့်ကျော်တို့ကိုမြင်လိုက်ရ၏။ ကျွန်ုပ်သည် အပြင်းဖျားသည့်ဝေဒနာဖြင့်ဖူး ခက်မြို့မှ (Mission)အမည်ရှိ ဆေးရုံပေါ်တွင် နှစ်ရက်ခန့် သတိမေ့မြောနေခဲ့သည်ဟုဆိုပါ၏။ သတိပြန်လည်လာစဉ် တစ်ခဏ၌ ကျွန်ုပ်သည် လေဘာတီမမြရင် သီဆိုခဲ့သော ‘တုံးကျော်မ’သီချင်းကိုသာ ရုတ်ခြည်းသတိရမိတော့ သည်။
ထိုနေ့မှအစပြု၍ ကျွန်ုပ် သည် ညစဉ်အိပ်ရာဝင်ဘုရား ရှိခိုးချိန်တိုင်း၌ သုံးဆယ့်တစ်ဘုံ ကျင်လည်ကြကုန်သော သတ္တဝါ အပေါင်းအား သဗ္ဗေသတ္တာအဝေ ယျာဟောန္တုချီမေတ္တာပို့ရာတွင် ယမမင်းအား သြဒိဿရည်မှတ် လျက် မမေ့မလျော့စာရင်းသွင်း မေတ္တာပို့ခဲ့သည်မှာ ယနေ့ထက် တိုင်အောင်ဖြစ်ချေသည်။ မင်း ကောင်းမင်းမြတ်ဟုသမုတ်အပ် သည့် ယမမင်းကြီးချမ်းသာကိုယ် စိတ်မြဲပါစေသတည်း။