သည်လေးဒီးစ်ဂျာနယ်။ ။
မြို့မေတ္တာခံယူသည့် ပြည်သူ့အချစ်တော် ကျွန်ုပ်
|| သရော်စာ ဆောင်းပါး - မင်းဒင် ||
(တစ်)
အမှာစာ။ ။
အောက်တွင်ဖော်ပြလတ္တံ့သော စာတန်းငယ်သည် ကျွန်ုပ်၏အနီးနေ လက်ရင်းတပည့်တစ်ဦးဖြစ်သူ မောင်ကပ္ပလီ၏ ပွဲဦးထွက်လက်ရာဖြစ်၏။ သူသည် ကျောင်းနေပညာအားဖြင့် သင်ရိုးကုန်အောင် ဆည်းပူးနိုင်ခဲ့သူမဟုတ်သော်ငြား စာရေးစာဖတ်ခြင်းတို့၌ မူဝါသနာအလေ့ထုံသည်ကို ကျွန်ုပ် ကောင်းစွာသတိပြုမိသည်။
တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး၊ အတုမြင်အတတ်သင်ဟူသော ဆိုရိုးစကားတို့အတိုင်း မောင်ကပ္ပလီသည် ကျွန်ုပ်စာတိုပေစတချို့ ရေးသားနေသည်ကို အားကျအတုယူလျက် ကျွန်ုပ်ကို အဓိကဇာတ်ကောင်အဖြစ် စိတ်ကူးယဉ်ဖန်တီးကာ မည်သည့်စာအမျိုးအစားဟူ၍ ခွဲခြားဖော်ပြရန်ခက်ခဲသည့် စာတစ်ပုဒ်ကို ကြီးစွာသောလုံ့လဖြင့် အစမ်းသဘောရေးသားကာ ကျွန်ုပ်အားဖတ်စေခဲ့၏။ တစ်ဆက်တည်းမှာပင် ၎င်းစာမူ၏ အကျအပေါက်နှင့်အခြား လိုအပ်ချက်တို့ကို ဖြည့်စွက်ပြင်ဆင်ပေးပါရန် မေတ္တာရပ်ခံခဲ့ရာ အာစရိယဂိုဏ်းဝင် ကျွန်ုပ်အနေဖြင့် တပည့်ကျော်၏ဝါသနာကောင်းအား မြေတောင်မြှောက်ပေးရမည့် ဝတ္တရားရှိသည်နှင့်အညီ လိုအပ်မည်ထင်ရသော သဒ္ဓါဝါကျအထားအသိုအနည်းငယ်ကို ထောက်မပြင်ဆင်လျက် မူရင်းအာဘော်မပျက်စေပဲ အတန်ငယ်တည်းဖြတ်သုတ်သင်ကာ သူ၏လက်ရာကို စာဖတ်သူတို့ မြည်းစမ်းနိုင်ရန် မိတ်ဆက်ပေးလိုက်ရပေသည်။
ယင်းစာ၌ သူရချင်ရောက်ချင်သော ဘဝတစ်ခုကို စိတ်ကူးပုံဖော်လျက် ဆြာသမား၏ဂုဏ်ကို မြင်ယောင်ကြားယောင်ဖြစ်လာ အောင်ဖတ်ချင့်စဖွယ် ဇန်းတင်ဖွဲ့ဆိုထားချက်ကို တွေ့မြင်နိုင်သည်။
သူ၏စာတွင် အချို့နေရာများ၌ ကျွန်ုပ်၏ ရေးဟန်များ မသိမသာရောစွက်လျက် ကျွန်ုပ်နည်းတူ ကဘောက်တိကဘောက်ချာ ဖြစ်နေသည်ကို သတိချပ်မိသော စာဖတ်သူတို့အနေဖြင့် လက်သင်တပည့်အား နားလည်ခွင့်လွှတ်ကြစေလိုကြောင်းနှင့် သူသည် နောင်တစ်ချိန် ကျွန်ုပ်ကဲ့သို့ပင် အစိုးရလူကြီးမင်းများ အမြင်ကပ်သည့် ကလောင်ရှင်တစ်ဦး သေချာပေါက်ဖြစ်လာမည်ဟု မျှော်လင့်ရပါ၏။
ဆြာဒင်( ရွာပြင် )
ခေတ္တ၊ ဖူးခက်ကျွန်း
ထိုင်းနိုင်ငံတောင်ပိုင်း၊
ခရစ်သက္ကရာဇ်၂၀၁၅ခုနှစ်၊ မတ်ခ်ျလ(၂၈)ရက်။ ။
(နှစ်)
“ချစ်သောအာစရိ”
(မောင်ကပ္ပလီရေးသည်)
ကျွန်တော်၏ အမည်သည် ကပ္ပလီဖြစ်ပါသည်။ ကျွန်တော်၏ဖခင်မှာ ဦးဘ၊ မိခင်မှာ ဒေါ်ကုလားမ ဖြစ်ပါသည်။ မွန်ပြည်နယ်၊ ဘီလူးကျွန်းဇာတိဖြစ်သော ကျွန်တော်သည် ခြောက်တန်းအောင်ခဲ့ပြီး မိဘများဆင်းရဲသောကြောင့် ကျောင်းမှထွက်ခဲ့ရပါသည်။ ထို့နောက် စစ်ထဲသို့ဝင်ရောက်ပြီး၊ တပ်ကြပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ စစ်တပ်ထဲတွင် ကျနော့်ဆရာဗိုလ်ကြီးဒင်နှင့် စတင်သိကျွမ်းခဲ့ပါ၏။ သူသည်သူ၏ဖိနပ်ကို တိုက်ပေးရန် ကျွန်တော့်အား တာဝန်စတင်ပေးခဲ့ရာ၊ အလွန်ပြောင်သဖြင့် ကျွန်တော့်ကို သူအလွန်တရာ သဘောကျသွားပါသည်။
ထို့နောက် ကျွန်တော်သည် သူ၏လက်စွဲတော် အနီးကပ်တပည့် ဖြစ်လာပါတော့သည်။ ကျွန်တော်၏ဆရာသည် ဗိုလ်ကျောင်းဆင်းဖြစ်၍ ထိုဗိုလ်ဆရာနှင့် ကျွန်တော် ရှေ့တန်းစစ်မြေပြင်တိုက်ပွဲများတွင် အကြိမ်ပေါင်းများအတူ တိုက်ပွဲဝင်ဖူးရာ ပြင်းထန်သောတိုက်ပွဲများ ဖြစ်လေတိုင်း ကျွန်တော့်ဗိုလ်ဆရာသည် လှစ်ကနဲလှစ်ကနဲ ပျောက်ခြင်းမလှ ပျောက်သွားတတ်လေရာ ကျွန်တော်သူ့ကို စိုးရိမ်တကြီးလိုက်ရှာသည့်အခါ ကတုတ်ကျင်းထဲတွင် ခေါင်းပု ၍ဝပ်နေသည်ကို အမြဲလိုလို တွေ့ရလေ့ရှိပါ၏။ ထိုကြောင့်ကျွန်တော့်ဆရာအား သူနှင့်ကျောင်းဆင်းဖက် ဗိုလ်များက ကတုတ်ကျင်းဗိုလ်ဟု ကွယ်ရာတွင် နောက်ပြောင်ခေါ်ဝေါ်ကြသဖြင့် ကတုတ်ကျင်းဗိုလ်ဟူသော နာမည်တစ်လုံး ရလာလေ၏။
ထိုနာမည်ပြောင်ကို ကျွန်တော့်ဆရာ ဘယ်ကနေကြားမှန်းမသိ။ ငါလိုဗိုလ် လွယ်လွယ်ကျလို့မဖြစ် တပ်သားဆိုတာ ဘယ်လမ်းဘေးလျှောက်ရှာရှာ အလွယ်လေးဟု ဆင်ခြေပေးတတ်ပါသည်။
သို့သော်သူသည် အလွန်ရာထူးအတက်မြန်ခဲ့ပါ၏။ စစ်သက်ဆယ့်ငါးနှစ်ကျော်အတွင်း ဒုတိယဗိုလ်ချုပ်ကြီးအဆင့်သို့ ရောက်ရှိခဲ့ရာ ကျွန်တော်သည်လည်း မူလဒုံရင်းတပ်ကြပ်ရာထူးဖြင့် သူ၏အိမ်တော်ပါ တပည့်ဖြစ်လာပါသည်။ သူသည် ထိုစဉ်က ကာကွယ်ဦးစီးချုပ်၏ တူအရင်းဖြစ်သောကြောင့် ကတုတ်ကျင်းအတွင်းမှသည် ဗိုလ်ချုပ်ကြီးဖြစ်လာသည်ဟု ကျောင်းဆင်းဖက်အချင်းအချင်း သွားပုပ်လေလွင့်ပြောကြပါ၏။ ကျွန်တော့်အနေဖြင့်မူ ဗိုလ်ချုပ်ကြီးချင်းအတူတူ ကျွန်တော့်ဗိုလ်ချုပ်ကြီးက နှစ်မူးသာသည်ဟု ဆိုချင်ပါသည်။
(သုံး)
ထိုမှသည် ရန်ကုန်တိုင်းစစ်တိုင်းမှူး ဖြစ်လာပြန်ပါသည်။ ထိုကာလက တစ်နိုင်ငံလုံးတွင် လမ်းတံတား၊အဆောက်အဦ အများအပြား တည်ဆောက်နေချိန်ဖြစ်ရာ ကျွန်တော့်ဆရာသည် အဆိုပါ လမ်းသစ်၊တံတားသစ်၊ အဆောက်အဦသစ်ဖွင့်ပွဲတို့အပြင် ရေလောင်းအိမ်သာအသစ်ဖွင့်ပွဲကိုပါမကျန် ဝါသနာအရ မပျက်မကွက်၍ ကတ်ကျေးတစ်လက်ဖြင့် တက်ရောက်လေ့ရှိရာမှ သူ၏အမည်သည် ဗိုလ်ကတ်ကျေးဟူ၍ ထင်ရှားလာပြန်ပါသည်။
ထို့နောက် ၂၀၁၀ ခုနှစ်တွင် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းလာခဲ့ရာ အခြားဗိုလ်ချုပ်ကြီးများအနေဖြင့် အမတ်တစ်နေရာအတွက် မျက်ကလဲဆံပြာ ဖြစ်နေကြရချိန်တွင် ကျွန်တော်ဆရာကား အောင်လံထူစစ်သူကြီးပွဲဟူသော စကားအတိုင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်ရာထူး ရလာပြန်ပါသည်။
ထိုအချိန်တွင်လည်း ရန်ကုန်တိုင်းအတွင်းရှိ စည်ပင်သာယာဈေးကြီးတချို့ မကြာခဏမီးလောင်မှုများ ဖြစ်ပွားခဲ့ရာ ထိုမီးသည် ကျွန်တော့်ဆရာ၏ လက်ချက်ဟု အကင်းပါးသူများသူက ထောက်ပြကြရာမှ ရှို့မီးမောင်ဒင်ဟူသော ဂုဏ်ပုဒ်တစ်ခု တိုးလာပြန်ပါသည်။ ကျွန်တော်ကမူ လူကြီးလူကောင်းစာရင်းဝင် ဆရာသမားအား စိုးစဉ်းမျှသံသယ မဝင်မိခဲ့ကြောင်း ရိုးသားစွာပြောလိုပါ၏။
သူသည် တိုင်းဝန်ကြီးချုပ်ရာထူး ရလာခါစက ကျင်းပခဲ့သော အခန်းအနားတစ်ခုတွင် ဒီမိုကရေစီခေါင်းဆောင်အမျိုးသမီးကြီးနှင့်အတူ တက်ရောက်ခဲ့ဖူးရာ အချို့သောသူများအနေဖြင့် အလွန်တအံ့တသြဖြစ်သွားကြသော်လည်း တပည့်ရင်းဖြစ်သူ ကျွန်တော်ကမူ ဟန်ဆောင်ကောင်းသော ကျွန်တော့်ဆရာ၏အကွက်ကို ကြိုသိနေသဖြင့် ရယ်ချင်ပါသည်။
အမှန်စင်စစ် ကျွန်တော့်ဆရာသည် လူတစ်ကိုယ်လုံး ဥာဏ်နီဥာဏ်နက် ဖုံးနေသူဖြစ်ရာ ထိုဆရာမျိုးကို ဆရာတော်ရသော ကျွန်တော့်အဖို့ အလွန်တရာကံထူးသည်ဟု ဆိုနိုင်ပါ၏။ အခွင့်သာသည်ဖြစ်၍ ကျွန်တော့်ဆရာ အလွန်ပြောင်မြောက်သော ရိုက်ချက်တစ်ခုအကြောင်း ပြောချင်ပါသေးသည်။ အဆိုပါဧရာမခွင် မဟာရိုက်ချက်မှာ ဒလတစ်ဖက်ကမ်းတွင် တည်ဆောက်မည့် မြန်မာ့စေတနာမြို့သစ်စီမံကိန်းကြီးပင် ဖြစ်ပါသည်။ ကျွန်တော့်ဆရာ အဆိုပါခွင်ကြီးအတွက် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး၏ ကျောထောက်နောက်ခံဖြင့် သမ္မတထံ နှစ်ကိုယ်ကြားချဉ်းကပ်စည်းရုံးခဲ့ရာ ကျွန်တော့်ဆရာ၏ဇကိုသိနေသော သမ္မတကြီးခမျာ ငြင်းပယ်ရန်အင်အားမရှိခဲ့ချေ။
(လေး)
ကျွန်တော့်ဆရာ၏ ရာဇဝင်ပြောင်ပုံမှာ သမိုင်းဆရာအဆူဆူ သြချလောက်ပါ၏။ အမေရိကန်ဒေါ်လာသန်းဘီလျံနှင့်ချီ၍ ကုန်ကျမည့်စီမံကိန်းကြီးအတွက် နောက်ဆုံးအတည်ပြုချက်ရယူရန် လွှတ်တော် အစည်းအဝေးသို့ သူကိုယ်တိုင်ပင်မသွား မြို့တော်ဝန်ကို အငှားဗိုက်ဖြင့် ဓားထိုးခံခိုင်းသည်အထိ ဇယားနိုင်သူဖြစ်ပါသည်။
သို့သော် ထိုတစ်ချီတွင် ကျွန်တော့်ဆရာ ကံမကောင်းခဲ့ပါ။ အဆိုပါစီမံကိန်းကြီးတွင် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး၏ သမီးများနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင် တရုတ်နွယ်ဖွားရှောက်ပန်း၊ ရှောက်စန်းညီအစ်ကိုနှစ်ဦးတို့ ပါဝင်နေသည့်အပြင် ရွှေပြည်သာစက်မှုဇုန်တွင် မတည်ငွေ မြန်မာကျပ် သိန်းခုနစ်ဆယ်ခန့်ဖြင့်သာ ဟန်ပြသဘော ဖွင့်လှစ်ထားသည့် လျှို့ဝှက်ကိစ္စများ ပေါက်ကြားသွားခဲ့ပြီး စားရခါနီးမှ ပါးစပ်ဝတွင် ပြုတ်ကျသွားခဲ့ပါသည်။ လူတကာ ထင်မှတ်မထားသည့် အချီကြီးပွပေါက်ကို ဆင်ကြံကြံနိုင်သည့် ကျွန်တော့်ဆရာအား တစ်နိုင်ငံလုံး လန့်ဖျန့်သွားရသည်ဖြစ်ရာ တပည့်တစ်ဦးဖြစ်သော ကျွန်တော့်အနေဖြင့် ဆရာ့အရှိန်အဝါကြောင့် များစွာဂုဏ်တက်ရပါ၏။
ထိုမျှမကသေးပါ။ ရန်ကုန်မှာဖြစ်ဖြစ်သမျှ ကျွန်တော့်ဆရာ၏ လက်ရာချည်းဖြစ်ပါ၏။ ကျူးကျော်တဲများကို ဘူဒိုဇာဖြင့်ထိုးကော်သည့်ကိစ္စ၊ အလုပ်သမားလစာ တိုးတောင်းသည့်သပိတ်၊ ကျောင်းသားလှုပ်ရှားမှု အပါအဝင်၊ လူထုနှင့်ထိပ်တိုက်ရင်ဆိုင်ရသော ကိစ္စများကို သေချာကျနစွာ ဖြေရှင်းနိုင်ရန် ထောင်ထွက်လူမိုက်ကလေကချေများကို မိဘပြည်သူအမည်ခံစေလျက် စွမ်းအားရှင်လက်ရုံးတပ်ဖွဲ့ကို စစ်ရေးအမြင်ဖြင့် ကြိုတင်ဖွဲ့စည်းထားကာ၊ လိုအပ်သလို လက်စွမ်းပြစေပါသည်။ သူကိုယ်တိုင် နံပါတ်တုတ်ကိုကိုင်လျက် “ဟောဒီလို လက်ကိုလွှဲပြီးဖြတ်ရိုက်ရမယ်။ ပြီးရင်လက်ပြန်တစ်ချက်ထပ်ရိုက်မယ်။ အားရှိသလောက်ရိုက်။ နာနာရိုက်၊ ဆက်တိုက်သာ ရိုက်။ အသားကုန် ရိုက်၊ မသေမချင်းရိုက်” ဟူသောသရုပ်ပြဟန်များမှာ ကျွန်တော်၏ အာရုံထဲတွင် ဗီဒီယိုရိုက်ထားသကဲ့သို့ စွဲမြဲစွာမှတ်မိနေပါသည်။
မကြာသေးခင်က ဖြစ်ပွားခဲ့သည့် မြို့တော်ခန်းမရှေ့ လူအုပ်ကြီးအား အောင်မြင်စွာ နှိမ်နင်းခဲ့ပုံကို အကြောင်းပြုကာ ဝါးရင်းတုတ်မောင်ဒင်၊ လက်ပတ်နီမောင်ဒင်ဟူသော အမည်ကောင်းဂုဏ်ပုဒ်တို့ တိုးလာပြန်ပါသည်။ ဆရာ့လက်စွမ်းကား သမ္မတရုံးမှပင် မျက်လုံးမျက်ဆန်ပြူးရသည်အထိပင် ဖြစ်ပါ၏။ အဆိုပါရိုက်ပွဲအပေါ် ပုဂ္ဂလိကမီဒီယာအသီးသီက ဆူညံစွာပြစ်တင်ရေးသားခဲ့ကြခြင်းတွက် သတင်းထောက်တစ်ဦးအား ရိုက်ပွဲအတွက် ဝန်ချတောင်းပန်မယောင် သတင်းပေးမယောင် ဖျားယောင်းခေါ်ဆောင်စေကာ လက်ရုံးတပ်ဖွဲ့ဝင်တို့ကို ထပ်မံဝိုင်းဝန်းရိုက်နှိပ်စေ ခြင်းဖြင့်၊ အကောင်းဆုံး သင်ခန်းစာပေးနိုင်ခဲ့သူမှာလည်း ကျွန်တော်ဆရာ၏ သူမတူသော စွမ်ရည်ထူးပင်ဖြစ်ပါချေသည်။
(ငါး)
ယခုရက်ပိုင်းများ၌ ကျွန်တော့်ဆရာသည် မြေနီကုန်းခုံးကျော်တံတားဖွင့်ပွဲတွင် ခရီးသည်များအား လက်ဆောင် ပစ္စည်းများ အခမဲ့ပေးဝေနေပုံ လမ်းဘေးရေမြောင်းထဲမှအမှိုက်များကို ကိုယ်တိုင် လိုက်လံကောက်ယူ နေပုံများအား နေ့စဉ်ထုတ်သတင်းစာ၊ ဂျာနယ်နှင့် ရုပ်မြင်သံကြားမီဒီယာအသီးသီးတွင် ဝေဆာစွာ တစ်ခန်းတနား ဖော်ပြနေကြသည်ကို သင်တို့သတိပြုမိကြလိမ့်ဟု ထင်ပါသည်။ သူ၏ဂိုက်ဆိုက်မှာ အများပြည်သူ ခရီးလမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရန် ခုံးကျော်တံတားကြီးတစ်စင်း သူ့ကိုယ်ပိုင်ငွေကြေးဖြင့် စိုက်ထုတ်တည်ဆောက်ပေးလေဟန်၊ ကွယ်လွန်သူ စင်ကာပူဝန်ကြီးချုပ်ကဲ့သို့၊ မြို့ရွာသန့်ရှင်းလှပရေးကို ဂရုဓမ္မပြုတတ်သည့် အိုက်တင်တို့ကို မြင်တွေ့နိုင်ပါသည်။ ဤသည်ပင် ကျွန်တော့်ဆရာ၏ ရှေ့ရေးကို ကြိုတင်မျှော်မြင်နိုင်သော အရည်အသွေးကို အထင်အရှား ပြဆိုနေခြင်းပင် မဟုတ်တုံလော။
ကျွန်တော့်ဆရာဖြစ်သူ၏ အရည်အချင်းအား သူ့ဦးရီးတော်နှင့်တကွ ဇနီးသားသမီးများကပါ နှစ်ထောင်းအားရရှိကြပါသည်။ သူနှင့်လက်ဝါးရိုက်ဖက် ဗိုလ်ချုပ်ကြီး ဗိုလ်ချုပ်ကလေး၊ ဝန်ကြီး ဝန်ကလေး၊ မြို့ဝန်ကြီး မြို့ဝန်ကလေးတို့က အထူးအားကိုးကြပါသည်။ ထို့အတူ သူနှင့်စီးပွားဖက် တရုတ်လူမျိုးလုပ်ငန်းရှင်ကြီးတို့သည်လည်း သူတို့၏ တာဏံလေဏံ မှီခိုပုန်းအောင်း လဲလျောင်းရာအဖြစ် လွန်စွာတန်ဖိုးထားကြပါ၏။
ထို့ပြင်တဝ ကျွန်တော်အနေဖြင့်လည်း ဆရာသမား၏ကောင်းမှုကြောင့် လှိုင်သာယာတွင် ပေနှစ်ဆယ်၊ ပေခြောက်ဆယ် အကျယ် ကိုယ်ပိုင်သစ်သားအိမ်တစ်လုံး ပိုင်ဆိုင်နိုင်ပြီးဖြစ်လေရာ ဆရာသမားအား ဘယ်ခေတ်ဘယ်စနစ်တွင်မဆို မိုးဆန်းပန်းကဲ့သို့ မညှိုးတမ်းလန်းစေချင်ပါ၏။
ဇမ္ဗူတလူဟု တင်စားအပ်သော ကျွန်တော်၏ဆရာသမားသည် သူ့အားချစ်ခင်လေးစားကြသူများ၏ စူးရှသော မေတ္တာဓာတ်အရှိန်အစော်အာနုဘော်ကြောင့် ၂၀၁၅ ခုနှစ်လွန်ကာလများတွင်လည်း ပန်းပန်လျက်ပါဟူသည့်ဘဝမျိုးတွင် ဆက်လက်တည်မြဲနိုင်ပါစေသတည်း။ ဘေးရန်ခပ်သိမ်းကင်းငြိမ်း၍ နှလုံးစိတ်ဝမ်းအေးချမ်းပါစေသတည်း။
(ပြီးပါပြီ)
မှတ်ချက် ။ ။ မောင်ကပ္ပလီ၏ လက်စမ်းစာသည် တစ်စုံတစ်ဦးအား အာဃာတတရားဖြင့် စောင်းပါးရိပ်ခြေထိုးနှက်ရာ ရောက်နေသည်ဟု စာဖတ်သူထင်မြင်သည်ရှိသော် ဤစာ၏နိဒါန်းအစတွင် ဖော်ပြထားသည့် မိတ်ဆက်မှတ်ချက်ကို ပြန်လည်ဖတ်ရှုကြခြင်းဖြင့် သံသယကင်းကြစေလိုပါ၏။
(ဒီဗွီဘီအွန်လိုင်းတွင် ကျွန်ုပ်အားလူအများက ချစ်ခင်လေးစားတန်ဖိုးထားကြ၏ ဟူသော အမည်ဖြင့်ဖော်ပြခဲ့သောစာမူဖြစ်ပါသည်၊)