၂၆၊မတ်၊၂၀၁၅ နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာမှ။ ။
အနာဂတ္တိဒိဗ္ဗစက္ခုရကြသူများနှင့်ကျွန်ုပ်။ ။
(မင်းဒင်)
(တစ်)
‘‘နင်း ဟောင် မား ဆြာဒင်၊ ဟန်-ကောက် ရှင့် ကျန့်-သောက်-နီ၊ ဆန်း ရစ် ခွိုက် လယ့်’’
‘‘ကုန်းရှီးဖား ချိုင်’’
‘‘ကျူ နီ ချန်း ကုန်း’’
‘‘ဘာတွေတုံးလဟ။ ကွိစိ ကွစနဲ့ အဆန်းတွေပါကလား’’
‘‘သြော်၊ ဆြာ့မွေးနေ့ကို တရုတ်ဘာသာစကားနဲ့ နှုတ်ဆက်ဂါရ၀ပြုလိုက်တာပါခင်ဗျ။ ဆြာ ဒင်နေကောင်းလား၊ တွေ့ရတာ ၀မ်းပါတယ်။ မွေးနေ့မှာ ပျော်ရွှင် ပါစေပေါ့ ဆြာရယ်’’
‘‘တပည့်ပြောတဲ့ ကုန်းရှီးဖား ချိုင်ဆိုတာ ချမ်းသာကြီးပွားပါစေ လို့ ဆုမွန်ကောင်းတောင်းတာပါ ဆြာ’’
‘‘ကျူနီချန်းကုန်း၊ အောင်မြင်ပါစေပေါ့။ ဆန်း ရစ် ငမ်း သယ် ခိုင်း ရှင်-မွေးနေ့သမယမှာ ပျော်ပျော် နေပါ ဆြာ’’
ဘယ်နှနှစ်မြောက် ဟူ၍ ကျွန်ုပ်ဖွင့်ဟမပြောကြားလိုသော ထိုနေ့က ကျရောက်သည့် ကျွန်ုပ် ၏ မွေးနေ့ရက်မြတ်တွင် နေအိမ် ရှိရာသို့ တစ်စုတစ်ဝေးတည်း ပေါက်ချလာကာ နှုတ်ခွန်းဆက် လာကြသူများကား ကျွန်ုပ်၏ ချစ် လှစွာသော တပည့်ကျော်များ ဖြစ်လေ၏။
‘‘တယ်ဟုတ်တဲ့ ငါ့တပည့် တွေပါကလား။ ဘာသာမျိုးခြား စာ စကားသင်ကြားသင့်သည် မှတ်ဆိုတာ အခုလိုကမ္ဘာပြားနေ တဲ့ ခေတ်ကြီးမှာ သိပ်မှန်တဲ့ စကားပေါ့ကွာ။ အားရချက်၊ ဒါမှ ငါ့ တပည့်တွေကွ’’
‘‘ဒါပေါ့ ဆြာ။ ဒါပေါ့။ လူငယ်ဆိုတာ အနာဂတ်ကို လှမ်းမျှော် ကြည့်နိုင်ရမယ်လေ’’
ဖေကြည်ငယ်၏ ခံယူချက် ကား အလွန့်အလွန် လေးစားဖွယ်ကောင်းလေစွ။ ကျွန်ုပ်ဝမ်းမြောက်ကျေနပ်ရပါ၏။
‘‘ဟာ . . . ကောင်းလိုက်တဲ့ မှန်းမျှော်ချက်။ တို့နိုင်ငံမှာလိုအပ်နေတာ ဒီလိုလူငယ်မျိုး တွေပေါ့လ ဟ’’
လေမင်းသားသည်လည်း ခေသူမဟုတ်လေ။
‘‘လာမယ့် အနှစ် သုံး၊ လေး ဆယ်ကို တွက်ဆထားနိုင်မှ တော် ကျမှာ ဆြာဒင်ရဲ့’’
ကပ္ပလီငယ်၏ ပြုံးရွှင်သော မျက်နှာပေးသည်၊ သူ့ရောင်းရင်းနှစ်ဦး၏ မှတ်ချက် စကားတို့နှင့်တစ်ထပ်တည်း၊ တစ်သဘော တည်းဖြစ်ကြောင်း အထင်အရှားဖော်ပြနေလေရာ ထိုနေ့သည် ကား ကျွန်ုပ်အတွက် အင်မတိ၊ အင်မတန်မင်္ဂလာရှိလှသော မွေးနေ့ အခါ သမယဖြစ်ချေ၏။
(နှစ်)
တပည့်ကျော်များအနေဖြင့် သည်လောက်အထိ ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်နိုင်လိမ့် မည်ဟု ကျွန်ုပ်တစ်ရံတစ်ဆစ်မျှ အိပ်မက်ပင်မမက်ခဲ့ချေ။ သင်းတို့အား ခပ်ပေါပေါခပ်ကြောင်ကြောင် တပည့်များဟုသာ ကျွန်ုပ်တွေးထင်မှတ်ယူခဲ့သည်မှာ အမှားကြီးမှားလေပြီ။
‘‘ဒါက ဆြာအားလပ်တဲ့အခါ လေ့လာဖို့ အမျိုးသားစာပေဆုရ တင်မော်(ဓာတု)ရဲ့ လိုတိုရှင်း တရုတ်စကားပြော စာအုပ်ပေါ့ ဆြာ။ မွေးနေ့လက်ဆောင်ပါ’’
ဖေကြည်၏ မွေးနေ့လက် ဆောင်ကို ကျွန်ုပ်လှမ်းယူနေဆဲ မှာပင် လေမင်းသားသည်လည်း သေသပ်လှပစွာ ထုပ်ပိုးထား သည့် စက္ကူဘူးငယ်တစ်ခုဖြင့် လက်ဆောင်ပေးလာပြန်သည်။
‘‘ဒါက တရုတ်စကားပြော လေ့ကျင့်ဖို့ စီဒီနဲ့ ဗီစီဒီခွေတွေပါ ဆြာ’’
တပည့်ကျော် ကပ္ပလီ၏ နောက်ဆုံးလက်ဆောင်ကား အ လွန်တရာထူးခြားသည်ဟု ဆိုနိုင်လေမည်။
‘‘ဖန်တက်စီရှိုးပွဲလက်မှတ် နှစ်စောင်ပါ ဆြာ။ တရုတ်လို၊ အင်္ဂလိပ်လို မွှတ်နေတဲ့ ထိုင်း၊ မလေး နဲ့ တွဲကြည့်ဖို့ ဆြာ့တပည့်ကိုယ် တိုင်စီစဉ်ထားပါတယ် ဆြာ။ တရုတ်စကားပြော လေ့ကျင့်တဲ့ သဘောပေါ့’’
အလိုက်ကန်းဆိုးလွန်စွာသိ ၍ ရှေ့နောက်ဆင်ခြင်အမြော်အ မြင်ကြီးမားသော တပည့်တို့ကား ထင်မှတ်မထား လက်ဖျားခြေဖျားပင် ခါရလောက်အောင် တော်ရှာ ကြပါပေ၏။ သင်းတို့သည် အနုံ ညာတကလေက၀ အဆင့်သာ သာဟု ထင်မှတ်ခဲ့သည့် ကျွန်ုပ်၏ အတွေးမှာ တက်တက်စင်အောင် လွဲခဲ့ချေသည်။
အတိဇာတတပည့်များနှင့် အတူတကွပေါင်းဖော်နေထိုင်ရ ခြင်းသည် မင်္ဂလာတစ်ပါးပေ တည်း။ တပည့်ရကံကောင်းလေ စွ။ တပည့်မွေးရကျိုးနပ်လေစွဟူ ၍ ကျွန်ုပ်ဝမ်းမြောက်ခြင်းကြီးစွာ ဥဒါန်းအကြိမ်ကြိမ်ကျူးရင့်နေမိ ချေသည် တမုံ့။
(သုံး)
ဆြာသမား ဆိုသော်ငြား တပည့်တို့က လမ်းကောင်းကို ညွှန်ပြလျှင် မရှက်မရွံ့၊ မပျင်းမရိ လိုက်နာကျင့်ကြံရမည်မှာ ဆြာ ကောင်းတို့ ဓလေ့ထုံးတမ်းမဟုတ် တုံလော။ ထိုနေ့မှစ၍ ကျွန်ုပ်သည်တရုတ်ဘာသာစကားကို ကျွမ်း ကျင်ရေလည်စွာ ပြောဆိုတတ် စေရန် လက်လှမ်းမီသမျှ ဘုတ် အုပ်၊ စီဒီ၊ ဗီစီဒီနှင့် အွန်လိုင်းတွင် ပါမကျန်ရှာဖွေမွှေနှောက်သင်အံ ခဲ့လေရာ ရက်သတ္တတစ်ပတ်ခန့် မျှအတွင်း ဝေါ် ကျောက် ဆြာဒင် (ကျုပ်နာမည်ဆြာဒင်ပါ)၊ နီတက် မင်ကျူ ကျောက်ဆက်မော့ (ခင်ဗျားနာမည် ဘယ်လိုခေါ်ပါလိမ့်)၊ ယွီကျန့် ကျွင်း မြန့် ဖန့်- ၀မ့် ယီး-ကျို(ခင်ဗျားကို တွေ့ချင်နေတာကြာပြီ)အစရှိသည့် ထမင်းစား၊ ရေသောက် တရုတ်စကားကို ဌာန်ကရိုဏ်းကျကျပြောဆိုနိုင်ခဲ့ လေသည်။
တပည့်ကျော်တို့ကား သင်း တို့ကိုယ်တိုင်လေ့လာရုံသာမက ဖူးခက်ရောက် မြန်မာလုပ်သားတို့ အကြား တရုတ်ဘာသာပြန့်ပွား ရေးအတွက် အလုပ်သမားတန်း လျားများဆီသို့ပါ နေ့မနား၊ ညမ အား သွားရောက်လျက် ပညာဒါန ပြုနေကြလေရာ ကျွန်ုပ်အနေဖြင့် ဖူးခက်ရောက် မြန်မာတို့အလယ် တွင် တပည့်ကောင်းတို့၏ ဆြာ အဖြစ် များစွာ ဂုဏ်တက်လျက် မျက်နှာပန်းပွင့်ရလေသည်။
‘‘ဆြာ့တပည့်တွေ တော်ချက်ကတော့ ကမ်းကုန်တယ် ဆြာရေ။ တရုတ်စကားပြော တတ်တော့ ကျွန်တော့်စားပွဲထိုးအလုပ်မှာ အရင်ကထက် တစ်မန်းနီးပိုရ တယ်ဗျ’’
‘‘ကျွန်တော်က ဟိုတယ်သန့် ရှင်းရေးလေ။ အခုလိုတရုတ် ကမ္ဘာလှည့်ခရီးသွားတွေ သိပ်များ တဲ့အချိန် တရုတ်လိုပြောပြီး ဘောက်ဆူးတောင်းရတာ ဟန် ကျချက်’’
တတ်သိဖွယ်ပညာရပ်တို့ကို ကိုယ်တိုင်လည်း ဆည်းပူး၊ အများသို့လည်း မျှဝေလေသည့် ဖူးခက် မြို့ရောက် မြန်မာတို့၏ မီးရှူးတန်ဆောင် တပည့်တို့ပေတကား။ ထိုမျှသာမဟုတ် ဆြာ့၏ ဈေးဆိုင်ငယ်တွင် ယခင်က၀ယ်သူမရှိသည့် တရုတ်စကားပြော ဘုတ်အုတ်၊ စီဒီနှင့် ဗီစီဒီတို့ အရောင်းသွက်လိုက်သည်မှာ ဆိုင်တွင် တင်သမျှ နာရီပိုင်းအတွင်းပြိုက်ခနဲ၊ ပြိုက်ခနဲကုန်လေသဖြင့် ဆြာ့အားကျွဲကူးရေပါသဘော အကျိုးပြုလျက်ရှိသည်မှာ လွန်စွာ ထင်ရှားလှချေ၏။
(လေး)
ချီးကျူးဂုဏ်ပြုထိုက်သူကို ထိုက်တန်စွာ အသိအမှတ်ပြုရ မည်မဟုတ်တုံလော။ ကျွန်ုပ်သည်လေးစားအပ်သော ကျွန်ုပ်၏ တပည့်ကျော်တို့အား ဖူးခက်မြို့၏ အထင်ကရဟိုတယ်ကြီးဖြစ်သော (Phuket City Hotel) တွင် ညစာဖြင့် တည်ခင်းဧည့်ခံရန် စီစဉ်ရပါ၏။ ယင်းဟိုတယ်၏ အထူးစပါယ်ရှယ်စားသောက်ခန်းမကြီး၌ တပည့်တို့ စိတ်ကြိုက်ဖြစ်မည် ဟု ယူဆရသည့် တရုတ်ဟင်းလျာ မျိုးစုံကို မှာယူလျက် ကျွန်ုပ်ကိုယ် တိုင်ကြိုတင်ရောက်ရှိနေချိန်တွင် တပည့်ကျော်သုံးဦးသည် ရှေးတရုတ်အမျိုးသားဝတ်စုံကိုယ်စီဖြင့် ပြုံးရွှင်စွာ ကြွမြန်းလာကြလေသည်။
သင်းတို့ကိုသည်ပုံဖြင့် မြင် ရသည့်အခါ ကျွန်ုပ်သည် စိတ်မ ဆိုးသော်ငြား ကျွဲမြီးတိုမိသည် ကား အမှန်ဖြစ်၏။
‘‘မင်းတို့ဥစ္စာ၊ တစ်ဆိတ်လွန် လွန်းပြီထင်တယ်နော်။ ဘယ့်နှယ်မြန်မာစစ်စစ်တွေက အမြင်မတော် တရုတ်ဝတ်စုံပြည့်နဲ့ မျက်စိနောက်လိုက်တာကွာ’’
ကျွန်ုပ်၏ စကားကြောင့် ကပ္ပလီငယ်သည် နှစ်ခြိုက်စွာ ပြုံး လိုက်၏။
‘‘ဆြာ မသိသေးပါဘူးလေ။ ဒါဟာ အနာဂတ်ကို ကြိုတင်တွေး မျှော်ထားတဲ့ သဘောပေါ့’’
‘‘ဟကောင်၊ တရုတ်ဘာသာ စကားဟာ ကမ္ဘာပေါ်မှာ ဒုတိယ အသုံးအများဆုံးဘာသာဖြစ်လာ တာ ငါလည်း သိတယ်။ ဒီ လောက်မတုံးဘူး။ အခုမင်းတို့ လုပ်လာပုံက တိုင်းပြည်နဲ့ လူမျိုး ကို ချစ်ရာမရောက် အမေကျော်ထွေးတော် လွမ်းသလိုဖြစ်နေပြီလေ။ ဒါနဲ့ မင်းတို့ တရုတ်စကားလေ့လာဖြန့်ဝေနေတဲ့ အဓိကရည် ရွယ်ချက်က ဘာများပါလိမ့်’’
ဖေကြည်သည် ကျွန်ုပ်အား သနားစရာသတ္တ၀ါတစ်ကောင်လို ကြည့်လျက် ခေါင်းတဆတ်ဆတ် ညိတ်ရင်း လေးနက်စွာ မိန့်ပါ၏။
‘‘ဆြာဟာလေ ပါးမလိုလိုနဲ့ အတော်ထူတဲ့ စာရင်းထဲမှာ ပါနေ တာကိုး"
လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ် ရပ်ကို ထောက်ရှုရင်း နောင်သိပ် မကြာလှတဲ့ ဆယ်စုနှစ်များမှာ တရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံ အဖြစ် သေချာပေါက်ရောက် တော့မှာ ဆြာရဲ့’’
‘‘ဟေ’’
ကျယ်လောင်လှသည့် ကျွန်ုပ်၏ အာမေဋိတ်သံကြောင့် စားပွဲဘေးတွင် ယို့ယို့ကလေးရှိ နေသော ထိုင်း-တရုတ်စားပွဲထိုးမကလေးပင် ထိတ်လန့်သွားဟန်ရှိ၏။ ဖေကြည်၏ အဆိုကို ထောက်ခံသော လေမင်းသား၏ လေသံသည်လည်း အေးဆေး တည်ငြိမ်လျက်ပင်ရှိလေသည်။
(ငါး)
‘‘ဟုတ်တယ်လေ ဆြာ။ မြန် မာပြည်ကို ခါးလည်က ဖြတ်ပြီးတရုတ်အတွက် မဟာဗျူဟာ မြောက်ဓာတ်ငွေ့ပိုက်လိုက်သွယ် ပေးထားတယ်။ တစ်ပြည်လုံးအနှံ့ တရုတ် စီမံကိန်းတွေချည်းပဲ။ တရုတ်တွေလိုသမျှ မြန်မာ့သယံ ဇာတကျောက်စိမ်း၊ ပတ္တမြား၊ အဖိုးတန်ရတနာတွေသာမက သလင်းကျောက်၊ အင်ကြင်းကျောက်၊ သစ်တော၊ ၀ါးတောတွေအပြင် တိရစ္ဆာန်မျိုးစုံ၊ ထနောင်းပင်နဲ့ သတို့သမီးပါမကျန် တရုတ်ပြည်ဘက်ပို့ပေး နေရတာကိုကြည့်ရင် မြန်မာ့အ နာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်ပါပြီလေ’’
ဒေါသစိတ်ကြောင့် ကျွန်ုပ်၏တစ်ကိုယ်လုံးရှိသွေးတို့သည် ပွက်ပွက်ဆူလာသည်ဟု ထင်ရ၏။
‘‘ဟဲ့ အကောင်၊ နင့်ပါးစိတ် ပိတ်ထားစမ်းလဟ။ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်သွေးချွေး အစဉ်မနှေးပေးဆပ်နေတဲ့ မြန်မာ့ တပ်မတော်ကြီးရှိနေသမျှ ဒီအဖြစ်မျိုးကမ္ဘာတည်သရွေ့ မဖြစ်စေနိုင် ဘူးမှတ်။ တို့မြေ၊ တို့ရေကို တစ် လက်မမှ အကျူးကျော်မခံရ အောင် ခေတ်မီမြန်မာ့တပ်မတော် ကြီးအနေနဲ့ရင်ကို မြေကတုတ် လုပ်ပြီး ခုခံကာကွယ်မှာပေါ့ဟ။ တရုတ်မယားပါသားတွေရ’’
ကျွန်ုပ်ပေါက်ကွဲနေသော် ငြား ဖေကြည်ငယ်၏ အသံသည် မခိုးမခန့်ရယ်သံလွင်လွင်စွက် လျက်ရှိ၏။
‘‘တုံးပ့ါ ဆြာရယ်၊ အင်အား တစ်ထောင်လောက်သာရှိတဲ့ လက်တစ်ဆုပ်စာ ဘိန်းဓားပြတပ် ကို အင်အားနှစ်သောင်းကျော်နဲ့ ကြည်းတပ်၊ လေတပ်အင်အား ကုန်သုံးပြီး တိုက်တာတောင် ဗိုလ် ရော၊ စစ်သားတွေပါ ရာချီပြီး သောက်သောက်လဲ ကျဆုံးနေ တာ ဆြာမသိလေရော့သလား။ ကျတာတောင် နည်းသေး။ တိုက် လေယာဉ်၊တင့်ကားမှန်သမျှ ဈေး ကြီးပေးဝယ်ထားရတဲ့ တရုတ်ထုတ် အစုတ်ပလုတ်။ မြန်မာ့စစ် လက်နက်ပစ္စည်းစက်ရုံမှန်သမျှ တရုတ်လက်ရာ၊ မြန်မာတစ်နိုင်ငံ လုံးမှာ ဖြန့်ကြက်ထားတဲ့ ဆက် သွယ်ရေးစနစ်ကိုတောင် တရုတ် က ပိုင်ပိုင်နိုင်နိုင်ချုပ်ကိုင်ထားပြီ ခင်ဗျာ’’
ကျွန်ုပ်ကား အသားတဆတ် ဆန်တုန်နေသော်ငြား သင်းတို့၏ စကားကို ပြန်လှန်ချေပရန် စကား ရှာမရဖြစ်နေချိန်တွင် လေမင်း သားတစ်ယောက် မီးလောင်ရာ လေပင့်နေပြန်သည်။
(ခြောက်)
‘‘ဒေါသကို လျှော့ပါ ဆြာ ရယ်။ ကျွန်တော်တို့ မြန်မာအစိုးရ တတ်ကျွမ်းတာဆိုလို့ ရိုက်မယ်၊ ဖမ်းမယ်၊ တရားစွဲမယ်၊ ထောင် ချမယ်၊ တရုတ်စီမံကိန်းကို ကန့် ကွက်ရင် သေနတ်နဲ့ အသေပစ် သတ်တယ်။ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြရင် ဖမ်းတယ်။ အာမခံမရ ဘူး။ ထောင်ချမယ်။ တရုတ်ဆီက ရသမျှ ငွေချေးမယ်။ ပြည်တွင်း မှာပေါ်လာသမျှ ပြဿနာဗြောင် ငြင်းမယ်၊ ဖင်ပိတ်ငြင်းမယ်။ ငြင်း မှာပေါ။ ဗိုလ်ချုပ်အကြီးအသေး အားလုံးခံစားနေရတဲ့ စည်းစိမ်မှန် သမျှ တရုတ်ကျေးဇူး။ ခိုးဝှက်ထား သမျှ ငွေတွေက တရုတ်ဘဏ်ထဲ မှာ။ ဒီလိုတိုင်းပြည်မျိုး တရုတ် လက်ကျတာ ဘာမှမဆန်းဘူး။ နယ်ချဲ့စနစ်မရှိတော့ဘူးလို့ ဆြာ ဆင်ခြေပေးဦးမလို့လား။ အဲဒီ ခေတ်ကုန်ပြီဆြာရဲ့။ မြန်မာပြည် ကို တရုတ်က သေနတ်တစ်ချက် မှ မဖောက်ရဘဲ အပြီးအပိုင်သိမ်း ယူထားပြီးပြီဆိုတာ ယုံလိုက်ပါ တော့ ဆြာ။ ကြာလှနောက် အနှစ်သုံးဆယ်ပေါ့။ မြန်မာပြည်အနှံ့ မှာ တရုတ်တွေကြီးစိုးလာမယ်။ တရုတ်ယဉ်ကျေးမှုပျံ့နှံ့လွှမ်းမိုး လာမယ်။ တရုတ်ခိုင်းသမျှ လိုက် လုပ်နေရတဲ့ အစိုးရမို့၊ တရုတ် ပြည်သူ့ သမ္မတမြန်မာနိုင်ငံဖြစ် တော့မှာ သေချာပါသော်ကော။ သြော်၊ ဆြာက ၂၀၁၅ ကို မျှော် ချင်သေးသလား။ ရူးနှမ်းနှမ်း မတွေးပါနဲ့ ဆြာ။ ထုံးစံအတိုင်း မဲခိုးမဲလိမ်ပြီး မနိုင်နိုင်အောင် လုပ်၊ တရုတ်အကျိုးဆက်သယ် ပိုးမှာ မပူပါလေနဲ့။ ဒါပဲပေါ့ ဆြာ၊ ဒါကို အကင်းပါးပါးနဲ့ ကြိုမြင်တဲ့ ဆြာ့တပည့်တွေဟာ အခုချိန်ကစပြီး အဘက်ဘက်က ကြိုတင်ပြင် ဆင်နေတာပေါ့’’
မငြင်းသာသော အချက်များ လည်း ဖြစ်၊ အသက်အရွယ်နှင့် ဆြာသမားတည်းဟူသော ဂုဏ်ကိုစောင့်ထိန်းနေရသည်ဖြစ်၍ နှုတ် ဆိတ်နေရသော်ငြား ကျွန်ုပ်စိတ် ထဲတွင် မူသင်းတို့အား မအေနှမ၊ သေချင်းဆိုး၊ ခွေးသူတောင်စား အစရှိသည့် အယုတ္တအနတ္တဆဲ နည်းမျိုးစုံဆူညံစွာ ပေါ်ထွက်လာ နေ၏။
ကျွန်ုပ်တည်ခင်းသမျှ မသဒ္ဓါ ရေစာ တရုတ်ဟင်းလျာတို့ကို တရုတ်ဝါးတူကိုယ်စီကျွမ်းကျင် စွာ ကိုင်တွယ်လျက် ပါးဖြဲနားဖြဲ တဟဲဟဲ၊ သင်းတို့အပင်းဆို့နေကြ သည်ကို စိတ်မသက်မသာဖြင့် ကြည့်နေမိချိန်တွင် စားသောက် ခန်း၏ တစ်နေရာမှ ထွက်ပေါ်လာ သည့် တရုတ်သီချင်းအလွမ်း တေးသံမှာ ကျွန်ုပ်၏ နားထဲသို့ သံရည် ပူဖြင့် လောင်းထည့်လိုက်ဘိသကဲ့ သို့ရှိလေရာ စိတ်ကို အနိုင်နိုင် ထိန်းနေရင်း ကြားမှာပင် ကျယ် လောင်သော ဖရုဿဝါစာတစ် ခွန်းသည် ကျွန်ုပ်၏ နှုတ်ဖျားမှ မထင်မှတ်ဘဲ ပွင့်အန်ကျသွားခဲ့ လေသည်။
‘‘မျိုကြ၊ ဆို့ကြဟဲ့။ မသေ ခင်လေး အားရအောင်မျိုကြ၊ ဆို့ ကြ။ သေချင်းဆိုးမဲ့ တရုတ်အား ကိုး မအေရိုးတွေ’’