မျိုးရိုးနဲ့တန်ခိုးရှိခဲ့ပေ
(မင်းဒင်)
(၁)
အချိန်ကာလကား ရွှေမှန်ကင်းအစစ် ထင်းဖြစ်နေရဆဲအချိန်တည်း။ယင်းအခါသမယတွင် ကြငှန်းပြဿဒ်နှင့်တူလှစွာသော မိခင်နိုင်ငံကို ဖယ်ခွာလျက်၊ ခွေးကတက်နှင့်တူလှစွာသော ယိုးဒယားပြည်ဝယ် မဟော်သဓာအိုးထိန်းသည်ဖြစ်ရသည်သို့ မထင်မရှားကိုယ်ပျောက်အတတ်ကျင့်ကာ၊ တညိုးခွေခွေ၊တပေလျဉ်းလျဉ်းခိုလှုံနေရသည့် စပ်ဖျင်းဖျင်းနေ့ရက်များကား လွမ်းမောဖွယ် အတိပါတကား။ အနှီကာလဤသမယတွင် ဆြာဒင်အဖို့ လက်ကတုံးတောင်ဝှေးအဖြစ် အားကိုးသမှုပြု ရာကား အိပ်စပရာဒိတ်ဆေးဝါးနှင့် တူလှစွာသော ဇာတိမာန်ဖြစ်လေ၏။
ဆြာဒင်ခိုလှုံရာ ယိုးဒယားပြည်ကြီးကား၊ပစ္စက္ခကာလ၌ မည်သို့ပင် ဖွံ့ဖြိုးစည်ပင်သည်ဆိုစေကာမူ ဗမာပြည်ကြီး ရွှေထီး ဆောင်းခဲ့စဉ်ကာလများက ပဏ္ဏာဆက်တိုင်းပြည်ငယ် အဆင့်သာရှိခဲ့ပေသည်။ထို့ပြင်တဝ ယိုးဒယားအမျိုးကောင်းသားတို့ မှာ ဆြာဒင်တို့သာကီမျိုးကဲ့သို့ အိမ်ဖော်၊အလုပ်ကြမ်းနှင့် ညစ်ပတ်ပေရေ၊အန္တရာယ်ပြွမ်းသော အလုပ်တို့ကို လုပ်နိုင်စွမ်းကြ သူများ မဟုတ်ယုံမျှမက တခဏချင်းထိုးထွင်းသိမြင်သော တင်္ခဏုပ္ပတ္တိဥာဏ်လည်း နည်းပါးကြကုန်၏ဟူသော အတွေးတို့ သည် ဆြာဒင်၏မရိုးနိုင်သော အမျိုးသားရေးမဲတင်းချက်များ ဖြစ်ကြကုန်၏။
(၂)
ဤသို့လျှင် ကျွန်ုပ်၏နိစ္စဓူဝ၊ ကြံမိကြံရာ တွေးတောမဲတင်းချက်များသည် တာဝတိံသာနတ်ပြည်တွင် အခန့်သား စံပယ်လျက်ရှိသော နတ်တို့သနင်း သိကြားမင်းထံသို့ ဝိုင်ဖိုင်စံနစ်မှတဆင့် သတင်းရောက်ဟန်တူလေရာ ဘိုးတော် သိကြား၏ ဗန္ဓုကဗ္ဗလာ မြကျောက်ဖျာသည် ပြင်းစွာတုန်လှုပ်ဟန်ရှိလေ၏။သို့ကြောင့်သာ ဖြစ်ရပေမည်။ သိကြားမင်းသည် ဝိသကြုံနတ်သားအား မည်သို့လျှင် ဆက်သွယ် စီမံဖန်ဆင်းစေလိုက်သည်မသိ၊ ဆြာဒင်၏ ဇာတိမာန် ကွပ်လပ်ကို ဖြည့်ဆည်းစိမ့်သော ဧရာမဖြစ်ရပ်ကြီးတစ်ခုသည် ကြပ်ပြေးနေပြည်တော်တွင် အံသြကုန်နိုင်ဖွယ်မရှိ၊ ရုတ်ခြည်းပေါ်ပေါက် လာလေ၏။ ယင်းဖြစ်ရပ်ကား ကမ္ဘာ့စီးပွားရေးဆိုင်ရာ ဖိုရမ်မည်လေသည်။
ယင်းဖိုရမ်၊အနှီဖိုရမ်ကား အခြားသူများအတွက် မည်သို့သော အကျိုးဆက်ရှိလေသည်ကို ဥာဏ်နုံ့နဲလှသည့် ဆြာဒင် မသိသော်ငြား ယိုးဒယားအခက်၊ဆြာဒင့်အချက်ဖြစ်သည်ကား နံရံကိုနဖူးဖြင့် စရွေးချိန်တိုက်သကဲ့သို့ ဆတ်ဆတ်ဧကန် မှန်လေတော့သည်။စာဖတ်သူ နားမထွေးစေရန် အလို့ငှာ စဉ်းငယ်ရှင်းပါအံ့။
ယိုးဒယားပြည်ကြီးကား ပြည်ပအားကိုးကာ၊ ရှုမဆုံးလေသော ခေတ်မီလမ်းမကြီးများ၊မိုးမျှော်တိုက်များ၊ တံတားကြီးတံတား ငယ်များသာမက၊ စိမ်းလဲ့လဲ့ လယ်ကွင်းပြင်တို့ဖြင့် ဖွံ့ဖြိုးစည်ပင်နေလင့်ကစား ကိုးဆယ့်ကိုးရာခိုင်နှုန်းသော ယိုးဒယား သကောင့်သားတို့ကား သိုးဆောင်းဘာသာခေါ် ဘိုစာဘိုစကား အညံ့ကြီးညံ့ကြလေကုန်၏။ရှားရှားပါးပါး ဘိုစကားပြော တတ်သူတို့သည်လည်း ဌာန်ကရိုဏ်းကျသူဟူ၍ ချစ်တီးခေါင်းမှ သန်းကဲ့သို့ အရှာခက်ပြန်၏။ နားဆင်လော့၊ စင်ထရယ်ကို စင်ထန်း ဟုဆို၏။ဗိုင်းရပ်ကို ဝိုင်းလပ် အသံထွက်၏။မက်ကရိုကို မက်ခိုဟူ၏။ဆမ်ဆောင်းကို ဆမ်ဆွမ်းဟူ၏။
(၃)
ကံထူးသူဆြာဒင်ကား ပြေးရင်းလွှားရင်းပင် ရွှေစင်ပုံနှင့် ပက်ပင်းတိုးလေသည့်ကိန်းပင်တည်း။ အမေဇုံတောအုပ်ကြီး အတွင်းက လိပ်ပြာတောင်ပံခတ်သံသည် တက္ကဆက်ပြည်နယ်ကို တော်နေဒိုးမုန်တိုင်းဆင်စေသည်ဟု ဆိုရိုးရှိသည် မဟုတ်တုံလော။ ထိုင်း နိုင်ငံတောင်ပိုင်း ဖူးခက်မြို့ကြီးကို တုန်လှုပ်ခြောက်ခြားစေပါအံ့။
ဆြာဒင်ကား မိုးနတ်မင်းပေးသနားသော အခွင့်အရေးကို ပိုင်နိုင်စွာအသုံးချခဲ့လေသည်။ ဧရာမဖန်သားပြင်ပါရှိသည့် လက်မငါးဆယ် ဆမ်းဆောင်း တီဗီအသစ်စက်စက်ကြီးကို တွန့်တိုနှမြောခြင်းကင်းစွာ ဝယ်ယူ၏။ ရင်းနှီးခင်မင်သော ယိုးဒယား အမျိုးကောင်းသားတို့ကို ဆြာဒင်၏ အိမ်ဂေဟာသို့ တကူးတကပင့်ဖိတ် ကျွေးမွေးကာ အဆိုပါဖိုရမ်တိုက်ရိုက် လွှင့်ထုတ်မှုအစီအစဉ်ကို စေ့ငသေချာစွာကူးယူလျက် ဂုဏ်ယူဝင့်ကြွားစွာ ပြသလေ၏။
နေပြည်တော် အမ်အိုင်စီစီတွင်ကျင်းပသည့် အဆိုပါ ကမ္ဘာ့စီးပွားရေးဖိုရမ် အကြိုဆွေးနွေးပွဲ၌ လက်ရှိ ပြုပြင်ပြောင်းလဲ ရေးတို့သည် နောက်ကြောင်း ပြန်လှည့်၊မလှည့်၊ စစ်တပ် အခန်းကဏ္ဍ၊ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေး၊ ရခိုင်ပြည်နယ် အရေးကိစ္စ၊ တရားဥပဒေစိုးမိုးရေးကိစ္စစသည်များကို အချေအတင်ဆွေးနွေးကြပြီး ကမ္ဘာကျော်ဘီဘီစီအသံလွှင့်ဌာနမှ ကမကထပြုသည်ဟု ဆိုလေသည်။
တီဗီဖန်သားပြင်၏ နေပြည်တော်ဖိုရမ်တွင်ကား မြန်မာ့ဒီမိုကရေစီမိခင်ကြီးသည် နိုင်ငံတကာအဆင့်ဗျူးသမားကို သိုးဆောင်း ဘာသာစကားဖြင့် ခွန်းတုန့်ပြန်၏၊ ဘိုလိုနှက်၏။ ပြည်ထောင်စုဝန်ကြီးသည်လည်း အားကျမခံ ဘိုလိုပင်ထုချေ ၏။နိုင်ငံရေး အကျဉ်းသူပင်လျှင် နရသိမ်စံကာလများ၌ မည်သို့မည်ပုံလေ့လာထားသည် မသိ၊ ဘိုစကားကို ရွှန်းရွှန်းဝေ အောင် ပြောဆိုနိုင်လေသည်။
ဆြာဒင်၏ ရွှေပွဲလွှာတို့မှာ တည်ခင်းဧည့်ခံထားသော အဖိုးတန်အစားအစာတို့ကို မေ့လျော့လျက် ဇကောအရွယ်ရှိသော မျက်လုံးဝိုင်းကြီးများဖြင့် ပါးစပ်အဟောင်းသားကိုယ်စီ ရှိကြလေရာ ကျွန်ုပ်မှာ “ဘယ်ဘုရားတန်ခိုး ဘယ်လောက်ကြီးကြီး ရွှေတိဂုံစင်္ကြန်လျှောက်နေသလောက်သာပ” ဟူသော မျက်နှာပေးဖြင့် ဝင့်ထယ်လျက်ရှိပေ၏။
(၄)
တဂိုးသွင်းထားနိုင်ကာမျှဖြင့် ကျေနပ်နိုင်ရစိမ့်လော။ နှာတဖျားသာရုံဖြင့် တက်ကိုချနိုင်အံ့စိမ့်လော၊ ဗိုလ်ချုပ်၏ အမှာစကား ကို မြေဝယ်မကျ နာယူရပေအံ့။ကျွန်ုပ်သည် ဖိုရမ်တွင် အချီအချပြောဆိုနေကြသော စကားတို့၏ အသေးစိတ်အဓိပ္ပါယ်ကို တစ်ခွန်းချင်း ထိုင်းစကားထော့ကျိုး ထော့ကျိုးဖြင့် ဖွင့်ဆိုရှင်းပြလျက်ရှိလေသည်တကား။
(ဒေါ်အောင်ဆန်းစုကြည် ဘော်ဝ) ။ဒေါ်အောင်ဆန်းစုကြည်ပြောတာက ဒီလိုဗျ။
Burma လို့ပဲ ကျမ ဆက်လက်ခေါ်ရတဲ့ အကြောင်းတွေထဲမှာ ပြည်သူတွေရဲ့ သဘောထားနဲ့ ဒီနာမည်ကို ပြင်ဆင်ခဲ့ခြင်း မဟုတ်တာကြောင့်လဲ ပါပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်မှာ ပြည်သူတွေပါဝင်ခွင့် လုံးဝ မပါခဲ့ဘူး။ နောက်တစ်ခုက ဒီလုပ်ရပ်ရဲ့ ရည်ရွယ်ချက်ထဲမှာ အတွင်းကျကျ မရိုးသားမှုတချို့ ရှိတယ်လို့ ကျမမြင်လို့ပဲ။ အဲ့ဒါဘာလဲဆိုတော့ “မြန်မာ” ဆိုတာ ပြည်ထောင်စုတွင်းမှာရှိတဲ့ လူမျိုးစုံ၊ တိုင်းရင်းသားပေါင်းစုံကို ကိုယ်စားပြုတယ်ဆိုတဲ့ အယူအဆမှားကြီးကို ဆိုလိုချင်တာပါ။ အရိုးရှင်းဆုံးပြောရရင် “မြန်မာ” ဆိုတာ “ဗမာ” ဆိုတဲ့ တိုင်းရင်းသားတစ်စုကိုပဲ အလင်္ကာမြောက်အောင် ရေးလိုက်တဲ့ စာလုံးဖြစ်ကြောင်း ကျမ ပြတ်ပြတ်သားသား ပြောထားပါရစေ။ ဘာ့ကြောင့်လဲဆိုတော့ ပြဿနာတစ်ခုကို ပြေလည်အောင် ဖြေရှင်းချင်တယ်ဆိုရင် အဲ့ဒီပြဿနာကို တည့်တည့်ရင်ဆိုင်ဖို့ လိုပါတယ်။ နာမည်လေး ပြောင်းလိုက်ရုံနဲ့ ပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ဘူးလေ။
သြော်၊သူက ပြည်ထောင်စုဝန်ကြီးလေ။ သူကဘိုလို ကောင်းကောင်းတတ်တာပေါ့။ ခင်ဗျားတို့ အခုကြားတယ် မဟုတ် လား၊ သူပြောတာက…..(တော်နိ ခွန်ယိုင်ယိုင် ဘော်ဝ)
လွန်ခဲ့တဲ့အနှစ် ၂၀ အတွင်းမှာ ဘယ်ကိစ္စမဆို စစ်တပ်ကပဲ လုပ်ပါတယ်၊ စစ်တပ်ဟာ ဘာမဆိုလုပ်နိုင်တယ်လို့လဲ ထင်ကြပါတယ်။ အခုတော့ ဒီမိုကရေစီ အစိုးရလက်ထက်ကို ပြောင်းနေပါပြီ။ ပြောင်းပုံပြောင်းနည်းက၊ ဖျတ်ကနဲ ပြောင်းတာမျိုးက တိုင်းပြည်အတွက် မကောင်းပါဘူး။ ကျနော့် အမြင်ကတော့ တဖြည်းဖြည်း ပြောင်းလဲခြင်းပါ။
ထို့ပြင်တဝ နိုင်ငံရေးအကျဉ်းသူ၏ စက်ဝိုင်းအတွင်းမှာ ပတ်ပြေးနေတဲ့ လူတယောက်ကို ဥပမာပေးပြီး နောက်ပြန်လှည့်၊ မလှည့်.. ဟူသော ဥပမာဥပမေယျကိုလည်းအထက်နည်းနှင်နှင်ပင် ရင်ကော့ကာ ဘာသာပြန်ဆို ရှင်းလင်းလေရာပရိသတ် မင်းတို့ကား မျက်တောင်ပင် မခတ်နိုင်တော့။ ထိုနေ့ပွဲကား အလဲထိုးဒိုင်ပွဲရပ်ဖြင့် နိဂုံးတိုင်ခဲ့လေပြီ။
အချို့သော မဟာမြန်မာတို့ကား အွန်လိုင်းမှနေ၍ “ဒို့ဝန်ကြီးး ငပိသံနဲ့ နှိပ်ရဲတာ ကြိုက်သကွာ”ဟူ၍လည်းကောင်း၊ နိုင်ငံရေးအကျဉ်းသူကို အဆင့်မမီလေဟန် အမနာပ ဆိုကြသည်များလည်း ရှိပါလေ၏။ သို့သော် ယင်းအချက်တို့သည် ပိန်းကြာရွက်တွင် ရေမတင်သကဲ့သို့ ဆြာဒင့် ဇာတိမာန်အတွေးစဉ်ဝယ် စဉ်းငယ်သော အနှောင့်အယှက်မျှကိုပင် မပေး နိုင်ကြချေ ။
(၅)
သို့ကြောင့် ထိုနေ့က ကျွန်ုပ်၏စံတော်အိမ်၌ ကျင်းပခဲ့သော ဇာတိမာန်ဖိုရမ်ကား နေပြည်တော်ဖိုရမ်ထက် အောင်မြင်ခဲ့ပြီး အောင်လံထူ စစ်သူကြီးပွဲဟုပင် ဆိုမည်ဆိုက ဆိုရလောက်သည်။ ရှေးယခင်အချိန်များကလည်း အွန်လိုင်းစာမျက်နှာ များမှာ တွေ့ရသည့် စစ်ကြိုခေတ်၌ ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးတွင် ဒေါက်တာကျော်ထက်အမည်ရှိ ဆရာတစ်ဦးမှ လက်ချာတည်းဟူသော သင်ခန်းစာများကို သိုးဆောင်းဘာသာဖြင့် ပို့ချနေပုံကို ကြံဖန်ရှာဖွေကာ ကြွားဝါခဲ့ဖူးသော်ငြား ယခုကဲ့သို့ကား အပ်ပဒိတ်မဖြစ်လှချေ။
ယခုပစ္စုပ္ပန်တည့်တည့်၊ဆြာဒင်ဖိတ်ကြား ဧည့်ခံအပ်သော ပရိသတ်ကား မြန်မာ့ဒီမိုကရေစီမိခင်ကြီးကို လက်ဖျားခါ၏။ သူ၏ အောက်စဖိုဒ်ထွက်လေသံကို ထားဘိဦး။ပြည်ထောင်စုဝန်ကြီးကိုပင် အံ့ဘနန်းချီးကျူး၏။ နိုင်ငံရေးအကျဉ်းသူကို စုတ်တသပ်သပ်ဖြင့် သြချဟန်ပြုရုံမက စိန်နားကပ်ရောင်ဖြင့် ပါးဝင်းဝင်းတောက်နေသည့် ကျွန်ုပ်ကိုပါ ကျောသပ်ကြ လေ၏။အထူးသဖြင့် အဆိုပါဖိုရမ်ဆွေးနွေးချက် များအပေါ် ကျွန်ုပ်အနေဖြင့် သည်၊၏မရွေး အသေးစိတ်ဘာသာ ပြန်ဆိုနိုင်ခြင်းကို ဧည့်သည်တော်မဟာထိုင်းများမှာ အဆမတန် အထင်ကြီးကြလေဟန် ရှိလေသည်။
စင်စစ်ကား ဆြာဒင်၏ သိုးဆောင်းစာကျွမ်းကျင်မှုမှာ “I is a dog” အဆင့်မျှသာ ဖြစ်လေရာ အဘယ်မှာလျှင် အဆိုပါဖိုရမ်၏ စကားအခြေအတင်တို့ကို ပြည့်စုံစွာ သဘောပေါက်နိုင်ပါမည်နည်း။အဆိုပါပွဲမစမီညက ကျွန်ုပ်သည် ဆွေသဟာစာမျက်နှာ ခေါ် ဖေ့စ်ဘွတ်တွင် ဖိုရမ်အကြောင်း မြန်မာစကားပြေသက်သက်ဖြင့် ရေးသားပြန်ဆိုချက်များကို ဖင်ကြားက ချွေးကျအောင် အပန်းတကြီးရှာဖွေလျက် တစ်လုံးမကျန် အာဂုံကျက်မှတ်ကာ ပွဲကြီးဝှဲချီးကျင်းပချိန်တွင် နှုတ်တိုက်အလွတ် ရွတ်ပြနိုင်ခြင်းကြောင့် အမှတ်ကောင်းခဲ့ခြင်းသာ ဖြစ်ချေသည်တမုံ့။
(၆)
အဆိုပါ ဥာဏ်ရည်ဥာဏ်သွေးကား ကျွန်ုပ်ဆြာဒင်၏ မျိုးရိုးစဉ်ဆက်မှ ဆင့်ကဲပေါ်ပေါက်လာဟန်ရှိလေရာ ကျွန်ုပ်၏ ဒွေးလေးတော်စပ်သူ ဒွေးလေးစိန်မေသည်လည်း ကျွန်ုပ်ကဲ့သို့ပင် ဥာဏ်ရည်မြင့်သည်ဟု ဆိုသော်ရကောင်း၏။ဒွေးလေး စိန်မေသည် စာရေးစာဖတ်ဖြောင့်သူ တစ်ယောက်မဟုတ်ချေ။သို့သော် သူ့ခေတ်သူ့အခါက တန်းမြင့်ကျောင်းထွက် လက်မှတ်ရ ဦးကြီးတင်နှင့်အိမ်ထောင်ကျခဲ့ရာ ဒွေးလေးစိန်မေသည် သူ့ခင်ပွန်းဖြစ်သူ အခါအားလျော်စွာ ပြောဆို သုံးစွဲသည့် thank you, come in, go out,weak, fine, ok, ready , နှင့် enough ဟူသော သိုးဆောင်း စကားတို့ကို ကောင်းစွာ ရေလဲသုံးနိုင်စွမ်းလေသည်။
သူ့အိမ်ဝမှာလာရပ်ပြီး “ဒွေးလေးရှိလား” မေးလာခဲ့လျှင် “ကန်းအင်” ဟု ချက်ချင်းခေါ်နိုင်စွမ်း၏။ သူအိမ်လည်ရာမှ ပြန်လေတိုင်း အိမ်ရှင်ဖြစ်သူကို “ဂိုးအောက်”ဟု နှုတ်ဆက်တတ်၏။သူ့အိမ်နီးချင်းတစ်စုံတစ်ယောက် မအီမသာ ပုံစံတွေ့လေတိုင်း ….ညည်းဝိဖြစ်နေတာဟု ဆိုလေ့ရှိ၏။ဒွေးလေးနေကောင်းလားဟု ပဋိသန္ဓာရစကားဖြင့် နှုတ်ဆက်လာသူ မည်သူ့ကိုမဆို၊ “ဖိုင်းဖိုင်း”ဟု တုန့်ပြန်၏။ဦးကြီးတင်က.. “ဟေ့ စိန်မေ ထမင်းစားတော့မယ်” ဟု ဆိုလာသည့်အခါ “လယ်ဒီ”ဟု ချက်ချင်းဖြေနိုင်၏။သိုင်းကျူးသိုင်းကျူးဟူသော စကားသံကား တစ်အိမ်လုံးတွင် တရံမလတ်သောသောညံ၏။
ထိုမျှသာမကသေး ၊ ဦးကြီးတင် ကွယ်လွန်ဆုံးပါးသွားချိန်တိုင်အောင် ဒွေးလေးသည် သူ့ခင်ပွန်းထံမှ နှုတ်တက်ရွရွ သင်ယူ ခဲ့ရသည့် သိုးဆောင်းစာတို့ကို မမေ့သေးသည်မှာ သက်သေအခိုင်အမာပြနိုင်ဆဲဖြစ်လေသည်။ မကြာမတင်အချိန်က သူ့သမီးဖြစ်သူသည် ထမင်းဝိုင်းတွင် ထမင်းစားနည်းနေသည့် ဒွေးလေးကို ဂရုဏာအပြည့်ဖြင့် “အမေ၊ ထမင်းထပ်ယူ အုံးမလား၊ ထမင်းစားနည်းတယ်” ဟု မေးမြန်းသမှုပြုသည်ကို ဒွေးလေးက …“သိုင်းကျူး၊အိုကေ၊ ဖိုင်း ဖိုင်း၊ အနတ်”ဟု ဒက်ကနဲ ပြန်ဖြေနိုင်ဆဲ ဟူသတည်း။
တိုင်းပြည်စည်ပင်ဖွံ့ဖြိုးကာမျှနှင့် သွေးနထင်ရောက်နေသော ယိုးဒယားတို့ကား ကျွန်ုပ်ကို မဆိုထားနှင့်၊ ကျွန်ုပ်၏ကြီးဒေါ် ဒွေးလေးစိန်မေ၏ခြေဖျားကိုပင် မှီအံ့မထင်ချေ။မျိုးရိုးနှင့်တန်ခိုးရှိခဲ့ကြသည်မှာ ဧကန်ပါတကား။ ။
……………………………….