Quantcast
Channel: .
Viewing all articles
Browse latest Browse all 346

ပုံသေကွက်

$
0
0

၂၇၊မတ်လ၊၂၀၁၅နေ့ထုတ် နှင်းဆီဖြူ  ဂျာနယ်မှ ။ ။

ပုံသေကွက်။ ။

(မင်းဒင်)

(၁)
“ခင်ဗျားပြောတာသွေးထွက်အောင်မှန်တယ်ဗျာ။ထိုင်းနိုင်ငံရဲ့ရှေ့ရေးကို
ကြိုတင်တွေးဆနိုင်တဲ့ခင်ဗျားရဲ့အရည်အချင်းကိုကျနော်သိပ်လေးစားသွားပြီ”

သူ့မျက်နှာတွင်ကျနော့်အားအလွန်အမင်းအံ့သြလေးစားသည့်အမူအရာ
အထင်အရှားပေါ်လွင်လျက်ရှိသော်ငြား၊ကျနော့်မှာမူ
ရှက်ရွံ့အားနာစွာဖြင့်သူ့ကိုငေးကြည့်မိသည်။

သူ့အမည်သည် မစ္စတာဥဖြစ်၏။ထိုင်းလူမျိုးဖူးခက်ဇာတိအသက်လေးဆယ်ဝန်းကျင်ဖြစ်သည်။ ခပ်သွယ် သွယ် မျက်နှာပေါက်၊ခြောက်ပေနီးပါးရှိသောအရပ်အမောင်း၊ အနေတော်ကိုယ်လုံးကိုယ်ဖန်နှင့် ရုပ်ရည်အတော် ကြည့် ကောင်းသူဟုဆိုနိုင်သည်။အမြဲတစေပြုံးနေတတ်သည့် မျက်နှာထားမှာ သူ့ပင်ကိုယ်စိတ်ရင်းအားဖော်ပြ လျက်ရှိ သည်။ပြည့်စုံသော လူဂုဏ်တန်မိဘများမှ ပေါက်ဖွားလာသူ ဖြစ်၍သြစတေလျနိုင်ငံတွင်ဂီတပညာရပ်ကို ငါးနှစ် တာဆည်းပူးလေ့လာခဲ့သူဖြစ်၏။ သူသည် ဖူးခက်မှနာမည်ကျော်တီးဝိုင်းတခု ၏ပင်တိုင်ဒရမ်မာသမားလည်းဖြစ် သည်။သူနှင့်သာမကသူ့မိသားစုနှင့်ပါကျနော်အလွန် ရင်း နှီးသည်။

အနုပညာသမားပီပီ၊အေးဆေးသောဘဝကိုသာ၊မက်မောဟန်ရှိသည့် ဥသည်၊ထိုင်းရဲတို့၏ခပ်ကင်းကင်းနေလို သဖြင့် သူ့မိဘပိုင်၊ဧရာမကာရာအိုကေ ဆိုင်ကြီးကိုပိတ်ကာ၊ခရီးသွားလုပ်ငန်းကုမ္ပဏီငယ်တစ်ခုထူထောင်ခဲ့ သည်။ဝန်ထမ်းများများစားစားမထားပဲ၊တခါတရံသူကိုယ်တိုင်၊ခရီးသွား
လမ်းညွန်အဖြစ်ကိုယ်ပိုင်တက္ကစီမောင်း နေလေရာ၊ဖူးခက်သို့
အခါအားလျော်စွာလာရောက်လည်ပတ်ကြသည့်၊ကျနော့်မိတ်ဆွေမြန်မာလူမျိုး
ခရီးသွား များကို သူနှင့်ချိတ်ဆက်ပေးရသဖြင့်၊သူနှင့်ကျနော်အမြဲလိုလိုလူချင်းဆုံမိနေသည်။

(၂)
လွန်ခဲ့သောတစ်နှစ်ခန့်ကဖြစ်၏။ရှပ်နီရှပ်ဝါတို့၏ပြင်းထန်သောအားပြိုင်မှုကို
အကြောင်းပြုလျက်၊ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့သည်။အစပိုင်းတွင် အနီအဝါပြေလည်စေရေးအတွက်ထိုင်းစစ်တပ်အနေဖြင့်၊သမာသမတ်ကျကျ ကြားနေမည့်အရိပ်အယောင်များပေါ်ထွက်ခဲ့သော်လည်း၊မကြာမီမှာပင်လပိုင်းမှာပင်၊
ထိုင်းစစ်တပ်သည်ထိုင်းနိုင် ငံ၏အလုံးစုံသောအာဏာအရပ်ရပ်ကို အပြီးအပိုင်ရယူချုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ချီတေးတွေဆက်တိုက်လွှင့်သည်။အာဏာသိမ်းဗိုလ်ချုပ်ကြီးက၊
နာရီပေါင်းများစွာကြာသောမာရသွန်မိန့်ခွန်း များကိုခြွေသည်။
မဟာမိန့်ခွန်းကြီးမှာထိုင်းစစ်တပ်ကို
အသေအလဲထောက်ခံကြသော၊ထိုင်းတောင်ပိုင်းလူထုပင် အသံထွက်ညည်းညူကြသည်အထိဖြစ်၏။စစ်သားများဇာတ်စင်ပေါ်တက်ကာ
သီချင်းဆိုကြသည့်ရုပ်သံလှိုင်းအ သီးသီးမှထုတ်လွှင့်ပြသလျက်၊ လူထုထောက်ခံမှုအကြီးအကျယ်ရသယောင်ပုံမှားရိုက်ကြသည်။

ရေမြောင်းတွေဖောက်ကြ၏။လမ်းဘေးဈေးသည်တွေနှိမ်နှင်း၏။မြန်မာ၊လာအို၊
ကမ္ဘောဒီးယားရွေ့ပြောင်းလုပ်သားများကိုဒလမန်းကြမ်းဖမ်းဆီး၏။
စစ်တပ်အသားပေးဧရာမဆိုင်းဘုတ်ကြီးတွေထောင်သည်။မြန်မာဘာသာဖြင့်
ဆီလျော်အောင်ပြန်ဆိုရလျှင်၊တပ်မတော်သာအမိ၊တပ်မတော်သာအဖ၊တပ်မတော်အင်အားရှိမှတိုင်းပြည်အင်အား ရှိမည်။တပ်မတော်သည်အမျိုးသားရေးကိုဘယ်တော့မှ သစ္စာမဖောက်၊ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော် သစ်ကြီးဆီသို့ ၊ဟူသောအဓိပ္ပါယ်ပါသည့်စာသားများဖြစ်ပါသည်။

အဆောက်အဦးသစ်ဖွင့်ပွဲ၊ဆောက်လုပ်ရေး၊ လမ်းတံတားလုပ်ငန်းခွင်နှင့်ဌာနဆိုင်ရာရုံးပေါင်းစုံနှင့်ထိုင်းရဲစခန်းများတွင်ပါ၊
ထိုင်းစစ်ဗိုလ်စစ်သားများကို၊တမိုးလုံး ဖျောက်ဆိပ်မြင်လာရသည်။
အာဏာသိမ်းအဖွဲ့၏ခေါင်းစီးအမည်နာမကား
၊နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးတည် ဆောက်အဖွဲ့ဟူ၏။

(၃)
ဥသည်ထိုင်းစစ်တပ်မှာအာဏာသိမ်းခြင်းကိုအပြည့်အဝထောက်ခံသူဖြစ်သည်။
စင်စစ်သူသည်ထိုင်းဘုရင်မင်း မြတ်ကိုလေးစားယုံကြည်ကိုးကွယ်နေသူဖြစ်၍
စစ်တပ်နှင့်ဘုရင်ကိုရောထွေးမြင်နေဟန်ရှိ၏။အာဏာသိမ်း ခြင်း ဖြင့်
ထိုင်းနိုင်ငံတဝှမ်းအေးချမ်းသာယာလာမည်ဟုလည်းမျှော်လင့်နေပုံရသည်။
အဆိုပါအာဏာသိမ်းလုပ်ရပ်အပေါ်စကားစပ်မိကြ၍
ကျနော့်ထင်မြင်ချက်ကိုတောင်းခံသည့်အခါ၊

“ဒါဟာစစ်တပ်လုပ်ရမဲ့အလုပ်မဟုတ် ဘူး မစ္စတာဥ၊တိုင်းပြည်အတွက်အလားအလာမကောင်းဘူး”

ဟူသောကျနော့်တုန့်ပြန်ချက်ကို၊ သူသဘောတွေ့ ဟန် မတူချေ။

ထိုအတွက်ဥကိုကျနော်အပြစ်မမြင်ပါ။ရာဇဝင်စဉ်ဆက်ထိုင်းတောင်ပိုင်းသည်
အဝါတို့ကြီးစိုးရာနယ်မြေဖြစ်ခဲ့သည်။တရားမျှတသောရွေးကောက်ပွဲများတွင်
အစဉ်အဆက်အားဖြင့်အနီုတို့သာအကြိမ်ပေါင်းများစွာဆက်တိုက်အနိုင် ရနေခဲ့လေရာ၊သက်ဆင်ရှင်ဝါဝပ်ကိုမျက်မုန်းကျိုးနေသောစစ်တပ်သည်
အဝါဖက်ယိမ်းသယောင်ရှိသဖြင့်၊ဥအပါ အဝင်ထိုင်းတောင်ပိုင်းသား၊အဝါအုပ်စုတို့၊စစ်တပ်အာဏာသိမ်းခြင်းကို
အကြီးအကျယ်ထောက်ခံကြိုဆိုခဲ့ကြ သည်မှာမဆန်းလှ။

ဥကားကျနော်နှင့်ဆုံလေတိုင်းထိုင်းစစ်တပ်၏ကောင်းမှုကြောင့်၊
ဖူးခက်မြို့ကြီး၌မည်သို့မည်ပုံပြောင်းလဲတိုးတက် နေပြီ၊အကျင့်ပျက်လာဘ်စားမှုများ၊
မာဖီးယားတို့လက်ဝါးကြီးအုပ်မင်းမူအုပ်စိုးနေမှုများလျော့ကျသွားပြီ၊အစရှိ သည့်စစ်တပ်ကောင်းကြောင်းတရားတို့ကို ကျနော့်အားစိတ်အားထက်သန်စွာဖောက်သည်ချနေခဲ့သည်။ထိုအ ချိန်တိုင်းတွင်၊အခြေအတင်မငြင်းခုံလိုသောကျနော်သည်
သူ့ကိုပြုံးလျက်သာကြည့်နေခဲ့သည်။

သူကျနော့်ကို ပြန်ကြည့်သောမျက်လုံးများမှာ၊ “ထိုင်းစစ်တပ်နဲ့ထိုင်းနိုင်ငံအကြောင်း၊ခင်ဗျား၊ဘာမှမသိ ပါသေး ဘူးလေ” ဟူသောအဓိပ္ပါယ်ဆောင်လျက်ရှိသည်မှာသေချာလှသည်။

(၄)
လွန်ခဲ့သောနှစ်လခန့်ကမူ၊နိုင်ငံတကာဧည့်သည်များအလုံးအရင်းဝင်ရောက်လာလေ့ရှိသည့်၊
ခရီးသွားရာသီမှာပင်၊ဖူးခက်သို့ခရီးသည်ဝင်ရောက်မှုအကြီးအကျယ်လျော့ကျသွားလေရာ၊
ဥ၏စစ်တပ်ကောင်းကြောင်းတရားတို့မှာ ယခင်ကလောက်အားမပါလှတော့ချေ။

ဟိုတယ်နှင့်စားသောက်ဆိုင်များတွင်ကျီးနှင့်ဖုတ်ဖုတ်ဖြစ်နေသည့်နေ့ရက်များညွှန်းဆိုရင်း၊ “ဒါအစပဲရှိပါသေးတယ်မစ္စတာဥ” ဟူသောကျနော့်မှတ်ချက်ကိုခပ်ငေးငေး
နားထောင် နေခဲ့ သည်။
သို့သော်

“ဒီအခြေအနေဟာ နှစ်လထက်ပိုမကြာလောက်ပါဘူးလေ”
ဟူသောသူ့စကားသည်၊ထိုင်းစစ်တပ်အပေါ် ယုံကြည်အားထား စိတ်မကုန်သေးကြောင်းပြဆိုလျက်ရှိသည်။

ထို့ပြင်ထိုင်းစစ်တပ်၏သက်ဆင်အမျိုးဖြုတ်ရေး စီမံကိန်းများကိုသူအားရသည်။ယင်လပ်ကိုအမှုမျိုးစုံပုဒ်မမျိုးစုံတပ်၍ထောင်မကျကျအောင်၊
စစ်တပ်၏အားကျိုး မာန်တက်လုပ်ရပ်တို့ကို သူကျေနပ်နေပုံရသည်။

ထိုရက်များအတွင်း၊ကျနော့်ဗီဇာသက်တမ်းတိုးရန်၊ဖူးခက်လူဝင်မှုကြီးကြပ်ရေးရုံး
(တောမော)သို့ကျနော်ရောက် သည်။ယခင်အခါများက
ဆယ့်ငါးမိနစ်ဖြင့်ပြီးပြတ်သည့်၊(One Stop Service)မှာလူငါးဆယ်ခန့်လူတန်းရှည် ကြီးဖြင့်၊နှစ်နာရီနီးပါးကြာမြင့်အောင်စောင့်ခဲ့ရသည်။

တဖန်တူတော်မောင်၏ယာဉ်မောင်းလိုင်စင်အတွက်
ဖူးခက်မော်တော်ယာဉ်မှတ်ပုံတင်ရုံးသို့ရောက်ခဲ့ပြန်ရာ၊ ယခင်ကတမနက်တည်းပြီးပြတ်သည့်ဇာတ်လမ်းမှာ မနက်ခုနစ်နာရီမှနေ့လည်နှစ်နာရီအထိငါးရက်တိတိ ရက် ဆက်သွားရောက်မှသာဆုံးခန်းတိုင်ခဲ့သည်။အဆိုပါရုံးနှစ်ရုံးစလုံးတွင်လာဘ်ပေးလာဘ်ယူစနစ်မပျောက် ရုံမျှ မကပို၍ဆိုးရွားနေသည်မှာကိုယ်တွေ့ဖြစ်၏။

လွန်ခဲ့သောတပတ်ခန့်က ဖူးခက်ရောက်မြန်မာခရီးသွားတဖွဲ့ကိုဧည့်ခံရင်း၊သူနှင့်စကားလက်ဆုံကျရာမှ၊ ဖူး ခက် ဌာနဆိုင်ရာများ၏အပြောင်းအလဲအတွေ့အကြုံကို၊ပြောပြမိသည့်အခါတွင်မူ၊

“ဟာ၊ဟုတ်တယ်ဗျ၊စစ်တပ်ဟာ စီမံ ခန့်ခွဲမှုတွေမှာ အရမ်းအားနည်းတယ်၊စီးပွားရေးလုပ်ငန်းကိုနားမလည်ကြဘူး။ တချို့ထိုင်းကျေးလက်ဒေသ တွေမှာ၊ဆင်းရဲသားတောင်သူလယ်သမားတွေ
အကြီးအကျယ်ဒုက္ခရောက်ကုန်ကြပြီ”

ဟူ၍လှိုက်လှဲစွာထောက်ခံသောအသံထွက်လာသည်။ကျနော်သူ့ကိုပြုံးလျက်ကြည့်ရင်း၊

“ဇာတ်လမ်းမဆုံးသေး ပါဘူးလေ၊ခင်ဗျားစောင့် ကြည့်ပါဦး၊ရှေ့လျှောက်ဆိုးဖို့ပဲရှိတယ်"

ဟုခပ်အေးအေးလေသံဖြင့်မှတ်ချက်ပြုခဲ့ပါ၏။

ထိုအခါဥ၏တုန့်ပြန်စကားမှာ
“ဒါလည်းခဏပါဗျာ၊မကြာခင်ရွေးကောက်ပွဲတွေပြန်ပြီး ကျင်းပတော့မှာပါ၊ပါတီစုံ ဒီမို ကရေစီစနစ်ဆီပြန်ရောက်တော့မှာမို့၊ထိုင်းနိုင်ငံရှေ့ရေးအတွက်ပူစရာမလိုပါဘူးလေ”
ဟူ၏။

(၅)
သူ့စကားအဆုံးတွင်၊ “အေးပေါ့ဗျာ၊ဒီမိုကရေစီပြန်လာမှာပါ၊ဒါပေမဲ့ဒီမိုကရေစီအစစ်ကိုတော့ ခင်ဗျားအိပ်မက်မ မက်နဲ့တော့ဗျ။ထိုင်းနည်းထိုင်းဟန်ထိုင်းဒီမိုကရေစီဆိုတာလာပါလိမ့်မယ်”

ဟု၊ကျနော်အမှတ်မထင်ဆို ခဲ့မိ သည်။လွန်ခဲ့သောညက၊ကျနော်ဆိုခဲ့သောစကားနှင့် တထပ်တည်းတူညီသည့်၊ထိုင်းဝန်ကြီးချုပ်၏မိန့်ခွန်းကိုကြေ ညာခဲ့လေရာ၊ ဥတစ်ယောက်၊ယနေ့မနက်စောစောကျနော့်အိမ်သို့ပေါက်ချလာကာ၊
ဤဆောင်းပါး၏အစတွင်၊ဖော်ပြခဲ့ သောချီးကျူးစကားကိုဆိုခဲ့ခြင်းဖြစ်ပါ၏။
ကျနော်သူ့ကိုတွေငေးလျက်သာကြည့်နေမိခဲ့သည်။

စင်စစ်ကျနော်ကဲ့သို့(၁၉၆၂)နှစ်ဝန်းကျင်တွင်လူ့လောကကြီးသို့ရောက်ရှိလျက်၊
စစ်တပ်မှအကြိမ်ကြိမ်အာဏာသိမ်းမှုများကိုကြုံတွေ့ခဲ့သူ၊ထိုအာဏာသိမ်းပွဲတိုင်းကို
အကောင်းဖက်မှရှုမြင်ခဲ့သူ၊လူထုဒေါ်အမာ၏ “အာဏာရှင်ဆို တာ အရှင်မထွက်ဘူး”၊ဟံသာဝတီဦးဝင်းတင်၏ “စစ်အစိုးရဟာဘယ်တော့မှမယုံရဘူး”ဟူသည့်မှတ်ချက်များကို နားဝင်မချိုခဲ့သူ၊ယနေ့တိုင်စစ်အာဏာရှင်စနစ်၏ဆိုးမွေအဆက်ဆက်ကို၊
ကိုယ်တိုင်ကြုံတွေ့ခံစားနေရသူ၊မြန်မာနိုင် ငံသားတစ်ဦးအနေဖြင့်၊အာဏာသိမ်းထိုင်းစစ်တပ်၏ရှေ့ခြေလှမ်းများကိုကြိုတင်
သိမြင်ခန့်မှန်းနိုင်နေခြင်းမှာ၊ ဘာ မျှထူးဆန်းအံ့သြဖွယ်ရာမဟုတ်ပါချေ။

(၆)
မကြာမတင်ကာလ၌၊ထိုင်းစစ်တပ်သည်ထိုင်းနိုင်ငံ၏ဦးဆောင်မှု
အခန်းကဏ္ဍမှနောက်မဆုတ်စတမ်း၊ ဆက်လက် ပါဝင်နေဦးမည့်အကြောင်း၊ထိုင်းဗိုလ်ချုပ်ကြီးများပါဝင်သည့်နိုင်ငံတော်ကာကွယ်ရေးနှင့်
လုံခြုံရေးကောင်စီ(ကာလုံ)ပေါ်လာပြီး၊စစ်ဗိုလ်တမတ်သား
ထိုင်းလွှတ်တော်သို့ရောက်လာဦးမည့်အကြောင်း၊ဆန္ဒပြလူထုကို
ပစ်ခတ်သတ်ဖြတ်မှုများနှင့် ညှင်းပန်းနှိပ်စက်မှုများ သံသရာလည်ဦးမည့်အကြောင်း၊လာမည့်အနှစ်နှစ်ဆယ့်ခန့်အတွင်း ထိုင်းနိုင်ငံဆင်းရဲတွင်းနက်လာမည်ဖြစ်ကြောင်း၊စသည့်၊ကြိမ်းသေပေါက်ရှေ့ဖြစ်တို့ကိုပါ ကျနော်ဆက်၍ဟော  လိုက်လျှင်၊သူပို၍အံ့သြပါလိမ့်မည်။

လက်ရှိအနေအထား၌ကျန်းမာရေးချူချာနေသောထိုင်းဒီမိုကရေစီ၏မီးရှူးတန်ဆောင်
ထိုင်းဘုရင်မင်းမြတ်နတ်ရွာစံချိန်တွင်၊ကျနော့်ဟောကိန်းအတိုင်ြးေ
မကြီးလက်ခတ်မလွဲဖြစ်လာသည့်အခါ၊မစ္စတာဥအနေဖြင့်၊သည့်ထက်ပို၍
ရင်သပ်ရှုမောဖြစ်ပေလိမ့်ဦးမည်မှာအလွန်တရာသေချာလှပါသည်။



Viewing all articles
Browse latest Browse all 346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...