လွန်ခဲ့သော ကိုးနှစ်၊တခုသော ဘန်ကောက်၊စင်္ကာပူခရီးစဉ်မှာ ရေးဖြစ်ခဲ့တဲ့ အမေ့အကြောင်းပေါ့။ ဒီနေ့ (၃၀၊၀၅၊၂၀၁၃) မက်ဆင်ဂျာ ဂျာနယ်မှာ ဖော်ပြထားလေရဲ့ ။
“အရေးတော်ပုံထဲက အမေ”
“မင်းဒင်”
၂၀၀၄ခုနှစ်။ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့။ ။
တစ်ခုသောနံနက် တည်းရိပ်သာမှအထွက် ခပ်ကြဲကြဲ ဘန်ကောက်နှင်းကြွင်းတို့က ကျွန်တော့်ကို မိတ်ဝတ်မပျက် နှုတ်ဆက်ကြပါသည်။ Suchumuvit လမ်းမကြီးပေါ်အရောက်တွင် အသင့်တွေ့သော အငှားကားကို အားသလား လက်ဟန်ပြသည်။ ကားတံခါးဖွင့်ဝင်ထိုင်ရင်း “ဒွန်မောင်း အဲယားပို့”ဟုပြောလိုက်တော့ ယာဉ်မောင်းက “ခပ်... ခပ်”ဆိုကာ လေဆိပ်သို့ ခပ်မြန်မြန်မောင်းနေလေသည်။
ထို့အတူ နေ့သစ်တစ်နေ့သည်လည်း ကျွန်တော့်ထံသို့ အရှိန်တစ်ခုဖြင့် ပြေးဝင်လာနေချေ၏။နံနက်၈း၀၀နာရီတွင် ဘန်ကောက်မှ၊ စင်္ကာပူသို့ထွက်ခွာမည့် T.G 403 တွင်လိုက်ပါရန် ဒွန်မောင်းလေဆိပ်ကို ၆း၃၀မှာ ကျနော်ရောက်သည်။ ဂိတ်အထပ်ထပ်ကို ဖြတ်ပြီး နောက်ဆုံးလေယာဉ်ပေါ်ရောက်တော့ ကိုယ့်ခုံမှာကိုယ်ထိုင်ရင်း စောစောက လေယာဉ် အ၀င်ဝမှာ ယူခဲ့သော “ဘန်ကောက်ပို့စ်”ကို စမ်းဖတ်သည်။
သို့သော် စိတ်က စာထဲကိုမရောက်။ယခုခရီးစဉ်သည် ကျွန်တော်၏ ဒုတိယအကြိမ် ဘန်ကောက်၊စင်္ကာပူခရီးစဉ်ဖြစ်ပါ သည်။ ပထမအကြိမ် Cathay Pacific Airline ကို စီးစဉ်က လူတစ်ထောင်နီးပါးဆန့်နိုင်သည့်လေယာဉ်ကြီးအတွင်းမှ ခုံတွေကို ရေကြည့်၊ အခန်းတွေ အထပ်တွေနဲ့ မြှောက်ပြီး ကျွန်တော် တော်တော်အံ့သြခဲ့သည်။ ယခု T.G မှာ Cathay နှင့် မတိမ်းမယိမ်းမို့ ကျွန်တော့်စိတ်ထဲ သိပ်မထူးခြားတော့။ ခရီးမထွက်မီ ညများဆို ကျွန်တော် အိပ်မပျော်တတ်။ ကျွန်တော် ငိုက်ချင်လာပါသည်။ငိုက်စမှာပင် လေယာဉ်စထွက်ပါသည်။လေထုထဲကို လေယာဉ်ရောက်တော့ ကျွန်တော် အိပ်ပျော် နေပြီ။
“ပင်လယ်စာဆိုရင် ရှင်နှစ်သက်ပါသလား”
ဟူသော လေယာဉ်မယ်၏အသံကြောင့် ကျွန်တော် နိုးလာပါသည်။ “ဟုတ်ကဲ့ဗျာ ပင်လယ်စာ ကျွန်တော်ကြိုက်ပါတယ်၊ ကျေးဇူးတင်ပါတယ်။”ဆိုတော့ ထမင်းဘူး၊ သစ်သီး၊ ကော်ဖီတွေပါသည့် အစာဗန်းလာချသည်။ ကျွန်တော် လေယာဉ်မယ်ကို ကျေးဇူးတင်ပါတယ် ဆိုခဲ့ခြင်းမှာ ယဉ်ကျေးမှုအရ ၀တ်ကျေတန်းကျေ ပြောခဲ့ခြင်းမဟုတ်ပါ။ ညက ဘာမှမစားခဲ့၍ ကျွန်တော် တော်တော်ဆာနေပြီ။ကော်ထမင်းဘူးအပေါ် ဖုံးထားသည့် လချေးပြားငွေရောင်ကို တဖြည်းဖြည်း စမ်းခွာလိုက်ပါသည်။ ဘာများပါလိမ့်။ ခေါက်ဆွဲကြော်လား၊ ထမင်းနဲ့ဟင်းလား၊ မဟုတ်ပါ။ ဆန်ပြုတ်ကို ပုဇွန်အပါအ၀င် ပင်လယ်စာတချို့ဖြင့် စီမံထားခြင်းဖြစ်ပါသည်။ ဇွန်းငယ်ဖြင့် အသာခပ်၍ ကျွန်တော် မြည်းလိုက်ပါသည်။ အလွန်ဆာ လောင်နေသော ကျွန်တော့်လျှာပေါ်မှာ ထူးထူးခြားခြား အရသာတစ်မျိုးကို ခံစားရသည်။ ကျွန်တော် ဆန်ပြုတ်ကို သေချာစပ်စုသည်။ ပုဇွန်ကျော့ထက် အနည်းငယ်ကြီးသော ပုဇွန်တုပ်ကွေး၊ ကင်းမွန်ခေါ် ပြည်ကြီးငါးအဖတ်၊ အမည်မသိ ငါးအသားတုံးငယ်အချို့နှင့် အစိမ်းရောင်အဖတ်ခြောက်တချို့ ။
အပေါ့အငံအရသာ အတော်မျှသောဆန်ပြုတ်၊ မငံသော အစာဖြစ်၍ သွေးတိုးသမားအတွက် ဓာတ်စာအာဟာရ အရသာရှိ လှသော ဆန်ပြုတ်၊ သွေးတိုးဝေဒနာသည်အတွက် လိုက်ဖက်သော ဆန်ပြုတ်။စိတ်ဆိုသောအရာကား ဆန်းကြယ်လှ ပါသည်။ အဆိုပါဆန်ပြုတ်ကို ကျွန်တော့်အမေအား ကျွေးမွေးချင်သောစိတ်သည် ရင်၌ရုတ်ခြည်း ပေါ်ပေါက်လာပါသည်။ ပြင်းထန်လွန်းသော သွေးတိုးရောဂါကြောင့် ဝေဒနာခံစားနေခဲ့ရသည့် ကာလများတွင် အမေနှင့်တည့်မည့် ဓာတ်စာကို ကျားကုတ်ကျားခဲ ကိုယ်တိုင် ရှာခဲ့ဖူးသော ကျွန်တော်သည် ရုတ်တရက် တွေ့လိုက်ရသော၊ အမေနှင့် သင့်တော်လှသော အစာကိုမျိုမကျတော့ပါ။ ကျွန်တော့်ရင်ထဲမှာ ဆို့တက်လာပါသည်။ မျက်ရည်တို့ ဝေ့လာသည်။သို့သော် ကျွန်တော့်ရင်မှာ ပူဆွေးသောကမဖြစ်။မိခင်ကိုပြင်းထန်စွာ သတိရသောစိတ်ဖြင့် အေးချမ်းစွာဆို့နင့် နေလေ၏။T.G လေယာဉ်ကြီးပေါ်မှ ကျွန်တော့်စိတ်အစဉ်သည် လေယာဉ်ကြီး၏အရှိန်ထက် အဆပေါင်းများစွာ မြန်သောအဟုန်ဖြင့် သံသရာခရီးရှည်ကို ကြိုထွက်သွားနှင့်သော မိခင်ထံသို့ ဒုန်းစိုင်းသွားလေသည်။
...........
အမေကွယ်လွန်ခဲ့သည်မှာ ဆယ်နှစ်ကျော်ခဲ့ပြီ။
ကမ္ဘာကျော် ရာဇ၀င်ဆရာတို့ အမူမော်ကွန်းတင်အပ်သော၊ မည်သည့်ကျမ်းတစ်စောင် ပေတဖွဲ့တွင်မျှ အမေ့နာမည်ကို ထည့်သွင်းရေးဖွဲ့ထားခြင်း မရှိပါ။ သို့သော် အမေသည် ကျွန်တော့်ဘ၀တွင် သင်ရိုးလက်ကိုင်အဖြစ် အမြဲအသုံးတည့်နေမည့် ကျွန်တော့်ဘ၀သမိုင်း၏ ကျမ်းပြုဆရာဖြစ်ပါသည်။စင်စစ် အမေသည် စာမတတ်သော ကျမ်းပြုဆရာ အကျော်အမော်ဟု ကျွန်တော်ဆိုချင်ပါသည်။
မှန်ပါသည်။ အမေသည် စာမတတ်ပါ။ သေစာရှင်စာမျှပင် ကွယ်လွန်သည်အထိ တတ်မသွားရှာပါ။ ဗမာနိုင်ငံတစ်ဝှမ်း၊ အသုံးလုံးလှုပ်ရှားမှု ကာလများဆီက အမေစာတတ်ရေးအတွက် ပညာရေး ၀န်ထမ်းဖြစ်နေသော ကျွန်တော်သည် အပြင်းအထန် လုံးပမ်းခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ပါ။ မအောင်မြင်လျှင် မချင့်မရဲဖြစ်တတ်သော ကျွန်တော်က “အမေရယ် အမေ့ညီမ ဒေါ်လှရင်တောင် တတ်သေးတာပဲ မတတ်တတ်အောင် သင်ကြမယ်အမေရာ”ဟု အားတင်းပါသည်။ထိုအခါ အမေက“သြော်... ငါ့သားရယ် လှရင်က ဥာဏ်ကောင်းတယ် သားရဲ့။ အမေက ကကြီး ကခွေးဆိုနေတုန်း သူက ထဆင်ထူးတို့ တ၀မ်းပူတို့ တတ်နေပြီ သားရဲ့။ ဆရာက ဆိုခိုင်းလိုက်ရင်လည်း ဂျောင်းဂျောင်းကို ပြေးနေတာပဲ။ ကဲပါသားရယ်... အမေစာမတတ်လည်း ငါ့သားက စာတတ်တာပဲ။ ငါ့သားတတ်တာ အမေတတ်တယ်လို့ပဲ သဘောထားလိုက်တော့”
မှန်ပါသည်။ အမေသည် စာမတတ်ပါ။ သေစာရှင်စာမျှပင် ကွယ်လွန်သည်အထိ တတ်မသွားရှာပါ။ ဗမာနိုင်ငံတစ်ဝှမ်း၊ အသုံးလုံးလှုပ်ရှားမှု ကာလများဆီက အမေစာတတ်ရေးအတွက် ပညာရေး ၀န်ထမ်းဖြစ်နေသော ကျွန်တော်သည် အပြင်းအထန် လုံးပမ်းခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ပါ။ မအောင်မြင်လျှင် မချင့်မရဲဖြစ်တတ်သော ကျွန်တော်က “အမေရယ် အမေ့ညီမ ဒေါ်လှရင်တောင် တတ်သေးတာပဲ မတတ်တတ်အောင် သင်ကြမယ်အမေရာ”ဟု အားတင်းပါသည်။ထိုအခါ အမေက“သြော်... ငါ့သားရယ် လှရင်က ဥာဏ်ကောင်းတယ် သားရဲ့။ အမေက ကကြီး ကခွေးဆိုနေတုန်း သူက ထဆင်ထူးတို့ တ၀မ်းပူတို့ တတ်နေပြီ သားရဲ့။ ဆရာက ဆိုခိုင်းလိုက်ရင်လည်း ဂျောင်းဂျောင်းကို ပြေးနေတာပဲ။ ကဲပါသားရယ်... အမေစာမတတ်လည်း ငါ့သားက စာတတ်တာပဲ။ ငါ့သားတတ်တာ အမေတတ်တယ်လို့ပဲ သဘောထားလိုက်တော့”
အမေနားချတော့ အမေ့ကို ဘာမှမပြောရက်ဘဲ ကျွန်တော် အမေ့မျက်နှာကို စိုက်ကြည့်နေမိပါသည်။ ကျွန်တော့်စိတ်ထဲတွင်မူ စာတတ်တယ်ဆိုတာ ...... အစချီ၍ ဦးကျည်ပွေ့၊ ဟယ်လင်ကဲလား စသော အကြောင်းတွေ ပေါ်လာပြီး အမေ့ကို အားမလိုအားမရ ဖြစ်ခဲ့လေသည်။ခက်တာပဲ အမေရာ... ဘ၀မှာ ဘာမှမဖြစ်တော့ပါဘူးဆိုပြီး လက်မလျှော့ရဘူး အမေရဲ့၊ ဘယ်လောက်ခက်ခက် ရင်ဆိုင်ကျော်လွှားရတယ်။ ဟိုးရှေးရှေးတုန်းက.... စစ်ရှုံးဘုရင်ကြီး တစ်ပါးဟာ... ဂူထဲမှာ ပုန်းနေတုန်း ပင့်ကူတစ်ကောင်................။
ကျွန်တော့်စိတ်ထဲမှာ တတ်တိတ်ကျိတ်၍ အမေ့ကို ဆရာလုပ်နေခဲ့မိလေသည်။ သို့သော် အမေသည် လွယ်လွယ်နှင့် လက်လျှော့တတ်သူ ဟူသော.... အမေ့အပေါ် ကျွန်တော့်အထင်သည် တက်တက်စင်အောင် လွဲခဲ့ပါ၏။ကျွန်တော် ဆယ်တန်းကျောင်းသားဘ၀၊ ညီအစ်ကိုမောင်နှမ ခုနစ်ဦးတွင် ခြောက်ယောက်က ကျောင်းနေတုန်း၊ မိုးရာသီ၏ တစ်ခုသော ညနေတွင် ကျွန်တော်တို့ မိသားစုကမ္ဘာမှာ နေခုနစ်စင်းထွက်ပြီး မီးလောင်သည်။မျက်စိအောက်က အကောင်းပကတိ အိမ်မှ အလုပ်သို့ထွက်သွားသော အဖေသည် နာရီဝက်မပြည့်မီ ကားတိုက်လို့ ဆုံးပြီဟူသော သတင်းရောက်လာသည်။
လင်ယောက်ျားအားကိုးဖြင့် တောကြိုအုံကြားက အရဲစွန့်တက်လာခဲ့သောအမေ ရွှေတောင်ရော ငွေတောင်ရော စကောပါ မကျန် ပြိုလဲကုန်ပြီ။နာရေးကိစ္စကို စမ်းတ၀ါးဝါးလုပ်နေရင်း ဆွေမျိုးမိတ်ဆွေ လာသမျှ ပရိသတ်က “ရွှေညာသူ ဘာဆက် လုပ်မှာလဲ၊ ကျောင်းသားတွေက တပြုံကြီး ရွာပြန်ရင်ကော၊ အကြီးကောင်တွေ ကျောင်းထုတ်”လောကွတ်လုပ်တာ ပြောမလား၊ ဥာဏ်စမ်းပဟေဠိထုတ်သည်လား မသိ၊ ဧည့်ပရိသတ်၊ဆွေမျိုးနီးစပ်တို့၏ အမေးစကားတို့သည် အမေ့ကို စစ်မျက်နှာပေါင်းစုံမှ သွေးတိုးစမ်း ပစ်ခတ်တိုက်ခိုက် နေသကဲ့သို့ ဖြစ်နေလေသည်။
အမေကား မည်သို့မျှ တုံ့ပြန်စကားမဆို၊ တုတ်တုတ်မျှမလှုပ်၊ အမေနှုတ်ဆိတ်လေ အမေ့ကို ကျနော်အားမလိုအားမရ ဖြစ်လေ၊ ပူပန်သော ပတ်ဝန်းကျင်၏ မေးခွန်းသံတို့က ပိုမိုကျယ်လောင်လာလေလေ။ ကျွန်တော်တို့ မွေးချင်းတစ်သိုက် ကား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ယောင်နနဖြစ်နေကြသည်။
သို့နှင့် ရက်လည်ဆွမ်းသွတ်ပြီးသည့်နေ့ ညတွင် အမေသည် သားသမီးခုနစ်ယောက်ကို စုရုံးလျက် နူးညံ့တိုးညှင်း သော်လည်း ခိုင်မာပြတ်သားသောအသံဖြင့် ဥပဒေကဲ့သို့ အာဏာတည်သော၊ ကျွန်တော်တို့ မိသားစု ဘ၀တွင် ကမ္ဗည်းတင်အပ်သော၊ မော်ကွန်းတကာတို့တွင် အထွတ်အမြတ်ဖြစ်သော အောက်ပါ သမိုင်းဝင် သဘောထားကြေညာချက် ကို ထုတ်ပြန်ကြေညာခဲ့လေသည်။
“အမေနဲ့ အေးရီ(ကျနော့်အမအကြီးဆုံး)ပဲ ဈေးဆက်ရောင်းမယ်။ အားလုံး ကျောင်းပြန်တက်ကြ။ မင်းတို့အဖေက သားသမီးတွေအားလုံး ပညာတတ်ကြီးတွေ ဖြစ်စေချင်တာ၊ တောပြန်ရင် အမေ့လို ကကြီး ပုတ်လောက် ရေးပြရင်တောင် ဘာမှန်းမသိဘဲ ဖြစ်နေမယ်၊ မနက်ကျောင်းသွားကြ၊ ကဲအိပ်ကြတော့”
.............
ဆုံးပါးသွားသည့်အချိန်အထိ ရန်ကုန်ကတ္တရာလမ်းကို ကိုယ်တိုင် တစ်ကြိမ်မျှ မဖြတ်ခဲ့ဖူးသော အမေ၊ အလောင်းတော်ရာမ ရုပ်ရှင်တစ်ကားမှလွဲ၍ မည်သည့်ရုပ်ရှင်ရုံတွင်မျှ မကြည့်ခဲ့ဖူးသောအမေ၊ သည်အမေသည် ဘ၀နှင့်ပတ်သက်သော နရီပုစ္ဆာတို့ကို မည်ကဲ့သို့ မှန်ကန်စွာ ချိန်ဆတွက်ချက်တတ်ခဲ့ပါသနည်း။ ကျွန်တော့်အဖို့ ဂန္တ၀င်တွင်ရစ်နေသော ပုစ္ဆာ။
အမေသည် အလွန်နူးညံ့သူဖြစ်ပါသည်။ သို့သော် ပျော့ညံ့သူတော့ မဟုတ်ပါ။ အမေသည် ပညာပေးခြင်း၊ စည်းရုံးဟော ပြောခြင်းနည်းတို့ကို ကိုင်စွဲပါသည်။ သို့သော် ထိရောက်ဟန့်တားသော ပြစ်ဒဏ်ကိုပေးရန် ၀န်လေးသူလည်း မဟုတ်ပါ။ ထို့ထက်ပို၍ ထိုပြစ်ဒဏ်ကြောင့် မည်သည့် အကျိုးဆက်ဖြစ်ပေါ်သည် ဆိုသောအချက်ကိုလည်း မျက်ခြေမပြတ်ပါ။
အမေသည် အလွန်နူးညံ့သူဖြစ်ပါသည်။ သို့သော် ပျော့ညံ့သူတော့ မဟုတ်ပါ။ အမေသည် ပညာပေးခြင်း၊ စည်းရုံးဟော ပြောခြင်းနည်းတို့ကို ကိုင်စွဲပါသည်။ သို့သော် ထိရောက်ဟန့်တားသော ပြစ်ဒဏ်ကိုပေးရန် ၀န်လေးသူလည်း မဟုတ်ပါ။ ထို့ထက်ပို၍ ထိုပြစ်ဒဏ်ကြောင့် မည်သည့် အကျိုးဆက်ဖြစ်ပေါ်သည် ဆိုသောအချက်ကိုလည်း မျက်ခြေမပြတ်ပါ။
မြင်သာသော ဖြစ်ရပ်တစ်ခုကို ဥပမာဆောင်လိုပါသည်။ ကျွန်တော် အပါအ၀င် ညီအစ်ကိုအားလုံး ပွဲကြိုက်မောင်တွေ ချည်းဖြစ်ကြလေရာ သည်အထဲမှာ ကျွန်တော်က အဆိုးဆုံး။ ချစ်တီးဘုရားကွင်းမှာ ပွဲသွင်းသည့်ကာလများဆို မနက်ငါးနာရီ ကျော်၊ နောက်ပိုင်း ရာဇ၀င်ဇာတ်သိမ်းမှ အိမ်ပြန်တတ်သည်။ ရွှေမန်းတင်မောင်၊ ရွှေမန်းကျော်အောင်တို့ဆို အမျိုးလိုလို စိတ်ထဲထင်နေပြီ။ ခဏ ခဏ ပွဲခိုးကြည့်တော့ အမေက “ပွဲကြည့်ချင်တယ်ဆိုလည်း တစ်ရက်တလေပေါ့ ငါ့သားတို့ လွန်နေပြီ။ နောက်နေ့သွားရင် အမေ့ကို အဆိုးမဆိုကြနဲ့”အမေ၏ ပညာပေးစည်းရုံးတားမြစ်မိန့်ထွက်လာခြင်းဖြစ် သည်။ကျွန်တော်က မကြောက်။ ပွဲကြိုက်မြဲ၊ ပွဲခိုးကြည့်မြဲ။ တစ်ခုသောနံနက် ၆နာရီဝန်းကျင်မှာတော့၊ ကျနော်ပွဲမှ အပြန်၊အမေမသိအောင် အိမ်ထဲပြန်ခိုးဝင်၊ အိပ်ရာထဲဝင်အိပ်၊ နာရီဝက်တောင် မရှိ ထင်သည်။
“လူလေး မင်းဒင်၊ ထတော့သား စားစရာရှိတာ ထစား”
အမေက ကျွန်တော့်တင်ပါးကို ပုတ်ရင်းနှိုးပါသည်။ ကျွန်တော် မျက်လုံးမဖွင့်နိုင်။ “လူလေး ထတော့.... အမေ ဈေးသွား တော့မယ်... ထ...ထ”အမေထပ်နှိုးရင်း အိမ်ရှေ့ခန်းမှာ ဘုရား စရှိခိုးပြီ။ ဘုရားရှိခိုးဆုံးခါနီး အမျှဝေနေရင်း ကြားဖြတ်၍ “မင်းဒင် အမေနှိုးနေတယ်နော်”နှစ်ကြိမ် ပြင်းထန်စွာ သတိပေးပြီ။ မင်းဒင်မထနိုင်။ မျက်လုံး ဖွင့်မရ။ မကြာပါ။ အမေသည် လုပ်သင့်သော အလုပ်ကို ပြတ်သားစွာ ဆောင်ရွက်ပါသည်။လက်နှစ်လုံးစာရှိ ၀ါးခြမ်းပြား နှစ်ခြမ်းတွဲသည် ကျွန်တော့်ကျော နှင့် တင်ပါးပေါ်သို့ အရှိန်ပြင်းစွာ ကျလာပါသည်။
“အမလေး... ကြောက်ပါပြီ အမေရာ”
“အခုမှ မကြောက်နဲ့၊ အချိန်မရှိ အချိန်ရှိ သွားချင်ရာသွား၊ လာချင်ရာလာ မအေလုပ်တဲ့သူက ဘာများဖြစ်နေသလဲ၊ စိတ်တထင့်ထင့်နဲ့မျှော်၊ ပါးစပ်နဲ့ဆုံးမတော့ ဖင်ကြား လေသွားတယ်မမှတ်ဘူး။ ကဲ၊ အခု မှတ်ပြီလား”
အမေ၏လက်ရာသည် အဆိုအပြောသက်သက်၊ အတီးသက်သက်မဟုတ်ပါ။ ဆိုတီး တီးနေခြင်းဖြစ်၍ ကျောကော့အောင် ခံပေတော့၊ တစ်ခါတရံ ငါးမိနစ်လောက် ရပ်သွားပြီးမှ ကိုရီးယား အခန်းဆက်ဇာတ်လမ်းများလို မြည်တွန် တောက်တီး လိုက်၊ရိုက်လိုက်၊နားလိုက်နှင့် အခန်းဆက်တတ်ပါသည်။
ဟန်ဆောင် ဖွဖွရိုက်ခြင်းမဟုတ်၊ အမှန်အကန် အပီအပြင်အုပ်ခြင်းဖြစ်၍ ကျွန်တော့်တစ်ကိုယ်လုံး အရှိုးချင်းထပ်တော့မှ အမေ ဈေးထွက်သွားသည်။အမေဈေးပြန်လာတော့ မှုန်တေတေ ခပ်ကုပ်ကုပ်နှင့် မှောင်မိုက်မှာ ငိုမဲ့မဲ့ဖြစ်နေသော ကျွန်တော့်ကို ညင်သာစွာ လှမ်းခေါ်ရင်း ချော့မော့ ဆုံးမစကားဆိုသည်။
“သားက အမေစိတ်တိုအောင် လုပ်တာကိုး၊ မနက် မနက် နေဖင်ထိုးအောင် မအိပ်ရဘူး သားရဲ့၊ သူတောင်းစားတွေ ကယ်ပါတွေမှ အဲဒီလိုအိပ်ရတာတဲ့။ မနက်ဆို စောစောထ သွားတိုက် မျက်နှာသစ်၊ စားစရာရှိတာစားပြီး လန်းလန်း ဆန်းဆန်း တက်တက်ကြွကြွ နေရတယ်…သားရဲ့၊ တကယ်လို့ ငါ့သား သိပ်အိပ်ချင်နေရင်လည်း ခဏဖြစ်ဖြစ် ထပြီး မျက်နှာသစ် သွားတိုက် စားစရာရှိတာစားသောက်ပြီးမှ ပြန်အိပ်ချင် ပြန်အိပ်ပါ။ နေ့တိုင်းတော့ မရဘူးနော်။ ရော့သား၊ အမေ၀ယ်လာတဲ့ ကောက်လှိုင်းတီမုန့်၊ စား သား၊စား”
ဤကား ကျွန်တော်တို့ ညီအစ်ကိုမောင်နှမအားလုံးအပေါ် မည်သည့်ကိစ္စရပ်မျိုးကိုမဆို အမေ အမြဲ ကိုင်တွယ်ကျင့်သုံး ဖြေရှင်းခဲ့သော တက္ကဗေဒပုံစံ ဖြစ်ပါသတည်း။
…………
အမေသည် မည်သည့်နိုင်ငံရေးကိုမျှ နားလည်သူမဟုတ်ပါ။ ခေတ်၊ စနစ်၊ လူတန်းစားတိုက်ပွဲ တို့ကိုလည်း သိရှိသူမဟုတ်ပါ။ သို့သော် ဗမာနိုင်ငံသူ တစ်ဦးဖြစ်သည့် အားလျော်စွာ ၁၉၈၈ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော ဒီမိုကရေစီအရေးအခင်းကြီး ကိုလည်း ကိုယ်တိုင်ကြုံတွေ့ကျော်ဖြတ်ခဲ့ရလေသည်။
အရေးအခင်းကာလမှာ ကျွန်တော်တို့မိသားစု အထိုက်အလျောက် အဆင်ပြေစပြုနေပြီ။ ကျွန်တော် အိမ်ထောင်ကျပြီး သမီးပင်သုံးနှစ်ရှိပြီ။ ဇနီးက ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ကျွန်တော်က ဘွဲ့ရကျောင်းသားများသမဂ္ဂ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၊ GTI ကျောင်းသားများသမဂ္ဂတွေမှာ လူထုနဲ့အတူ တိုက်ပွဲဝင်၊ အော်ဟစ် ရလွန်း၍ အသံတွေပျောက်၊ နေပူလောင်၍ မျက်နှာ အရေပြားတွေ အဖတ်လိုက်ကွာကျကုန်သည်အထိ တက်ကြွခဲ့လေ သည်။ အဆိုပါကာလအတွင်း မကြာခဏ ဆိုသလို အမေ့ဆီ ကျွန်တော်ရောက်သည်။အမေက
“လူလေး ထမင်းစားသွားလေ”ဟု ရောက်တိုင်းခေါ်သည်။
“မစားတော့ပါဘူး အမေရာ၊ နိုင်ငံတကာအကူအညီအတွက် သံရုံးတွေနဲ့ ဆက်သွယ်ဖို့က လုပ်ရဦးမယ်အမေ”
“အေးအေး ငါ့သား၊ လမ်းပေါ်မှာ ဆန္ဒပြကြတာ လူတွေအများကြီးပဲနော်။ ဦးနေ၀င်းဆိုတာ ဒီနိုင်ငံမှာ သူကရာထူးအကြီးဆုံး၊ အေးလေ၊ ဒို့ရွာက သူကြီးဦးချစ်ခိုင်လို ထင်ပါရဲ့၊ သူက တော်တော်ဆိုးသလား”
“ဆိုးတာပေါ့ အမေရာ”
ကျွန်တော် အမေ့ကို အကျယ်တဝင့်ရှင်းပြဖို့ ဟန်ပြင်ပြီးကာမှ အမေ့ကိုရှင်းပြနေလို့ အမေဘာနားလည်မှာလဲ ဟူသော အတွေးကြောင့် စကားစဖြတ် အမေ့ကိုနှုတ်ဆက် ပြန်ထွက်ခဲ့သည်။
အရေးအခင်းကြီး၏ တစ်ခုသောနေ့ရက်တွင် ဒီမိုကရေစီအင်အားစုများ၏ တောင်းဆိုချက်ကို မလိုက်လျောပါက ရန်ကုန်တိုင်းအတွင်းရှိ အချက်အချာကျသော နေရာအသီးသီးကို ရန်ကုန်ပင်လယ်ဝတွင်ရှိနေသော တိုက်သဘောင်္ကြီးမှ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မည်ဖြစ်ကြောင်း၊ တပ်မတော်(လေ)ချုပ်၊ (ရေ)ချုပ်နှင့် စစ်ဥပဒေချုပ်တို့၏ လက်မှတ် ရေးထိုးထားသော ကြေညာချက်တရပ် ထွက်ပေါ်လာခဲ့လေသည်။
မှန်သည်မှားသည် အပထား ကျွန်တော်အမေ့အတွက် စိတ်ပူသွားသည်။ ကြေညာချက်ကို လက်ကကိုင်ပြီး အမေ့အိမ် ကျွန်တော်ပြေးသည်။ တခုခုစီစဉ်မှ။ ကျွန်တော် ရောက်တော့ အမေက ထုံးစံအတိုင်း ခပ်အေးအေးပင်၊ ကျွန်တော်က မောကြီးပမ်းကြီး လေသံနှင့်…..
“အမေ ရွာပြန်မလား အမေ၊ ကျွန်တော်ရောက်အောင် ပို့ပေးမယ်၊ ဒါမှမဟုတ် ပဲခူးဘက်ဖြစ်ဖြစ် ရှောင်နေပါလား”
ဖတ်လာခဲ့သော၊ ကိုင်လာခဲ့သော ကြေညာချက်ကို ရည်ညွှန်းပြောဆိုနေသော်လည်း အမေက ကျွန်တော့်ကို နားမလည်စွာ ငေးကြည့်နေသည်။
“ဘာဖြစ်လို့လဲ သားရဲ့”
“ဒုံးပျံတွေနဲ့ ပစ်မှာတဲ့ အမေရာ”
“ဘယ်က ပစ်မှာလဲ”
“သင်္ဘောပေါ်ကနေ”
“သင်္ဘောပေါ်ကနေ ဒီရပ်ကွက်ထဲ ရောက်အောင် ဘယ်လိုပစ်မှာလဲ´
သည်တချိန်တော့ ကြောက်ရကောင်းမှန်းမသိသော အမေ့ကို စိတ်ရှည်ရှည် ကျွန်တော် ရှင်းပြမိပါသည်။
“ပင်လယ်ဝမှာရောက်နေတဲ့ သင်္ဘောက အကြီးကြီး အမေရ။ အဲဒီမှာ ဒုံးပျံပစ်တဲ့စင်တွေ ပါတယ်။ ဒုံးပျံဆိုတာ ကျည်ဆံအကြီးကြီးတွေပေါ့ အမေ။ ဒီကနေ ကျွန်တော်တို့ရွာကို လှမ်းပစ်ရင်တောင် ရတယ်ဆိုလားပဲ အမေရာ။ တကယ်တော့ သင်္ဘောပေါ်ကနေ စစ်တပ်ရုံးတွေနဲ့ စစ်တပ်လူကြီးတွေရဲ့ အိမ်တွေကို ပစ်မှာ။ ဒါပေမယ့် မလွှဲမရှောင်သာ ရိုးရိုးရပ်ကွက်ထဲက လူနေအိမ်တွေလည်း ထိနိုင်တယ် အမေရ”
အမေသည် ပါးစပ်ဟ၍ ငေးနေလေသည်။ တစုံတခုကိုလည်း စဉ်းစားနေဟန်ရှိသည်။ ကြောက်ရွံ့ဟန်လည်းမပြ၊ စိုးရိမ်ဟန်လည်း မပြ။ ကျွန်တော့်စိတ်ထဲမှာ အမေ့သည်လိုဟန်ကို မြင်ဖူးသယောင်ထင်လေသည်။အဖေဆုံးပါးစဉ်က အမေ့စဉ်းစားဟန်ပါတကား။ အမေသည် ကြီးမားသော ပြဿနာတစ်ရပ်ကြုံလာလေတိုင်း သူ၏ ရိုးစင်းလှသော မွေးရာပါ သရုပ်ခွဲမှု အတတ်ပညာဖြင့် တုံ့ပြန်လေ့ရှိပါ၏။
ယခုတကြိမ်တွင်လည်း အမေသည် သူ တစ်လုံးတစ်ပိုဒ်၊ တပါဒမျှ နားမလည်သော နိုင်ငံရေးလှုပ်ရှားမှုကြီးနှင့် ပတ်သက်၍ နတ်မောက်သူ သွေးနီကြောင်း အောက်ပါအတိုင်း မှတ်ချက်ပြု သဘောထားထုတ်ပြန်ခဲ့လေသည်။
“လူတွေကို ဒုက္ခပေးနေတဲ့ လူဆိုးလူညစ်တွေကို ပစ်မှာပဲ။ သေသေချာချာ ပစ်ပါစေ။ မတော်တဆ အမေတို့ကို ထိရင် လည်း သေပေါ့။ ဘာတတ်နိုင်မှာလဲ၊ သေတာဆန်းသလား၊ အမေဘယ်မှ မရှောင်ဘူး”
အမေ့အဖြေအကြောင့် သည်တကြိမ်တွင် ကျနော် ပါးစပ်အဟောင်းသားဖြင့် မှင်တက်မိရလေသည်။
……….
ရုတ်ခြည်း ပစ္စုပ္ပန်တည့်တည့်သို့ ပြန်ရောက်လာသည့်အခါ ဝဲယာဘေးဘီကို ကျနော်အကဲခတ်မိသည်။ လေယာဉ်
အောက်မှာ တိမ်တွေက ဆပ်ပြာမှုန့်ထူထူတွေလို ဂွမ်းစိုင်တွေလိုလို…။
သြော်… အမေ… အမေ အမေသာ ရှိသေးရင် ဒီလိုလေယာဉ်ပျံကြီးနဲ့ တင်ခေါ်လာရမယ်။ လေယာဉ်ပျံပေါ်က အစာတွေက ဆားပေါ့တော့ အမေနဲ့တည့်တယ်။ လေယာဉ်ပျံပေါ်မှာ အစားအစာ အလကားကျွေးတာ အမေရ။ စင်္ကာပူစာတွေလည်း ဆားပေါ့တယ် အမေ။ ထိုင်းစာတွေက ငရုတ်သီး သိပ်စပ်တယ်။ အမေစားဖူးတယ်ရှိအောင် စားပါအမေ။ ကြံကြံဖန်ဖန်အမေရယ်…. အမေသိပ်ကြိုက်တဲ့ အညာစာ မလွှပွင့်အခြောက်ကို ခရမ်းချဉ်သီးနဲ့ မြေပဲဆံထောင်းချက်တာ တော့၊ ဒီမှာ ဘယ်ရမလဲ အမေရ။
လေထဲတွင် ဆောက်နေသော ကျွန်တော့် စိတ်ကူးအိမ်သည် ချန်ဂီလေဆိပ်သို့ လေယာဉ်ငြိမ့်ကနဲ ထိုးအဆင်းတွင် ပြိုလဲကုန်လေ၏။ “ဘ၀နှင့် သံသရာအဆက်ဆက်တို့တွင် အမေကဲ့သို့ အမေမျိုးနှင့်သာ အမေတော်စပ်လိုပါတယ် အမေ” ဟု နှုတ်မှ ဖွဖွ ရွတ်ဆိုရင်း….. လေဆိပ်ခန်းမကျယ်ကြီးထဲသို့ ကျွန်တော် ရောက်လာပါသည်။
မင်းဒင်