ဧရာဝတီသတင်းဌာနဝက်ဘ်ဆိုက်မှ။ ။(၂၄ဧပြီ၊၂၀၁၅)
ကျွန်ုပ်တို့ခါတော်မီပါတီ၏စွမ်းပကားဖြင့်မြန်မာတပြည်လုံးလူညွန့်တုံးစေအံ့ ။ ။
(မင်းဒင်)
နွေရာသီ ပြန်စလေပြီမို့ ထက်ခွင်ယုဂန်သည် ပူရှိန်ထန်ပြင်းလျှက် ရှိ၏။ လည်ချင်းယှက်လျက် ရှိသောငှက်ကျေး သာရကာ မျိုးစုံတို့ လွမ်းမောဖွယ် တွန်ကျူးသံတို့မှာ နွေရောက်ပြီ၊ နွေရောက်ပြီဟု ပြောနေကြသည့်နှယ်ပါ တကား။ ဇာတိနိုင်ငံ၏ တောင်ပြာတဆစ် တောတရစ်တွင် ကျေးငှက်တို့၏ မြူးတူးစွာ အပြန်အလှန် ဖိုမခေါ်သံတို့ဖြင့်၊ သာမျိုးငယ်စုံသည့် ပန်းမြိုင်ရဂုံ ဖြစ်နေရော့မည်။
သည်လိုရာသီဦးတွင်ဖြင့်၊ အဘယ်သူသည် မလွမ်းမဆွတ် နေနိုင်ပါအံ့နည်း။ ညို့ညို့တောမြိုင်တန်းတွင်၊ နေခြည်ဖြာလူး ရွက်ကြွေမူးသည့်၊ ယခုကဲ့သို့ ဆန်းစနွေ လတန်ခူးတွင် ဘယ်သို့စိတ်ဝယ် ရည်စူးတမ်းတရမည်ကို၊ မသိနိုင်လေတော့ပြီ။
အနှီကာလ သမယဝယ်၊ ကျွန်ုပ်သည် ခပ်ပါးပါး လံကွတ်တီ ခါးစည်းလွှာဖြင့် အပူဒဏ်ကို အံတုရင်း၊ ကျောပြောင်ကြီးတွင် ချွေးတလုံးလုံးနှင့် ခေါင်းတဗျင်းဗျင်း ကုတ်လျက် ဆင်ကြံကြံလျှက်ရှိ၏။ ကိုယ်တိုင်မကြံသာ ကံကြမ္မာငယ် မှေးငိုရေး ကြုံလာသည်တွင်မူ လက်ရင်း တပည့်များကို တိုင်တည်ရင်း အသံထွက် ညည်းညူမိ၏။
“ကြံကြစမ်းပါဦးလဟ တပည့်တို့ရ၊ ဆြာ့မှာ စဉ်းစားရလွန်းလို့ ခေါင်းတောင် မီးထတောက်တော့မယ်”
“ထိုင်း ပုလိပ်နဲ့ ပေါင်းပြီး ဆြာ အဆက်မပြတ် မွှေနေလို့ ဖူးခက်က မြန်မာတွေလည်း ဒုက္ခပင်လယ် ဝေလှပါပြီ။ ဆြာတခုခု ကြံနေပြန်ပြီ ဆိုရင်တော့ ခုနစ်ရက် သားသမီးတွေ ပြေးစရာ မြေမရှိတော့ပါဘူးဆြာ”
“ဖူးခက် တမြို့လုံး ဗြောင်းဆန်အောင် ထင်တိုင်းကြဲနေနိုင်တာ ဆြာက ဘာများ ထပ်ကြံစရာ လိုသေးလို့တုန်း။ ဓားပြဂိုဏ်း ဖွဲ့ဖို့တခုက လွဲလို့ပေါ့”
“ဒီအရွယ် ရောက်တဲ့အထိ ဟုတ်တာဆိုလို့ ဘာတခုမှ မလုပ်ခဲ့တဲ့ ငတို့ဆြာ၊ ဘယ်လို ရွှေဉာဏ်တော်တွေများ ထပ်ပြီး စူးရောက် နေပြန်ပါလိမ့်”
“နင်တို့နဲ့ အဲဒါတွေ ခက်နေတာပေါ့။ ထစ်ကနဲရှိ ပုဂ္ဂိုလ်ရေး ဇောင်းပေး တိုက်ခိုက်ဖို့လောက်သာ သိတဲ့၊ ကျီးကန်းလို ဝိုင်းအာချင်ကြတဲ့ ကောင်တွေပါကလား။ လူနဲ့အလုပ်ကို မကွဲပြားဘဲ၊ လူကြီးတွေရဲ့ စေတနာတရားကို နားမလည်တဲ့ လူ့ ငမိုက်သားတွေ”
မည်သို့ပင် ဖြစ်စေကာမူ ကျွန်ုပ်၏ လက်ရင်းတပည့်များ ထဲတွင် ကပ္ပလီငယ်ကား အတန်ငယ် ချိန်ချိန်ဆဆ ရှိပုံရ၏။
“ဆြာရင်း တပည့်ရင်းတွေမို့ နောက်ပြောင်နေတာပါ ဆြာရယ်။ ဒါနဲ့ဆြာ၊ ဘာတွေများ ခေါင်းခြောက်နေပါလိမ့်”
“မင်းရို့ဆြာ ပြည်တော် ပြန်တော့မလို့လကွ။ အခု ထိုင်းမှာက မောင်ရင်သိတဲ့အတိုင်း ခွင် (ဂွင်) ပျက်နေပြီ”
“ဗျာ”
“မဗျာနဲ့ငါ့တပည့်၊ ပြည်တော်ဝင်ပြီး ပါတီထောင်ရမယ့် အချိန် ရောက်ပြီလဟ။ ၂၀၁၅ ရွေးကောက်ပွဲကလည်း သိပ် နီးကပ်လာပြီ မဟုတ်လား၊ ဒါခွင် (ဂွင်) အကြီးစားပေါ့”
“နေပါဦးဆြာ၊ ပါတီထောင်ရအောင် ဆြာ့မှာ ဘယ်နှပြား ရှိလို့တုန်း”
“ဒါကတော့ကွာ၊ ဖူးခက် မြန်မာအလုပ်သမားများ လူမှုရေး အသင်းကြီးရဲ့ ရန်ပုံငွေကနေ အလုပ် စကြတာပေါ့ကွာ”
“ဟား၊ ကောင်းလိုက်တဲ့ စိတ်ကူး၊ ဒါကြောင့်လည်း ဆြာက ဆြာဖြစ်နေတာပေါ့။ ဒါနဲ့ ဆြာက ဘာရည်ရွယ်ချက်နဲ့များ ပါတီ ထောင်မှာပါလိမ့်”
“ဟ၊ အခုခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲပြီးရင် စစ်ဗိုလ်အမတ်တွေကို တမတ်သားကနေ နှစ်ဆယ်သားအထိ လျှော့ချပေးဖို့ အစီအစဉ် ရှိတယ်လဟ။ အဲဒီ လွတ်သွားတဲ့ နေရာတွေအပြင်၊ ကျန်တဲ့အမတ် နေရာအတော်များများကို အုပ်စီးမိအောင်၊ မဟာမိတ် ပါတီများများ ဖွဲ့ထားဖို့ သိပ်အရေးတယ်လေ။ စုစုပေါင်း အမတ်ဦးရေရဲ့ တဝက်ကျော်ကို ငတို့အုပ်စုက ဆက်ထိန်းထားနိုင်ဖို့ အားဖြည့်ကြရမှာကွဲ့”
“သြော်၊ တပည့်သိပြီဆြာ၊ လက်စသတ်တော့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံကို ခါတော်မီဆွဲထုတ် ဗန်းပြပြီး အင်အားအကြီးဆုံး ပါတီ၊ မည်သည့် နိုင်ငံကိုမှ မမှီခိုတဲ့ပါတီ၊ အရည်အချင်း အရှိဆုံးပါတီ၊ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်တဲ့ ပါတီ၊ အမျိုးကို စောင့်ရှောက်သော ပါတီ၊ ပြည်သူ့အကျိုးကို စောင့်ရှောက်သော ပါတီ၊ ဒီမိုကရေစီကို ဖော်ဆောင်သော ပါတီ၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ဖော်ဆောင်နေသော ပါတီရယ်လို့ ကြေညာမောင်းခတ် နေတာ ဆြာ့အဘ ပါတီကြီးကိုး”
“ဒီလိုဆိုတော့လည်း ငါ့တပည့် မဆိုးပေဘူးပဲ၊ လွှတ် အကင်းပါးတဲ့ မောင်ပါကလား”
“နေဦးဆြာရဲ့ ဖေ့စ်ဘွတ်တွေပေါ်မှာ ဆြာ့ဆြာတွေရဲ့ ပါတီကို သရော်တော်တော် လုပ်ထားတာလေး တွေ့မိသလားလို့။ ဘာတဲ့ … လူမိုက်အင်အားအကြီးဆုံး ပါတီ၊ နိုင်ငံတော်ပိုင် ပစ္စည်း အခိုးဆုံးပါတီ၊ တရားဥပဒေ စိုးမိုးရေးကို လက်ပတ်နီပတ်နှင့် ဝါးရင်းတုတ်များဖြင့် ဖော်ဆောင်သောပါတီ၊ ဝှိုက်ကတ်ပေးပြီး အမျိုးစောင့်သောပါတီ၊ ပြည်သူ့ အကျိုးကို ဗန်းပြပြီး မဲလိမ်သောပါတီ၊ ဒီမိုကရေစီကို ပုဒ်မ ၁၈ ဖြင့် ဖော်ဆောင်သော ပါတီဆိုလား”
“ဟား … ဟန်ကျလိုက်လေ ငါ့တပည့်ရာ။ မောင့်ဝေဖန်ချက်ကြောင့်၊ ဆြာ့ပါတီ အလံမှာ ဘယ်လိုရုပ်ပုံမျိုး သုံးရမယ်ဆိုတာ ခေါင်းထဲကို ဒိုင်းကနဲ ဝင်လာပြီလဟ”
“ဗျာ”
“လာပြန်ပြီ ဒီဗျာ။ မင်းရို့ ဆြာ ခေါင်းခြောက်နေရတယ် ဆိုတာ ဒီကိစ္စပဲလေ။ ငတို့ပါတီရဲ့ ဆောင်ပုဒ်၊ ရည်မှန်းချက်နဲ့ ပါတီ အမှတ်တံဆိပ် ရုပ်ပုံကားချပ် စသည်ဖြင့် လူကြိုက်များမယ့် ပြောင်ပြောင်မြောက်မြောက် စကားလုံး စာသားတွေ ရှာဖွေ ကြံဆဖို့ အခက်တွေ့တာကွ၊ ကျေးဇူးကြီးပါဘိ မောင်ရယ်”
ကျွန်ုပ်တို့ စကား ဤနေရာသို့အရောက်တွင် နှုတ်နည်းလှပါသည် ဆိုသော ဖေကြည်ငယ်သည်ပင် စကားဝိုင်း အတွင်းသို့ ဝင်ရောက်လာ၏။
“ကျန်သေးတယ်ဆြာရေ၊ ရပ်ကွက်ထဲက ပန်းခြံမှန်သမျှ သိမ်းပြီး အရောင်းစားဆုံး ပါတီ၊ တရုပ်အကျိုးစီးပွားကို အမြဲကြည့်တဲ့ပါတီ၊ မိုးကျရွှေကိုယ်တို့ မင်းမူကြီးစိုးတဲ့ ပါတီ၊ သူခိုးဓားပြကြီးများ ကြီးစိုးရာပါတီ၊ နိုင်ငံဘဏ္ဍာ အခိုးဆုံးပါတီ၊ နွားနို့ အမြဲသောက်ပြီး နယ်လှည့်ပါးရိုက်မယ် ဆိုတဲ့ လူတွေ စုရုံးရာ ပါတီ၊ တရုပ်ကြောက်များ စုဝေးရာ ပါတီ၊ ဘုရင်ရူး ရူးနေသည့် ပါတီ၊ နိုင်ငံတကာသို့ အိမ်ဖော်အပို့ဆုံး ပါတီ၊ အကြမ်းဖက်သူများ ခိုအောင်းရာပါတီ၊ လူလိမ်များ ခေါင်းဆောင်နေသော ပါတီ၊ ခေါင်းဆောင်ကစ အောက်ခြေ အထိ မစားရ ဝခမန်းပြောကာ ကိုယ်ပြောတဲ့စကား ကိုယ်တာဝန်မယူတဲ့ပါတီ …”
“ဟိုး … ဟိုး မောင်ဖေကြည်၊ ဒီလောက်ဆို ရပြီကွဲ့။ တကယ့်ကို အဖိုးတန်တဲ့ စကားလုံးတွေကပဲ။ ပါတီကြော်ငြာ စာသားအတွက် အသုံးတည့်လိုက်လေခြင်း မောင်ရယ်”
စကားဝိုင်း တလျှောက်လုံးတွင် တုံဏိဘာဝေ ဆိတ်ဆိတ်နေခဲ့သော လေမင်းသားသည် ပင်လျှင် ကျွန်ုပ်တို့အား အလွန်အမင်း စိတ်ဝင်စားဟန် ရှိလာပြန်သည်။
“ဘယ့်နှယ်ကြီးတုန်း ဆြာရယ်၊ ဘာတခုမှ သုံးစားလို့မရတဲ့ပါတီကြီးကို မဟာမိတ်လုပ်မယ့် ဆြာ့ခါတော်မီ ပါတီဟာ ဘယ်လို လူမျိုးတွေကနေ ထောက်ခံအားပေးမှု ရပါလိမ့်မတုန်း”
“ခက်ပါဘိမောင်ရယ်၊ ဆြာ့ပါတီကို တခဲနက်ဝိုင်းအုံ ထောက်ခံကြမယ့် ဗိုလ်ချုပ်ဟောင်းကြီးတွေ ရိုက်သတ်လို့ မကုန်ပါဘူးကွဲ့”
“ဘာပဲဖြစ်ဖြစ် ဆြာ့ပါတီကို မဲဆွယ်စည်းရုံးပေးမယ့် သူတော့ မရှိလောက်ဘူး ထင်တာပဲဆြာ”
“ညံ့ပါ့ကွာ၊ ရွေးကောက်ပွဲ နိုင်တဲ့အခါ ဆယ်အိမ်ခေါင်း ရာထူးလေးလောက် ပေးမယ်ဆိုတဲ့ လေသံပစ်လိုက်ရင် လော်ဘီလုပ်ပေးမယ့် လူ့အန္ဓတွေ ဘုံးပေါလအော ပေါတဲ့ခေတ်လဟ။ ဟို ဒင်းဝမ်းသာအောင် လေလည်ပြဆိုတဲ့ စကားလိုပေါ့လကွာ။ ဖေ့စ်ဘွတ်ပေါ်မှာ ဆြာ့ပါတီအတွက် အရိုးကြေကြေ အရေခန်းခန်း မျက်စိစုံမှိတ်ပြီး စည်းရုံးပေးမယ့် ခေတ်ပညာတတ် စစ်ဗိုလ်လှုံ့ဆော်ရေးမှူး လေးတွေ မှိုလို ပေါက်နေကမင့်ဟာ”
“အင်း … ဒါဆိုဆြာ့ပါတီကို ဘယ်လိုလူစားမျိုးတွေက မဲပေးကြမှာပါလိမ့်”
“ကောင်းလိုက်တဲ့ မေးခွန်း၊ မသေမချင်းမှတ်ပေတော့ ငါ့တပည့်။ လောကကြီးမှာ လူမိုက်နဲ့ လူလိမ္မာ စာရင်းကောက် ကြည့်လိုက်ရင် လူမိုက်က ပိုများသဟ။ ဒါကြောင့် လူမိုက်တွေ အင်အားနဲ့ ဆြာတို့ပါတီ တောင်ပြိုကမ်းပြို နိုင်မှာ သေချာ နေတယ်လေ”
အို … ချစ်သောစာရှုသူ၊ သင် ဤစာကို ဖတ်ရှုနေချိန်၌ ကျွန်ုပ်သည် ကျွန်ုပ်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ပါဝင်သော ပါတီကြီး တခု ထူထောင်ရန် ပါတီအမည်၊ ပါတီအလံ၊ ပါတီဆောင်ပုဒ်နှင့် ပါတီ၏ မူဝါဒ စသည်တို့ကို အပြည့်အစုံ ဖော်ပြလျှက် ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြလျှောက်ထားပြီး ဖြစ်ရာ ခွင့်ပြုမိန့်ကို စောင့်ဆိုင်းလျှက်ရှိပါ၏။
ယင်း လျှောက်ထားလွှာတွင် လုပ်ထုံးလုပ်နည်းများအရ ပါတီ၏ အခြေခံမူဝါဒကို ဖော်ပြရာတွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး၊ မြန်မာ့တပ်မတော်ကြီးအား အူလှိုက်သည်းလှိုက် ထောက်ခံရေး စသော လူပြိန်းကြိုက် အသုံးအနှုံးများ ပါဝင်ပါသည်။ ပါတီ၏ အလံမှာ ဂဠုန်ငှက် တကောင် ဆားချက်နေသော ရုပ်ပုံဖြစ်ပါသည်။ ယင်းမှာ လက်ရှိကာလ၌ အကြံ ကုန်နေသော ကျွန်ုပ်တို့၏ ပကတိအခြေအနေကို ဖော်ညွှန်းခြင်း ဖြစ်ပါသည်။
သို့ပါ၍ နေ့စဉ်ထုတ်သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ လမ်းဆုံလမ်းခွတို့တွင် အကြံကုန်၍ ဆားချက်နေသော ဂဠုန် ရုပ်ပုံနှင့် အောက်ဖော်ပြပါ ပွင့်လင်းမြင်သာသည့် ကြော်ငြာစာသား တို့ကို မကြာမီ ရက်ပိုင်းအတွင်း မြင်တွေ့ရတော့မည် ဖြစ်ရာ မိဘ ပြည်သူများ အနေနှင့် ကျွန်ုပ်၏ ပါတီအပေါ် ချစ်ခင်မြတ်နိုး အားကိုးကြောင်း ပြသသည့်အနေဖြင့် တခဲနက် ထောက်ခံ ဆန္ဒမဲ ပေးတော်မူကြ စေလိုပါသည်။
“ကျွန်ုပ်တို့ ပါတီစွမ်းပကားဖြင့် မြန်မာတပြည်လုံးအား လူညွန့်တုံးစေအံ့”
၁။ တိုင်းပြည်ကိုဖျက်၊ ယုတ်မာလျှက်၊ ဆားချက်တော့မည် တို့ပါတီ။
၂။ ဗိုလ်ချုပ်ဟောင်းကြီးများ အမှူးထား၍ ထူထောင်မည့် ပြည်ညွန့်တုံး ပါတီကြီးသို့ မည်သည့် လူမသမာမဆို ပါတီဝင်အဖြစ် စတင် လျှောက်ထားနိုင်ပါပြီ။
၃။ ကိုယ့်သေတွင်း ကိုယ်တူးလိုသူများ၊ ကိုယ့်ဘဝကိုယ် မနှမျောကြသူများ၊ အရှက်မရှိကြသူများ၊ ဘယ်သူသေသေ မာချင်သည့် ငတေများ၊ မြန်မာပြည်ကို ဖြစ်သည့်နည်းနှင့် ဖျက်ဆီးလိုသူများ တခဲနက် ပူးပေါင်းပါဝင် ထောက်ခံကြပါ။
ပုံ
မောင်မောင်ဒင်
ဥက္ကဋ္ဌ
ပြည်ညွန့်တုံးပါတီ။
http://burma.irrawaddy.org/satire/2015/04/24/74085.html