ဆြာဒင်နှင့်မျက်နှာဖုံးပြဿနာ
(မင်းဒင်)
(၁)
အရှေ့ကျွန်းမှ နေဝန်းထွက်ပေါ်လာချိန်၌ နေဖင်ထိုးအောင် အိပ်လေ့မရှိသော ကျွန်ုပ်သည် ခေတ်ဟောင်း ဂန္တဝင်အဆို တော်ကြီး ဒေါ်မေရှင်၏ အောင်ခြင်းရှစ်ပါး သီချင်းကို အင်တာနက်မှနေ၍ နားသောတဆင်လျက်ရှိရာ “အောင်ခြင်းရှစ်ပါး အသံကြားတဲ့အခါ စီးပွားဥစ္စာ အဟုတ်မကျန်အောင်မှာ၊ ကျန်းမာချမ်းသာပါလို့ ဘေးဘယာမဝိုင်း၊ ကြံတိုင်းအောင်၊ ဆောင်တိုင်းမြောက်ပါလို့ ခုနစ်ရက် သားသမီးများနဲ့ နတ်လူဗြဟ္မာ”ဟူသည့် တေးသံသည် ဝန်းကျင်တခိုတွင် ပျံလွင့်လျက် ရှိလေ၏။
ထိုသို့ရှိစဉ် ကျွန်ုပ်အနီးရှိလက်ကိုင်ဖုန်းမှ ထွက်ပေါ်လာသော ဖုန်းခေါ်သံတတီတီကြောင့် ဒေါ်မေရှင်ကို ခေတ္တအနားပေး ကာ ဖုန်းကိုကောက်ကိုင်မိသည်၏ တခဏတွင် တဖက်မှအသံရှင်ကား ဘန်ကောက်ရွှေမြို့တော်နေ မိတ်ဆွေကြီး၊ ရခိုင် အမျိုးသားသတင်းစာ၊အယ်ဒီတာမင်း ဘစောတင်ဖြစ်လေသည်။
“ဗျို့၊ဆြာဒင် မြန်မြန်တက်ကြည့်ပါဗျ”
“ဟ၊ အရင်းမရှိ အဖျားမရှိ ဘယ်နေရာ သွားတက်ရမှာတုန်း။ အသက်ကြီးနေပြီ ကိုရင် ။ သိပ်အမြင့်ကြီးဆိုရင် မြန်မြန် မတက်နိုင်လောက်ဘူး”
“အာ၊ ဆြာဒင်က အရေးထဲ နောက်နေပြန်ပါပြီ။ ဖေ့စ်ဘွတ်မှာအကြီးအကျယ်ပွဲဆူကုန်ပြီဗျ”
“အော်၊ ဖေ့စ်ဘွတ်မှာ ပွဲမဆူတဲ့နေ့ကော ရှိသေးသလားမောင်။ တနည်းမဟုတ်တနည်း ၊တကြောင်းမဟုတ် တကြောင်းနဲ့ ဆူနေကျကပဲဟာ”
“အခုဟာ ကမ္ဘာနဲ့ချီပြီး ဆူတာဆြာဒင်ရဲ့။တိုင်းမ်မဂ္ဂဇင်းမျက်နှာဖုံးမှာကို ပါလာတာ။မြန်မြန်သာ တက်ကြည့်စမ်းပါဆြာ”
ကမ္ဘာကြီးတည်းဟူသော ရေနွေးအိုးကို မည်သူမီးပြင်းထိုးပြန်လေသနည်း။ ကျွန်ုပ်ဖေ့စ်ဘွတ်ကို စိတ်နာနေသည်မှာ ကြာ ချေပြီ။သို့သော် သံယောဇဉ်အမျှင်ကား တန်းလန်းပင်ရှိနေသေးလေရာ နဂိုကမှ မကောင်းမှု၌ ပျော်မွေ့လိုသောစိတ်ကြောင့် ထင့်။အယ်ဒီတာမင်းဘစောတင်၏ စကားသံမဆုံးမီပင် ဖေ့စ်ဘွတ်စာ မျက်နှာကို ဖွင့်မိလျက်သား ဖြစ်လေတော့သည်။
(၂)
အင်း၊တွေ့ပါချေပြီ။ တိုင်းမ်မဂ္ဂဇင်းမျက်နှာဖုံးတွင် မြန်မာဘုန်းတော်ကြီးတပါး၏ ဓာတ်ပုံအား “ မြန်မာဗုဒ္ဓဝါဒီ အကြမ်း ဖက်သမား၏ ရုပ်သွင်” ဟူ၍စာတမ်းထိုး ဖော်ပြထားသည်ဆိုပါ၏။ရုတ်ခြည်းသော် မယုံကြည်နိုင်လောက်အောင်အံ့အား သင့် ရသည်။တနေရာတည်းမဟုတ်။ နေရာများစွာတွင် အမြင်အမျိုးမျိုးဖြင့် တင်ပြထားကြလေ၏။
ဦးစွာဖတ်မိသည်ကား ခင်မင်ရင်းနှီးသော အိုင်တီပညာရှင်လူငယ်တယောက်၏ ခပ်ရွဲ့ရွဲ့ လေသံဖြစ်၏။ “တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးရှင်ဖြစ်ဖို့ဆိုတာ လွယ်မှတ်လို့။ဗမာပြည်ထဲကလူ လက်ဆယ်ချောင်းမပြည့်သေးဘူး။ ဘာဘဲပြောပြော မန္တလေး ကနေ ကမ္ဘာကျော်ပုဂ္ဂိုလ်တယောက် ထပ်ထွက်လာပြီပဲ” ဟူ၏။
တနေရာတွင်ကား “မြန်မာ အစိုးရနဲ့  သာသနာပိုင်တွေက တရားဝင်အရေး ယူထားတာ မဟုတ်ပဲ ခုလို စွတ်စွဲ တဲ့  Time မ ဂ္ဂဇင်းကို တရားစွဲ သင့်ပါတယ်ဘာသာရေး အရလဲ ဗုဒ္မဘာသာမှာ အကြမ်းဖက်ရယ်လို့မရှိတာ၊ဘာလက်နက်မှ မကိုင်တဲ့  ဗုဒ္မဘာသာဘုန်းတော်ကြီးကို စွတ်စွဲတာ ဗုဒ္မဘာသာဝင်တွေကို စော်ကားလိုက်တာပဲ။ဒါမြန်မာပြည်ရဲ့ ပြည်တွင်းရေး ပါ။ဗုဒ္မသာသနာတော်ကို ကာကွယ်ကြပါ။အမြန်ဆုံး share ပေးကြပါ”ဟူ၍ လှုံဆော်စည်းရုံးသမှု၊မောင်းထု သည်ကိုလည်း တွေ့ရပြန်ပါသည်။
အမျိုးသမီးငယ်တဦးကမူ“အမျိုးစောင့်ဥပဒေကို လက်မခံတဲ့အပြင် Time Magazine က မီဒီယာကျင့်ဝတ်သိက္ခာ အပြည့်ရှိ တယ်လို့ ရှုမြင်သုံးသပ်တဲ့ ယောက်ျားတွေရဲ့ စိတ်နေသဘောထားကို သမီးအရမ်းကြိုက်တယ်၊ သမီး အဲ့လို ယောက်ျား မျိုးကို ခင်ပွန်းတော်ချင်ကြောင်း သွားပြောပေးပါမေမေ”ဟူ၍ ပြဿနာကြားမှာ သတိုးသားအလိုရှိကြောင်း မောင်းခတ်ပြန် လေသည်။
တဦးသောသူကား “တိုင်းမဂ္ဂဇင်းကိုပြောချင်တာတခုပဲရှိပါတယ်ခင်ဗျားတို့ကိုယ့်ကိုယ်ကိုသိပ်အထင်ကြီးလွန်းနေပါတယ်၊
ခင်ဗျားတို့မစဉ်းစားမဆင်ခြင်ပဲလုပ်သမျှထဲမှာ ဒီကိစ္စဟာအဆိုးဆုံးပါပဲခင်ဗျားတို့အဖွဲ့အစည်းကို အယုံအကြည်မရှိတော့ပါ ဘူး”ဟု တိုင်းမ်ကို မျက်နှာလွှဲအမွေဖြတ်လေ၏။
ခင်ဗျားတို့မစဉ်းစားမဆင်ခြင်ပဲလုပ်သမျှထဲမှာ ဒီကိစ္စဟာအဆိုးဆုံးပါပဲခင်ဗျားတို့အဖွဲ့အစည်းကို အယုံအကြည်မရှိတော့ပါ ဘူး”ဟု တိုင်းမ်ကို မျက်နှာလွှဲအမွေဖြတ်လေ၏။
ထို့ပြင်တဝ အနာဂတ်ကိုကြိုတင်မြင်နိုင်စွမ်းသည့် ဒိဗ္ဗစက္ခုရှိဟန်တူသူတဦးကလည်း " ငါတို့အတန်တန် ရေးနေ ပြောနေ တားနေလျက်က ငါတို့စကားနားမထောင်ကြတော့ ခုဒီလိုဖြစ်ပြီမဟုတ်လား" ကရုဏာဒေါသော၊မချိတင်ကဲဆိုပြန်လေ၏။
ဤသို့လျှင် ထိုထိုသော သဘောထား၊ခံစားချက်မျိုးစုံကို ဖတ်ရှုပြီးချိန်၌ နဂိုဖေ့စ်ဘွတ်ရောဂါအခံပြန်ကြွလာသော ကျွန်ုပ် ဆြာဒင်မှာ ဖေ့စ်ဘွတ်သမားတို့တာဝန်ရှိအပ် သည့်အတိုင်း “ငါ၏စိတ်တွင် ထင်၏မလွဲ၊လိပ်ခဲတည်းလည်း၊ ဟုတ်တည်း ဧကန်၊အာမသန်နှင့်၊ မှန်သည်တစေ မရှိချေ”ဟူသော မှတ်ချက်တခုကို ရေးသားကာ ဖေ့စ်ဘွတ်ကိုတာ့တာပြ ၊နှုတ်ဆက် အပြီး နာရီဝက်ခန့်အကြာတွင် အိမ်ရှေ့ခြံတံခါးမှ ခေါင်းလောင်းသံ ဆူညံစွာမြည်ဟည်းလာလေသောကြောင့် အောက်ထပ် သို့ဆင်းကာ ခြံတံခါးကို ဖွင့်ရပြန်ပါလေ၏။
(၃)
ကြွရောက်လာသူကား ဖူးခက်မြို့နေ ရှားရှားပါးပါးပညာတတ်ကလေး မောင်ကပ္ပလီတည်း။ မည်းလှစွာသော အဆင်း ကြောင့် ဇာတာရက်ချုပ်ပါ အမည်ပျောက်ကာ ဤအမည်တွင်နေသူတည်း၊သူကား အာဂလူငယ်တည်း။သူသည် အွန်လိုင်း နှင့်မစိမ်း။ ကွန်ပြူတာကို ကျွမ်းကျင်စွာသုံးနိုင်စွမ်းသူဖြစ်၏။ဆိုင်ကယ်နှင့်ခရီးနှင်လာသည့်တိုင် သူ့မျက်နှာတွင် ချွေးပြန် လျက်ရှိရာ အရေးတကြီးကိစ္စရှိဟန်တူလေသဖြင့် ကျွန်ုပ်ကပင် စကားစလိုက်ရလေသည်။
“ရေးကြီးသုတ်ပျာ၊ ကပျာကယာပါကလားမောင်၊အဘယ်အကြောင်းပါများလိမ့်”
“အန်ကယ်ဒင် မှတ်ချက်ရေးလိုက်တဲ့ တိုင်းမ်မဂ္ဂဇင်းအဖုံးကိစ္စပေါ့အန်ကယ်။ ကျနော်အန်ကယ်နဲ့ဆွေးနွေးချင်တယ်”
တိုင်းမ်မဂ္ဂဇင်းအဖုံးကား ကျွန်ုပ်အိမ်ဝသို့တိုင် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြန်ချေပြီတည်း။
“အန်ကယ်ရေးတဲ့စတေးတပ်အတိုင်းဆို အန်ကယ်က မလုပ်မရှုပ်မပြုတ်ဆိုတဲ့သဘောပဲ၊ဘယ်ဟာမှ အမှန်မဟုတ်ဘူးဆို တော့”
မြန်နှုန်းမြင့်မီဒီယာခေတ်ကြီးပါတကား။ ရေးတင်လို့ပြီးတာမှ နာရီဝက်သာသာရှိပေဦးမည်။ ထုချေလွှာတင်ရန် အိမ်တိုင်ယာ ရောက် ဆင့်ဆိုနေချေပြီတည်း။
“ဒီလိုပါကိုရင်ရယ်၊ကျုပ်ရေးလိုက်တဲ့ မှတ်ချက်က တပိုင်းတစပါမောင်။ ရှင်မဟာရဋ္ဌသာရဆုံးမစာမှာ အကြောင်းခြင်းရာတခု ရဲ့ အဖြေမှန်ကို သိရအောင်“ကျိုးကြောင်းစကား၊ပြောဆိုငြားသော်။လျင်လျားဆွေးနွေး၊ဆိုရေးလိမ္မာ။ ပညာရှိအား၊ကိုယ်တိုင် သွား၍။ စကားလိုက်လျော စစပြော၍ နှီးနှောလေ ဆိုတာလည်း ပါပါသဗျာ။ ဖေ့စ်ဘွတ်မှတ်ချက်မှာ အဲသလောက် အရှည်ကြီးရေးလို့ မသင့်ဘူးမဟုတ်လား”
“အန်ကယ်လမ်းညွန်ပုံက ပညာရှိရှာပုံတော်ဖွင့်ရအုံးမှာမို့ အလုပ်ပြုတ်ကိန်းပဲအန်ကယ်ဒင်”
“ရော၊ နားဝေးချက်ကနှယ်၊ မောင်ရင်နေ့တိုင်းတက်နေတဲ့အွန်လိုင်းမှာပဲ သီတဂူဆရာတော်ကြီးရဲ့ သြဝါဒရှိပါသမောင်၊့  လူ့အခွင့် အရေးချိုးဖောက်တယ်ဆိုပြီး အော်မှာပဲ။ ကြိုက်သလောက် အော်ပါစေ။ ငါတို့ကတော့ မြန်မာ့တိုင်းရင်းသား အားလုံးရဲ့ အကျိုးစီးပွားကိုပဲ ကြည့်ရမယ်။ ဒါကြောင့် “အမျိုးသားရေးဝါဒ”ကို ဆုပ်ကိုင်ထားရမယ်၊ အမျိုးသားရေးဝါဒဆိုတာ အကုသိုလ်တစ်ခုမှ မပါဘူး၊ လုပ်ကို လုပ်ရမယ်”တဲ့ခင်ဗျ။
“အော် ဒါဆို အန်ကယ်က မျိုးစောင့်ဥပဒေကို လက်ခဲ့တဲ့ဖက်ကပေါ့”
“ရော၊ မဆိုင်တဲ့အပေါက်ကို ဂလိုင်နဲ့ခေါက်ပါပကော၊ဒီကိစ္စဟာ လက်ခံတယ်၊လက်မခံဘူး၊လွယ်လွယ်နဲ့ ပြောလို့ ဖြစ်ရိုးလား မောင်ရယ်၊ ဘာသာရေးလှိုင်းရိုက်ခတ်မှု၊ လတ်တလော နိုင်ငံ့စီးပွားရေး၊လူမှုရေးအပါအဝင်သမိုင်းနောက်ခံတွေကိုပါ အကျယ် တဝင့်သုံးသပ် သင့်တယ်မဟုတ်လား၊နောက်ဆုံးလွှတ်တော်အဆင့်ရောက်ရင်တောင် အခြေအတင်ငြင်းခုန်ကြမဲ့ အမတ်မင်းများလည်း ရှိပါသမောင်၊သိပ်လည်း ပူပန်သောကမများပါလေနဲ့။ကျုပ်လိုငပါမွှားက ထင်ရာမြင်ရာစွတ်ပြောရင် အဆဲခံရတာသာ အဖတ် တင်တော့မပေါ့”
“ဒါဆို အန်ကယ်ဒင် မျက်နှာဖုံးကိစ္စကိုဘယ်လိုမြင်ပါသလဲခင်ဗျာ”
“သတင်းဌာနဆိုတာ သတင်းဆိုးနဲ့မှ နေရာကျတတ်တာ ဓမ္မတာပါမောင်၊No news is good ဆိုတာ မောင်ရင်ကြားဖူးမှာပါ”
“အင်း၊ဟုတ်ပါပြီ အန်ကယ်ရာ၊ ဒါနဲ့စကားမစပ် အန်ကယ်ဒင့်ကို ကျနော်သိပ်အားကျတယ်ခင်ဗျ၊ ရှင်မဟာရဋ္ဌသာရလို စာဆိုမျိုးရဲ့ ပျို့တွေကို လက်တန်းဆိုပြနိုင်တာမျိုးဟာ အထင်ကြီးစရာပါပဲ၊ သွားအုံးမယ်အန်ကယ်”
(၄)
ကျွန်ုပ်ကား နှုတ်ဆက်ထွက်ခွာသွားလေသော ကပ္ပလီငယ်၏ကျောပြင်ကို ငေးကြည့်ကာ သက်ပြင်းကို ခပ်လေးလေး ချမိတော့သည်။ သူကား တိုင်းမ်မဂ္ဂဇင်းအဖုံးအရေးတော်ပုံကိုလည်းကောင်း၊ မျိုးစောင့်ဥပဒေကိုလည်းကောင်း ဝေဖန်ပိုင်း ခြားနေသူဖြစ်ပါ၏။ သို့တစေ ကျွန်ုပ်ရွတ်ပြခဲ့သော ရှင်မဟာရဋ္ဌသာရ၏ပျို့မှာ လွန်ခဲ့သောနှစ်အနည်းငယ်ကမှ သူသင်ခဲ့ရ သော သတ္တမတန်းမြန်မာကဗျာစာအုပ်မှ တမြန်မနေ့ကပင် ကျွန်ုပ်တွေ့ရှိကျက်မှတ်ခဲ့သည့်အကြောင်းကိုကား မသိရှာချေ။ သတ္တမတန်းသင်ရိုးကိုမျှ သူကျေခဲ့ဟန်မတူ။
ခေတ်ကြီးသည် လူငယ်တို့၏လက်တွင်းသို့ လုံးလုံးလျားလျားသက်ဆင်းနေချိန်ဖြစ်ပါ၏။ သြောင်း၊ဥုမ်သံတွေပြင်းလှသည့် ဂျီမင်း ဖေဝိဇ္ဇာတို့ ပေါ်ထွန်းချိန်လည်းဖြစ်ပါ၏။ ဤကာလတွင် တမိုက်တထွာ၊ အသိဥာဏ်ဇကာကျဲဖြင့် ခေတ်ကို အဖတ် ဆယ်မိကြလျှင်ကား…….။
ကွန်ပြူတာဆီမှ ဒေါ်မေရှင်၏ “မေတ္တာဓာတ်နဲ့ ဗုဒ္ဓါမြတ်စွာ၊ ဆောင်နှင်းတဲ့ အောင်ခြင်း အဋ္ဌမပါ” ဟူသော သီချင်းသံ ပြန်လည်ပေါ်ထွက်လာချိန်၌ ကျွန်ုပ်စိတ်တွင်မူ..ရနံ့ချိုစွာငယ် တသန့်ဟိုမှာ တခွင်လုံးတော၊တောင်ဝနဗွေတခွင်မှာ “ဒင်က လျှင် မြင်ရုံနဲ့မော” ဟူ၍သာ စုံတောငယ်မြိုင်ခြေသံဆန်းကို အသံကုန်ဟစ် လိုက်ချင်တော့၏။